ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တောအူး(တောင်ငူ)ခရိုင်၊ ဒေါ်ဖားခို(သံ တောင်ကြီး)မြို့နယ်တွင် ဖြစ်ပွားခဲ့သော ဒရုန်းတိုက်ခိုက်မှုအကြောင်းကို ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများသည် ဒေါ်ဖားခိုမြို့နယ်၊ ဝေထူးကျေးရွာအုပ်စုရှိ အ--- ကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံးသုံးလုံးကြဲချတိုက်ခိုက်ခဲ့သည်။ အကျိုးဆက်အနေဖြင့် ရွာသားတစ်ဦးသေဆုံးသွား၍ နွား တစ်ကောင်ဒဏ်ရာရရှိပြီး လူနေအိမ်နှစ်လုံးနှင့်စိုက်ပျိုးပင်များ ထိမှန်ပျက်စီးခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက် နေ့၌ တပ်ရင်းမသိရသော SAC တပ်ဖွဲ့သည် ဝေထူးကျေးရွာအုပ်စု၊ ဘ--- ကျေးရွာကို ဒရုန်းဖြင့် ဗုံးနှစ်လုံးကြဲချတိုက် ခိုက်ခဲ့သည်။ ထိုဒရုန်းတိုက်ခိုက်မှုတွင် ရွာသားအိမ်နှစ်လုံးထိမှန်ပျက်စီးခဲ့ရသည်။ ဒေသခံရွာသားများအနေဖြင့် SAC မှ ၎င်းတို့ရွာများကို မည်သည့်အကြောင်းကြောင့် ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရခြင်းကို မသိရှိကြပေ။ [1]

 

 

SAC မှ ဒေါ်ဖားခိုမြို့နယ်၊ ဝေထူးကျေးရွာအုပ်စုအတွင်း ဒရုန်းဖြင့်တိုက်ခိုက်ခြင်း

     ပထမဖြစ်စဉ် - ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက် (၁၁) နာရီအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သား များသည် တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ ဝေထူးကျေးရွာအုပ်စု၊ အ--- ကျေးရွာကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည်။ ၎င်းတို့ သည် (SAC စစ်သားများ) အ---ကျေးရွာအတွင်း ဒရုန်းတစ်စီးဖြင့် ဗုံးသုံးလုံးကြဲချခဲ့သည်။ (ဤဒရုန်းတိုက်ခိုက်မှုကို ပြုလုပ်ခဲ့သော) SAC စစ်သားများသည် ဝေထူးကျေးရွာအုပ်စု၊ ကျွဲရိုင်းပြင်ကျေးရွာအနီးတွင်တည်ရှိသော စစ်တောင်းမြစ် ကျွဲပင်တံတားအနီးရှိ တပ်စခန်းတွင်အခြေစိုက်သော SAC စစ်သားများဖြစ်ကြသည်ဟု ဒေသခံရွာသားများက ယူဆကြ သည်။

အဆိုပါပစ်ချလိုက်သည့်ဗုံးတစ်လုံးသည် အ--- ကျေးရွာအတွင်းရှိ ရွာသားတစ်ဦး၏နေအိမ်အနီးတွင် ကျရောက်ပေါက်ကွဲ ခဲ့သည်။ ဗုံးအစအနများသည် ရွာသားနေအိမ်နှစ်လုံး၊ အုန်းပင်တစ်ပင်နှင့် အခြားစိုက်ပျိုးပင်များ ထိမှန်၍ပျက်စီးခဲ့ရ သည်။ လူနေအိမ်၏လှေကားအုတ်ခုံ၊ ကြမ်းပြင်နှင့်ခေါင်မိုးများ ပျက်စီးသွားသည်။ အဆိုပါလူနေအိမ်နှစ်လုံး၏ပိုင်ရှင် များမှာ ဦးဆ---နှင့် သူ၏တူမဖြစ်ကြသည်။ ထို့အပြင် နွားတစ်ကောင်ကိုလည်း ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။

ဗုံးအစအနသည် ဦးဆ---ကိုလည်း ထိမှန်ခဲ့သည်။ ဦးဆ---သည် ၎င်း၏အိမ်အောက်တွင် သစ်သားကုလားထိုင်နှင့်စားပွဲခုံ များ ပြုပြင်၍အလုပ်လုပ်နေစဉ်အတွင်း ဗုံးအစများ ထိမှန်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ထိမှန်ခြင်းကြောင့် ဦးဆ---၏လည်ပင်း၊ ညာဖက်လက်နှင့်ဘယ်ဖက်ပေါင်တွင် ဒဏ်ရာရရှိခဲ့သည်။ အခင်းဖြစ်ပွားပြီးနောက် ဦးဆ---ကို ပဲခူးတိုင်း၊ ရေတာရှည်မြို့ နယ်၊ ဆွာမြို့ရှိ ဆွာဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ (ဆွာဆေးရုံသည် SAC စီမံခန့်ခွဲသော ဆေးရုံးတစ်လုံးဖြစ်သည်။) သို့ သော်လည်း ဦးဆ---သည် ၎င်း၏ဒဏ်ရာများအလွန်ပြင်းထန်သောကြောင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ ည (၇) နာရီအချိန်မှာ ဆွာဆေးရုံတွင် ကွယ်လွန်ခဲ့သည်။ ဦးဆ---သည် ဗမာလူမျိုးတစ်ဦးဖြစ်ပြီး အငြိမ်းစားယူထားသော တပ်မ တော်စစ်သားဟောင်းတစ်ဦးလည်းဖြစ်သည်။ ဦးဆ---သည် ယခုလိုသေဆုံးသွားပြီးနောက်တွင် ၎င်းမိသားစုဝင်များအ နေဖြင့် SAC ထံမှ ၎င်း၏ပင်စင်လစာထုတ်ယူ၍မရတော့ကြောင်း သားဖြစ်သူက ပြောပြခဲ့သည်။        

အခြားဗုံးနှစ်လုံးမှာ ရွာ၏အပြင်ဖက်ရှိ လူနေအိမ်များနှင့်အနည်းငယ်ဝေးသောနေရာတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ ထို့ကြောင့် အဆိုပါဗုံးနှစ်လုံးပေါက်ကွဲမှုတွင် အခြားလူနေအိမ်များ ထိခိုက်ပျက်စီးမှုမရှိသလို ရွာသားများလည်း ဒဏ်ရာ ရရှိခြင်း သို့မဟုတ် သေဆုံးခြင်းများမရှိခဲ့ပေ။

SAC ဒရုန်းတိုက်ခိုက်မှုကြောင့် လူနေအိမ်များ ထိမှန်ပျက်စီး၍ နွားတစ်ကောင်ဒဏ်ရာရရှိပြီး ရွာသားတစ်ဦးလည်း သေ ဆုံးခဲ့ရသည်။ ထို့ကြောင့် ကျေးရွာထဲရှိဒေသခံရွာသားများအကြားတွင် စိုးရိမ်ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေခဲ့သည်။ ဒေသ ခံရွာသားများအနေဖြင့် SAC မှ ၎င်းတို့ရွာကို မည်သည့်အကြောင်းကြောင့် ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရခြင်းကို မသိရှိကြပေ။ ထိုဒေသအတွင်း နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်သားများက သွားလာလှုပ်ရှားနေသောကြောင့် SAC အနေဖြင့် ဒရုန်းဖြင့်လာရောက်တိုက်ခိုက်ရခြင်းဖြစ်သည်ဟု ရွာသားများက ထင်မြင်ယူဆကြသည်။

ဒရုန်းတိုက်ခိုက်မှုကြောင့် အငြိမ်းစားစစ်သားဟောင်းဖြစ်သူ ဦးဆ---သည် သေဆုံးသွားသည့်အကြောင်းကို SAC မှ သိရှိ ခဲ့သည်။ (ရွာသားများပြောပြချက်အရ SAC အာဏာပိုင်များသည် ဆွာဆေးရုံသို့သွား၍ လူနာဖြစ်သူ ဦးဆ---၏ဆေး မှတ်တမ်းကို ကြည့်ရှုပြီး ဦးဆ---၏မိသားစုသည်လည်း ပင်စင်ထုတ်ယူ၍မရသည့်အခြေအနေကို ကြည့်ခြင်းအားဖြင့် SAC သည် ဦးဆ---သေဆုံးသည့်အကြောင်းကို သိရှိသွားကြောင်းဖြစ်သည်ဟု ယူဆ၍ရနိုင်သည်။) သို့သော်လည်း SAC သည် ဤဖြစ်စဉ်အတွက် မည်သည့်တာဝန်ယူ၊ တာဝန်ခံမှုများ မပြုလုပ်ကြပါ။ SAC မှ ဦးဆ---၏မိသားစုကိုလည်း တောင်းပန်ခြင်း၊ နစ်နာကြေးများပေးဆောင်ခြင်းများ မရှိခဲ့ပေ။       

     ဒုတိယဖြစ်စဉ် - ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့၌ တပ်ရင်းမသိရသော SAC တပ်ဖွဲ့သည် ဒေါ်ဖားခိုမြို့နယ်၊ ဝေထူးကျေးရွာအုပ်စု၊ ဘ--- ကျေးရွာကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။ ၎င်းတို့သည် ဒရုန်းတစ်စီးဖြင့် ကျေးရွာအတွင်း ဗုံးအကြီးတစ်လုံးနှင့်ဗုံး အသေးတစ်လုံးပစ်ချတိုက်ခိုက်ခဲ့သည်။ (ဗုံးအကြီးတစ်လုံးမှာ အလေးချိန် (၁၀) မှ (၁၂) ပိဿာအထိရှိသည်။) ဤသို့ဗုံး ကြဲတိုက်ခိုက်မှုကြောင့် ဘ--- ရွာရှိ ရွာသားနေအိမ်နှစ်လုံးပျက်စီးသွားခဲ့သည်။ (အဆိုပါနေအိမ်များ၏ပိုင်ရှင်များသည် ထိခိုက်ဒဏ်ရာရရှိခြင်းမရှိခဲ့ပေ။ အကြောင်းမှာ ၎င်းတို့သည် အခင်းမဖြစ်ပွားမီ ကျေးရွာမှ တိမ်းရှောင်နေရှောင်နေခဲ့ပြီး ဖြစ်သည်။ KHRG ကွင်းဆင်းလုပ်သားအနေဖြင့် အိမ်ပိုင်ရှင်များနှင့် တွေ့ဆုံမေးမြန်းခွင့်မရရှိသည့်အတွက်ကြောင့် ၎င်း တို့သည် မည်သည့်အချိန်က ရွာရှောင်ခဲ့သည်ကို မသိရခဲ့ပါ။ ဤသတင်းအကြောင်းအရာကို ကျေးရွာတွင်းရှိ အခြားရွာ သားများမှ ပြောပြ၍သိရှိခဲ့ခြင်းဖြစ်သည်။)   

Tue, 28 Jan 2025

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော တောအူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံနှင့်နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

Related Readings