“အခုချိန်မှာ SAC စစ်သားတွေဟာ ရွာသားတွေရဲ့လယ်ယာနဲ့စိုက်ပျိုးခြံအနီးနားမှာပဲ မြေမြှုပ်မိုင်းတွေကိုထောင်ထားကြတယ်။ ဘယ်နေရာမှာထောင်ထားလဲဆိုတာ ကျွန်တော်တို့ (ပြည်သူတွေ) အတိအကျမသိကြဘူး။ မြေမြှုပ်မိုင်း ပေါက်ကွဲမှုတွေမဖြစ်တော့ရင် အေးအေးဆေးဆေးနေထိုင်လို့ရတယ်။ SAC က မြေမြှုပ်မိုင်းကို မထောင်ထားသင့်ဘူး။ SAC က (…) ပြည်သူတွေကို စစ်သားလိုပဲ သဘောထားတယ်။” [1]

ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်မှ ရွာသားတစ်ဦး၏သက်သေခံပြောကြားချက်

(၁) နိဒါန်း

၂၀၂၁ခုနှစ် မြန်မာစစ်တပ်အာဏာသိမ်းမှု[2] ဖြစ်ပွားပြီး လက်နက်ကိုင်ပဋိပက္ခများ ပို၍ပြင်းထန်လာပြီးနောက် မြန်မာပြည် အရှေ့တောင်ပိုင်းတွင် မြေမြှုပ်မိုင်းများအသုံးပြုမှု ပို၍ကျယ်ပြန့်လာခဲ့သည်။ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (SAC)[3] နှင့်လက်နက်ကိုင်တပ်ဖွဲ့များအားလုံးသည် ၎င်းတို့နယ်မြေများကို ကာကွယ်ရန်နှင့် ရန်သူများကိုပစ်မှတ်ထားတိုက်ခိုက်ရန်အတွက် မြေမြှုပ်မိုင်းများကို အသုံးပြုကြသည်။ သို့သော်လည်း လက်ရှိဖြစ်ပေါ် နေသော လက်နက်ကိုင်ပဋိပက္ခများကြားတွင် မြေမြှုပ်မိုင်းများကို တိုးချဲ့၍အသုံးပြုခြင်းကြောင့် ရွာသားများအပေါ် ဆိုးရွားစွာထိခိုက်စေပါသည်။ SAC သည် မည်သူ့ကိုမှ မခွဲခြားဘဲ မြေမြှုပ်မိုင်းများကိုအသုံးပြုခြင်းဖြင့် အရပ်သားပြည် သူများအား ပို၍ပစ်မှတ်ထားလျက်ရှိသည်။ ဒေသအတွင်းအသိအမှတ်ပြုထားသော ကရင်ပြည်နယ်တွင် မြေမြှုပ်မိုင်း များကို အသုံးပြုခြင်းခြင်းကြောင့် အရပ်သားများသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပွားစေပြီး ရွာသားများ၏ဘဝနှင့် အသက်မွေးဝမ်းကျောင်းပြုမှုကို ဆိုးရွားစွာထိခိုက်စေပါသည်။

ဤအနှစ်ချုပ်စာတမ်းတွင် ၂၀၂၁ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးမှစ၍ အရပ်သားဒေသများတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှု ဖြစ်စဉ်များကို သုံးသပ်တင်ပြထားပြီး ဒေသခံလူမှုအသိုင်းအဝန်းများအပေါ် ဆိုးကျိုးသက်ရောက်မှုများနှင့် ၎င်းတို့၏ လိုအပ်ချက်များကို လေ့လာဆန်းစစ်ထားပါသည်။ ဤအနှစ်ချုပ်စာတမ်း၏ပထမအခန်းတွင် မြန်မာပြည်အရှေ့တောင် ပိုင်းရှိ မြေမြှုပ်မိုင်းများတည်ရှိမှုအခြေအနေကို အကျဉ်းချုပ်ရှင်းပြထားပါသည်။ ဒုတိယအခန်းတွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေကြေပျက်စီးမှုများနှင့် ဒေသခံလူမှုအသိုင်းအဝန်းများအပေါ် ဆိုးကျိုးသက်ရောက်မှုများအပါအဝင် ရွာသား များကြုံတွေ့ခဲ့ရသည့်အခက်အခဲစိန်ခေါ်မှုများကို ခြုံငုံသုံးသပ်ထားပါသည်။ တတိယအခန်းတွင် မြေမြှုပ်မိုင်းအခြေအ နေနှင့်ပတ်သက်သော လုံခြုံရေးနှင့်ဥပဒေရေးရာများ သုံးသပ်လေ့လာချက်များအပါအဝင် KHRG အနေဖြင့် ပြည်တွင်း နှင့်နိုင်ငံတကာသက်ဆိုင်ရာတာဝန်ရှိသူများမှ လိုက်နာဆောင်ရွက်ရမည့် မူဝါဒအကြုံပြုချက်များကိုလည်း ထည့်သွင်း ဖော်ပြထားပါသည်။

(၂) ခြုံငုံသုံးသပ်ချက်

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် နိုင်ငံ့လုံခြုံရေးတပ်ဖွဲ့များမှ ၎င်းတို့၏တိုင်းသူပြည်သားများအား ဆန့်ကျင်၍မြေမြှုပ် မိုင်းများကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုသော တစ်နိုင်ငံတည်းသာအဖြစ် သတ်မှတ်ခံရသည်။[4] မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ် မိုင်းအသုံးပြုမှုတားမြစ်ရေးသဘောတူစာချုပ်၏အဖွဲ့ဝင်နိုင်ငံမဟုတ်ပါ။ အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းတားဆီးရေးလှုပ်ရှားမှုအဖွဲ့ (ICBL)[5] ၏လေ့လာဆန်းစစ်ချက်အရ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် ကျန်ရှိနေသော မြေမြှုပ်မိုင်း များ ထုတ်လုပ်မှုအများဆုံးနိုင်ငံ (၁၂)နိုင်ငံမှ တစ်နိုင်ငံအဖြစ်တည်ရှိနေသောနိုင်ငံဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂ၏မြန်မာ နိုင်ငံသတင်းအချက်အလက်စီမံခန့်ခွဲမှုဆိုင်ရာအဖွဲ့မှ တင်ပြထားသောအစီရင်ခံစာအရ လွန်ခဲ့သောဆယ်စုနှစ်များအ တွင်း အသုံးပြုသောမြေမြှုပ်မိုင်းများသည် မြန်မာအစိုးရမှသတ်မှတ်ထားသော တိုင်းနှင့်ပြည်နယ်ဒေသများအားလုံးတွင် ဆက်လက်တည်ရှိနေသေးပါသည်။[6]   

မြန်မာနိုင်ငံတစ်ဝှမ်းတွင် မြန်မာစစ်တပ်နှင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအကြား ဆယ်စုနှစ်များစွာ ဖြစ်ပွား ခဲ့သောပဋိပက္ခများတွင် မိမိတို့နယ်မြေလုံခြုံရေးအတွက် မြေမြှုပ်မိုင်းများကို အပြိုင်အဆိုင်အသုံးပြုခဲ့သည်မှာ ကြာမြင့် ခဲ့ပြီးဖြစ်သည်။ သို့သော်လည်း မြန်မာစစ်တပ်သည် “ဖြတ်လေးဖြတ်” မဟာဗျူဟာ၏အစိတ်အပိုင်းတစ်ခုအဖြစ် မြေ မြှုပ်မိုင်းများကို အသုံးပြု၍ အရပ်သားပြည်သူများကို တိုက်ရိုက်ပစ်မှတ်ထားကြောင်းတွေ့ရှိရသည်။ “ဖြတ်လေးဖြတ်” မဟာဗျူဟာ၏ရည်ရွယ်ချက်မှာ လက်နက်ကိုင်တပ်ဖွဲ့များ၊ ၎င်းတို့မိသားစုဝင်များနှင့် ဒေသခံရွာသားများကြားတွင်ရှိ သော ဆက်သွယ်ချိတ်ဆက်မှုကို ဖျက်ဆီးရန်ဖြစ်သည်။ ထိုဆက်သွယ်ချိတ်မှုကို ဖျက်ဆီးရာတွင် တိုင်းရင်းသားလက် နက်ကိုင်တပ်ဖွဲ့များ (EAG) အတွက် စားနပ်ရိက္ခာများ၊ ငွေကြေးထောက်ပံ့မှုများ၊ သတင်းအချက်အလက်များနှင့် တပ် သားစုဆောင်းမှုများ ဖြတ်ထောက်ခြင်းသည် “ဖြတ်လေးဖြတ်” မဟာဗျူဟာဖြစ်သည်။[7] လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များအနေဖြင့် မြေမြှုပ်မိုင်းများ ထောင်ထားသည့်နေရာများကို မသိရှိစေရန်အတွက် မြန်မာစစ်တပ်သည် မြေ မြှုပ်မိုင်းများတည်နေရာများကို အရပ်သားပြည်သူများ မသိရှိအောင် ရည်ရွယ်ချက်ရှိရှိ သတင်းပေးအကြောင်းကြား ခြင်းပဲမရှိကြောင်းတွေ့ရှိရသည်။ ဆယ်စုနှစ်များစွာ ဖြစ်ပွားခဲ့သောလက်နက်ကိုင်ပဋိပက္ခများတွင် ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများသည် ဆက်လက်တည်ရှိနေသေးပါသည်။ ထို့ပြင် ၂၀၂၁ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း တိုက်ပွဲများပို၍ပြင်းထန်လာသည့်ကြားတွင် မြန်မာစစ်တပ်သည် တစ်နိုင်ငံလုံးအား ထိန်းချုပ်ရန်ကြိုးပမ်းရာတွင် မြေ မြှုပ်မိုင်းအသစ်များကို  ဆက်လက်အသုံးပြုနေကြောင်းတွေ့ရှိရသည်။ ထို့ကြောင့် လက်ရှိဖြစ်ပေါ်နေသည့်လက်နက် ကိုင်ပဋိပက္ခများသည် မြေမြှုပ်မိုင်းရှင်းလင်းရေးအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရန်အတွက် ကြီးမား သည့်အဟန့်အတားစိန်ခေါ်မှုတစ်ရပ်အဖြစ် တည်ရှိနေသည်။

ကရင်ပြည်နယ်သည် မြေမြှုပ်မိုင်းများအသုံးပြုမှုများသည့် နေရာဒေသတစ်ခုဖြစ်သည်။[8] မြေမြှုပ်မိုင်းများနှင့်စပ်ဆိုင် သောလူ့အခွင့်အရေးချိုးဖောက်မှုများသည် ပြဿနာအသစ်တစ်ခုမဟုတ်ခဲ့ပေ။ ဆယ်စုနှစ်ကြာဖြစ်ပွားခဲ့သောပဋိပက္ခ များတစ်လျှောက်တွင် ကျစ်ရစ်ခဲ့သော မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသောလက်နက်ခဲယမ်းများသည် (UXO) ရွာသားများအပေါ် ခြိမ်းခြောက်မှုကြီးတစ်ခုဖြစ်စေခဲ့သည်။[9] ယခုလက်ရှိ၌ SAC နှင့် လက်နက်ကိုင်တော်လှန်ရေးတပ် ဖွဲ့များသည် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် မြေမြှုပ်မိုင်းအသစ်များအား ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြသည်။ ထို့ကြောင့် မြေမြှုပ်မိုင်းအသစ်များနှင့် မြေမြှုပ်မိုင်းအဟောင်းများနှစ်ခုစလုံးတည်ရှိနေသောကြောင့် အန္တရာယ်များပို၍ ရှိလာခဲ့သည်။ အဆိုပါမြေမြှုပ်မိုင်းအသစ်များကို ရွာသားများရှောင်လွှဲ၍မရသော နေရာဒေသတွင် ထောင်ထားလေ့ရှိ သည်။ ရွာသားများသည် မြေမြှုပ်မိုင်းများအား မတော်တဆနင်းမိခဲ့သည့်ဖြစ်စဉ်များပို၍များလာသည်သာမက SAC နှင့် ၎င်းတို့ပူးပေါင်းတပ်ဖွဲ့များသည် မြေမြှုပ်မိုင်းများကိုအသုံးပြု၍ ရွာသားများအား ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားလေ့ ရှိသည်။ 

၁၉၉၇ခုနှစ် မိုင်းအသုံးပြုမှုတားမြစ်ရေးသဘောတူစာချုပ်ပါ အပိုဒ် (၂.၂)တွင် မိုင်းကိုဤကဲ့သို့အဓိပ္ပါယ်ဖွင့်ဆိုခဲ့သည်။ “မြေအောက်တွင်သော်လည်းကောင်း၊ မြေပေါ်တွင်သော်လည်းကောင်း သို့မဟုတ် အခြားမြေပြင်ဧရိယာတွင် ထားရှိရန် ထုတ်လုပ်ထားပြီး အနီးအနားရှိ လူတစ်ဦး သို့မဟုတ် ယာဉ်တစ်စီးအား ထိမိပါက ပေါက်ကွဲစေနိုင်သော လက် နက်ခဲယမ်းတစ်ခုဖြစ်သည်။” [10] KHRG ၏သတင်းမှတ်တမ်းများအရ SAC သည် စက်ရုံမှထုတ်လုပ်သည့်မိုင်းများကို အဓိက အသုံးပြုသည်။ သို့သော်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) သည် အများအားဖြင့် လက်လုပ် မိုင်းများ၊ လက်လုပ်ဖေါက်ခွဲရေးပစ္စည်းများနှင့် ယာဉ်များအားတိုက်ခိုက်ဖျက်ဆီးရန်အတွက် လက်လုပ်ဆွဲမိုင်းများအား အသုံးပြုသည်။[11] KNLA မှ အသုံးပြုသည့်လက်လုပ်မိုင်းများသည် SAC အသုံးပြုသည့်စက်ရုံထုတ်မိုင်းများနှင့်နှိုင်း ယှဉ်ပါက ပေါက်ကွဲမှုအားနည်းသည်။ ပုံမှန်အားဖြင့်ဆိုလျှင် စက်ရုံထုတ်မိုင်းများသည် ဆယ်စုနှစ်များစွာ ကြာရှည်ခံ သော်လည်း လက်လုပ်မိုင်းများသည် သက်တမ်း (၆)လအထိသာ ကြာရှည်ခံသည်။ သို့သော်လည်း စက်ရုံထုတ်မိုင်း များနှင့် လက်လုပ်မိုင်းများနှစ်ခုစလုံးသည် ဒေသခံပြည်သူလူထုများအတွက် ကြီးမားသောအန္တရာယ်ခြိမ်းခြောက်မှု တစ်ခုဖြစ်စေသည်။ တစ်ခါတစ်ရံတွင် KNLA သည် ၎င်းတို့ထောင်ထားသည့်မြေမြှုပ်မိုင်းများတည်နေရာကို ဒေသခံရွာ သားများအား အသိပေးအကြောင်းကြားခြင်းရှိသော်လည်း လုံလောက်သည့်သတင်းအချက်အလက်များ ပေးခြင်းမရှိခဲ့ ပေ။ SAC သည် ၎င်းတို့ထောင်ထားသည့်မြေမြှုပ်မိုင်းများတည်နေရာကို ဒေသခံရွာသားများအား အသိပေးလေ့မရှိပေ။ ထို့အပြင် SAC သည် မြေမြှုပ်မိုင်းတည်နေရာနှင့်ပတ်သက်၍ ရည်ရွယ်ချက်ရှိရှိ သတင်းအချက်အလက်များ ဖုံးကွယ် ထား၍ အရပ်သားဒေသများအတွင်း မြေမြှုပ်မိုင်းများထောင်ထားသည့်အတွက်ကြောင့် ဒေသခံလူထုများအပေါ် ကြီးမား သောအန္တရာယ်များဖြစ်စေသည်။

(၃) သတင်းအကျဉ်းချုပ် - မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်များနှင့် ဒေသခံလူထုအပေါ် ဆိုးကျိုးသက်ရောက်မှု များ    

ဤအခန်းတွင် ၂၀၂၁ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း မြန်မာပြည်အရှေ့တောင်ပိုင်းတွင် လူတွေအပေါ် ထိခိုက်သေကြေစေသော မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်များနှင့် ဒေသခံလူမှုအသိုင်းအဝန်းများအပေါ် ဆိုးကျိုးသက်ရောက်မှုများအကြောင်းကို ဖော်ပြထားသည်။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ KHRG လှုပ်ရှားရာခရိုင် (၇)ခုလုံးမှ မြေမြှုပ်မိုင်းဖြစ်စဉ်များနှင့်ပတ်သက်သော အစီရင်ခံစာများကို KHRG မှ လက်ခံရရှိသည်။ လက်ခံရရှိသည့်အစီရင်ခံ စာများအရ ရွာသားများအပေါ်ထိခိုက်စေသည့် မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်များ (၆၄)ခုဖြစ်ပွားခဲ့ပြီး ကလေးများအပါအဝင် အနည်းဆုံး ရွာသားများ (၂၁) ဦးသေဆုံး၍ (၆၀)ဦး ဒဏ်ရာရရှိခဲ့သည်။ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား မှတ်တမ်းပြုစုရန်အတွက် KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဒေသခံအဖွဲ့ဝင်များသည် ဤအစီရင်ခံစာများကို ရေးသားပေးပို့ခဲ့ခြင်းဖြစ်သည်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်များကို အစီရင်ခံတင်ပြမှုမရှိသည့်အခြေအနေတွင်လည်းရှိသည်။ အကြောင်းရင်းမှာ KHRG သတင်းစုဆောင်းသူများအနေဖြင့် တစ်ချို့နေရာများသို့ သွားလာ၍မှတ်တမ်းပြုစုရန်အတွက် လုံခြုံမှုမရှိခြင်းနှင့် ထိခိုက်ခံစားရသူကိုယ်တိုင်များလည်း မြေမြှုပ်မိုင်းဖြစ်စဉ်များကို သက်ဆိုင်ရာဆီသို့ မည်သို့တင်ပြရမည်နှင့်ပတ်သက်၍ အသိပညာနည်းပါးခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် အမှန်တကယ်လက်ရှိတွင် မြေမြှုပ်မိုင်းများပေါက်ကွဲမှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိသည့်ရွာသားဦးရေ အရေအတွက်သည် အထက်ကဖော်ပြခဲ့သည့်အရေအတွက်ထက် ပို၍များနိုင်ပါသည်။

SAC နှင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များသည် မိမိကိုယ့်ကိုကာကွယ်ရန် သို့မဟုတ် မိမိထိန်းချုပ်နယ်မြေအား ကာကွယ်ရန် အစရှိသော စစ်ရေးရည်ရွယ်ချက်များအတွက် မြေမြှုပ်မိုင်းများကို အသုံးပြုကြသည်။ သို့သော်လည်း မြေမြှုပ်မိုင်းပေါက်ကွဲမှုများကြောင့် အဓိကထိခိုက်ခံစားရသူများမှာ ရွာသားများကိုယ်တိုင်ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော်မြေမြှုပ်မိုင်းများကို ကျေးရွာများ၊ စိုက်ပျိုးခြံများအတွင်းနှင့် လမ်းပေါ်တွင် ထောင်ထားသောကြောင့် ရွာသားများ သည် မြေမြှုပ်မိုင်းကို နင်းမိခဲ့ခြင်းဖြစ်သည်။ လက်ခံရရှိသည့်မြေမြှုပ်မိုင်းနှင့်ပတ်သက်သော သတင်းအချက်အလက်များအား လေ့လာသုံးသပ်ချက်အရ ကရင်ပြည်နယ်တွင်ဖြစ်ပွားနေသည့်မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်များသည် မတူညီသည့်အခြေအနေပုံစံတွင်ရှိကြောင်း အောက်ပါအတိုင်းခွဲခြားထားပါသည်။ ပထမအခြေအနေတွင် ရွာသားများသည် မရှိမဖြစ်လုပ်ဆောင်ရမည့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆီသို့ သွားလာလုပ်ကိုင်ရာတွင် မြေမြှုပ်မိုင်းများကို နင်းမိခဲ့သည်။ ဒုတိယအခြေအနေတွင် မြန်မာစစ်တပ်နှင့်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားပြီးနောက် မြေမြှုပ်မိုင်းများကိုထောင်ထားပြီး ဒေသခံများအား အသိပေးအကြောင်းကြားခြင်းလုံလောက်မှု မရှိသောကြောင့် ရွာသားများသည် ထိုမြေမြှုပ်မိုင်းများကို နင်မိးခဲ့သည်။ နောက်ဆုံးအနေဖြင့် မြေမြှုပ်မိုင်းပေါက်ကွဲမှုများကြောင့် ရွာသားများသေဆုံး၊ ဒဏ်ရာရရှိခဲ့ခြင်း၊ ရွာသားများ၏ကျွဲနွားတိရိစ္ဆာန်များလည်း ထိခိုက်သေဆုံးခြင်းနှင့် လွတ်လပ်စွာသွား လာလှုပ်ရှားမှုမရှိခြင်းအစရှိသော နောက်ဆက်တွဲကျိုးသက်ရောက်မှုများကိုလည်း ဖော်ပြထားပါသည်။

(က) ၂၀၂၁ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ဒေသတွင်းအသိအမှတ်ပြုထားသော ကရင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်များအခြေအနေပုံစံ 

          က) ရွာသားများမှ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအားလုပ်ကိုင်နေစဉ် မြေမြှုပ်မိုင်းများကို နင်းမိခြင်း

၂၀၂၁ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးမှစ၍ KHRG မှတ်တမ်းပြုစုခဲ့သည့်မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်အများစုတွင် ရွာသားများသည် မရှိမဖြစ်လုပ်ဆောင်ရမည့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆီသို့ သွားလာလုပ်ကိုင်ရာတွင် မြေ မြှုပ်မိုင်းများကို နင်းမိခဲ့ကြောင်း တွေ့ရှိရသည်။ အဆိုပါမြေမြှုပ်မိုင်းများကို ရွာသားများ၏စိုက်ပျိုးခြံများနှင့်လယ်ယာ များအတွင်း သို့မဟုတ် အနီးနားတွင် ထောင်ထားကြသည်။ လယ်ယာနှင့်သီးနှံစိုက်ခင်းများသည် ကရင်ပြည်နယ်၊ ကျေးလက်ဒေသများရှိ လူမှုအသိုင်းအဝန်းများအများစုအတွက် အဓိကအသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုဖြစ် သည်။ ရွာသားများသည် လယ်ယာ၊ စိုက်ပျိုးခြံထဲတွင် သွားလာလုပ်ကိုင်ရာတွင် မြေမြှုပ်မိုင်းထောင်ထားကြောင်း မသိရှိ ၍ ထိုမြေမြှုပ်မိုင်းများကို နင်းမိခဲ့ခြင်းဖြစ်သည်။

ဥပမာအားဖြင့် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ရက်နေ့တွင် မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ ဂ---ကျေးရွာမှ ရွာသားနှစ်ဦးဖြစ်သူ စောက---နှင့် နော်ခ---တို့သည်  ၎င်းတို့၏လယ်ယာမြေကို ခြံစည်းရိုးခတ်ရန်အတွက် ဝါးသွားခုတ်ခဲ့သည်။ ထိုရွာသားနှစ်ဦးသည် အဖေနှင့်သမီးဖြစ်ကြသည်။[12] ဝါးခုတ်သည့်နေရာသို့ရောက်သောအခါ စောက---သည် မြေမြှုပ်မိုင်းတစ်လုံးကိုနင်းမိခဲ့ပြီး ၎င်း၏ညာဖက်ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ပြီး ၎င်း၏ညာခြေထောက်ကို ဖြတ်တောက်ခဲ့ရသည်။ နော်ခ---သည် ဒဏ်ရာရရှိနေသည့်သူမ၏ဖခင်ကို သွားရောက်ကူညီမည့်အချိန်တွင် အခြားမြေ မြှုပ်မိုင်းတစ်လုံးကို နင်းမိခဲ့ပြန်သည်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သူမ၏ခြေထောက်နှစ်ဖက်စလုံးမှာ ဒဏ်ရာပြင်း ထန်စွာရရှိခဲ့ပြီး ခြေထောက်နှစ်ဖက်စလုံးကို ဖြတ်တောက်ခဲ့ရသည်။ အဆိုပါမြေမြှုပ်မိုင်းများသည် KNLA တပ်ရင်း အမှတ် (၁၅)မှ စစ်သားများထောင်ထားခဲ့သော မိုင်းများဖြစ်ကြောင်း ဂ---ရွာသားများက ယုံကြည်ကြသည်။ အဘယ် ကြောင့်ဆိုသော် ယခင်က KNLA စစ်သားများသည် ထိုဒေသတစ်ဝိုက်တွင် မြေမြှုပ်မိုင်းများ မထောင်ခင်ချိန်တစ်ပတ် အလိုတွင် အချို့သောရွာသားများကို အသိပေးအကြောင်းကြားခဲ့ခြင်းဖြစ်သည်။

တစ်ခါတစ်ရံတွင် ရွာသားများသည် ဒေသတွင်း မြေမြှုပ်မိုင်းတည်ရှိမှုကိုသိရှိထားသော်လည်း များသောအားဖြင့် ရွေး ချယ်စရာမရှိဘဲ စားဝတ်နေရေးအတွက် ထိုသို့မြေမြှုပ်မိုင်းများတည်ရှိသည့်နေရာဒေသသို့သွား၍ အလုပ်လုပ်ရပါသည်။ ဥပမာအားဖြင့် ၂၀၂၁ခုနှစ်၊ ဇွန်လ ၂၀ရက်နေ့၌ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ဖာပွန်မြို့အနောက်ဖက်ကမ်းကျေးရွာ အုပ်စု၊ ဃ---‌ကျေးရွာတွင်နေထိုင်သည့် အသက်(၃၂)နှစ်အရွယ်ရှိရွာသားတစ်ဦးသူ စောင---သည် ၎င်း၏ခြံထဲသို့သွားပြီး အိမ်သို့ပြန်လာစဉ် မြေမြှုပ်မိုင်းတက်နင်းမိခဲ့သည်။[13]  မြေမြှုပ်မိုင်းထိမှန်ရရှိသည့်ဒဏ်ရာကြောင့် ဘားအံဆေးရုံရှိ ဆရာ ဝန်များမှ ၎င်း၏ညာဖက်ခြေထောက်အားဖြတ်တောက်ခဲ့ရသည်။ ‌မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ၎င်း၏ဘယ်ဖက်ခြေ ထောက်မှာလည်းကျိုးသွားခဲ့ပြီး ‌မြေမြှုပ်မိုင်းအစအနမှာလည်းသူ၏‌ဂွေးဥအား ထိမှန်ခဲ့သည်။ စောင---သည် တောထဲရှိ လမ်းတစ်နေရာတွင် ထိုမြေမြှုပ်မိုင်းကို နင်းမိခဲ့ခြင်းဖြစ်သည်။ ထိုနေရာတွင် မြေမြှုပ်မိုင်းအန္တရာယ်ရှိသည်ဟု ပြထား သော မည်သည့်သင်္ကတလက္ခဏာများမရှိပါ။ စောင---၏မိသားစုများနှင့်ရွာသားများသည် ထိုနေရာတွင် ‌မြေမြှုပ်မိုင်း အား မည်သူကထောင်ထားသည်ကို မသိကြပါ။ သို့‌သော်  ၂၀၂၁ခုနှစ်အတွင်းတွင်သာ ‌ထိုမြေမြှုပ်မိုင်းအား ထောင်ထား ခြင်းဖြစ်‌ကြောင်းယုံကြည်ကြသည်။ ယခင်က ‌‌‌ဒေသခံအာဏာပိုင်များမှ ‌မြေမြှုပ်မိုင်းတည်ရှိနေခြင်းကြောင့် တားမြစ် ထားသည့်နေရာများတွင် သွားလာခြင်းမပြုကြရန် ရွာသားများအား အသိပေးခဲ့ဖူးသည်။ သို့သော်လည်း စောင---၏ ညီမဖြစ်သူမှ အကိုဖြစ်သူသည် မိသားစုစားဝတ်နေရေးအတွက် တောထဲသို့သွားရန်လိုအပ်ခဲ့‌ကြောင်းရှင်းပြခဲ့သည်။ အလားတူစွာ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်၊ ခဲကာခိုကျေးရွာအုပ်စု၊ ဆ---ကျေးရွာတွင်နေထိုင်သည့် ရွာသူတစ်ဦး ဖြစ်သူ နော်စ---မှ ဤသို့ပြောပြခဲ့သည်။

ကျွန်မတို့ အဲ့ဒီလမ်းကိုသွားလာရာတွင် အသုံးပြုဖို့ ကြောက်နေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီနေရာမှာဘဲ မြေမြှုပ်မိုင်းပေါက်ကွဲမှုက နှစ်ခါတောင် ဖြစ်သွားခဲ့တာ။ ကျေးရွာအနီးတစ်ဝိုက်မှာ ကျွန်မတို့မသွားရဲတော့ဘူး။ ကျွန်မတို့ စိုးရိမ်နေရတယ်။ တားမြစ်ထားတဲ့လမ်းကို အသုံးမပြုဖို့ ပြောထားလည်း ကျွန်မတို့က မြို့ထဲမှာ ကုန်ပစ္စည်းတွေ သွား ဝယ်ဖို့လိုတယ်လေ။ မသွားရင်လည်း ကျွန်မတို့စားဖို့ ဘာမှကျန်တော့မှာမဟုတ်ဘူး။… ဒီရွာမှာနေတဲ့ရွာသူရွာသား တွေက စားစရာတွေကို မြို့ပေါ်ကဘဲဝယ်ယူကြတယ်။ စားစရာတွေသွားဝယ်လို့မရရင် ဘယ်လို အသက်ရှင်ကြမလဲ။” [14]

 

          ခ) ရွာသားများမှ တိုက်ပွဲဖြစ်ပွားပြီးနောက် ထောင်ထားသည့် မြေမြှုပ်မိုင်းများကို နင်းမိခြင်း

မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် မြေမြှုပ်မိုင်းများကို တွင်တွင်ကျယ်ကျယ်အသုံးပြုကြသည်။ SAC နှင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် မြေမြှုပ်မိုင်းများကို ထောင်ထား ခဲ့သည့်အတွက်ကြောင့် အကျိုးဆက်အနေဖြင့် ရွာသားများသည် ထိုမြေမြှုပ်မိုင်းများကို နင်းမိခဲ့ကြသည်။ ဥပမာအား ဖြင့် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၂၆ရက်နေ့၌ တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ သံမိုးတောင်ကျေးရွာအုပ်စု၊ ဇ---ရွာတွင် SAC တပ်ဖွဲ့နှင့် သံတောင်မြောက်ပိုင်းအထူးဒေသအေးချမ်းရေးအဖွဲ့နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ SAC တပ်ဖွဲ့သည် ဇ---ရွာတွင် အခြေစိုက်သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် SAC စစ်သား များသည် ၎င်းတို့တပ်စခန်းကို ပြန်လည်ပြုပြင်မွမ်းမံခဲ့ပြီး ရွာသားများ၏မြေယာများနှင့် ၎င်းတို့တပ်စခန်းနှင့်ဝေးသော နေရာများတွင် မြေမြှုပ်မိုင်းများ ထောင်ထားခဲ့သည်။ တိုက်ပွဲဖြစ်ပွားပြီး နှစ်ရက်၊ သုံးရက်အကြာတွင် SAC စစ်သားများ သည် သံမိုးတောင်လမ်းပေါ်တွင် ခရီးသွားလာမှုမပြုရန် ရွာသားများအား အသိပေးအကြောင်းကြားခဲ့သည်။ ထိုလမ်းပေါ် တွင် မြေမြှုပ်မိုင်းများ ထောင်ထားခဲ့ကြောင်း SAC စစ်သားများမှ ရွာသားများအား အကြောင်းကြားခဲ့သည်။ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၃ရက်နေ့တွင် ဇ---ကျေးရွာတွင် နေထိုင်သည့်အမျိုးသမီးဖြစ်သူ အသက် (၆၈)နှစ်အရွယ်ရှိသော ဒေါ်ဈ---သည် ကျေးရွာအနီးတစ်နေရာတွင် မီးဖိုချောင်အတွက် အသုံးပြုရန် ထင်းချောင်းများခုတ်ယူပြီး ရွာသို့ပြန် လာနေစဉ် သံမိုးတောင်လမ်းမတွင် မြေမြှုပ်မိုင်းနင်းမိခဲ့သည်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သူမ၏ဘယ်ဖက်ခြေထောက်တွင် ဒူးခေါင်းအထိပြတ်ထွက်သွားခဲ့ပြီး သူမ၏ညာဖက်ခြေသလုံးတွင် အသားများပဲ့ကုန်၍ သူမ၏ဘယ်ဖက်လက်နှင့် မျက်နှာ တွင်လည်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။ အခြားရွာသားများသည် ဒေါ်ဈ---အား ကူညီရန်အတွက် အခင်းဖြစ်ပွားနေ ရာသို့ မရောက်လာခင်အချိန်တွင် ဒေါ်ဈ---သေဆုံးသွားခဲ့ပြီးဖြစ်သည်။ ဒေသခံရွာသားများသည် ထိုလမ်းမပေါ်တွင် ခရီးသွားလာခြင်းများမပြုသော်လည်း ဒေါ်ဈ---၏သားအနေဖြင့် ၎င်း၏အမေသည် အသက်ကြီးနေပြီးဖြစ်သောကြောင့် SAC စစ်သားများ၏သတိပေးတားမြစ်ချက်များကို မေ့လျော့နေခဲ့ပုံရသည်ဟု ထင်မြင်ယူဆခဲ့သည်။

အခြားဖြစ်စဉ်များတွင်လည်း SAC နှင့် ၎င်းပူပေါင်းတပ်ဖွဲ့များသည် ကျေးရွာများအတွင်း မြေမြှုပ်မိုင်းများကို ရည်ရွယ် ချက်ရှိရှိ ထောင်ထားခဲ့ကြသည်။ ကျေးရွာအတွင်းမြေမြှုပ်မိုင်းထောင်ထားခြင်းသည် တစ်ချို့သောနေရာများ သို့မဟုတ် ဆေးခန်းများနှင့် ဘာသာရေးအဆောက်အဦးများအစရှိသည့် လူနေအိမ်အဆောက်အဦးများသို့ သွားလာနေထိုင်ရန် ရွာသားများအတွက် အတားအဆီးများဖြစ်စေသည်။ ဥပမာဆိုလျှင် ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ ၁၆ရက်နေ့တွင် စစ်တပ် နောက်ခံရှိသော နယ်ခြားစောင့်တပ် (BGF) တပ်ခွဲ (၃)သည် ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ ပွာဝေါ်ကျေးရွာအုပ်စုရှိ ကျေးရွာတစ်ရွာသို့ဝင်ရောက်လာပြီး ကျေးရွာဆေးခန်းကို ဖျက်ဆီး၍ ပစ္စည်းများကိုလုယက်ခဲ့သည်။ ထို့အပြင် BGF စစ်သားများသည် ဆေးခန်းရှိရာနေရာသို့ မသွားရန် ရွာသားများအား ခြိမ်းခြောက်ခဲ့သည်။[15] BGF သည် ဆေးခန်းရှိရာနေရာတွင် မြေမြှုပ်မိုင်းထောင်ထားခဲ့သည်ဟု ရွာသားများကယူဆကြ၍ ရွာသို့ပြန်လာရန် လုံခြုံမှုမရှိဟု ခံစားရသည်။

          ဂ) မြေမြှုပ်မိုင်းနှင့်ပတ်သက်သော သတိပေးချက်များလုံလောက်မှုမရှိခြင်းနှင့် မိုင်းအန္တရာယ်အသိ ပညာပေးသင်တန်းများပို့ချမှု နည်းပါးခြင်း

SAC သည် မြန်မာပြည်အရှေ့တောင်းရှိ ဒေသများအတွင်း ၎င်းတို့ထောင်ထားသောမြေမြှုပ်မိုင်းတည်နေရာများနှင့် ပတ်သက်၍ ရွာသားများအား သတိပေးရန်ပျက်ကွက်ခြင်း သို့မဟုတ် မြေမြှုပ်မိုင်းတည်နေရာများကို ဆိုင်းဘုတ်ဖြင့် အမှတ်အသားပြုလုပ်မှုမရှိကြောင်းတွေ့ရှိရသည်။ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များသည် ပုံမှန်အားဖြင့် ရွာသား များအား နှုတ်ဖြင့်အကြောင်းကြားအသိပေးလေ့ရှိသည်။ သို့သော်လည်း ဤသို့သတိပေးခြင်းများသည် ရွာသားများ အတွက်လုံလောက်မှုမရှိပေ။ ရွာသားများအနေဖြင့် လက်ခံရရှိသောသတင်းအချက်အလက်များသည် လုံလောက်မှု မရှိခြင်း၊ မြေမြှုပ်မိုင်းများတည်နေရာများအား အမှတ်အသားပြုလုပ်မှုမရှိခြင်းနှင့် မြေမြှုပ်မိုင်းတည်နေရာများကို တည် နေရာအတိအကျ မသိရှိရကြောင်း တွေ့ရှိရသည်။ ဥပမာအားဖြင့် ၂၀၂၁ခုနှစ်၊ ဇွန်လ၊ ၂၉ရက်နေ့တွင် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စု၊ ည---ကျေးရွာတွင်နေထိုင်သည့် ဆယ်နှစ်သားအရွယ် စောဌ---သည် ဏ---ရွာမှ အိမ်သို့ပြန်လာသည့်အချိန်တွင် ဆွဲမိုင်းတစ်လုံးနင်းမိခဲ့သည်။[16] စောဌ---သည် စာအုပ်များနှင့်အဝတ်အစားများထည့်ထား သည့်သေတ္တာတစ်လုံးကို ဏ---ရွာတွင် သွားရောက်ယူခဲ့ခြင်းဖြစ်သည်။ ၎င်းဆွဲမိုင်းပေါက်ကွဲမှုကြောင့် စောဌ---၏ မျက်နှာ၊ လည်တိုင်၊ ခြေထောက်နှင့်ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အခင်းဖြစ်ပွားပြီးနောက်တွင် ဆေးကုသမှု ခံယူရန်အတွက် စောဌ---အား ဖာပွန်မြို့တွင်ရှိသည့် SAC စစ်ဗျူဟာတပ်ရင်းအမှတ် (၃၄၀) ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ကျန်းမာရေးဝန်ထမ်းများသည် စောဌ---၏ခန္ဓာကိုယ်တွင်ထိမှန်နေသည့် မိုင်းအပိုင်းအစများအားလုံးကို ဖယ်ရှားနိုင်ခဲ့ သည်။ ၂၀၂၁ခုနှစ်၊ ဇူလှိုင်လ၊ ၂၇ရက်နေ့တွင် စောဌ---သည် ဆေးရုံမှ ဆင်းလာနိုင်ပြီးဖြစ်သည်။ စောဌ---ရရှိခဲ့သည့် ဒဏ်ရာများအားလုံး ပျောက်ကင်းသွားသည့်အထိ လအနည်းငယ်ကြာမြင့်ခဲ့သည်။ အခင်းမဖြစ်ပွားမှီ အချိန်ကာလတွင် ဒေသအတွင်း မြေမြှုပ်မိုင်းများရှိသည်ဟု ဒေသခံ KNU အာဏာပိုင်များမှ ရွာသားများအား အကြောင်းကြားထား ပါသည်။ ရွာသားများအား အကြောင်းကြားထားသည်မှာ ၎င်းတို့သည် လမ်းပေါ်တွင်သာ ခရီးသွားလာရမည်ဖြစ်ပြီး လမ်းအနီးတစ်ဝိုက်နားတွင် သွားလာ၍မရပေ။ စောဌ---၏အကိုဖြစ်သူ၏ပြောပြချက်အရ ဒေသခံတိုင်းရင်းသား လက် နက်ကိုင်တပ်ဖွဲ့များမှ ၂၀၂၁ခုနှစ်၊ မေလတွင်  ထိုမြေမြှုပ်မိုင်းများကို ထောင်ထားခဲ့ခြင်းဖြစ်သည်။ ၂၀၂၀ခု နှစ်တွင် ရွာသားများအတွက် မြေမြှုပ်မိုင်းအန္တရာယ်အသိပညာပေးသင်တန်းများ ပို့ချခဲ့သော်လည်း စောဌ---၏မိသားစုဝင် များသည် ထိုအသိပညာပေးသင်တန်းကို တက်ရောက်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။ ၎င်းတို့သည် မြေမြှုပ်မိုင်းအသိပညာပေးသည့် အကြောင်းအရာများပါဝင်သော စာစောင်များကိုသာ လက်ခံရရှိခဲ့သည်။ ယခင်က မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ည---ကျေးရွာတွင် မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိပေ။ ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည့်ထိုမြေ မြှုပ်မိုင်းပေါက်ကွဲခြင်းသည် ပထမဆုံးသောအကြိမ်ဖြစ်သည်။ ဒေသခံအာဏာပိုင်များသည် မြေမြှုပ်မိုင်းရှိသည့်နေရာ များတွင် သွားလာခြင်းများ မပြုလုပ်ရန်အတွက် ရွာသားများအား သတိပေးအကြောင်းကြားခဲ့ခြင်းရှိခဲ့ပါသည်။ သို့သော် လည်း မြေမြှုပ်မိုင်းများကို လမ်းဘေးတွင်သော်လည်းကောင်း၊ ဒေသအနီးတစ်ဝိုက်အတွင်းတွင်သော်လည်းကောင်း ထောင်ထားခြင်းကြောင့် ဒေသခံရွာသားများအတွက် အလွန်အန္တရာယ်ရှိပါသည်။ ထို့အပြင် ကျေးရွာဒေသအနီးတစ် ဝိုက်တွင် ထောင်ထားသည့်မြေမြှုပ်မိုင်းများကို ညွှန်ပြသည့်လက္ခဏာအမှတ်အသားများလည်း မရှိကြောင်းသိရှိရသည်။

မြေမြှုပ်မိုင်းတည်ရှိမှုနှင့်ပတ်သက်၍ သတင်းအချက်များပေးရာတွင် လုံလောက်မှုမရှိခြင်းကြောင့် မြေမြှုပ်မိုင်းပေါက် ကွဲမှုဖြစ်စဉ်များ ပို၍ဖြစ်ပွားနိုင်ချေရှိကြောင်းလေ့လာသိရှိရသည်။ ဒေသခံလူမှုအသိုင်းအဝန်းတော်တော်များများသည် မြေမြှုပ်မိုင်းအန္တရာယ်အသိပညာပေးသင်တန်းများကို တက်ရောက်နိုင်ခြင်းမရှိသည့်အတွက်ကြောင့် ၎င်းတို့အနေဖြင့် ဆွဲမိုင်းများ သို့မဟုတ် မြေမြှုပ်မိုင်းများတည်ရှိမှုသည် မည်မျှအန္တရာယ်ရှိကြောင်း သိရှိနားလည်လိမ့်မည်မဟုတ်ပေ။ ဥပမာဆိုလျှင် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၂၀ရက်နေ့တွင် ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ မောခီးကျေးရွာအုပ်စု၊ တ---ကျေးရွာတွင်နေထိုင်သည့် ရွာသားတစ်ဦးဖြစ်သူ ထ---သည် SAC တပ်စခန်းအနီးနားတစ်နေရာတွင် မီးသွေး ဖုတ်ရန်သွားလာနေသည့်အချိန်တွင် ဆွဲမိုင်းတစ်လုံးကို မတော်တဆတိုက်မိခဲ့သည်။[17] ၎င်းဆွဲမိုင်းကို SAC တပ်ဖွဲ့များက ထောင်ထားခဲ့သည်ဟု ဒေသခံရွာသားများက ယူဆကြသည်။ ထ---အား ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ ဝေါ်လေ မြို့ရှိ ဝေါ်လေဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ တ---ရွာတွင် မိုင်းအန္တရာယ်အသိပညာပေးသင်တန်းလည်း တစ်ခါမှလာ ရောက်ပေးခြင်းမရှိခဲ့ပေ။ ထ---မှာ ဆွေမျိုးသားချင်းတစ်ဦးမှ မရှိပါ။ ထို့ကြောင့် သူ၏သူငယ်ချင်းများနှင့်ရွာသားများသာ သူ့ကို အားပေးကူညီကြသည်။ မည်သည့်အဖွဲ့အစည်းမှ ထ---ကို ငွေကြေးထောက်ပံ့ခဲ့ခြင်းမရှိခဲ့ပေ။ ထ---သည် ဒဏ်ရာ များသက်သာလာ၍ ဆေးရုံမှ ဆင်းလာနိုင်ပြီးဖြစ်သည်။

KHRG ၏သတင်းမှတ်တမ်းများအရ ကရင်ပြည်နယ်ရှိ ဒေသခံလူမှုအသိုင်းအဝန်းတော်တော်များများသည် မြေမြှုပ်မိုင်း အန္တရာယ်အသိပညာပေးသင်တန်းများကို လက်ခံရရှိခြင်းမရှိပါ။ ရွာသားများ အထူးသဖြင့်ကလေးများသည် မြေမြှုပ် မိုင်းများကို နင်းမိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အနေဖြင့် ၎င်းတို့နေထိုင်သည့်ဒေသတွင်း မြေမြှုပ်မိုင်းတည်ရှိ မှုအခြေအနေကို မသိရှိခြင်းကြောင့်ဖြစ်သည်။ ရွာသားများအနေဖြင့် ၎င်းတို့နေထိုင်သည့်ဒေသများတွင် မြေမြှုပ်မိုင်း အန္တရာယ်အသိပညာပေးသင်တန်းများကို လက်ခံရရှိခြင်းမရှိသည့်စိန်ခေါ်မှုကြီးတစ်ရပ်မှာ တိုက်ပွဲများ ဆက်လက်ဖြစ် ပွားနေခြင်းကြောင့်ဖြစ်သည်။ ဌာနေမဲ့ပြည်တွင်းကရင်ဒုက္ခသည်များဆိုင်ရာကော်မတီ (CIDKP) နှင့် ကရင်ကျောင်း ဆရာပူးပေါင်းလှုပ်ရှားမှုအဖွဲ့ (KTWG) အစရှိသော ဒေသခံအဖွဲ့အစည်းများသည် ဒေသတွင်းအသိအမှတ်ပြုထားသော ကရင်ပြည်နယ်ရှိခရိုင်များအားလုံးတွင် မြေမြှုပ်မိုင်းအန္တရာယ်အသိပညာပေးသင်တန်းများကို ပို့ချလေ့ရှိသည်။ တိုက်ပွဲ များကြောင့် လုံခြုံသည့်နေရာတွင် ရွာသားများအား မြေမြှုပ်မိုင်းအန္တရာယ်အသိပညာပေးသင်တန်းများ ပို့ချပေးရန် ဒေသခံ NGO အဖွဲ့အစည်းများ သို့မဟုတ် ဝန်ဆောင်မှုပေးသည့်အခြားအဖွဲ့အစည်းများအတွက် အခက်အခဲများရှိနေ ပါသည်။ တိုက်ပွဲများ၊ လက်နက်ကြီးပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ရွာသားများသည် ၎င်းတို့လုံ ခြုံရေးအတွက် အမြဲတမ်းတိမ်းရှောင်ရလေ့ရှိသည့်အတွက်ကြောင့် ရွာသားများအနေဖြင့် ထိုသို့သောသင်တန်းများကို တက်ရောက်နိုင်ရန်အတွက် အချိန်မရှိပါ။ ဒေသခံလူမှုအသိုင်းအဝန်းများအား မြေမြှုပ်မိုင်းအန္တရာယ် အသိပညာပေး သင်တန်းများ ပို့ချပေးသောအဖွဲ့အစည်းများ အနည်းငယ်သာရှိသည့်အတွက်ကြောင့် ဒေသတွင်းရှိနေရာဒေသများ အားလုံးသို့ အဆိုပါသင်တန်းများ ပို့ချပေးနိုင်လေ့မရှိပါ။ အကြောင်းမှာ တစ်ချို့သောနေရာဒေသများသည် ဝေးခေါင် လှပြီး သွားရောက်ရှိရန်အခက်အခဲရှိနေခြင်းဖြစ်သည်။

ဆက်လက်ဖြစ်ပေါ်နေသော လက်နက်ကိုင်ပဋိပက္ခများကြောင့် ရင်ပြည်နယ်တွင် ထောင်နှင့်ချီသည့်ရွာသားများသည် ၎င်းတို့နေရပ်ဒေသများမှ မကြာခဏဆိုသလိုထွက်ပြေးတိမ်းရှောင်နေရပါသည်။[18] တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်း ရှောင်နေရသည့်အခါတွင် အဆိုပါပြည်တွင်းနေရပ်တိမ်းရှောင်သူများသည် (IDP) တိုက်ပွဲများနှင့်တိုက်ခိုက်မှုများမှ ဝေးကွာ၍လုံခြုံသောနေရာများတွင် ယာယီစခန်းများချ၍နေထိုင်နေရပါသည်။ ကရင်ပြည်နယ်ရှိနေရာအနှံ့အပြားတွင် မြေမြှုပ်မိုင်းတည်ရှိမှုများလာသည့်အတွက်ကြောင့် IDP များသည် နေရာဒေသအသစ်များတွင် ခိုလှုံမှုများရှာဖွေရာတွင် မြေမြှုပ်မိုင်းအန္တရာယ်ကိုပို၍ကြုံတွေ့ရလေ့ရှိသည်။ မြေမြှုပ်မိုင်းတည်ရှိမှုများကိုလည်း အမှတ်အသားပြုလုပ်ခြင်း အနည်းငယ်သာရှိသည်။ ဥပမာအားဖြင့် ၂၀၂၁ခုနှစ်၊ အစောပိုင်းကာလတွင် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မယ်ဝေ ကျေးရွာအုပ်စု၊ ဒ---ကျေးရွာမှ ရွာသားများသည် ၎င်းတို့ဒေသတွင် တိုက်ပွဲများဖြစ်ပွားသည့်အတွက် ဘီးလင်းမြို့နယ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ၎င်းအခြေအနေကို ဒ---ကျေးရွာမှ ဘုန်းကြီးတစ်ပါးမှ ဤသို့ ရှင်းပြခဲ့သည်။ အဆိုပါ ရွာသားများသည် ၎င်းတို့တိမ်းရှောင်ရသည့်ဒေသများတွင် မြေမြှုပ်မိုင်းများထောင်ထားသောကြောင့် အလွန်တရာ ကြောက်ရွံ့နေခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ရွာသားအနေဖြင့် မြေမြှုပ်မိုင်းများအား မည်သည့်နေရာတွင် ထောင် ထားသည်ကို မသိရှိသောကြောင့်ဖြစ်သည်။ ထို့အပြင် တိုက်ပွဲဖြစ်ပွားနောက်တွင် မြေမြှုပ်မိုင်းများ မကြခဏထောင် ထားသောကြောင့် ထိုဘုန်းကြီးတစ်ပါးမှရှင်းပြခဲ့သည့်အတိုင်း IDP များသည် မြေမြှုပ်မိုင်းတည်ရှိမှုကြောင့် ၎င်း တို့ကျေး ရွာများသို့ ပြန်လာနေထိုင်ရန်ကြောက်ရွံ့နေကြသည်။[19]

(ခ) မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်များကြောင့် ဒေသခံလူမှုအသိုင်းအဝန်းများအပေါ် ဆိုးကျိုးသက်ရောက်မှု များ

KHRG မှလက်ခံရရှိသည့်အစီရင်ခံစာများအရ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလအထိ မြန်မာပြည် အရှေ့တောင်ပိုင်းတွင်ဖြစ်ပွားခဲ့သော မြေမြှုပ်မိုင်းပေါက်ကွဲမှုများကြောင့် ကလေးများအပါအဝင် ရွာသားများ (၂၁)ဦး သေဆုံးပြီး (၆၀)ဦး ဒဏ်ရာရရှိခဲ့သည်။ မြေမြှုပ်မိုင်းထိမှန်ခဲ့၍ အသက်ရှင်ကျန်ရစ်သော ရွာသားများသည် ရုပ်ပိုင်းဆိုင် ရာ ဒဏ်ရာရရှိ၍ အလုပ်လုပ်နိုင်စွမ်းမရှိတော့သည့်အခက်အခဲများ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများအပါအဝင် မြေမြှုပ်မိုင်း ပေါက်ကွဲမှုများကြောင့် ကျွဲနွားတိရိစ္ဆာန်များဆုံးရှုံးရခြင်း၊ ဆေးကုသမှုကုန်ကျစရိတ်များမြင့်မားခြင်းနှင့် အသက်မွေးဝမ်း ကျောင်းဆိုင်ရာ အစရှိသည့်စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရပါသည်။ ဤအခန်းတွင် မြေမြှုပ်မိုင်းထိမှန်ပြီး အသက်ရှင်ကျန် ရစ်သူများနှင့် ၎င်းတို့မိသားစုများအပေါ် နောက်ဆက်တွဲဆိုးကျိုးသက်ရောက်မှုများကို ရေးသားဖော်ပြထားပါသည်။ 

          က) မြေမြှုပ်မိုင်းထိမှန်ပြီး အသက်ရှင်ကျန်ရစ်သူများနှင့် ၎င်းတို့မိသားစုများမှ ကြုံတွေ့ရသည့် စိန်ခေါ်မှုများ

မြေမြှုပ်မိုင်းပေါက်ကွဲမှုများကြောင့် ခြေလက်အင်္ဂါများ သို့မဟုတ် အခြားပြင်းထန်သောထိခိုက်ဒဏ်ရာများ ရရှိခဲ့သော အသက်ရှင်ကျန်ရစ်သောရွာသားများသည် ၎င်းတို့၏အလုပ်လုပ်နိုင်သည့်စွမ်းရည်များကို ဆိုးရွားစွာထိခိုက်စေပြီး အထူး သဖြင့် လယ်ယာနှင့်စိုက်ပျိုးခြံများကိုသာမှီခိုရသည့်သူများသည် အခက်အခဲစိန်ခေါ်မှုများနှင့်ရင်ဆိုင်ကြုံတွေ့ရသည်။ ဥပမာအားဖြင့် ၂၀၂၃ခုနှစ်၊ ဇွန်လ ၁၃ရက်နေ့ နေ့လယ်နှစ်နာရီဝန်းကျင်တွင် ဘားအံခရိုင်၊ တနေးဆားမြို့နယ်၊ ယောကူကျေးရွာအုပ်စု၊ ဓ---ရွာတွင် နေထိုင်သည့် အသက် (၄၁)နှစ်အရွယ် ရွာသားတစ်ဦးဖြစ်သူ စောန---သည် တောထဲသို့သွား၍ ဟင်းသီးဟင်းရွက်အချို့ကို ရှာဖွေနေစဉ်တွင် မြေမြှုပ်မိုင်းတစ်လုံးကိုနင်းမိ၍ ထိမှန်ခဲ့သည်။ မြေမြှုပ် မိုင်းထိမှန်ခဲ့သည့်နေရာသည် တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (DKBA) တပ်စခန်းဟောင်းအနား တွင် တည်ရှိသည်။[20] မြေမြှုပ်မိုင်းထိမှန်၍ စောန---၏ညာခြေထောက်တွင် ဆိုးဆိုးရွားရွားဒဏ်ရာရရှိခဲ့သည်။ စောန---၏ ညာခြေထောက်တွင် ဒဏ်ရာရရှိခဲ့သော်လည်း တောထဲမှရွာသားတစ်ဦးဦး၏တဲသို့ တစ်ယောက်တည်း ပြန်လာခဲ့သည်။ ထို့နောက် စောန---အား ပ---ဆေးရုံသို့ပို့ဆောင်ခဲ့သည်။ သို့သော်လည်း ထိုဆေးရုံတွင် စောန---၏ဒဏ်ရာကို ကုသပေး နိုင်ခြင်းမရှိ၍ ကောင်းမွန်သည့်ဆေးကုသမှုရရှိစေရန်အတွက် စောန---အား ဘားအံခရိုင်၊ တာကရယ်မြို့နယ်၊ ပီတာခါ ကျေးရွာအုပ်စု၊ ဖ---ဆေးရုံသို့ပို့ဆောင်ခဲ့ပြန်သည်။ ယခုအချိန်တွင် စောန---သည် ဆေးရုံမှဆင်းလာနိုင်ပြီးဖြစ်သည်။ သို့သော်လည်း စောန---ရရှိခဲ့သည့်ဒဏ်ရာကြောင့် အိပ်ယာထဲတွင် လနှင့်ချီ၍လဲနေရပါသည်။ စောန---အနေဖြင့် အလုပ် ကောင်းစွာမလုပ်နိုင်သောကြောင့် ၎င်း၏မိသားစုစားဝတ်နေရေးအတွက် စိုးရိမ်နေရပါသည်။

မြေမြှုပ်မိုင်းထိမှန်ပြီးအသက်ရှင်ကျန်ရစ်သူများသည် ဆေးကုသမှုကုန်ကျစရိတ်များ မြင့်မားခြင်းကြောင့် ဆေးကုသမှု ရရှိရန်အတွက် ငွေကြေးအခက်အခဲများရှိနေပါသည်။ ဥပမာအားဖြင့် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလတွင် ဘိတ်-ထား ဝယ်ခရိုင်၊ ကဆယ်ဒိုမြို့နယ်၊ ထီးမိုးပွားအထူးဒေသ၊ ဖ---ကျေးရွာတွင်နေထိုင်သော အသက် (၃၆)နှစ်အရွယ် ရွာသား တစ်ဦးဖြစ်သူ ပ---သည် ရွာထဲတွင်ရှိသော တစ်စုံတစ်ဦး၏အိမ်တွင် ရေသွားသောက်ရန်အတွက် လမ်းတွင် မြေမြှုပ်မိုင်း တစ်လုံးကို နင်းမိခဲ့သည်။ အခင်းဖြစ်ပွားပြီးနောက် ပ---အား ဘိတ်-ထားဝယ်ခရိုင်၊ ထားဝယ်မြို့ရှိ အထွေထွေရောဂါကု ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ၎င်း၏ညာဖက်ခြေထောက်တစ်ဖက် ဖြတ်ထောက်ခဲ့ရသည်။ ဆေးရုံတွင် ဆေးကုသမှုခံ ယူနေစဉ် SAC စစ်သားများရောက်ရှိလာပြီး ပ---သည် PDF တပ်ဖွဲ့များနှင့် ဆက်နွယ်မှုရှိသောကြောင့် ယခုလို မြေမြှုပ်မိုင်းနင်းမိခဲ့ရကြောင်း ၎င်းအား ပြောကြားခဲ့သည်။ ထို့ကြောင့် SAC သည် ပ---အတွက် တာဝန်ယူဖြေရှင်းပေး မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ဆေးကုသူမှုစရိတ်သည် ငွေကျပ်သိန်း (၃၀) ကုန်ကျခဲ့သည်။ ထို့ကြောင့် ပ---သည် ၎င်း၏ကားနှင့်ဆိုင်ကယ်ကိုရောင်း၍ ဆေးကုသမှုစရိတ်ကို ပေးဆောင်ခဲ့ရသည်။ ပ---၏ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရသည့်အတွက်ကြောင့် ၎င်း၏မိသားစုစားဝတ်နေရေးအတွက် အလုပ်လုပ်ရန်အခက်အခဲ များရှိနေပါသည်။ ပ---တွင် ကလေးသုံးဦးရှိသည်။ ပ---သည် ဆေးရုံမှဆင်းလာပြီးနောက် ၎င်းရွာသို့ပြန်ပြီး သူ၏ဆွေမျိုးသားချင်းများနှင့်အတူ နေထိုင်ခဲ့သည်။

မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်များတွင် ထိခိုက်နစ်နာသူများအတွက် လုံလောက်သော ကူညီထောက်ပံ့မှုမရရှိခြင်းသည် လည်း သိသာထင်ရှားသောအရာတစ်ခုဖြစ်သည်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တွင် တစ်ချို့ထိခိုက်နစ်နာ သူများသည် မတူညီသည့်အဖွဲ့များမှ ကူညီထောက်ပံ့မှုအချို့ကိုလက်ခံရရှိခဲ့သည်။ တစ်ခါတစ်ရံတွင်လည်း ရွာသားများ နှင့် နီးစပ်ရာဆွေမျိုးများသည် ဆေးကုသမှုစရိတ်အ နည်းငယ်နှင့် သွားလာရေးစရိတ်များအတွက် ထိခိုက်နစ်နာသူ များနှင့် ၎င်းတို့မိသားစုဝင်များအား ကူညီထောက်ပံ့ပေးခြင်းရှိကြောင်းသိရှိရသည်။ သို့သော်လည်း လက်ခံရရှိသည့် ကူညီထောက်ပံ့မှုသည် ထိခိုက်နစ်နာသူများ၏လိုအပ်ချက်များအတွက် လုံလောက်မှုမရှိပါ။ မြေမြှုပ်မိုင်းပေါက်ကွဲမှု ကြောင့် ဖြစ်ပေါ်လာသောအကျိုးဆက်က ထိခိုက်နစ်နာသူများအား စားဝတ်နေရေးအတွက် လုပ်ကိုင်နိုင်သည့်စွမ်းရည် ကို ထိခိုက်စေသည့်အတွက်ကြောင့် ၎င်းတို့အခက်အခဲများကိုဖြေရှင်းပေးရန် ၎င်းတို့အနေဖြင့် ရေရှည်ကူညီထောက်ပံ့မှု များရရှိရန်လိုအပ်ပါသည်။  

          ခ) ကျွဲနွားတိရိစ္ဆာန်များ သေဆုံးခြင်းနှင့် ဒဏ်ရာရရှိခြင်း

KHRG မှလက်ခံရရှိခဲ့သည့်မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ် (၁၁)ခုတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ရွာသားများပိုင် ဆိုင်သော ကျွဲနွားတိရိစ္ဆာန်များလည်း သေဆုံး၊ ဒဏ်ရာရရှိခြင်းရှိသည်။ ဤသို့ကျွဲနွားတိရိစ္ဆာန်ဆုံးရှုံးရခြင်းသည်လည်း ရွာသားများအတွက် စားဝတ်နေရေးအခက်အခဲများဖြစ်စေပါသည်။ အကြောင်းမှာ ရွာသားများသည် လယ်ယာစိုက်ပျိုး ရန်အတွက် ကျွဲနွားတိရိစ္ဆာန်များအား အသုံးပြု၍ အဓိကဝင်ငွေအတွက် ကျွဲ၊နွားများကိုလည်း ရောင်းကြသည်။ ဥပမာ အားဖြင့် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၇ရက်နေ့ မနက်ပိုင်း (၁၁)နာရီခန့်တွင် ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ နို့တကကောကျေးရွာအုပ်စု၊ ဗ---ကျေးရွာမှ ဦးဘ---ပိုင်ဆိုင်သည့်နွားတစ်အုပ်သည် ကျေးရွာရှိ SAC ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၂၈၃) တပ်စခန်းအနီးနားတွင်  မြက်ရှာစားနေစဉ် SAC စစ်သားများထောင်ထားသော မြေမြှုပ်မိုင်း တစ်လုံးကိုနင်းမိ၍ ပေါက်ကွဲခဲ့သည်။[21] ထိုမြေမြှုပ်မိုင်းကို SAC စစ်သားများမှ ထောင်ထားခဲ့ကြောင်း ဒေသခံရွာသားများ သိရှိရသည်။ အကြောင်းမှာ SAC စစ်သားများသည် ၎င်းတို့ထောင်ထားခဲ့ကြောင်း ရွာသားများအား ပြောပြခဲ့ဖူးခြင်းဖြစ် သည်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် နွားတစ်ကောင်သေဆုံးခဲ့ပြီး အခြားနှစ်ကောင်ကိုလည်းထိမှန်၍ ဒဏ်ရာရရှိခဲ့ သည်။ ထိုဒဏ်ရာရရှိခဲ့သော နွားနှစ်ကောင်ကို ၎င်းတို့ပိုင်ရှင်က သတ်ပြီးရောင်းစားခဲ့ရသည်။

ဤကဲ့သို့အခြားဖြစ်စဉ်များလည်း ဘားအံခရိုင်တွင်ဖြစ်ပွားခဲ့သည်။ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလတွင် ရွာသားတစ်ဦးဖြစ်သူ စောမ---၏နွားတစ်ကောင်သည် ဘားအံခရိုင်၊ တနေးဆားမြို့နယ်၊ ထီးဝါ့ဘလောကျေးရွာအုပ်စု၊ အလယ်ဗိုလ်တဲတပ်စ ခန်းနားတွင် (SAC တပ်စခန်း) မြေမြှုပ်မိုင်းတစ်လုံးနင်းမိ၍ ထိုနွား၏ခြေထောက်တစ်ဖက်ပြတ်သွားခဲ့သည်။[22] နောက် တဖန် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလအတွင်း ရွာသားတစ်ဦးဖြစ်သူ စောယ---၏နွားတစ်ကောင်သည် ဘားအံခရိုင်၊ မြဝတီမြို့ နယ်၊ သင်္ဃန်းညီနောင်ရှိ ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၃၅၆)အခြေစိုက်သည့်တပ်စခန်းနားတွင် မြေမြှုပ်မိုင်းတစ်လုံး နင်းမိ၍ သေသွားခဲ့သည်။ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၂၄ရက်နေ့တွင် ရွာသားတစ်ဦးဖြစ်သူ စောရ---၏နွားငါးကောင်သည် ဆွဲမိုင်းနှင့်ထိမှန်၍ သုံးကောင်ဒဏ်ရာရရှိခဲ့ပြီး နှစ်ကောင်သေဆုံးခဲ့သည်။ အဆိုပါဆွဲမိုင်းသည် SAC ခမရ (၃၅၇) တပ် ရင်းမှ စောလ---၏လယ်ယာအနားတွင် ထောင်ထားခဲ့ခြင်းဖြစ်သည်။ SAC သည် ရွာသားများ၏လယ်ယာအနားတွင် မြေမြှုပ်မိုင်းများကို ထောင်ထားကြသည်။ သို့သော်လည်း မြေမြှုပ်မိုင်းထောင်ထားသည့် အကြောင်းကို ရွာသားများအား အသိပေးအကြောင်းကြားခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ရွာသားများသည် မြေမြှုပ်မိုင်းတည်ရှိမှုကိုမသိရှိရဘဲ ၎င်းတို့နွားများ ကို လွှတ်ထားလေ့ရှိသည်။ မြေမြှုုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် SAC စစ်သားများသည် မြေမြှုပ်မိုင်းထိမှန် သည့်နွားများ၏ပိုင်ရှင်ဖြစ်သူသည် မည်သူမည်ဝါ ဖြစ်ကြောင်းမေးမြန်းခဲ့သည်။ သို့သော်လည်း မည်သူတစ်ဦးမှ မဖြေ ကြားခဲ့ပေ။ အကြောင်းမှာ SAC မှ နွားပိုင်ရှင်ဖြစ်သူအားသိခဲ့လျှင် ဒဏ်ငွေဆောင်ခိုင်းမည်ဖြစ်ကြောင်း ရွာသားများ နားလည်သိရှိထားသည်။ ထို့နောက် SAC စစ်သားများသည် နွားပိုင်ရှင်အနေဖြင့် ၎င်းတို့နွားများသည် နောက်တစ်ကြိမ် မြေမြှုပ်မိုင်းထိမှန်ခဲ့လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း ကက---ရွာနှင့်ကခ---ရွာတွင် နေထိုင်ကြသည့်ရွာသား များအား သတိပေးခဲ့သည်။ ထို့အပြင် SAC စစ်သားများသည် ထီးဝါ့ဘလောကျေးရွာအုပ်စုရှိ အချို့နေရာများတွင် ရွာသားများသွားလာခြင်းကို တားမြစ်ခဲ့သည်။ ထို့ကြောင့် ရွာသားများသည် SAC တားမြစ်ထားသည့်အချို့နေရာများတွင် ၎င်းတို့၏နွားများကို သွားကျောင်း၍မရတော့ပေ။  

          ဂ) လွတ်လပ်စွာသွားလာလှုပ်ရှားမှု ကန့်သတ်ထားခြင်း

မြေမြှုပ်မိုင်းတည်ရှိမှုသည် ရွာသားများ၏လွတ်လပ်စွာသွားလာလှုပ်ရှားမှုအား ပိတ်ပင်ကန့်သတ်ထားပြီး ၎င်းတို့၏နေ့ စဉ်ဓူဝ စားဝတ်နေရေးကိစ္စရပ်များကို လုပ်ဆောင်ရာတွင် အတားအဆီးတစ်ခုဖြစ်စေသည်။ ရွာသားများသည် ၎င်းတို့၏ လယ်ယာများနှင့်စိုက်ပျိုးခြံများတွင် လုံခြုံစွာသွားလာလုပ်ကိုင်နိုင်ခြင်းနှင့် မြို့ထဲသို့သွား၍ စားစရာများနှင့် အခြား လိုအပ်သည့်အရာများ သွားဝယ်နိုင်ခြင်းမရှိတော့ပါ။[23] ဥပမာအားဖြင့် ၂၀၂၁ခုနှစ်၊ မတ်လ ၁ရက်နေ့တွင် ခလယ်လွီ ထူခရိုင်၊ လယ်ဒိုမြို့နယ်၊ ခဲကာခိုကျေးရွာအုပ်စု၊ ဆ---ကျေးရွာတွင် နေထိုင်ကြသော ရွာသားသုံးဦးသည် ၎င်းဈေးဆိုင် အတွက် လယ်ဒိုမြို့ပေါ်သို့သွား၍ ကုန်ပစ္စည်းများသွားဝယ်ရန် အဂ---နေရာသို့ရောက်ရှိသည့်အချိန်တွင် မြေမြှုုပ်မိုင်း တစ်လုံးထိမှန်ခဲ့သည်။ အခင်းဖြစ်ပွားသည့်နေရာသည် ဆ---ကျေးရွာနှင့် သုံးမိုင်ကွာဝေးသည်။ မြေမြှုပ်မိုင်းထိမှန်ခဲ့ သည့် စောကဃ ---နှင့် နော်ကင---တို့သည် သေဆုံးခဲ့ပြီး အခြားရွာသားတစ်ဦးမှာ မြေမြှုပ်မိုင်းအပိုင်းအစထိမှန်ပြီး ၎င်း၏နှုတ်ခမ်းနှင့်ခြေထောက်နှစ်ဖက်တွင် ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ ဒဏ်ရာရရှိသော ရွာသားသည် ချက် ချင်းရွာသို့ ပြန်လာခဲ့ပြီး ထိုသေဆုံးသွားခဲ့သူများ၏မိသားစုနှင့် ဒေသခံအာဏာပိုင်များကို ထိုအကြောင်းအရာအား အသိ ပေးခဲ့သည်။ ထို့နောက် ၎င်းတို့သည် ထိုအခင်းဖြစ်ပွားခဲ့သည့်နေရာမှ သေဆုံးခဲ့သူတို့၏အလောင်းအား ရွာသို့ပြန်လည် ယူဆောင်လာခဲ့သည်။ အခင်းဖြစ်ပွားပြီးနောက် ဒေသခံရွာသူရွာသားများသည် မြေမြှုပ်မိုင်းရှိသည့်လမ်းနှင့်အချို့နေရာ များသို့ မသွားတော့ပေ။

(၄) ခွဲခြမ်းစိတ်ဖြာခြင်း - ချိုးဖောက်မှုပုံစံများနှင့် နိုင်ငံတကာဥပဒေအား ချိုးဖောက်ခြင်း

မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားနောက်ပိုင်း အသက်ရှင်ကျန်ရစ်သူများနှင့် ထိခိုက်နစ်နာသူများ၏မိသားစုဝင်များသည် ၎င်းတို့စားဝတ်နေရေးအတွက် ငွေကြေးထောက်ပံ့မှုများ၊ စိတ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများနှင့် ဆေးကုသမှုဆိုင်ရာ ပြန်လည်ထူထောင်ရေးအစရှိသော ရေရှည်ကူညီထောက်ပံ့မှုများကိုရရှိရန်လိုအပ်ပါသည်။ မြေမြှုပ်မိုင်းတည်ရှိမှုကြောင့် မြန်မာပြည်အရှေ့တောင်းပိုင်ရှိ ရွာသားများအပေါ် ထိခိုက်စေသည့်ဆိုးကျိုးသက်ရောက်မှုများ ဆိုးရွားလာပြီး ပို၍များ လာပါသည်။ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် လှုပ်ရှားနေသော NGO အဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်း များ (CBO)၊ အရပ်ဖက်အဖွဲ့အစည်းများ (CSO) နှင့် နိုင်ငံတကာအဖွဲ့အစည်းများသည် မြေမြှုပ်မိုင်းကြောင့် ထိခိုက်နစ် နာသူများ၏လိုအပ်ချက်များကို ကူညီဆောင်ရွက်၍ ဖြည့်ဆည်းပေးရန်လိုအပ်ပါသည်။

ဤအနှစ်ချုပ်စာတမ်းမှ ဖော်ပြထားသည့်မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်များတွင် အဓိကအားဖြင့် မြေမြှုပ်မိုင်းများကို ရွာသားများ၏လယ်ယာများ၊ စိုက်ပျိုခြံများ သို့မဟုတ် လမ်းဘေးနားတွင် ထောင်ထားသောကြောင့် ရွာသားများသည် ၎င်းတို့အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို လုပ်ကိုင်သည့်အချိန်တွင် မြေမြှုပ်မိုင်းတည်ရှိမှုကိုမသိရှိဘဲ မြေမြှုပ်မိုင်း ကို နင်းမိခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲများဖြစ်ပွားပြီးနောက် အရပ်သားဒေသများတွင် မြေမြှုပ်မိုင်းများ ထောင်ထားခဲ့သည့် အတွက်ကြောင့် ရွာသားများသည် မြေမြှုပ်မိုင်းကိုနင်းမိ၍ ပေါက်ကွဲခဲ့သည့်ဖြစ်စဉ်များလည်း ဖြစ်ပွားလေ့ရှိကြောင်း တွေ့ရှိရသည်။ အဆိုပါမြေမြှုပ်မိုင်းများကို နယ်မြေထိန်းချုပ်ရန်အတွက် ထောင်ထားခဲ့ခြင်းဖြစ်သော်လည်း တိုက်ပွဲဖြစ် ပွားပြီးနောက်တွင် ၎င်းမြေမြှုပ်မိုင်းများကို ပြန်လည်ရှင်းလင်းပေးခြင်းမရှိခဲ့ပေ။ ထို့အပြင် မြေမြှုပ်မိုင်းတည်ရှိမှုနှင့်ပတ် သက်၍ ဒေသခံလူမှုအသိုင်းအဝန်းများအား လုံလောက်သော သတင်းအချက်အလက်များပေး၍ သတိပေးခြင်းများ မရှိခဲ့ ပေ။ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် မြေမြှုပ်မိုင်းထိမှန်ခဲ့သူတော်တော်များများသည် ကလေးများဖြစ်ကြသည်။ အဆိုပါကလေးများသည် အရွယ်ရောက်သောလူကြီးများထက် မြေမြှုပ်မိုင်းတည်နေရာကိုမသိရှိရသည့်အပြင် မြေမြှုပ် မိုင်းအန္တရာယ်မည်မျှရှိကြောင်း နားလည်သိရှိမှုလည်း မရှိပေ။ မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားသည့် လူမှုအသိုင်းအဝန်း များကို ပြန်လည်ကြည့်မည်ဆိုပါက ဖြစ်စဉ်တော်တော်များများတွင် ရွာသားများအနေဖြင့် မြေမြှုပ်မိုင်းအန္တရာယ် အသိ ပညာပေးသင်တန်းများအား လက်ခံရရှိခြင်းမရှိခြင်းသည် သိသာထင်ရှားသည့်အခြေအနေတစ်ရပ်ဖြစ်သည်။ ရွာသား များသည် မြေမြှုပ်မိုင်းတည်နေရာများကို တိတိကျကျမသိရှိရသည့်အတွက်ကြောင့် မြေမြှုပ်မိုင်းအန္တရာယ်ကို ရှောင်လွှဲ လို့မရနိုင်ပေ။ အထက်ကဖော်ပြခဲ့သည့်အတိုင်း ရွာသားများသည် စားဝတ်နေရေးလိုအပ်ချက်များကြောင့် မြေမြှုပ်မိုင်း တည်ရှိသည့်နေရာဒေသများသို့သွားရမည့်အခြေအနေလည်းရှိသည်။

မြန်မာပြည်အရှေ့တောင်ပိုင်းတွင် SAC အနေဖြင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် အရပ်သားများနှစ်မျိုးလုံးကို ပစ်မှတ်ထားတိုက်ခိုက်ရန်အတွက် မဟာဗျူဟာတစ်ခုအဖြစ် ရည်ရွယ်ချက်ရှိရှိ မြေမြှုပ်မိုင်းအား အသုံးပြုကြသည်။ ဤအခြေအနေကို ထောက်ပြရမည်ဆိုလျှင် အရပ်သားဒေသများ၊ ကျေးရွားများအနီးနားနှင့် ရွာသားများ၏လယ်ယာ၊ စိုက်ခင်းများနှင့် ပြည်သူလူထုများ နေ့စဉ်အသုံးပြုသောလမ်းများပေါ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်ဖြစ်စဉ် များသည် သက်သေသာဓကများဖြစ်သည်။ SAC သည် မြေမြှုပ်မိုင်းတည်နေရာနှင့်ပတ်သက်၍ ရည်ရွယ်ချက်ရှိရှိ သတင်းအချက်အလက်များမပေးဘဲ ဖုံးကွယ်ထားသည်။ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များသည် ရန်သူတိုက်ခိုက် ခြင်းမှ ကျေးရွာများအပါအဝင် မိမိနယ်မြေအားကာကွယ်ရန်အတွက် မြေမြှုပ်မိုင်းများအား အသုံးပြုမည်ဆိုလျှင်လည်း တစ်ခါတစ်ရံတွင်သာ ၎င်းတို့ထောင်ထားသည့်မြေမြှုပ်မိုင်းများတည်နေရာကို ဒေသခံရွာသားများအား နှုတ်ဖြင့် အသိ ပေးအကြောင်းကြားခြင်းရှိသည်။ သို့သော်လည်း ရွာသားများအား လုံလောက်သည့်သတင်းအချက်အလက်များပေး၍ ကာကွယ်ပေးနိုင်သည့်အထိမရှိပေ။ ထို့အပြင် ၎င်းတို့ထောင်ထားသည့်မြေမြှုပ်မိုင်းတည်နေရာများကို ဆိုင်းဘုတ်ဖြင့် အမှတ်အသားပြုလုပ်လေ့မရှိပေ။ ထိုသို့အမှတ်အသားပြုလုပ်ခြင်းသည် အရပ်သားများအတွက် အနည်းဆုံး သတိပေး ချက်တစ်ခုဖြစ်သည်။ အများအားဖြင့် အခြားသူအား ထိခိုက်စေရန်အတွက် မြေမြှုပ်မိုင်းများအား ထောင်ထားကြပြီး အရပ်သားများအား ပစ်မှတ်ထားလေ့ရှိသည်။ အရပ်သားများအား ပစ်မှတ်ထား၍ မြေမြှုပ်မိုင်းများအား အသုံးပြုခြင်း သည် နိုင်ငံတကာဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခြင်းဖြစ်သည်။ မြေမြှုပ်မိုင်းများသည် စစ်သားများနှင့် အရပ် သားများကို မခွဲခြားဘဲ မည်သူမဆို ၎င်းအား နင်းမိလျှင် အန္တရာယ်ရှိသည်။ လက်နက်ကိုင်ပဋိပက္ခများတွင် ပါဝင် ပတ်သက်သော သက်ဆိုင်သူအဖွဲ့အစည်းများအားလုံးသည် ၎င်းတို့၏စစ်ဆင်ရေးအားလုပ်ဆောင်ရာတွင် အရပ်သား များကို ပစ်မှတ်မထားဘဲ ကာကွယ်ပေးရမည်ဖြစ်သည်။ မြေမြှုပ်မိုင်းအသုံးပြုခြင်းသည် နိုင်ငံတကာလူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာဥပဒေ၏အခြခံသဘောတရားဖြစ်သော အရပ်သားများနှင့် စစ်သားများအား ပစ်မှတ်ထား ခွဲခြားရ မည့်မူကို ချိုးဖောက်ခြင်းဖြစ်သည်။[24]

မြန်မာအစိုးရသည် ၁၉၉၇ခုနှစ် မြေမြှုပ်မိုင်းတားဆီးရေးသဘောတူစာချုပ်အား လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင် နိုင်ငံမဟုတ်ပေ။ ထိုမြေမြှုပ်မိုင်းတားဆီးရေးသဘောတူစာချုပ်တွင် လူကိုထိခိုက်စေသည့်မြေမြှုပ်မိုင်းအား အသုံးပြု ခြင်းကို တားမြစ်ထားပြီး မိမိတိုင်းပြည်ရှိ အရပ်သားပြည်သူများကိုဆန့်ကျင်၍ မြေမြှုပ်မိုင်းအား အသုံးပြုလျှင် နိုင်ငံတ ကာအဖွဲ့အစည်းမှ ထုတ်ပယ်ခံရမည်ဖြစ်သည်။[25] Amnesty International အဖွဲ့အစည်း၏လူသားချင်းစာနာထောက် ထားမှုအကြပ်အတည်းတုန့်ပြန်ရေးဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးတစ်ဦးဖြစ်သော Matt Wells မှ ယခုလို ရှင်းပြခဲ့ သည်။ “မည်သူ့ကိုမှမခွဲခြားဘဲ အန္တရာယ်ပြုစေတဲ့ဒီလိုလက်နက်ခဲယမ်းတွေကို တစ်ကမ္ဘာလုံးက တစ်ခဲနက်ကြိုးပမ်းပြီး တားမြစ်နေတဲ့အချိန်မှာ မြန်မာစစ်တပ်က ဘုရားကျောင်းဘေးပတ်လည်မှာသာမက လူတွေရဲ့ခြံဝန်းထဲမှာ၊ အိမ်ထဲမှာ၊ လှေကားထစ်နားမှာတောင် မြေမြှုပ်မိုင်းတွေကို ထောင်ထားကြတယ်။” [26] SAC မှ မြေမြှုပ်မိုင်းများအား အသုံးပြုမှုပုံစံ သည် အရပ်သားများနှင့် စစ်သားများကို မခွဲခြားဘဲ အားလုံးကို ပစ်မှတ်ထားသည့်ဥပမာတစ်ခုဖြစ်ကြောင်းတွေ့ရှိရ သည်။ ရွာသားများသည် မြေမြှုပ်မိုင်းများကို မတော်တဆနင်းမိခဲ့ခြင်းမဟုတ်ပါ။ ကျေးရွာများနှင့် ရွာသားများရှောင်လွှဲ သည့်မရသောနေရာများတွင် မည်သူ့ကိုမှမခွဲခြားဘဲ အန္တရာယ်ပြုစေသော မြေမြှုပ်မိုင်းများအား ထောင်ထား ခြင်းသည် အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကြောင်း ရှင်းလင်းစွာတွေ့မြင်နိုင်သည်။

၁၉၈၀ခုနှစ် သမားရိုးကျလက်နက်ခဲယမ်းအချို့အား တားမြစ်ရေးဆိုင်ရာ နောက်ဆက်တွဲသဘောတူစာချုပ် (၁) (CCW) ၏အပိုဒ် (၅၁)၊ အပိုင်း (၅)တွင် ဖော်ပြထားသည့်အတိုင်း စစ်ဘက်ဆိုင်ရာပစ်မှတ်များအား ဦးတည်ပြီး အသုံးပြု၍ မရသည့်အတွက် မည်သူ့ကိုမှ မခွဲခြားဘဲ အန္တရာယ်ပြုစေသော လက်နက်ခဲယမ်းများကို အသုံးမပြုရန်တားမြစ် ထားပါ သည်။[27] အရပ်သားများ အလုပ်လုပ်ကိုင်ကြသည့်နေရာဒေသများတွင် မြေမြှုပ်မိုင်းများအား ထောင်ထားခြင်းသည် မည်သူ့ကိုမှ မခွဲခြားဘဲ အန္တရာယ်ပြုစေသည့်အတွက်ကြောင့် ထိုကဲ့သို့မြေမြှုပ်မိုင်းအသုံးပြုခြင်းကို တားမြစ်ထား ပါသည်။ မြန်မာအစိုးရမှ သမားရိုးကျလက်နက်ခဲယမ်းအချို့အား တားမြစ်ရေးဆိုင်ရာ နောက်ဆက်တွဲ သဘောတူ စာချုပ်ကို လက်ခံ၍ လက်မှတ်ထိုးထားခြင်းမရှိသော်လည်း ICRC ထုတ်ပြန်ထားသည့်အစီရင်ခံစာမှ လိုက်နာရမည့် စည်းကမ်းချက် (၈၁)အရ မြေမြှုပ်မိုင်းအသုံးပြုခြင်းအား တားမြစ်ထားရန် အကျုံးဝင်သည်။ ဖော်ပြပါစည်းကမ်းချက် (၈၁)တွင် ဓလေ့ထုံးတမ်းဆိုင်ရာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ၏မြေမြှုပ်မိုင်း အသုံးပြုခြင်းအား  တားမြစ်ကန့်သတ်ထားရေးပါဝင်သည်။[28]  အစိုးရလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော လက်နက်ကိုင် အဖွဲ့အစည်းများသည် အထက်ဖော်ပြပါသဘောတူစာချုုပ်တွင်ရှိသော တာဝန်ဝတ္တရားများကို လိုက်နာဆောင်ရွက် ရမည်ဖြစ်သည်။ ထိုသဘောတူစာချုုပ်တွင် ဖော်ပြထားသည်မှာ “ဤသို့လက်နက်ခဲယမ်းများ၏ဆိုးကျိုးသက်ရောက်မှု များမှ အရပ်သားပြည်သူများကို ကာကွယ်ရန်ဖြစ်နိုင်ချေရှိမှုအားလုံးကို ကြိုတင်ပြင်ဆင်ရမည်ဖြစ်ပြီး မိုင်းကွင်းများကို ဆိုင်းဘုတ်ဖြင့်ထောင်၍ အမှတ်အသားပြုလုပ်ခြင်းအစရှိသော အထူးကြိုတင်ကာကွယ်မှုများ အားလုံးကို လုပ်ဆောင်ရမည်” ဖြစ်သည်။[29] ဤအနှစ်ချုပ်စာတမ်းတွင် ဖော်ပြထားသည့်မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်များကို ပြန်လည်ကြည့် မည်ဆိုပါက မြန်မာပြည်အရှေ့တောင်ပိုင်းရှိ မြန်မာစစ်တပ်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့များအားလုံးသည် ထိုကဲ့သို့ ကြိုတင်ကာကွယ်မှုများပြုလုပ်ရန် ပျက်ကွက်ကြောင်းတွေ့မြင်နိုင်သည်။

အချို့လက်နက်ကိုင်တပ်ဖွဲ့များသည် SAC ၏တိုက်ခိုက်မှုမှ ကျေးရွာများ သို့မဟုတ် တပ်စခန်းများအစရှိသော မိမိ နယ်မြေဒေသများကို ကာကွယ်ရန်အတွက် မြေမြှုပ်မိုင်းများကို အသုံးပြုကြသည်။ သို့သော်လည်း KHRG ၏သတင်း မှတ်တမ်းများတွင် ၎င်းတို့အနေဖြင့် မြေမြှုပ်မိုင်းအသုံးပြုရာတွင် လုံလောက်သော ကြိုတင်ကာကွယ်မှုများ ဆောင်ရွက် ခြင်းမရှိသည့်အပြင် ရွာသားများကိုလည်း လုံလောက်သော သတင်းအချက်အလက်များပေး၍ သတိပေးခြင်းလည်း မရှိပေ။ ထို့အတွက်ကြောင့် တစ်ချို့လက်နက်ကိုင်တပ်ဖွဲ့များသည် ဓလေ့ထုံးတမ်းဆိုင်ရာဥပဒေကိုလည်း လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည်။  မြန်မာအစိုးရသည် ၁၉၉၇ခုနှစ် မိုင်းတားမြစ်ရေးသဘောတူစာချုပ်၏အဖွဲ့ဝင်နိုင်ငံ မဟုတ်သလို ၁၉၈၀ခုနှစ် သမားရိုးကျလက်နက်ခဲယမ်းအချို့အား တားမြစ်ရေးဆိုင်ရာ နောက်ဆက်တွဲ သဘောတူ စာချုပ်အား လက်မှတ်ရေးထိုးထားခြင်းမရှိပေ။ သို့သော်လည်း ဓလေ့ထုံးတမ်းဆိုင်ရာ နိုင်ငံတကာလူသားချင်းစာနာ ထောက်ထားမှုဥပဒေသည် အဆိုပါစာချုပ်များကို ကျော်လွန်၍ လိုက်နာရမည့်တာဝန်ဝတ္တရားများရှိသည်။ မြန်မာစစ် တပ်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးသည် နိုင်ငံတကာစံချိန်စံနှုန်းများကို လေးစားလိုက်နာရမည်ဖြစ်ပြီး မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသားများအနေဖြင့် ၎င်းတို့အား အသက်ရှင်ပိုင်ခွင့်၊ လွတ်လပ်စွာ အသက်မွေးဝမ်း ကျောင်းပြုခွင့်နှင့် လုံခြုံစိတ်ချမှုနှင့် အကာအကွယ်ပေး၍ ငြိမ်းချမ်းစွာနေထိုင်နိုင်ရန် သေချာလုပ်ဆောင်ပေးရမည် ဖြစ်သည်။    

အကြံပြုချက်များ
သက်ဆိုင်ရာနိုင်ငံတကာတာဝန်ရှိသူများနှင့် အလှူရှင်အဖွဲ့အစည်းများထံသို့ -

  •  မြန်မာစစ်အစိုးရသည် မြန်မာပြည်တွင် လက်ရှိဖြစ်ပေါ်နေသည့်လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်း၏အဓိကတရားခံဖြစ်ကြောင်း အသိအမှတ်ပြုပြီး ၎င်းတို့နှင့် သက်ဆိုင်ရာ သဘောတူစာချုပ်များလက်မှတ်ရေးထိုးခြင်းနှင့် ၎င်းတို့အား မျက်နှာသာပေးပြီး ခေါ်ယူတွေ့ ဆုံခြင်းအပါအဝင် စစ်အစိုးရအား တရားဝင်အစိုးရအဖြစ် ထောက်ခံခြင်း သို့မဟုတ် အသိအမှတ်ပြုခြင်းများ မပြုလုပ်ရန်။
  • အပြည်ပြည်ဆိုင်ရာတရားစီရင်ပိုင်ခွင့်လမ်းကြောင်းများနှင့် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်း ပေးခြင်းအပါအဝင် နိုင်ငံတကာတရားရုံများတွင် SAC ထိပ်ပိုင်းခေါင်းဆောင်များကို အရေးယူတရားစွဲဆို ခြင်း အားဖြင့် SAC မှ ၎င်း၏ပြည်သူများအပေါ်ဆန့်ကျင်၍ မြေမြှုပ်မိုင်းများအား အသုံးပြုသည့်ကိစ္စရပ်များအတွက် အရေးယူဆောင်ရွက်ပေးရန်နှင့် တရားမျှတမှုရှာဖွေပေးရန်။
  • မြေမြှုပ်မိုင်းကြောင့် သေဆုံး၊ ဒဏ်ရာရရှိခြင်းနှင့် နေရပ်စွန့်ခွာရသူများ အထူးသဖြင့် ကရင်လူမျိုးများကြုံတွေ့ ရသည့်လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ထည့်သွင်း၍ နိုင်ငံတကာစုံစမ်းစစ်ဆေးမှုများ၏တာဝန်ခံမှု လုပ်ငန်းများကို ပို၍တိုးမြင့်ရန်။
  • စစ်အစိုးရအနေဖြင့် အရပ်သားများအပေါ် တိုက်ခိုက်ခြင်းနှင့် စစ်ဆင်ရေးများလုပ်ဆောင်ရာတွင် အသုံးပြု သော ငွေကြေးဆိုင်ရာဘတ်ဂျက်များ လျော့နည်းလာအောင် SAC ၊ စစ်တပ်အရာရှိများနှင့် လက်နက်ခဲယမ်း များ/မြေမြှုပ်မိုင်းများ ကုန်သွယ်ရောင်းချပေးသောသူများအား ပိတ်ဆို့အရေးယူပေးရန်အတွက် အကောင် အထည်ဖော်ဆောင်ရန်။
  • ရွာသားများအား မိုင်းအန္တရာယ်အသိပညာပေးဝန်ဆောင်မှုများ ပေးသောဒေသခံအဖွဲ့အစည်းများကို ကူညီ ထောက်မပေးရန်နှင့် အထူးသဖြင့် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ဝေးခေါင်လှသည့်ဒေသများတွင်ရှိသော ကလေးသူငယ်များအနေဖြင့် မြေမြှုပ်မိုင်းအန္တရာယ်အသိပညာဗဟုသုတများရရှိစေရန် သေချာစွာ ဆောင်ရွက် ပေးရန်။
  • ဒေသခံလူမှုအဖွဲ့အစည်းများ၏အကူအညီဖြင့် မိုင်းရှိသည့်နေရာဒေသများကို မြေပုံနှင့်တကွ မှတ်သားထားပေး နိုင်ရန်နှင့် မြေမြှုပ်မိုင်းရှင်းလင်းရေးအစီအစဉ်များလုပ်ဆောင်ရန်အတွက် လိုအပ်သည့်ကူညီထောက်ပံ့မှုများ ပေးရန်။ 
  • မြေမြှုပ်မိုင်းထိမှန်ပြီး ထိခိုက်နစ်နာသူများနှင့် ၎င်းတို့၏မိသားစုဝင်များအတွက် ရေရှည်ကူညီထောက်ပံ့မှုရရှိ ရန်နှင့် မြေမြှုပ်မိုင်းတည်ရှိမှုကြောင့် စားဝတ်နေရေးအခက်အခဲဖြစ်စေသော လူမှုအသိုင်းအဝန်းများကိုလည်း ကူညီဆောင်ရွက်ပေးရန်အတွက် ဒေသတွင်းဝန်ဆောင်မှုပေးနေသော ဒေသခံအဖွဲ့အစည်းများနှင့်အတူတကွ လက်တွဲ၍ လုပ်ဆောင်ပေးရန်။ 

ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းများထံသို့ -

  • ကျေးရွာများအတွင်း သို့မဟုတ် အနီးနားတွင် ထောင်ထားသော မြေမြှုပ်မိုင်းအသစ်များနှင့် မြေမြှုပ်မိုင်း ဟောင်းများကို ဖယ်ရှားပေးရန်။
  • မြေမြှုပ်မိုင်းတည်နေရာများကို ဆိုင်းဘုတ်ဖြင့် ရှင်းလင်းစွာအမှတ်အသားပြုလုပ်၍ ထိုတည်နေရာများကို ဒေသခံရွာသားများအား သေသေချာချာ အသိပေးအကြောင်းကြားပေးရန်အတွက် လက်အောက်ခံစစ်သား များကို ညွှန်ကြားပေးရန်။
  • မိုင်းအန္တရာယ်အသိပညာပေးဝန်ဆောင်မှုများ ပေးသော ကရင်အရပ်ဖက်အဖွဲ့အစည်းများကို (CSO) နှင့် ဆက် လက်ပြီး အတူတကွလုပ်ဆောင်၍ မြေမြှုပ်မိုင်းထိမှန်ပြီး ထိခိုက်နစ်နာသူများအတွက် ကူညီထောက်ပံ့မှုများ ပို၍ရရှိရန်အတွက် လုပ်ဆောင်ပေးရန်။   
Fri, 22 Dec 2023

Footnotes: 

[1] ဤအချက်အလက်ကို ၂၀၂၃ခုနှစ်၊ ဧပြီလတွင်ရရှိခဲ့သော ဒူးပလာယာခရိုင်မှ မထုတ်ဝေရသေးသောအစီရင်ခံစာမှ ကောက်နှုတ်ထားပါသည်။

[2] ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် မြန်မာစစ်တပ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ဦးဆောင်ပြီး ဒီမိုကရေစီနည်းလမ်းကျကျ ရွေးကောက်တင်မြောက်ထားသည့်အစိုးရအဖွဲ့ကို ဖြုတ်ချခဲ့သည်။ အရေးပေါ်အခြေအနေအရ တိုင်းပြည်ကို တစ်နှစ်အုပ်ချုပ်စေရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အစိုးရအာဏာကို လွှဲပြောင်းပေးခဲ့သည်ဟု စစ်တပ်မှကြေညာထုတ်ပြန်ခဲ့သည်။ ၂၀၂ဝခုနှစ်၊ နိုဝင်ဘာလ အတွင်းပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော NLD ပါတီသည် သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့သည်မဟုတ်ဟု တပ်မတော်မှ ထွက်ဆိုခဲ့သည်။

[3] နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါ ရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အစိုးရ၏ အုပ်ချုပ်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းခဲ့သည်။ ဤအစိုးရအဖွဲ့ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် တပ်မတော်အစိုးရအရာရှိရှစ်ဦးနှင့် အရပ်သားရှစ်ဦးတို့ဖြင့် စတင်ဖွဲ့ စည်းခဲ့သည်။ ဥက္ကဌမှ မြန်မာနိုင်ငံအစိုးရ၏အကြီးအကဲ အဖြစ်သော် လည်းကောင်း၊ မြန်မာနိုင်ငံ၏စစ်ဘက်ဆိုင်ရာဝန်ကြီးအဖွဲ့ကိုသော် လည်းကောင်း ဦးစီးဦးဆောင်မှုပြုသည်။ မင်းအောင်လှိုင်သည် အာ ဏာသိမ်းပြီးနောက်ပိုင်းတွင် SAC ၏ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။

[4] မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့မှ ၂၀၂၂ခုနှစ်တွင် ထုတ်ဝေသော အစီရင်ခံစာ၏စာမျက်နှာ (၈)ကို ဖတ်ကြည့်ပါ။ အစီရင်ခံစာကို ဤနေရာတွင်ဖတ်ပါ။ www.the-monitor.org/en-gb/reports/2023/landmine-monitor-2023.aspx

[5] ကမ္ဘာ့ကုလသမဂ္ဂမှ၏လူကိုထိခိုက်စေသောမိုင်းများအား အသုံးပြုမှု၊ သိုလှောင်မှု၊ ထုတ်လုပ်မှုနှင့် လွှဲပြောင်းပေးမှုတို့ကို တားမြစ်ခြင်းဆိုင်ရာ သဘောတူစာချုပ်နှင့် အပြည်ပြည်ဆိုင်ရာမြေမြှုပ်မိုင်းတားဆီးရေး လှုပ်ရှားမှုအဖွဲ့၏စာချုပ်များကို ဤနေရာတွင်ဖတ်ပါ။ <http://www.icbl.org/en-gb/the-treaty.aspx

[6] မြန်မာနိုင်ငံသတင်းအချက်အလက်စီမံခန့်ခွဲမှုဆိုင်ရာအဖွဲ့ (MIMU) မှ ထုတ်ပြန်သောအစီရင်ခံစာကို https://themimu.info/sector/mine-action တွင်ကြည့်ပါ။

[7] KHRG မှ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ဝေသော “Undeniable: War crimes, crimes against humanity and 30 years of villagers’ testimonies in rural Southeast Burmaတွင်ကြည့်ပါ။

[8] မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့ မှ ၂၀၂၂ခုနှစ်တွင် ထုတ်ဝေသော အစီရင်ခံစာ၏စာမျက်နှာ (၈)ကို ဖတ်ကြည့်ပါ။

[9] KHRG မှ ၂၀၁၂ခုနှစ်၊ မေလတွင် ထုတ်ဝေသော ‘Uncertain Ground: Landmines in Eastern Burmaတွင်ကြည့်ပါ။

[11] KHRG မှ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ဝေသော “Undeniable: War crimes, crimes against humanity and 30 years of villagers’ testimonies in rural Southeast Burmaတွင်ကြည့်ပါ။

[15] ဤအချက်အလက်ကို ဒူးသထူခရိုင်မှ မထုတ်ဝေရသေးသော အစီရင်ခံစာမှ ကောက်နှုတ်ထားပါသည်။

[18] KHRG မှ ၂၀၂၂ခုနှစ်၊ ဇွန်လတွင် ထုတ်ဝေသော “ငြင်းပယ်ခံပြည်သူများ၏ဘဝများ” တွင်ကြည့်ပါ။

[19] ဤအချက်အလက်ကို ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလတွင်ရရှိခဲ့ပြီး မူတြော်ခရိုင်မှ မထုတ်ဝေရသေးသော အစီရင်ခံစာမှ ကောက် နှုတ်ထားပါသည်။

[24] ICRC ၏ဓလေ့ထုံးတမ်းဆိုင်ရာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ စည်းမျဉ်းစည်းကမ်း (၁) - အရပ်သား နှင့်စစ်သားများအား ပစ်မှတ်ထားခွဲခြားရသောမူအား ဤနေရာတွင်ကြည့်ပါ။ https://ihl-databases.icrc.org/en/customary-ihl/v1/rule1

[25] ကမ္ဘာ့ကုလသမဂ္ဂမှ၏လူကိုထိခိုက်စေသောမိုင်းများအား အသုံးပြုမှု၊ သိုလှောင်မှု၊ ထုတ်လုပ်မှုနှင့် လွှဲပြောင်းပေးမှုတို့ကို တားမြစ်ခြင်းဆိုင်ရာ သဘောတူစာချုပ်ကိုကြည့်ပါ။ (၁၉၉၇ခုနှစ်၊ စက်တင်ဘာလ ၁၈ရက်)

[26]ရှေ့ပြေးအသံ” အဖွဲ့မှ ၂၀၂၂ခုနှစ်၊ ဇူလှိုင်လ ၃၀ရက်နေ့တွင် ‘Junta’s Landmine Legacy’ ခေါင်းစဉ်ဖြင့်ထုတ်ဝေသော အစီရင်ခံစာကို ဤနေရာတွင်ကြည့်ပါ။ https://www.khrg.org/2022/07/junta%E2%80%99s-landmine-legacy

[27] ကမ္ဘာ့ကုလသမဂ္ဂမှ ထုတ်ပြန်သော ၁၉၈၀ခုနှစ် သမားရိုးကျလက်နက်ခဲယမ်းအချို့အား အသုံးပြုခြင်းကို တားမြစ်ကန့် သတ်ရေးဆိုင်ရာ နောက်ဆက်တွဲသဘောတူစာချုပ် ၏ အပိုဒ် (၅၁)၊ အပိုင်း (၅)တွင် လူကို ဆိုးရွားစွာထိခိုက်စေပြီး ခွဲခြားမှုမရှိသော အကျိုးသက်ရောက်မှုများ (နောက်ဆက်တွဲစာချုပ် ၅) (၁၉၈၀ခုနှစ်) ရှိသည်ဟု ယူဆရသည်။ ထိုအ ကြောင်းအရာကို ဤနေရာတွင်ကြည့်ပါ။ https://treaties.un.org/>

[28] ICRC ၏ဓလေ့ထုံးတမ်းဆိုင်ရာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ စည်းမျဉ်းစည်းကမ်း (၈၁) - မြေမြှုပ် မိုင်းအသုံးပြုခြင်းအား ပိတ်ပင်တားဆီးရေးကို ဤနေရာတွင်ကြည့်ပါ။ https://ihl-databases.icrc.org/en/customary-ihl/v1/rule81

[29] ICRC ၏ဓလေ့ထုံးတမ်းဆိုင်ရာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ စည်းမျဉ်းစည်းကမ်း (၈၁) - မြေမြှုပ် မိုင်းအသုံးပြုခြင်းအား ပိတ်ပင်တားဆီးရေးကို ကြည့်ပါ။

Related Readings