ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၄ ခုနှစ်၊ မေလအတွင်း တောအူး (တောင်ငူ)ခရိုင်၊ ထောတထူ (ထန်းတ ပင်) မြို့နယ်တွင်ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်၊ မေလ ၂၂ ရက်နေ့ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၃၉)မှ စစ်သားများသည် ၎င်းတို့၏ တပ်စခန်းအရှေ့တွင်ရှိသောလမ်းမပေါ်တွင် ဆိုင်ကယ်ဖြင့် ခရီးသွားလာနေသည့်ရွာသားနှစ်ဦးကို ပစ်ခတ်ခဲ့သည်။ ခလရ (၃၉) တပ်စခန်းသည် ထောတထူမြို့နယ်၊ ဂ---ကျေးရွာအုပ်စု၊ အ---ကျေးရွာတွင် တည်ရှိသည်။ အဆိုပါရွာသားနှစ်ဦး သည် ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့်အချိန်အတွင်း ခရီးသွားလာနေစဉ် SAC မှ ၎င်းတို့အား ပစ်ခတ်ခဲ့သည်။ အပစ်ခတ်ခံရသည့်ရွာသားတစ်ဦးမှာ အသက် (၁၇) နှစ်သာရှိသေးသည်။ အသက် (၁၇) နှစ်အရွယ်ရှိသော ရွာသား တစ်ဦးသည် သေနတ်ကျည်ဆံထိမှန်ပြီး ထိုနေရာတွင် သေဆုံးခဲ့သည်။ ကျန်ရှိသောအခြားရွာသားတစ်ဦးကို SAC စစ်သားများ က အဓမ္မဖမ်းဆီးချုပ်နှောင်၍ ညှဉ်းပမ်းနှိပ်စက်ခဲ့သည်။ SAC စစ်သားများသည် အဆိုပါရွာသားကို ခလရ (၃၉) တပ်စခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး ၎င်းအား ထိုးနက်ခဲ့ပြီး ဆေးလိပ်မီးဖြင့်လည်းတို့ခဲ့သည်။ ထိုရွာသား အနေဖြင့် ဖမ်းဆီးချုပ်နှောင်ထားသည့်အချိန်အတွင်း သောက်သုံးရေ၊ စားစရာများနှင့် ဆေးဝါးကုသမှုများ မရရှိခဲ့ပါ။ နောက်တစ်နေ့တွင် SAC မှ ထိုရွာသားအား လွတ်ပေးခဲ့သည်။ ဤအခင်းဖြစ်ပွားသည့်အချိန်မှစ၍ ထိုရွာသားသည် အိမ်အပြင်သို့ ထွက်ရန် ကြောက်ရွံ့နေခဲ့ပြီး အလုပ်သွားမလုပ်နိုင်ခဲ့ပေ။ ထိုရွာသားနှင့်၎င်း၏မိသားစုဝင်များအနေဖြင့် ဤဖြစ်စဉ်ကို ပြောပြရန်ကြောက်ရွံ့ခဲ့သည်။ အကြောင်းမှာ SAC မှ သိရှိသွားပါက ၎င်းတို့အား တစ်ခုခုပြန်လုပ်မည်ကို စိုးရိမ်ကြောက်ရွံ့နေသောကြောင့်ဖြစ်သည်။ [1]

 

 

SAC စစ်သားများမှ ရွာသားများအား သေနတ်ဖြင့်ပစ်ခတ်ခြင်း

ကိုဆ---သည် တောအူး(တောင်ငူ)ခရိုင်၊ ထောတထူ(ထန်းတပင်)မြို့နယ်၊ ဂ---ကျေးရွာအုပ်စု၊ ဘ---ကျေးရွာတွင် နေထိုင် သောရွာသားတစ်ဦးဖြစ်သည်။ သူသည် ဆိုင်ခန်းတစ်ခန်းကိုဌားပြီး ဆိုင်ကယ်ပြင်ဆိုင်ဖွင့်၍ အသက်ဝမ်းကျောင်းပြုနေ သူတစ်ဦးဖြစ်သည်။ ဤဆိုင်ကယ်ပြင်ဆိုင်သည် ဂ---ကျေးရွာအုပ်စု၊ အ---ကျေးရွာတွင် တည်ရှိသည်။ ဤဆိုင်ခန်းသည် အ---ရွာသားတစ်ဦးဖြစ်သူ ဒ---၏ဆိုင်ခန်းဖြစ်ပြီး ၎င်း၏နေအိမ်ကပ်ရပ်တွင် တည်ရှိသည်။ ကိုဆ---သည် မနက်ပိုင်း တွင် ဆိုင်ကယ်ပြင်ဆိုင်သို့အလုပ်သွားလုပ်ပြီး ညနေပိုင်းတွင် အလုပ်သိမ်းပြီး အိမ်ပြန်လာလေ့ရှိသည်။ ကိုဆ---၏အိမ် သည် ၎င်း၏ဆိုင်ကယ်ပြင်ဆိုင်နှင့်မိုင်ဝက်ခန့် ကွာဝေးသည်။

၂၀၂၄ ခုနှစ်၊ မေလ ၂၂ ရက်နေ့တွင် မောင်ဃ---သည် ၎င်း၏ဆိုင်ကယ်ကိုပြုပြင်ရန် ကိုဆ---၏ဆိုင်ကယ်ပြင်ဆိုင်သို့ သွား ခဲ့သည်။ မောင်ဃ---သည် အသက် (၁၇) နှစ်ရှိပြီး ကိုဆ---နှင့်သူငယ်ချင်းများဖြစ်ကြသည်။ မောင်ဃ---သည် ဂ---ကျေး ရွာအုပ်စု၊ ဧ---ကျေးရွာ၊ ဖ---ရပ်ကွက်တွင် နေထိုင်ပါသည်။ မောင်ဃ---၏ဆိုင်ကယ်ပြုပြင်ပြီးနောက် ကိုဆ---သည် ညနေပိုင်းတွင် အိမ်အတူတူပြန်ကြမည်ဆိုပြီး မောင်ဃ---အား စောင့်ခိုင်းရန် တောင်းဆိုခဲ့သည်။ ညနေရောက်သောအခါ ကိုဆ---နှင့်မောင်ဃ---သည် ဆိုင်ကယ်တစ်ယေက်တစ်စီးဖြင့် အိမ်အတူတူ ပြန်လာခဲ့သည်။

ညနေ (၇) နာရီခန့်၌ အိမ်သို့ပြန်လာသည့်လမ်းတွင် ကိုဆ---နှင့်မောင်ဃ---သည် (အ---ကျေးရွာအတွင်းရှိ) နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေလျင်တပ်ရင်း (ခလရ)အမှတ် (၃၉)တပ်စခန်း၏အရှေ့သို့ဖြတ်မောင်းသွားသည့် အချိန်တွင် ခလရ (၃၉)မှ SAC စစ်သားများသည် ၎င်းတို့နှစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။ (ကိုဆ---နှင့်မောင်ဃ---သည် တပ်စခန်းဂိတ်ကိုကျော်၍မောင်းနေသည့်အချိန်တွင် SAC စစ်သားသည် အနောက်မှနေ၍ ၎င်းတို့အား ပစ်ခတ်ခဲ့ သည်။) သေနတ်ကျည်ဆံတစ်လုံးသည် မောင်ဃ---၏နောက်ကျောအား ထိမှန်၍ ဆိုင်ကယ်ပေါ်မှ လဲကျသွားခဲ့သည်။ ဆိုင်ကယ်ပေါ်မှလဲကျသည့်နေရာသည် ဆံပင်ညှပ်ဆိုင်အရှေ့ရှိ ကတ္တရာလမ်းမပေါ်တွင်ဖြစ်သည်။ ဆံပင်ညှပ်ဆိုင်၏ နာမည်သည် “ဟ---ဆိုင်” ဖြစ်ပြီး ခလရ (၃၉)တပ်စခန်းကပ်ရပ်တွင်တည်ရှိသည်။ မောင်ဃ---သည် ကျည်ဆံထိမှန်၍ လဲကျသွားပြီး ထိုနေရာတွင် သေဆုံးခဲ့သည်။ (အ---ကျေးရွာမှ ရွာသားများသည် သေနတ်ပစ်ခတ်သံအချက်ပေါင်းများစွာ ကြားခဲ့ရသည်ဟု သိရှိရသည်။ SAC သည် သေဆုံးနေသော မောင်ဃ---အား တစ်နေရာသို့သယ်ဆောင်သွားသည်ကို တပ်စခန်းအနီးအနားတွင် နေထိုင်သော ရွာသားများက မြင်တွေ့ခဲ့သည်။)

ဘ---ကျေးရွာရှိ SAC စစ်ဆေးရေးဂိတ်အနားတွင် ဆိုင်းဘုတ်တစ်ခုကပ်ထားပါသည်။ ထိုဆိုင်းဘုတ်တွင် ည (၆) နာရီမှ မနက် (၆) နာရီအထိ မည်သူမှအပြင်မသွားရဆိုသည့်မာရှယ်လောထုတ်ပြန်ချက်ကို ရေးသားထားပါသည်။ အဆိုပါ ရွာ သားနှစ်ဦးသည် ခလရ (၃၉)တပ်စခန်းအရှေ့သို့ရောက်သောအခါ SAC စစ်သားများမှ ၎င်းတို့နှစ်ဦးကို ရပ်ခိုင်းခဲ့ပြီး မရပ် ခဲ့သည့်အတွက်ကြောင့် ၎င်းတို့အား ပစ်ခတ်ခဲ့သည်ဟုဆို၍ ကောလဟလသတင်းများလည်း ထွက်ပေါ်နေပါသည်။ (ယခင်က ရွာသားများသည် ညမထွက်ရကန့်သတ်ထားသည့်အချိန်ကိုကျော်၍ အပြင်သို့သွားလာနေကြပြီး ဘာမှမဖြစ် သည့်အတွက် ၎င်းတို့နှစ်ဦးလည်း ဘာမှဖြစ်မှာမဟုတ်ဟုယူဆ၍ ညအချိန်တွင် သွားလာခဲ့ခြင်းဖြစ်ကြောင်း ကိုဆ---၏သူငယ်ချင်းတစ်ဦးက KHRG အား ရှင်းပြခဲ့သည်။ ထိုတပ်စခန်းအနီးအနားတွင် စစ်ဆေးရေးဂိတ်မရှိပါ။)

ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် ညှဉ်းပမ်းနှိပ်စက်ခြင်း

(မောင်ဃ---အား သေနတ်ကျည့်ဆံထိမှန်သည့်အချိန်တွင် ကိုဆ---သည် ဆိုင်ကယ်မမောင်းတော့ပဲ ရပ်တန့်ခဲ့သည်။) ထို့ နောက် SAC စစ်သားများသည် ကိုဆ---ကို ဖမ်းဆီးခဲ့ပြီး (SAC) ခလရ (၃၉) တပ်စခန်းတွင် တစ်ညတာ ချုပ်နှောင် ခဲ့သည်။ နောက်တစ်နေ့တွင် ကိုဆ---အား (ဘာမှမရှင်းပြပဲ) ပြန်လည်လွတ်ပေးခဲ့သည်။ ညှဉ်းပမ်းနှိပ်စက်မှုကြောင့် သူ၏မျက်နှာမှာ ဒဏ်ရာများဖြင့် ဖုရောင်ညိုမဲနေသည်ကို (အ--- ကျေးရွာမှ) ရွာသားများက မြင်တွေ့ခဲ့သည်။

ကိုဆ---အဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ ၂၀၂၄ ခုနှစ်၊ မေလ၏နောက်ဆုံးတစ်ပတ်အတွင်း အခင်းဖြစ်ပွားပြီးနောက် ရက် အနည်းငယ်အကြာတွင် KHRG မှ လက်ခံရရှိသည့်သတင်းအရ -

SAC စစ်သားများသည် ကိုဆ---အား လမ်းမပေါ်တွင် ဖမ်းဆီးသည့်အချိန်တွင် ၎င်းတို့မှ ကိုဆ---ကို “မင်းရဲ့ဆိုင်ကယ်မှာ ဓာတ်ဆီရှိလား” လို့မေးမြန်းခဲ့သည်။ ကိုဆ---မှ ဓာတ်ဆီရှိသည်ဟု ပြန်ဖြေခဲ့သည်။ ထို့နောက် SAC စစ်သားများသည် ကိုဆ---၏ဆိုင်ကယ်ထဲမှ ဓာတ်ဆီကိုထုတ်ပြီး ကိုဆ---၏ခြေထောက်ပေါ်သို့လောင်းချ၍ မီးရှို့ခဲ့သည်။ ကိုဆ---၏ခြေ ထောက်သည် မီးလောင်၍အရေခွံများ ကွာကျလာသည်။ ကိုဆ---အား တပ်စခန်းထဲတွင် ဖမ်းဆီးချုပ်နှောင်နေစဉ်အ တွင်း SAC စစ်သားများသည် ၎င်းအား ညှဉ်းပမ်းနှိပ်စက်ခဲ့သည်။ SAC စစ်သားများသည် ကိုဆ---အား ဆေးလိပ် ကမ်းပေးခဲ့သည်။ ကိုဆ---မှ ဆေးလိပ်ယူသည့်အချိန်တွင် SAC စစ်သားများက သူ့မျက်နှာကို ဆေးလိပ်မီးနှင့်တို့ပြီး ထိုးနက်ခဲ့သည်။ ဖမ်းဆီးချုပ်နှောင်ခံရစဉ်အတွင်း ကိုဆ---အနေဖြင့် စားစရာ၊ သောက်ရေ သို့မဟုတ် ဆေးဝါးကုသမှုများ မရရှိခဲ့ပါ။

ဆိုးရွားသည့်ဖြစ်စဉ်ကိုကြုံတွေ့ရပြီးနောက် ကိုဆ---သည် အိမ်အပြင်သို့မသွားလာရဲတော့ပါ။ သူ့အနေဖြင့် အလုပ်သို့ သွားရန်လည်း လုံခြုံမှုမရှိဟု ခံစားနေရသည်။ အခင်းဖြစ်ပွားပြီးနောက်လည်း ကိုဆ---သည် မည်သည့်ကူညီထောက်ပံ့ မှုများ သို့မဟုတ် ဆေးဝါးကုသမှုများ လက်ခံရရှိခြင်းမရှိခဲ့ပေ။ ဤဖြစ်စဉ်နှင့်ပတ်သက်၍ ကိုဆ---သည် သူ၏မိသားစုနှင့် ရင်းနှီးသည့်သူငယ်ချင်းများအား ပြောပြခဲ့သည်။ ကိုဆ---နှင့်သူ၏မိသားစုသည် ဤဖြစ်စဉ်အကြောင်းကို အခြားသူများ အား ပြောပြရန်ကြောက်ရွံ့ခဲ့သည်။ အကြောင်းမှာ ထိုဒေသအား ထိန်းချုပ်ထားသော SAC စစ်သားများမှ သိရှိသွားပါက ၎င်းတို့အားပြန်လည်တုံ့ပြန်မည်ကိုစိုးရိမ်ကြောက်ရွံ့နေသောကြောင့်ဖြစ်သည်။ ကျူးလွန်သူများကို အရေးယူရန်အတွက် မည်သည့်စစ်ဆေးဆောင်ရွက်မှုများမှ မရှိခဲ့ပါ။

မောင်ဃ---၏ရုပ်အလောင်းကို ပြန်လည်ရယူရန်ကြိုးစားခြင်း

၂၀၂၄ ခုနှစ်၊ မေလ ၂၃ ရက်နေ့မနက်တွင် မောင်ဃ---၏မိဘသည် ခလရ (၃၉)တပ်စခန်းသို့သွား၍ ၎င်းတို့၏သားဖြစ်သူ ရုပ်အလောင်းကိုပြန်ပေးပါဟု တောင်းဆိုခဲ့သည်။ (မောင်ဃ---၏ရုပ်အလောင်းကို တောင်ငူဆေးရုံတွင် ထားရှိထား သည်။) သို့သော်လည်း SAC သည် သားဖြစ်သူ၏ရုပ်အလောင်းကို မိဘဖြစ်သူအား ပြန်မပေးခဲ့ပေ။ (မောင်ဃ---၏ရုပ် အလောင်းကို မိဘဖြစ်သူအား ပြန်မပေးရသည့်အကြောင်းကို SAC မှ ဘာမှမရှင်းပြခဲ့ပေ။) ၂၀၂၄ ခုနှစ်၊ မေလ ၂၄ ရက် နေ့တွင် မောင်ဃ---၏မိဘများ၊ ဂ---ကျေးရွာအုပ်စုမှ ဒေသခံဘုန်းကြီးများနှင့် ရပ်မိရပ်ဖများသည် စုဖွဲ့၍ မောင်ဃ---၏ရုပ်အလောင်းကို ပြန်လည်ရရှိရန် SAC သို့သွားရောက်တောင်းဆိုခဲ့ပြန်သည်။ ဤတစ်ကြိမ်တွင် SAC အနေဖြင့် ၎င်းတို့အားလုံးမှ ခံဝင်လက်မှတ်ထိုးပြီးမှသာ ရုပ်အလောင်းကို ပြန်ပေးမည်ဟုပြောခဲ့သည်။ (ဤသေဆုံးမှုနှင့်ပတ် သက်၍ SAC မှ တာဝန်မရှိကြောင်း ခံဝင်လက်မှတ်ရေးထိုးခိုင်းခြင်းဖြစ်သည်ဟု ယူဆရသည်။) အားလုံးမှ ခံဝင်လက် မှတ်ရေးထိုးပြီးနောက် SAC မှ ၎င်းတို့အား မောင်ဃ---၏ရုပ်အလောင်းကို ပြန်ပေးခဲ့သည်။

(မောင်ဃ---၏သေဆုံးမှုအကြောင်းကို ကိုဆ---၏သူငယ်ချင်းတစ်ဦးမှ ပြောပြချက်အရ မောင်ဃ---၏ခန္ဓာကိုယ်တွင် မြင်တွေ့ရသည့်ကျည်ဆံအပေါက်ကို ကြည့်မည်ဆိုလျှင် သေနတ်ကျည်ဆံသည် သူ၏နောက်ကျောကို ထိမှန်၍ ရင် ဘတ်သို့ဖြတ်ပြီး ပေါက်ထွက်သွားကြောင်းဖြစ်ရမည်ဖြစ်သည်။ ဤအကြောင်းကို တောင်ငူဆေးရုံသို့သွား၍ မောင်ဃ---၏ရုပ်အလောင်းကို ပြန်လာသယ်ယူသည့်ရွာသားတစ်ဦးမှ ကိုဆ---၏သူငယ်ချင်းဖြစ်သူကို ပြောပြခဲ့ခြင်းဖြစ်သည်။)

Wed, 31 Jul 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၄ ခုနှစ်၊ မေလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင် ကြားပေးထားသော တောအူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား  ဖော်ပြထားပါသည်။ ချိုးဖောက် ခံရသူများ၏ အမည်၊ ဓါတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

Related Readings