မြန်မာပြည်အရှေ့တောင်ပိုင်းဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေနှင့်ပတ်သက်၍ KHRG ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးနှင့် မေးမြန်းချက်

Wed, 19 Jun 2024

   

 

“ဒီညှဉ်းပမ်းနှိပ်စက်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုမှန်သမျှ ကျူးလွန်တဲ့ ပြစ်မှုကျူးလွန်သူ မည်သူမဆိုတာဝန်ယူမှု၊ တာဝန်ခံမှုရှိလာအောင် ဝိုင်းဝန်းပြီးမှ လုပ်ဆောင်ပေးဖို့လိုတယ်”

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသ ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံး ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးလက်ဒေသများတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း အရပ်သားပြည်သူလူထုအပေါ် စစ်ကောင်စီတပ်အပါအဝင် ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းများ၏ ဖမ်းဆီးချုပ်နှောင် ညှဉ်းပမ်းနှိပ်စက်မှု ပိုမိုများပြားလာသည်ဟု မြန်မာပြည်အရှေ့ တောင်ပိုင်းဒေသရှိ လူ့အခွင့်အရေးချိုးဖောက်ခံရသည့် အခြေအနေများကို ကွင်းဆင်းဖော်ထုတ်ပေးခြင်း၊ လူ့အခွင့် အရေးချိုးဖောက်ခံနေရသူများအတွက် တရားမျှတမှုရရှိစေရေးအတွက် ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်းများကို တိုက်တွန်းလှုံ့ဆော်ပေးခြင်းများ လုပ်ဆောင်နေသည့် ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG က ပြုစုထုတ်ပြန်ထားသော “သေရာပါ ဒဏ်ရာများ”ခေါင်းစဉ်ပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာတွင် ကေအဲန်ယူ ထိန်းချုပ်နယ်မြေတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း အရပ်သား ပြည်သူလူထုများ၏ ညဉ်းပမ်းနှိပ်စက်ခံရသည့်ဖြစ်စဉ် ၃၃ ခု အနက် အရပ်သား ၃၇ ဦးမှာ မတရားဖမ်းဆီးချုပ်နှောင် ညှဉ်းပမ်းနှိပ်စက်ခံခဲ့ရသည်ဟု ဖော်ပြထားသည်။ ထိုဒေသအတွင်း ကျေးလက်နေ ပြည်သူလူထုများမတရား လူ့အခွင့်အရေးချိုးဖောက်ခံရသည့်ဖြစ်စဉ် အပေါ် ထုတ်ပြန်ထားသည့် အစီရင်ခံစာနှင့်ပတ်သက်ပြီး KHRG အဖွဲ့၏ ပြောခွင့်ရ စောနန္ဒဆူးနှင့် ဆက်သွယ်မေးမြန်းထားသည်များကို စုစည်းဖော်ပြလိုက်ပါသည်။

မေး။ ။ ၂၀၂၃ ခုနှစ်အတွင်း မြန်မာပြည်အရှေ့တောင်ပိုင်းမှာ ကျေးလက်နေ အရပ်သားပြည်သူတွေ မတရား ညှဉ်းပမ်းနှိပ်စက်ခံရမှုများလာတဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး အကျဉ်းချုပ် ပြောပြပေးပါအုံး။
ဖြေ။ ဒီအစီရင်ခံစာက ၂၀၂၃ခုနှစ်အတွင်းပေါ့နော်၊ ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ ညှဉ်းပန်း နှိပ်စက်မှုနဲ့ပတ်သက်ပြီး ကျနော်တို့က ခြုံငုံပြီးတော့ သုံးသပ်ထားတဲ့အစီရင်ခံစာဖြစ်တယ်။ ဒါ ကျနော်တို့ရဲ့မှတ်တမ်းပြုစုထားတဲ့ စာရင်းအရ ဒီမြန်မာပြည်အရှေ့တောင်ပိုင်းမှာရှိတဲ့ ရွာသူ ရွာသားတွေ ကြုံတွေ့နေရတဲ့ ညှဉ်းပမ်းနှိပ်စက်မှုနဲ့ပတ်သက်ပြီးတော့မှ သုံးသပ်ထားတဲ့ အစီရင်ခံစာဖြစ်တယ်။ ဒီထဲမှာဆိုရင်တော့ စစ်ကောင်စီတပ်အပါအဝင် တခြားလက်နက်ကိုင်တပ်ဖွဲ့တွေ ကနေပြီးတော့မှ ကျူးလွန်ခဲ့တဲ့ ရွာသားတွေအပေါ်မှာ ခြုံငုံသုံးသပ်ထားတာဖြစ်တယ်။

မေး။ ။ ဖမ်းဆီးနှိပ်စက်ခံရတဲ့သူတွေဟာ အဓိက ဘယ်လိုကိစ္စနဲ့အကြောင်းပြပြီး ဖမ်းဆီးကြတာတွေ့နေရလဲ။ ပြီးတော့ ဘယ်လိုပုံစံမျိုးတွေ ညှဉ်းပမ်းနှိပ်စက်ကြလဲ။
ဖြေ။ ။ ပြည်သူလူထုကို ဖမ်းဆီးနှိပ်စက်တာကို ပြောရမယ်ဆိုရင် နှစ်ပိုင်းရှိတာပေါ့။ အရင်ဦးဆုံးက စစ်ကောင်စီပေါ့၊ အရပ်သားပြည်သူလူထုတွေကို ဖမ်းဆီး နှိပ်စက်သတ်ဖြတ်အကြောင်းရင်းကတော့ တော်လှန်ရေးအင်အားစုနဲ့ ပတ်သက်ဆက်နွယ်မှုရှိတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှ သူတို့က ဖမ်းတယ်။ အထူးသဖြင့် KNLA နဲ့ဆက်စပ်မှု ရှိသော်လည်းကောင်း၊ သူတို့ကိုဆန့်ကျင်တဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို ကူညီထောက်ပံ့ခြင်းအားဖြင့် သူတို့က သံသယရှိတယ်ဆိုရင်ဖမ်းဆီးတယ်။ သူတို့ဖမ်းဆီးတဲ့ရွာသူရွာသားတွေကို ညဉ်းပမ်းနှိပ်စက်လေ့ရှိတယ်ပေါ့။

ထို့နည်းတူပဲ တခြားလက်နက်ကိုင်တပ်ဖွဲ့ဘက်အနေနဲ့လည်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ဆက်စပ်မှုရှိတယ်လို့ သံသယ ရှိတယ်ဆိုလို့ရှိရင် သူတို့က ဖမ်းဆီးတယ်။ ညဉ်းပမ်းနှိပ်စက်တာတွေလည်းရှိတယ်။ အဓိက ဒါအခြေခံအကြောင်းတရားဖြစ်တယ်ပေါ့။ ဖြစ်စဉ်အပေါ်မှာ မူတည်ပြီးတော့ ဥပမာ စစ်ကောင်စီ တပ်ဖွဲ့ဝင်အနေနဲ့ အထူးသဖြင့် တိုက်ပွဲဖြစ်ပွားတဲ့အချိန်ကာလသော်လည်းကောင်း၊ တိုက်ပွဲပြီး တဲ့အချိန်သော်လည်းကောင်း သူတို့ကတွေ့ရှိတယ်၊ ဖမ်းဆီးရမိတယ်ဆိုရင်တော့ ညှဉ်းပမ်းနှိပ် စက်လေ့ရှိတယ်ပေါ့။ အဓိက လက်နက်ကိုင်တပ်ဖွဲ့နဲ့ဆက်စပ်မှုရှိတယ်ဆိုပြီး အပြစ်မဲ့ ပြည်သူ လူထုတွေကို ဖမ်းဆီးလေ့ရှိတယ်။ နောက်တစ်ခါ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်မှုရှိတယ် ဆိုပြီး တော့လည်း ဖမ်းဆီးနှိပ်စက်တာတွေရှိတယ်ပေါ့။ ဒီဘက်က တော်လှန်ရေး အင်အားစု အနေနဲ့သော်လည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အနေနဲ့သော်လည်းကောင်း ၊ အပြန်အလှန် မသင်္ကာမှုကြောင့်စွပ်စွဲပြီးတော့မှ ပြည်သူလူထုကို ဖမ်းဆီးနှိပ်စက်တာတွေရှိတယ်ပေါ့။ တိုက်ပွဲပြီးတဲ့နောက်ပိုင်းသော်လည်ကောင်း၊ ဖမ်းဆီးနှိပ်စက်ခံရတဲ့ ပြည်သူလူထုတွေက အသက် ဆုံးရှုံးရတာတွေရှိတယ်။ တပ်မဟာ ၇( ကေအဲန်ယူနယ်မြေ)စလုံးအတွင်းမှာ ရှိတယ်။

မေး ။ ။ စစ်တပ်အာဏာသိမ်းပြီးနောက် ကျေးလက်ဒေသမှာ အဓိက ကြုံတွေ့လာရတဲ့ နောက်တစ်ခုက မြေမြှုပ်မိုင်းများလာတဲ့ကိစ္စဖြစ်တယ်။ မြေမြှုပ်မိုင်းကြောင့် အရပ်သားပြည်သူလူထု ထိခိုက်မှု အခြေအနေကော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ မြေမြှုပ်မိုင်းက အဓိကပြဿနာက ပြည်သူလူထု ဘေးကင်းလုံခြုံခွင်ပေါ့။ ပြည်သူလူထု အသက် မွေးဝမ်းကျောင်းတွေကို အဓိက ဆိုးဆိုးရွားရွားဖြေစေတယ်ပေါ့။ မြေမြှုပ်မိုင်းပြဿနာက သမိုင်း လမ်းကြောင်းအရ ရှေးယခင်ကတည်းက ဖြစ်ခဲ့တဲ့ ပြဿနာတစ်ခုဖြစ်တယ်။ အာဏာသိမ်းဖြစ်ပွားပြီးတဲ့ နောက်ပိုင်းတွေမှာလည်း မြေမြှုပ်မိုင်းအသုံးပြုမှုက များပြားလာတာတွေလည်းရှိတယ်ပေါ့။ ယခင်က ရှိထားပြီးသားမြေမြှုပ်မိုင်းရယ်၊ နောက်ထပ်အသုံးပြုထားတဲ့မြေမြှုပ်မိုင်းတွေပါ၊ အရပ်သားပြည် သူလူထုတွေက ဆက်လက်ကြုံတွေ့နေရတဲ့အနေအထားမှာရှိတယ်။ မြေမြှုပ်မိုင်းအသုံးပြုတာတွေဟာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာဒေသတွေမှာမကဘဲ ရပ်ရွာတွေမှာလည်းပဲ မြှုပ်နှံတာတွေရှိတာပေါ့။ ဒီအပေါ်မှာ ပြည်သူလူထုရဲ့ဘေးကင်းလုံခြုံရေးပြဿနာကို ကြီးကြီးမားမားဖြစ်ပေါ်လာစေတယ်ပေါ့လေ။

နောက်တစ်ခါ ပြည်သူလူထု လုပ်ကိုင်စားသောက်တဲ့ လယ်ယာ၊ တောင်ယာတွေ မှာ လုပ်ဆောင် တာတွေရှိတဲ့အပေါ်မှာတော့ ပြည်သူလူထု လုံခြုံရေးကို အင်မတန်မှ ဆိုးဆိုးဝါးဝါး သက်ရောက်မှု ဖြစ်စေတယ်။ အရင်တုန်းကဆိုရင် ကေအဲန်ယူ တပ်မဟာ(၅)နယ်မြေမှာ ပြည်သူလူထု မြေမြှုပ်မိုင်းပြဿနာ အများဆုံးခံရတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ နေရာ ဒေသအသီးသီးမှာများလာပါတယ်။

မေး။ ။ ပြည်သူလူထုကြောက်စိတ်ဝင်အောင် ဖမ်းဆီးနှိပ်စက်ကြတယ်ဆိုပြီး အစီရင်ခံစာမှာလည်း ဖော်ပြ ထားတာရှိတယ်။ ဒီလိုနှိပ်စက်ခံရတဲ့ လူတွေရဲ့နေတဲ့ရပ်ရွာတွေထဲမှာ ကျန်တဲ့လူထုတွေရဲ့ အခြေအ နေက ဘယ်လိုရှိပါသလဲ။
ဖြေ။ ညှဉ်းပမ်းနှိပ်စက်ခံရတဲ့ အရပ်သားပြည်သူလူထုသော်လည်းကောင်း၊ သာမန်နှိပ်စက်မခံရတဲ့ လူထု သော်လည်းကောင်း လူထုတွေမှာတော့ စစ်ပြေးရှောင်နေကြတယ်ပေါ့လေ။ တစ်ဦးချင်းစီကြုံတွေ့ နေရတဲ့အခြေအနေပေါ်မှာ မူတည်ပြီးတော့ တချို့ကကျတော့လည်း သူတို့ရဲ့နေရာဒေသအလိုက် အခြေ အနေပေါ်မှာမူတည်ပြီးတော့ ရပ်ရွာမှာနေထိုင်နိုင်တာရှိသလို ဆက်ပြီးတော့ စစ်ပြေးရှောင် နေရတဲ့အနေအထားမှာလည်း ရှိတယ်ပေါ့။ ဒါကတော့ ဖြစ်စဉ်တစ်ခုချင်းအလိုက် မူတည်တယ်လို့ ပြောလို့ရမယ်ပေါ့နော်။ ဆက်လက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ယေဘုယျ အားဖြင့် တော့ ပြောလို့ရတယ်ပေါ့။ ကျေးလက်ဒေသနေ ပြည်သူလူထုတွေအနေနဲ့ကတော့ စစ်ရဲ့ဒဏ်ကတော့ ခေတ်အဆက်ဆက်ခံနေရတယ်။ စစ်တပ်အာဏာသိမ်းပြီးတော့ ဆက်လက်ကြုံတွေ့နေရတယ်ပေါ့လေ။ အဓိက သူတို့ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကတော့ လူသားချင်း စာနာထောက်ထားမှုအပြည့်အဝနဲ့ နေနိုင်ခွင့်မရှိကြဘူး။

နောက်တစ်ခါ စစ်ဘေးရှောင်နေရတဲ့ ပြည်သူလူထုတွေဟာ အသက်အရွယ်အလိုက် အမျိုးမျိုး ကွဲပြား မှုရှိတယ်။ ဒီအထဲမှာဆို ကလေးသူငယ်ပါတယ်။ အမျိုးသမီးပါတယ်။ သက်ကြီးရွယ်အိုပါတယ်ပေါ့။ ဒါ အသက်အရွယ် အပိုင်းအခြားလိုက် မတူညီတဲ့ လိုအပ်မှုအကူအညီတွေ ရှိနေကြတယ်ပေါ့နော်။ ဒီအပေါ်မှာ အထူးသဖြင့် ကျောင်းနေအရွယ်ကလေးတွေဆိုလို့ရှိရင်လည်း ပညာသင်ခွင့် အခွင့်အ လမ်းလည်း ချိုးဖောက်ခံရရှိသလိုမျိုးပဲ သက်ကြီးရွယ်အိုးတွေ၊ အမျိုးသမီးတွေ အထူးအကူအညီ လိုအပ်တဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ လက်လှမ်းမီနိုင်ခွင့် အခွင့်အရေးလည်းချိုး ဖောက်ခံနေရ တာတွေလည်းရှိတာရှိတယ်ပေါ့။ နောက်တစ်ခုက ဘေးကင်းလုံခြုံခွင့် နေရာထိုင်ခင်း ပြည့်စုံလုံ လောက်တဲ့နေရာထိုင်ခင်း ဒါတွေက စစ်ဘေးရှောင်နေရတဲ့ ပြည်သူလူထု ကြုံတွေ့နေရတဲ့ အခြေအနေတွေဖြစ်တယ်ပေါ့။

မေး။ ။ ဒီအစီရင်ခံစာပါ အချက်တွေက KHRG အနေနဲ့ ဘယ်လိုပုံစံမျိုး မှတ်တမ်းပြုစုပြီး ထုတ်ပြန်ထားပါသလဲ။
ဖြေ ။ ။ အခြေခံအားဖြင့် ကျနော်တို့ရဲ့ အစီရင်ခံစာတွေအကုန်လုံးက ကွင်းဆင်းမှတ်တမ်းပြုစုချက် အပေါ်မှာမူတည်ပြီးတော့မှ သုံးသပ်ထုတ်ဝေထားတဲ့အစီရင်ခံစာတွေဖြစ်တယ်ပေါ့။ ပြည်သူလူထုတွေ ကိုယ်တိုင်ကြုံတွေ့နေရတဲ့အခြေအနေပေါ်မှာ မူတည်ပြီးတော့မှ တိုက်ရိုက်ဆက်သွယ်မေးမြန်းထားတဲ့ မှတ်တမ်းပြုစုချက်အပေါ်မှာ မူတည်ပြီးတော့မှ ဒါပြန်လည်ထုတ်ထားတဲ့ အစီရင်ခံစာတွေဖြစ်တယ်။ သို့ သော်လည်း မှီငြမ်းကိုးကားတဲ့ အပိုင်းနဲ့ပတ်သက်ပြီးတော့မှ ဥပဒေရှုထောင့်ကနေသော်လည်ကောင်း ၊ အခြားလိုအပ်ချက်ပေါ်မှာသော်လည်ကောင်း လိုအပ်ရင်လိုအပ်သလို မှီငြမ်းကိုးကားရတာတွေလည်းရှိတာပေါ့။

မေး။ ။ အခုအစီရင်ခံစာရဲ့ တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောပေးပါအုံး။
ဖြေ။ ။ ဒီအစီရင်ခံစာတစ်ခုထဲဆိုရင်တော့ အထူးသဖြင့် ညှဉ်းပမ်းနှိပ်စက်မှု အပေါ်မှာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုကျူးလွန်သူ မည်သူမဆိုတစ်လျှောက်လုံးတွေ့ရှိနေရတဲ့ အခြေအနေတစ်ခုကတော့ ပြစ်ဒဏ် ကင်း လွတ်ခွင့်ဆက်လက်တည်ရှိနေဆဲပဲဖြစ်တယ်။ ကျူးလွန်ခံရနေတဲ့အရပ်သားပြည်သူလူထုအနေနဲ့ တရားမျှတမှုအတွက် လက်လှမ်းဝေးနေဆဲဘဲဖြစ်တယ်။

အဲဒါကြောင့် ညှဉ်းပမ်းနှိပ်စက်မှုနဲ့ပတ်သက်ပြီးတော့မှ ကြုံတွေ့နေရတဲ့ပြည်သူ လူထုတွေအနေနဲ့ တရား မျှတမှု လက်လှမ်းနိုင်သော်လည်ကောင်း ကျူးလွန်နေတဲ့သူတွေအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာ အောင် နိုင်ငံတကာက ကသိလာအောင် ကျနော်တို့က တင်ပြရခြင်းဖြစ်တယ်ပေါ့။ အထူးသဖြင့် စစ်တပ် ကနေ ကျူးလွန်တဲ့ခေတ်အဆက်ဆက်ကနေ သူတို့ဆက်လက်ခံစားခွင့်ရှိနေတဲ့ ပြစ်မှုကျူး လွန်တဲ့ပြစ် ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်ဖို့အတွက် နိုင်ငံတကာကနေပြီးတော့မှ သိဖို့အတွက် ရေးသားတင်ပြရခြင်းဖြစ်တယ်ပေါ့လေ။

ဒီအစီရင်ခံစာကတော့ ညှဉ်းပမ်းနှိပ်စက်မှုတစ်ခုကိုပဲ သုံးသပ်ထားတဲ့ အစီရင်ခံစာဖြစ်တယ်။ သို့ သော်ငြားလည်း ကရင်ပြည်နယ်အတွင်း မြန်မာနိုင်ငံအရှေ့တောင်ပိုင်း သာမက တစ်နိုင်ငံလုံး အတိုင်းအတာမှာ စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးကတည်းက ဆိုးဝါးတဲ့အထွေထွေ လူ့အခွင့် အရေးအခြေအနေချိုးဖောက်မှုအပြင် စစ်ရာဇဝတ်မှု လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေက နေ့စဉ်နဲ့တကွ ဆက်လက်ဖြစ်ပွားနေတယ်၊ ကျူးလွန်နေတယ်။ အထူးသဖြင့် စစ်ကောင်စီတပ်တွေအနေနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ဆက်လက်ပြီးတော့မှ ခံစားခွင့်ပြည့်ဝရှိနေတယ်။ အဲဒါကြောင့် ဒီညှဉ်းပမ်းနှိပ်စက်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုမှန်သမျှ ကျူးလွန်တဲ့ ပြစ်မှု ကျူးလွန်သူ မည်သူမဆိုတာဝန်ယူမှု တာဝန်ခံမှုရှိလာအောင် ဝိုင်းဝန်းပြီးမှ လုပ်ဆောင်ပေးဖို့လိုတယ်ပေါ့။ ထိုနည်းအတူ ပြစ်မှုကျူးလွန်ခံရတဲ့အရပ်သားပြည်သူလူထုအနေနဲ့ပဲ တရားမျှတမှုရှိဖို့အတွက် ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့ လိုတယ်လို့ ပြောချင်ပါတယ်။

Related Readings

There is no data.