မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ထိန်းချုပ်နိုင်တဲ့ နယ်မြေတွေ ပိုပြီး ကျယ်ပြန့်လာတာနဲ့ အမျှ စစ်ကောင်စီတပ်ဖွဲ့တွေဘက်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တန်ပြန်ထိုးစစ်ဆင်လာမယ့် အန္တရာယ်ကို စိုးရိမ်နေရသလို တစ်ဖက်မှာလည်း ဒီထိန်းချုပ်နယ်မြေတွေမှာ ဖြစ်ပွားတဲ့ အမှုအခင်းတွေကို တရားစီရင်ဖို့ တာဝန်ကိုလည်း ကြိုးစားရယူနေကြပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်မှာဆိုရင် ကရင်အမျိုးသားအစည်းအရုံး KNU ဟာ မြန်မာစစ်တပ်နဲ့ စစ်မြေပြင်မှာ တိုက်ခိုက်နေတဲ့ တစ်ချိန်တည်းမှာပဲ ထိန်းချုပ်နယ်မြေအတွင်းမှာ တိုးပွားလာတဲ့ ရာဇဝတ်မှု မှုခင်းတွေကို ကိုင်တွယ်ဖို့ ကြိုးစားနေရပါတယ်။ အထူးသဖြင့် စစ်ရေးပဋိပက္ခဖြစ်နေတဲ့ ကာလအတွင်းမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေအပေါ်မှာ ကျူးလွန်တဲ့ အမှုတွေ တိုးလာတာကို ကိုင်တွယ်နေရတယ်လို့ KNU တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်ရေးပဋိပက္ခတွေ ဖြစ်တိုင်း ဒီလိုမှုခင်းတွေ ဖြစ်လာတာ ပုံမှန်ပါပဲ။ ဒါပေမဲ့ ဒီလိုအမှုတွေကို ကျူးလွန်တဲ့သူတွေကလည်း ထွက်ပြေးကြတာများတဲ့အတွက် ဒီအမှုတွေကို စစ်ဆေးစီရင်ဖို့ ခက်ခဲတဲ့အကြောင်း KNU ရဲ့ ပြောခွင့်ရ ပဒို စောတောနီးက RFA ကို ပြောပါတယ်။
ကုလသမဂ္ဂရဲ့စာရင်းတွေအရ စစ်ရေးတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာပြီးထွက်ပြေးနေရတာ ကရင်ပြည်နယ်တစ်ခုတည်းမှာတင် ဒေသခံပြည်သူ ၂၂၉၀၀၀ ကျော်လောက် ရှိပါတယ်။ ဒီလိုအခြေအနေမှာ KNU ရဲ့ တရားစီရင်ရေးစနစ်ဟာ မနိုင်ဝန် ထမ်းနေရပြီး၊ ဆိုးဝါးပြင်းထန်တဲ့ အမှုအချို့ကိုတော့ အပြင်းထန်ဆုံး ပြစ်ဒဏ်တွေ စီရင်ခဲ့ရတယ်လို့ KNU တာဝန်ရှိသူတွေက ပြောပါတယ်။
KNU ဟာ မကြာခင်နှစ်တွေအတွင်းမှာ သေဒဏ်စီရင်မှာ နှစ်မှု ဒါမှမဟုတ် သုံးမှုလောက် ရှိခဲ့တယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။ ဒီအမှုတွေအကြောင်း အသေးစိတ်ကိုတော့ သူမသိဘူးလို့ ပြောပါတယ်။ ဒီသေဒဏ်စီရင်မှုတွေနဲ့ ပတ်သက်ပြီး RFA က KNU တရားရေးဌာနကို ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
KNU ဟာ အခုနှစ် ဇန်နဝါရီလမှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးနှစ်ဦးကို မုဒိန်းကျင့်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ အသက် ၆ဝ အရွယ် အမျိုးသားတစ်ဦး သေဒဏ်ချမှတ်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ် ကလည်း အသက် ၉ နှစ်နဲ့ ၁၂ နှစ်အရွယ် ညီအစ်မနှစ်ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ အမျိုးသားနှစ်ဦးကိုလည်း သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
KNU ဟာ ဒေသတွင်းက လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်မှုတွေ ရှိတဲ့ကြားက အခုလိုအမှုတွေအတွက် သေဒဏ်စီရင်ခဲ့တာ ဖြစ်ပါတယ်။
လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့အနေနဲ့ ဘယ်လိုအခြေအနေမှာမဆို ဒီလို သေဒဏ်ချမှတ်တာမျိုးကို လုံးဝဆန့်ကျင်ပါတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က စောနန္ဒာဆူး က ပြောပါတယ်။
အခုအချိန်မှာ အရပ်သားရာဇဝတ်သားတွေကို တရားစစ်ဆေးပြီး စီရင်နိုင်ဖို့ လုံလောက်တဲ့ တရားရေး စနစ်၊ ယန္တရားတွေ မရှိသေးဘူးလို့လည်း သူက ဆိုပါတယ်။
“ကျွန်တော်တို့မှာ ရှိတဲ့ လူအင်အားနဲ့ ရှိတဲ့ အကျဉ်းထောင်တွေနဲ့ ထိန်းချုပ်နယ်မြေတွေထဲမှာ တရားဥပဒေစိုးမိုးမှုရှိဖို့ ကြိုးစားနေရတာ စိန်ခေါ်မှုတွေ အများကြီး ရှိပါတယ်” လို့ KNU ရဲ့ ပြောခွင့်ရ ပဒိုစောတောနီးက ပြောပါတယ်။
“အခုအချိန်ဟာ ကျွန်တော်တို့ရဲ့ ရပိုင်ခွင့်နဲ့ လွတ်လပ်ခွင့်တွေအတွက် တိုက်ပွဲဝင်နေဆဲကာလ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုကိစ္စမျိုးတွေကို အာရုံမစိုက်နိုင်ပါဘူး” လို့ သူက KNU ကနေ သေဒဏ် စီရင်ခဲ့တဲ့အမှုတွေကို ရည်ညွှန်းပြီး ပြောသွားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ ဒီလိုတရားစီရင်ရေး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတာ KNU တစ်ခုတည်း မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသားအဖွဲ့ချုပ် (United League of Arakan - (ULA) နဲ့ ကယားပြည်နယ်ကို ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) တို့လည်း အလားတူအခြေအနေတွေ ကြုံနေရပါတယ်။
ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ တိုက်ခိုက်ရေးအဖွဲ့ ရက္ခိုင့်တပ်တော် (AA) အကြောင်း လေ့လာသူလို့ သူ့ကိုယ်သူ ပြောထားတဲ့ အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးကတော့ လက်ရှိ AA မှာ တရားစီရင်ရေးဆောင်ရွက်ဖို့ လုံလောက်တဲ့ ရှေ့နေ၊ တရားသူကြီးတွေနဲ့ အခြေခံ အဆောက်အဦတွေ ဘာမှမရှိတဲ့အကြောင်း၊ (AA) အဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေတွေထဲမှာ ရှိနေတဲ့ အကျဉ်းထောင်တွေဟာလည်း စစ်ကောင်စီတပ်တွေက အချိန်မရွေး တိုက်ခိုက်တာ ခံရနိုင်တဲ့ အခြေအနေရှိနေတယ်လို့ RFA ကို ပြောပါတယ်။
“AA အဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေတွေ ပိုများလာပြီး၊ ဒီနယ်မြေတွေထဲမှာ နေထိုင်တဲ့ လူဦးရေလည်း များလာတဲ့အတွက် ULA ဟာ အမှုအခင်းမျိုးစုံ ရင်ဆိုင်လာရမှာ သေချာပါတယ်။ အချို့ဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပိုများလာတာ ကြားရနိုင်ပါတယ်” လို့ သူက RFA ကို စာနဲ့ ရေးသားပေးပို့တဲ့ ဖြေကြားချက်မှာ ပြောထားပါတယ်။ အခုအချိန်အထိတော့ ULA ကနေ သေဒဏ်ချမှတ် စီရင်ခဲ့တယ်လို့ မကြားရသေးကြောင်း ပြောပါတယ်။
၂ဝ၂၁ ခုနှစ်က AA ထိန်းချုပ်နယ်မြေထဲက ULA/AA ကနေ တည်ထောင်ထားတဲ့ တရားရုံးတွေမှာ တိုင်ကြားမှုပေါင်း လေးထောင်နီးပါးကို ကိုင်တွယ်ခဲ့တယ်လို့ AA ပြောခွင့်ရသူက ပြောပါတယ်။
အလားတူပဲ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ဟာလည်း ကယားပြည်နယ်မှာ ဒေသခံတွေ စွန့်ခွာထွက်ပြေးသွားတဲ့ နေအိမ်တွေကို လုယက်တာ၊ ခိုးယူတာစတဲ့ အမှုအခင်းတွေကို ကိုင်တွယ်ဖို့နဲ့ အရပ်သားပြည်သူတွေ လုံခြုံရေးအတွက် တာဝန်ယူဖို့ ရဲတပ်ဖွဲ့ဝင်တွေကို သင်တန်းပေးနေပါတယ်။
ဒါပေမဲ့လည်း IEC မှာ ရဲတပ်သားပြတ်လပ်နေပြီး ရဲတပ်ဖွဲ့ဝင်တွေအတွက် လိုအပ်ချက်တွေလည်း အများကြီး ရှိနေတယ်လို့ ကရင်နီရဲတပ်ဖွဲ့ဝင်အချို့နဲ့ စကားပြောခဲ့တဲ့ Fortify Rights အဖွဲ့က ညွှန်ကြားရေးမှုး ဂျွန် ကွင်န်လေက RFA ကို ပြောပါတယ်။
သူတို့ဒေသမှာ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ နေ့တိုင်းလိုလို ဖြစ်နေပါတယ်။ ဒီတိုက်ခိုက်မှုတွေကြားက အိမ်တွေမှာ လိုက်ပြီး ပစ္စည်း ခိုးယူနေတဲ့သူတွေကို တားဆီးရပါတယ်။ အခြေအနေက အရမ်းကိုခက်ခဲနေပါတယ်လို့ ကရင်နီရဲတွေက ပြောပြခဲ့တဲ့အကြောင်း ဂျွန် ကွင်န်လေက ပြောပါတယ်။
“သူတို့ဆီမှာ မှုခင်းတွေကို စစ်ဆေးစီရင်နိုင်မယ့် တရားသူကြီး အရေအတွက် နည်းနည်းပဲ ရှိပြီး အမှုတွေက အရမ်းကို များနေပါတယ်။ အသေးစားခိုးမှုတွေ အများကြီး စစ်ဆေးနေရတာအပြင်၊ လက်နက်ချလာတဲ့ သုံ့ပန်းတွေနဲ့ ပက်သက်တဲ့ အမှုတွေ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဘက်က ကျူးလွန်တာဖြစ်နိုင်တဲ့ အမှုတွေလည်း ရှိနေပါတယ်။ တကယ်ကို များပြားတဲ့ အမှုတွေကို ကိုင်တွယ်နေရတာပါ” လို့ ဂျွန် ကွင်န်လေက RFA ကို ပြောပါတယ်။
မြန်မာစစ်တပ်နဲ့တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပြီးတဲ့နောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်က ထိန်းချုပ်နိုင်ခဲ့တဲ့ မြို့ရွာတွေဟာ တိုက်ပွဲဒဏ်ကြောင့် လုံးဝပျက်စီးပြီး၊ စီမံ အုပ်ချုပ်ရေးအတွက် လိုအပ်တဲ့ အခြေခံ အဆောက်အဦတွေ လုံးဝမရှိတော့တာမျိုး အဖြစ်များနေပါတယ်။
“စစ်ရေးပဋိပက္ခအတွင်း ဗုံးကြဲဖျက်ဆီးခံထားရတဲ့ မြို့ရွာတွေမှာ တရားရုံးတို့ ထောင်တို့ အဆောက်အဦတွေ ပျက်စီးသွားပါတယ်။ စစ်ဆေးနိုင်တဲ့မှုခင်းတွေအတွက် ထောင်ချစရာ အကျဉ်းထောင်လည်း မရှိတော့ပါဘူး။ ဒါကြောင့် တရားစီရင်ရေးအတွက် အလွန်ခက်ခဲပါတယ်” လို့ သြစတြေးလျ အမျိုးသားတက္ကသိုလ် ဥပဒေဌာနက ပါမောက္ခ ဂျိုနာသန် လီဂျီဘလတ က ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက် ထိန်းချုပ်နိုင်တဲ့ ဒေသတွေ ပိုများလာတာနဲ့ အမျှ အခုလို စစ်ရေးတိုက်ခိုက်မှုတွေကြားက ဖြစ်လာတဲ့ မှုခင်းတွေကို ဖြစ်သလို ဖန်တီးထားတဲ့ တရားစီရင်ရေးပုံစံတွေနဲ့ စစ်ဆေးစီရင်တာ ပိုများလာလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက RFA ကို ပြောပါတယ်။