အရပ်သားတွေ ညှဉ်းပန်းနှိပ်စက်ခံရမှု ပိုဆိုးလာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ပြော

Thu, 27 Jun 2024

   

 

မြန်မာပြည်အရှေ့တောင်ပိုင်းဒေသမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အ ရေးချိုးဖောက်မှုတွေ ပိုမိုဆိုးရွားလာပြီး အဲဒီထဲမှာ အရပ်သားတွေ ညှဉ်းပန်းနှိပ်စက်ခံရတဲ့ဖြစ်စဉ်တွေ ပိုမိုများပြားလာခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့KHRG က ပြောပါတယ်။

ဇွန် ၂၆ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက် ပံ့ရေးနေ့မှာ KHRG က မြန်မာအရှေ့တောင်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ် သက်ပြီး သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ် တစ်နှစ်ထဲမှာ ကျူးလွန်ခံရသူ အရပ်သား ၃၇ ဦးထက်မနည်းပါဝင်တဲ့ ဖြစ်ရပ် ၃၃ ခုကို စစ်ကောင်စီတပ်က အဓိကကျူးလွန်ခဲ့တယ်လို့ KHRG က မှတ်တမ်းပြုစုချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲ ဒါမှမဟုတ် တိုက်ခိုက်ခံရပါက လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တို့ရဲ့ လှုပ်ရှားမှုတွေအကြောင်း သတင်းအချက်အလက်တွေ၊ အတင်းအကျပ်ဝန်ခံချက်တွေကို ရယူဖို့အတွက် ရွာသားတွေအပေါ် အဓမ္မဖမ်းဆီးချုပ်နှောင်တာတွေ ပြုလုပ်လေ့ရှိတယ်လို့ KHRG က ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တို့နဲ့ ဆက်နွယ်ထောက်ပံ့နေတယ်လို့ သံသယရှိတဲ့ ရွာသားတွေအပေါ် ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုနဲ့ အခြားသောအ ကြမ်းဖက်မှုတွေကို ကျူးလွန်လေ့ရှိတယ်လို့ KHRG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

စစ်ကောင်စီနဲ့ ဆက်စပ်နေတဲ့လက်နက်ကိုင်အဖွဲ့တွေကလည်း ရွာသားတွေကို ညှဉ်းပန်းနှိပ်စက်တာတွေကို ကျူးလွန်နေကာ အရပ်သားတွေအပေါ် အာဏာအလွဲသုံးစားမှုပြုတာကြောင့် ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ ရွာသားတွေကို အဓမ္မဖမ်းဆီးပြီး တိုက်ခိုက်ခံရနိုင်ခြေရှိတဲ့ နယ်မြေတွေထဲကို သွားလာရာမှာ လူသားဒိုင်းပေါ်တာအဖြစ် ခိုင်းစေပြီး ရွာသားတွေကို လေးလံတဲ့ဝန်တွေ သယ် ဆောင်ခိုင်းတာ၊ ရွာသားတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း နှုတ်နဲ့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေလည်း ရှိတယ်လို့ ထုတ်ပြန်ပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ရွာသား ၉၇ ဦးထက်မနည်းပါဝင်တဲ့ လူသားဒိုင်းအဖြစ် အသုံးပြုမှုနဲ့ အဓမ္မပေါ်တာအဖြစ် ခိုင်းစေမှုတွေကို ဖော်ပြတဲ့ ဖြစ်စဉ် ၁၃ ခုကို ကရင်လူ့အခွင့်အရေးအဖွဲ့KHRG က မှတ် တမ်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေ ကျူးလွန်ခဲ့တဲ့ ကြီးလေးတဲ့ရာဇဝတ်မှုတွေကို အသိအမှတ်ပြုဖို့၊ စစ်ကောင်စီကို ထောက်ခံတာ ဒါမှမဟုတ် တရားဝင်စေမှုကနေ ရှောင်ကြဉ်ပြီး ဘက်မလိုက်ပဲ လွတ်လပ်တဲ့ တရားရုံးတွေမှာ မြန်မာစစ်ခေါင်းဆောင်တွေကို တာဝန်ခံစေဖို့ KHRG က တိုက်တွန်းထားပါတယ်။

Related Readings

There is no data.