ရေဘေးသင့် ကရင်စစ်ရှောင်များ လူသားချင်စာနာမှုအကူအညီ လိုအပ်နေ

Thu, 19 Sep 2024

   

 

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာနယ်မြေများအတွင်းက ရေဘေးသင့် စစ်ရှောင်များ လူသားချင်းစာနာမှုဆိုင်ရာအကူအညီ လိုအပ်နေသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့နှင့် ရေဘေးအကူအညီပေးနေသူတို့က ပြောသည်။

မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် သံလွင်မြစ်ကမ်းဘေးနှင့် သောင်ရင်းမြစ်ကမ်းဘေးရှိ ကရင်စစ်ရှောင်စခန်းများ ရေကြီးရေလျှံမှုဖြစ်ပွားကာ ထောင်နှင့်ချီသည့် စစ်ဘေးရှောင်များ ရေဘေးသင့်ခဲ့ရသည်။

ရာသီဥတုအခြေအနေကြောင့် ရေဘေးသင့်နေသည့် စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ခြင်းမရှိဟု ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက ပြောသည်။

“IDP စခန်းက စစ်ရှောင်တွေက အဝတ်အစားနဲ့ စားနပ်ရိက္ခာက ခက်ခဲလာတာပေါ့။ ကူညီကယ်ဆယ်သူတွေကတော့ ဆေးဝါးစုဆောင်းတာ လုပ်ဆောင်ပေးတယ်။ ရွာလုံးကျွတ် တိမ်းရှောင်နေရတဲ့အခါကတော့ တော်တော်ဆိုးရွားတဲ့ အနေအထားပါ။ လူသားချင်စာနာမှု အကူအညီတွေလည်း အချိန်နဲ့တပြေးညီ မရနိုင်ဘူး။ စားနပ်ရိက္ခာမဟုတ်တဲ့ ကူညီထောက်ပံ့မှု စောင်နဲ့ ခြင်တောင် လိုအပ်နေပေမဲ့လည်း ကူညီကယ်ဆယ်သူတွေအနေနဲ့ မိုးကြီးရေကြီးကာလမှာ သွားရေးလာရေး အခက်အခဲမျိုးစုံရှိနေတယ်” ဟု စောနန္ဒဆူးက ပြောသည်။

စားနပ်ရိက္ခာမလုံလောက်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် စစ်ရှောင်စခန်းများ ယခု ရေဘေးပါ ကြုံတွေ့နေရသည့်အတွက် အကူအညီလိုအပ်မှု အဆိုးဝါးဆုံးအခြေအနေရှိနေသည်ဟု ကရင်စစ်ဘေးရှောင် ကူညီသူတို့က ဆိုသည်။

လက်ရှိတွင် တပ်မဟာ ၅ ရှိ စစ်ရှာင်စခန်းနေရာတွင် ရေပြန်လည်ကျနေပြီးဖြစ်သော်လည်း နေရာထိုင်းခင်း၊ အဝတ်အစား၊ စားနပ်ရိက္ခာနှင့် ဆေးဝါး အကူအညီလိုအပ်နေဆဲဖြစ်ပြီး ကရင်လူထုအခြေပြုအဖွဲ့အစည်းနှင့် လက်လှမ်းမီသည့် နယ်စပ်ဒေသအစုအဖွဲ့တို့က ကူညီဆောင်ရွက်ပေးနေသည်ဟု သိရသည်။

အလားတူ ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ဘားအံမြို့ပေါ်တွင်လည်း စက်လှေ မလုံလောက်မှုကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးနေရသည်ဟု ရေဘေးကူညီကယ်ဆယ်ရေးသမားတို့ထံမှ သိရသည်။

“ကျွန်‌တော်တို့မှာ စက်လှေက ရှိကို မရှိတာ။ အခု သူများအဖွဲ့ကနေ ကူညီတောင်းထားရတယ်။ ကျွန်တော်တို့ စက်လှေကို တော်တော်လိုအပ်နေတယ်။ ဝယ်ဖို့လဲ အလှူခံထားပါတယ်။ စက်ပစ္စည်းအင်အား လူအင်အား ရှိတော့ ဖြစ်တဲ့နေရာကို အားမနာတမ်း သွားလို့ရ တာပေါ့။ ရေဘေးကူညီကယ်ဆယ်ရေးမှာ စက်လှေက အဓိကပဲ။ သူတို့ဆီ သွားရောက်ဖို့အတွက် လှေပဲလိုတာ” ဟု ဘားအံမြို့ခံ ရေဘေးကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောသည်။

လက်ရှိ ကရင်ပြည်နယ် တတိယအကြိမ်ရေကြီးမှုတွင် ဘားအံမြို့ပေါ်ရှိ ရပ်ကွက် ၉ ခုနှင့် သံလွင်မြစ်ကမ်း တလျှောက်ရှိ ကျေးရွာများ ရေကြီးရေလျှံနေပြီး ရေဘေးရှောင်စခန်း ၂၆ ခုတွင် ရေဘေးသင့်ပြည်သူ ‌တစ်သောင်းနီးပါရှိသည်ဟု ကူညီကယ်ဆယ်ရေး အဖွဲ့တို့မှ သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ စက်တင်ဘာလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ သံလွင်မြစ်ရေ ပြန်လည်ကျဆင်းနေသော်လည်း နောက်တစ်ရက်အထိ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေနိုင်ဟု ဆိုထားသည်။

Related Readings