Fri, 09 Apr 2021
“ကျွန်မတို့ ဘယ်ဆီကို ထပ်ပြီးထွက်ပြေးသင့်သလဲ” ခလယ်လွီထူခရိုင်နှင့် မူတြော်ခရိုင်တို့၌ ဖြစ်ပွားသောတိုက်ပွဲနှင့် နေရပ်ရွှေ့‌ပြောင်းနေရခြင်း၊ ၂၀၂၀ ခုနှစ်၊ ဒီဇင် ဘာလမှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအထိ

    

 

နိဒါန်း

၂၀၁၂ခုနှစ် ပဏာမအပစ်ခတ်ရပ်စဲ‌ရေး[1] နှင့် ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးဆိုင်ရာပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုခဲ့ခြင်းမှ ဒူးသထူ(သထုံ)၊ မူတြော်(ဖာပွန်)နှင့် ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်တို့တွင် လူ့အခွင့်အ  ရေးနှင့်လုံခြုံရေးအ‌ခြေအနေများ ယေဘုယျအားဖြင့် ကောင်းမွန်လာခဲ့ပါသည်။ သို့သော်၊ လွန်ခဲ့သည့်နှစ်အနည်း ငယ်တွင် လက်နက်ကိုင်တပ်ဖွဲ့များကြား ပစ်ခတ်တိုက်ခိုက်မှုများရံဖန်ရံခါဆက်လက်ဖြစ်ပွားခဲ့ပါသည်။ ပစ်ခတ် တိုက်ခိုက်မှုများ ဖြစ်ပွားရသည့်အ‌ကြောင်းအရင်းမှာ မူ‌‌‌‌တြော်ခရိုင်နှင့် ခလယ်လွီထူခရိုင်[2] များအတွင်း တပ်မတော်မှ လမ်းဖောက်လုပ်ရေး လုပ်ဆောင်မှုများကြောင့်ဖြစ်ကြောင်း KHRG ၏မှတ်တမ်းများ၌တွေ့ရသည်။  

၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ခလယ်လွီထူခရိုင်နှင့်မူ‌‌‌တြော်ခရိုင်‌ဒေသအချို့ရှိ လုံခြုံရေးအခြေအနေသည် ပိုမိုဆိုးရွားလာခဲ့ပါသည်။ တပ်မတော်နှင့်လက်တွဲဖော်ဖြစ်သည့် နယ်ခြားစောင့်တပ် (BGF) တို့သည် ကရင်အမျိုးသားအစည်း အရုံး (KNU) ထိန်းချုပ်ရာနယ်‌မြေသို့ ကြိုတင်ခွင့်ပြုချက်တောင်းခြင်းမရှိပဲ ဝင်ရောက်တပ်ချကာ စစ်ရေးလှုပ်ရှားမှု များကို ပြုလုပ်နေကြသောကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့်ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပါသည်။ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် တပ်မတော်မှလက်နက်များ ရမ်းသန်း ပစ်ခတ်ခြင်းကြောင့် နေရပ်ရွှေ့ပြောင်းနေရခြင်း၊ ပိုင်ဆိုင်မှုများပျက်စီးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိနေကြောင်း KHRGမှ မှတ်တမ်းပြုစုခဲ့သည်။ 

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအစောပိုင်းတွင် ဒူးသထူခရိုင်၊ ယိုကလားကျေးရွာအုပ်စုအတွင်း BGF နှင့် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့အစည်း (KNDO) တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ယခု‌ဒေသခံလူမှုအသိုက်အဝိုင်းများနှင့် နီးစပ် ကျေးရွာအုပ်စုများမှရွာသားများသည် ၎င်း‌‌ဒေသများအတွင်းတိုက်ပွဲများပြန်လည်ဖြစ်ပွားမည်ကို ကြောက်ရွံ့နေကြရ သည်။ ထို့ကြောင့် မိမိကိုယ်ကိုလက်နက်ကိုင်တပ်ဖွဲ့များ၏ရန်မှကာကွယ်ရန် ပစ်ခတ်ရပ်စဲရေးမတိုင်မှီက အသုံးပြုခဲ့ သောနည်းဗျူဟာများကို ပြန်လည်ကျင့်သုံးခဲ့ကြပါသည်။ ထို့ပြင်တပ်မတော်သည် ၎င်းတို့၏‌ဒေသတွင်းမှ တပ်ဆုတ် ကြရန်နှင့် NCA ကို လေးစားကြရန်အတွက် ဆန္ဒပြတောင်းဆိုမှုများကိုဦးဆောင်ပြုလုပ်ခဲ့ကြသည်။ 

မှတ်ချက်-‌‌ ဤသတင်းအကျဉ်းချုပ်ကိုရေးသားပြုစုချိန်တွင် မူတြော်၊ ခလယ်လွီထူနှင့် ဒူးသထူခရိုင်များရှိလုံခြုံရေးအ ခြေအနေများသည် ပို၍မငြိမ်မသက်ဖြစ်လာခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ရက်နေ့ စစ်တပ်မှအာဏာသိမ်းပြီး[3] နောက်ပိုင်း KNU နှင့်တပ်မတော်တို့ကြား တင်းမာမှုများ ပိုမိုမြှင့်တက်လာခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊ မတ်လတွင် တိုက်ပွဲ များအသစ်တဖန်ပြန်လည်ဖြစ်ပွားခဲ့ခြင်းနှင့် ပြည်တွင်းနေရပ်ရွှေ့‌ပြောင်းနေထိုင်နေရခြင်းမြှောက်များစွာ ဖြစ်ပေါ်လာခဲ့ သည်။ ဤသတင်းအကျဉ်းချုပ်သည် စစ်တပ်အာဏာသိမ်းမှုမပြုမှီအချိန်ဖြစ်ပွားခဲ့သောတိုက်ပွဲများနှင့် လှုမှုအသိုက်အ ဝိုင်းများအပေါ်သက်ရောက်မှုများကို အလေးပေးဖော်ပြထားခြင်းဖြစ်ပါသည်။ 

၁. မူ‌‌တြော်ခရိုင်

KHRG ၏ မှတ်တမ်းပြုစုချက်များအရ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလတွင် ဒွယ်လိုးမြို့နယ်၊ မယ်ဝေ(မဲ့ဝိုင်) နှင့်ခူးသူးထာ ကျေးရွာအုပ်စုအတွင်းရှိ လုံခြုံရေးအခြေအနေများ သိသိသာသာဆိုးရွားလာခဲ့ပါသည်။ KNLA နှင့်တပ်မတော်တို့အ ကြားဖြစ်ပွားခဲ့သော ပစ်ခတ်တိုက်ခိုက်မှုများနှင့် တပ်မတောတပ်သားများမှ လက်နက်များရမ်းသန်းပစ်ခတ်မှုများ‌ ကြောင့် ဒေသခံရွာသားများ ၎င်းတို့၏ကျေးရွာများမှထွက်ပြေးခဲ့ကြရသည်။ အချို့ရွာသားများသည် ဤသတင်းအ ကျဉ်းချုပ်ရေးသားပြုစုစဉ်တွင် နေရပ်ရွှေ့ပြောင်းနေရကြဆဲဖြစ်ပါသည်။

၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက်နေ့ ပြည်တွင်းကရင်ဒုက္ခသည်ရေးရာကော်မတီ (CIDKP) ၏ ပြောပြချက်အရ၊ ဒွယ်လိုးမြို့နယ်တွင် ပြည်တွင်းနေရပ်ဇာတိစွန့်ခွာခဲ့ရသူ ၄၁၂၄ ယောက်ရှိခဲ့သည်။ ထိုပြည်တွင်းနေရပ်ဇာတိ စွန့်ခွာခဲ့ ရသူများသည် မယ်ဝေ၊ မယ်သူး၊ တနေး၊ ခူးသူထာနှင့်မလေးလယ်ကျေးရွာအုပ်စုမှဖြစ်ကြသည်။

မယ်ဝေကျေးရွာအုပ်စု

တပ်မတော်မှ KNLAအား အကြောင်းကြားခြင်းမရှိပဲ KNUထိန်းချုပ်နယ်မြေ[4] သို့ ကျူးကျော်ဝင်ရောက်ပြီးသည့်နောက် ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဒွယ်လိုးမြို့နယ်၊ မယ်‌ဝေကျေးရွာအုပ်စု၊ ဝသိုးလော်ကျေးရွာအနီးတွင် KNLA နှင့်တပ်မတော်တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ဤကဲ့သို့ပြုလုပ်ခြင်းသည် NCA စာချုပ်၏ အပိုဒ် ၈ (ခ) တွင်ပါရှိ သော အချက်ကို ချိုးဖောက်ရာကျသည်။ ထိုအချက်တွင် “လက်နက်ကိုင်စစ်တပ်များအနေဖြင့် အခြားသူများ၏ ထိန်းချုပ်ရာနယ်မြေများသို့ ဝင်ထွက်သွားလာပါက ကြိုတင်သဘောတူညီချက်ရယူရမည်ဖြစ်သည်။ ခွင့်ပြုချက်ရရှိ မှသာလျှင် ဝင်ထွက်သွားလာနိုင်မည်ဖြစ်သည်။”

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂ရက်နေ့တွင် စစ်ဦးစီးချုပ် (စကခ) (၈) ခူးသူးထာတပ်စခန်း၊  ခြေမြန်တပ်ရင်း (ခမရ) (၄၀၂) မှတပ်မတော်သားများသည်  မယ်ဝေကျေးရွာအုပ်စုရှိ ကျေးရွာများရှိရာသို့ လက်နက်ကြီးများအား မဆင် မခြင်ပစ်ခတ်ခဲ့သောကြောင့် ရွာသားများနေ ရပ်စွန့်ခွာခဲ့ကြရသည်။ ဤသို့သောလုပ်ရပ်သည် NCA စာချုပ် အပိုဒ် ၉(တ)၌ ဖော်ပြထားသော “အပစ်ခတ်ရပ်စဲရေး နယ်မြေအတွင်းရှိ ပြည်သူလူထု၏ လူမှုဘဝလုံခြုံမှုနှင့်ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဆောင်ရွက်ပေးရန်” ဟူသော တပ်မတော်၏ဝတ္တရားအား ချိုးဖောက်သောကြောင့် ရွာသားများ၏ လုံခြုံရေးအား ဥပေက္ခာပြုရာရောက်သည်။   

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် KNLA မှ မယ်ဝေကျေးရွာအုပ်စု၊ မယ်ဝေရွာအနီး၌ အခြေစိုက်ထားသော ခမရ (၃၃၈)အား လှဂုံးပြုံးစခန်း (ဒွယ်လိုးမြို့နယ်၊ ခူးသူထာကျေးရွာအုပ်စု၊ ခူးသူထာကျေးရွာ) သို့မဟုတ် ဝေါ်မူ စခန်း (ဒွယ်လိုးမြို့နယ်၊ ဝေါမူကျေးရွာအုပ်စု၊ ဝေါမူကျေးရွာ) ဖက်သို့ရွေ့ပြောင်းပေးရန် အမိန့်ပေးခဲ့သည်။ သို့သော်လည်း ထိုတပ်ရင်းကား ရွေ့ပြောင်းပေးရန် ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် KNLA တပ်မဟာ (၅)၊ တပ်ရင်း (၁၀၂) နှင့် တပ်ရင်း (၁၅) မှ စစ်သားများသည် ထိုနယ်မြေအတွင်း စစ်ဆင်နေကြသော တပ်မတော်သားများအား ခြောင်းမြောင်းတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ပြီး ဒီဇင်ဘာလတစ်လလုံးအတွင်း ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။
 
ထိုပစ်ခတ်တိုက်ခိုက်မှုသည် သီးနှံရိတ်သိမ်းသည့်ရာသီအတွင်း ဖြစ်ပွားခဲ့သောကြောင့် ဒေသခံရွာသားအတော် များများသည် ၎င်းတို့၏စပါးသီးနှံများအား လုံလောက်စွာ မရိတ်သိမ်းနိုင်ခဲ့ပေ။ ဒွယ်လိုးမြို့နယ်၊ မယ်ဝေကျေး ရွာအုပ်စု၊ ဝ--- ကျေးရွာနေ စောဘ---ကမူ “အရင်တုန်းက ကျွန်တော်တို့ စပါးသီးနှံများကို လုံလောက်စွာရိတ်သိမ်း လို့ရခဲ့တယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ကျွန်တော်တို့ လုံလုံလောက်လောက် ရိတ်သိမ်းလို့မရဘူး။ တိုက်ပွဲဖြစ်ခဲ့တဲ့ အတွက်ကြောင့်ဖြစ်တယ်။ ကျွန်တော်တို့ ခရီးလည်းမသွားရဲ အလုပ်လည်းမသွားရဲဘူး။ ကျွန်တော်တို့ရဲ့စပါး ခင်းတွေလည်း စစ်မြေပြင်တွေဖြစ်ကုန်ပြီ။ ကျွန်တော်တို့ရဲ့စပါးခင်းတွေဆီ ကျွန်တော်တို့မသွားရဲကြတော့ဘူး” ဟုဆို သည်။

ပစ်ခတ်တိုက်ခိုက်မှုများနှင့် လက်နက်ကြီးများအားရမ်းသန်းပစ်ခတ်ခြင်းတို့ကြောင့် ဝ--- ကျေးရွာနေ ဒေသခံရွာသား များသည် ရွာမှထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဒွယ်လိုးမြို့နယ်၊ မယ်ဝေ ကျေးရွာအုပ်စု၊ ဝ---ကျေးရွာမှ ဘုန်းကြီးတစ်ပါးဖြစ်သည့်အရှင်တ---သည် “တိုက်ပွဲတွေအဆက်မပြတ်ဖြစ်နေတဲ့အ တွက် ရွာသားတွေကရွာမှာမနေရဲကြတော့ဘူး။ ရွာသားတွေက ရွာကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်” ဟု KHRGအား ရွာ၏အခြေအနေကို ထိုကဲ့သို့ရှင်းပြခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့တွင် န--- ရွာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့သော ဒေါ်ဟ--- ဆိုသူ ရွာသူတစ်ဦးမှ “ကျွန်မတို့က လုံခြုံတဲ့နေရာတွေမှာ နေဖို့ရွေးချယ်ခဲ့ တယ်။ တစ်ချို့လူတွေက တ--- မြို့ဆီထွက်ပြေးခဲ့ကြတယ်။ တစ်ချို့လူတွေကတော့ အနီးအနားမှာရှိတဲ့ရွာတွေ ဒါမှ မဟုတ် သစ်တောတွေအထဲမှာ ပုန်းနေကြတယ်။ ဒါပေမဲ့ ကျွန်မလည်း သေချာမသိဘူး” ဟုပြန်လည်ပြောပြသည်။

ဝ--- ရွာသားများမှာ မူကမန်းကတန်းဖြင့် ထွက်ခွာခဲ့ကြရသောကြောင့် လုံလောက်သော အစားအစာနှင့်အဝတ်အ ထည်များအား ၎င်းတို့နှင့်အတူတစ်ပါတည်း မသယ်ဆောင်နိုင်ခဲ့ကြပေ။ ၎င်းတို့၏ ခြံမွေးတိရိစ္ဆာန်များကိုလည်း ချန် ထားခဲ့ရသည်။ ဒေါ်ဟ---ကမူ “ကျွန်မတို့ရဲ့အိမ်တွေကို ချန်ထားပြီး ထွက်ပြေးခဲ့ရတဲ့အတွက် အဝတ်တစ်ထည်ကိုယ် တစ်ခုဘဲ သယ်လာလို့ရတယ်။ ကျွန်မတို့ ပိုင်ဆိုင်တဲ့အရာတွေကို ချန်ထားခဲ့ရတယ်။ ဇွန်းတစ်ချောင်းတောင်မှ မသယ်လာနိုင်ဘူး” ဟုဆိုသည်။ အဝတ်အထည်နှင့်ဆေးဝါးမရှိခြင်းသာမက ကျန်းမာရေးစောင့်ရှောက်မှုများ မရရှိ နိုင်ခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများသည် တောတွင်း၌ နာမကျန်းဖြစ်ဖို့ရန်အတွက် အလားအလားများသည် (မြန်မာနိုင်ငံ၌ ဒီဇင်ဘာလသည် ဆောင်းရာသီလဖြစ်သည်)။ ထို့အပြင် ပစ်ခတ်တိုက်ခိုက်မှုများနှင့်လက်နက်ကြီးများအား ပစ်ခတ်ခြင်းကြောင့် ကျောင်းများပိတ်ခဲ့ရပြီး၊ နေရပ်စွန့်ခွာ တိမ်းရှောင်နေရခြင်းသည် ဒေသခံကလေးငယ်များ ပညာသင်ကြားနိုင်ရန်အတွက် အနှောင့်အယှက်ဖြစ်စေခဲ့သည်။ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့တွင် ကရင်ပညာရေးနှင့်စာပေယဉ်ကျေးမှုဌာန (KECD)  မှ လုံခြုံရေးအခြေအနေ ဆိုးရွားလာသောကြောင့် မယ်ဝေကျေးရွာအုပ်စုရှိ စာသင်ကျောင်းခြောက်လုံးသည် စာသင်ကြားမှုများရပ်တန့်ခဲ့ ရသည်ဟု တင်ပြခဲ့သည်။  

ဒေါ်ဟ---၏အဆိုအရ ပြည်တွင်းစစ်ပြေးရှောင်ဒုက္ခသည်များသည် လူသားချင်းစာနာမှုဆိုင်ရာအကူအညီ တစ်စုံတစ်ခု မျှမရရှိခဲ့သောကြောင့် လက်ရှိ၌ ၎င်းတို့သည် အစားအစာမလုံလောက်ခြင်းများနှင့် စားဝတ်နေရေးအကျပ်အတည်း စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရသည်ဟု သိရှိရသည်။ “ယခုအချိန်မှာ ကျွန်မတို့စားရဖို့ အသက်ရှင်ရဖို့အတွက် [အိမ်နီးချင်းတွေဆီက အစားအစာ (သို့မဟုတ်) ပိုက်ဆံ] ချေးငှားနေရတယ်။ ဒါပေမဲ့ ကျွန်မတို့ ဒီအတိုင်းဆက်ပြီး အလုပ်လက်မဲ့ ဖြစ်နေရင်တော့ ကျွန်မတို့အတွက်အရမ်းခက်ခဲလိမ့်မယ်” ဟု သူမပြောပြခဲ့သည်။ ထို့အပြင် သူမသည် သူမ၏ရွာသို့ပြန်ခဲ့လျှင်ပင် တိုက်ပွဲများကြောင့် ထိုဒေသ၌ အလုပ်အကိုင်အခွင့်အလမ်းများမရှိသဖြင့် အသက်မွေးဝမ်း ကျောင်းနည်းလမ်းကောင်းတစ်ခု ပြန်လည်ထူထောင်ဖို့ရန်မှာ သူမအတွက် အလွန်ခက်ခဲလိမ့်မည်ဟု သူမကဆက် ပြောခဲ့သည်။ 

သို့သော်ငြားလည်း ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် ဝ---ရွာသားများသည် ၎င်းတို့နေရပ်သို့ပြန် သွားဖို့ရန်အတွက် မလုံခြုံသေးဟု ၎င်းတို့ယူဆကြသည်။ ဒေါ်ဟ---မှ သူမတို့၏ရွာသို့ မည်သည့်အချိန်မှပြန်နိုင် မည်ကို မသိရှိသေးကြောင်း ဤကဲ့သို့ရှင်းပြခဲ့သည်။ အကြောင်းမှာ “(KNU နှင့်ဒေသခံလူကြီးများကလည်း) ကျွန်မ တို့ကို ရွာအပြင်မှာ ယာယီခေတ္တဆက်နေထိုင်ဖို့ တောင်းဆိုခဲ့တယ်။ ယာယီခေတ္တခဏလို့ဆိုနေပေမဲ့လည်း တစ်လ တောင်ကျော်နေပြီ။ နေရပ်ပြန်ဖို့လုံခြုံတယ်လို့ ကျွန်မတို့မခံစားရဘူး” ဟုဆိုသည်။ သူမ၏အနာဂတ်အတွက် သူမအ လွန်စိုးရိမ်ပူပန်ကြောင်းကိုလည်း KHRGအား ဤကဲ့သို့ပြောပြခဲ့သည်။ “ဒီ[ရွေ့ပြောင်းနေထိုင်နေရတဲ့] နေရာဟာ ကျွန်မတို့ရဲ့ဇာတိမြေမဟုတ်ဘူး။ ပြီးတော့ ကျွန်မတို့ရဲ့အနာဂတ်တွေလည်း မသေချာမရေရာဘူး။ ကျွန်မကတော့ အရှေ့မှာရှိတဲ့လမ်းကို မမြင်နိုင်တဲ့မျက်ကန်းတစ်ယောက်လို လမ်းပျောက်နေတယ်လို့ ကျွန်မခံစားရတယ်။  ကျွန်မတို့ ဘယ်နေရာမှာ အသက်မွေးဝမ်းကျောင်းအတွက် အလုပ်လုပ်နိုင်မှာလဲ။ ကျွန်မဘယ်ဆီကိုဆက်ပြီး ထွက်ပြေးတိမ်း ရှောင်နေရဦးမှာလဲ။ ကျွန်မနေရပ်ဆီပြန်ရမှာလား။ ဆက်ပြီးထွက်ပြေးတိမ်းရှောင်နေရဦးမှာလား။ ကျွန်မ မစဉ်းစား တတ်တော့ဘူး။”

သံလွင်ငြိမ်းချမ်းရေးဥယာဉ် (Salwee Peace Park)နှင့် ကရင်သဘာဝပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာလုပ်ရှားမှု ကွန်ရက်(KESAN)တို့မှ ဖော်ပြထားသော အချက်အလက်များအရ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၆ရက်နေ့တွင် ဒွယ်လိုး မြို့နယ်၊ မယ်ဝေကျေးရွာအုပ်စုရှိ နေရာနှစ်နေရာ၌ ကျေးရွာပေါင်း ၃၀မှ လူအယောက်တစ်ထောင်ကျော်တို့သည် တပ်မတော်ဆန့်ကျင်ရေးဆန္ဒထုတ်ဖေါ်မှုများကို ပြုလုပ်ခဲ့သည်ဟုသိရှိရသည်။ ဆန္ဒဖော်ထုတ်သူများက တပ်မတော် အနေဖြင့် ဒေသခံပြည်သူများအား တိုက်ခိုက်မှုများကို ရပ်တန့်ပေးရန်နှင့် ဒေသအတွင်းမှ ဆုတ်ခွာပေးရန် တောင်းဆို ခဲ့ကြသည်။[5]   

ခူးသူးထာကျေးရွာအုပ်စု

တပ်မတော်မှ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ဒွယ်လိုးမြို့နယ်၊ ခူးသူးထာကျေးရွာအုပ်စုရှိဒေသခံများ ယာယီ နေရပ်ရွေ့ပြောင်းကြရသည်ဟု KHRG ၏မှတ်တမ်းပြုစုချက်များက ဖော်ပြထားသည်။ ၂၀၂ဝခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက်နေ့မှ ၃၀ရက်နေ့အတွင်းတွင် ခူးသူးထာစခန်းမှ တပ်မတော်သားများက ဒေသအတွင်းရှိကျေးရွာများသို့ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခဲ့သည်။ ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ ၂၈ရက်နေ့တွင် ခူးသူးထာစခန်းရှိတပ်မတော် စစ်သားများက ကျေးရွာထဲသို့ အမြောက်ကျည်ဆံများအား ပစ်ခတ်ခဲ့သည်ဟု ဒွယ်လိုးမြို့နယ်၊ ခူးသူးထာကျေးရွာ အုပ်စု က--- ကျေးရွာတွင် နေထိုင်သည့် ရွာသားတစ်ဦးဖြစ်သူ စောဒ---မှ KHRG အားပြောပြခဲ့ပြီး၊ ၎င်းအပါအဝင် အခြားရွာသူရွာသားများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ “မနက်ပိုင်းမှာ သူတို့ကအမြောက်တစ်လုံးပစ်ခဲ့တယ် ပြီးတော့ ညနေပိုင်းမှာနောက်ထပ် တစ်လုံးထပ်ပစ်ခဲ့တယ်။ (…) သူတို့ ဒုတိယအမြောက်တစ်လုံးပစ်ခဲ့ပြီးတဲ့နောက် ပိုင်းမှာ ကျွန်တော်တို့ရွာထဲမှာမနေရဲတော့ဘူး။ ဒါကြောင့်ကျွန်တော်တို့ (...) တောထဲကိုထွက်ပြေးခဲ့တယ်။ (…) ကျွန်တော်တို့တောထဲမှာ ခြောက်ရက်၊ ခုနှစ်ရက်လောက်နေခဲ့ရတယ်။” KHRG ကွင်းဆင်းလေ့လာသူတစ်ဦး၏ အဆိုအရလက်နက်ကြီးပစ်ခတ်ခဲ့ပြီးနောက် ရွာသားတော်တော်များများသည် ဘ--- မြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြ သည်။ အိမ်ထောင်စု ၁၇ စုသာ ကျန်ရစ်ခဲ့သည်ဟု သိရသည်။

က---ကျေးရွာနေ အခြားရွာသူတစ်ဦးဖြစ်သူ နော်န---မှလည်း အလားတူ ၎င်း၏အတွေ့အကြုံအား ပြန်လည်ပြောပြခဲ့ သည်။ “ကျွန်မတို့ကိုအမြောက်ကျည်ဆံထိမိမှာကို ကျွန်မတို့စိုးရိမ်တယ်။ ကျွန်မတို့ဘက်ကိုလာတဲ့ အမြောက် ကျည်ဆံရဲ့အသံကို  ကျွန်မတို့မကြားရဘူး။ ကျည်ဆံကျလာတဲ့အခါမှ ကျွန်မတို့ကြားရတယ်။ ကျွန်မတို့အရင်ဆုံး အိမ်အောက်ကိုပြေးပြီး အိမ်အောက်မှာခဏနေခဲ့ကြတယ်။ နောက်ပိုင်းမှာ အမြောက်ကျည်ဆံက ကျွန်မ တို့ရဲ့ကလေးတွေကို ထိမိမှာကို ကျွန်မတို့ကြောက်ပြီး စိုးရိမ်တဲ့အတွက် ကျွန်မတို့တောထဲကို ပြေးသွားခဲ့တယ်။” ထိုမှုခင်းဖြစ်ပွားခဲ့ပြီးနောက် ဆယ် ရက်အတွင်း သူမ၏ရွာသို့သူမ မပြန်ခဲ့ဘူးဟု ရှင်းပြခဲ့သည်။ “တောထဲမှာ ကျွန်မနှစ်ရက်နေခဲ့တယ်။ အဲ့နောက်မှာ စ---ကျေးရွာမှာနေတဲ့ ကျွန်မ ညီမရဲ့အိမ်မှာ သွားရှောင်ခဲ့တယ်။ စ---ကျေးရွာမှာ ကျွန်မရှစ်ညလောက်အိပ်ခဲ့တယ်။ ကျွန်မ ဒီနေ့(၂၀၂ဝခုနှစ်၊ ဇန်နဝါရီလ ၉ရက်နေ့) မှအိမ်ကိုပြန်လာ ခဲ့တယ်။”

အမြောက်ကျည်ဆံများသည် စိုက်ပျိုးဥယျာဉ်ခြံများ၊ ရေပိုက်များနှင့် နေအိမ်များကိုဖျက်ဆီးခဲ့ပြီး ခြံမွေးတိရိစ္ဆာန် များကိုလည်း သေစေခဲ့သည်။ ထို့ကြောင့် ဒေသခံများအဖို့ စားဝတ်နေရေးအခက်အခဲများဖြစ်ပေါ်စေသည်။ နော်န---မှ ၎င်း၏နေ အိမ်ခေါင်မိုးသည် ကျည်ဆံအစကြောင့် ပျက်ဆီးခဲ့ပြီး၊ ၎င်းအနေဖြင့် အိမ်ခေါင်မိုးအသစ်ဝယ်ရန် မတတ် နိုင်ကြောင်း KHRG အား ပြောပြခဲ့သည်။ “အိမ်ခေါင်မိုးကို ကျွန်မတို့ သုံးလို့မရတော့ဘူး (အိမ်ခေါင်မိုးကမကောင်း တော့ဘူး)။ ကျွန်မတို့အိမ်ခေါင်မိုးအသစ်တစ်ခုကို ဝယ်ဖို့လိုတယ်။ ဒါပေမဲ့ကျွန်မမှာ ပိုက်ဆံမရှိဘူး။ မနှစ်ကဘဲ ကျွန်မတို့ရဲ့ အိမ်ခေါင်မိုး အသစ်လဲခဲ့တာ။”

စစ်ဘေးပြေးရှောင်ခဲ့ပြီးနောက် ကျေးရွာသို့ပြန်လာခဲ့သောရွာသားများမှ မိမိတို့အနေဖြင့် မကြာမှီအချိန်အတွင်းမှာ တ ဖန်ပြန်လည်နေရာရွှေ့ပြောင်းရဦးမည်ကို စိုးရိမ်နေကြပြီး၊ ထိုအကြောင်းကြောင့် ရေရှည်တည်တံ့ခိုင်မြဲသော အသက် မွေးဝမ်းကျောင်းကို ပြန်လည်ထူထောင်ရန် အဟန့်အတားဖြစ်မည်ကိုလည်း စိုးရိမ်နေကြသည်။ “ကျွန်တော်တို့ထွက် ပြေးတိမ်းရှောင်ခဲ့ကြရတဲ့အတွက် ကျွန်တော်တို့ အလုပ်လုပ်ပြီး ဝင်ငွေရရှိဖို့ရန်အခွင့်အရေးတွေ ချိုးဖောက်ခံရတယ်။ ထို့အပြင် ကျွန်တော်တို့ရဲ့ကလေးတွေလည်း ကျောင်းကိုသွားလို့မရတော့ဘူး။ (ယခုအချိန်မှာ) ကျွန်တော်တို့ ဝင်ငွေ လည်းမရှာနိုင်တော့ဘူး။ ကျွန်တော်တို့ဘယ်အချိန်မှာထွက်ပြေးရမလဲ၊ ဘယ်နေရာကိုထွက်ပြေးရမလဲဆိုတာကိုဘဲ တွေးကြတယ်။ ဒီတောင်ကြားထဲမှာဆက်နေလို့ လုံခြုံပါ့မလား၊ ဒါမှမဟုတ် ကျွန်တော်တို့ အခြားဒီထက် ဝေးတဲ့နေရာ ကို ထွက်ပြေးရမှာလား။” ဟု စောဒ---မှ ဤကဲ့သို့ ‌ပြောပြခဲ့သည်။

အထက်ဖော်ပြပါအချက်များအရ လက်ရှိအချိန်၌ ဒေသတွင်းရှိရွာသူရွာသားများသည် စစ်ရေးလှုပ်ရှားမှုများနှင့်တိုက်ပွဲ များကြောင့်  ထိခိုက်နစ်နာမှုများကို ခံးစားနေကြရသည်။ စစ်ဆင်ရေးနှင့်ပစ်ခတ်တိုက်ခိုက်မှုဆက်ဖြစ်ပွားမည်ဆိုလျှင် ရွာသူရွာသားများအနေဖြင့် ၎င်းတို့၏စားဝတ်နေရေးဖူလှုံအောင်လုပ်ဆောင်ရန် အခက်ခဲများရှိနိုင်ပြီး၊ ၎င်းတို့အား နေ ရပ်‌ရွှေ့ပြောင်းရသည့် စိုးရိမ်ရသောအခြေအနေသို့တွန်းပို့နိုင်ခြင်းနှင့် ၎င်းတို့၏သွားလာနိုင်စွမ်းနှင့်အလုပ်လုပ်နိုင်စွမ်း ကိုလည်း ကန့်သတ်ထားခြင်းစသည့် အခက်အခဲများဆက်ဖြစ်ပွားနိုင်သည်။ “အခြားသူတွေကပြန်လာလို့ ကျွန်မ လည်းပြန်လာတာပါ။ ဒါပေမဲ့အခြားလူတွေထွက်ပြေးရင် ကျွန်မလည်းထွက်ပြေးရမှာပေါ့။ ကျွန်မတို့ကြောက်တဲ့အခါ ကျွန်မတို့ထွက်ပြေးရတယ်။ ကျွန်မတို့ပြန်လာရင်တောင်မှ မသေချာမရေရာ(ကြောက်ရွံ့မှု)နဲ့ဘဲ နေကြရတယ်။" ဟု နော်န---မှ ဤကဲ့သို့ပြောပြခဲ့သည်။

၂. ခလယ်လွီထူခရိုင်

CIDKP ၏အဆိုအရ ၂၀၂ဝခုနှစ်၊ ဒီဇင်ဘာလ ၁၁ရက်နေ့တွင် တပ်မတော်မှ လယ်ဒို(ကျောက်ကြီး)မြို့နယ်၊ ဆောမီလူ နှင့်မူသဲ့ဒေသအကြားရှိ လမ်းဖောက်လုပ်ရေးအား ပြန်လည်စတင်ခဲ့သည်။ (ဤလမ်းသည် သံဘို၊ ဆောမီလူ၊ ခိုဖလားလေးခို၊ ကဘော်စိုးနှင့် မူသဲ့တပ်မတော်စခန်းများအား ဆက်သွယ်ထားသည်။) ၎င်းတို့သည် ဒေသခံများနှင့်ညှိနှိုင်းခြင်းသော်လည်းကောင်း၊ ဒေသခံကေအဲန်ယူအာဏာပိုင်များထံမှ ကြိုတင်ခွင့်ပြုချက်တောင်း ယူခြင်းသော်လည်းကောင်း မလုပ်ခဲ့ပေ။ ထို့နောက်(အခြား)တပ်မတော်တပ်ရင်းများဖြစ်သည့် ခမရ (၅၈၉) နှင့် ခမရ (၃၅၀) ရှိ တပ်မတော်သားများက လမ်းဖောက်လုပ်ရေးအား စောင့်ကြပ်ဖို့ရန်အတွက် ခိုဖလားလေးခိုစခန်းနှင့်ပျဉ် ဗြဲစခန်းအကြားရှိ လမ်းတစ်လျှောက်လုံး၌ စတင်ကင်းလှည့်ခဲ့ကြသည်။ နောက်ဆုံးတွင်မူ ၂၀၂ဝခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက်နေ့တွင် ကပ္ပါယ်ရှေ့တန်းစခန်းနှင့် ပျဉ်ဗြဲရှေ့တန်းစခန်းအကြားရှိ ကလယ်ခိုနေရာတွင် KNLA တပ်မဟာ (၃)၊ တပ်ရင်း (၉) နှင့် တပ်မတော် ခမရ (၅၉၈) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲအပြီးတွင် တပ်မတော်ခြေလျင်တပ်ရင်း (ခလရ) (၇၅)  နှင့် ခလရ (၉၂) တို့မှ စစ်ကူများအား ထိုဒေသသို့စေလွှတ်ခဲ့သည်။ တပ်မတော်၏လမ်းသည် IDPs များ၏ ပုန်းအောင်းရာနေရာများနှင့် KNLA/KNDO ရှေ့တန်းစခန်းများအား ဖြတ်သန်း သွားသောကြောင့် ဒေသအတွင်း တပ်မတော်သားများနှင့်တပ်ယာဉ်တန်းများရှိနေခြင်းသည် များစွာသော ပစ်ခတ် တိုက်ခိုက်မှုများ[6]အား ဖြစ်ပွားစေခဲ့သည်။  KHRG အနေဖြင့် တပ်မတော်စစ်တပ်များမှ လက်နက်ကြီးများရမ်းသန်း ပစ်ခဲ့သော ဖြစ်စဉ်များစွာကိုလည်း မှတ်တမ်းတင်ခဲ့သည်။ 

၂၀၂ဝခုနှစ်၊ ဒီဇင်ဘာလ ၂၈ရက်နေ့တွင် တပ်မတော်သားများမှ အမြောက်ကျည်ဆံများအား ရမ်းသန်းပစ်ခတ်ခဲ့ရာ ခ လယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်၊ ဆောမီလူကျေးရွာအုပ်စု၊ ဆောမီလူကျေးရွာအနားရှိ (ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်လူနာများထားရှိသည့်နေရာ) ကွာရန်တင်းစင်တာဝန်းကျင်တွင် ထိုအမြောက်ကျည်ဆံများ ကျရောက် ခဲ့သည်။ ကျည်ဆံ တစ်လုံးမျှ ကွာရန်တင်းစင်တာအား မထိမှန်ခဲ့သော်လည်း ထိုပစ်ခတ်မှုကြောင့် ဒေသခံရွာသား များနှင့်ကျန်းမာရေးဝန် ထမ်းများမှ နောက်ထပ်ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားမည်ကိုစိုးရိမ်သောကြောင့် ၎င်းတို့ ထွက်ပြေးခဲ့ကြသည်။ ကွာရန် တင်းစင်တာတွင်ရှိသည့် ဆေးဝါး၊ ဆိုလာပြား၊ ဘက်ထရီအိုး၊ ဆန်နှင့်မီးဖိုချောင်သုံး ပစ္စည်းများရှိနေသော်လည်း  ရွာသားများက ထိုပစ္စည်းတစ်ခုကိုမျှ ၎င်းတို့နှင့်အတူ မသယ်ဆောင်နိုင်ခဲ့ပေ။ ထိုတိုက် ခိုက်မှုဖြစ်ပွားသည်အချိန်အတွင်း ခမရ (၆၀၃)၊ ခမရ (၃၅၀)၊ ခလရ (၅၇)၊ ခလရ (၉၂) နှင့် ခလရ (၇၅) များမှ ထိုဒေသတွင်စစ်ဆင်ရေးပြုလုပ်နေကြသည်။ သို့သော် မည်သည့်တပ်ရင်းမှ ထိုအမြောက်ကျည်ဆံများကို ပစ်ခတ်ခဲ့သည်ကိုသော်လည်းကောင်း၊ ထိုသို့ပစ်ခတ်ခြင်း၏ နောက်ကွယ်တွင်ရှိသည့်အကြောင်းရင်းကိုသော်လည်း ကောင်း KHRG အနေဖြင့် အခိုင်အမာအတည်မပြုခဲ့ပေ။ KHRG ကွင်းဆင်းလေ့လာသူတစ်ဦး၏အဆိုအရ၊ ၂၀၂ဝခုနှစ်၊ ဒီဇင်ဘာလ ၂၈ရက်နေ့မှ ၂၀၂ဝခုနှစ်၊ ဇန်နဝါရီလလယ်ပိုင်းလောက်အထိ ဒေသခံရွာသားများက သေနတ်ပစ်သံနှင့် လက်နက်ကြီးကျည်ဆန်ပေါက်ကွဲသံများအား နေ့စဉ်လိုလို ကြားရသည်ဟု သိရသည်။

၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက်နေ့ နံနက် ၆:၄၅ လောက်တွင် ခဲဒဲကျေးရွာအုပ်စု၌ KNLA နှင့်တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ (KHRG အနေဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာအတိအကျအား အခိုင်အမာအတည် မပြုနိုင်ခဲ့ပေ။) တိုက်ပွဲဖြစ်ပွားခဲ့စဉ်အတွင်း တပ်မတော်မှ အမြောက်ကျည်ဆံအလုံး (၃၀) မှ (၄၀) လောက် ပစ်ခတ် ခဲ့သည်။ ထိုတိုက်ပွဲသည် နံနက် ၈:၁၅ အထိကြာခဲ့သော်လည်း ရွာသားများမှ အခြားပေါက်ကွဲမှုအသံသုံးကြိမ်ကို ထိုနေ့ (ညနေ ၆ နာရီ၊ ၆:၂၅ နာရီနှင့် ညအချိန်တို့၌) ကြားရကြသည်။ ဇန်နဝါရီလ ၁၂ရက်နေ့ နံနက် ၇:၅၅ လောက်တွင် ဒေသခံရွာသားများမှ ပေါက်ကွဲသံနှစ်ခုအားကြားခဲ့ပြီးနောက် သေနတ်သံနှင့်လက်နက်ကြီးပစ်ခတ် သံအား ကြားခဲ့သည်။ KHRG ကွင်းဆင်း လေ့လာသူတစ်ဦး၏အဆိုအရ၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့မှ ၁၅ရက်နေ့အတွင်း တပ်မတော်မှစစ်ကူများအား လယ်ဒိုမြို့နယ်သို့ စေလွှတ်ခဲ့သည်ဟု သိရသည်။ ထိုကာလအတွင်း တပ်မတော်စစ်ကားစုစုပေါင်း ၅၁ စီးအား မြို့နယ်အနှံ့တွင် လှည့်လည်သွားလာနေကြသည်ကို တွေ့ခဲ့ရသည်။

ပစ်ခတ်တိုက်ခိုက်မှုများနှင့် တပ်မတော်မှ လက်နက်ကြီးများအား ရမ်းသန်းပစ်ခတ်ခြင်းကြောင့် ခဲဒဲကျေးရွာအုပ်စုနှင့် စောကာဒဲကျေးရွာအုပ်စုရှိ ကျေးရွာလေးရွာမှ ရွာသားများက ၎င်းတို့၏ကျေးရွာများမှထွက်ပြေးကြရပြီး၊ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ တစ်နေရာမှတစ်နေရာသို့ နေရပ်ရွှေ့ပြောင်းနေခဲ့ကြရသည်။ စုစုပေါင်း လ--- ကျေးရွာမှရွာသား (၂၂၈) ဦးနှင့် ဗ--- ကျေးရွာမှရွာသား (၃၇၅) ဦးတို့သည် နေရပ်ရွေ့ပြောင်းခဲ့ကြရသည်။ CIDKP ၏အဆိုအရ၊ ၂၀၂၁ခုနှစ်၊ ဇန် နဝါရီလ ၂၈ရက်နေ့တွင်  လယ်ဒိုမြို့နယ်၊ ခဲဒဲကျေးရွာအုပ်စုနှင့် စောကာဒဲကျေးရွာအုပ်စုများတွင် IDPs ၁၁၉၅ ဦးရှိသည်ဟု သိရသည်။

လ---ကျေးရွာ၊ ပ---ကျေးရွာနှင့် ဗ---ကျေးရွာများရှိ အချို့သော IDPs များသည် ဝ---တိမ်းရှောင်သည့်နေရပ်သို့ ပြေး ရှောင်ခဲ့ကြသည်။ ၎င်းတို့အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ဆေးဝါးများမရရှိကြောင်း KHRG အား ပြောပြခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် သွားလာမှုကန့် သတ်ထားခြင်းများနှင့် လုံခြုံရေးအန္တရာယ်များကြောင့် ၎င်းတို့၏ဒေသသို့ မရောက်ရှိနိုင်သောကြောင့်ဖြစ်သည်။ IDPs များအနေဖြင့် အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက လယ်ဒိုမြို့ပြည်သူ့ဆေးရုံသို့ စွန့်စားပြီးသွားကြရသည်။ သို့သော်လည်း သယ်ယူပို့ဆောင်ရေးအခက်အခဲများနှင့် လုံခြုံရေးဆိုင်ရာစိုးရိမ်ရမှုများကြောင့် ၎င်းတို့အနေဖြင့် ဆေးရုံသို့ အမြဲတမ်းမသွားနိုင်ကြပါ။ ၂၀၂၁ခုနှစ်၊ မတ်လ ၁ဝရက်နေ့တွင် လ--- ကျေးရွာမှမုဆိုးမတစ်ဦးသည် ဝ---တိမ်းရှောင်သည့်နေရာ၌ ကွယ်လွန်သွားခဲ့သည်။  ယခင်က သူမသည် နေမကောင်းဖြစ်ခဲ့သော်လည်း ကျန်းမာရေး စောင့်ရှောက်မှုများ မရရှိခဲ့ပေ။

တိုက်ပွဲများနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် လယ်ဒိုမြို့နယ်၊ ခဲဒဲကျေးရွာအုပ်စုရှိ စာသင်ကျောင်းသုံးကျောင်း အား ပိတ်လိုက်ရသည်။ KHRG ကွင်းဆင်းလေ့လာသူတစ်ဦးမှ ပေးပို့ထားသောသတင်းအချက်အလက်အရ၊ ၂၀၂၁ခုနှစ်၊ မတ်လ ၉ရက်နေ့တွင် လ---ရွာသားများနှင့် ဒေသခံ KECD ပညာရေးဝန်ထမ်းများသည် ဝ---တိမ်းရှောင်သည့်နေရပ်၌ ပညာသင်ကြားခြင်းအား ဆက်လက်လုပ်ဆောင်နိုင်ရန် အကောင်းဆုံးကြိုးစားခဲ့ကြသည်ဟု သိရသည်။  ဆရာ၊ ဆရာမ များက တောထဲမှာပင် နောက်ဆုံးစာမေးပွဲအား ပြုလုပ်ပေးခဲ့ပြီး၊ ၂၀၂၁ ခုနှစ်၊ မတ်လ ၆ရက်နေ့တွင် ကျောင်းဆင်းပွဲကို ပင်ပြုလုပ်ခဲ့သည်။

ဝ---တိမ်းရှောင်ရာနေရပ်ရှိ IDPs များက ၎င်းတို့၏ မိသားစုအတွက် အစားအစာများနှင့် အဝတ်အထည်များကို ပမာဏ အနည်းငယ်သာ သယ်ဆောင်လာနိုင်ခဲ့ကြသည်။ ၎င်းတို့သည် KNU နှင့် အခြားသောပုဂ္ဂလိကအလှူရှင် များထံမှ အစားအစာတစ်ချို့ကိုလည်း ရရှိခဲ့ကြသည်။ ၎င်းတို့အနေဖြင့် ၎င်းတို့၏ပစ္စည်းဥစ္စာများနှင့် ခြံမွေးတိရိစ္ဆာန် များအားလုံးကို အကုန်ချန်ရစ်ထားခဲ့ရသည်မှာ ၎င်းတို့၏အသက်မွေးဝမ်းကျောင်းအတွက် အလုပ်ပြန်လည်လုပ် ဆောင်နိုင်စွမ်အားလွန်စွာ လျော့ပါးစေခဲ့သည်။ တောထဲတွင် ၎င်းတို့၏အစားအစာများကုန်ခါနီးပြီဖြစ်သည့်အတွက် မိသားစုများအား လုပ်ကိုင် ကျွေးမွေးသူများမှ (များသောအားဖြင့် အမျိုးသားများဖြစ်သည်) ၎င်းတို့၏မိသားစုအတွက် အစားအစာရှာဖွေပေးရန်၊ တိရိစ္ဆာန်များကိုအစာကျွေးရန်နှင့် ခြံမွေးတိရိစ္ဆာန်များအား ကြည့်ရှုစောင့်ရှောက်ရန် ၎င်း တို့၏ကျေးရွာများသို့ ပြန်သွားခဲ့ကြရသည်။ သို့သော်လည်း ထိုဒေသအတွင်း၌ တပ်မတော်သားများစွာရှိနေခြင်း ကြောင့် ၎င်းတို့ သွားလာခြင်းများအတွက် လွန်စွာအန္တရာယ်ဖြစ်စေသည်။  

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် လ--- ကျေးရွာသားတစ်ဦးဖြစ်သည့် စောအ---မှ ဝါးသွားခုတ်ရန်သွားရာ လမ်းခုလတ်တွင် တပ်မတော်စစ်သားများက ၎င်းအား ၎င်း၏ကျေးရွာအနီးတွင် ပစ်ခတ်ခဲ့သည်။ ကံကောင်းထောက်မ စွာဖြင့်၊ ၎င်းအားကျည်ဆံမထိမှန်ခဲ့သောကြောင့် ၎င်းအနေဖြင့် ထိခိုက်မှုမရှိဘဲ လွတ်မြောက်ခဲ့သည်။ ထိုနည်းတူပင်၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၉ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ဖ---ကျေးရွာမှ IDP တစ်ဦးဖြစ်သူ စောရ---သည် ၎င်း၏ရွာအတွင်း၌ ၎င်း၏ဝက်များအား အစာကျွေးနေစဉ် တပ်မတော် ခမရ (၆၀၃) မှ ၎င်း၏ကျေးရွာဖက်သို့ အ မြောက်ကျည်ဆံများပစ်ခတ်ခဲ့ပြီး၊ ထိုကျည်ဆံအစများကြောင့် ၎င်း၏ပေါင်နှစ်ဖက်စလုံး၌ ဒဏ်ရာများရရှိခဲ့သည်။ တပ် ရင်းမှူးမောင်မောင်စိုးဦးဆောင်သည့် ခမရ (၆၀၃)သည် တပ်မတော်လမ်းဖောက်လုပ်ခြင်းအား စောင့်ကြပ်ဖို့ရန်အ တွက် လယ်ဒိုနှင့် ဆောမီလူဒေသအကြား လမ်းတစ်ရှောက်လုံးတွင် ကင်းလှည့်နေကြသည်။ စောရ---သည် လယ်ဒို မြို့နယ် KNU ရုံးရှိ ကော်သူလေကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန (KDHW) ၏ဆေးခန်းတွင် ကျန်းမာရေးဝန် ဆောင်မှုများရရှိခဲ့သည်။

IDPs များသည် ဤအစီရင်ခံစာအား ပြုစုနေချိန်တွင် ၎င်းတို့၏နေအိမ်သို့ မပြန်သွားနိုင်သေးပါ။ ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့အထိတိုင် တိုက်ပွဲများနှင့် လက်နက်ကြီးပစ်ခတ်ခြင်းများသည် ပုံမှန်ဖြစ်ပွားနေဆဲဖြစ်သည်ဟု KHRG ကွင်း ဆင်းလေ့လာသူတစ်ဦးက ယခုလိုအကြောင်းကြားခဲ့သည်။ “တိုက်ပွဲတွေကဆက်တိုက်ဖြစ်ပွားနေတာကြောင့် တပ်မ တော်နှင့် KNLA အကြား တိုက်ပွဲပေါင်းဘယ်နှစ်ကြိမ်ဖြစ်ပွားခဲ့လဲဆိုဒါကို ကျွန်တော်မရေတွက်နိုင်တော့ဘူး။” ထို့ပြင် ခဲဒဲကျေးရွာအုပ်စုတွင် တပ်မတော်မှ မြေမြှုပ်မိုင်းအသစ်များ ထပ်ထောင်ထားခဲ့သည်။ ဤအကြောင်းကြောင့် ဒေသခံ များနှင့် ၎င်းတို့၏ခြံမွေးတိရိစ္ဆာန်များအတွက် အန္တရာယ်ရှိစေသည်သာမက (လ---ရွာသားတစ်ဦး၏ကျွဲတစ်ကောင် သည် မြေမြှုပ်မိုင်းနင်းမိကာ သေဆုံးခဲ့သည်။ KHRG အနေဖြင့် ထိုဖြစ်စဉ်ဖြစ်ပွားခဲ့သော ရက်စွဲအတိတကျအား အခိုင် အမာအတည်မပြုနိုင်ခဲ့ပေ။) ဤဖြစ်ရပ်သည် IDP များအနေဖြင့် ၎င်းတို့၏ရွာသို့ပြန်ရန် ပို၍ကြန့်ကြာစေနိုင်သည်။

၃. ဒူးသထူခရိုင် 

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ရက်နေ့တွင် KNDO တပ်ရင်း (၂) မှ ဒုဗိုလ်ကြီးစောစာသေးက ဘီးလင်းမြို့နယ်၊ ယိုက လားကျေးရွာအုပ်စု၊ ယိုကလားကျေးရွာရှိ ယိုကလားစခန်းတွင် အခြေစိုက်နေထိုင်ကြသော BGF စစ်သားများအား ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၃ဝရက်နေ့တွင် ၎င်း၏စခန်းအား ဆုတ်ခွာပေးရန် အမိန့်ပေးခဲ့သည်။ ထိုနေ့၌ပင် KNDO တပ်ရင်း (၂) မှ ဒုဗိုလ်မှူးစောမျိုးအောင်နှင့် BGF တပ်ရင်း (၁၀၁၃)၊ တပ်ခွဲ (၁) မှ တပ်စုမှူး စောမြင့်ဝင်းတို့မှ ယင်းကိစ္စအား ဆွေးနွေးကြရန် ယိုကလားကျေးရွာ၌ တွေ့ဆုံခဲ့ကြသည်။ သို့သော်လည်း စောမြင့်ဝင်းမှ KNDO အား “အထက်အမိန့်မရ မချင်း ကျွန်တော်တို့ဆုတ်ခွာလို့မရဘူး။ ခင်ဗျာတို့ကျွန်တော်တို့ကို တိုက်ချင်ရင် တိုက်လို့ရတယ် (မူရင်းကရင်ဘာသာစကား၌ ၎င်းသည် KNDO အရာရှိအား တိုက်ခိုက်ရန်စိန်ခေါ်နေသည်မှာ ထင်ရှားသည်။)” ဟုဆိုသည်။

နောက်ဆုံးတွင် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၂ရက်နေ့တွင် KNDO နှင့် BGF အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ BGF စစ်သားတစ်ဦးဒဏ်ရာရရှိခဲ့သည်။ ၂၀၂ဝခုနှစ်၊ ဇန်နဝါရီလ ၉ရက်နေ့တွင် အ---ရွာသားတစ်ဦးဖြစ်သည့် စောစ---မှ KHRG အား ပစ်ခတ်တိုက်ခိုက်မှုအကြောင်းကို ပြန်လည်ပြောပြခဲ့သည်။ “တိုက်ပွဲကမိနစ် ၃၀ နီးပါးကြာခဲ့တယ်။ အစပိုင်းမှာတော့ တိုက်ခိုက်မှုက နည်းနည်းပြင်းထန်ခဲ့တယ်။ သူတို့က လက်နက်ကြီးတွေကိုလည်း အချက်ပေါင်း များစွာ ပစ်ခတ်ခဲ့တယ်။ ပြီးတော့ သူတို့ခဏနားပြီး ဆက်တိုက်ခိုက်ပစ်ခတ်ကြပြန်တယ်။” 

၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက်နေ့တွင် ဒေသခံခေါင်းဆောင်တစ်ဦးဖြစ်သူ စောဇ---မှ တိုက်ပွဲအပြီးတွင် လူပေါင်း များစွာက ၎င်းတို့ရွာမှထွက်ပြေးကြရကြောင်း KHRG အားပြောပြခဲ့သည်။ “ဒေသခံရွာသားတွေ ထွက်ပြေးကြရတယ်။ သူတို့လည်း ကြောက်ကြတယ်လေ။ သူတို့အတွက်လုံခြုံမှုရှိတဲ့အခြားနေရာတွေဆီကို ထွက်ပြေးကြပြီး ပုန်းရှောင်နေကြတယ်။” ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၈ရက်နေ့တွင် ထိုအနီးအနားရှိကျေးရွာဖြစ်သော ဘီးလင်းမြို့နယ်၊ နိုဘယ်ဘောကျေးရွာအုပ်စု၊ ယ---ကျေးရွာတွင်နေထိုင်သည့် ဦးအ---မှ “လုံးဝဟုတ်တာပေါ့။ ရွာရဲ့အရှေ့ခြမ်းနဲ့ အနောက်ခြမ်းမှာနေတဲ့ ရွာသားတွေ နေရပ်ပြောင်းရွှေ့ကြရတယ်။” ဟု ဤဖြစ်စဉ်အားအတည်ပြုပြောဆိုခဲ့သည်။ KHRG အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူဦးရေမည်မျှနေရပ်ပြောင်းရွှေ့ကြရသည်ကို အတိအကျအတည် မပြုနိုင်ခဲ့သော်လည်း ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလနောက်ဆုံးအပတ်တွင် ၎င်းတို့၏နေအိမ်သို့ပြန်သွားနိုင်ကြပြီးဟု သိရ သည်။   

ဒူးပလာယာခရိုင်ရှိ လက်နက်အပြည့်အစုံပါရှိသော BGFတပ်ရင်း (၁၀၁၃) နှင့် တပ်ရင်း (၁၀၁၄) မှ ၎င်းတို့စစ်သားအ ယောက် ၁၀၀ သည် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၈ရက်နေ့တွင် ယိုကလားစခန်းသို့ ရောက်ရှိလာကြသည်။ စောစ---မှ ထိုစစ်သားများရောက်ရှိလာသည့်အကြောင်းကို ပြန်လည်ပြောပြခဲ့သည်မှာ “ကျွန်တော်ကတော့ရွာသားတစ်ယောက် ဘဲ။ သူတို့ရဲ့ အကြံအစည်တွေကို ကျွန်တော်မသိဘူး။ သူတို့ရောက်လာပြီးတော့ ကျေးရွာရှိလူကြီးတွေနဲ့ အစည်း အဝေးခေါ်ကြတယ်။ (…) သူတို့ကစခန်းမှာ တစ်ပတ်ကြာတဲ့အစည်းအဝေးလုပ်မယ်လို့ ရွာသားတွေကိုပြောခဲ့တယ်။ ပြီးတော့ သူတို့ဒီ ကနေပြန်သွားမလား ဒါမှမဟုတ် ဆက်နေမလားဆိုတာ သူတို့ရရှိတဲ့အမိန့်အပေါ်မှာ မူတည်တယ်။” BGF စစ်သားအရေအတွက်တိုးလာခြင်းသည် ဒေသခံများအတွက် စိုးရိမ်ပူပန်မှုများမြင့်တက်လာကြောင်း ၎င်းက ဆက်ပြောသည်ခဲ့သည်။ “ကျွန်တော်တို့ရွာသားတွေအနေနဲ့ ဒီစကားကိုကြားလိုက်တာနဲ့ ကျွန်တော်တို့အရမ်း ကြောက်ကြတယ်။ ရွာသားတွေက စစ်သားအရေအတွက်တိုးလာတာကိုမြင်တဲ့အခါမှာ ရွာသားအများစုက တိုက်ပွဲ ပိုမိုပြင်းထန်လာမှာကို စိုးရိမ်ကြတယ်။” ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၉ရက်နေ့တွင် အသစ်ရောက်ရှိလာသော BGF စစ်သားအချို့သည် ထိုဒေသမှထွက် သွားကြသည်။ သို့သော်လည်း ၎င်းတို့အထဲမှအယောက် ၆၀ သည် စခန်းထဲတွင်ဆက်လက်ကျန်ရစ်ခဲ့ကြသည်။ 

ပစ်ခတ်တိုက်ခိုက်မှုများနှင့် နောက်ပိုင်းတွင်ရောက်ရှိလာသော BGF စစ်ကူများကြောင့် အ---ရွာရှိဒေသခံရွာသား များက တိုက်ပွဲများတစ်ဟုန်ထိုးမြင့်တက်လာမည်ကို စိုးရိမ်ကြသည်။ ထို့ကြောင့် ပစ်ခတ်တိုက်ခိုက်မှုများ ပိုမို၍ ဖြစ်ပွားလာနိုင်သောကြောင့် ၎င်းတို့ကိုယ်ကိုကာကွယ်ရန် အပစ်ခတ်ရပ်စဲရေးမတိုင်မှီက ကတုတ်ကျင်းများအား ပြန်လည်ပြုပြင်ကြကြောင်း စောစ---မှ ယခုလိုရှင်းပြခဲ့သည်။ “(NCA မရေးထိုးခင်) လွန်ခဲ့တဲ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အချိန်တုန်းက  ကျွန်တော်တို့ဆောက်ခဲ့တဲ့ကတုတ်ကျင်းတွေအားလုံးဟာ မြေကြီးတွေနဲ့ပြည့်ကုန်ပြီ။ ကျွန်တော်တို့ ကိုယ်ကိုကျွန်တော်တို့ ကာကွယ်ဖို့ ကတုတ်ကျင်းတွေကိုပြန်ပြင်ရမယ်။ သေနတ်သံတွေကြားရင်  အဲ့ဒီကတုတ်ကျင်း တွေဆီ ကျွန်တော်တို့ပြေးသွားရမယ်။ အမျိုးသမီးတွေ(နဲ့ကလေးတွေ)အားလုံးက မြေအောက်က (ကတုတ်ကျင်း ထဲမှာ) အိပ်ကြတယ်။ ကျွန်တော်သူတို့ကို အခြေအနေဘယ်လိုရှိလဲဆိုတာကို မေးကြည့်ခဲ့တာကြောင့် ကျွန်တော် သိရတာဖြစ်တယ်။ သူတို့ပြောတယ် ညမှာအသက်ရှူဖို့အတွက်တောင် လုံခြုံတယ်လို့မခံစားရဘူးလို့ သူတို့ကပြန်ပြော ပြကြတယ်။” ရွာရှိအမျိုးသားတို့သည် ၎င်းတို့အား BGF သို့မဟုတ် တပ်မတော်မှ ညအချိန်တွင်ဖမ်းဆီးကာ ပေါ်တာ[7] ထမ်းဖို့ရန် အတင်းအကျပ်စေခိုင်းမည်ကို စိုးရိမ်သောကြောင့် ၎င်းတို့၏ကျေးရွာအပြင်ဘက်တွင်ထွက်အိပ်ကြသည်ဟု ၎င်းမှဆက်လက်ပြီးပြောပြခဲ့သည်။ 

ထိုအနီးအနားရှိကျေးရွာဖြစ်သော ဘီးလင်းမြို့နယ်၊ နိုဘယ်ဘောကျေးရွာအုပ်စု၊ ယ---ကျေးရွာမှရွာသားများသည် လည်း ထိုကဲ့သို့သော မဟာဗျူဟာအားကျင့်သုံးခဲ့ကြသည်။ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၈ရက်နေ့တွင် ဒေသခံရွာသူ တစ်ဦးဖြစ်သည့် နော်မ---မှ သူမ၏သားနှင့်ခင်ပွန်းသည် တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းတွင် ရွာအပြင်ဘက်တွင် စတင်ထွက်အိပ်ကြကြောင်း KHRG အား ဤကဲ့သို့ပြောပြခဲ့သည်။ “သူတို့က အဖမ်းခံရပြီး ပေါ်တာထမ်းဖို့အတွက် အတင်းအကျပ် စေခိုင်းခံရမည်ကိုစိုးရိမ်တဲ့အတွက်ဖြစ်တယ်။ သူ့အဖွားက (သူမရဲ့သား၏အဖွား) လင်းထင်ခေတ် (၁၉၇၀-၁၉၈၀) တုန်းက သူမရဲ့အရင်ကနေရပ်ပြောင်းရွှေ့ရတဲ့အတွေ့အကြုံတွေကို ပြောခဲ့တယ်။ သူမက ‘မင်းသာ ပေါ်တာဆွဲဖို့အဖမ်းခံရရင် စစ်ပစ္စည်းတွေကိုမင်းထမ်းရလိမ့်မယ်’လို့ပြောပြခဲ့တယ်” ဟု သူမကပြောပြခဲ့သည်။ လက်တလောစစ်ရေးလှုပ်ရှားမှုသို့ ဦးတည်ခြင်းများနှင့် အခြားရွာသားများဆီမှသတိပေးခြင်းများကြောင့် ထိုသို့သော ကြောက်ရွံ့ခြင်းများ ပို၍တိုးလာကြောင်း သူမကဤကဲ့သို့ရှင်းပြခဲ့သည်။ “တပ်မတော်စစ်သားတွေလာမယ်လို့ကျွန်မ တို့ကြားခဲ့တယ်။ ပြီးတော့ သူတို့က စစ်ကားအများအပြားကို တပ်မဟာ (၅) (မူတြော်ခရိုင်) ဆီပို့နေကြတယ်။ တပ်မတော်စစ်သားတွေ လေးကေကျေးရွာဆီ ကိုလည်းလာခဲ့တဲ့အတွက် ကျွန်မတို့သတိထားကြဖို့ သတိပေးခံခဲ့ရ တယ်။ တပ်မတော်စစ်သားတွေ တပ်မဟာ (၅) ကနေ ကျွန်မတို့ရွာကိုညအချိန်မှာလာခဲ့ရင် သူတို့ကအရင်ကလိုမျိုး ပေါ်တာလိုက်ဆွဲလိမ့်မယ်လို့ ကျွန်မတို့ကိုပြောခဲ့တယ်။” 

မြို့နယ်၏အနောက်ပိုင်းမှရွာသားများမှ ရွာသားတစ်ဦးဖြစ်သည့် ဦးအ---အား ၎င်း၏ရွာအတွင်းတွင်မအိပ်ဖို့ရန် သတိ ပေးခဲ့ကြောင်း ဤကဲ့သို့အတည်ပြုပြောဆိုခဲ့သည်။ “’သူတို့ ပြောတယ်၊ BGF တွေရွာထဲရောက်လာရင် ငါတို့ကို ဖမ်းပြီး ပစ္စည်းတွေသယ်ဖို့ ပြီးတော့ သူတို့နောက်လိုက်ဖို့ (စစ်သားလုပ်ဖို့) အတင်းအကျပ်စေခိုင်းလိမ့်မယ်။’ လို့ သူတို့က ကျွန် တော့်ကိုပြောတယ်။ နောက်ပြီး ‘ရွာထဲမှာမအိပ်နဲ့။ တစ်ခုခုဖြစ်လာရင် သူတို့ကငါတို့ကိုဖမ်းပြီး အလုပ်လုပ်ဖို့အတွက် အ တင်းအကျပ်စေခိုင်းလိမ့်မယ်။’ လို့လည်းသူတို့ကပြောခဲ့သေးတယ်။” 

ဘီးလင်းမြို့နယ်တွင်နေထိုင်သည့်ရွာသားများမှ ပြီးခဲ့သည့် ၂၀၁၂ ပမာဏအပစ်အခတ်ရပ်စဲရေးမှစပြီး တိုက်ပွဲများမ ကြုံတွေ့ခဲ့ရတော့ပါ။ သို့သော် လက်တလောတွင် BGF နှင့် KNDO တို့အကြား အပစ်အခတ်တိုက်ခိုက်မှုများအပြင် အနီး အနားရှိခရိုင်များမှ စစ်ရေးလှုပ်ရှားမှုတိုးမြင့်လာခြင်းနှင့် တိုက်ပွဲများကြောင့် ဒေသခံလူမှုအသိုင်းအဝန်းများအ ကြား ကြီးမားသောစိုးရိမ်ပူပန်မှုများဖြစ်ပေါ်စေခဲ့သည်။ ယခုတွင် ၎င်းတို့က ၎င်းတို့၏လုံခြုံရေးနှင့် အသက်မွေးဝမ်း ကျောင်း အတွက် စိုးရိမ်ပူပန်ကြရပြီး၊  ထိုဒေသတွင် စစ်ပွဲများပိုမိုဖြစ်ပွားလာနိုင်ကာ အပစ်အခတ်ရပ်စဲရေးမတိုင်မှီ ၎င်းတို့ကြုံတွေ့ခဲ့ရသော မတရားပြုကျင့်ခြင်းများအား ခံရမည်ကိုစိုးရိမ်ကြသည်။ ယ---ကျေးရွာ တွင်နေထိုင်သည့် ရွာသားများမှ ၎င်းတို့တွင်ရှိသည့် KNU နဲ့သက်ဆိုင်သောပစ္စည်းများအား တပ်မတော် သို့မဟုတ် BGF စစ်သားများ တွေ့ရှိပါက ၎င်းတို့အပြစ်ပေးခံရမည်ကိုစိုးရိမ်သောကြောင့် ၎င်းတို့က ထိုပစ္စည်းများကိုပင်လျင် စတင်လွင့်ပစ်ကြ သည်ဟု နော်မ---မှ ယခု လိုရှင်းပြခဲ့သည်။ “ရွာသားတော်တော်များများက KNU ပစ္စည်းများနှင့် အခြားသော ကရင်ဘာသာဖြင့်ရေးသားထားသော ပစ္စည်းများနှင့်စစ်ဝတ်စုံများအား ဝှက်ထားကြသည်။ အ---မြစ်ထဲမှာ အဲဒီပစ္စည်း တွေအများကြီးရှိတယ်ဆိုတာကို သွားကြည့်လို့ရတယ်။ အဲဒီမှာ စာအုပ်တွေအများကြီးကိုလည်း ငါမြင်ခဲ့တယ်။ သူတို့ တွေကကြောက်ကြလို့ အဲဒီလို လုပ်ကြတယ်။ အခြားချောင်းထဲမှာလည်း တွေ့နိုင်တယ်။”

BGF တပ်ဖွဲ့များတွင် ၎င်းတို့နှင့်အဆင့်တူသော တပ်မတော်သားများထက်သာ၍ နယ်ကျွမ်းသော ကရင်စစ်သား များနှင့် ပါဝင်ဖွဲ့စည်းထားသောကြောင့် ဒေသအတွင်း BGF များပိုမိုများလာခြင်းသည် ဒေသခံရွာသားများအတွက် အထူးစိုးရိမ် စရာဖြစ်ပုံပေါ်သည်။ ထို့ကြောင့် နော်မ---မှ သူမ၏ရွာသူရွာသားများသည် ပမာဏအပစ်အခတ်ရပ်စဲ ရေးမတိုင်မှီ ၎င်း (စစ်သားများ)တို့ကျူးလွန်ခဲ့သကဲ့သို့ မတရားပြုကျင့်ခြင်းများမှ ထွက်ပြေးပုန်းရှောင်၍မရနိုင် တော့မည်ကို စိုးရိမ်နေ သည်။ “အချို့ရွာသားများက (ရွာအပြင်ဘက်မှာ)အိပ်ဖို့ ထွက်ပြေးသွားကြတယ်။ သူတို့ကို ကျွန်မက ‘မင်းတို့ထွက်ပြေးပြီး အခြားနေရာမှာသွားအိပ်ရင်လည်း ပုန်းဖို့ရန် နောက်ထပ်မရှိတော့ဘူး။ ဘာဖြစ် လို့လဲဆိုတော့ BGF တွေက ကရင် တွေဖြစ်တယ်။ သူတို့က ငါတို့ရဲ့ရွာထဲကိုလာပြီး ရွာသားတွေက ဘယ်ဆီကိုထွက် ပြေးမလဲဆိုတာကို သူတို့တွေသိပြီး သား။ ရွာသားတွေက ဘာလုပ်ပိုင်ခွင့်အာဏာမှမရှိကြဘူး (အကာအကွယ်မဲ့ ဖြစ်နေကြတယ်)။ ဒါကြောင့် သူတို့ (စစ် သားများ) စေခိုင်းတဲ့အခါတိုင်း ရွာသားတွေက ပေါ်တာထမ်းကြရလိမ့်မယ်။” လို့ပြောခဲ့တယ်။

၂၀၂၁ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင်၊ ဘီးလင်းမြို့နယ်မှ ရွာသူရွာသားများမှ တပ်မတော်အနေဖြင့် ဒေသအတွင်းရှိ ၎င်း တို့၏စခန်းများအား ဆုတ်ခွာပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ ပထမအကြိမ် ဆန္ဒပြတောင်းဆိုခြင်းအား ၂၀၂၁ခု နှစ်၊ ဇန်နဝါရီလ ၂၄ရက်နေ့တွင် ကျင်းပခဲ့သည်။ ထိုနေ့တွင် ရွာသားအယောက် (၈၀၀) လောက်သည် ပယာရောရွာမှ လေးကေရွာသို့ လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။ ဇန်နဝါရီလ ၂ရရက်နေ့တွင် ယိုကလားကျေးရွာ အုပ်စု၊ ထီးဖာဒိုထာ ကျေးရွာအုပ်စုနှင့် ခေါပိုလဲကျေးရွာအုပ်စုများမှ ရွာသားအယောက် (၁၃၀၀) တို့သည် ထီးဖာဒို ထာရွာတွင် ဆန္ဒပြခဲ့ကြ သည်။ ၎င်းတို့က အောက်ပါဖော်ပြပါ တောင်းဆိုချက်များအား တောင်ဆိုခဲ့ကြသည်။

၁) တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်အား အကောင်အထည်ဖေါ်ရန်
၂) လက်နက်ကိုင်များက NCA ၏ ကျင့်ဝတ်များအား အလေးထားရန်
၃) ကျေးရွာသူကျေးရွာသားများက ပစ်ခတ်တိုက်ခိုက်မှုများအား မလိုလားကြောင်း 
၄) တပ်မတော်သည် ကျေးရွာများထဲရှိ ၎င်းတို့၏စခန်းများအား ပြန်လည်ရုတ်သိမ်းရန်
၅) မြန်မာနိုင်ငံအစိုးရအနေဖြင့် မြေပြင်၌ဖြစ်ပွားနေသော တိုက်ပွဲများအား ဖြေရှင်းသင့်ကြောင်း
၆) နိုင်ငံရေးပြဿနာများအား နိုင်ငံရေးလမ်းစဉ်ဖြင့် ဖြေရှင်းသင့်ကြောင်း

ဒုတိယအကြိမ်မြောက်ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်ခဲ့သော ဘီးလင်းမြို့နယ်၊ ထီးဖာဒိုထာကျေးရွာအုပ်စု၊ ဆ---ရွာသူ တစ်ဦးဖြစ်သူ နော်အ---မှ ဒေသအတွင်း၌ တပ်မတော်စခန်းများရှိနေခြင်းသည် ငြိမ်းချမ်းရေးအား ခြိမ်းခြောက်သည့် အဓိကအရာတစ်ခုဖြစ်သည်ဟု KHRG အား ယခုကဲ့သို့ပြောပြခဲ့သည်။ “တပ်မတော်တပ်စခန်းတွေ ဒီနေရာမှာ ရှိနေတာဟာ ရွာသားတွေအတွက် လုံခြုံမှုမရှိဘူး။ ဒါကြောင့် တပ်မဟာ (၅) မှာ မှုခင်းဖြစ်ရပ်တွေအများကြီး ဖြစ်နေ တာ။ အမျိုး သမီးတွေနဲ့ မိန်းကလေးတွေအတွက်လည်း မလုံခြုံဘူး။ စခန်းတွေတည်ရှိနေခြင်းက တိုက်ပွဲဖြစ်ပွား ရခြင်းရဲ့ အရင်းအ မြစ်ဖြစ်တယ်။ ဒါကြောင့် အခု တပ်မဟာ (၅) မှာ ဖြစ်ပွားနေသလို ကျွန်မတို့ဒေသမှာလည်း အဲ့လိုတိုက်ပွဲတွေဖြစ်လာနိုင်တယ်။ ကျွန်မတို့ဒေသမှာ မဖြစ်ဖို့ (ဆန္ဒပြခြင်းနဲ့) ဟန့်တားကြတယ်။ တပ်မဟာ (၅) မှာလည်း ဘာတိုက်ပွဲမှ ကျွန်မတို့မလိုလားဘူး။”

ထို့ကြောင့် သူမက တပ်မတော်သည် ဒေသအတွင်းမှဆုတ်ခွာရန်လိုအပ်ကြောင်းကို အလေးထားကာ ပါတီများအား လုံးမှ NCA အား အကောင်အထည်ဖေါ်ရန်နှင့် စစ်မှန်သောငြိမ်းချမ်းရေးပေါ်ထွန်းလာဖို့ နိုင်ငံရေးအဖြေတစ်ခုအားရှာ ဖွေရန် ယခုလိုပန်ကြားခဲ့သည်။ ”NCA မှာ လက်မှတ်ရေးထိုးခဲ့ပေမဲ့လည်း ဒေသထဲကအခြေအနေက မသေချာ မရေရာဖြစ်နေ ဆဲဘဲ။ ဒါကြောင့် နောက်ထပ်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်။ မြန်မာနိုင်ငံအစိုးရနဲ့ တိုင်းရင်းသားလက်နက် ကိုင်များက NCA ကို အမှန်အကန်တကယ်ထိန်းသိမ်းဖို့ ကျွန်မတို့မျှော်လင့်တယ်။ ဒါမှ ဒေသခံရွာသားတွေ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ နေထိုင်နိုင်ကြမှာ။  မြန်မာနိုင်ငံအစိုးရနဲ့ KNU က NCA ကို လိုက်နာရန် ကျွန်မတို့လိုလားတယ်။   ဒီဆန္ဒ ထုတ်ဖော်ပွဲအတွက် ကျွန်မတို့မျှော်လင့်တဲ့အရာက စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိဖို့အတွက်ပဲ။ ဒါက အဓိကရည်ရွယ် ချက်ဖြစ်တယ်။”

ဒေသခံရွာသားများမှ ၎င်းတို့၏ဆန္ဒအားဖော်ထုတ်ကြရန် စိတ်ပိုင်းဖြတ်ထားကြပြီး၊ ၎င်းတို့၏အသံကိုနားထောင်ပြီး ၎င်းတို့၏တောင်းဆိုချက်များအား ဖြည့်ဆည်းပေးသည့်အထိ ဆက်လက်ပြီးဆန္ဒပြနေဦးမှာဖြစ်ကြောင်း အ---ကျေးရွာ မှ အခြားသောဆန္ဒပြသူရွာသားတစ်ဦးဖြစ်သည့် စောဇ---မှ ဤကဲ့သို့အသားပေးပြောကြားခဲ့သည်။ “ကျွန်တော် တို့ဒီလို ဆန္ဒထုတ်ဖော်တဲ့အတွက် ရွာသူရွာသားတွေ နောက်ထပ်ထွက်ပြေးတိမ်းရှောင်ဖို့မလိုတော့ဘူး။ ကျွန်တော်တို့ လိုအပ်တဲ့ အရာတွေကို ကျွန်တော်တို့တောင်းဆိုကြတယ်။ (…) ရည်ရွယ်ချက်ကတော့ ဒေသထဲမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်တန့်ဖို့ဖြစ်တယ်။ (…) ခေါင်းဆာင်တွေ၊ မြန်မာနိုင်ငံအစိုးရနဲ့ အခြားနိုင်ငံကအာဏာပိုင်တွေက ကျွန်တော်တို့အ တွက် ဒီကိစ္စကိုဖြေရှင်းပေးဖို့ ကျွန်တော်တို့မျှော်လင့်တယ်။ သူတို့က ကျွန်တော်တို့အတွက် မဖြေ ရှင်းပေးဘူးဆိုရင် ကျွန် တော်တို့ ဒီလိုဆန္ဒပြမှုတွေကို အနာဂတ်မှာ ဆက်လက်လုပ်သွားဦးမှာဖြစ်တယ်။”

နိဂုံး

ဤသတင်းအကျဉ်းချုပ်မှ အဓိကဖော်ပြထားသည့် တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) မှ ချွတ် ယွင်းချက် အကောင်အထည်ဖော်ဆောင်ရွက်မှုများကြောင့် လက်နက်ကိုင်တိုင်းရင်းသားများနေထိုင်နေသည့် နယ်မြေရှိ မူတြော်ခရိုင်နှင့်ခလယ်လွီထူခရိုင်တို့တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။ ထိုခရိုင်နှစ်ခုစလုံးတွင် တပ်မတော်မှဦးစီး ဦးဆောင်ရွက်၍ အငြင်းပွားဖွယ်ဖြစ်သော လမ်းမကြီးများဆောက်လုပ်ခြင်းအပေါ်၊ ၎င်းလှုပ်ရှား မှုများကြောင့်  တပ်မတော်မှ တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင်ပါဝင်သော သဘောတူ ချက်အပိုင်း ၅(၃)၊ အောက် တွင်ဖော်ပြထားသော စစ်အင်းအားတိုးချဲ့ခြင်းများရှောင်ရှားရန်နှင့် အုပ်ချုပ်မှုဆိုင် ရာထောက်ပံ့ကူညီခြင်းကြောင့် ထိုသဘောတူစာချုပ်ကို ချိုးဖောက်ကြောင်းဖော်ပြလိုခြင်းဖြစ်သည်။ တပ်မတော်မှ ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများတွင်လည်း ခွင့်ပြုချက်မယူဘဲ ကင်းလှည့်မှုဖြင့် ချိုးဖောက်ခြင်းကြောင့် ထိုတစ်နိုင်ငံလုံးပစ် ခတ်ရပ်စဲရေး သဘောတူစာချုပ်တွင်ပါဝင်သော အပိုဒ်ခွဲ ၈(ခ) ကိုချိုးဖောက်ခဲ့ပြန်သည်။ ၎င်းတို့၏လုပ်ရပ်များသည် ရန် လိုသော တိုက်တွန်းမှုများဖြစ်ကြောင်းနှင့် အခြေခံအားဖြင့်  ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်နှင့် တိုက်ပွဲ အသစ်တစ်ဖန်ဖြစ်ရခြင်းဖြစ်ပါသည်။ ထိုသို့ လက်နက်ကိုင်မှုမှအပ၊ အခြားသင့်လျော်သော ထိပ်တိုက်ရင်ဆိုင်ခြင်းများကို တားဆီးသည့် အတိုင်းအတာကို မကာကွယ်ခဲ့မှုကြောင့် နှစ်ဖက်ပါတီအဖွဲ့နှစ်ဖွဲ့စလုံးသည် ထိုချမှတ်ထားသော စာချုပ် ပါ ပိုဒ်ခွဲ(၇)ကို ပျက်ကွက်ခဲ့သည်။

မူတြော်နှင့်ခလွီထူခရိုင်ရှိ ဒေသခံရွာသူရွာသားများသည် ပစ်ခတ်တိုက်ခိုက်မှုများအတွက် ပေးဆပ်နေရသည်။ အနီးအ နားရှိသထုံခရိုင်တွင်နေထိုင်သည့် လူမှုအသိုင်းအဝိုင်းအဖွဲ့ဝင်များသည် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွား မည်ကို စိုးရိမ်ပူ ပန်နေကြသည်။ မြန်မာအစိုးရနှင့် KNU နှစ်ဖွဲ့စလုံးသည် ထို NCA မှ ဒေသခံ ရွာသူရွာသားများ၏ လုံခြုံရေးနှင့်တိုးတက်ဖွံ့ဖြိုးမှုများအတွက် တာဝန်ရှိသည်ကို အပိုဒ် ၉(တ) တွင်ဖော်ပြထားသည်။ ထို့ကြောင့် နိုင်ငံရေး လမ်းစဉ်ဖြင့် စစ်မှန်သော NCA မှ သဘောတူညီချက်များကို လေးစားလိုက်နာရန်လိုအပ်သည်။ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွင် နေထိုင်နေကြသော ဒေသခံရွာသူရွာသားများသည် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နေရပ်စွန့် ခွာရွှေ့ပြောင်းနေထိုင်ခဲ့ကြရသည်မှာ နှစ်(၇၀)ကျော်ရှိခဲ့ပြီးဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ နေအိမ်များသို့ပြန်သွား နိုင်သည့်အခွင့်အရေးကို လိုလားပြီး၊ ၎င်းတို့၏ဘဝကိုပြန်လည်တည်ထောင်ပြီး၊ ရေရှည်တည်တံ့သည့်ငြိမ်းချမ်းရေးဖြင့် နေထိုင်လိုကြသည်။ နော် မ---၏ပြောပြချက်အရ၊ “ကျွန်မတို့ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ချင်တယ်။ ပစ်ခတ်တိုက်ခိုက် မှုတွေ ပြန်ဖြစ်ပွားမှာကို မလိုလားဘူး။ ကျွန်မတို့လွတ်လပ်စွာလှုပ်ရှားမှုကို လိုချင်တယ်၊ လွတ်လပ်စွာ စားဝတ်နေ ရေးအတွက် အလုပ်လုပ်ချင်ပါတယ်။”

“ကျွန်မတို့ မကြာခင် အိမ်ကို ပြန်နိုင်မယ်လို့ ထင်ပါသလား” [---] ခေါင်းဆောင်တွေက ဒီပစ်ခတ်တိုက်ခိုက်မှု ပြဿ နာတွေကို ဆွေးနွေးဖြေရှင်းပေးပြီး၊ ကျမတို့လည်း စားဝတ်နေရေးအတွက် ကြောက်ရွံ့စိတ်မရှိဘဲနေထိုင်လို့ရမယ်လို့ ကျွန်မတို့မျှော်လင့်တယ်။ ကျွန်မတို့သားသမီးတွေလည်း ကျောင်းတက်နိုင်မယ်။ ဒါတွေအားလုံးက ကျွန်မရဲ့မျှော် လင့်ချက်တွေပါဘဲ။” 

မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ခူးသူထာကျေးရွာအုပ်စု၊ က---ကျေးရွာနေ စောဒ---

Fri, 09 Apr 2021

Footnotes: 

[1] ၂၀၂ဝခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်နေ့တွင် KNU နှင့်မြန်မာအစိုးရမှ ပဏာမအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်ကို ဘားအံတွင် ရေးထိုးခဲ့ကြ သည်။ ရေရှည်ငြိမ်းချမ်းရေးအစီစဉ်အတွက် စေ့စပ်ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။

[2] KHRG မှ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ဝေသော Southeast Myanmar Field Report: COVID-19, armed conflict, killings and sexual violence, July to December 2020၊ ၂၀၂ဝခုနှစ် စက်တင်ဘာလတွင် ထုတ်ဝေသော Southeast Myanmar Field Report: COVID-19, armed conflict, landmines and sexual violence, January to June 2020၊ ၂၀၁၉ခုနှစ် ဇူလှိုင်လမှဒီဇင်ဘာလ၊ ၂၀၂ဝခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ဝေသော Southeast Myanmar Field Report: Militarisation, environmental pollution and sexual violence against children၊ ၂၀၁၉ခုနှစ် ဇန်နဝါရီလမှဇွန်လ၊ ၂၀၁၉ခုနှစ် စက်တင်ဘာလတွင် ထုတ်ဝေသော Southeast Myanmar Field Report: Growing concerns about militarisation, land tenure security, development projects and human rights abuses တွင် ကြည့်ပါ။

[3] ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ဦးဆောင်ပြီး ဒီမိုကရေစီနည်းလမ်း ကျကျ ရွေးကောက်တင်မြောက်ထားသည့်အစိုးရအဖွဲ့ကို ဖြုတ်ချခဲ့သည်။ အရေးပေါ်အခြေအနေအရ  တိုင်းပြည်ကို တစ်နှစ်အုပ်ချုပ်စေရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အစိုးရအာဏာကို လွှဲပြောင်းပေးခဲ့သည်ဟု စစ်တပ်မှကြေညာထုတ်ပြန်ခဲ့သည်။ ၂၀၂ဝ ခုနှစ်၊ နိုဝင်ဘာလ အတွင်းပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော NLD ပါတီသည် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည်မဟုတ်ဟု တပ်မတော်မှ ထွက်ဆိုခဲ့သည်။ ထို့ကြောင့် အရေးပေါ်အခြေအနေအရ ရွေးကောက်ပွဲကို အသစ်တဖန်ပြန်လည်လုပ်ဆောင်မည်ဟု ကြေညာခဲ့ သည်။ ၎င်းထွက်ဆိုကြေညာချက်ကို မည်သူမျှထောက်ခံခြင်းမရှိပေ။ ၂၀၂၀ ရွေးကောက်ပွဲအတွင်း ရွေးကောက်တင်မြှောက်ခံရသည့် အစိုးရ လွှတ်တော်အဖွဲ့မှ ကတိသစ္စာပြု၍ တာဝန်လက်ခံသည့်ပွဲအခမ်းအနားမပြုလုပ်မှီ တစ်ရက်အလိုတွင် စစ်တပ်သည် အစိုးရအာဏာကို သိမ်းယူခဲ့ သည်။ ရွေးကောက်တင်မြှောက်ခံရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဝန်ကြီးချုပ်များနှင့်အစိုးရလွှတ် တော်အဖွဲ့ဝင်များသည် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

[4] ၂၀၁၂ခုနှစ်တွင် KNU နှင့်မြန်မာအစိုးရအကြား လက်မှတ်ရေးထိုးခဲ့သော ပဏာမအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်အရ၊ တပ်မတော်စစ် သားများသည် ၎င်းတို့၏တပ်စခန်းနှင့်ဆက်နွယ်သည့် KNLA ၏ပိုင်နက်နယ်မြေ အကိုက် (၅၀)နှင့် ၎င်းတို့၏တပ်စခန်းဝန်းကျင် ကိုက်(၁၅၀) အ ချင်းဝက်အတွင်းတွင်သာ သွားလာလှုပ်ရှားခွင့်ရှိသည်။

[5] ဤအကြောင်းအရာကို Facebook page of the Salween Peace Park မှ ရယူခဲ့သည်။

[6] KHRG မှ ဤအကြောင်းအရာကို CIDKP ထံမှ ရရှိခဲ့သည်။

[7] ၂၀၁၂ ခုနှစ်၊ အပစ်ခတ်ရပ်စဲရေးမတိုင်မှီ စစ်တပ်မှအတင်းအဓမ္မအရပ်သားအလုပ်သမားများအား အသုံးပြုပုံနှင့်ပတ်သတ်သည့်အချက်အ လက်များအား၊ KHRG မှ ၂၀၁၉ခုနှစ် နိုဝင်ဘာလတွင် ထုတ်ဝေသော 'Beyond the Horizon': Local Perspectives on Peace, Justice and Accountability in Southeast Myanmar တွင် ကြည့်ပါ။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်