နိဒါန်း

မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသားများသည် ၎င်းတို့ သိတတ်သည့် အချိန်မှစ၍ ပဋိပက္ခများကို ကာလတလျှောက်လုံး ကြုံတွေ့ခံစား ခဲ့ကြရသည်။ မျိုးဆက်ပေါင်းများစွာ တိုက်ပွဲအတွင်း ကြီးပျင်းလာကြရပြီး ၎င်းတို့၏ ဘဝတလျှောက်လုံး တိုက်ခိုက်ခံရမည်ကို ကြောက်ရွံ့ထိန့်လန့်စွာဖြင့် အသက်ရှင်ခဲ့ကြရသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းခြင်း[1]က ဒေသတွင်း သတ်မှတ်ထားသည့် ကရင်ပြည်နယ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (နစက-SAC)[2]၏ အမိန့်အောက်တွင် ဗမာစစ်တပ်၏ ပွင့်လင်းစွာ တိုက်ရိုက်အကြမ်းဖက်မှုများကို ပြန်လည် အသက်ဝင်လာစေသည်။ ဤတိုက်ခိုက်မှုများသည် ကျေးရွာများနှင့် ဥယျာဉ်ခြံများအပေါ်သို့ အဆင်အခြင်မဲ့စွာ လက်နက်ကြီးများ ပစ်ခတ်မှုများ အပါအဝင် အရပ်သားများနေထိုင်သည့် အရပ်ဒေသများနှင့် လူမှုအသိုင်းအဝိုင်းများအပေါ်သို့  တမင်ပစ်မှတ်ထားခြင်း ဖြစ်သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ အတွင်း၌ပင် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) အနေနှင့် SAC ၏ အဆင်အခြင်မဲ့ လက်နက်ကြီး ပစ်ခတ်မှုပေါင်း ၁၉၂ ခုကျော်ကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ထိုပစ်ခတ်မှုများကြောင့် ရွာသားများ သေကြေဒဏ်ရာရခြင်း၊ အရပ်သားများ၏ နေအိမ်များ၊ အဆောက်အဦးများနှင့် ဥယျာဉ်ခြံများ ပျက်စီးခြင်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ထိခိုက်ပျက်ဆီးခြင်းနှင့် နေရပ်ပြောင်းရွှေ့နေထိုင်ခြင်းများကို ဖြစ်ပေါ်စေခဲ့သည်။

ဤအကျဉ်းချုပ်မှတ်တမ်းသည် SAC မှ အရပ်သားများ၏ နေရာဒေသများအပေါ် လက်နက်ကြီးများ ပစ်ခတ်ခြင်းနှင့် မြန်မာပြည်အရှေ့တောင်ပိုင်း ကျေးလက်ဒေသရှိ ရွာသားများအပေါ် သက်ရောက်မှုများကို ဖော်ထုတ် တင်ပြထားသည်။ ပထမပိုင်းတွင် ဗမာစစ်တပ်၏ ဒေသအတွင်း ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများနှင့် ဖိနှိပ်မှု သမိုင်းကြောင်းကို ခြုံငုံသုံးသပ်ထားသည်။ ဒုတိယပိုင်းတွင် သေဆုံးခြင်း၊ ဒဏ်ရာရခြင်း၊ ပစ္စည်းဥစ္စာ ပျက်ဆီးဆုံးရှုံးခြင်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ထိခိုက်ပျက်စီးမှုများ အပါအဝင် ရွာသားများအပေါ် လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ဖြစ်ပေါ်လာသော လက်ငင်း အကျိုးဆက်များကို ဖော်ပြထားသည်။ တတိယပိုင်းတွင် နေရပ်ရွှေ့ပြောင်းနေထိုင်ခြင်း၊ ရွာသားများအကြား အမြဲတစေ ကြောက်ရွံ့နေရခြင်းများ၊  ပညာရေးလက်လှမ်းမှီနိုင်မှုအပေါ် ကန့်သတ်ထားခြင်းများနှင့် မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်များ၏ တိုးမြှင့်လာသည့် အန္တရာယ်များအပါအဝင် ရေရှည်သက်ရောက်မှုများကို ဆန်းစစ်ဖော်ပြထားသည်။ နောက်ဆုံးအပိုင်းတွင် လက်ရှိအခြေအနေ၏ လုံခြုံရေးနှင့် ဥပဒေပိုင်းဆိုင်ရာ လေ့လာဆန်းစစ်မှုများနှင့် သက်ဆိုင်ရာ ပါဝင်ပတ်သက်သူများအတွက် အကြံပြုချက်များကို တင်ပြထားသည်။

(၁) အခြေအနေအား ခြုံငုံသုံးသပ်ချက်

ဒေသတွင်း သတ်မှတ်ထားသည့် ကရင်ပြည်နယ်သည် ၁၉၄၈ ခုနှစ် ဗမာပြည် လွတ်လပ်ရေး ရပြီးသည့် အချိန်မှစ၍ ပြည်တွင်းပဋိပက္ခများကို အဆက်မပြတ် ကြုံတွေ့ခံစားကြရသည်။ ထိုအချိန်မှ၍ကရင်လူမျိုးများသည် နိုင်ငံတဝှမ်းရှိ လူနည်းစုတိုင်းရင်းသားများအပေါ် ညှည်းပမ်းနှိပ်စက်ခြင်းနှင့် ဖိနှိပ်ချုပ်ချယ်မှုများ ပြုလုပ်၍ စစ်အာဏာရှင်စနစ်ကို ကျင့်သုံးရန် လုပ်ဆောင်လျက်ရှိသည့် ဗမာစစ်တပ်၏ ပစ်မှတ်ထားခြင်းကို ခံစားကြရသည်။ ၁၉၈၈ ခုနှစ် တနိုင်ငံလုံး စစ်အုပ်ချုပ်မှုအား ဆန့်ကျင်တော်လှန်မှုနောက်ပိုင်း ဗမာစစ်တပ်မှ တိုက်ခိုက်ချေမှုန်းမှု များကို စတင်ခဲ့ပြီး ၁၉၉၀ ခုနှစ်များ အစောပိုင်းတွင် တိုက်ပွဲများ ပြင်းထန်လာကာ ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ- KNU) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့၏ အခြေစိုက်စခန်းဟောင်း ဖြစ်သည့် မာနယ်ပလော ကျဆုံးခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ ၂၀၁၅ ခုနှစ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ်မှ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်များ သယ်ဆောင်လာခဲ့သော်လည်း ဗမာစစ်တပ်၏ အကြမ်းဖက်မှုများမှာ ဆက်လက် ဖြစ်ပွားလျက်ရှိပြီး ကရင်ပြည်နယ်မှ ရွာသားများသည် ဖိနှိပ်ညှဉ်းပမ်းမှုများ၊ သဘာဝအရင်းအမြစ်များ ဖျက်စီးခြင်းနှင့် ရိုးရာယဉ်ကျေးမှုများအား ဖိနှိပ်ခံရမှုများကို ကြုံတွေ့ခံစားကြရသည်။[3] ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြောက်ခဲ့သည့် အရပ်သား အစိုးရအား ဗမာစစ်တပ်မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဆန့်ကျင် အာဏာသိမ်းခဲ့ချိန်တွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအပေါ် မျှော်လင့်ချက်ကုန်ဆုံးမှုမှာ ပိုမိုဆိုးရွားလာခဲ့သည်။ ထိုအချိန်မှစ၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) သည် SAC နှင့် ၎င်းတို့နှင့် ပတ်သက်ဆက်နွယ်သည့် လက်နက်ကိုင်တပ်ဖွဲ့များအား တိုက်ခိုက်ခဲ့ပြီး ကရင်ပြည်နယ်အတွင်းရှိ ပြည်သူများသည် ရုတ်ချည်းဖြစ်ပွားနိုင်သည့် စစ်ရေးပဋိပက္ခများအတွင်း ဆက်လက်ရှင်သန်ခဲ့ကြရသည်။

ဤပဋိပက္ခအတွင်း ဗမာစစ်တပ်သည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား အစားအသောက်၊ ငွေကြေးပံ့ပိုးမှု၊ တပ်သားသစ်စုဆောင်းမှုနှင့် နည်းပညာထောက်ပံ့မှုများ ဖြတ်တောက်နိုင်ရန်အတွက် ၎င်းတို့ အသုံးပြုသည့် “ဖြတ်လေးဖြတ်” နည်းဗျူဟာ၏ အစိတ်အပိုင်းအဖြစ် ရွာသားများအား ပစ်မှတ်ထားကာ အရပ်သားများ အနေထိုင်သည့် ဒေသများအတွင်းသို့ အဆင်အခြင်မဲ့ လက်နက်ကြီးများအား ပစ်ခတ်ခဲ့ကြသည်။ အရပ်သားများအား စနစ်တကျ ပစ်မှတ်ထားခြင်းသည် လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များအား ချေမှုန်းရန် သို့မဟုတ် ၎င်းတို့အား ထောက်ပံ့ပေးနေသည့် အရပ်သားများအား အပြစ်ပေးရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။[4] ရွာသားများသည် ရှင်းလင်းတိကျသည့် အကြောင်းအရင်းမရှိပဲ တရားနည်းလမ်းမကျစွာ အဆင်အခြင်မဲ့ ပစ်ခတ်ခြင်းများ၏ ပစ်မှတ်ထားခြင်းကိုလည်း ခံကြရသည်။ ဗမာစစ်တပ်၏ သောင်းကျန်းသူ ဆန့်ကျင်ရေး စစ်ဆင်ရေးလှုပ်ရှားမှုများတွင် တရားလက်လွှတ် သတ်ဖြတ်ခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ မတရား ဖမ်းဆီးထိန်းသိမ်းခြင်း၊ အဓမ္မ နေရပ်ရွှေ့ပြောင်းနေထိုင်စေခြင်း၊ လုယက်ခြင်းနှင့် ငွေညှစ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှုများ၊ အဓမ္မလုပ်အားပေးခိုင်းစေခြင်းနှင့် ၂၀၂၁ ခုနှစ်မှ စတင်သည့် လေကြောင်း တိုက်ခိုက်မှုများ ပါဝင်သည်။ အကြမ်းဖက်မှုအခြေအနေ ဆိုးရွားလာပြီး စနစ်တကျဖွဲ့စည်းထားသည့် လက်နက်ကိုင် တပ်ဖွဲ့များ ပါဝင်လာခြင်းကြောင့် စစ်ရာဇဝတ်မှုမြောက်သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများဆိုင်ရာ နိုင်ငံတကာ လူသားချင်းစာနာမှု ဓလေ့ထုံးတမ်း ဥပဒေများကို ချိုးဖောက်လာခဲ့ကြသည်။ ထို့အပြင် အရပ်သားများအား ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ တိုက်ခိုက်မှုများကို လုပ်ဆောင်လာကြပြီး ဗမာစစ်တပ်ကျူးလွန်သည့် ချိုးဖောက်မှုများသည် နိုင်ငံတကာရာဇဝတ်ဥပဒေအရ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဝတ်မှု မြောက်သည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုလည်း ဖြစ်သည်။[5]

(၂) ဖြစ်ရပ်အကျဉ်းချုပ်။ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် SAC ၏လက်နက်ကြီးပစ်ခတ်မှုများကြောင့် ထိခိုက်ဆုံးရှုံးမှုများ

ဤအခန်းတွင် KHRG လုပ်ငန်းဆောင်ရွက်သည့်ဒေသများအတွင်း ၎င်းတို့ မှတ်တမ်းတင် ထားသည့် SAC မှ အရပ်သားများအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သော ဖြစ်ရပ်များအား တင်ပြ ထားသည်။ ထိုသို့သော တိုက်ခိုက်မှုများ၏ လက်ငင်းအကျိုးဆက်များတွင် ဒေသခံ ရွာသားများ၏ တင်ပြချက်အရ သေဆုံးခြင်းနှင့် ဒဏ်ရာရခြင်း၊ ဥစ္စာပစ္စည်းများအား ဖျက်စီးခြင်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအပေါ် ထိခိုက်ပျက်စီးမှုများ ပါဝင်သည်ဟု ဆွေးနွေးတင်ပြထားသည်။ ရေရှည်ထိခိုက်ပျက်စီးမှုများအား ဆန်းစစ်ရာတွင် နေရပ်ရွှေ့ပြောင်းနေထိုင်ခြင်း၊ ကာလရှည်စိတ်ဒဏ်ရာများနှင့် အကြောက်တရားများ၊ ပညာရေး လက်လှမ်းမှီမှုအား ကန့်သတ်ခံရခြင်းနှင့် မပေါက်ကွဲသေးသည့် လက်နက်ခဲယမ်းများ၏ အန္တရာယ်များ ပါဝင်သည်။

          (၁) လက်နက်ကြီးများအား မဆင်မခြင် ပစ်ခတ်ခြင်းကြောင့် အရပ်သားများ ထိခိုက်ခံစားရခြင်း

“သူတို့ [SAC] က အရပ်သားတွေဟာလည်း စစ်သားတွေဖြစ်တယ်လို့ ကျွန်တော်တို့ကို ပြောတယ်။ သူတို့က နောင်ကျရင် ယောက်ျားလေးအားလုံး စစ်သားဖြစ်လာလိမ့်မယ်။ ဒါကြောင့် သူတို့က ကြိုတင်ပြီး ပစ်ထားတာ [ရွာသားတွေကို သတ်ထားတယ်။] လို့ပြောတယ်။ သူတို့အနေနဲ့ ရွာသားတွေ အရေအတွက် နည်းလာအောင် [ရွာသားတွေကို သတ်ဖို့] ပစ်တာလို့ ပြောတယ်။ ဒီလိုမလုပ်ရင် ရန်သူတွေ [ဒေသခံ တော်လှန်ရေး စစ်သားတွေ]  ပိုများလာလိမ့်မယ်။ ဒါကြောင့် သူတို့က အရမ်းလျှောက်ပစ်ကြတာ။”

စောအ--- ၏ သက်သေခံချက်၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်၊ ကျောက်စက်ရေကျေးရွာအုပ်စုမှ ရွာသားတစ်ဦးဖြစ်ပြီး သူ၏ အသက် ၁၆ နှစ်အရွယ် သားဖြစ်သူမှာ SAC ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။

သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရခြင်းသည် SAC မှ ဒေသခံများနေထိုင်သည့် နေရာဒေသများသို့ လက်နက်ကြီးများ မဆင်မခြင်ပစ်ခတ်ခြင်းနှင့် ဦးတည်ပစ်မှတ်ထား တိုက်ခိုက်ခြင်းများကြောင့် ကျေးရွာများ၊ လယ်ယာမြေများနှင့် ဥယျာဉ်ခြံများ အတွင်းနှင့် ၎င်းတို့ပတ်ပတ်လည်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ဖြစ်သည်။ ဗမာစစ်တပ်သည် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့် ပစ်ခတ်တိုက်ခိုက်မှုများ သို့မဟုတ် ၎င်းတို့၏ တပ်သားသစ်များ၊ လက်နက်ခဲယမ်းများသို့မဟုတ် ရိက္ခာများအား ရှေ့တန်းစစ်စခန်းများသို့ ပို့ဆောင်သည့်အခါ စသည့် စစ်ဆင်ရေးများအတွင်း ကျေးရွာများအတွင်းသို့ လက်နက်ကြီးများအား ပုံမှန် ပစ်ခတ်လေ့ရှိသည်။ တခါတရံ ဒေသတွင်းသတ်မှတ်ထားသည့် ကရင်ပြည်နယ်၏ ခရိုင်ခုနှစ်ခုတွင် နေ့စဉ်ရက်ဆက် လက်နက်ကြီး အမြောက်အများကို ပစ်ခတ်လေ့ရှိသည်။ SAC ၏ ပစ်ခတ်မှုများသည် ရွာသားများ၏ နေ့စဉ်ဘဝအား ခြိမ်းခြောက်လျက်ရှိပြီး ကလေးများ ကျောင်းများတွင် စာသင်ယူနေသည့် အချိန် သို့မဟုတ် ဆော့ကစားသည့် အချိန်၊ ရွာသားများမှ တောရိုင်းတိရိစ္ဆာန်များအား အမဲလိုက်သည့် အချိန်၊ ထင်းခွေသည့်အချိန်၊ လယ်ယာသို့မဟုတ် ဥယျာဉ်ခြံလုပ်ငန်း လုပ်ကိုင်နေသည့် အချိန် သို့မဟုတ် ၎င်းတို့၏ နေအိမ်များတွင် နေထိုင်နေသည့် အချိန်များတွင် ပစ်ခတ်လေ့ရှိသည်။ လက်နက်ကြီး ပစ်ခတ်မှုများသည် ဒေသခံ ရွာသားများအပေါ် လက်ငင်းအသက်အန္တရာယ်ကြုံတွေ့စေနိုင်သည့်အပြင် ကာလရှည်ထိခိုက်မှုများကိုလည်း ဖြစ်ပေါ်စေသည်။

              (က) SAC ၏ ပစ်ခတ်မှုများကြောင့် အသက်သေဆုံးရခြင်း

ကရင်ပြည်နယ်အတွင်း SAC ၏ လက်နက်ကြီးပစ်ခတ်မှုများသည် အရပ်သားများစွာကို သေဆုံးစေသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ယခုနှစ် တစ်နှစ်အတွင်းတွင်ပင် SAC ၏ ပစ်ခတ်မှုကြောင့် လူပေါင်း ၅၈ ဦးသေဆုံးခဲ့ပြီး ထိုအထဲမှ ၁၇ ဦးမှာ ကလေးများဖြစ်သည့် သတင်းအချက်အလက် များကို KHRG မှ ရရှိခဲ့သည်။ ဥပမာအားဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်တွင် မထော်စစ်တပ်စခန်းတွင် အခြေစိုက်သော ခြေမြန်တပ်ရင်း (ခမရ) အမှတ် ၄၀၇ ၏ SAC တပ်သားများသည် ကျေးရွာအတွင်းသို့ ၈၁ မမ အမြောက်ကျည်များကို ပစ်ခတ်ခဲ့သည်။ အမြောက်ကျည်ဆံ တစ်ခုမှာ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မဲ့ကလောကျေးရွာအုပ်စု၊ ခအ--- ကျေးရွာရှိ လယ်မြေတစ်ခုပေါ်သို့ ကျရောက်ခဲ့ပြီး လယ်ပိုင်ရှင် စောအောင် (အသက် ၃၈ နှစ်) သည် ၎င်း၏ လယ်တဲတွင် ကျွှဲကျောင်းရင်း ထိုင်နေသည့် အချိန်တွင် ကျခဲ့သည်။ ကျည်ဆံအပိုင်းအစများသည် ၎င်း၏ ဘယ်ဖက်ပါး၊ လည်ပင်းနှင့် ပေါင်ကို ထိမှန်ခဲ့ပြီး သေဆုံးခဲ့သည်။ ခမရ အမှတ် ၄၀၇ သည် ဗျူဟာမှူး သက်ပိုင်ကျော်၏ အမိန့်အောက်တွင် ရှိသည်။ ၂၀၂၂ ခုနှစ် မတ်လ ၆ ရက်နေ့ နံနက် ၁၂ နာရီတွင် ခေါသူပွာတပ်စခန်းတွင် အခြေစိုက်သည့် ခမရ အမှတ် ၄၀၈ မှ ဒေသတွင်းသို့ ၈၁ မမ ပစ်ခတ်ခဲ့သည့် အခြားဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ အမြောက်ကျည်ဆံတစ်ခုသည် ဒွယ်လိုးမြို့နယ်၊ မထော်ကျေးရွာအုပ်စု၊ ခဘ--- ကျေးရွာမှ အသက် ၃၇ နှစ်အရွယ် ရွာသား စောအဘ---၏ အိမ်အနီးသို့ ကျခဲ့သည်။ သူသည် လက်နက်ကြီး ထိမှန်သည့် အချိန်တွင် သူ၏ အိမ်အောက်တွင် ပုန်းခိုနေခဲ့သည်။ ရွာသားများသည် ၎င်းအား ဆေးကုသမှုခံယူနိုင်ရန်အတွက် ခခ--- ဆေးရုံသို့ ခေါ်ဆောင်သွားရန် ကြိုးစားခဲ့သော်လည်း ၎င်း၏ ဒဏ်ရာပြင်းထန်မှုနှင့် လမ်းခရီးကြာရှည်သည့်အတွက် ဆေးရုံသို့မရောက်မီ လမ်းခရီးတွင် သေဆုံးခဲ့သည်။ စောအဘ--- တွင် သူ့အား မိသားစုစားဝတ်နေရေးအတွက် မှီခိုနေရသည့် သူ၏ အမျိုးသမီးနှင့် ကလေးများ ကျန်ရစ်ခဲ့ပြီး မည်သည့်ကူညီပံ့ပိုးမှုမှမရရှိခဲ့ပါ။ SAC ၏ အမှတ် ၈ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံ တပ်ရင်းမှူး ဇော်မင်းထက် ဦးဆောင်သည့် SAC ၏ ခမရတပ် အမှတ် (၄၀၈) သည် ဤတိုက်ခိုက်မှုအား ကျူးလွန်ခဲ့ခြင်းဖြစ်သည်။

SAC တပ်သားများသည် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားပြီး သည့် အခါများတွင် ကျေးရွာများသို့ လက်နက်ကြီးများပစ်ခတ်လေ့ရှိသည်။ ၂၀၂၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် တောအူးခရိုင်၊ ဒေါ်ဖခိုမြို့နယ်၊ စပါးကျီကျေးရွာအုပ်စု၊ ခဖ--- ကျေးရွာအနီးတွင် အခြေစိုက်သည့် SAC တပ်ဖွဲ့သည် ဒေသတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တပ်ဖွဲ့များ၏ တိုက်ခိုက်မှု ခံရပြီး နောက်တွင် ၆၀ မမ အမြောက်များကို ၎င်းတို့ တပ်စခန်းအနီးတဝိုက်ရှိ ကျေးရွာများအတွင်းသို့ ပစ်ခတ်ခဲ့သည်။ ကျည်ဆံတစ်ခုမှာ ခဖ--- ကျေးရွာရှိ စောအဖ--- နေအိမ်အနီးသို့ ကျရောက်ခဲ့ပြီး သူ၏ ယောက္ခမဖြစ်သူ၏ ဦးခေါင်းနှင့် ရင်ဘတ်ကို ကျည်ဆံထိမှန် သေဆုံးခဲ့သည်။ သူ၏ တကိုယ်လုံးတွင်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ အလားတူပင် ၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ ညနေ ၆ နာရီတွင် သုံးတိုင်ကျေးရွာ အနီးတွင် အခြေစိုက်သော SAC ခြေလျင်တပ်ရင်း အမှတ် ၂၈၃ သည် ၎င်းတို့အား ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၁၇)၊ တပ်ခွဲ (၂) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့က ဒရုန်းဖြင့် တိုက်ခိုက်မှုကို ခံရပြီးနောက်တွင် ဒူးပလာယာခရိုင်၊ နိုတကောမြို့နယ်၊ နိုတကော ကျေးရွာအုပ်စု၊ ခဂ--- ကျေးရွာအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခဲ့သည်။ နောက်တနေ့ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် SAC ခြေလျင်တပ်ရင်း အမှတ် ၂၈၃ က လက်နက်ကြီးများ ထပ်မံ ပစ်ခတ်ခဲ့ပြီး အသက် ၄၄ နှစ်အရွယ် ရွာသားတစ်ဦးဖြစ်သော စောအဂ--- ၏ ဦးခေါင်းနှင့် လက်မောင်းများကို ထိမှန်ခဲ့သည်။ ရွာသားများ ကျေးရွာအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နောက်တရက် မနက်ခင်းအချိန်တွင် သေဆုံးနေသည့် ၎င်းကို တွေ့ရှိခဲ့ကြသည်။

SAC တပ်သားများသည် တိကျသေချာသည့် အကြောင်းအရင်း မရှိပဲ အရပ်သားများ၏ နေရာဒေသများ အတွင်းသို့ တိုက်ရိုက်ပစ်ခတ်ခဲ့ကြသည်။ ဥပမာအားဖြင့် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့ ညနေ ၅ နာရီတွင် ပေးစလိုတပ်စခန်းတွင် အခြေစိုက်သော SAC ၏ ခြေမြန်တပ်ရင်း အမှတ် ၂၆၄ က ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်၊ ကျောက်ဇရစ်ကျေးရွာအုပ်စု၊ ခဟ--- ကျေးရွာရှိ ရွာသားတစ်ဦး၏ ဥယျာဉ်ခြံနှင့် ရွာသားများ၏ နေအိမ်များ အနီးအနားသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။ ရလာဒ်အနေနှင့် ကလေးငယ် ၂ ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့သည်။ ထိုနှစ်ဦးမှာ နားရွက်အနီး ဦးခေါင်းသို့ လက်နက်ကြီးထိမှန်ခဲ့သည့် အသက် ၁၆ နှစ်အရွယ် စောအဟ--- နှင့် အသက် ၁၂ နှစ်အရွယ် စောအဈ--- တို့ ဖြစ်သည်။ ထို့အတူ အသက် ၁၄ နှစ်အရွယ် နော်အည--- နှင့် အသက် ၁၀ နှစ်အရွယ် နော်အက--- အမျိုးသမီးငယ် နှစ်ဦးကိုလည်း ကျည်ဆံထိမှန်၍ ဒဏ်ရာရခဲ့သည်။ ရွာသားများသည် ထိုအမျိုးသမီးငယ် နှစ်ဦးအား  ကုသမှုခံယူရန် ဆေးခန်းသို့ ပို့ဆောင်ခဲ့သည်။ ထိခိုက်သေဆုံးသူ များ၏ ဖခင်ဖြစ်သူ စောအလ--- က “ကောင်းကင်ကနေ အသံလာပြီးတော့ အဲ့ဒီမှာ [၎င်းတို့အိမ်အနီးတွင်] ကျတယ်။ ကျွန်တော်တို့ မီးခိုးတွေ တွေ့တယ်။ ပြီးတော့ ရွာသားတွေ အော်သံကြားလို့ အဲ့ဒီကို ပြေးလိုက်သွား တယ်။ အဲ့ဒီမှာ ကလေးတွေ ဒဏ်ရာရတာကို တွေ့တယ်။ […] သူတို့က [ယောက်ျားလေးနှစ်ဦး] ဒဏ်ရာရပြီး ခနအကြာမှာ ဆုံးသွားတယ်။ တခြားတစ်ယောက်ကတော့ အသက်မဆုံးခင် တစ်နာရီခွဲလောက်ထိ အသက်ရှင် သေးတယ်။” ထိုအဖြစ်အပျက် ပြီးနောက်တွင် ဒေသခံ ခေါင်းဆောင်တစ်ဦးက သူ၏ ခံစားချက်များကို စောအလ--- ကို ပြောပြခဲ့သည်။ “အိုး…သူတို့ဘာကြောင့် ငါတို့ကို ဒီလိုလုပ်နိုင်တာလဲ။ အဲ့ဒါက ဘယ်ကထွက်လာတာလဲ ငါတို့မသိဘူး။ ကောင်းကင်က အသံပဲကြားရတယ်။ အဲ့ဒါက ဘာမှန်းတောင် မသိလိုက်ဘူး။”

               (ခ) SAC ၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာရခြင်း

အမြောက်ကျည်များပစ်ခတ်မှုများကြောင့် ပေါက်ကွဲထွက်သည့် ကျည်ဆံခွံများနှင့် အပျက်အစီးများသည် နေရာအနှံ့ လွှင့်စင်ပြီး ရွာသားများအား ထိခိုက်ဒဏ်ရာရစေသည်။ KHRG ၏ သတင်းအချက် အလက်များအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလနှင့် အောက်တိုဘာလအတွင်း ရွာသား ၂၄၂ ဦး ဒဏ်ရာရခဲ့ပြီး ထိုအထဲမှ ၅၇ ဦးမှာ ကလေးသူငယ်များဖြစ်သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလနှင့် မတ်လအတွင်းတွင် ဆောထိမြို့နယ်တွင် စစ်ရေးလှုပ်ရှားသည့် SAC တပ်ဖွဲ့များသည် ၎င်းတို့လှုပ်ရှားသည့် နယ်မြေဒေသအတွင်း လက်နက်ကြီး ကျည်ဆံ အလုံးပေါင်း ၃၀၀ ခန့် ပစ်ခတ်ခဲ့ပြီး ရွာသား ငါးဦးကို ထိခိုက်ဒဏ်ရာရရှိစေခဲ့ပြီး ရွာသား ၂ ဦး သေဆုံးခဲ့ရသည်။ ၂၀၂၃ ခုနှစ် မတိုင်မီ ဤမြို့နယ်တွင် SAC တပ်ဖွဲ့ ငါးဖွဲ့ဖြစ်သော ခလရ ၅၇၊ ခမရ ၅၈၉၊ ၅၉၈၊ ၃၅၀နှင့် ၃၄၉ တို့ လှုပ်ရှားခဲ့သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စတင်၍ SAC သည် ၎င်း၏ စစ်ရေးလှုပ်ရှားမှုများအား ပိုမိုအားကောင်းအောင် ဆောင်ရွက်ခဲ့ပြီး ခမရ ၂၆၄၊ ခလရ ၂၀ နှင့် ၉၁၊ တပ်မ ၇၇၊ ၈၈၊ ၄၄ နှင့် ၃၃ တို့ အပါအဝင် တပ်ဖွဲ့များ ပိုမိုစေလွှတ်ခဲ့သည်။ SAC သည် ၎င်းတို့၏ အခြေစိုက် စခန်းများ အနီးဝန်းကျင်သို့ လက်နက်ကြီးများ လွယ်ကူစွာ ပစ်ခတ်နိုင်ရန်အတွက် လက်နက်ကြီးထားရှိရန် နေရာများကို ပိုမို ချမှတ်လာခဲ့ကြသည်။

၂၀၂၃ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ဒူးပလာယာခရိုင်၊ ကရုတူးမြို့နယ်၊ ကျုံဒိုးမြို့ရှိ SAC ၏ ရဲစခန်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲ့များသည် SAC နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ၎င်းကို တန်ပြန်တိုက်ခိုက်သည့် အနေနှင့် နံနက် ၇ နာရီခွဲ အချိန်တွင် ကျုံကလေး စစ်တပ်စခန်းတွင် အခြေစိုက်သည့် SAC ခြေမြန်တပ်ရင်း အမှတ် ၅၄၆ (စကခ ၁၂ လက်အောက်ခံ) သည် ၎င်းတို့ တပ်စခန်း အနီးတဝိုက်သို့ ၁၂၀ မမ လက်နက်ကြီးများကို အဆင်အခြင်မဲ့စွာ ပစ်ခတ်ခဲ့သည်။ အချို့ လက်နက်ကြီးကျည်ဆံများသည် ဒူးပလာယာခရိုင်၊ ကရုတူးမြို့နယ်၊ ကောဝါးလဲကျေးရွာ အုပ်စု၊ ခည--- ကျေးရွာအတွင်းသို့ ကျရောက်ခဲ့သည်။ ထိုလက်နက်ကျည်ဆံသည် စောအဝ--- ၏ လည်ပင်းကို ထိမှန်ပြီး ချက်ခြင်းသေဆုံးခဲ့သည်။ နောက်တရက် ၂၀၂၃ ခုနှစ် မတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် SAC တပ်ဖွဲ့များသည် ကျုံဒိုးမြို့အတွင်းသို့ ထပ်မံပစ်ခတ်ခဲ့သည်။ ဤပစ်ခတ်မှုမှ ကျည်ဆံများသည် အသက် ၆၇ နှစ် အရွယ် ရွာသူ ဒေါ်အပ--- အပါအဝင် ကျုံဒိုးမြို့ပေါ်မှ ရွာသား ၁၆ ဦးကို ထိခိုက်ဒဏ်ရာ ရရှိစေခဲ့ပြီး နေအိမ် ၃၉ လုံးကို ပျက်စီးစေခဲ့သည်။ ထိုဖြစ်ရပ်ဖြစ်ပွားပြီးနောက် အခြားရွာသားများသည် သူမအား ကျုံဒိုးဆေးရုံသို့ ကူညီပို့ဆောင်ခဲ့သော်လည်း သူမရရှိခဲ့သည့် ဒဏ်ရာများနှင့် သူမ၏ နှလုံးရောဂါအခြေအနေ ကြောင့် သေဆုံးခဲ့သည်။ 

အဆင်အခြင်မဲ့စွာ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ရရှိလာသည့် ထိခိုက်ဒဏ်ရာများသည် အသက်အန္တရာယ် ပေးနိုင်သည်သာမက ထိခိုက်ခံစားရသူများ၏ မိသားစုဝင်များအပေါ်တွင်ပါ ကြီးမားစွာ သက်ရောက်မှုရှိသည်။ ၂၀၂၃ ခုနှစ် မတ်လတွင် မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ အောပူးဒေသ၊ ပလောကွန်စစ်တပ်စခန်းတွင် အခြေချနေထိုင်သည့် ခလရ (၂၈၅)  ၏ SAC တပ်သားများသည် ခက--- ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။ အမြောက်ကျည်ဆံများသည် ဘော်လီဘော ကစားနေသည့် ရွာသားများအနီးသို့ ကျရောက်ခဲ့ပြီး လေးဦးမှာ ကျည်ဆံထိမှန် ဒဏ်ရာရခဲ့သည်။ ဒဏ်ရာရ ရွာသားလေးဦးမှာ စောအဓ---၊ စောအရ---၊ စောအစ--- နှင့် စောအတ--- တို့ဖြစ်သည်။ စောအတ--- သည် ၎င်း၏ ဝမ်းဗိုက်နှင့် လက်များတွင် ပြင်းထန်စွာ ထိခိုက်ခဲ့ပြီး အခြားရွာသားများမှ ၎င်းအား လယ်မူလားမြို့နယ်၊ ပလောဒေသ၊ ခလ--- ကျေးရွာရှိ ဆေးရုံသို့ပို့ဆောင်ခဲ့သည်။ နောက်တစ်ရက်တွင် ထိုဆေးရုံမှ ၎င်းအား ခမ--- မြို့ရှိ ဆေးရုံသို့ လွှဲပြောင်းပေးခဲ့သည်။ မိသားစုဝင်များမှ ငွေကျန်း သိန်း ၃၀ ကို ပေးခဲ့သော်လည်း ဆေးကုသမှု ကုန်ကျစရိတ်မှာ ထိုပမာဏထက် ကျော်လွန်သဖြင့် ၎င်း၏ မိသားစုဝင်များ အနေနှင့် ငွေရေးကြေးရေးအခက်အခဲ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ သူ၏ ဒဏ်ရာများကို ပြန်လည် သက်သာစေရန် ကုသမှုခံယူသည့် အချိန်တွင် သူ၏ ဇနီးဖြစ်သူမှာ ၎င်းတို့၏ ကလေး ၇ ဦးအား ကြည့်ရှုစောင့်ရှောက်ရန် ကျန်ရစ်ခဲ့သည်။ အခြားရွာသား သုံးဦး၏ ဒဏ်ရာမှာ မပြင်းထန်သဖြင့် ကျေးရွာဆေးခန်းတွင်သာ ကုသမှုခံရခဲ့ကြသည်။ ထိုနည်းတူစွာ ၂၀၂၃ ခုနှစ် ဇွန်လ ၁၅ ရက်နေ့ ည ၁၁ နာရီခန့်တွင် ရှားစေးဘိုတပ်စခန်းမှ SAC က တိုက်ပွဲဖြစ်ပွားခြင်း သို့မဟုတ် အခြားသော စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှု တစုံတရာ မရှိပဲ တောအူးခရိုင်၊ ထောတထူးမြို့နယ်၊ ခဝ--- ဒေသ၊ ခန--- ကျောင်းဝင်းအတွင်းသို့ လက်နက်ကြီး ပစ်ခတ်ခဲ့သည်။ လက်နက်ကျည်ဆံများမှ တစ်ခုမှာ ကျောင်းဘော်ဒါဆောင် ၏ မီးဖိုချောင်အတွင်းသို့ ကျခဲ့သည်။ ကျောင်းသား ကျောင်းသူ ၃ ဦး လက်နက်ကြီးထိမှန်ပြီး တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ဒေသတွင်းရှိ ဆေးခန်းမှာ ဆေးဝါးကိရိယာ ပြည့်စုံလုံလောက်မှု မရှိသည့်အတွက် ကျန်းမာရေး လုပ်သားများမှာ လိုအပ်သည့် ဆေးဝါးများကို တောအူးမြို့တွင် ဝယ်ယူကြရသည်။

၂၀၂၃ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် သိမ်ဇရပ်မြို့ ရဲစခန်းတွင် အခြေစိုက်သည့် SAC တပ်ဖွဲ့များသည် ဒူးသထူးခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ခဓ--- မြို့၊ ခဓ--- ရပ်ကွက်၊ လမ်းနံပါတ် (၈) တွင် ၆၀ မမ အမြောက်ကျည်ဆံ ၅ လုံးကို ပစ်ခတ်ခဲ့ရာ ဦးအသ---  နေအိမ်နှင့် ဦးအဗ--- နေအိမ် အနီးအနားသို့ ကျခဲ့ပြီး ထိုအိမ်နှစ်အိမ်မှ မိသားစုဝင်များ လက်နက်ကြီးထိမှန်ကာ ဒဏ်ရာရခဲ့ကြသည်။ ဦးအသ (အသက် ၃၄ နှစ်) သည် ၎င်း၏ လက်တွင် ဒဏ်ရာ ရရှိခဲ့ပြီး သူ၏ ငါးနှစ်အရွယ် သမီးဖြစ်သူမှာ မျက်နှာတွင် ဒဏ်ရာရရှိခဲ့သည်။ သူ၏ ဇနီးဖြစ်သူ မအထ--- (အသက် ၃၈ နှစ်) သည်လည်း လက်နက်ကြီးထိမှန် သေဆုံးခဲ့သည်။ ထိုလက်နက်ကြီးများသည် ဦးအဗ--- (အသက် ၃၅ နှစ်) နှင့် သူ၏ ဇနီးဖြစ်သူ ဒေါ် အဆ--- (အသက် ၃၆ နှစ်) တို့၏ လက်မောင်းများကို ထိမှန်ခဲ့သည်။

၎င်းတို့သည် အနီးအနားရှိ ဆေးပေးခန်းတွင်သာ ဆေးဝါးကုသမှု ခံယူခဲ့သည်။ လက်နက်ကြီး ငါးလုံးမှ တစ်လုံးမှာ ပေါက်ကွဲခြင်း မရှိခဲ့ပေ။ ၂၀၂၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် SAC တပ်မ ၄၄ လက်အောက်ခံ အမြောက်တပ် အမှတ် (၃၁၀) သည် ကျေးရွာသို့ လာရောက်ကာ မပေါက်ကွဲသေးသည့် ကျည်ဆံအား ယူဆောင်သွားပြီး ထိုပစ်ခတ်မှုကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များက လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ နံနက် ၁၁ နာရီ ၅ မိနစ် အချိန်တွင် ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြ ကျေးရွာအုပ်စု၊ ကျောတရောကျေးရွာ၊ ကျောတရောတပ်စခန်းတွင် အခြေစိုက်သည့် SAC ခမရ (၃၁၄) သည် ခရ--- ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ချခဲ့သည်။ ရွာသားခြောက်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ပြီး အမျိုးသားတစ်ဦး (အသက် ၂၅ နှစ်အရွယ် စော အယ---)၊ ကလေး နှစ်ဦး (အသက် ၅ နှစ်အရွယ် ယောက်ျားလေး စောဘမ--- နှင့် အသက် ၉ နှစ်အရွယ် မိန်းကလေး နော်ဘန---)၊ အမျိုးသမီး နှစ်ဦး (အသက် ၅၈ နှစ်အရွယ် နော်ဘက--- နှင့် အသက် ၅၇ နှစ်အရွယ် နော်ဘလ---) တို့ဖြစ်သည်။ ရွာသားများက ၎င်းတို့အား အရေးပေါ် ဆေးကုသမှုနှင့် ဒေသတွင်း ဆေးခန်းသို့ ပို့ဆောင်ရန် ကူညီပေးခဲ့သည့်အတွက် ထိခိုက်ခံစားရသူများမှာ KNU နယ်မြေဒေသတွင်းရှိ ခစ--- ဆေးခန်းတွင် ဆေးကုသမှု ခံယူနိုင်ခဲ့သည်။

 

အန္တရာယ် ကျရောက်နေသော လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ  

၂၀၂၃ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ဒူးပလာယာခရိုင်၊ ကောတရီမြို့နယ်၊ ခတ--- ကျေးရွာအုပ်စုတွင် SAC နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။ ကျေးရွာခေါင်းဆောင်၏ သတင်းပေးပို့ချက်အရ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် အသက် ၂၈ နှစ်အရွယ် ဒေသတွင်း လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ စောအဇ--- သည် လူ့အခွင့်အရေး အခြေအနေအား မှတ်တမ်းရယူရန် မောခီးကျေးရွာအုပ်စု၊ ကနဲလေးကျေးရွာသို့ သွားရောက်ခဲ့သည်။ နံနက် ၉ နာရီခွဲ အချိန်တွင် တပ်ခွဲမှူး ကျော်ဇင်ဦး ဦးဆောင်သည့် SAC ခလရ အမှတ် (၃၂)သည် ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ထပ်မံပစ်ခတ်ခဲ့သည်။ ဒေသတွင်း အဖွဲ့ဝင်၏ ရှင်းပြချက်အရ “သူတို့က မိုးရွာချသလိုပဲ လက်နက်ကြီးတွေကို ပစ်တယ်။” စောအဇ--- သည် လက်နက်ကြီး ထိမှန်သည့်အတွက် ညာဘက်မျက်လုံးတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ လက်နက်ကြီး အပိုင်းအစ တစ်ခုမှာ ၎င်း၏ ညာဖက်မျက်လုံးအတွင်းသို့ ဝင်ခဲ့သည်။ ထိုနေ့ချင်းတွင်ပင် ၎င်းအား ထိုင်းနိုင်ငံရှိ ခသ--- ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ၎င်းအား ထိုင်းနိုင်ငံအတွင်းရှိ ဆေးရုံများမှ အဆင့်ဆင့် လွှဲပြောင်း ပို့ဆောင်ခဲ့ပြီး နောက်ဆုံးတွင် သူ၏ ညာဖက်မျက်လုံးကို ထုတ်ပစ်ခဲ့ရသည်။

စောအဇ--- ၏ မိသားစုဝင်များသည် ၎င်းခံစားရသည့် အခြေအနေအတွက် အလွန်စိတ်မကောင်း ဖြစ်လျက်ရှိသည်။ သူ၏ ညီမဖြစ်သူက ဤသို့ ရှင်းပြခဲ့သည်။ “ကျွန်မအကိုဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်ပြီး ကျွန်မတို့အနေနဲ့ အရမ်းစိတ်မကောင်း ဖြစ်ပေမယ့် ကျွန်မတို့ ဘာမှ မလုပ်နိုင်ဘူး။ […] သူ့ရဲ့ ညာဖက်မျက်လုံးကို ဆုံးရှုံးလိုက်ရပြီဆိုတော့ အနာဂတ်မှာ အခက်အခဲတွေ အများကြီး ကြုံရတော့မယ်။ ဥပမာအားဖြင့် သူအရင်လို ရှင်းရှင်းလင်းလင်း မြင်ရတော့မှာ မဟုတ်ဘူး။ […] ဒါနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်ပေမယ့် အခြေအနေကို လက်ခံရမှာပဲ။ အနာဂတ်မှာ သူဘာပဲလုပ်လုပ် လွယ်ကူတော့မှာ မဟုတ်ဘူးလို့ ကျွန်မထင်တယ်။”

 

          (၂) လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပျက်ဆီးဆုံးရှုံးမှုများ

SAC သည် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ အရပ်သားများနေထိုင်ရာ ဒေသများအတွင်းသို့ ၂၀၂၁ ခုနှစ် အာဏာသိမ်းသည့် အချိန်မှစ၍ လက်နက်ကြီးများအား ရည်ရွယ်ချက်ရှိရှိ မရပ်မနား ပစ်ခတ်ခဲ့ရာ ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုများနှင့် အရပ်သားများ၏ နေအိမ်များ၊ အဆောက်အအုံများ၊ ပစ္စည်းဥစ္စာများနှင့် လယ်ယာစိုက်ပျိုးမှု စနစ်နှင့် သီးနှံများ အပါအဝင် အရင်းအမြစ်များအား ပျက်စီးမှုများ ဖြစ်ပေါ်စေသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ နေအိမ် ၁၆၆ လုံး ထိခိုက်မှု ရှိခဲ့ပြီး နေအိမ် ၆၄ လုံးမှာ လုံးဝပျက်စီးခဲ့ကြောင်းကို KHRG မှ မှတ်တမ်းတင်ခဲ့သည်။ ဤအခြေအနေသည် အိမ်ပိုင်ရှင်များ၏ ဘဝများအပေါ် စားဝတ်နေရေးအခက်အခဲအပြင် အခြား ရေရှည်ထိခိုက်မှုများကိုပါ ကြုံတွေ့ရစေသည်။ အစီရင်ခံစာ စုစုပေါင်း ၁၉၂ စောင် အနက် အစီရင်ခံစာ ၂၅ စောင်တွင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဥယျာဉ်ခြံများ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဖော်ပြထားသည်။ အခြားအသက်မွေးဝမ်းကျောင်း အရင်းအမြစ်များဖြစ်သည့် မွေးမြူရေးခြံများသည်လည်း ထိခိုက်ခံရကြောင်းနှင့် အနည်းဆုံး မွေးမြူရေး တိရစ္ဆာန် ၃၆ ကောင် သေဆုံးခဲ့ပြီး ၂၆ ကောင် ဒဏ်ရာရရှိခဲ့သည်။

                (က) အရပ်သားများ၏ အဆောက်အဦးများနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအား တိုက်ခိုက်ဖျက်စီးခြင်း

ကျေးရွာများ၏ ပျက်စီးဆုံးရှုံးခြင်းများသည် လက်နက်ကြီး ပစ်ခတ်မှုအခြေအနေအပေါ် မူတည်ပြီး တစ်နေရာနှင့် တစ်နေရာ မတူညီကြပေ။ အချို့ ပစ်ခတ်မှုများသည် အဆောက်အအုံများအား ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေပြီး အချို့မှာ ပျက်စီးမှုမရှိပေ။ အကြောင်းမှာ ဤတိုက်ခိုက်မှုများ၏ အရပ်သားများနေထိုင်သည့် နေရာများသို့ ပစ်မှတ်မရှိ အဆင်အခြင်မဲ့ ပစ်ခတ်ခြင်း၏ သဘောသဘာဝကြောင့် ဖြစ်သည်။ နေအိမ်များအား ကြီးမားစွာ ထိခိုက်ပျက်စီးစေခဲ့သော ဖြစ်ရပ်တစ်ခုမှာ ၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် မိလောင်ကွန်နှင့် အနောက်ပြေးရေးကျေးရွာများတွင် အခြေစိုက်သည့် SAC တပ်သားများမှ လယ်ဒိုမြို့နယ်၊ အောပလားနှင့် ညောင်ပင်ကြီး ကျေးရွာအုပ်စုသို့ လက်နက်ကြီး ပစ်ခတ်ခဲ့သည့် အချိန်တွင်ဖြစ်သည်။ ၎င်းတို့မှ အရှေ့ပြေးရေး ကျေးရွာ၊ ညောင်ပင်ကြီးရွာသစ်နှင့် အောပလား (အိမ်ဗလ) ကျေးရွာများသို့ လက်နက်ကြီး အလုံးပေါင်း ၂၅ လုံးခန့် ပစ်ခတ်ခဲ့သည့်အချိန်တွင် ရွာသားများ၏ နေအိမ်အများအပြား ထိခိုက်ဖျက်စီးစေခဲ့သည်။ ထိုပစ်ခတ်မှုကြောင့် အောပလားကျေးရွာအုပ်စု၊ အောပလားကျေးရွာမှ နေအိမ် ၆ လုံး၊ စပါးကျီ ၂ ခုနှင့် ထွန်စက် ၁ စီး ပျက်စီးခဲ့ပြီး နွားတစ်ကောင် သေဆုံးခဲ့သည်။ ထိုသို့လက်နက်ကြီးများ ပစ်ပြီးသည့်နောက်တွင် SAC တပ်သားများသည် ရွာသားများ၏ နေအိမ်များကို ဖျက်စီးမည့် ၎င်းတို့၏ ရည်ရွယ်ချက်ကို ပြသည့်အနေဖြင့် ရွာသားများ၏ နေအိမ်များအား မီးရှို့ဖျက်စီးခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် ကျေးရွာ ၆ ရွာမှ ရွာသားစုစုပေါင်း ၄၃၂၇ ဦး နေရပ်ရွေ့ပြောင်းနေထိုင်ခဲ့ရပြီး လယ်ဒိုမြို့နယ်ရှိ အခြားကျေးရွာများတွင် သွားရောက် ခိုလှုံကြရသည်။ ၂၀၂၃ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် အချို့ရွာသားများသည် ၎င်းတို့၏ ကျေးရွာများသို့ ပြန်လည် နေထိုင်ခဲ့ကြသော်လည်း အချို့မှာ ပြန်လည်နေထိုင်ရဲခြင်း မရှိသေးပါ။

မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးလက်နေရွာသားများသည် စားဝတ်နေရေးအတွက် စိုက်ပျိုးရေး ဥယျာဉ်ခြံများ နှင့်လယ်ယာမြေများကို အဓိကထားကြပြီး ထိုလယ်ယာမြေများသည် များသောအားဖြင့် ကျေးရွာအနီးအနားနှင့် ကျေးရွာအထဲတွင် တည်ရှိသည်။ ထို့အတွက်ကြောင့် ကျေးရွာများအပေါ်သို့ လက်နက်ကြီးများ ပစ်ခတ်ခံရသည့် အခါ စိုက်ခင်းများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၏ ပစ္စည်းကိရိယာများကိုလည်း ထိခိုက်ပျက်စီး စေသည်။ ထိုအရာက ရွာသားများအား စားဝတ်နေရေးအတွက် ပိုမို၍ အခက်အခဲ ဖြစ်စေသည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ခလယ်လွီထူ ခရိုင်၊ ဆောထိမြို့နယ်၊ ပြေရေးကျေးရွာအုပ်စု၊ ညောင်ပင်ကြီးရွာသစ် ကျေးရွာအား ပစ်ခတ်ခဲ့ရာတွင် နေအိမ်တစ်လုံးနှင့် ဆန်စက်တစ်လုံးအား မီးရှို့ဖျက်စီးခဲ့ကြသည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ ၈ နာရီတွင် ကဆယ်သဲဖလယ်တပ်စခန်း တွင် အခြေစိုက်သည့် SAC  တပ်သားများသည် မူတြော်ခရိုင်၊ ဒွဲလိုမြို့နယ်၊ ထီးသဘလုထ ကျေးရွာအုပ်စု၊ ထီးလောသီးထကျေးရွာ နယ်နိမိတ်အတွင်းသို့ ၁၂၀ မမ လက်နက်ကြီးများ အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်။ ၎င်းက စပါးခင်းများ အပါအဝင် ရွာသား စောဘအ--- ပိုင်ဆိုင်သည့် ကွမ်းသီးခြံ ၃ ခြံကိုလည်း ပျက်စီးစေခဲ့သည်။ ဤအဖြစ်အပျက်ကြောင့် ရွာသားများသည် ၎င်းတို့၏ လယ်ယာစိုက်ခင်းများတွင် လုပ်ငန်း ပြန်လည် လုပ်ကိုင်ရန် ကြောက်ရွံ့လျက်ရှိသည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် SAC ခလရ အမှတ် ၄၀၉၊ ၄၀၆ နှင့် ၄၀၅ တို့သည် ဒွယ်လိုးမြို့နယ်၊ မဲ့ဝေးကျေးရွာအုပ်စုရှိ ကျေးရွာအများအပြားတွင် အဆင်အခြင်မဲ့စွာ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လုယက်ခြင်း၊ ဖျက်စီးခြင်းနှင့် မီးရှို့ဖျက်စီးခြင်းများပြုလုပ်ကာ အရပ်သားများနှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများအား တိုက်ခိုက် ဖျက်စီးမှုများကို  ပြုလုပ်ခဲ့သည်။ ခလိုခီးကျေးရွာတစ်ခုတွင်ပင် ပျက်စီးဆုံးရှုံးမှုများမှာ အနည်းဆုံး နေအိမ်သုံးလုံး၊ စပါး ၁၁၀ တင်း၊ ဆန် ၁၇ တင်း၊ မီးစက် ၁လုံး၊ ရေစက် ၁လုံး၊ ကား ၁ စီး၊ ဆိုင်ကယ် ၁ စီး၊ ဆိုလာပြား ၁ ခု၊ ဘတ္ထရီ ၁ လုံး၊ အသံချဲ့စက် ၂ လုံး၊ ပန်းကန် ၁၂၀ ချပ်၊ အိုး ၁၄ လုံး၊ စောင် ၁၆ ထည်နှင့် သတ္ထုသတ္တာ ၃ လုံးတို့ ဖြစ်သည်။ ဤပစ္စည်းများကို ခလိုခီးကျေးရွာမှ ရွာသား ၃ ဦး ပိုင်ဆိုင်သည်။ အခြားသော ဖြစ်ရပ်တစ်ခုမှာ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၄ နာရီ ၅၅ မိနစ်တွင် ဒူးသထူးခရိုင်၊ သထူးမြို့နယ်၊ ဝီးရောဒေသတွင် SAC နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲပြီးနောက်တွင် SAC ခလရ (၉) မှ ဒေသတွင်းရှိ ကျေးရွာများသို့ နံနက် ၅ နာရီမှ နံနက် ၁၀ နာရီခွဲထိ လက်နက်ကြီးများ အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများနှင့် သေကြေဒဏ်ရာရမှုများ ကြီးမားစွာ ဖြစ်ပေါ်စေခဲ့သည်။ ထိုကော်ကျေးရွာတွင် လက်နက်ကြီး ၉ လုံး ကျခဲ့ပြီး ရွာသားလေးဦး ဒဏ်ရာရခဲ့သည်။ အခြားသော လက်နက်ကြီး ၉ လုံးမှာ ထီးတာဒေးနှင့် ဝေးရောကျေးရွာကြားသို့လည်းကောင်း၊ အခြားလက်နက်ကြီး ၅ လုံးမှာ ညထီးကျိုအရပ်ဒေသ သို့လည်းကောင်း၊ အခြား ၄ လုံးမှာ မီးချောကုန်း နေရာသို့ ကျခဲ့သည်။ တရွဲကလိုနီး အရပ်ဒေသသို့ လက်နက်ကြီး ငါးလုံးကျခဲ့ပြီး ဝေးရောကျေးရွာသို့ အခြား လက်နက်ကြီး ၁၄ လုံး ကျခဲ့သည့်အတွက် ရွာသားများ၏ နေအိမ်များနှင့် ဒေသတွင်း အဆောက်အအုံများအား ပျက်စီးဆုံးရှုံးမှု ကြီးမားစွာ ဖြစ်ပေါ်စေခဲ့သည်။ ဤတိုက်ခိုက်မှုတွင် နေအိမ် လေးလုံးမှာ လုံးဝ ပျက်စီးသွားခဲ့ပြီး အခြား နေအိမ် ၉ လုံးနှင့် ကား ၂ စီး ပျက်စီးခဲ့ပြီး နွား ၁ ကောင် သေဆုံးကာ နွား ၅ ကောင် ဒဏ်ရာရခဲ့သည်။

မွေးမြူရေးနှင့် ကျွဲနွားကျောင်းခြင်းများသည် ကျေးလက်ဒေသနေ ရွာသားများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် အရေးကြီးသည့် အရင်းအမြစ်တစ်ခုဖြစ်သည်။ ရွာသားများသည် ၎င်းတို့၏ ကျွဲနွားများနှင့် မွေးမြူရေး တိရိစ္ဆာန်များအား ၎င်းတို့၏ ဥယျာဉ်ခြံများနှင့် လယ်ယာများတွင် မွေးမြူလေ့ရှိပြီး ကျွဲနွားများနှင့် ကြက်ငှက်များကို ထားလေ့ရှိသည်။ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးရသည့်အခါတွင် မွေးမြူရေး တိရိစ္ဆာန်များလည်း ထိခိုက်ဒဏ်ရာရခြင်း သေကြေခြင်းများ ရှိသည်။ KHRG သို့ တင်ပြချက်အရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ ခဂ--- ကျေးရွာအုပ်စု၊ ခဂ--- ကျေးရွာနယ်မြေတွင် ဖြစ်ပွားသည့် တိုက်ပွဲအပြီးတွင် SAC မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးများ အဆင်အခြင်မဲ့စွာ ပစ်ခတ်ခဲ့သည်။ ထိုသို့ပစ်ခတ်ခြင်းကြောင့် ရွာသားတစ်ဦး၏ နွားတကောင် သေဆုံးခဲ့ပြီး နေအိမ်မှ ပစ္စည်းများ ပျက်စီးခဲ့သည်။ ထိုသို့ပစ်ခတ်ပြီးနောက်မကြာမီတွင် SAC တပ်သား အချို့သည် ပိုင်ရှင်၏ နေအိမ်သို့ လာရောက်လာခဲ့ပြီး ထိုဖြစ်ရပ်အား မည်သို့ထံသို့ဖြစ်စေ တင်ပြခြင်း မပြုရန်အတွက် နှိပ်စက်ညှဉ်းပမ်း ခြိမ်းခြောက်ခဲ့သည်။ အခြားသော ဖြစ်ရပ်တစ်ခုသည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ဖြစ်ပျက်ခဲ့ပြီး SAC ၏ ခလရ အမှတ် (၉) မှ သထုံမြို့နယ်၊ ဝေးရောကျေးရွာအုပ်စု၊ ဝေးရောကျေးရွာသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည့်အတွက် နေအိမ်များနှင့် ပိုင်ဆိုင်မှုများ ပျက်စီးခဲ့ပြီး ဒေသခံ ရွာသားတစ်ဦးပိုင်ဆိုင်သည့် နွား ၁ ကောင် သေဆုံးကာ နွား ၅ ကောင် ထိခိုက်ဒဏ်ရာရခဲ့သည်။ ထို့အပြင် တောအူးခရိုင်၊ ဒေါ်ဖခိုမြို့နယ်၊ အထူးဒေသ၊ နကျပ်အဌေးကျေးရွာတွင် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် SAC ခမရ (၃၀၄) မှ ကျေးရွာအတွင်းသို့ လက်နက်ကြီး ပစ်ခတ်ခဲ့သဖြင့် အချို့ရွာသားများ၏ ကျွဲနွားများအား ထိခိုက်ဒဏ်ရာ ရစေခဲ့သည်။

အချို့ရွာသားများသည် ၎င်းတို့၏ ပိုင်ဆိုင်မှုများအား SAC ၏ လက်နက်ကြီး ပစ်ခတ်မှုများကြားတွင်  အသက်အန္တရာယ်ကြား၌ ကြိုးစား၍ ကာကွယ်ကြသည်။ ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့ ည ၇ နာရီတွင် လှိုင်ဝ စစ်တပ်စခန်းသစ်တွင်  အခြေချသည့် ခလရ (၉၇) မှ SAC စစ်သားများသည် ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်၊ ဖားကျကျေးရွာအုပ်စု၊ နောင်တလာကျေးရွာသို့  ၆၀ မမ ကျည်များအား ပစ်ချခဲ့ပြီး ဦးလားလူ၏ နေအိမ်ကို ဖျက်စီးခဲ့သည်။ ၂၀၂၃ ခုနှစ် မေလ ၁၅ ရက်နေ့ ညနေ ၄ နာရီတွင် အဆိုပါ SAC တပ်ဖွဲ့သည် လက်နက်ကြီးများအား အဆင်အခြင်မဲ့စွာ ထပ်မံ ပစ်ခတ်ခဲ့ပြီး ဦးအသော်၏ နေအိမ် မီးလောင်ပျက်စီးခဲ့သည်။ အနီးအနားရှိ ရွာသားများမှာ မီးငြိမ်းရန် ကြိုးစားလုပ်ဆောင်သော်လည်း အိမ်တစ်ဝက်ခန့် မီးလောင်ပြီးဖြစ်သည်။ ၂၀၂၃ ခုနှစ် အစောပိုင်းတွင် ဖြစ်ပျက်ခဲ့ဖူးသော အဆင်အခြင်မဲ့စွာ ပစ်ခတ်ခဲ့မှုများကြောင့်  ရွာသားများမှာ အခြားမြို့နယ်များသို့ ထွက်ပြေးတိမ်းရှောင်နှင့်ပြီး ကျေးရွာအတွင်း ပြန်လည်နေထိုင်ခြင်း မရှိသေးသည့်အတွက် ထိုပစ်ခတ်မှုကြောင့် အိမ်ပိုင်ရှင် တစ်ဦးတစ်ယောက်မှ မီးလောင်ခံရခြင်းမရှိချေ။

                (ခ) လူမှုအဖွဲ့အစည်း၏ အဆောက်အအုံများအား ဖျက်စီးခြင်း

လူမှုအဖွဲ့အစည်း၏ အဆောက်အအုံများဖြစ်သည့် ကျောင်းများ၊ ဆေးခန်းများ၊ ဘုန်းကြီးကျောင်းများနှင့် ဘုရားကျောင်းများသည်လည်း SAC ၏ တိုက်ခိုက်မှုကို ခံကြရသည်။ လက်နက်ကြီးပစ်ခတ်မှုများသည် ကျေးလက်ဒေသရှိ လူမှုအသိုင်းအဝိုင်း၏ အဆောက်အအုံများကို ပျက်စီးစေပြီး ရွာသားများ၏ ကျန်းမာရေး၊ ပညာရေး လက်လှမ်းမီမှုနှင့် ၎င်းတို့၏ ဘာသာရေးဆိုင်ရာ ယုံကြည်သက်ဝင်မှုအား ကျင့်သုံးခွင့်ကို ချိုးဖောက် လက်လျက်ရှိသည်။ ဥပမာအားဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့ ည ၈ နာရီ အချိန်တွင် အချိန်တွင် SAC ၏ ခမရ (၅၉၀) သည် ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ ပေါပီးဒဲ ကျေးရွာအုပ်စု၊ ထီးတိုးလိုကျေးရွာ အတွင်းသို့ လက်နက်ကြီးများ အဆင်အခြင်မဲ့ ပစ်ခတ်ခဲ့ပြီး ထီးတိုးလိုကျေးရွာ အဆောက်အဦးနှင့် မူလတန်းကြိုပညာရေး (ECCD)မူကြိုကျောင်း ပျက်စီးခဲ့သည်။ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် SAC မှ ဒူးသထူခရိုင်၊ သထုံမြို့နယ်၊ ဝေးရောဒေသတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ လူမှုအဖွဲ့အစည်း၏ အဆောက်အအုံများဖြစ်သော အဝင်ပေါက်ဂိတ်၊ ဘုန်းကြီးကျောင်း ၂ ဆောင်နှင့် ဆေးခန်း ၁ ခု ပျက်စီးခဲ့ရသည်။ ၂၀၂၃ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ ထော်ဝါးလော် ကျေးရွာ အုပ်စု၊ ကွီးခလယ်ကျေးရွာမှ ဘုန်းကြီးကျောင်း တစ်ကျောင်းသည်လည်း ပိုချိမူ တပ်စခန်းတွင် အခြေစိုက်သည့် SAC ၏ ခလရ ၅၅၈ ၏ ပစ်ခတ်မှုကြောင့် ပျက်စီးခဲ့သည်။

          (၃) SAC ၏ ပစ်ခတ်မှုကြောင့် ကာလတာရှည် သက်ရောက်မှုများ
               (က) နေရပ်ရွှေ့ပြောင်းနေထိုင်ခြင်း

“ကျွန်တော်တို့တွေ လက်နက်ကြီးနဲ့ သေနတ်တွေကို အရမ်းကြောက်လို့ လက်နက်ကြီးသံကြားရင် ဆီအုန်းပင် nipa palm trees တွေဆီ ထွက်ပြေးကြတယ်။ စစ်သားတွေမတွေ့အောင် ရေထဲမှာ ကုန်းပြီးနေရတယ်။ အရမ်းကို ပင်ပမ်းဆင်းရဲစရာကောင်းတယ်။ ကျွန်တော်တို့တွေ တခြားလူ‌တွေ ရွှေ့ပြောင်းနေထိုင်ရတာကို ဖေ့ဘွတ်မှာ တွေ့ဖူးပေမယ့် ကျွန်တော်တို့တွေ ကြုံရမယ်လို့ တခါမှ မတွေးဖူးဘူး။ ကျွန်တော်တို့ တော်တော်ဆိုးဆိုးရွားရွား ရှင်သန်ရတယ်။”

မြိတ်-ထားဝယ်ခရိုင်, ကဆယ်ဒိုမြို့နယ်၊ ကလဲမူထီးဒေသမှ နေရပ်ရွှေ့ပြောင်းနေထိုင်သော ရွာသူတစ်ဦး

နေရပ်ရွှေ့ပြောင်းနေထိုင်ခြင်းသည် SAC ၏ လက်နက်ကြီးပစ်ခတ်မှု၏ အဖြစ်များဆုံး အကျိုးဆက်ဖြစ်ပြီး ရွာသားများက ထိခိုက်ဒဏ်ရာရခြင်းနှင့် သေဆုံးခြင်းများမှ ရှောင်ရှားနိုင်ရန် အသုံးပြုသည်။ KHRG ၏ မှတ်တမ်းများအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ရွာသားပေါင်း ၂၂၇၅၉ ဦး ပြောင်းရွှေ့နေထိုင်ခဲ့ကြရသည်။ ၎င်းတို့သည် လုံခြုံရေးအတွက် ၎င်းတို့၏ နေအိမ်များ၊ ပိုင်ဆိုင်မှုများနှင့် တိရိစ္ဆာန်များကို ချန်ရစ်ခဲ့ပြီး မမြင်နိုင်သည့် နေရာများ၊ သစ်တောများနှင့် တောတွင်းထဲသို့ ထွက်ပြေးကြသည်။ အချို့ရွာသားများသည် ရက်ပေါင်းအနည်းငယ်မျှ ကြာပြီးနောက်တွင် ၎င်းတို့၏ ကျေးရွာသို့ပြန်လည် နေထိုင်နိုင်သော်လည်း အချို့သော အခြေအနေများတွင် လက်နက်ကြီး ပစ်ခတ်မှုများသည် ကာလတာရှည် ဆက်လက်ဖြစ်ပွားလျက်ရှိသည့်အတွက် ရွာသားများအနေနှင့် ပြန်လည်နေထိုင်ဝံ့ခြင်း မရှိပေ။ အချို့ရွာသားများသည် ထိုင်းမြန်မာ နယ်စပ်အနီးတွင် အခြေချရန် ကြိုးစားကြပြီး လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားသည့် အချိန်တွင် ယာယီ ဖြတ်သန်းနေထိုင်ပြီး ခိုလှုံမှုယူကြသည်။

ကျေးရွာတစ်ရွာတွင် လက်နက်ကြီး ပစ်ခတ်မှု ဖြစ်ပွားပါက အနီးအနားကျေးရွာများမှလည်း ၎င်းတို့အနီးတွင် လက်နက်ကြီးပေါက်ကွဲသံများ ကြားရသည့်အတွက် ထိုကျေးရွာများ အနေနှင့်လည်း လုံခြုံရေးအရ စိုးရိမ်မှုများ ရှိစေသည်။ ထိုအခြေအနေက ကျေးရွာတစ်ရွာထက်မနည်း နေရပ်ရွှေ့ပြောင်းနေထိုင်မှု ဖြစ်ပေါ်စေပြီး တခါတရံ လက်နက်ကြီး ပစ်ခတ်ခြင်း ခံရသည့် ကျေးရွာအုပ်စု တစ်ခုလုံးကို နေရပ်ရွှေ့ပြောင်းနေထိုင်စေသည်။ ၂၀၂၃ ခုနှစ် ဧပြီလ ၉ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်မှ ညနေ ၄ နာရီ ၁၀ မိနစ် အချိန်ထိ ပနွယ်ကလား တပ်စခန်းတွင် အခြေချသည့် စစ်ကောင်းစီတပ်များသည် ၎င်းတို့ တပ်စခန်းအနီး မောလေး ကျေးရွာအုပ်စုမှ ကျေးရွာများအထဲသို့ လက်နက်ကြီး ၆ ခု ပစ်ချခဲ့သည်။ လက်နက်ကြီး ၃ လုံးမှာ ဒူးသထူးခရိုင်၊ သထုံမြို့နယ်၊ မောလေးကျေးရွာအုပ်စု၊ ကိုဒေါနီးကျေးရွာအနီးရှိ နို့သေးခိုနေရာသို့ ကျခဲ့သည်။ ခဗ--- ကျေးရွာမှ ကလေး တစ်ဦးဖြစ်သည့် စောဘဘ--- ၏ ဘယ်ဖက်ခြေထောက် ဒဏ်ရာရခဲ့သည်။ လက်နက်ကြီးတစ်လုံးမှာ နို့ထိုဒေးကျေးရွာတွင် ကျခဲ့ပြီး နေအိမ် လေးလုံးကို ဖျက်စီးခဲ့ပြီး (အသက် ၃၈ နှစ်အရွယ်) နော်ဘခ--- ၏ ပေါင်ကိုထိမှန်ကာ သူမခြေထောက်ကျိုးခဲ့သည်။ ဤဖြစ်ရပ်ကြောင့် မောလေးကျေးရွာအုပ်စုမှ ရွာသားများသည် ၎င်းတို့၏ ကျေးရွာများတွင် နေထိုင်ရာတွင် လုံခြုံမှု မရှိဟု ခံစားရသဖြင့် ထွက်ပြေးခဲ့ကြသည်။ ရွာသားများမှ သစ်တောများအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ပြီး နောက်တွင်လည်း ၎င်းတို့အနေနှင့် ကျေးရွာအတွင်းသို့ ပြန်လည်နေထိုင်နိုင်ခြင်းမရှိစေရန်အတွက် SAC တပ်သားများမှ လက်နက်ကြီးများ ဆက်လက် ပစ်ခတ်လျက် ရှိသည်။

အချို့သော ကိစ္စရပ်များတွင် SAC တပ်စခန်းများသည် ကျေးရွာများစွာကို စုပေါင်း တိုက်ခိုက်ကြသည်။ ဤသို့ ကြီးကြီးမားမား တိုက်ခိုက်မှုများသည် အရပ်သား အများအပြားအား နေရပ်ရွှေ့ပြောင်းနေထိုင်မှုကို ဖြစ်ပေါ်စေသည်။ ဥပမာအားဖြင့် ၂၀၂၃ ခုနှစ် မတ်လ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ခလယ်လွီထူခရိုင်၊ ဆောထီးမြို့နယ်မှ ထောင်ပေါင်းများစွာသော ရွာသားများသည် ပိုမိုတိုးမြှင့်လာသည့် အဆင်အခြင်မဲ့ လက်နက်ကြီး ပစ်ခတ်မှုများနှင့် စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ၂၀၂၃ ခုနှစ် မတ်လ ၁၂ ရက်နေ့ နံနက် ၃ နာရီ ၄၅ မိနစ် အချိန်တွင် SAC ၏ ပူးပေါင်းတပ်ဖွဲ့များသည့် ခမရ ၂၀၊ တပ်မ ၇၇၊ ၈၈၊ ၄၄၊ ၃၃၊ ခလရ ၅၇ နှင့် ခမရ ၃၅၀၊ ၂၆၄ တို့သည် ဆက်စုနှင့် သက်ကယ်ကုန်း ကျေးရွာများသို့ လက်နက်ကြီးများ အဆင်အခြင်မဲ့စွာ ပစ်ခတ်ခဲ့သည်။ ၎င်းတို့သည် ထိုနေ့ နံနက် ၅ နာရီမှ ၁၁ နာရီအတွင်းတွင် လက်နက်ကြီး အလုံးပေါင်း ၂၀၀ ကျော်ကို ရွာသားများ ခိုလုံနေထိုင်လျက်ရှိသည့် ဆက်စု ကျေးရွာ၊ သက်ကယ်ကုန်းကျေးရွာ၊ ညောင်ပင်ကြီးရွာသစ်၊ သိုက်တုကုန်း ကျေးရွာ၊ ဝိုင်းကျုံကျေးရွာနှင့် ပြေးရေးကျေးရွာများအတွင်းသို့ ပစ်ခတ်ခဲ့သည်။ ထိုကျေးရွာ ခြောက်ရွာမှ ရွာသားများသည် အေးကနဲကျောထား၊ ရွှေကျင်၊ မတ်ဒေါက်နှင့် ညောင်လေးပင်မြို့များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ SAC သည် ထိုကျေးရွာများအတွင်းသို့ ဝင်ရောက်ပြီး ရွာသားများ၏ ပိုင်ဆိုင်မှုများကို လုယူဖျက်စီးခဲ့ကြသည်။ ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ်မှ အနည်းဆုံး ရွာသား ၁၁၆၄၆ ဦးမှာ ၂၀၂၃ ခုနှစ် မတ်လ ၉ ရက်နေ့ မှစ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဤဆောထိမြို့နယ်မှ နေရပ်ရွှေ့ပြောင်းနေထိုင်ရခြင်းတွင် ရွာသားများအနေနှင့် နေရပ်ပြန်နိုင်ခြင်း မရှိပဲ အချို့ မိသားစုများသာလျှင် ၎င်းတို့၏ နေအိမ်များကို ပြန်လည်ကြည့်ရှုရန် ယာယီ ပြန်လည် နေထိုင်ကြသဖြင့် ရွာသားများ၏ လုံခြုံရေး၊ စားနပ်ရိက္ခာနှင့် စားဝတ်နေရေးများ အပေါ်သို့ ဆက်လက်၍ သက်ရောက်မှုများရှိသည်။ SAC မှ ကောလိုကလိုးမြစ် တလျှောက်တွင် ဆက်လက် တည်ရှိနေသည့်အတွက် ဒေသခံ ရွာသားများက လက်နက်ကိုင် ပဋိပက္ခများ ပိုမိုပြင်းထန်လာမည်ကိုစိုးရိမ်လျက်ရှိသည်။

               (ခ) အသက်မွေးဝမ်းကျောင်းအပေါ် ကာလရှည်ထိခိုက်မှုများ

လက်နက်ကိုင်ပဋိပက္ခများနှင့် SAC ၏ တိုက်ခိုက်မှုများကြောင့် ရွာသားများမှ ၎င်းတို့၏ ဥယျာဉ်ခြံများတွင် အလုပ်လုပ်ရန် လုံခြုံစိတ်ချမှု မရှိတော့သဖြင့် ရွာသားများ၏ အသက်မွေးဝမ်းကျောင်းနှင့် စားဝတ်နေရေးအပေါ် အန္တရာယ် ကျရောက်စေသည်။ ဥမာအားဖြင့် ခလယ်လွီထူခရိုင်၊ မူးမြို့နယ်တွင် အချို့သော ရွာသားများ၏ ဥယျာဉ်ခြံများမှာ SAC တပ်စခန်းအနီးအနားတွင် တည်ရှိသည်။ အထူးသဖြင့် ထီးတိုးလိုစခန်၊ မွန်တွန်စခန်း၊ အုန်းဖြတ်တုံစခန်း၊ သစ်ချစိတ် စခန်းနှင့် သံဘိုစခန်း များမှ SAC ၏ ခလရ ၆၀၊ ၃၅၁၊ ၅၉၉ နှင့် ၅၉၀ တို့သည် တောင်သူများ၏ စိုက်ခင်းများအနီးတွင် တည်ရှိကြသည်။ ၎င်းတို့သည် ရွာသားများ လယ်ယာလုပ်ကိုင်သည်ကို တွေ့လျှင် လက်နက်ကြီးများ အမြှောက်များ ပစ်ခတ်ကြသည်။ ထိုအရာက ရွာသားများအား လယ်လုပ်ငန်း လုပ်ကိုင်ခြင်းကို ခြိမ်းခြောက်လျက်ရှိသည်။

အချို့အခြေအနေများတွင် လက်နက်ကြီးပစ်ခတ်မှုများကြောင့် မိသားစုကို အဓိက လုပ်ကိုင်ကျွေးမွေးသူများ သေဆုံးရသဖြင့် ကျန်ရစ်သည့် မိသားစုဝင်များအနေနှင့် အခက်အခဲများ ကြုံတွေ့ကြရသည်။ မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ ပလောဒေသ၊ ခဇ--- ကျေးရွာတွင် စောဘဒ--- သည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် SAC ခလရ ၂၈၅ ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရပြီး ၎င်း၏ နေအိမ်လည်း ပျက်စီးခဲ့သည်။ သူ၏ ဇနီးနှင့် သားမှာ အသက်ရှင်ကျန်ခဲ့သည်။ သူ၏ ဇနီးဖြစ်သူ နော်ဘင--- သည် စားဝတ်နေရေးအခက်အခဲ စိန်ခေါ်မှုများကို ရင်ဆိုင်ရပြီး သူမ၏ ဆွေမျိုးများနှင့် နေထိုင်ရလျက်ရှိသည်။[6]

               (ဂ) စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ

ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာရခြင်းနှင့် အသက်သေဆုံးခြင်းများကို ဖြစ်ပေါ်စေပြီး ရွာသားများအပေါ် အကြောက်တရားများ လွှမ်းမိုးလာသည်။ ဤအကျဉ်းချုပ်စာတမ်းတွင် သက်သေခံချက်များ ပါဝင်သည့် ရွာသားတဝက်ကျော်သည် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကြောက်ရွံ့စွာဖြင့် နေထိုင်ရသည်ကို အထူးဖော်ပြထားသည်။ ဥပမာအားဖြင့် ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ ခဂ--- ကျေးရွာအုပ်စု၊ ခဂ--- ကျေးရွာမှ ရွာသားတစ်ဦးက ဤသို့ ဖော်ပြခဲ့သည်။ “ဒီလို ဖြစ်ရပ်တွေက ရွာသားတွေအပေါ်ကို ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်မှုရှိစေတယ်။ ကျွန်တော်တို့က ဘယ်တော့များ ပစ်မလဲဆိုတာကို အမြဲတွေးကြတယ်။ ကျွန်တော်တို့ တဖြည်းဖြည်းနဲ့ ပိုပိုပြီး ကြောက်ရွံ့ လာကြတယ်။ […] တချို့ရွာသားတွေက တခြားဒေသမှာ အခြေချဖို့ စီစဉ်ကြတယ်။ ကျွန်တော်တို့အနေနဲ့ အခြေအနေကို မခန့်မှန်းနိုင်ဘူး။ ဒါကြောင့် ကျွန်တော်တို့ ရွာထဲမှာပဲ နေပြီး ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်တယ်။ ကျွန်တော်တို့ အကြောက်တရားနဲ့ အခက်အခဲတွေကို ရင်ဆိုင်ကြတယ်။ ကျွန်တော်တို့အနေနဲ့ တခြားနေရာကို ပြောင်းရွှေ့နေထိုင်ဖို့က အရမ်းဝေးပြီး သွားလာဖို့ခက်ခဲတဲ့အတွက် အခက်အခဲရှိတယ်။ […] ကျွန်တော်တို့က ပြည်သူတွေ ဖြစ်တဲ့အတွက် လွတ်လပ်စွာ သွားလာ၊ လုပ်ကိုင် နေထိုင်ချင်တယ်။ အကြောက်တရားမရှိပဲ အသက်ရှင်ချင်တယ်။ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေကို ကျွန်တော်တို့ အတွက် ထည့်သွင်းစဉ်းစားပေးဖို့နဲ့ ပိုကောင်းတဲ့ အစီအစဉ်တွေ ချမှတ်ပေးစေချင်တယ်။”

လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးခြင်းကို ရှောင်ရှားနိုင်ရန်အတွက် အချို့သော ရွာသားများသည် ဗုံးခိုကျင်းများ တူးပြီး လက်နက်ကြီး ပစ်ခတ်သည့်အခါတွင် ပုန်းခိုခြင်း၊ တောထဲသို့ ထွက်ပြေးတိမ်းရှောင်ခြင်းများ ပြုလုပ် ကြသည်။ လက်နက်ကြီးပစ်ခတ်သည့် အသံကြားသည့်အခါ တောထဲသို့ ထွက်ပြေးတိမ်းရှောင်ရာတွင် ချက်ခြင်းသယ်ယူနိုင်မည့် အစားအသောက်များကိုလည်း ပြင်ဆင်ထားကြသည်။

               (ဃ) ပညာရေး လက်လှမ်းမီမှု အပေါ် သက်ရောက်မှုများ

လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ရွာသားများ မကြာခဏ ထွက်ပြေးတိမ်းရှောင်ရသည့်အတွက် ပညာရေး လက်လှမ်းမီမှုကို အခက်အခဲ ဖြစ်စေသည်။ အချို့သော ရွာသားများသည် ၎င်းတို့၏ ကျေးရွာအတွင်းသို့ ပစ်ခတ်မှုများ ဖြစ်သည့်အခါတွင် ၎င်းတို့၏ ယာခင်းတဲများ၊ သို့မဟုတ် တောတွင်းသို့ ထွက်ပြေးကြရသည်။ ဤသို့ဖြစ်ပွားသည့် အခါတွင် ကလေးများ ကျောင်းသွားနိုင်ခြင်း မရှိတော့ပါ။ အချို့ လူမှုအသိုင်းအဝိုင်းများက ကျောင်းသားများ ကျောင်းတက်ပညာသင်နိုင်ခြင်း မရှိချိန် ၎င်းတို့ကိုယ်တိုင်စာလေ့လာရသည့်အခါ အခြားသူများနှင့် အတူတကွ လေ့လာနိုင်ရန်အတွက် စာဖတ်ဝိုင်းများ ပြုလုပ်ပေးကြသည်။ အချို့ကျေးရွာများက ကရင်အမျိုးသားပညာရေးနှင့်ယဉ်ကျေးမှုဌာန (KECD) ၏ ကျောင်းများကို ဆက်လက်ဖွင့်လှစ်ထားပေးသည်။[7] အချို့ကျေးရွာများတွင် မကြာခဏ ကျောင်းတက်ရသည့်အခါ ထိုဒေသများတွင် လက်နက်ကြီး ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသဖြင့် မိဘများက ၎င်းတို့၏ ကလေးများအား ကျောင်းပို့ရန် စိုးရိမ်ကြောက်ရွံ့ကြသည်။

               (င) မပေါက်ကွဲသေးသည့် လက်နက်ခဲယမ်းများ

အချို့သော အခြေအနေများတွင် SAC မှ လက်နက်ကြီးများ ပစ်ခတ်ပြီးသည့် အခါတွင် အချို့သော လက်နက်ကြီးနှင့် ကျည်ဆံများသည် မပေါက်ကွဲပဲ ကျန်ရှိနေတတ်သည်။ အချို့သော မပေါက်ကွဲသေးသည် လက်နက်များအား လွယ်ကူစွာ မတွေ့နိုင်ပါ။ မပေါက်ကွဲသေးသည့် လက်နက်ခဲယမ်းများသည် ရွာသားများ၏ အသက်နှင့် လုံခြုံရေးကို အန္တရာယ် ကြီးမားစွာ ကျရောက်စေနိုင်ပြီး အချိန်မရွေး ပေါက်ကွဲစေနိုင်သည်။

၂၀၂၃ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် SAC ခလရ ၂၇၅၊ ၃၅၅ နှင့် ခမရ ၈၈ တို့သည် ဒူးပလာယာခရိုင်၊ ကောတရီးမြို့နယ်၊ နိုပိုးကျေးရွာအုပ်စု၊ သင်္ကန်းညီနောင်နှင့် မဲ့ကနဲကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သဖြင့် နေအိမ်များ ပျက်စီးခဲ့ရသည်။ အချို့ ကျည်ဆံခွံများမှာ ပေါက်ကွဲခြင်းမရှိပဲ ကျန်ရစ်သည့်အတွက် ရွာသားများအား အန္တရာယ် ကြီးမားစွာ ကျရောက်စေသည်။ အခြားသော ဖြစ်ရပ်တစ်ခုမှာ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မထော်ကျေးရွာအုပ်စု၊ မထော်ကျေးရွာတွင် အခြေစိုက်သည့် ခလရ (၄၀၇) မှ SAC တပ်သားများသည် မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မဲ့ခူးကျေးရွာအုပ်စု၊ မဲ့ခူးထ ကျေးရွာအတွင်းသို့ ၁၂၀ မမ လက်နက်ကြီး ၃ လုံးကို အဆင်အခြင်မဲ့စွာ ပစ်ခတ်ခဲ့သည်။ ထိုပေါက်ကွဲမှုတွင် နော်ဘဖ--- (အသက် ၄၅ နှစ်) ၏ နေအိမ် ခေါင်မိုးနှင့် နော်ဘဂ--- ၏ နေအိမ်ခေါင်မိုးများ ပျက်စီးခဲ့သည်။ SAC သည် လက်နက်ကြီး သုံးလုံးကို ပစ်ခတ်ခဲ့ရာ ၂ လုံးသာ ပေါက်ကွဲခဲ့ပြီး ကျန်တလုံးမှာ ပေါက်ကွဲခြင်း မရှိပေ။ ရွာသားများအနေနှင့် မပေါက်ကွဲသည့် လက်နက်ကြီးအား ရှာမတွေ့ပါ။ ထို့ကြောင့် ရွာသား ၃၀၀ ခန့်မှာ SAC ၏ လက်နက်ကြီးပစ်ခတ်မှုများနှင့် မပေါက်ကွဲသေးသည့် လက်နက်ခဲယမ်းများ၏ အန္တရာယ်ကို ကြောက်ရွံ့စွာ နေထိုင်ရလျက်ရှိသည်။

အချို့သော ဒေသခံ ရွာသားများသည် မပေါက်ကွဲသေးသည့် လက်နက်ခဲယမ်းများ၏ အန္တရာယ်ကို သတိပြုမိခြင်း မရှိပါ။ အထူးသဖြင့် ကလေးများမှာ အန္တရာယ်ကြီးမားစွာ ကြုံရလျက်ရှိသည်။ ဥပမာအားဖြင့် ဒူးပလာယာခရိုင်၊ ကောတရီးမြိုန့ယ်၊ မောင်မကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် လက်နက်ကြီးပစ်ခတ်မှုများနှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် နေရာဒေသဖြစ်သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကလေး ၂ ဦး ဖြစ်သော စောဘဟ--- နှင့် စောဘဈ--- တို့သည် သာယာကုန်းကျေးရွာအနီးတွင် မပေါက်ကွဲသည့် အမြောက်ကျည်ဆံတလုံးအား တွေ့ရှိခဲ့သည်။ ကလေးနှစ်ဦးသည် ထိုကျည်ဆံအား လေကြောင်းပစ်ခတ်မှုမှ ကျန်သည့် လက်နက်များဟု ထင်သဖြင့် အခြား သိနိုင်မည့်ရွာသားများကို ပြရန် ကျေးရွာသို့ ပြန်လည် ယူဆောင်လာခဲ့သည်။ စောဘဟ--- သည် ထိုကျည်ဆံအား သူ၏ အိတ်အတွင်း သယ်ဆောင်လာကာ ရွာသား စောဘည--- ကို ပြခဲ့သည်။ စောဘည--- က ၎င်းသည် မပေါက်ကွဲသေးသည့် ရွှေရောင် M40 အမြှောက်ကျည် ဖြစ်သည်ကို သိသည်။ ထိုအရာသည် အန္တရာယ် ရှိသည်ကို စောည--- က သိသဖြင့် စောဘဟ--- အား ထို M40 ကျည်ဆံကို ၎င်းယူဆောင်လာသည့် နေရာတွင် ပြန်ထားရန် အကြံပေးခဲ့သည်။ စောဘည--- ၏ အဒေါ်ဖြစ်သူက ကလေးများ ထိုကျည်ဆံကို ကိုင်ထားသည်ကို မြင်လျှင် “အဲဒါကို နင်ဘယ်ကရလာတာလဲ” ဟု ကျယ်လောင်စွာ အော်ဟစ်လျင် စောဘဟ--- သည် လန့်သွားသဖြင့် ကျည်ဆံမှာ မြေပေါ်သို့ ကျပြီး ပေါက်ကွဲသွားခဲ့သည်။

စောဘဈ--- နှင့် စောဘဟ--- တို့သည် ၎င်းတို့ရပ်နေသည့် နေရာတွင် လက်နက်ကြီး ပေါက်ကွဲမှုကြောင့် လွင့်ထွက်သွားပြီး ၎င်းတို့တကိုယ်လုံး ဒဏ်ရာ ရရှိခဲ့သည်။ စောဘည--- သည် ၎င်း၏ ခြေထောက်နှစ်ဖက်လုံး ဒဏ်ရာရခဲ့ပြီး သူ၏ အဒေါ်ဖြစ်သူမှာလည်း မျက်နှာတွင် ဒဏ်ရာရရှိခဲ့သည်။ စောဘည--- နှင့် အဒေါ်ဖြစ်သူမှာ ထိုကလေး နှစ်ဦးနှင့် အနည်းငယ် လှမ်းသည့်အတွက် ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့သည်။ စောဘဟ--- မှာ ပေါက်ကွဲမှုဖြစ်ပြီး မကြာမီ သေဆုံးခဲ့သည်။ အခြား ဒဏ်ရာရသူ သုံးဦးကို ခိုသဲဆီသဲဖလယ်ကျေးရွာအုပ်စု၊ ခိုသဲဆီသဲဖလယ်ကျေးရွာ သို့ ဆေးကုသမှု ခံယူရန် ပို့ဆောင်ခဲ့သည်။

() သုံးသပ်ချက်။  SAC ၏ နေရာအနှံ့ လက်နက်ကြီးများ စနစ်တကျပစ်ခတ်ခြင်းအပေါ် ဥပဒေအရ အဓိပ္ပါယ်ဖော်ခြင်း

လက်နက်ကြီးများ မဆင်မခြင် ပစ်ခတ်ခြင်းသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးသည့် အချိန်မှစ၍ မြန်မာပြည် အရှေ့တောင်ပိုင်းတွင် SAC မှ ရွာသားများအပေါ် တိုက်ခိုက်ရာတွင် အသုံးများသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ကရင်လူ့အခွင့်အရေး လုပ်ငန်းဆောင်ရွက်သည့် ဒေသများတလျှောက်တွင် ပစ်ခတ်မှုများနှင့် ပတ်သက်၍ အနည်းဆုံးဖြစ်ရပ် ၁၉၂ ခုကို KHRG မှ မှတ်တမ်းတင်နိုင်ခဲ့ပြီး ထိုကာလအတွင်း လက်နက်ကြီး အလုံးပေါင်း ၈၁၂ လုံးခန့် ပစ်ခတ်ခဲ့သည်။ SAC မှ အရပ်သားများ၏ ဒေသများအတွင်းသို့ လက်နက်ကြီး ပစ်ခတ်မှုများအား များသောအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့များမှ တိုက်ပွဲများ ဖြစ်ပွားပြီးသည့်အချိန်၊ SAC မှ တော်လှန်ရေးတပ်ဖွဲ့များ ထိုဒေသများအတွင်း လှုပ်ရှားလျက်ရှိသည်ကို သိသော အချိန် သို့မဟုတ် SAC ၏ ပုံမှန် စစ်ရေးလှုပ်ရှားမှုများ ဖြစ်သည့် ရိက္ခာများ၊ တပ်သားများနှင့် လက်နက်များအား တပ်ခန်းများအကြား သယ်ယူပို့ဆောင်ခြင်းများ မလုပ်ဆောင်မီ အခါများတွင် လုပ်ဆောင်လေ့ရှိသည်။ အခြားသောဖြစ်ရပ်များတွင် SAC သည် ကျေးရွာများနှင့် ဥယျာဉ်ခြံများ အတွင်းသို့ ဒေသခံ ပြည်သူများအား ခြိမ်းခြောက်ရန်နှင့် ခြောက်လန့်ရန် လက်နက်ကြီးများ မဆင်မခြင် ပစ်ခတ်လေ့ရှိသည်။ ထို့ကြောင့် လက်နက်ကြီး ပစ်ခတ်မှုသည် SAC မှ ကရင်ပြည်နယ်အတွင်း အရပ်သားပြည်သူများအား အကြံအစည်ရှိရှိ ပစ်မှတ်ထားလုပ်ဆောင်သည့် အခြားနည်းလမ်းတစ်ခုဖြစ်သည်။

အရပ်သားများ၏ ဘဝများနှင့်လုံခြုံမှုသည် ဤပစ်ခတ်မှုများကြောင့် ကြီးမားစွာ ခြိမ်းခြောက်ခြင်း ခံရလျက် ရှိသည်။ ကလေးသူငယ် ၁၇ ဦး အပါအဝင် စုစုပေါင်း ၅၈ ဦး အသတ်ခံရခြင်းနှင့် ကလေးသူငယ် ၅၇ ဦး အပါအဝင် စုစုပေါင်း ၂၄၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ခြင်းနှင့် ပတ်သက်၍ သတင်းအချက်အလက်များအား  ကရင်လူ့အခွင့်အရေး အဖွဲ့မှ မှတ်တမ်းရယူခဲ့သည်။ ထိုရွာသားများသည် ၎င်းတို့ အိပ်စက်နေစဉ်၊ ပုန်းခိုနေစဉ် သို့မဟုတ် နေအိမ်တွင် နေထိုင်နေစဉ် လက်နက်ကြီး ထိမှန်ခဲ့ခြင်း ဖြစ်သည်။ အခြားရွာသားများသည် ၎င်းတို့ဥယျာဉ်ခြံများတွင် အလုပ်လုပ်နေစဉ်နှင့် ကျေးရွာများအကြား ခရီးသွားနေစဉ် ထိမှန်ခြင်းဖြစ်သည်။ ထိခိုက်ဒဏ်ရာရသည့် ရွာသားအများစုသည် အရေးပေါ် ဆေးဝါးကုသမှု ချက်ခြင်းမရရှိနိုင်ခဲ့သည့်အတွက် အသက်သေဆုံးခဲ့ကြရသည်။ အချို့ရွာသားများက လက်နက်ကြီး ရုတ်ချည်းပစ်ခတ်ခံရသည့်အတွက် သေဆုံးကြရသည်။ လက်နက်ကြီး ပစ်ခတ်မှုများသည် ၎င်းတို့၏ နေအိမ်များ၊ ဒေသတွင်း အဆောက်အအုံများ၊ ဘာသာရေး အဆောက်အအုံများနှင့် ဥယျာဉ်ခြံများကိုလည်း ပျက်စီးစေသည်။

နေရပ်ရွှေ့ပြောင်းနေထိုင်ခြင်းသည် လက်နက်ကြီး ပစ်ခတ်ခြင်းဒဏ်မှ အသက်ရှင်ကျန်ရစ်နိုင်ရန် အများဆုံး အသုံးပြုသည့် နည်းလမ်းတစ်ခုဖြစ်သည်။ အဆင်အခြင်မဲ့ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဖြစ်ပေါ်လာသည့် အမြဲတစေ နေရပ်ရွှေ့ပြောင်းနေထိုင်ခြင်းများကြောင့် လူမှုအသိုင်းအဝိုင်းတစ်ခုလုံး ၎င်းတို့၏ စိုက်ပျိုးရေး ဥယျာဉ်ခြံများတွင် အလုပ်လုပ်ကိုင်နိုင်ခြင်းမရှိပဲ မိသားစု စားဝတ်နေရေး ဖူလုံမှုရှိစေရန် ၎င်းတို့၏ သီးနှံများအား ဂရုစိုက် ထိန်းသိမ်းနိုင်ခြင်း မရှိတော့ပါ။ ဤအခြေအနေသည် ကျေးလက်နေ ရွာသားများအား စားနပ်ရိက္ခာ ပြတ်လပ်မှုများကြုံတွေ့လာစေသည်။ တိုက်ပွဲများဖြစ်ပွားပြီးနောက် ၎င်းတို့၏ ကျေးရွာများ အတွင်းသို့ အစားအသောက်နှင့် အိမ်သုံးပစ္စည်းများ ပြန်လည်ရယူနိုင်ရန် ကျေးရွာအတွင်းသို့ ပြန်လည် ခိုးဝင်သည့် အခါတွင်လည်း ၎င်းတို့အတွက် အလွန်ပင် အသက်အန္တရာယ်ရှိသည်။ ရွာသားများအနေနှင့် ထိခိုက်ဒဏ်ရာ ရပြီးသော အခါများတွင်လည်း ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ပြန်လည် လုပ်ကိုင်နိုင်ခြင်း မရှိကြပါ။ လက်နက်ကြီး ပစ်ခတ်မှုများအား အဆက်မပြတ် ကြုံတွေ့ရသည့် ဒေသခံရွာသားများအနေနှင့် အကြောက်တရားဖြင့် ဆက်လက် ရှင်သန်ရပြီး ၎င်းတို့အနေနှင့် ကျေးရွာအတွင်း ဆက်လက် နေထိုင်သည်ဖြစ်စေ နေရပ်ရွှေ့ပြောင်း နေထိုင်ကြသည်ဖြစ်စေ အသက်အန္တရာယ် ခြိမ်းခြောက်မှုများအား ဆက်လက် ရင်ဆိုင်နေကြရသည်။ အချို့ ကျည်ဆံခွံများသည် ကျေးရွာများ၊ ဥယျာဉ်ခြံများနှင့် ဒေသအတွင်းသို့ ကျရောက်သည့် အခါ မပေါက်ကွဲပဲ ဆက်လက် ကျန်ရှိနေတတ်သည်။ ကလေးများသည် ၎င်းတို့ကြုံတွေ့နိုင်သည့် အန္တရာယ်ကို မသိမြင်နိုင်သောကြောင့် မပေါက်ကွဲသေးသည့် လက်နက်ခဲယမ်းများ၏ သတ်ဖြတ်ခြင်း၊ ထိခိုက်ဒဏ်ရာရစေခြင်းကို ခံစားရနိုင်ချေ အမြင့်ဆုံးသူများဖြစ်သည်။

ဤအခွင့်အရေးချိုးဖောက်မှုအားလုံးသည် နိုင်ငံတကာဥပဒေအား ချိုးဖောက်ခြင်းကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများအတွက် စည်းမျည်းများထဲမှ အခြေခံကျဆုံး စည်းမျဉ်းတစ်ခုမှာ စစ်သားများနှင့် စစ်ဘက်ဆိုင်ရာ အသုံးအဆောင်များအား အရပ်သားများနှင့် အရပ်သားများ၏ ပိုင်ဆိုင်မှုများနှင့် ခွဲခြားသတ်မှတ်ထားရမည်။[8] ဤအချက်သည် အလွန်အရေးကြီးသည့်အချက်ဖြစ်ပြီး စစ်ရေးပစ်မှတ်များကိုသာ တိုက်ခိုက်ရမည်ဖြစ်ကာ အရပ်သားများအား အကာအကွယ်ပေးရမည်။[9] ထို့အတွက်ကြောင့် စစ်တပ်အနေဖြင့် ၎င်းတို့၏ လှုပ်ရှားမှုများတွင် ၎င်းတို့၏ ပစ်မှတ်များအပေါ်သို့သာ ကျရောက်စေနိုင်မည့် လက်နက်ခဲယမ်းများကို အသုံးပြုရန်နှင့် ၎င်းတို့၏ တိုက်ခိုက်မှုများသည် အဆင်အခြင်မဲ့ တိုက်ခိုက်မှုများ မဖြစ်စေရန်သေချာစွာ လုပ်ဆောင်ရမည်။[10] အခြေအနေ အများစုတွင် ဥပဒေအား လေးစားလိုက်နာရမည့်အစား SAC သည် ဤအခြေခံအကျဆုံး စည်းမျဉ်းများအားလုံးကို သိလျက်နှင့် အရပ်သားများ၊ ၎င်းတို့ အခြေချနေထိုင်ရာအရပ်၊ ပိုင်ဆိုင်မှုများ၊ ကျေးရွာများ၊ ဥယျာဉ်ခြံများနှင့် လယ်ယာမြေများအား ပစ်မှတ်ထားခြင်းဖြင့် ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်လေ့ရှိသည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် စစ်တပ်သည် ၎င်းတို့၏ ပစ်မှတ်များသည် အရပ်သားများ ဖြစ်စေရန်နှင့် နိုင်ငံတကာ စံချိန် ဥပဒေများအား ချိုးဖောက်နေမှုကို သေချာစေရန် လုပ်ဆောင်လေ့ရှိသည်။ ဤလုပ်ဆောင်ချက်များသည် စစ်ရာဇဝတ်မှု မြောက်သည်။[11]

ထို့အပြင် ရွာသားများအပေါ် လက်နက်ကြီး ပစ်ခတ်မှုသည် ရွာသးများအတွက် အကျိုးဆက်များစွာကို ဖြစ်ပေါ်စေသည်။ ရွာသားအများစုမှာ နေရပ်ရွှေ့ပြောင်းနေထိုင်ရသဖြင့် ရွာသားများအား ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းသည် ပြည်သူများအား အဓမ္မရွှေ့ပြောင်းနေထိုင်စေခြင်းဆိုင်ရာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်သည်။[12] ရွာသားများ ကြုံတွေ့ရသည့် အခြားအကျိုးဆက်များတွင် ၎င်းတို့၏ ကျန်းမာရေး၊ ပညာရေးနှင့် ဝန်ဆောင်မှု မရရှိခြင်းနှင့် စားဝတ်နေရေး အဆင်ပြေစေရန် ရုန်းကန်ရခြင်းတို့ ပါဝင်သည်။ ဤအခြေအနေက ဓလေ့ထုံးတမ်းဆိုင်ရာ လူ့အခွင့်အရေး စံချိန်စံနှုန်းများစွာကို ချိုးဖောက်နေခြင်းဖြစ်သည်။ SAC အနေနှင့် ဤချိုးဖောက်မှုများအတွက်အပြစ်ပေးအရေးယူခြင်း ခံရသင့်ပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့် မရရှိနိုင်ရန် တာဝန်ယူမှု တာဝန်ခံမှုရှိစေရန်နှင့် ဤရာဇဝဝတ်မှုများ ကျူးလွန်ခံရသည့် လူတစ်ဦးချင်းစီနှင့် လူမှုအသိုင်းအဝိုင်းအတွက် ပြန်လည်တည်ထောင်ရေးများကို လုပ်ဆောင်ပေးရမည်။

အကြံပြုချက်များ

နိုင်ငံတကာ သက်ဆိုင်ရာတာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် နိုင်ငံခြား အစိုးရများ အနေနှင့်

  • စစ်အာဏာရှင်သည် လက်ရှိဖြစ်ပွားလျက်ရှိသော လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုများ၏ အကြောင်းရင်းဖြစ်ကြောင်းကို အသိအမှတ်ပြုရန်နှင့် စစ်အာဏာရှင်နှင့် သဘောတူညီမှု လက်မှတ်ရေးထိုးခြင်းနှင့် ထောက်ခံချက်ပေးခြင်းများအပါအဝင် ၎င်းတို့အား တရားဝင်အသိအမှတ် ပြုခြင်းကို ရှောင်ကျဉ်ရန်။
  • တရားမျှတမှုကို ရှာဖွေပြီး SAC အား အရပ်သားများနေထိုင်သည့် ဒေသများအပေါ်သို့ လက်နက်ကြီး မဆင်မခြင် ပစ်ခတ်မှုများအတွက် တာဝန်ယူတာဝန်ခံစေနိုင်ရန် SAC ခေါင်းဆောင်များအား အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များမှ တဆင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) အပါအဝင် အပြည်ပြည်ဆိုင်ရာ တရားရုံးများတွင် စစ်ဆေးအရေးယူရန်။
  • ကရင်လူမျိုးများကြုံတွေ့ရသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ အထူးသဖြင့် ၎င်းတို့အား ပစ်မှတ်ထားပြီး အဆင်အခြင်မဲ့ လက်နက်ကြီး ပစ်ခတ်ခြင်းများအတွက် အပြည်ပြည်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုများအား ပိုမိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန်။  
  • လက်ရှိတွင် ကျူးလွန်ခံရသူများနှင့် ၎င်းတို့၏ မိသားစုဝင်များအား SAC ၏ လက်နက်ကြီးပစ်ခတ်မှု ဒဏ်ခံရသူများအား ပြန်လည်ကုစားပေးရန်နှင့် ကျော်လွှားနိုင်ရန်အပြင် နေရပ်ရွှေ့ပြောင်း နေရသူများနှင့် ထွက်ပြေးတိမ်းရှောင်နေရသော ရွာသားများအား ကူညီပံ့ပိုးမှုပေးနေသည့် ဒေသတွင်း အရပ်ဖက်လူမှု အဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် တိုင်းရင်းသား ဝန်ဆောင်မှုပေးသူများအား ပံ့ပိုးကူညီရန်။
  • စစ်အာဏာရှင်၏ တိုက်ပွဲများနှင့် အရပ်သားများအပေါ် တိုက်ခိုက်နေမှုများတွင် လိုအပ်သည့် ငွေကြေး ပံ့ပိုးမှုများအတွက် စွမ်းဆောင်နိုင်ရည်များကို အားနည်းချိနဲ့စေရန်အတွက် SAC၊ စစ်အာဏာရှင်၏ အရာရှိများနှင့် လက်နက်ခဲယမ်း တင်သွင်းနေသူများအပေါ် စနစ်တကျ ပူးပေါင်းပိတ်ဆို့အရေးယူမှုများ ချမှတ်ပေးရန်။ 
Mon, 25 Dec 2023

Footnotes: 

[1] ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် မြန်မာစစ်တပ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ဦးဆောင်ပြီး ဒီမိုကရေစီနည်းလမ်းကျကျ ရွေးကောက်တင်မြောက်ထားသည့်အစိုးရအဖွဲ့ကို ဖြုတ်ချခဲ့သည်။ အရေးပေါ်အခြေအနေအရ တိုင်းပြည်ကို တစ်နှစ်အုပ်ချုပ်စေရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အစိုးရအာဏာကို လွှဲပြောင်းပေးခဲ့သည်ဟု စစ်တပ်မှကြေညာထုတ်ပြန်ခဲ့သည်။ ၂၀၂ဝခုနှစ်၊ နိုဝင်ဘာလ အတွင်းပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော NLD ပါတီသည် သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့သည်မဟုတ်ဟု တပ်မတော်မှ ထွက်ဆိုခဲ့သည်။

[2] နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါ ရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အစိုးရ၏ အုပ်ချုပ်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းခဲ့သည်။ ဤအစိုးရအဖွဲ့ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် တပ်မတော်အစိုးရအရာရှိရှစ်ဦးနှင့် အရပ်သားရှစ်ဦးတို့ဖြင့် စတင်ဖွဲ့ စည်းခဲ့သည်။ ဥက္ကဌမှ မြန်မာနိုင်ငံအစိုးရ၏အကြီးအကဲ အဖြစ်သော် လည်းကောင်း၊ မြန်မာနိုင်ငံ၏စစ်ဘက်ဆိုင်ရာဝန်ကြီးအဖွဲ့ကိုသော် လည်းကောင်း ဦးစီးဦးဆောင်မှုပြုသည်။ မင်းအောင်လှိုင်သည် အာ ဏာသိမ်းပြီးနောက်ပိုင်းတွင် SAC ၏ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။

[3] KHRG, “Beyond the Horizon: Local Perspectives on Peace, Justice and Accountability in Southeast Myanmar”, September 2019.

[4] KHRG, ““Why would they target us?”: Exploring patterns of the Burma Army’s retaliatory abuses against villagers across Southeast Burma”, June 2023

[5] KHRG, “Undeniable: War crimes, crimes against humanity and 30 years of villagers’ testimonies in rural Southeast Burma”, Decem­ber 2022.

[6] KHRG, “Mergui-Tavoy District Incident Report: Two villagers killed and two injured by the SAC shelling in Ler Muh Lah Township, July 2023”, November 2023

[7] See, for example: KHRG, “Taw Oo District Situation Update: SAC indiscriminate shelling causing death and injury, travel restrictions, and villagers’ livelihood, education, and healthcare challenges, from January to March 2023.”, November 2023; KHRG, “Statement on International Day to Protect Education from Attack”, September 2023.

[8] Rules 1 and 7 of Customary international humanitarian law (ICRC).

[9] Rules 6 and 9 of Customary international humanitarian law (ICRC)

[10] Rule 11 of Customary international humanitarian law (ICRC)

[11] Art. 8 2. (a) (i), (iii) & (iv), and 8 2. (e) (i), (ii), (iii), (iv) of the Rome Statute of the International Criminal Court (considered here to reflect customary international criminal law)

[12] Art. 7 1. (d) of the Rome Statute of the International Criminal Court (considered here to reflect customary international criminal law)

Related Readings