ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ၌ တောအူး (တောင်ငူ) ခရိုင်၊ ဒေါ်ဖားခို(သံတောင်ကြီး) မြို့နယ်အတွင်းဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုအကြောင်းကို ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့၌ ဒေါ်ဖားခိုမြို့နယ်၊ လိပ်သိုမြို့နှင့်တောင်ငူမြို့အကြားဆက်သွယ်ထားသော လမ်းမကြီးပေါ်တွင် ဆားတူးဝေါ် အဖွဲ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်ကားများကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုနေ့အတွင်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် (၇)မိုင်တပ်စခန်းမှ SAC စစ်သားများသည် တောင်ငူမြို့သို့ခရီးသွားလာနေသော လူငယ်နှစ်ဦးကို ထိုပစ်ခတ်တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်မှုရှိသည်ဟု စွပ်စွဲ၍ အဓမ္မဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသည့် လူငယ်နှစ်ဦးအနက် တစ်ဦးမှာ ဆယ်ကျော်သက်အရွယ်ကလေးတစ်ဦးလည်းပါဝင်သည်။ SAC စစ်သားများသည် ထိုလူငယ်နှစ်ဦးကို ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၃၉)တပ်စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ SACစစ်သားများသည် ထိုလူငယ်နှစ်ဦးအား စစ်ဆေးမေးမြန်းရာတွင် မဟုတ်မမှန်သောကိစ္စကို ဝန်ခံစေရန်အတွက် ၎င်းတို့အား ညှဉ်းပမ်း နှိပ်စက်ခဲ့သည်ဟု ရွာသားများက ယုံကြည်ကြသည်။ ဖမ်းဆီးခံရသည့်လူငယ်တစ်ဦး၏မိဘများသည် ဖမ်းဆီးခံရသော လူငယ်နှစ်ဦးကို တွေ့ဆုံနိုင်ရန်အတွက် ခလရ (၃၉) တပ်စခန်းသို့ သွားရောက်ခဲ့သည်။ သို့သော်လည်း SAC မှ တွေ့ဆုံခွင့်မပေးခဲ့ပေ။ ထိုလူငယ်နှစ်ဦး၏အခြေအနေကို မည်သူမှမသိရှိရပါ။ [1]

 

 

ဒေါ်ဖားခိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှု

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၂ရက်နေ့၌ မွန်းလွဲအချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)စစ်သားများဖြင့် ပေါင်းစည်းထားသော ဆားတူးဝေါ်အဖွဲ့ (ဓူဝံကြယ်အဖွဲ့) သည် တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ လိပ်သိုမြို့ရှိ လိပ်သိုတပ်စခန်းသို့ စားနပ်ရိက္ခာများ သယ်ယူပို့ဆောင်ပြီးပြန်လာကြ သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်ကား (၁၂)စီးအား ချုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဆားတူးဝေါ်အဖွဲ့ သည် တပ်မဟာ (၂)၊ KNLA တပ်ရင်း (၅)လက်အောက်ခံအဖွဲ့တစ်ခုဖြစ်သည်။ တိုက်ခိုက်ခံရသည့် SAC စစ်ကားများ သည် တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ကားများ ဖြစ်ကြသည်။ နှစ်ဦးနှစ်ဖက်ကြား အပြန်အလှန်ပစ် ခတ်ကြ၍ တိုက်ပွဲဖြစ်ပွားပြီး (၃)နာရီခန့် ကြာမြင့်ခဲ့သည်။ အဆိုပါတိုက်ပွဲသည် လိပ်သိုမြို့နှင့်တောင်ငူမြို့အကြား ဆက်သွယ်ထားသော လမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့သည်။ PDF စစ်သားများနှင့် ဒေသခံရွာသားများ၏ပြောပြချက်အရ ထိုတိုက်ပွဲအတွင်း SAC စစ်သားတော်တော်များများ သေကြေ၊ ဒဏ်ရာရရှိမှုများရှိခဲ့သည်။ SAC စစ်ကားတစ်စီးမှာ ပျက်စီးသွားခဲ့သည်။ ဆားတူးဝေါ်အဖွဲ့သည် SAC စစ်သားများထံမှ သေနတ် (၇)လက် သိမ်းယူနိုင်ခဲ့သည်။

လူငယ်နှစ်ဦးအား မတရားဖမ်းဆီးခြင်း

တိုက်ပွဲဖြစ်ပွားပြီးနောက် (၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့ ညနေအချိန်တွင်) လမ်းလုံခြုံရေးယူထားသော (၇)မိုင်တပ် စခန်းမှ SAC စစ်သားများသည် ၎င်းတို့တပ်စခန်းအနီးနားတွင်ရှိသော လမ်းမပေါ်တွင် လူငယ်နှစ်ဦးကို ဖမ်းဆီးခဲ့သည်။ ထိုလူငယ်နှစ်ဦးသည် တောင်ငူမြို့သို့ ဆိုင်ကယ်တစ်စီးဖြင့် ခရီးသွားလာနေချိန်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ (၇)မိုင် တပ်စခန်းသည် ဒေါ်ဖားခိုမြို့နယ်၊ တောင်ငူမြို့နှင့်သံတောင်ကြီးမြို့အကြား ဆက်သွယ်ထားသောလမ်းမကြီးအနီးနား တွင် တည်ရှိသည်။ SAC စစ်သားများသည် ထိုလူငယ်နှစ်ဦးကို ဖမ်းဆီးပြီးနောက် ခြေလျင်တပ်ရင်း (ခလရ) အမှတ်  (၃၉)အခြေစိုက်သော (၄)မိုင်တပ်စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ (၄)မိုင်တပ်စခန်းသည် ဒေါ်ဖားခိုမြို့နယ်နှင့်ထောတ ထူမြို့နယ်အစပ်ကြားတွင် တည်ရှိသည်။

ဖမ်းဆီးခံရသည့်လူငယ်နှစ်ဦးသည် စောအ--- (၂၁ နှစ်) နှင့်စောဘ--- (၁၆ နှစ်)တို့ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် သူငယ် ချင်းများဖြစ်ကြသည်။ နှစ်ဦးစလုံးသည် ကရင်လူမျိုးဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်များဖြစ်ကြသည်။ ၎င်းတို့နှစ်ဦးသည် ဒေါ်ဖားခိုမြို့နယ်၊ ဒ---မြို့မှ ရွာသားများဖြစ်ကြသည်။ စောအ---သည် ဖမ်းဆီးခြင်းမခံရချိန်တွင် ဒေါ်ဖားခိုမြို့နယ်၊ ဒေးလိုမူနူဒေသ၊ ဃ---ကျေးရွာသို့ ပြောင်းရွှေ့နေထိုင်သော စစ်ပြေးရှောင်တစ်ဦးဖြစ်သည်။ စောဘ---သည် ဖမ်းဆီးခြင်း မခံရချိန်တွင် ဒေါ်ဖားခိုမြို့နယ်၊ ဆိတ်ဖူးတောင်ကျေးရွာအုပ်စု၊ ဖ---ကျေးရွာသို့ ပြောင်းရွှေ့နေထိုင်သော စစ်ပြေးရှောင် တစ်ဦးဖြစ်သည်။

SAC မှ စောအ---နှင့်စောဘ---တို့အား ဖမ်းဆီးရသည့်အကြောင်းရင်းမှာ စောဘ---၏ဖုန်းထဲတွင် အင်္ကျီပြောက်ကျားနှင့် ရိုက်ထားသောဓာတ်ပုံများကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရွာသားတစ်ချို့က ယူဆကြသည်။ (အဆိုပါရွာသားအချို့သည် စောအ---နှင့်စောဘ---အဖမ်းဆီးမခံရချိန်တွင် ၎င်းတို့နှင့်တွေ့ဆုံခဲ့ပြီး ဖုန်းထဲမှ ဓာတ်ပုံများကို တွေ့ရှိခဲ့သည့်အတွက် ယခုလိုယူဆရခြင်းဖြစ်သည်။) ထို့ကြောင့် SAC စစ်သားများအနေဖြင့် အဆိုပါလူငယ်နှစ်ဦးသည် ၂၀၂၄ ခုနှစ်၊ ဇှုလိုင်လ ၂၂ ရက်နေ့တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) မှ စစ်ကားများအား ပစ်ခတ်တိုက်ခိုက်ခဲ့သော PDF အဖွဲ့ဝင်များ ဖြစ်သည်ဟု စွပ်စွဲ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဒေသခံရွာသားများ၏ပြောပြချက်အရ SAC သည် စောအ---နှင့်စောဘ--တို့အား ခလရ (၃၉)တပ်စခန်းတွင် ထိန်းသိမ်း ချုပ်နှောင်ထားပြီး စစ်ဆေးမေးမြန်းခဲ့ကြသည်။ စစ်ဆေးမေးမြန်းနေစဉ်အတွင်း SAC စစ်သားများမှ စောအ---နှင့် စောဘ---တို့အား ရိုက်နှက်၍ ညှဉ်းပမ်းနှိပ်စက်ခဲ့သည်ဟု ရွာသားများက ယုံကြည်ကြသည်။ ဤသို့ ညှဉ်းပမ်းနှိပ်စက်မှုကြောင့် လူငယ်နှစ်ဦးသည်အလွန်ကြောက်ရွံ့သွားကြသည့်အတွက် SAC စစ်သားများမှ ၎င်းတို့အား မည်သည့် အကြာင်းအရာများမဆို မေးလာခဲ့လျှင် ၎င်းတို့လည်း “ဟုတ်ကဲ့” ဟုသာပြန်ဖြေကြသည်။ ဥပမာအားဖြင့် SAC မှ ထိုလူငယ်နှစ်ဦးအား PDF အဖွဲ့ဝင်လားဟုမေးမြန်းရာတွင် ၎င်းတို့လည်း (ညှဉ်းပမ်းနှိပ်စက်ခံရမှာ ကြောက်သည့်အတွက်) “ဟုတ်ကဲ့” ဆို၍ ပြန်ဖြေကြသည်။ အမှန်တကယ်တွင် ထိုလူငယ်နှစ်ဦးသည် PDF အဖွဲ့ဝင်များ မဟုတ်ကြပါ။ (ဤဖြစ်စဥ်နှင့်ပတ်သက်၍ ခလရ - ၃၉ မှ SAC အရာရှိဟောင်းတစ်ဦးသည် ရွာသားတစ်ဦးအား ပြောပြခဲ့ပြီး ထိုရွာသားသည် KHRG အား ပြန်လည်ပြောပြရာတွင် စောဘ---အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၂ရက်နေ့တွင်ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် ပါဝင်ခဲ့သည်ဟု SAC အား ဝန်ခံခဲ့သည်။ သို့သော်လည်း စောအ---နှင့်စောဘ---တို့သည် PDF အဖွဲ့ဝင်များမဟုတ်ကြောင်း စောအ---၏မိခင်နှင့်အခြားရွာသားများက KHRG အား တင်ပြခဲ့သည်။)

SAC စစ်သားများမှ စောအ---နှင့်စောဘ---တို့အား ခလရ (၃၉)တပ်စခန်းသို့ခေါ်ဆောင်သွားပြီးနောက် စောအ---၏မိဘ များသည် စိတ်ပူပန်မိသည့်အတွက် ၎င်းတို့၏သားဖြစ်သူ(နှင့်သား၏သူငယ်ချင်းကို) တွေ့ဆုံရန်အတွက် (အချိန်မသိရ) ခလရ (၃၉)တပ်စခန်းသို့သွားရောက်ခဲ့သည်။ တပ်စခန်းသို့ရောက်ရှိသည့်အချိန်တွင် စောအ---၏မိဘသည် စောအ---နှင့်စောဘ---တို့အား တွေ့ချင်သည့်အကြောင်း SAC အား တောင်းဆိုခဲ့သည်။ သို့သော်လည်း SAC သည် ၎င်းတို့အား တွေ့ဆုံခွင့်မပေးခဲ့ပေ။ စောအ---၏မိဘသည် ၎င်းတို့သားကြုံတွေ့ရသည့်ဖြစ်စဉ်ကို ဃ---ကျေးရွာအုပ်ချုပ်ရေးမှူးအား ပြောပြခဲ့ပြီး သားဖြစ်သူအနေဖြင့်ပြန်လည်လွတ်မြောက်လာရန်အတွက် အကူအညီတောင်းခံခဲ့သည်။ (၂၀၂၄ ခုနှစ်၊ သြဂုတ်လအထိ လက်ခံရရှိသည့်သတင်းအရ အဆိုပါလူငယ်နှစ်ဦးသည် လွတ်မြောက်လာခြင်းမရှိသေးဘဲ ၎င်းတို့မိသား စုဝင်များအနေဖြင့် ၎င်းတို့၏အခြေအနေနှင့် မည်သည့်နေရာတွင်ရှိနေသည်ကို သိရှိခြင်းလည်း မရှိခဲ့ပေ။)

Fri, 30 Aug 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော တောအူးခရိုင်ရှိဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအားဖော်ပြထားပါသည်။ ချိုးဖောက် ခံရသူများ၏ အမည်၊ ဓာတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထား သောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

 

Related Readings