ရေကြီးပြီး ကမ်းပါးပြိုလာလို့ သောင်းရင်းမြစ်အနီးက စစ်ရှောင်ပြည်သူတွေ ဒုက္ခကြုံနေရ

Tue, 24 May 2022

    

 

မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရေကြီးပြီး ကမ်းပါးပြိုလာတဲ့အတွက် သောင်းရင်းမြစ်အနီးက စစ်ရှောင်ပြည်သူတွေ ဒုက္ခကြုံနေရတယ်လို့ စစ်ရှောင်အရေးကူညီနေတဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က သံလွင်တိုင်းမ်ကို ပြောပါတယ်။

မေ ၂၀ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ လေပြင်းတိုက်ခတ်တာ၊ မိုးကြီးတာ၊ တောင်ကျချောင်းရေ စီးဆင်းလာတာကြောင့် ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ သောင်ရင်းမြစ်ရေ မြင့်တက်လာတဲ့အတွက် မြစ်ကမ်းတစ်လျှောက်မှာ ခိုလှုံနေထိုင်ရတဲ့ စစ်ရှောင်ပြည်သူတွေ အခက်ကြုံနေရတာပါ။

သောင်းရင်းမြစ်အနီး နေထိုင်နေကြတဲ့ စစ်ရှောင်ပြည်သူ ၁၀၀၀၀ နီးပါးဟာ နေရာထိုင်ခင်း မလုံ လောက်တာ၊ မိုးဒဏ်လေဒဏ်ကြောင့် ဖျားနာမှုတွေ ရှိသလို မြစ်ကမ်းပါးပြိုလာတဲ့အတွက် ထပ်မံ ပြောင်းရွှေ့ရမယ့် အခြေအနေနဲ့ ကြုံနေရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) ကပြောခွင့်ရ စောနန္ဒဆူးက ပြောပါတယ်။

“ရေကြီးမှုတွေဖြစ်တယ်။ အိမ်တွေ ဘာတွေမျောတယ်ပေါ့။ IDPs စခန်းက (၈)ခုလောက်ရှိနေတာပေါ့ နော်။ တချို့နေရာတွေက နေရာထိုင်ခင်း ကောင်းကောင်းမွန်မွန်မရှိတဲ့နေရာမှာကျတော့ မိုးဒဏ်လေဒဏ် တွေကို ခံရတာပေါ့။ ဖျားနာမှုတွေလည်း ကြုံရတယ်။ နေရေးထိုင်ရေးကလည်း ခက်ခဲတာပေါ့”လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) က ပြောခွင့်ရ စောနန္ဒဆူးက ပြောပါတယ်။

မိုးဒဏ်လေဒဏ်နဲ့ သောင်းရင်မြစ်ရေကြီးလာတာကြောင့် အခက်ကြုံနေရတဲ့ စစ်ဘေးရှောင်တွေ အတွက် အမိုးအကာ၊ စားနပ်ရိက္ခာ၊ ဆေးဝါး စတဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပိုမိုလိုအပ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က စတင်ဖြစ်ပွားခဲ့တဲ့ လေးကေကော်တိုက်ပွဲကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရတာ ၅ လကျော်ထိ ရှိလာပြီး စစ်ဘေးရှောင်တွေဟာ သောင်ရင်းမြစ်ကမ်း တစ်လျှောက်က စစ်ရှောင်စခန်းတွေမှာ ဒီကနေ့အချိန်အထိ ယာယီခိုလှုံ နေထိုင်နေရဆဲပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ သောင်ရင်းမြစ်ရေပြန်လည်ကျဆင်းပေမယ့် မိုးများနေသေးပြီး ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ အရှေ့လယ်ပိုင်းတွေမှာ မုတ်သုံလေအားအလွန်ကောင်းနေလို့ နောက်နှစ်ရက်အတွင်းမှာလည်း ကရင်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၁ ခုလောက်မှာ မိုးပိုလာနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

Related Readings