ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း မူတြော် (ဖာပွန်) ခရိုင်၊ ဒွယ်လိုးမြို့နယ် တွင် ဖြစ်ပွားခဲ့သော လက်နက်ကြီးပစ်ခတ်မှုဖြစ်စဉ်အကြောင်းကို ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့ မနက်ကိုးနာရီ၌ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စု၊ မာထောကျေးရွာတွင် အခြေစိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၄၀၁)၊ (၄၀၂)၊ (၄၀၄)၊ (၄၀၇)၊ (၄၀၈) နှင့် (၄၁၀) တို့သည် ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စု၊ ဝ--- ကျေးရွာအတွင်းသို့ လက်နက်ကြီးခုနှစ်လုံး ပစ်ခတ်ခဲ့ သည်။ SAC တပ်ဖွဲ့များသည် ဒေသအတွင်း ဒရုန်းဖြင့် ဝေဟင်ကင်းထောက်မှုများပြုလုပ်ပြီးနောက် လက်နက်ကြီးများ ပစ်ခတ်ခြင်းဖြစ်သည်။ ဝ--- ကျေးရွာထဲတွင် ရွာသားများမှ ဈာပနအခမ်းအနားကို စုရုံးတက်ရောက်နေစဉ်တွင် SAC တပ်ဖွဲ့က လက်နက်ကြီးများ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ဤလက်နက်ကြီးပစ်ခတ်မှုတွင်  အသက် (၇၂) နှစ်အရွယ်ရှိသော ရွာသားတစ်ဦးသည် ကျေးရွာအနီးနားရှိ သူမ၏တဲအိမ်ထဲတွင် နေထိုင်နေစဉ် လက်နက်ကြီးထိမှန်၍ ပွဲချင်းပြီးသေဆုံး သွားခဲ့သည်။ အခြားလက်နက်ကြီးများသည် ရွာသားများ၏လယ်ယာစိုက်ပျိုးခင်းများထဲတွင် ကျရောက်ပေါက်ကွဲ၍ စပါး ပင်များပျက်စီးသွားခဲ့သည်။ SAC အနေဖြင့် လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ရွာသား များသည် ကြောက်ရွံ့ထိတ်လန့်၍ ထွက်ပြေးတိမ်းရှောင်နေရသည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

SAC လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားတစ်ဦး ထိမှန်သေဆုံး

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ)  

မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စု၊ ဝ--- ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

နော်ယ---

အသက်

၇၂ နှစ်

ကျား/မ

လူမျိုး

ကရင်

အိမ်ထောင် ရှိ/မရှိ   

ရှိ

အလုပ်အကိုင်

လယ်ယာ

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စု၊ လ--- ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်          

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ   

အထက်အရာရှိ အမည်

မသိရှိရ

မသိရှိရ

နိုင်ငံတော်စီမံအုပ်ချုပ်ရေး

ကောင်စီ (SAC) ခြေမြန် တပ်ရင်း (ခမရ) အမှတ် (၄၀၁)၊ (၄၀၂)၊ (၄၀၄)၊ (၄၀၇)၊ (၄၀၈) နှင့် (၄၁၀)

ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စု၊ မာထောကျေးရွာ

ခမရ (၄၀၇) ၏တပ်ရင်းမှူးသည် ထွန်းမင်းလတ်ဖြစ်ပြီး ခမရ (၄၀၈) ၏ တပ်ရင်းမှူးသည် ယဉ်မူးဖြစ်သည်။ (အခြားတပ်ရင်းမှူးများ၏ နာမည်များကို မသိရှိရပါ)

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ဤဖြစ်စဉ်နှင့်ပတ်သက်၍ (KHRG ကွင်းဆင်းလုပ်သားတစ်ဦးသည်) ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်မှု အောက်တွင် တာဝန်ယူရသည့် မာထောကျေးရွာအုပ်စုအာဏာပိုင်များ ပေးပို့သော သတင်းအချက်အလက်များကို လက် ခံရရှိပြီးနောက် သတင်းအသေးစိတ်များရရှိရန်အတွက် နော်ယ---၏သားဖြစ်သူ စောတ---နှင့် ဝ--- ကျေးရွာအုပ်ချုပ်ရေး မှူးဖြစ်သူ ဖါးဃ---တို့အား သွားရောက်တွေ့ဆုံ၍ အင်တာဗျူးခဲ့သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤဖြစ်စဉ်နှင့်ပတ်သက်ပြီး နော်ယ---၏သားဖြစ်သူ စောတ---နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဖါးဃ---တို့မှ အရေးကြီး သော သတင်းအကြောင်းအရာများကို မျှဝေပြောပြခဲ့သည်။ စောတ---သည် ဤဖြစ်စဉ်ကို မျက်မြင်တွေ့ခဲ့သူတစ်ဦးဖြစ် သည်။ အကြောင်းမှာ အခင်းဖြစ်ပွားနေစဉ်အတွင်း စောတ---သည် ၎င်း၏လယ်ယာထဲတွင် အလုပ်လုပ်နေသောကြောင့် ဖြစ်စဉ်ကိုမြင်တွေ့ခဲ့ခြင်းဖြစ်သည်။ ကျေးရွာအုပ်ချုပ်ရေးမှူးသည်လည်း အခင်းဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားသည့် နေရာတွင်သွား၍ သေဆုံးနေသည့်နော်ယ---အား တွေ့ရှိခဲ့သူဖြစ်သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

 

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့ မနက်ကိုးနာရီ၌ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စု၊ မာထောကျေးရွာတွင် အခြေစိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၄၀၁)၊ (၄၀၂)၊ (၄၀၄)၊ (၄၀၇)၊ (၄၀၈) နှင့် (၄၁၀) တို့သည် ဒရုန်းကိုအသုံးပြု၍ ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာ အုပ်စု၊ ဝ--- ကျေးရွာဒေသအတွင်း ဝေဟင်ကင်းထောက်မှုပြုလုပ်ခဲ့သည်။ ဝ--- ကျေးရွာထဲတွင် ရွာသူ၊ ရွာသားများသည် လွန်ခဲ့သည့်တစ်ရက်က ရောဂါဖြင့်သေဆုံးသွားသော ရွာသားတစ်ဦး၏ဈာပနအခမ်းအနားကို စုရုံးတက်ရောက်နေသည် ကို SAC အနေဖြင့် ဒရုန်းမှတဆင့် မြင်တွေ့ခဲ့သည်။ ထို့နောက် SAC သည် ကျေးရွာထဲရှိ ဈာပနအခမ်းအနားကို စီစဉ်ပြု လုပ်နေသောနေရာကို လက်နက်ကြီးခုနှစ်လုံးပစ်ခတ်ခဲ့သည်။

 

ပစ်ခတ်လိုက်သည့်လက်နက်ကြီး (၈၁)မမ နှစ်လုံးသည် (ဝ--- ကျေးရွာအနီးရှိ ထ--- နေရာတွင်တည်ရှိသော) လယ်ယာ ခင်းထဲတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ ထိုလယ်ယာခင်းသည် အသက် (၇၂) နှစ်အရွယ်ရှိသော နော်ယ---၏လယ်ယာ ဖြစ်သည်။ လက်နက်ကြီးကျရောက်ပေါက်ကွဲသည့်အချိန်သည် နော်ယ---က လယ်တဲထဲတွင် ရှိနေသည့်အချိန်ဖြစ် သည်။ လက်နက်ကြီးအစအနသည် သူမ၏ဦးခေါင်းညာဖက်ခြမ်းကို ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ ထို့အပြင် (လက် နက်ကြီး ၈၁ မမ နှစ်လုံး၏) အစအနများသည် နော်ယ---၏လယ်တဲအိမ်၏နံရံ၊ တဲအိမ်တိုင်တစ်တိုင်နှင့် ဆိုလာ ပြားတစ်ခုကိုလည်း ထိမှန်၍ ပျက်စီးသွားခဲ့သည်။ လက်နက်ကြီး (၁၂၀) မမ တစ်လုံးသည်လည်း ရွာသားတစ်ဦး ဖြစ်သော ဖါးဃ---၏လယ်ယာခင်းထဲတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ အခြားလက်နက်ကြီး (၁၂၀) မမ တစ်လုံးသည် လည်း ဝ--- ကျေးရွာထဲရှိ ဖါးဃ---၏နေအိမ်အနီးနားတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ အခြားသောလက်နက်ကြီးများ သည် စောဟ---နှင့်စောအ---တို့၏လယ်ယာခင်းများထဲတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ၎င်းတို့၏စပါးပင်များ ပျက်စီးသွား ခဲ့သည်။  ဝ--- ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဖါးဃ---၏ပြောပြချက်အရ အခင်းဖြစ်ပွားသည့်နေ့တွင် အကယ်၍ လက်နက်ကြီးများက အသုဘအခမ်းအနားကို တက်ရောက်နေသောလူအုပ်စုကြားတွင် ကျရောက်ပေါက်ကွဲသွားပါက သေဆုံး၊ ဒဏ် ရာရမှုများ ပို၍များနိုင်ချေရှိပါသည်။

 

နော်ယ---သည် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စု၊ လ--- ကျေးရွာမှ ရွာသားတစ်ဦးဖြစ်သည်။ (လ--- ကျေးရွာသည် ဝ--- ကျေးရွာနှင့် ၁.၆ ကီလိုမီတာခန့် ကွာဝေးသည်။) သို့သော် (SAC လက်နက်ကြီးပစ်ခတ်မှုကြောင့်) နော်ယ---အနေဖြင့် လ--- ကျေးရွာတွင် နေထိုင်ရန်ကြောက်ရွံ့နေသည့်အတွက်ကြောင့် လုံခြုံမှုရှိသည်ဟုထင်ရသော ထ---နေရာရှိ သူမ၏လယ်တဲအိမ်သို့သွားရောက်နေထိုင်ခဲ့သည်။ နော်ယ---သည် ယခုလိုလက်နက်ကြီးထိမှန်ပြီး သေဆုံး သွားပြီးနောက်တွင် ဝ--- ကျေးရွာအုပ်ချုပ်ရေးမှူး ဖါးဃ--- နှင့်ရွာသူ၊ ရွာသားများသည် အခင်းဖြစ်ပွားသည့်နေရာသို့ သွား၍ သူမ၏အလောင်းကို သယ်ယူလာခဲ့သည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲတစ်နာရီတွင် နော်ယ---၏အလောင်းကို ထ--- နေရာတွင်တည်ရှိသော သူမ၏လယ်တဲအိမ်အနီးနားရှိ တောထဲတွင် မြှုပ်နှံပေးခဲ့သည်။

 

SAC အနေဖြင့် ဤကဲ့သို့လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသားများအား ထိမှန်၍ သေဆုံး၊ ဒဏ်ရာရရှိ ခဲ့သည်။ ထို့အပြင် ရွာသားများသည် ထွက်ပြေးတိမ်းရှောင်ရ၍ တောထဲတွင် ခိုလှုံနေထိုင်ရခြင်း သို့မဟုတ် တောင်ယာ များနှင့် လယ်ယာခင်းများထဲရှိ ၎င်းတို့၏တဲအိမ်များတွင် ပြောင်းရွှေ့နေထိုင်ရခြင်းစသည့်အခြေအနေများနှင့် ကြုံတွေ့ နေရသည်။ ထိုအခြေအနေများကြောင့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့်လည်း နွားခြံ၊ ကျွဲခြံများထဲတွင် စာသင် ယူနေရပါသည်။ တစ်ခါတစ်ရံတွင်လည်း အခြားလူများအိမ်ထဲတွင် စာသင်ကြားနေရပါသည်။ တစ်ချို့ကျောင်းသား များသည် တောထဲတွင်ပင် စာသင်ယူနေရသည်။ ယခုအချိန်တွင် ဒေသခံရွာသားများသည် SAC တပ်ဖွဲ့မှ မည်သည့် အချိန်တွင် ရွာထဲကိုဝင်လာမည်၊ လက်နက်ကြီးပစ်ခတ်မည်နှင့် လေကြောင်းတိုက်ခိုက်မှုနှင့်ဒရုန်းတိုက်ခိုက်မှုများ ပြုလုပ်မည်ကို အမြဲတမ်းသတိထားစောင့်ကြည့်နေကြရသည်။ ရွာသားများအနေဖြင့် SAC ၏ပစ်မှတ်ထားတိုက်ခိုက်မှု များကို အမြဲကြောက်ရွံ့နေရသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

သေဆုံးသွားသည့်ရွာသား၏မိသားစုနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးသည် ဤသတင်းအကြောင်းအရာများကို ရေးသားဖြန့် ဝေရန် KHRG အား ခွင့်ပြုချက်ပေးထားပါသည်။

Fri, 13 Dec 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော မူတြော်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏အမည်၊ ဓာတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

Related Readings