စက်တင်ဘာ ၁၀ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး
ပြီးခဲ့သည့် နှစ်များအတွင်း ဒုက္ခသည်စခန်းများနှင့် ပြည်တွင်းစစ်ပြေးရှောင် စခန်းများမှ မိမိနေရပ်သို့ ပြန်သွား သော ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ၏ အတွေ့အကြုံဆိုင်ရာ အစီရင်ခံစာ တစ်စောင်ကို ကရင်လူ့ အခွင့် အရေးအဖွဲ့(KHRG)က ယနေ့ (စက်တင်ဘာလ ၁ဝရက်)တွင် ထုတ်ပြန်လိုက်သည်။
“မရေရာမှုများဆီသို့ လှမ်းဝင်ခြင်း” အမည်ဖြင့် ထုတ်ပြန်လိုက်သည့် အဆိုပါ အစီရင်ခံစာတွင် နေရပ်ပြန်သွား သော ဒုက္ခသည်များ ကြုံတွေ့နေရသည့် လူမှုရေး၊ စီးပွားရေး၊ အသက်မွေးဝမ်းကျောင်းနှင့် ပြန်လည် ထူထောင် ရေးဆိုင်ရာ ဘဝအာမခံချက်နည်းပါးခြင်းဆိုင်ရာ အခက်အခဲများကို အဓိက ဖော်ပြရေးသားထားသည်။
KHRG၏ ဒါရိုက်တာ နော်ထူးထူးက “သူတို့(ဒုက္ခသည်)တွေအနေနဲ့ မြေယာ၊ ပညာရေး၊ အလုပ်အကိုင် အခွင့် အလမ်းတွေ တရားဝင် ရရှိဖို့အတွက် တရားဝင် စာရွက်စာတမ်းတွေ ဥပမာ မှတ်ပုံတင်တို့လိုမျိုးတွေ လိုတယ်။ ဒါပေမဲ့ ဒါတွေဟဟာ နှောင့်နှေးနေတဲ့အတွက် သူတို့အနေနဲ့ ပြန်လည်ပေါင်းစည်းနေတဲ့အခါမှာ အခက်အခဲများ စွာတွေ့ရတယ်။ ဘာဖြစ်လဲဆိုတော့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတို့မှာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အ ဟန့် အတားတွေ ဖြစ်တာပေါ့။” ဟု ကေအိုင်စီသို့ ပြောသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCRနှင့် ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရ၏ အစီအစဉ်ဖြင့် ဒုက္ခသည်များအတွက် မိမိ ဆန္ဒအလျောက် နေရပ်ပြန်ရေး အစီအစဉ်များကို ပြီးခဲ့သည့် ၂၀၁၆ခုနှစ်တွင် စတင် ခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်း (၉)ခုမှ နေရပ်ပြန်သူ တစ်ထောင်ကျော်ရှိခဲ့သည်။
ထို့အပြင် UNHCR၏ တရားဝင် အစီအစဉ်ဖြင့် မပြန်ဘဲ မိမိအစီအစဉ်ဖြင့် နေရပ်ပြန်သွားသော ဒုက္ခသည်များ နှင့် စစ်ဘေးရှောင် (IDP) အရေအတွက်မှာ အစီရင်စာပါ ခန့်မှန်ချက်အရ နှစ်သောင်းနီးပါး ရှိကြောင်း သိရသည်။
ထိုသို့ နေရပ်ပြန်သွားသော ဒုက္ခသည်များအနက် ကျေးရွာပေါင်း ၂ဝ၏ အိမ်ထောင်စု ၁၃စုမှ လူပေါင်း (၄၀)ဦး ကို ပြီးခဲ့သည့် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလမှစ၍ KHRG အနေဖြင့် လူတွေ့မေးမြန်မှုများပြုလုပ်ပြီးနောက် ၎င်းတို့ ၏ ကြုံတွေ့နေရသည့် အခက်အခဲ စိန်ခေါ်ချက်များကို ပြန်လည်ပြုစုရေးသား အစီရင်ခံထားခြင်းဖြစ်သည်။
အစီရင်ခံစာပါ အချက်များအရ နေရပ်ပြန် ဒုက္ခသည်များအနေဖြင့် UNHCR နှင့် နှစ်နိုင်ငံအစိုးရ၏ ကူညီ ထောက်ပံ့မှုများမှာ ၎င်းတို့၏ ဘဝပြန်လည်ထူထောင်ရေးအတွက် လုံလောက်မှုမရှိသလို နိုင်ငံသား စိစစ်ရေး ကဒ် မှတ်ပုံတင် ထုတ်ပေးမှုမှာလည်း နှောင့်နှေးကြန့်ကြာမှုများရှိခြင်းကြောင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အခက်အခဲများကြုံတွေ့နေရပြီး တရားဝင်နည်းလမ်းဖြင့် မပြန်သော ဒုက္ခသည်များအနေဖြင့်လည်း ၎င်းတို့ထက် ပိုမိုပြီး အခက်အခဲများ ကြုံတွေ့နေရကြောင်း ဆိုထားသည်။
“သူတို့ ပြန်တဲ့နေရာတွေမှာ မြေမြှုပ်မိုင်းတွေ၊ စစ်တပ်စခန်းတွေ ဒါတွေက ရှိနေတုန်းပဲ။ ဖာပွန်ဒေသမှာဆိုရင် လည်းဘဲ တပ်မတော်နဲ့ KNU အကြား ပစ်ခတ်မှုက ရှိနေသေးတယ်။ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်း ရှေ့မတိုးနိုင်ဘဲ တန့်နေပြီးတော့ ကတိကဝတ်တွေကို အကောင်အထည်မဖော်နိုင်တာတွေ အများကြီးရှိနေ သေးတယ်။ ဒါကြောင့် ဒုက္ခသည်တွေ ပြန်ဖို့ဆိုရင် ဒါတွေက ပြည့်စုံလုံလောက်တဲ့ ပြောင်းလဲမှုတွေ ရှိနေမှ ပြန်သင့်တယ်” ဟု KHRG ဒါရိုက်တာ နော်ထူးထူးက ဆက်ပြောသည်။
၂၀၁၅ခုနှစ် အတွင်း အစိုးရနှင့် KNU-ကရင်အမျိုးသားအစည်းအရုံးအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးမှုနောက်ပိုင်း နယ်စပ်ဒေသရှိ ဒုက္ခသည်စခန်းများအတွက် နေရပ်ပြန်ရေး အစီအစဉ်များ စတင်လာခဲ့သလို ဒုက္ခသည်စခန်းများအပေါ် ကူညီထောက်ပံ့မှုများလည်း လျော့နည်း လာခဲ့သည်။ ဒုက္ခသည်အချို့မှာ နေရပ်ပြန်ရေး အစီအစဉ်များတွင် ပါဝင်လာခဲ့ရပြီး မိမိအစီအစဉ်ဖြင့် နေရပ်ပြန်သွားသူများလည်းရှိလာခဲ့သည်။
ထိုသို့ နေရပ်ပြန်သူများအတွက် UNHCR မှ အိမ်ထောင်စုအလိုက် ပြန်လည်ထူထောင်ရေးအတွက် ငွေကြေး ထောက်ပံ့ကူညီမှုများ၊ စားနပ်ရိက္ခာနှင့် ပစ္စည်းများအချို့ ကူညီထောက်ပံ့ပေးခဲ့သလို မြန်မာအစိုးရဘက်မှလည်း ငွေကြေးအချို့နှင့် လိုအပ်သော တရားဝင်စာရွက်စာတမ်း အထောက်အထားများထုတ်ပေးရေး အကူအညီများ ပေးအပ်ခဲ့ကြသည်။
၎င်းအပြင် နေရပ်ပြန်ဒုက္ခသည်များနှင့် စစ်ပြေးရှောင်များအတွက်လည်း ကေအဲန်ယူ ၊ အစိုးရ နှင့် ဂျပန် နိပွန် ဖောင်ဒေရှင်းအဖွဲ့တို့၏ အစီအစဉ်ဖြင့် တန်ဖိုးနည်းအိမ်ရာများကို ဆောက်လုပ်လှူဒါန်းမှုများရှိခဲ့ပြီး နေရပ်ပြန်သူ များထဲမှ အချို့သည် ၎င်းအိမ်နေရာများသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ကြရာတွင် စီးပွားရေး လုပ်ကိုင် စား သောက်မှု အခက်အခဲများ ကြုံတွေ့ရမှုများရှိကြောင်း နေရပ်ပြန်သူအချို့ထံမှ သိရသည်။