မဇ္ဈိမ။ ။ KNU နယ်မြေများအတွင်း စစ်ကောင်စီပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၁၆၈ ဦးသေဆုံးခဲ့ပြီး ယင်းတို့အနက် ၆၇ ဦးမှာ ကလေးငယ်များဖြစ်ကာ သက်ကြီးရွယ်အို ၂၉ ဦးပါဝင်ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ဆိုသည်။
ယနေ့ (နိုဝင်ဘာ ၁၅ ရက်) တွင် KHRG အဖွဲ့က မိတ်ဆက်သည့် “ ကဘီယူၤဟဲလံ (Aircraft coming!) လေယာဉ်လာနေပြီ” ဆိုသည့် အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်သည်။ ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူမှာ ၂၄၉ ဦးရှိပြီး အရပ်သားမဟုတ်သည့် ထိခိုက်ဒဏ်ရာရသူမှာ ၂၂ ဦးသာရှိကြောင်း သိရသည်။
“သေဆုံး ဒဏ်ရာရခဲ့တဲ့သူတွေဟာဆိုရင် ပုံမှန်နေ့စဉ် ဘဝမှာ လုပ်ကိုင်နေရင်း သူတို့ကျွဲနွားတိရစ္ဆာန်တွေကို အစာကျွေးနေစဉ်မှာဖြစ်စေ၊ အိပ်ပျော်နေစဉ်ဖြစ်စေ၊ ဒါမှမဟုတ် မိသားစု၊ မိတ်ဆွေတွေနဲ့ အတူရှိနေစဉ်မှာ သေဆုံးခဲ့တာတွေဖြစ်ပါတယ်” ဟု KHRG ပြောရေးဆိုခွင့်ရှိသူ နော်ဖောလားက အစီရင်ခံစာ မိတ်ဆက်ပွဲတွင် ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေ (ကော်သူးလေ) ခရိုင်ခုနစ်ခုလုံးအတွင်း ၂၀၂၁ ခု ဖေဖော်ဝါရီလမှ ၂၀၂၄ ခု ဇွန်လ အထိ ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများကို စစ်တမ်းကောက်ယူထားခြင်းဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်း စသည့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသများတွင် စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁,၉၇၇ ကြိမ် ပြုလုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်းပင် ၉၅၆ ကြိမ် ရှိသည်ဟု ဆိုသည်။
လေကြောင်းတိုက်ခိုက်မှုများ၏ ၈၉ ရာခိုင်နှုန်းသည် လူထုနေထိုင်ရာကျေးရွာများအတွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကိုးရာခိုင်နှုန်းသည် စိုက်ပျိုးမြေများအတွင်းလည်းကောင်း၊ ကျန် နှစ်ရာခိုင်နှုန်းမှာ သတ္တုတူးဖော်ရာနေရာများသို့ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာတွင် များသောအားဖြင့် ပေါင် ၅၀၀ ဗုံးကဲ့သို့ ပေါက်ကွဲမှုအားပြင်းသည့် ဗုံးများ သုံးလေ့ရှိသည်ဟု နော်ဖောလားက ပြောသည်။ ထို့ပြင် မီးလောင်ဗုံး၊ ပဒေသာဗုံး၊ ကလက်စတာဗုံးများ၊ ဓါတုလက်နက်များကိုပါ အသုံးပြုခြင်းရှိကြောင်း ဆိုသည်။
လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် KNU နယ်မြေများတွင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် ပြည်သူစုစုပေါင်း ၁,၀၀၀,၀၀၀ ကျော်ရှိကြောင်း KHRG စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးက ပြောသည်။