“KHRG ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးနှင့် တွေ့ဆုံခြင်း”

Wed, 17 Jul 2024

   

 

“ ဝန်ဆောင်မှု ပေးနေတဲ့ အစုအဖွဲ့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ ဒီထက်ပိုပြီး မြှင့်တင်ရမယ်” KHRG ပြောခွင့်ရ စောနန္ဒဆူး

ကရင်ပြည်နယ်အပါအဝင် မြန်မာပြည်အရှေ့တောင်ပိုင်းဒေသအတွင်း လူအခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်များကို စောင့်ကြည့်လေ့လာမှတ်တမ်းပြုစုခြင်း၊ ပညာပေးရေးနှင့် အကူအညီပေးရေး စသည့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စ ရပ်များကို ကွင်းဆင်းလုပ်ဆောင်နေသည့် ကရင်လူ့အခွင့်အရေးအဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ စောနန္ဒဆူးနှင့် တွေ့ဆုံပြီး လက်ရှိ လူ့အခွင့်အရေးအခြေအနေ၊ အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် လုပ်ငန်းလုပ်ဆောင်ရာ၌ ကြုံတွေ့ရသည့် အခက်အခဲများနှင့် ပတ်သက်၍ မေးမြန်းထားသည်များကို ပြန်လည် ဖော်ပြလိုက်ပါသည်။

မေး။ ။ လက်ရှိ ကရင်ပြည်နယ်ထဲမှာ အဖြစ်များတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပုံစံတွေက ဘာတွေဖြစ်မလဲ။
ဖြေ။ ။ အဓိကတော့ စစ်ဘေးစစ်ဒဏ်သင့်မှုပေါ့နော်။ တိုက်ပွဲဖြစ်ပွားမှု၊ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှု၊ စစ်ကြောင်းထိုးမှု ဒါတွေဟာ ဒီလူအခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်စေတဲ့ အခြေခံ အကြောင်းအရာတွေ ဖြစ်တယ်။ အထူးသဖြင့် ရေရှည်စစ်ဘေး တိမ်းရှောင်မှုတွေကို ဖြစ်စေ တယ်။ လွတ်လပ်စွာ သွားလာ နေထိုင်ခွင့်၊ ဘေးကင်းလုံခြုံခွင့်၊ အသက်မွေးဝမ်းကျောင်းပြုခွင့်၊ ကျန်းမာရေး လက်လှမ်းမီနိုင်ခွင့်စတဲ့ လူ့အခွင့်အရေးတွေပာာ နေ့စဥ်နဲ့အမျှ ကရင်ဒေသတစ်ဝှမ်းမှာ သော်လည်းကောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သော်လည်းကောင်း ချိုးဖောက်ခံရတာတွေကို ကျနော်တို့ ရှင်းရှင်းလင်းလင်းမြင်နေရတယ်လို့ ကနဦးပြော လိုတယ်။

မေး။ ။ အရပ်သားပြည်သူတွေ ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ပေါင်းစုံကို သူတို့ဘယ်လို ကျော်ဖြတ်နေကြတာ လေ့လာတွေ့ရပါသလဲ။
ဖြေ။ ။ လူ့အခွင့်အရေးချိုးဖောက်မှုအပြင် တရားဥပဒေစိုးမိုးရေးမရှိတဲ့အတွက် အရပ်သားပြည်သူလူထုတွေက ဒီချိုးဖောက်မှုအဖုံဖုံကို တရားမျှတမှု မရှိဘဲနဲ့ ရင်ဆိုင်ကျော်လွှားနေရတာကို တွေ့မြင်ရတယ်။ သို့သော်ငြားလည်း ဘယ်လိုအခြေအနေ အောက်မှာပဲရှိရှိ အရပ်သားပြည်သူလူထုတွေ အနေနဲ့သူတို့တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ အကောင်းဆုံးရင်ဆိုင် ကျော်လွှားနေကြတာကို တွေ့မြင်နေရပါတယ်။

ဥပမာ စစ်ဘေးတိမ်းရှောင်မှုမှာ တစ်ချို့က IDP စခန်းမှာ အခြေချနေထိုင်တာရှိသလို တချို့ကျတော့ သွားလိုက် ပြန်လိုက်နဲ့ ရှောင်နေရတာတွေရှိတယ်။ သူတို့ရဲ့ နေရာဒေသအခြေအနေအလိုက် မူတည်ပြီး ပြန်လည် နေထိုင်လို့ ရတယ်ဆိုရင် ပြန်မယ်။ မရဘူးဆိုရင် သူတို့ထွက်ပြေးတိမ်းရှောင် နေရတာပေါ့။ အခြေအနေ အချိန်အခါအပေါ် မူတည်ပြီးတော့မှ ဘေးကင်းလုံခြုံမှုရနိုင်ဖို့ ဒီလူ့အခွင့်အရေး ချိုးဖောက်မှုအပေါ်မှာ ကြိုးစားနည်းလမ်းရှာပြီး ကျော်လွှား နေကြတယ်။

မေး။ ။ လွန်ခဲ့တဲ့ ၆ လကို ပြန်ကြည့်ရင် အရပ်သားပြည်သူတွေရဲ့ ထောက်ပံ့ကူညီမှုရရှိတဲ့ အပိုင်းက ဘယ်လိုရှိ သလဲ။ ရရှိတာရော ရှိသလား။ ရရှိခဲ့ရင် ဘယ်လိုလမ်းကြောင်းတွေနဲ့ ရရှိခဲ့တယ်ဆိုတာ ရှင်းပြစေချင်ပါတယ်။
ဖြေ။ ။ စစ်ဘေးပြေးရှောင်နေရတဲ့ အရပ်သားပြည်သူလူထုအနေနဲ့ အထူးသဖြင့် အာဏာသိမ်းမှု ဖြစ်ပွားပြီး ကတည်းက ယနေ့အချိန်ထိ လူသားချင်းစာနာထောက်ထားမှု အကူအညီက လိုအပ်လျက်ရှိနေတယ်။ ဒီအပေါ်မှာ အကူအညီပေးနေတဲ့ အစုအဖွဲ့တွေထဲမှ အထူးသဖြင့် လူထုအခြေပြု ကရင်အဖွဲ့အစည်းတွေကနေ သူတို့မှာရှိတဲ့ အရင်းအမြစ်၊ အစွမ်းအစတွေနဲ့ အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီပေးနေတယ်။

ပြီးခဲ့တဲ့ ၆ လတာ ကာလအထိ ကိုယ့်နေရာဒေသအလိုက် လူသားချင်း ကူညီထောက်ထားမှုအကူအညီ အထူးသဖြင့် အခြေခံစားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေက ကူညီပံ့ပိုးပေးနေလျက်ရှိတယ်။ သို့သော်လည်း ဒါတွေက ပြည့်စုံ လုံလောက်မှု မရှိဘူး။ စိန်ခေါ်မှုများစွာ ရှိနေတယ်။

တစ်ချိန်တည်းမှာပဲ မြေပြင်မှာ လက်တွေ့အကူအညီပေးနေတဲ့ လူထုအခြေအနေပြုအစုတဲ့ အဖွဲ့တွေလည်း သူတို့ဒီလို လုပ်ဆောင်နိုင်ဖို့ နိုင်ငံတကာရဲ့ ကူညီပံ့ပိုးမှု အင်မတန်လိုအပ်နေပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ အလှူရှင်တွေသော်လည်းကောင်း တခြားနည်းပညာပိုင်းဆိုင်ရာလို အပ်တဲ့ ကူညီပံ့ပိုးပေးမှုသော် လည်းကောင်း ဆက်လက်ပြီး ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။

မေး။ ။ ပဋိပက္ခကြားက ပြည်သူလူထုတွေ ဘယ်လိုအကူအညီထောက်ပံ့မှုမျိုးတွေ အဓိက လိုအပ်တယ်လို့ ထင်သလဲ အမြင်လေးပြောပြပေးပါ။
ဖြေ။ ။ ဒီစစ်ဘေး၊ စစ်ဒဏ်သင့်မှုအောက်မှာ လက်နက်ကိုင်ပဋိပက္ခ ကာလအတွင်း ဆိုးဆိုးရွားရွား စစ်ဘေး ဒဏ်သင့်နေတဲ့ အရပ်သားပြည်သူလူထုတွေ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်မှု၊ လူသတ်မှုတွေကို ကျူးလွန်နေတဲ့ ရာဇဝတ်မှု အစရှိတဲ့ အရာတွေကို ရင်ဆိုင်ကြုံတွေ့ နေထိုင်နေရတယ်။ ဒီအပေါ်မှာ အမျိုးမျိုး သော ကူညီထောက်ပံ့မှုတွေကို သူတို့လိုအပ်တယ်။ အထူးသဖြင့် အကာ အကွယ်ပေးရေး ကူညီထောက်ပံ့မှုတွေ လူသားချင်းစာနာ ထောက်ထားမှုတွေ လိုအပ်တယ်။

စစ်ဘေးတိမ်းရှောင်နေရတဲ့ အရပ်သားပြည်သူလူထုတွေအနေနဲ့က လူသားချင်းစာနာမှုအကူညီ အထောက်အပံ့တွေ လိုအပ်နေသလို ဒီစစ်ဘေးရှောင်ခြင်း မပြုဘဲလည်း ခက်ခဲကြပ်တည်းတဲ့အချိန်ကာလအောက်မှာ သူတို့ဘဝ ရှင်သန်နေထိုင်ရေး၊ ဘေးကင်းလုံခြုံရေးအတွက် အမျိုးမျိုးသော ကာကွယ်ပေးရေး ကူညီပံ့ပိုးပေးမှုတွေ လိုအပ် နေတယ်။ ဒါပေမယ့် ဝန်ဆောင်မှုပေးနေတဲ့ အဖွဲ့တွေအသီးသီးကနေ မြေပြင်ကိုယ်တိုင်ဆင်းပြီး လိုအပ်တဲ့ ပံ့ပိုးမှု တွေကို လေ့လာသုံးသပ်ကြည့်ရင် မြင်တွေ့နိုင်ပါတယ်။ အစုအဖွဲ့တွေအနေနဲ့ သေသေချာချာ ထိထိရောက်ရောက် ဝိုင်းဝန်းလုပ်ဆောင် ပေးသင့်တယ်လို့ ပြောလိုပါတယ်။

မေး။ ။ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးမှု မြှင့်တင်ပေးရေးအပိုင်းနဲ့ ပတ်သက်ပြီး လုပ်ဆောင် ပေးနေတဲ့ အဖွဲ့တွေကို ဘယ်လိုအကြံပြုချင်လဲ။
ဖြေ။ ။ အထူးသဖြင့် အုပ်ချုပ်ရေး အခန်းကဏ္ဍမှာ တာဝန်ယူလုပ်ဆောင်နေတဲ့ အစုအဖွဲ့တွေ ကိုယ့်ရဲ့အုပ်ချုပ်မှု မှန်ကန်ကောင်းမွန်မှု ရှိစေရန် အင်မတန် အရေးကြီးပါတယ်။ ဒါတွေကို လုပ်ဆောင် ပေးဖို့လည်း လိုအပ်ပါတယ်။ ကိုယ်ရဲ့အုပ်ချုပ်မှုအောက်မှုမှာ အရပ်သားပြည်သူလူထုတွေကို ထိခိုက်နစ်နာမှုမဖြစ်စေပဲ အကာအကွယ်ပေးမှု ဖြစ်အောင် လုပ်ဆောင်ပေးဖို့ လိုတယ်။

တစ်ဖက်က ဒီအကူအညီပေးတဲ့ အစုအဖွဲ့တွေဖြစ်တဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ လူထု အခြေပြုအဖွဲ့အစည်းတွေ သူရဲ့အခန်းကဏ္ဍအလျောက် အရပ်သားပြည်သူလူထု အကာ အကွယ်ရရှိရေးအတွက် ကြိုးစားပြီး ဝိုင်းဝန်း လုပ်ဆောင်ပေးနေတယ်။ အုပ်ချုပ်ရေး အခန်းကဏ္ဍတာဝန်ယူနေတဲ့ အာဏာပိုင်တွေ အစုအဖွဲ့တွေအနေနဲ့ ကိုယ့်ရဲ့ အုပ်ချုပ်မှုမှာ အရပ်ပြည်သူ လူထုတွေကို ဘေးကင်းလုံခြုံမှုရှိအောင် လုပ်ဆောင်ပေးရမယ်။ လိုအပ်တဲ့ အကူအညီ ဝန်ဆောင်မှုတွေ ထိထိရောက်ရောက် သေချာစွာ သူတို့ လုပ်ဆောင်ဖို့လိုတယ်လို့ ပြောချင်တယ်။

မေး။ ။ ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက သူတို့ရဲ့အလုပ်ကို လွတ်လပ်စွာ လုပ်ကိုင် ဆောင်ရွက်နိုင်ပါသလား။ သူတို့ရဲ့ စိန်ခေါ်မှုတွေက ဘာတွေဖြစ်နိုင်မလဲ ရှင်းပြပါဦး။
ဖြေ။ ။ အရပ်ဖက်အဖွဲ့အစည်းတော်တော်များများက သူတို့ရဲ့လုပ်ငန်းတွေကို ဘေးကင်းလုံခြုံစွာ လွတ်လပ်စွာ လုပ်ဆောင်နိုင်စွမ်း မရှိကြပါဘူး။ ဘာကြောင့်လဲဆိုတော့ နေ့စဥ်နဲ့အမျှ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေတဲ့နေရာ အနှံ့မှာ တိုက်ပွဲမဖြစ်ပွားသည့်တိုင်အောင် လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေက ဆက်ဖြစ်ပွား နေတယ်။ ထိုစစ်ဆင်တွေ ဖြစ်ပွားနေတုန်းပဲ။ ဒီအပေါ်မှာ ဘေးကင်းလုံခြုံခွင့် အများကြီး ထိခိုက်မှုဖြစ်စေတယ်။

မြေပြင်မှာ အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ လုပ်ငန်းတွေကို အခြေအနေ အချိန်အခါပေါ် မူတည်ပြီး လုပ်ဆောင်နေရတာတွေ ရှိတယ်။ ဒီနေရာ ဒီအချိန် ဒီ‌ဒေသတစ်ခုမှာ လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တစ်ခုကို စဥ်းစားထားပေမယ့် တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက်ကြောင့်၊ ဒါမှဟုတ် လက် နက်ကြီး ပစ်ခတ်နေတဲ့အတွက်ကြောင့်နဲ့ ရပ်ဆိုင်းလိုက်ရတဲ့အခြေအနေတွေ အများကြီး ရှိနေတယ်။ အထူးသဖြင့် ဘေးကင်းလုံခြုံမှု အခြေအနေ ပေါ်မူတည်ပြီး သူတို့ရဲ့လုပ်ငန်းတွေကို လုပ်ဆောင်ရတယ်။

တစ်ဖက်မှာ အရပ်သားတွေကို ကူညီပေးရေးဝန်ဆောင်မှု ဆောင်ရွက်နေတဲ့ အဖွဲ့တွေကလည်း သူတို့ရဲ့ လုပ်ငန်း တွေကို အခြေအနေကြည့်ပြီး လုပ်ဆောင်ရတာရှိသလို အရပ်သားပြည်သူလူထုတွေအနေနဲ့ ဒီလိုဝန်ဆောင်မှုတွေ အချိန်နှင့်တပြေးညီရရှိဖို့ အခြေအနေ အချိန်အခါပေါ် မူတည်ပြီး ရယူနေရတယ်။ ကြုံတွေ့နေရတဲ့ အခက်အခဲက လွတ်လပ်စွာသွားလာခွင့်နဲ့ ဘေးကင်းလုံခြုံမှုက အဟန့်အတား စိန်ခေါ်မှုအခက်အခဲ ဖြစ်နေတယ်။

ဒါတွေက မြေပြင်မှာ လုပ်ဆောင်နေတဲ့ အစုအဖွဲ့ တစ်ခုတည်း မဟုတ်ပဲ အရပ်သားပြည်သူလူထုတွေ အပေါ်မှာ လည်း သက်ရောက်မှုဖြစ်စေတယ်။ နောက်ထပ်တစ်ခုက ကျန်းမာရေးဆိုင်ရာ ဆိုးကျိုး သက်ရောက်မှုပေါ့နော်။ အထူးသဖြင့် မိုးတွင်းကာလတွေမှာဆိုရင် အောက်ခြေမှာ အချိန်ကာလ အတိုင်းအတာတစ်ခုအထိ အလုပ်လုပ် တဲ့အခါ သူတို့ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုတွေ ရှိတယ်။ သဘာဝဘေးအန္တရာယ် ရာသီဥတုဒဏ် ကြောင့်ကျန်းမာရေးပိုင်း ထိခိုက်မှုရှိလို့ တချို့လုပ်သားတွေအနေနဲ့ ဖျားနာလာတာတွေ ရှိတယ်။ ဒီအရာတွေက အရပ်ဖက်အဖွဲ့အစည်းတွေ ကူညီပေးရေးအစုအဖွဲ့တွေ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု အခက်အခဲတွေ ဖြစ်ပါတယ်။

မေး။ ။ အရပ်သားကာကွယ်ပေးရေးအပိုင်းနဲ့ ပတ်သက်ပြီး ဒေသန္တရအာဏာပိုင်တွေက ဘာတွေလုပ်ဆောင် ပေးတာရှိလဲ ပြောပြပါဦး။
ဖြေ။ ။ ကျနော်တို့ရဲ့ အဓိက မိခင်အစည်းအရုံး ကေအဲန်ယူကတော့ သူတို့ရဲ့စီမံအုပ်ချုပ်မှုအောက်မှာ လိုအပ် နေတဲ့အထွေထွေဝန်ဆောင်မှုတွေကို အရပ်သားကာကွယ်ပေးရေးလုပ်ငန်းအပါအဝင် ကျန်းမာရေး၊ ပညာရေး ဝန်ဆောင်မှုတွေအပြင် လူသားချင်းကူညီထောက်ထားမှု အကူအညီရအောင် သက်ဆိုင်ရာအစုအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်ရတာ ရှိတယ်။

လက်နက်ကိုင်ပဋိပက္ခအောက်မှာ ဒေသန္တရအာဏာပိုင်အနေနဲ့ ကေအဲန်ယူအပြင် တခြားအစုအဖွဲ့တွေ စီမံ အုပ်ချုပ်မှု လုပ်ငန်းလုပ်ဆောင်နေတဲ့ အာဏာပိုင်တွေအနေနဲ့လည်းပဲ အောက်ခြေမှာ ယနေ့အချိန်ကာလ အတွင်း အရပ်သားပြည်သူလူထုတွေက အမျိုးမျိုးသော အကူအညီ ထောက်ပံ့မှုတွေက လိုအပ်နေတယ်။ အထူးသဖြင့် အကာအကွယ်ပေးရေး ဝန်ဆောင်မှုတွေက လိုအပ်နေတယ်။ ဒါတွေက သူတို့ရဲ့အခန်းကဏ္ဍအလျောက် သူတို့မှာ ရှိတဲ့ အရင်းအမြစ်နဲ့ ဝိုင်းဝန်းလုပ်ဆောင်ရတာတွေ ရှိတယ်။

မေး။ ။ ဒေသန္တရအာဏာပိုင်တွေက အရပ်သားပြည်သူတွေအပေါ် ကာကွယ်ရေးလုပ်ဆောင်ပေးနေတဲ့ အပိုင်းနဲ့ ပတ်သက်ပြီး ဆရာတို့ဘက်က ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ သူတို့က သူတို့တတ်နိုင်တဲ့အတိုင်းအတာ အလျောက် အစွမ်းအစရှိသလောက် လုပ်ဆောင် နေတယ်။ အခက်အခဲ စိန်ခေါ်မှုတွေက အများကြီးရှိတယ်။ ပြီးပြည့်စုံမှုတော့ မရှိသေးဘူး။ သို့ပေမယ့် လည်း သူတို့ရဲ့ စီမံအုပ်ချုပ်မှုအောက်မှာတော့ အခက်အခဲတွေနဲ့ လုပ်ဆောင်နေရတယ်။ ဒါနဲ့ပတ် သက်ပြီး အထူးသဖြင့် အချိန်နဲ့ တပြေးညီ အကာကွယ်ပေးရေး ဝန်ဆောင်မှုရရှိအောင် ဒေသန္တရ အာဏာပိုင်တွေနဲ့ သက်ဆိုင်ရာအစုအဖွဲ့တွေ ပိုပြီးတော့ ထိထိရောက်ရောက် လုပ်ဆောင်ပေးဖို့ လိုအပ်တယ်။ ဒါမှသာ ဒီကာကွယ်ပေးမှုဆိုင်ရာ အထောက် အပံ့တွေက အရပ်သားပြည်သူလူထုတွေ ရရှိမှာဖြစ်တယ်။

မေး။ ။ အရပ်သားကာကွယ်ပေးရေးအပိုင်းနဲ့ ပတ်သက်ပြီး အရပ်ဖက်ဆိုင်ရာအဖွဲ့အစည်းတွေကို ဆရာတို့က ဘာသတင်းစကားပါးချင် ပါသလဲ။
ဖြေ။ ။ လက်ရှိမြေပြင်မှာ အကြပ်အတည်းပေါင်းစုံ၊ အခက်အခဲပေါင်းစုံနဲ့ ပြည်သူလူထုတွေက ရှင်သန်နေထိုင် နေရတယ်။ စစ်ဘေးစစ်ဒဏ် သင့်နေတယ်။ လူသားချင်းစာနာ ထောက်ထားမှုအကျပ်အတည်း လူ့အခွင့်အရေး အကျပ်အတည်းနဲ့ လူမှုရေး စီးပွားရေးဆိုင်ရာ အကျပ်အတည်း စတဲ့ အခက်အခဲ အကျပ်အတည်းပေါင်းစုံကနေ ရှင်သန်နေထိုင်ရတယ်။

အဲဒါကြောင့် အရပ်ဖက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့သော်လည်းကောင်း နိုင်ငံတကာ အစုအဖွဲ့အနေနဲ့ သော်လည်းကောင်း သူတို့ရဲ့ အခန်းကဏ္ဍအလိုက် လုပ်ဆောင်နေတာတွေ ရှိတယ်။ အထူးသဖြင့် လူသားချင်း စာနာထောက်ထားမှုမှာဆိုရင် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ သူတို့မှာ အရင်းအမြစ် လုပ်ဆောင် နိုင်စွမ်းက အကန့်အသတ်ရှိတယ်။

ဒါကြောင့်မို့ နိုင်ငံတကာအစုအဖွဲ့တွေကနေ ဝိုင်းဝန်းဆောင်ရွက်ပေးပြီး ဒီအစုအဖွဲ့ကို ငွေရေးကြေးရေးအပိုင်း‌ သော်လည်းကောင်း၊ တခြားလိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာနဲ့ သော်လည်းကောင်း ဒီထက်တိုးမြှင့် ဝိုင်းဝန်းကူညီ ပေးဖို့ လိုအပ်တယ်။ နောက်ထပ် ဝန်ဆောင်မှုတွေ ကာကွယ်ရေးပေး‌ရေးဆိုင်ရာ အကူအညီတွေ လူသားချင်း ဆိုင်ရာ ထောက်ထားမှု ကူညီနေတဲ့ အစုအဖွဲ့တွေအနေနဲ့ ဒီထက်ပိုပြီး ထိရောက်စွာ အောက်ခြေကိုဆင်းပြီး လူထု တွေမှာ ဘာလို အပ်နေသလဲ သေသေချာချာ စိစစ်လုပ်ဆောင်ပေးဖို့ လိုအပ်တယ်။ ဒီလိုမှ သူတို့လုပ်ဆောင် နေတဲ့ ကူညီပံ့ပိုးမှုဟာ ပြည်သူတွေ လိုအပ်နေတဲ့အရာတွေ ကိုက်ညီနေမှာ ဖြစ်တယ်။

ဒါတွေက အင်မတန်မှ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအရာတွေက အပေါ်ယံတွေပဲ သုံးသပ် ကြည့်ပြီးတော့ လုပ်ဆောင်မယ်ဆိုရင် လူတွေလိုအပ်တာနဲ့ ကိုယ်တွေလုပ်ဆောင်နေတာနဲ့ မကိုက်ညီတဲ့ အခြေအနေတွေ အများကြီးရှိခဲ့တယ်။ ကာကွယ်ရေပေးရေးဆိုင်ရာ လုပ်ဆောင်နေတဲ့ အစုအဖွဲ့ ဝန်ဆောင်မှု ပေးနေတဲ့ အစုအဖွဲ့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ ဒီထက်ပိုပြီး မြှင့်တင်ရမယ်။ ဒါမှ သူ့အခန်းကဏ္ဍ အလိုက် အကူအညီ ဝန်ဆောင်မှုတွေကို ထိထိရောက်ရောက် ပေးနိုင်မှာ ဖြစ်ပါတယ်။

မေး။ ။ ဘာများ ဖြည့်စွက်ပြောဆိုချင်တာ ရှိပါသေးလဲ။
ဖြေ။ ။ အာဏာသိမ်းမှု ၂၀၂၁ ခုနှစ် နောက်ပိုင်းတည်းက ကျနော်တို့ နိုင်ငံဟာ ဘက်ပေါင်းစုံ အောက်ကို ရောက် သွားတယ်။ အရပ်သားပြည်သူလူထုတွေဟာ သူတို့ရဲ့နေစဉ်ဘဝမှာ ဘေးကင်းလုံခြုံခွင့် နည်းပါးလာတယ်။ တရား ဥပဒေ စိုးမိုးရေးလည်း အရမ်းနည်းလာတယ်။ အခက်အခဲ အကျပ်တည်းပေါင်းစုံအောက်မှာ နေထိုင်ရတယ်။ အထူး သဖြင့် ကလေးငယ်တွေဆို ပညာရေးပိုင်းနစ်နာမှုရှိတယ်။ ကျန်းမာရေးဝန်ဆောင်မှုအပိုင်းမှာ ပြည်သူလူထုတွေက အချိန်နဲ့ တပြေးညီ ပြည့်စုံလုံလောက်စွာ မရရှိနိုင်ကြဘူး။

အရပ်သားပြည်သူအများစု အထူးသဖြင့် တိုင်းရင်းသားနေရာဒေသတွေမှာ ကျနော်တို့တို့ ကရင်ပြည်နယ် အပါ အဝင် အသက်မွေးဝမ်းကျောင်းပြုခွင့် အခွင့်အရေးတွေက ဆုံးရှုံးချိုးဖောက်ခံနေရတယ်။ ဆက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အသက်မွေးဝမ်းကျောင်းပြုခွင့် အပိုင်း လက်လွတ် ဆုံးရှုံးနေရတယ်။ သူတို့ရဲ့ နေ့စဉ်ဘဝ လုံခြုံမှုတွေလည်း ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေတယ်။ အကုန်လုံးကို ခြုံငုံကြည့်လိုက်ရင် စစ်အာဏာရှင် တွေရဲ့ ဆိုးရွားတဲ့ အုပ်ချုပ်မှုဒဏ်ကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် ကျနော်တို့ အရပ်သားပြည်သူလူထုတွေကို ဒီထက်ပိုပြီး အကာကွယ်ပေးတဲ့ ဝန်ဆောင်မှုတွေ ရရှိဖို့ သူတို့ရဲ့လူ့အခွင့်အရေးတွေကို ဒီထက်ပိုပြီး ပြည့်ဝစွာ ခံစားခွင့်ရရှိဖို့ အစုအဖွဲ့တွေအနေနဲ့လည်း သူတို့ရဲ့ လုပ်ငန်း ဆောင်တာ ထိထိရောက်ရောက် ရှိစေဖို့ အဓိကအရေးကြီးတာက ဒီစစ်အာဏာရှင်စနစ် ကျရှုံးဖို့ပဲ ဖြစ်ပါတယ်။ ဒီစနစ် ဆက်လက်တည်ရှိနေမယ်ဆိုရင် ကျနော်တို့ အစုအဖွဲ့အစည်းတွေ အကုန်လုံး အရပ်သားပြည်သူ လူထုတွေ အကုန်လုံး အကြပ်အတည်းနဲ့ ဆက်လက်နေထိုင်ရဦးမှာ ဖြစ်တယ်။ ဒီအခြေအနေတွေ ကောင်းမွန်လာအောင် အရေးကြီး ဆုံးကတော့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ကြဖို့ ဖြစ်ပါတယ်။

Related Readings

Pages