ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် ၂၀၂၄ ခုနှစ်၊ မေလအတွင်း ဒူးသထူ (သထုံ) ခရိုင်၊ သထူ (သထုံ) မြို့နယ် တွင် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားများ သေဆုံး၊ ဒဏ်ရာရခြင်း၊ နေရပ်စွန့်ခွာရွှေ့ပြောင်းရခြင်းနှင့် စားဝတ်နေရေးအခက်အခဲများ ရင်ဆိုင်ကြုံတွေ့ရခြင်းအစရှိသော လူ့အခွင့်အရေးအခြေအနေကို ဖော်ပြထားသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့သည် တပဲက လိုး (ကျွန်းအင်း) တံတားအနီးနားရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တပ်စခန်းအား ပစ်ခတ်တိုက်ခိုက်ပြီး နောက် ၂၀၂၄ ခုနှစ်၊ မေလ ၁၁ ရက်နေ့၌ ကျိုင်တရောတပ်စခန်းတွင် အခြေစိုက်သော SAC အမြောက်တပ် (၃၁၄) သည် ရွှေရောင်ပြကျေးရွာအုပ်စုအတွင်း လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည်။ ဤလက်နက်ကြီးပစ်ခတ်မှုတွင် ရွာသား နှစ်ဦးသေဆုံးပြီး (ကလေးအပါအဝင်) အခြားရွာသားကိုးဦးလည်း ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် လူနေအိမ် (၁၆) လုံး ပျက်စီးသွားခဲ့သည်။ ရွာသားများအားလုံးသည် အလွန်ကြောက်ရွံ့ကြ၍ ဘေးကင်းလုံခြုံသည့်နေရာများသို့ ထွက်ပြေး တိမ်းရှောင်ရသောကြောင့် စားဝတ်နေရေးအခက်အခဲစိန်ခေါ်မှုများနှင့်ကြုံတွေ့နေရသည်။ [1]

 

 

SAC လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားများ သေဆုံး၊ ဒဏ်ရာရခြင်းနှင့် အိုးအိမ်ပစ္စည်းများ ပျက်စီးခြင်း

ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စုတွင်တည်ရှိသော တပဲကလိုး (ကျွန်းအင်း) တံတားအနီးရှိ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တပ်စခန်းတွင် SAC တပ်ဖွဲ့နှင့် ဒေသခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါတိုက် ပွဲသည် ၂၀၂၄ ခုနှစ်၊ မေလ ၁၀ ရက်နေ့ညမှ မေလ ၁၁ ရက်နေ့မနက်ပိုင်းအထိ ဖြစ်ပွားခဲ့သည်။ ၂၀၂၄ ခုနှစ်၊ မေလ ၁၁ ရက်နေ့မနက်အစောပိုင်းတွင် SAC တပ်ဖွဲ့သည် ၎င်းတို့တပ်စခန်းမှ ဆုတ်ခွာလာခဲ့သည်။ ထို့နောက် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့သည် တပဲကလိုးတံတားကို ဖျက်ဆီးလိုက်သည်။ SAC မှ ဒူးသထူခရိုင်အတွင်း ၎င်းတို့စစ်ရေးလှုပ်ရှားမှု များအား ဆောင်ရွက်ရာတွင် ဤတံတားကို အသုံးပြုကြသည်ဟုဆို၍ KNLA နှင့် PDF တို့က တံတားကို ဖျက်ဆီးခဲ့ရ ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုကို ပြန်လည်တုန့်ပြန်သည့်အနေဖြင့် ရွှေရောင်ပြကျေးရွာအုပ်စုရှိ ကျိုင်တရော (ဇီးဝန်း) ကျေးရွာတွင် အခြေစိုက်သော SAC အမြောက်တပ် (၃၁၄) သည် ကျေးရွာအနီးပတ်ဝန်းကျင်ရှိ က---၊ ဘ---၊ ဆ---၊ ဒ---နှင့်ဃ---ကျေးရွာအစရှိသော ကျေးရွာများအပါအဝင် ရွှေရောင်ပြကျေးရွာအုပ်စုရှိ အခြားကျေးရွာအများအပြားတွင် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည်။

(SAC ပစ်ခတ်လိုက်သည့်) လက်နက်ကြီးများ ပေါက်ကွဲမှုကြောင့် ဆ---ကျေးရွာရှိ ရွာသားနှစ်ဦးထိမှန်သေဆုံးပြီး အခြား ရွာသားခုနှစ်ဦးထိမှန်ဒဏ်ရာရရှိသည့်အပြင် လူနေအိမ်(၁၆)လုံး ပျက်စီးသွားခဲ့သည်။ လက်နက်ကြီးအပိုင်းအစထိမှန်ပြီး သေဆုံးသွားသော ရွာသားနှစ်ဦးမှာ နော်မြသိန်း (၄၈ နှစ်) နှင့် စောဇော်မင်းထွန်း (၄၈ နှစ်)တို့ဖြစ်သည်။ လက်နက် ကြီးထိမှန်၍ ဒဏ်ရာရရှိခဲ့သော ရွာသားခုနှစ်ဦးမှာ နော်ဖ--- (၄၂ နှစ် - လည်ပင်းတွင် ဒဏ်ရာအနည်းငယ်ရ)၊ နော်ဂ--- (၅၂ နှစ် - ညာဖက်ပေါင်တွင်ဒဏ်ရာရ)၊ နော်ဟ--- (၅၀ နှစ် - ကျောကုန်းအပေါ်ပိုင်းနှင့်တင်ပါးတွင် ဒဏ်ရာအနည်း ငယ်ရ)၊ စောဧ--- (၇၃ နှစ် - ညာဖက်တံတောင်ဆစ်တွင် ဒဏ်ရာအနည်းငယ်ရ)၊ နော်သ--- (၁၁ နှစ် - ညာဖက်တံ တောင်ဆစ်တွင် ဒဏ်ရာအနည်းငယ်ရ)၊ နော်က--- (၄ နှစ် - ညာဖက်တံတောင်ဆစ်တွင် ဒဏ်ရာအနည်းငယ်ရ) နှင့် နော်လ--- (၅ နှစ် - ညာဖက်လက်တွင် ဒဏ်ရာအနည်းရ) တို့ဖြစ်သည်။ ထို့အပြင် ရွှေရောင်ပြကျေးရွာအုပ်စုရှိ ဘ---ကျေးရွာတွင်နေထိုင်သော အမျိုးသမီးနှစ်ဦးကိုလည်း ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသောအမျိုးသမီးတစ်ဦးမှာ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးဖြစ်သည်။ (ဘ--- ကျေးရွာမှ အဆိုပါဒဏ်ရာရရှိသောအမျိုးသမီးနှစ်ဦး၏နာမည်များကို မသိ ရှိခဲ့ရပါ။)        

SAC လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသွားသော ဆ---ကျေးရွာမှ ရွာသားနှစ်ဦးသည် လင်မယားဖြစ်ကြသည်။ ၎င်းတို့မှာ သမီးနှစ်ဦးထွန်းကားသည်။ သမီးအကြီးမှာ အသက် (၁၀)နှစ်ဝန်းကျင်ရှိပြီး သမီးအငယ်မှာ အသက်သုံးနှစ် သာရှိသေးသည်။ ယခုတော့ ထိုကလေးနှစ်ဦးသည် မိဘမဲ့ကလေးများ ဖြစ်သွားကြသည်။ လက်နက်ကြီးပစ်ခတ်သည့် အချိန်တွင် အဆိုပါမိသားစုသည် ၎င်းတို့နေအိမ်မှ နီးစပ်ရာ ဗုံးခိုကျင်းထဲသို့ ပြေးပုန်းနေသည့်အချိန်ဖြစ်သည်။ အဆိုပါ လင်မယားနှစ်ဦး၏သမီးများသည် ဗုံးခိုကျင်းထဲသို့ ဝင်ရောက်ပုန်းပြီးနောက် မိဘနှစ်ပါးဖြစ်သူက ဗုံးခိုကျင်းအနားသို့ မရောက်မီအချိန်တွင် လက်နက်ကြီးတစ်လုံးသည် ၎င်းတို့အနားတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ လက်နက်ကြီးအပိုင်း အစများသည် ထိုလင်မယားနှစ်ဦးအား ထိမှန်၍ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ ဤဖြစ်စဉ်နှင့်ပတ်သက်၍ ဆ---ကျေးရွာ တွင်နေထိုင်သည့်နော်မ---က သူမ၏ခံစားချက်ကို KHRG အား ယခုလိုပြောပြသည်။ “လူတွေ (အခြားရွာသားများ) ကျွန်မကို အဲဒီအကြောင်းပြောပြတော့ ကျွန်မတစ်ကိုယ်လုံးတုန်နေတယ်။ (…) သူတို့တွေ (မိဘမဲ့ဖြစ်သွားသည့်ကလေး နှစ်ဦး) အခုချိန်မှာ သူတို့အဖေဖက်က အဖိုး၊ အဖွားနဲ့အတူ နေထိုင်ကြတယ်။ (…) သမီးအကြီးဖြစ်သူက သူမရဲ့ညီမ လေးကို ပွေ့ချီတာကိုမြင်ရတော့ ကျွန်မသူတို့ကို အရမ်းသနားသွားတယ်။ အမဖြစ်သူက ညီမကိုပွေ့ချီတော့မယ့်အချိန် မှာ အမဖြစ်သူပြောတာက ‘ငါတို့မှာ အဖေ၊ အမေမရှိတော့ဘူး’ တဲ့။”

တပဲကလိုးတံတားဖျက်ဆီးခံရပြီးနောက် ဒေသတွင်းအခြေအနေနှင့်ပတ်သက်၍ နော်မ---က SAC သည် ထိုတံတားကို ပြန်လည်ပြုပြင်တည်ဆောက်ပြီးဖြစ်ကြောင်း၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုသည်လည်း ဆက်လက်ဖြစ်ပွားနေ ကြောင်း (၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ရရှိသည့်နောက်ဆုံးသတင်းအရ) ရှင်းပြခဲ့သည်။ နော်မ---မှ ဆက်လက်၍ ဤသို့ပြောသည်။ “လက်နက်ကြီးပစ်ခတ်တဲ့အသံကိုကြားတိုင်း ဒီလက်နက်ကြီးက ဘယ်နေရာမှာ ကျမလဲဆိုတာ ကျွန် မတို့တွေ စိုးရိမ်ကြောက်နေကြတယ်။ (…) လက်နက်ကြီးပေါက်ကွဲတဲ့အသံကို ညတိုင်း ကြားနေရတယ်။ လက်နက် ကြီးပေါက်ကွဲတဲ့အသံကို ကြားရင် ကျွန်မရဲ့ခန္ဓာကိုယ်က ကြောက်စိတ်နဲ့တုန်နေတယ် (စိတ်ဒဏ်ရာများရရှိခြင်း)။”

ဒဏ်ရာရရှိသည့်ရွာသားအများစုသည် ကရင်အမျိုးသားအစည်းအရုံး (KNU)၏ စီမံကွပ်ကွဲမှုအောက်ရှိသော န---ဆေး ခန်းအပါအဝင် ဒေသတွင်းနီးစပ်ရာ ဆေးခန်းများသို့သွား၍ ဆေးကုသမှုများ ခံယူကြသည်။ ဆ---ကျေးရွာတွင် ပျက်စီး သွားသော လူနေအိမ် (၁၆)လုံး၏ပိုင်ရှင်များမှာ နော်ဝ---၊ နော်ပ---၊ နော်ခ---၊ စောရ---၊ နော်စ---၊ စောတ---၊ နော်ဥ---၊ စောဏ---၊ နော်ထ---၊ နော်ည---၊ နော်ယ---၊ နော်ဈ---၊ နော်အအ---၊ နော်ဘဘ---၊ နော်ဆဆ---နှင့်နော်ဒဒ---တို့ ဖြစ်သည်။

(ဤအစီရင်ခံစာတွင်ပါရှိသည့်သတင်းအချက်အလက်များသည် ၂၀၂၄ ခုနှစ်၊ မေလအတွင်း ဒူးသထူခရိုင်တွင် ဖြစ်ပွား သောလက်နက်ကြီးပစ်ခတ်မှုကြောင့် အထူးသဖြင့် ဆ---ကျေးရွာတွင် ရွာသားများ သေဆုံး၊ ဒဏ်ရာရခြင်းနှင့် အိုးအိမ် များပျက်စီးသွားခြင်းအကြောင်းနှင့်ပတ်သက်၍ သတင်းတစ်ချို့သာ ဖော်ပြထားသည်။ လုံခြုံရေးအခြေအနေကြောင့် KHRG ကွင်းဆင်းလုပ်သားများအနေဖြင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အခြားရွာများရှိ ထိခိုက်ပျက်စီးမှုများနှင့် သေ ဆုံး၊ ဒဏ်ရာရမှုများကို သွားရောက်မှတ်တမ်းပြုစုနိုင်ခြင်းမရှိခဲ့ပါ။) 

နေရပ်စွန့်ခွာရွှေ့ပြောင်းရခြင်းနှင့် စားဝတ်နေရေးအခက်အခဲစိန်ခေါ်မှုများ

၂၀၂၃ ခုနှစ်အလယ်လောက်မှစ၍ SAC မှ ရွှေရောင်ပြကျေးရွာအုပ်စုရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက်အန္တရာယ်ရှိသည့်အတွက် ဒေသခံရွာသားများသည် နေရပ်စွန့်ခွာ၍ အခြားနေရာများ သို့ ပြောင်းရွှေ့ရသည့်အခြေအနေကို KHRG အနေဖြင့် သတင်းမှတ်တမ်းပြုစုခဲ့သည်။ ၂၀၂၃ ခုနှစ်အလယ်လောက်မှ ၂၀၂၄ ခုနှစ်၊ ဇွန်လအထိ နေရပ်စွန့်ခွာတိမ်းရှောင်ရသည့်အခြေအနေကိုကြည့်မည်ဆိုလျှင် တစ်ချို့ရွာသားများသည် လက်နက်ကြီးပစ်ခတ်မှုမဖြစ်သည့်အချိန်တွင် ၎င်းတို့ရွာသို့ (ယာယီ) ပြန်လာနေထိုင်ခြင်းနှင့် တစ်ချို့ရွာသားများမှာ နေ့အချိန်တွင်သာ ရွာသို့ပြန်လာပြီး ၎င်းတို့တိရိစ္ဆာန်များကို အစာကျွေးမွေးခြင်းပြုလုပ်ပြီးနောက် ၎င်းတို့စစ်ရှောင်စခန်း သို့ ပြန်သွားရခြင်းစသည့်အခြေအနေကို တွေ့ရှိရသည်။ ရွာသားများသည် ထိုသို့သွားလာလှုပ်ရှားရာတွင် အကြောက် တရားများနှင့် သွားလာနေထိုင်ရသည်။ (၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း လက်ခံရရှိသည့်နောက်ဆုံးသတင်းအရ)  တစ်ချို့ရွာသားများလည်း ယခုအချိန်ထိ ရွာသို့ပြန်လာနိုင်ခြင်း မရှိသေးပေ။

ရွှေရောင်ပြကျေးရွာအုပ်စုရှိ ဆ---ကျေးရွာမှ ရွာသားတစ်ဦးဖြစ်သူ နော်မ---သည် (၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့အထိ) သူမ၏ရွာသို့မပြန်နိုင်သေးသည့်အကြောင်းကို ဤသို့ရှင်းပြသည်။ “စစ်ကောင်စီက ကျွန်မတို့ရွာကို လက်နက်ကြီးနဲ့ မကြာခဏပစ်ခတ်တဲ့အတွက် ရွာသားတွေက ကြောက်ပြီး တောထဲကို ထွက်ပြေးကြတယ်။ (…) လက်နက်ကြီးပစ်တာ ခဏခဏပဲ။ (၂၀၂၃ ခုနှစ်အလယ်လောက်မှာ) ကျွန်မဒဏ်ရာရသွားကတည်းက စစ်ကောင်စီတွေ လက်နက်ကြီးပစ်ခတ် တာ ယခုအချိန်အထိပဲ။ လက်နက်ကြီးပေါက်ကွဲတဲ့အသံကို ခဏခဏကြားရတယ်။ လက်နက်ကြီးပစ်တာကြာလာတော့ ရွာမှာနေဖို့မလုံခြုံတော့ဘူး။ အဲဒါကြောင့် ကျွန်မက ဒီကို (စစ်ရှောင်စခန်း) လာပြီးပြောင်းရွှေ့နေထိုင်ရတယ်။ (…) ကျွန်မအရမ်းပဲကြောက်ခဲ့တယ်။ ကျွန်မရွာကိုပြန်ရင်လုံခြုံမှုမရှိဘူးလို့ ခံစားရတယ်။ ဒီမှာပဲ ကျွန်မရဲ့သားနဲ့အတူ နေထိုင် သွားမယ်။ (…) ကျွန်မအနေနဲ့ စစ်ပဋိပက္ခတွေကို အလိုမရှိဘူး။ ကျွန်မအိမ်ကို ပြန်လာနေထိုင်ချင်ပါတယ်။ ကျွန်မရွာကို ပြန်လာနိုင်ဖို့အတွက် အကြာကြီးစောင့်ခဲ့ရပြီးပြီး။ ဒါပေမဲ့ အခုချိန်ထိ အိမ်မပြန်နိုင်သေးဘူး။”

ရွာသားများသည် နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်ရခြင်းကြောင့် စားဝတ်နေရေးအခက်အခဲများနှင့်ကြုံတွေ့နေရသည်။ အကြောင်းမှာ ရွာသားများသည် ကြောက်လန့်ပြီးထွက်ပြေးတိမ်းရှောင်ရသောကြောင့် စားနပ်ရိက္ခာများနှင့်အခြားအိမ် သုံးပစ္စည်းများကို သယ်ယူသွားနိုင်ခြင်းမရှိခဲ့ခြင်းကြောင့်ဖြစ်သည်။ ထို့အပြင် ရွာသားများသည် စားဝတ်နေရေးအတွက် ၎င်းတို့လယ်ယာစိုက်ပျိုးခင်းများသို့ သွားရောက်လုပ်ကိုင်ရာတွင် လုံခြုံမှုမရှိကြောင်းခံစားရသည်။ နော်မ---မှ ယခုလို ရှင်းပြသည်။ “ကျွန်မတို့အနေနဲ့ စားဝတ်နေရေးအတွက် လယ်ယာ၊စိုက်ပျိုးခြံထဲကိုသွားပြီးအလုပ်လုပ်မယ်ဆိုရင် လုံခြုံမှု မရှိဘူးလို့ခံစားရတယ်။ ကျွန်မတို့တွေ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတယ်။ သူတို့က (SAC) နေ့တိုင်းပဲ လက်နက်ကြီးပစ်ခတ်တယ်။ အဲဒါကြောင့် ကျွန်မတို့တွေ ရွာထဲမှာနေမယ်ဆိုရင် လက်နက်ကြီးအစ အနထိ မှန်ပြီး အသားတစ်ခြား၊ အရိုးတစ်ခြားဖြစ်သွားမယ်။”

ဆ---ကျေးရွာတွင် စာသင်ကျောင်းတစ်ကျောင်းရှိသည်။ သို့သော် ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြစ်ပွားသည့်အချိန်က တည်းက ဤကျောင်းကို ပိတ်ခဲ့ရပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခများ များပြားလာခြင်း ကြောင့် ယခုအချိန်ထိ ကျောင်းကိုပိတ်နေရသည်။ တစ်ချို့ကျောင်းသူ၊ ကျောင်းသားများသည် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) စီမံခန့်ခွဲသော အခြားကျေးရွာများရှိ စာသင်ကျောင်းများတွင် သွားတက်ရောက်ကြသည်။ သို့သော် ကလေးတော်တော်များများသည် ပညာသင်ကြားနိုင်ခွင့်မရှိကြပေ။

Fri, 29 Nov 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင် ကြားပေးထားသော ဒူးသထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက် ခံရသူများ၏အမည်၊ ဓါတ်ပုံနှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထား သောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

Related Readings