နိဒါန်း

၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်တွင် ဒူးသထူ (သထုံ)ခရိုင်တွင် စစ်လှုပ်ရှားမှုများမြင့်တက်လာပြီး ကရင် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၊ နယ်ခြားစောင့်တပ် (BGF)ပူး ပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများပိုမိုပြင်ထန်းလာသည့်အတွက်ကြောင့် ဒေသခံရွာသားများသည် လူ့အခွင့်အရေးချိုး ဖောက်မှုများကို ပိုမို၍ရင်ဆိုင်ကြုံတွေ့နေရသည်။ ဒေသခံရွာသားများသည် တိုက်ပွဲများနှင့်စစ်လှုပ်ရှားမှုတို့၏အကျိုး ဆက်ကိုသာ ခံစားကြရသည်သာမကဘဲ ၎င်းတို့အား ပစ်မှတ်ထား၍ အကြမ်းဖက်တိုက်ခိုက်ခြင်းလည်း ရှိခဲ့သည်။ SAC တပ်ဖွဲ့များအား လေးကေတပ်စခန်းနှင့် တာပေါတပ်စခန်းတို့မှ ဆုတ်ခွာပေးရန်အတွက် ၂၀၂၂ခုနှစ်၊ ဧပြီလ ၂၀ရက်နေ့တွင် KNDO မှ ထုတ်ပြန်ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီးနောက်တွင် ၂၀၂၂ခုနှစ်၊ ဧပြီလ ၂၂ရက်နေ့မှ မေလ ၂၂ရက်နေ့အထိ ဒူးသထူခရိုင်အတွင်း ဖြစ်ပွားခဲ့သည့်လူ့အခွင့်အရေးချိုးဖောက်မှုများကို ဤသတင်းအကျဉ်း ချုပ်တွင် မီးမောင်းထိုးပြထားပါသည်။ SAC တပ်ဖွဲ့များမှ ၎င်းတို့စခန်းများမှ ထွက်ခွာပေးခဲ့ခြင်းမရှိသောကြောင့် ဒေသအတွင်း KNDO နှင့် SAC BGF ပူးပေါင်းတပ်ဖွဲ့တို့ ကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ဤသတင်းအကျဉ်းချုပ်ကို ရေးသားနေစဉ်အတွင်း BGF နှင့် SAC တို့မှ ဒေသခံရွာသားများအပေါ် ၎င်းတို့ရွာများမှ ရွှေ့ပြောင်းစေခြင်း၊ ၎င်းတို့အိုးအိမ်ပစ္စည်းများ ခိုးယူလုနိုက်ခြင်းနှင့် ပျက်စီးစေခြင်း၊ မိမိနေရပ်သို့ အဓမ္မပြန်စေခိုင်း ခြင်းနှင့် အခြားသောခြိမ်းခြောက်မှုများလည်း ကျုးလွန်ခဲ့သည်။ BGF နှင့် SAC တို့သည် ရွာသားများအား အဓမ္မ ပေါ်တာခိုင်းစေခြင်း၊ လမ်းပြအဖြစ်ခိုင်းစေခြင်းနှင့် လူသားဒိုင်းသဖွယ်အဖြစ်အသုံးပြုခြင်းလည်း ပြုလုပ်ခဲ့သည်။ စစ်တပ်အာဏာသိမ်းပြီးကတည်းက ဒူးသထူခရိုင်ရှိရွာသားများသည် ၂၀၂၂ခုနှစ်၊ မေလ ၁ရက်နေ့တွင် လေကြောင်း တိုက်ခိုက်မှုကို ပထမဆုံးအကြိမ်ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ SAC မှ လေယာဉ်ကိုအသုံးပြု၍ လေကြောင်းတိုက်ခိုက်မှု စစ်ဆင်ရေးကို ပြုလုပ်ခဲ့ခြင်းကြောင့် ရွာသားများ၏နေအိမ် (၅၉)လုံး ထိခိုက်ပျက်စီးသွားပြီး (၁၀)လုံးမှာ မီးလောင် ပျက်စီးသွားခဲ့သည်။ ထိုလုပ်ရပ်ကြောင့် ထောင်ပေါင်းများစွာသော ရွာသားများသည် ၎င်းတို့ရပ်ရွာမှ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် အခြေခံလိုအပ်ချက်များကို အပြည့်အဝမရရှိဘဲ အခက်အခဲစိန်ခေါ်မှုများနှင့်ရင်ဆိုင်ကြုံတွေ့နေရသည်။

၂၀၁၅ခုနှစ် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုပြီးနောက် ဒူးသထူခရိုင်တွင် လက်နက်ကိုင်ပဋိ ပက္ခနှင့် ပဋိပက္ခနှင့်ဆက်နွယ်သည့်လူ့အခွင့်အရေးချိုးဖောက်မှုများ လျော့နည်းလာသည်ကို တွေ့ရှိခဲ့ရသည်။ သို့သော် လည်း အာဏာသိမ်းပြီးနောက် ယခုလက်ရှိစစ်အစိုးရသည် “ဖြတ်လေးဖြတ်” မဟာဗျူဟာကို တဖန်ပြန်၍ အသုံးပြု လာခဲ့သည်။ ကရင်ပြည်နယ်တွင် “ဖြတ်လေးဖြတ်” မဟာဗျူဟာကို ၁၉၇၀ခုနှစ်ဝန်းကျင်တွင် စတင်၍ အကောင်အ ထည်ဖော်ခဲ့ပြီး လူ့အခွင့်အရေးအကြမ်းဖက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျလုပ်ဆောင်၍ ကျူးလွန်ခဲ့ သည်။ အကျိုးဆက်အနေဖြင့်  ဒူးသထူခရိုင်ရှိ ရွာသူ၊ရွာသားများသည်  ထိုအကြမ်းဖက်မှုများကို ဆယ်စုနှစ်ပေါင်းများ စွာ ခံစားခဲ့ရသည်။ ၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဒေသခံရွာသားများနှင့် ၎င်းတို့ပိုင်ဆိုင်မှုများသည် SAC ၏ပစ်မှတ်များ ဖြစ်လာခဲ့ပြီး ၎င်းရွာထဲတွင် ထိခိုက်ပျက်စီးမှုများ ရှိလာခဲ့သည်။ ထိုအတွက်ကြောင့် ရွာသားများအ တွက် ၎င်းတို့ရွာထဲတွင် ဆက်လက်နေထိုင်ရန် မဖြစ်နိုင်တော့ပေ။ ဤသတင်းအကျဉ်းချုပ်တွင် ဖော်ပြထားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများသည် BGF နှင့် SAC တို့မှ ကျူးလွန်ခဲ့သည့် ကြီးလေးသောရာဇဝတ်မှုများဖြစ်သည်။ ထိုသို့သောရာဇဝတ်မှုများသည် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများနှင့် စံချိန်စံနှုန်းများကို ချိုးဖောက်သည့်အပြင် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများလည်း မြောက်ပါသည်။

      (က) SAC နှင့် BGF တို့သည် KNU ဒေသများမှထွက်ခွာရန် ငြင်းဆိုခြင်း

၂၀၂၂ခုနှစ်၊ ဧပြီလ ၂၀ရက်နေ့တွင် ဒေသခံရွာသားများ၏လုံခြုံရေးဆိုင်ရာစိုးရိမ်မှုများနှင့်ပတ်သတ်၍ ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်ရှိ KNDO အာဏာပိုင်များမှ ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်တွင် SAC နှင့် BGF တို့သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွင်းရှိဒေသများမှ ထွက်ခွာပေးရန်အတွက် သတိပေးသည့်အကြောင်းအရာများကို ဖော်ပြထားသည်။ ထုတ်ပြန်ချက်တွင် လေးကေတပ်စခန်းနှင့် တာပေါတပ် စခန်းတို့မှ ထွက်ခွာပေးရန်အတွက် SAC နှင့် BGF တို့အား ရွေးချယ်စရာ နှစ်ခုပေးခဲ့သည်။ ပထမရွေးချယ်စရာ တစ်ခုမှာ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၃ရက်နေ့မတိုင်ခင် SAC နှင့် BGF တပ်ဖွဲ့များသည် KNDO နှင့်လာရောက်ပူးပေါင်းရမည်ဖြစ်သည်။ ဒုတိယရွေးချယ်စရာတစ်ခုမှာ SAC နှင့် BGF တို့သည် KNU နယ်မြေတွင်းရှိ ၎င်းတို့၏တပ်စခန်းများမှ အတူတကွ ထွက်ခွာပေးရန်ဖြစ်သည်။[1] ရွာသားများ တင်ပြချက်များအရ BGF တပ်ဖွဲ့များသည် KNDO တပ်ဖွဲ့နှင့် လာရောက်ပူးပေါင်းလိမ့်မည်ဟု ဒေသခံ KNDO အာဏာပိုင်များက ယူဆပုံရသည်။ အကြောင်းမှာ KNDO မှ အဆိုပါထုတ်ပြန်ချက်ကို ထုတ်ပြန်ပြီးနောက်တွင် လေးကေတပ်စခန်းမှ  BGF ခေါင်းဆောင်များသည် ၎င်းတို့ဆုံးဖြတ်ချက်ချရန်အတွက် အချိန်နှစ်ရက် (ဧပြီလ ၂၂ရက် နေ့အထိ) ပေးပါဟု KNDO အား အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ SAC နှင့် BGF တို့သည် ၎င်းတို့တပ်စခန်းများမှ ထွက်ခွာသွားခြင်းမလုပ်ခဲ့သည့်အပြင် KNDO နှင့်လည်း လာရောက်ပူးပေါင်းခြင်းမရှိခဲ့ပေ။ ထိုအတွက်ကြောင့် ၂၀၂၂ခုနှစ်၊ ဧပြီလ ၂၄ရက်နေ့ လေးကေရွာနှင့် ၎င်းရွာအနီးတစ်ဝိုက်အတွင်း တိုက်ပွဲများ စတင်ဖြစ် ပွားခဲ့ပြီး ဤအစီရင်ခံစာရေးသားနေစဉ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။ ထို့အပြင် SAC နှင့် BGF တို့သည် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်မှ ဘီးလင်းမြို့နယ်ရှိတပ်စခန်းများသို့ ၎င်းတို့တပ်အင်အားစစ်ကူများ ပိုမို၍ ပို့ဆောင်ခဲ့သည်။ မေလ ၈ရက် သို့မဟုတ် ၉ရက်နေ့တွင် စစ်ကူများရောက်ရှိလာပြီး တိုက်ပွဲများ ပို၍ပြင်းထန်လာခဲ့ သည်။

      (ခ) တိုက်ပွဲဖြစ်ပွားခြင်းနှင့် အရပ်သားများအပေါ် အကြမ်းဖက်ခြင်း
      (၁) လက်နက်ကြီးပစ်ခတ်မှုနှင့် မပေါက်ကွဲသေးသောလက်နက်ခဲယမ်းများ (UXO)

ဘီးလင်းမြို့နယ်၊ ပရာ‌‌ယောကျေးရွာအုပ်စု၊ လေးကေကျေးရွာတွင် ၂၀၂၂ခုနှစ်၊ ဧပြီလ ၂၄ရက်နေ့မှစ၍ တိုက်ပွဲများ ဖြစ်ပွားနေစဉ်အတွင်း ကမမောင်းမြို့ရှိတပ်စခန်းတစ်ခုမှ တပ်ရင်းအမှတ်မသိရှိရသော SAC စစ်သားများသည် မေလ ၇ရက်နေ့အထိ လေးကေကျေးရွာဒေသအတွင်း လက်နက်ကြီး ၁၂၀ မမ သုံးလုံးမှ ငါးလုံးအထိ နေ့စဉ်ပစ်ခတ်ခဲ့ ကြောင်း ရွာသားများမှ တင်ပြခဲ့သည်။ (ထိုအချိန်မှစ၍ လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။ သို့သော်လည်း ပုံမှန်မဖြစ်ပွားခဲ့ပေ။) အကျိုးဆက်အနေဖြင့် ရွာသားများပိုင်ဆိုင်သော ရော်ဘာခြံအများအပြားသည် လက်နက်ကြီးပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီးသွားခဲ့သည်။ ဤဖြစ်စဉ်နှင့်ပတ်သတ်ပြီး စစ်ပြေးရှောင်ရွာသား တစ်ဦးဖြစ်သူ နော်ဝ---မှ ယခုလိုပြောကြားခဲ့သည်။ “လက်နက်ကြီးတွေက လေးကေရွာ အနီးမှာရှိတဲ့ လေးကေ ကျောက်တောင်အနားမှာ လာကျတယ်။ ရွာသားတွေတစ်ယောက်မှ ထိခိုက်ဒဏ်ရာရတာတွေမရှိဘူး။ ဒါပေမဲ့ (ကျေးရွာအနားမှာရှိတဲ့) တောင်ကုန်းတစ်လျှောက်မှာ ရော်ဘာခြံတွေအများကြီးပဲ မီးလောင်သွားတယ်။ ဘယ်သူမှ မီးလောင်တာကို သွားမငြိမ်းရဲဘူး။ အဲဒါကြောင့် ရော်ဘာခြံတော်တော်များများ မီးလောင်ပျက်စီးသွားပုံရတယ်။”

၂၀၂၂ခုနှစ်၊ မေလ ၇ရက်နေ့တွင် SAC တပ်ဖွဲ့များနှင့် BGF တပ်ရင်းအမှတ် (၁၀၁၄)လက်အောက်ခံ တပ်ခွဲအမှတ် (၂)တို့ သည် ဘီးလင်းမြို့နယ်၊ ဝဲပြာယောကျေးရွာအုပ်စု၊ လယ်ခလောကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းအနီးနားတွင် KNDO တပ်ရင်းအမှတ် (၂)မှ စစ်သားများနှင့် ထိပ်တိုက်တွေ့ဆုံပြီးနောက် ပစ်ခတ်တိုက်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ SAC နှင့် BGF တပ်ဖွဲ့ဝင်များသည် စစ်ကူများလာရောက်ဖြည့်ရန်အတွက် လေးကေတပ်စခန်းသို့ သွားနေစဉ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲဖြစ်ပွားချိန်တွင် SAC နှင့် BGF တို့သည် လယ်ခလော ကျေးရွာအနီးတစ်ဝိုက် တွင် လက်နက်ကြီးအလုံး (၅၀) ခန့်  ရမ်းသန်းပစ်ခတ်ခဲ့သည်။ ထိုအတွက်ကြောင့် ဘုန်းကြီးကျောင်းအဆောက်အဦး၊ အိမ်တစ်လုံး၊ ထွန်စက်တစ်စီး၊ ကားငါးစီးနှင့် ဆိုင်ကယ်ငါးစီးခန့် ပျက်စီးသွားခဲ့သည်။ ပေါက်ကွဲသွားသည့် လက်နက် ကြီးအပိုင်းအစများကြောင့် ရွာသားတစ်ဦးပိုင်ဆိုင်သည့် ဆိတ်တစ်ကောင်နှင့် နွားထီးတစ်ကောင်လည်း သေဆုံးခဲ့ရ သည်။ ကျေးရွာဘုန်းကြီးကျောင်းဝင်းထဲတွင် လက်နက်ကြီးတစ်လုံးကျ၍ မပေါက်ကွဲဘဲရှိနေသည်ကို တွေ့ရှိခဲ့ရ သည်။ ရွာသားများသည် မပေါက်ကွဲသေးသည့်လက်နက်ကြီးတစ်လုံးကို ဖယ်ရှားပေးရန်အတွက် BGF နှင့် SAC စစ်သားများကို တောင်းဆိုခဲ့ပြီး BGF နှင့် SAC  တို့မှ ဖယ်ရှားပေစခဲ့ပါသည်။ လယ်ယာခြံများတွင်လည်း လက်နက် ကြီးများကျ၍ မပေါက်ကွဲဘဲ တည်ရှိနေကြောင်း ရွာသားများက သံသယရှိသည့်အတွက်ကြောင့် ၎င်းတို့လယ်ယာခြံ တွင် အလုပ်သွားလုပ်ရန် ကြောက်ရွံ့နေရသည်။

      (၂) လေကြောင်းတိုက်ခိုက်မှုများ

၂၀၂၂ခုနှစ် မေလ ၁ရက်နေ့တွင် SAC လေတပ်မှ လေးကေကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ် ပြုလုပ်ခဲ့ သည်။ ပထမအကြိမ်တွင် မနက် ၁၀ နာရီခန့်တွင် SAC ရဟတ်ယာဉ်နှစ်စင်းမှ ရွာထဲတွင် ဗုံးများကြဲချခဲ့သည်။ ဗုံးများ ဘယ်နှစ်လုံးကြဲချခဲ့သည်ကို မသိရှိရပါ။ ဒုတိယအကြိမ်တွင် SAC ဂျက်လေယာဉ်နှစ်စင်းမှ နေ့လည်ပိုင်းတွင် ရွာအ တွင်းသို့ ဗုံးများကြဲချခဲ့ပြန်သည်။ ဤအကြိမ်တွင်လည်း ဗုံးများဘယ်နှစ်လုံး ကြဲချခဲ့သည်ကို မသိရှိခဲ့ရပါ။ ဤလေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သတ်၍ ဘီးလင်းမြို့နယ်၊ ပရာယောကျေးရွာအုပ်စုတွင်နေ ထိုင်သည့်ရွာသား တစ်ဦးဖြစ်သူ နော်ခ---မှ ဤကဲ့သို့တင်ပြခဲ့သည်။ “လေကြောင်းတိုက်ခိုက်မှုဖြစ်နေချိန်မှာတော့ ကျွန်မတို့တွေက ရေ်ဘာခြံထဲမှာ ပုန်းရှောင်နေရတယ်။ ကျွန်မတို့တွေ ရွာကနေ အမြန်ဆုံးထွက်ပြေးခဲ့ရတယ်။ (လေကြောင်းတိုက်ခိုက် မှုကနေ လွတ်အောင်ပြေးရတဲ့အတွက်) အခက်အခဲတွေကြုံတွေ့ရတယ်။ ဗုံးတွေက ကျွန်မတို့အပေါ်မှာ လာကျမှာကို စိုးရိမ်နေရတယ်။ လေယာဉ်တွေ (ရဟတ်ယာဉ်နှင့်ဂျက်လေယာဉ်)က ကျွန်မတို့ အပေါ်မှာပျံဝဲနေတယ်လို့ခံစားရတယ်။ ကျွန်မတို့က (အခင်းဖြစ်ပွားတဲ့နေရာကနေ) အခြားအဝေးတစ်နေရာကို  ထွက်ပြေးခဲ့ရတယ်။ အဲဒီညမှာ မိုးရွာနေ တယ်။ ကျွန်မတို့မှာ အိပ်ဖို့နေရာထိုင်ခင်းတွေမရှိဘူး။ မိုးရေထဲမှာပဲ အိပ်ခဲ့ရတယ်။ ကျွန်မတို့မှာ ကလေးတွေနဲ့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်။ အဲဒါကြောင့် အခက်အခဲတွေအများကြီး ကြုံတွေ့ခဲ့ရတယ်။  တစ်ချို့ရွာသား တွေဆို ကလေးငယ်သုံးယောက်နဲ့ ထွက်ပြေးခဲ့ရတယ်။ ကျွန်မတို့တွေက မြေကြီးပေါ်မှာဘဲ (နေရာထိုင်းခင်းမရှိဘဲ) အိပ်ခဲ့ရတယ်။”

လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာနေအိမ် (၅၉)လုံး ထိခိုက်ပျက်စီးသွားပြီး ရွာသားများပစ္စည်းဥစ္စာများအပါအဝင် အိမ် (၁၀)လုံး မီးလောင်ပျက်စီးသွားခဲ့သည်။ ကျွဲ၊နွားတိရိစ္ဆာန်များလည်း သေကြေပျက်စီးခဲ့သည်။ လေကြောင်း တိုက်ခိုက်မှုကြောင့် အိမ်နှစ်လုံးပျက်စီးသွားခဲ့သည့်ရွာသားတစ်ဦးဖြစ်သူ နော်ခ---မှ ဤဖြစ်စဉ်နှင့်ပတ်သတ်၍ ဤသို့ ပြောခဲ့သည်။ “ဒီအကြောင်းတွေပြောရရင် (အိမ်ကိုဆုံးရှုံးရတဲ့အတွက်) ကျွန်မအရမ်းဝမ်းနည်းတယ်။ လေကြောင်း တိုက်ခိုက်မှုဖြစ်ပွားပြီး ညနေ (၃)နာရီဝန်းကျင်မှာ ကျွန်မတို့အိမ်မီးလောင်သွားတဲ့သတင်းကို ကြားခဲ့ရတယ်။ အဲဒါ ကြောင့် ကျွန်မတို့လည်း မီးငြိမ်းဖို့အတွက် ရွာကိုပြန်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မတို့အိမ်ကိုပြန်ရောက်တော့ အရာအားလုံး ဟာ မီးလောင်ပျက်စီးသွားကုန်ပြီး။ ဘာမှ မကျန်တော့ဘူး။ ကျွန်မတို့ရဲ့ဆိုင်မှာ ပစ္စည်းတွေ အများကြီးဆုံးရှုံးခဲ့တယ်။ ညီမတစ်ယောက်ဆိုရင် သူ့အိမ်ဆောက်ဖို့အတွက် သိုလှောင်ထားတဲ့သစ်တွေလည်း အကုန်ပျက်စီးကုန်တယ်။ ပထမ တော့ မီးကိုငြိမ်းပြီး မီးမလောင်တဲ့ပစ္စည်းတွေကို ပြန်ယူမယ်လို့ ကျွန်မတို့တွေးထားခဲ့တယ်။ ဒါပေမဲ့ ကျွန်မတို့အချိန်မှီ မလုပ်နိုင်ခဲ့ဘူး။ ရွာကိုရောက်တော့ အရာအားလုံး မီးထဲပါသွားပြီး။ အိမ် တော်တော်များများလည်း ထိခိုက်ပျက်စီး သွားတယ်။ ကျွန်မရဲ့ကြက်နဲ့ ကြောင်သုံးကောင်လည်း မီးထဲပါသွားပြီး သေဆုံးခဲ့တယ်။”

အခင်းဖြစ်ပွားပြီး နောက်တစ်နေ့တွင် ဘီးလင်းမြို့နယ်၊ ပရာယောကျေးရွာအုပ်စုမှ ဒေသခံရွာသားဖြစ်သူ စောပ---သည် လေးကေကျေးရွာသို့ သွားခဲ့သည်။ လေးကေကျေးရွာတွင်ဖြစ်ပွားခဲ့သည့်အခြေအနေကို ၎င်းမှ ဤသို့ဖော်ပြခဲ့ သည်။ “ရွာက အရမ်းတိတ်ဆိတ်သွားလို့ သင်္ချိုင်းကုန်းလိုမျိုးဖြစ်သွားတယ်။ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ခွေးတွေ၊ ခွေးက လေးတွေ၊ ဝက်၊ ကြက်အစရှိတဲ့အိမ်မွေးတိရိစ္ဆာန်တွေအများကြီး ကျွန်တော့်နောက်ကို လိုက်လာတယ်။ သူတို့လေး တွေက (ဗိုက်ဆာလို့) ကျွန်တော့်ဆီမှာ အစာလာတောင်းတာဖြစ်မယ်။ (လေကြောင်းတိုက် ခိုက်မှု)ဖြစ်ပွားခဲ့တဲ့နေရာကို ကျွန်တော်ရောက်တော့ ဆရာမ (နော်ခ---)တစ်ဦးရဲ့အိမ်က မီးလောင်နေတုန်းပဲ။ (အိမ်ကိုဆောက်ဖို့အတွက်) သိုလှောင် ထားတဲ့သစ်တွေ မီးလောင်သွားတာ ဘယ်လောက်များလဲ မသိဘူး။ နောက်တစ်နေ့ အဲဒီနေရာကို ကျွန်တော်သွားကြည့် တာတောင် မီးက လောင်နေဆဲပဲ။ ဒါတောင်မှ ညက တစ်ညလုံးမိုးရွာခဲ့တာတောင် မီးကမသေဘဲ လောင်နေတုန်းပဲ။ အိမ်တွေတော်တော်များများ မီးလောင်သွားပြီး ပြာတွေပဲ ကျန်တော့တယ်။”

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက် SAC ရဟတ်ယာဉ်များနှင့် ဂျက်လေယာဉ်များသည် ဒေသ အတွင်းပျံဝဲ၍ ကင်းထောက်သည့်လုပ်ရပ်များကို အကြိမ်များစွာ ပြုလုပ်ခဲ့သည်။ သို့သော်လည်း ၂၀၂၁ခုနှစ် အာဏာ သိမ်းပြီးသည်မှစ၍ ဤလေကြောင်းတိုက်ခိုက်မှုသည် ဒူးသထူခရိုင်တွင် ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်မှု ဖြစ်သည်။ ၂၀၂၁ခုနှစ် ဒီဇင်ဘာလမှစတင်၍ SAC သည် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် လေကြောင်းတိုက်ခိုက် မှုများကို ပိုမို၍ပြုလုပ်လာခဲ့ပြီး လူ့အခွင့်အရေးအခြေအနေအပါအဝင် ရွာသားများအသက်မွေးဝမ်းကျောင်းမှုများ သိသိသာသာ ယိုယွင်းဆုတ်ယုတ်လာခဲ့သည်။[2] SAC ၏လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်တိုက်ခိုက်မှုများသည် အရပ်သားဒေသများကို ပစ်မှတ်ထားပြီး ရွာသားများ၏ပိုင်ဆိုင်မှုနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ထိခိုက်ပျက်စီးစေပါသည်။ ဝေဟင်တွင် ပြုလုပ်သည့်စစ်ဆင်ရေးများသည် လူသားချင်းစာနာထောက်ထားမှုဥပဒေ၏ အခြေခံမူများကို လိုက်နာရမည်ဖြစ်ပြီး အရပ်သားပစ်မှတ်များကို ရှောင်ရှား၍ စစ်ဘက်ဆိုင်ရာပစ်မှတ်များကို တိုက်ခိုက်သည့်တိုင်အောင် အရပ်သားများကို ထိခိုက်မှုနည်းပါးစေရန်အတွက် ခွဲခြားရမည့်နိယာမအခြေခံမူများကို လေးစားရမည်ဖြစ်သည်။ SAC ၏လေကြောင်းတိုက်ခိုက်မှုများတွင် အရပ်သားများနှင့် ပုဂ္ဂလိကပိုင်ပစ္စည်းများကို စဉ်ဆက်မပြတ်ပစ်မှတ်ထား၍ တိုက်ခိုက်ခြင်းအားဖြင့် SAC သည် ဂျီနီဗာကွန်ဗင်းရှင်းအပါအဝင် နိုင်ငံတကာ သဘောတူစာချုပ်များနှင့် ဓလေ့ထုံးတမ်းဥပဒေများကို ချိုးဖောက်ရာရောက်ပါသည်။ မေလ ၁ရက်နေ့တွင် ဖြစ်ပွားခဲ့ သည့်လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သတ်၍ ရွာသားတစ်ဦးဖြစ်သူ နော်ခ---မှ ယခုလိုပြောကြားခဲ့သည်။ “သူတို့ (SAC) က ရွာသားတွေရဲ့အိမ်တွေကို ဗုံးမကျဲသင့်ဘူး။ သူတို့လုပ်ရပ်တွေဟာ အရမ်းရက်စက်လွန်းတယ်။ သူတို့က ရွာသားတွေအပေါ်မှာ ဒီလိုရက်စက်မယ်လို့ မထင်ထားခဲ့ဘူး။ ဒါပေမဲ့လည်း (SAC က ကျွန်မတို့ရွာသားတွေကို ဘာတွေထပ်လုပ်အုန်းမလဲ ဆိုတာ) ခန့်မှန်းပြီးပြောလို့မရဘူး။”

      (ဂ) ရွှေ့ပြောင်းနေထိုင်မှု

KNDO ၏ထုတ်ပြန်ချက်တွင် ဖော်ပြသည့်အတိုင်း သတ်မှတ်ထားသည့်အချိန်မတိုင်ခင် ၂၀၂၂ခုနှစ်၊ ဧပြီလ ၂၀ရက်နေ့ အစပိုင်းတွင် လေးကေနှင့်တာပေါတပ်စခန်းတို့နှင့်နီးစပ်ရာ ကျေးရွာအုပ်စုသုံးအုပ်စုမှ ရွာသားများသည် လက်နက်ကိုင် တိုက်ပွဲဖြစ်ပွားလာမည်ကို ကြိုတင်သိရှိထားသည့်အတွက်ကြောင့် ၎င်းတို့ရွာမှ တိမ်းရှောင်ခဲ့ပြီးဖြစ်သည်။

KNDO ၏ထုတ်ပြန်ချက်နှင့်ပတ်သတ်၍ SAC နှင့် BGF တို့သည် KNDO ၏တောင်းဆိုချက်ကို လက်မခံပါက တိုက်ပွဲ များဖြစ်ပွားလာနိုင်သည်ဟု လူမှုကွန်ယက်မီဒီယာတွင် ရွာသားအချို့က ရေးသားဖြန့်ဝေထားခြင်းတွေ ရှိခဲ့သည်။ မသေ ချာမရေရာသည့်အခြေအနေအောက်တွင် ရွာသားများကိုကာကွယ်ပေးရန်အတွက် KNU မှ တိုက်ပွဲများ ဖြစ်ပွား နိုင်သည်ဟုဆို၍ ရွာသားများအား အသိပေးအကြောင်းကြားထားပုံရသည်။ ပရာယောကျေးရွာအုပ်စုမှ လေးကေ၊ ပရာယော၊ သူးကဘီးနှင့် လယ်ခလောကျေးရွာများ၊ တာပေါကျေးရွာအုပ်စုမှ တာပေါနှင့် တာပေါခီးကျေးရွာများ၊ ခေါဖိုးပလက်ကျေးရွာအုပ်စုမှ ခေါဖိုးပလက်ကျေးရွာတို့မှ ရွာသားများသည် အခြားဒေသများသို့ ရွှေ့ပြောင်းပေး ခဲ့ရသည်။ အချို့ရွာသားများသည် အခြားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး အချို့ရွာသားများလည်း နီးစပ်ရာ မြို့များသို့ ထွက်ပြေးခဲ့ကြသလို အချို့လည်း တောနှင့် ကျောက်ဂူများသို့ တိမ်းရှောင်ခဲ့သည်။ လေးကေရွာတွင် အိမ် ထောင်စု (၅၂၈) စုရှိပြီး စစ်ဘေးရှောင်ရသည့် ရွာသားများဦးရေ ၃၀၀၀ ခန့်ရှိသည်။ စစ်ဘေးရှောင်ရွာသားများသည် ဘေးကင်းသည့်နေရာအများအပြားတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ (အခြားကျေးရွာများမှ စစ်ဘေးရှောင်ရသည့် ရွာသားဦးရေအရေအတွက်နှင့်ပတ်သက်သည့်သတင်းအချက်အလက်များ မရရှိခဲ့ပါ။)

တိုက်ပွဲသည် ရှည်ကြာလိမ့်မည်မဟုတ်ကြောင်း ရွာသားတွေများက ထင်မြင်ယူဆ၍ ၎င်းတို့သည် ရက်အနည်း ငယ်အ တွက်သာ လုံလောက်သည့်ရိက္ခာများကို ၎င်းတို့စစ်ဘေးရှောင်ရသည့်နေရာသို့ သယ်ယူသွားခဲ့သည်။ သို့သော်လည်း ရွာသားများသည် ၎င်းတို့၏ရွာသို့ ချက်ချင်း မပြန်နိုင်ကြပါ။ ရွာသားများယူလာသည့်ပစ္စည်းများတွင် အဝတ်အထည်၊ စောင်၊ စားနပ်ရိက္ခာ၊ အိမ်သုံးပစ္စည်းများနှင့် နေရာထိုင်ခင်းအတွက် တာလပတ်စသည့် ပစ္စည်းများဖြစ်ကြပြီး စစ်ဘေးရှောင်နေရာများတွင် ကြာမြင့်သည့်အချိန်ကာလအတွက် လုံလောက်မှုမရှိခဲ့ပေ။  ဧပြီလ ၂၀ရက်နေ့တွင် တိမ်း ရှောင်ခဲ့ရသည့် ဘီးလင်းမြို့နယ်၊ ပရာယောကျေးရွာအုပ်စုမှ စစ်ဘေးရှောင်ရွာသားတစ်ဦးဖြစ်သူ နော်ခ---မှ သူမ၏ ခံစားချက်ကို ပြောပြခဲ့သည်။ “ရွာကိုပြန်ပြီး ဆန်ပြန်ယူဖို့အတွက် ကျွန်မတို့တွေ လုံခြုံမှုမရှိဘူးလို့ခံစားရတယ်။ ပထမတော့ နှစ်ရက်၊ သုံးရက်လောက်ပဲ တိုက်ပွဲဖြစ်မယ်လို့ထင်ထားခဲ့တယ်။ အဲဒါကြောင့် ကျွန်မတို့လည်း စားစရာတွေကို နှစ်ရက်၊ သုံးရက်စာအတွက်ပဲ သယ်ယူသွားတယ်။ ဧပြီလ ၂၀ရက်နေ့မှစပြီး ကျွန်မတို့တွေ တိမ်း ရှောင်ခဲ့ရတယ်။ အခုဆိုရင် ဆယ်ရက်ကျော်ရှိနေပြီး။ ဒါကြောင့် ကျွန်မတို့မှာလည်း စားစရာတွေ ကုန်သွားပြီး။ တိုက်ပွဲက မကြာမှီမှာပြီးသွားမယ်လို့ပဲ မျှော်လင့်တယ်။ မကြာမီအတွင်း အဲဒါ ရှင်းလင်းသွားမယ်။ (လေးကေတပ် စခန်း ကျရှုံးမည်ကို ဆိုလိုသည်။)”

၂၀၂၂ခုနှစ်၊ မေလ ၇ရက်နေ့တွင် လယ်ခလောကျေးရွာတွင် KNDO နှင့် SAC BGF ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက် ပွဲဖြစ်ပွားခဲ့ပြန်သည်။ SAC BGF ပူးပေါင်းတပ်ဖွဲ့တို့သည် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်ရှိ သာဝေါ်ပလေတပ်စခန်းမှ ဒူးသထူခရိုင်ရှိ လေးကေတပ်စခန်းသို့ သွားနေစဉ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လယ်ခလော ရွာသားအများစုသည် တောထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ အချို့ရွာသားများသည် မတိမ်းရှောင်ဘဲ ရွာထဲတွင် ဆက်လက်နေထိုင်ခဲ့သော်လည်း ကြောက်ရွံ့မှုများရှိနေသည်။ ကျေးရွာမှထွက်ပြေးတိမ်းရှောင်ရသည့်အတွက်ကြောင့် ရွာသားများသည် ကျန်းမာရေးပြဿာနာများကို ပို၍ရင်ဆိုင်ကြုံတွေ့နိုင်ချေများပါသည်။ ထွက်ပြေးတိမ်းရှောင်နေ စဉ်အတွင်း ငှက်ဖျားရောဂါနှင့် အခြားရောဂါများကို ကူးစက်နိုင်ခြေပို၍များသည်။ ငှက်ဖျားရောဂါကိုကူးစက်မိသည့် စစ်ပြေးရှောင်ရွာသားများသည် ငှက်ဖျားရောဂါကိုကုသရန်အတွက် ဆေးဝါးများ မရရှိနိုင်ကြပါ။ ၂၀၂၂ခုနှစ်၊ ဧပြီလနှင့် မေလအတွင်း လေးကေဒေသမှ စစ်ပြေးရှောင်ရသည့်ရွာသားများသည် မသန့်ရှင်းသည့်ရေကို သောက်သုံးနေရပြီး ဝမ်းလျှောရောဂါကူးစက်လိမ့်မည်ဖြစ်၍ တောထဲတွင်လည်း ခြင်ကိုက်ခံရမှုကြောင့် သွေးလွန်တုတ်ကွေးနှင့် ငှက်ဖျားရောဂါဖြစ်ပွားလာနိုင်ကြောင်း ၎င်းတို့၏စိုးရိမ်ပူပန်မှုများကို ပြောပြခဲ့သည်။ အချို့သောစစ်ဘေးရှောင် ရွာသားများ အထူးသဖြင့် မွေးကင်းစကလေးငယ်များသည် ဝမ်းလျှောခြင်းနှင့် အော့အန်ခြင်းတို့ကို စတင်ခံစားနေပြီး ဆေးကုမှုလည်း မရရှိနိုင်ကြပေ။ ဒေသအတွင်းရှိစစ်ဘေးရှေုာင်ရွာသားများသည် ကျန်းမာရေးဝန်ဆောင်မှုများနှင့် ဆေးဝါးပစ္စည်းများကို ရရှိစေရန်အတွက် ကရင်လူထုအခြေပြုအဖွဲ့အစည်း (CBO) များထံမှ အကူအညီများ တောင်း ဆိုခဲ့သည်။ သို့သော်လည်း စစ်ဘေးရှောင်များသည် ကျန်းမာရေးဝန်ဆောင်မှုများနှင့်ဆေးဝါးပစ္စည်းများ မရရှိခဲ့ပါ။

နေရပ်မှစွန့်ခွာ၍ ရွှေ့ပြောင်းနေရခြင်းသည် အထူးသဖြင့် ကလေးသူငယ်များ၊ မွေးကင်းစကလေးများ၊ သက်ကြီး ရွယ်အိုများနှင့် ကိုယ်ဝန်သည်အမျိုးသမီးများအတွက် ဆိုးရွားစွာထိခိုက်စေပါသည်။ ဘီးလင်းမြို့နယ်မှ စစ်ဘေး ရှောင်အမျိုးသမီးတစ်ဦးသည် ၎င်းရွာမှ ထွက်ပြေးတိမ်းရှောင်ပြီးနောက်တွင် ကိုယ်ဝန်ပျက်ကျခဲ့ရသည်။ အချို့သော ကိုယ်ဝန်သည်အမျိုးသမီးများသည် ရွှေ့ပြောင်းနေရစဉ်အတွင်း မီးဖွားခဲ့ရကြောင်း သိရှိရသည်။ ရွာမှစွန့်ခွာ၍ ရွှေ့ပြောင်းနေထိုင်ရသည့်အခြေအနေများသည် သန့်ရှင်းသောရေရရှိမှုမရှိခြင်း သို့မဟုတ် အနည်းငယ်သာ ရရှိခြင်း၊ အစားအစာနှင့် နေရာထိုင်ခင်းလုံလောက်မှုမရှိခြင်း၊ ကလေးများအတွက် အနွေးထည်အဝတ်များမရှိခြင်းနှင့် နောက် ဆက်တွဲကျန်းမာရေးပြဿနာများကြုံလာသောအခါတွင် ကျန်းမာရေးလုပ်သားများ မရောက်ရှိနိုင်ခြင်းတို့ကြောင့် မိခင်ရော ကလေးအတွက်ပါ အန္တရာယ်အလွန်ရှိကြောင်း သိရှိရသည်။ တစ်ချို့သော စစ်ဘေးရှောင်ကလေးများသည် အဖျားစတက်ပြီးခံစားနေပါသည်။ သို့သော်လည်း ဆေးကုသမှုများ မရရှိနိုင်ခဲ့ပါ။ ဤအခြေအနေနှင့်ပတ်သတ်၍ ဒေသခံကျန်းမာရေးလုပ်သားဖြစ်သည့် စစ်ဘေးရှောင်ရွာသားတစ်ဦးဖြစ်သူ နော်ခ---မှ ယခုလိုပြောကြားခဲ့သည်။ “ကလေးတွေ၊ ကိုယ်ဝန်သည်မိခင်တွေ၊ သက်ကြီးရွယ်အိုအပါအဝင် ရွာသားတွေတော်တော်များများ အခက်အခဲ အများကြီးကြုံတွေ့နေရတယ်။ သူတို့ကိုကြည့်ပြီး ကျွန်မလည်း စိတ်မကောင်းပေမဲ့ သူတို့ကိုကူညီဖို့ ဘာမှ မတတ်နိုင်ခဲ့ဘူ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မမှာလည်း ထွက်ပြေးနေရတဲ့အတွက် အခက်အခဲလဲရှိတယ်လေ။ ဒ---နေရာ (ရွှေ့ပြောင်းဒုက္ခသည်စခန်း)မှာဆို ကလေးမွေးခါနီး ကိုယ်ဝန်သည်အမျိုးသမီးတွေ အများကြီးဘဲ။ သူတို့ကို ကူညီနိုင်တဲ့လူတွေ (လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်း) ရှိရင်ပိုကောင်းမယ်။ သူတို့မှာ ရေနဲ့စားစရာတွေ လုံလုံလောက်လောက်မရှိဘူး။ လိုအပ်တဲ့သောက်ရေနဲ့ စားစရာတွေကို ရွာမှာပြန်ယူဖို့သူတို့မပြန်နိုင်ဘူး။ သူတို့ထဲက အဒေါ်တစ်ယောက်ဆိုရင် သူ့ရဲ့ကလေးလည်း အပြင်းဖျားတယ်။ ဒေသခံကျန်းမာရေးလုပ်သားတစ်ဦးက သူမရဲ့ ကလေးကို လာတွေ့တယ်။ ဒါပေမဲ့ ဒုက္ခသည်စခန်းမှာ ဆေးကုဖို့ ဆေးဝါးလည်းမရှိဘူးဖြစ်နေတယ်။ မိုးရာသီမှာဆိုရင် အမိုးအကာလုပ်ဖို့အတွက် သူတို့က (စစ်ဘေးရှောင်) တာလပတ်တွေလိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ချိုင့်ဝှမ်းတောင်ကြားထဲမှာ ပြေးနေရတယ်လေ။ အဲဒါကြောင့် မိုးရာသီမှာ အမိုးအကာမရှိဘူးဆိုရင် သူတို့မှာ အခက်အ ခဲအများကြီးရှိမယ်။”

တစ်ချို့သောရွှေ့ပြောင်းဒုက္ခသည်စခန်းရှိစစ်ဘေးရှောင်များသည် KNU ထံမှ ခေါက်ဆွဲမာမားအစရှိသည့် စားနပ်ရိက္ခာ ခြောက်များ၊ ဆီနှင့်သောက်ရေသန့်များ အနည်းငယ်သာရရှိခဲ့ပြီး ကရင်အမျိုးသမီးအဖွဲ့အစည်း (KWO) ထံမှ စားစရာ ခြောက်တစ်ချို့ကိုလည်း လက်ခံရရှိခဲ့သည်။ တစ်ချို့စစ်ဘေးရှောင်များသည် ဒေသခံကျန်းမာရေးလုပ်သားများထံမှ ကျန်းမာရေးဝန်ဆောင်မှုများကို အကန့်အသတ်ဖြင့်သာ ရရှိကြသည်။ သို့သော်လည်း ဤအကူအညီများသည် ယခု လက်ရှိစစ်ဘေးရှောင်အားလုံးအတွက် လုံလောက်မှုမရှိပါ။ ထို့ကြောင့် စစ်ဘေးရှောင်များသည် စားနပ်ရိက္ခာများ လိုအပ်ပြီး အထူးသဖြင့် ဆန်နှင့်ကျန်းမာရေးဝန်ဆောင်မှုအကူအညီများကို ပိုမို၍လိုအပ်သည်။ SAC မှ ချမှတ်ထား သော ခရီးသွားလာခြင်းကန့်သတ်ချက်များနှင့် ခရီးသွားလာရာတွင် ကြုံတွေ့ရနိုင်သည့် လုံခြုံရေးအန္တရာယ်များသည် စစ်ဘေးရှောင်ရွာသားများအတွက် ရရှိနိုင်မည့်ကူညီထောက်ပံ့မှုကို ကန့်သတ်ပိတ်ပင်တားဆီးမှုများဖြစ်စေသည်။ တိုင်းရင်းသားဝန်ဆောင်မှုပေးသူများနှင့် တစ်ချို့သော ဒေသခံလူထုအခြေပြုအဖွဲ့အစည်းများသည် ဒေသအတွင်း ၎င်းတို့လုပ်ငန်းများ လည်ပတ်နိုင်ကြသော်လည်း နိုင်ငံတကာနှင့် နယ်စပ်အခြေစိုက်အဖွဲ့အစည်းများသည် ဒူးသထူ ခရိုင်ရှိစစ်ဘေးရှောင်များကို သွားရောက်ကူညီပေးရန်အတွက် အခက်အခဲများစွာရှိသည်။ အကြောင်းမှာ ၎င်းတို့အ တွက် ပြည်တွင်းသို့ သွားရောက်ကူညီရန် အရမ်းဝေးကွာလွန်းခြင်းကြောင့်သော်လည်းကောင်း၊ SAC မှ ချမှတ်ထား သော စားနပ်ရိက္ခာများ၊ ဆေးဝါးနှင့် ထောက်ပံ့ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေးအပေါ် ပြင်းပြင်းထန်ထန်ကန့်သတ်ထားခြင်းအပါအဝင် SAC မှ အကူအညီပေးသူဝန်ထမ်းများကို အကြမ်းဖက် တိုက်ခိုက် ခြင်းတို့ကြောင့်ဖြစ်သည်။ ထိုအတွက်ကြောင့် ဒေသတွင်းရှိ စစ်ဘေးရှောင်ရွာသားများသည် အသက်ကယ်ဆယ်ရေး ကူညီထောက်ပံ့မှုများအား မရရှိနိုင်ခဲ့ပါ။

UNHCR ၏ပြည်တွင်းရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာလမ်းညွှန်မူများတွင်ဖော်ပြထားသည့်အတိုင်း[3] အထူးသဖြင့် ကလေး များနှင့် ကိုယ်ဝန်ဆောင်မိခင်များအပါအဝင် အချို့သောထိခိုက်လွယ်သည့်ပြည်သူလူထုများကို ရည်ညွှန်းပြီး လုံခြုံရေး အကာအကွယ်နှင့် လူသားချင်းစာနာမှုအကူအညီများကို ပြည်တွင်းစစ်ဘေးရှောင်များမှ တောင်းဆိုနိုင်ခွင့်ရှိကြောင်း ဖော်ပြထားသည်။ ဒူးသထူခရိုင်တွင် လိုအပ်သောလူသားချင်းစာနာမှုအကူအညီများ ပြတ်တောက်သွားခြင်းကြောင့် စစ်ဘေးရှောင်ရွာသားများသည် စားဝတ်နေရေးလိုအပ်ချက်အတွက် ရုန်းကန်နေရကြောင်း သိသာထင်ရှားပြီး နိုင်ငံတ ကာနှင့် နယ်စပ်အခြေပြုအဖွဲ့အစည်းများမှ အကူအညီလိုအပ်နေသူများအား လက်လှမ်းမှီနိုင်ခြင်းမရှိသည့်အပြင် SAC မှ ထိုအကူအညီလိုအပ်နေသူများအား ကူညီထောက်ပံ့မှုပေးနေသူများအား တမင်တကာ ငြင်းပယ်နေကြောင်း သက်သေသာဓကတစ်ခုအဖြစ် ထင်းရှားနေပါသည်။

စစ်ဘေးရှောင်ရွာသားများသည် မိသားစုများနှင့်အတူ ငြိမ်းချမ်းလုံခြုံစွာ နေထိုင်နိုင်ရန်အတွက် မိမိနေရပ်ကျေးရွာသို့ ပြန်လာရန် ဆန္ဒရှိကြသည်။ စစ်ဘေးရှောင်ရွာသားတစ်ဦးဖြစ်သူ နော်ဝ---မှ သူမ၏ခံစားချက်ကို ဤသို့ တင်ပြခဲ့ သည်။ “ကျွန်မတို့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေချင်တာပေါ့။ အိမ်ပြန်လို့ရရင် ကျွန်မတို့အိမ်ကို ပြန်တွေ့ဖို့မျှော်လင့်မိ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့အိမ်တွေ မီးလောင်ပျက်စီးသွားမှာကို ကြောက်တယ်။ ရွာထဲမှာ (KNDO) စစ်သားတွေ မရှိဘူး။ အကယ်၍ သူတို့က (SAC) ဗုံးတွေလာကြဲရင် ကျွန်မတို့ရွာသားတွေရဲ့အိမ်တွေပဲ ပျက်စီးသွား မှာလေ။”

      (ဃ) ရွာသားများအား ပေါ်တာနှင့်လူသားဒိုင်းအဖြစ် အသုံးပြုခိုင်းစေခြင်း

၂၀၂၂ခုနှစ်၊ မေလ ၁ရက်နေ့တွင် (တပ်ရင်းအမှတ် မသိရှိရသည့်) SAC တပ်ဖွဲ့နှင့် BGF တပ်ခွဲမှူးဗိုလ်တင်ဝင်း ဦး ဆောင်သော တပ်ခွဲအမှတ် (၂)တို့သည် ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်ရှိ လေးကေတပ်စခန်းသို့ စစ်ကူများ စေလွှတ်ရန် အတွက် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်ရှိ သာဝေါပလေ (တံတားဦး)နှင့် ပလောဖိုးတိုးတပ်စခန်းများမှ ထွက်ခွာလာ ခဲ့ကြသည်။ တပ်ရင်းမှူးဗိုလ်မောင်ချစ် ဦးဆောင်သော BGF တပ်ရင်းအမှတ် (၁၀၁၄) လက်အောက်ခံ တပ်ခွဲအမှတ် (၂) သည် (မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်ရှိ) ပလောဖိုးတိုးဒေသတွင် ယာယီအခြေစိုက်နေထိုင်သည်။

၂၀၂၂ခုနှစ်၊ မေလ ၁ရက်နေ့နှင့် မေလ ၅ရက်နေ့ကြားတွင် (တပ်ရင်းအမှတ် မသိရှိရသည့်) SAC တပ်ဖွဲ့နှင့် BGF တပ်ခွဲ အမှတ် (၂)တို့သည် ဘီးလင်းမြို့နယ်၊ လေးကေနှင့်တာပေါတပ်စခန်းများသို့ သွားမည့်လမ်းတစ်လျှောက်တွင် ပေါ်တာ အဖြစ်သော်လည်းကောင်း၊ လူသားဒိုင်းသဖွယ်အဖြစ်သော်လည်းကောင်းခိုင်းစေရန်အတွက် ဘားအံမြို့နယ်၊ ဝဲပြာနှင့် တကောဖိုးကျေးရွာအုပ်စုတို့မှ ရွာသားအယောက် (၁၀၀) ကျော်ကို ဖမ်းဆီးခဲ့သည်။ ၂၀၂၂ခုနှစ်၊ မေလ ၁ရက်နေ့တွင် SAC တပ်ဖွဲ့နှင့် BGF တပ်ခွဲအမှတ် (၂)တို့မှ စစ်သားများသည် ဘားအံမြို့နယ်၊ ဝဲပြာကျေးရွာအုပ်စု၊ ဝဲပြာကျေးရွာတွင် ပြုလုပ်သည့်မင်္ဂလာဆောင်ပွဲနှင့် ရှင်ပြုပွဲများထဲတွင် ရွာသားအယောက် (၅၀) ကျော်ကို ဖမ်းဆီးခဲ့သည်။ ထိုအဖမ်းဆီး ခံရသည့်ရွာသားများသည် ဝဲပြာနှင့်တကောဖိုးကျေးရွာအုပ်စုတို့တွင် နေထိုင်ကြသည့်ရွာသားများဖြစ်ကြသည်။ အဆိုပါမင်္ဂလာဆောင်ပွဲနှင့် ရှင်ပြုပွဲများကို ပြုလုပ်နေစဉ်အတွင်း ရွာသားများ အဖမ်းဆီးခံခဲ့ရသည်။

၂၀၂၂ခုနှစ်၊ မေလ ၅ရက်နေ့တွင် SAC နှင့် BGF စစ်သားများသည် လေးကေတပ်စခန်းသို့သွားသည့်လမ်းတွင် (ပေါ်တာနှင့်လူသားဒိုင်းအဖြစ်အသုံးပြုခိုင်းစေရန်အတွက်) ဘားအံမြို့နယ်ရှိရွာသားများကို ဆက်လက်ဖမ်းဆီးခဲ့ သည်။ အဖမ်းဆီးခံရသည့်တစ်ချို့ရွာသားများသည် ၎င်းတို့လွတ်မြောက်ရန်အတွက် SAC နှင့် BGF စစ်သားများကို ငွေတစ်သိန်းကျော်ပေးခဲ့ရပြီး တစ်ချို့ရွာသားများလည်း ငွေနှစ်သိန်းကျော်အထိ ပေးခဲ့ရသည်။ အဖမ်းဆီးခံရသည့်ရွာ သားအချို့လည်း တစ်ချို့ SAC နှင့် BGF စစ်သားများကို သိကျွမ်းရင်းနှီးသည့်အတွက်ကြောင့် ၎င်းတို့အဖမ်းဆီး မခံရခင်တွင် အဆိုပါစစ်သားများနှင့် ကြိုတင်၍ ပိုပြီးခင်မင်ရင်းနှီးမှုရရှိအောင် ပြုလုပ်ကြပြီး ၎င်းတို့အား မဖမ်းဆီး စေရန်အတွက် စစ်သားများအား လက်ဖက်ရည်ဖိုးပေးခဲ့ကြသည်။ လွတ်မြောက်လာကြသည့်ရွာသားများသည် BGF စစ်သားများမှ ၎င်းတို့ကြုံတွေ့ခဲ့သည့်အရာများကို အများသိအောင် မဖြန့်ဝေစေရန်အတွက် ၎င်းတို့အား ခြိမ်းခြောက် ခဲ့ကြောင်း တင်ပြခဲ့သည်။ အဖမ်းဆီးခံရသည့်ရွာသား (၄၀)ကျော်သည် အခုအချိန်ထိ မလွတ်မြောက်သေးပေ။ SAC နှင့် BGF စစ်သားများသည် ရွာသားအများစုဆီမှ လက်ထိုးငွေများကို မယူတော့ဘူးဟု ပြောကြားခဲ့သည်။ အဘယ် ကြောင့်ဆိုသော် ၎င်းတို့သည် ငွေယူဖို့ထက် လူသားဒိုင်းအဖြစ်အသုံးပြုခိုင်းစေရန်အတွက် ရွာသားများကို ပိုမိုအလိုရှိ ကြောင်း ရွာသားများမှ တင်ပြခဲ့သည်။

၂၀၂၂ခုနှစ်၊ မေလ ၆ရက်နေ့တွင် SAC နှင့် BGF စစ်သားများသည် ၎င်းတို့ဖမ်းဆီးခဲ့သည့်ရွာသား (၄၀)ကျော်နှင့် အတူ ဘီးလင်းမြို့နယ်၊ လေးကေတပ်စခန်းသို့ ချီတက်လာခဲ့ပြီး ဘားအံမြို့နယ်၊ ဟာတရီကျေးရွာအုပ်စု၊ နို့လော်ပလော ကျေးရွာနားတွင် တစ်ညတာ စခန်းချအိပ်စက်ခဲ့သည်။

မေလ ၇ရက်နေ့တွင် SAC နှင့် BGF စစ်သားများသည် လယ်ခလောကျေးရွာတင် ရောက်ရှိလာပြီး ဒေသခံ KNDO နှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် SAC နှင့် BGF စစ်သားများသည် လယ်ခလောရွာရှိ ရွာသားများအားလုံးကို ဘုန်းကြီးကျောင်းဝင်းထဲတွင် ခေါ်တွေ့ခဲ့သည်။ နောက်ဆုံးတွင် အမျိုးသမီးများနှင့် ကလေးများ အားလုံးကို လွတ်ပေးခဲ့သည်။ သို့သော်လည်း ၎င်းတို့သည် လယ်ခလောရွာမှ အသက်မပြည့်သေးသည့် ယောင်္ကျား လေးအပါအဝင် အမျိုးသား (၂၂)ဦးကို ခေါ်ဆောင်သွား၍ လေးကေတပ်စခန်းသို့သွားမည့်လမ်းတွင် ပေါ်တာနှင့် လူသားဒိုင်းအဖြစ်ခိုင်းစေခဲ့သည်။

လေးကေတပ်စခန်းသို့သွားသည့်လမ်းတွင် SAC နှင့် BGF စစ်သားများသည် အခြားသောရွာများမှ ရွာသားများကို လည်း ဖမ်းဆီးခဲ့သည်။ ပေါ်တာနှင့်လူသားဒိုင်းအဖြစ်ခိုင်းစေရန်အတွက် အဖမ်းဆီးခံရသည့်အမျိုးသားများ အားလုံး ပေါင်း (၁၀၀) ကျော်ရှိကြောင်း ဒေသခံများက ယူဆခဲ့သည်။ ရွာသားအချို့လည်း BGF စစ်ယူနီဖောင်းများကို အဓမ္မ ဝတ်ဆင်ခိုင်းစေခံရကြောင်း သိရှိခဲ့ရသည်။ ထို့ကြောင့် KNDO မှ လာရောက်ပစ်ခတ်မည်ဆိုပါက SAC နှင့် BGF စစ်သားများဟုအမှတ်ထင်၍ အဆိုပါရွာသားများကို ဓားစာခံအဖြစ်အသုံးပြုခဲ့ခြင်းဖြစ်သည်။ မေလ ၈ရက် သို့မဟုတ် ၉ရက်နေ့တွင် (ရက်အတိအကျ မသိရှိရ) လေးကေတပ်စခန်းသို့ ရွာသား (၁၀၀) ကျော်နှင့် အတူ SAC နှင့် BGF စစ်သားများ ရောက်ရှိလာခဲ့သည်။ လေးကေတပ်စခန်းသို့ရောက်ရှိပြီးနောက်တွင် အဆိုပါရွာသားများကို ဆက်လက် ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။ SAC နှင့် BGF စစ်သားများမှ ထိုရွာသားများ ထွက်ပြေး၍မရအောင် ကြပ်မတ် ထိန်းသိမ်းခဲ့သည်။ သို့သော်လည်း ရွာသားနှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး အိမ်ပြန်နိုင်ခဲ့သော်လည်း ၎င်းတို့ အသက်လုံခြုံရေးအတွက် အန္တရာယ်အလွန်များပါသည်။ အကြောင်းမှာ ၎င်းတို့ထွက်ပြေး သည့်အချိန်တွင် SAC နှင့် BGF စစ်သားများမှ ၎င်းတို့အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ထွက်ပြေးလွတ်မြောက်ခဲ့သည့်ရွာ သားနှစ်ဦးသည် ၎င်းတို့အိမ်တွင် နေထိုင်ရန်အတွက် လုံခြုံမှုမရှိခဲ့ပေ။ အကြောင်းမှာ SAC နှင့် BGF စစ်သားများမှ  ရွာထဲတွင် တဖန်ပြန်လာ၍ ၎င်းတို့အား လာရောက်ဖမ်းမှာကို ကြောက်ရွံသောကြောင့် အခြားနေရာသို့ ထွက်ပြေး တိမ်းရှောင်နေပြီးဖြစ်သည်။  ၂၀၂၂ခုနှစ်၊ မေလ ၂၅ရက်နေ့တွင် ရွာသားများထံမှ လက်ခံရရှိသည့်သတင်းများအရ လေးကေတပ်စခန်းတွင် အဖမ်းဆီးခံရသည့်ရွာသားများအားလုံးသည် ၂၀၂၂ခုနှစ်၊ မေလ ၂၂ရက်နေ့တွင် လွတ်မြောက် လာကြပြီးဖြစ်သည်။ BGF စစ်သားများသည် လေးကေနှင့် တာပေါတပ်စခန်းတို့မှ ထွက်ခွာလာသည့်နေ့တွင် BGF နှင့် SAC တို့မှ အဆိုပါရွာသားများကို လွတ်မြောက်ပေးခဲ့ခြင်းဖြစ်သည်။ (BGF စစ်သားများသာ တပ်စခန်းမှ ထွက်ခွာခဲ့ သည်။ သို့သော် SAC စစ်သားများ စခန်းတွင် ကျန်ရစ်ခဲ့သည်။)  BGF နှင့် SAC စစ်သားများသည် အဖမ်းခံရသည့် ရွာသားတစ်ဦးချင်းဆီကို  ၎င်းတို့လုပ်အားအဖြစ် ငွေကျပ်တစ်သိန်းခွဲပေးဆောင်ခဲ့သည်။ ဆိုလိုသည်မှာ ရွာသားများ သည် ပေါ်တာနှင့်လူသားဒိုင်းအဖြစ် ၁၅ရက်တာ လုပ်ဆောင်ပေးခဲ့သည့်အတွက် တစ်ရက်လျှင် တစ်သောင်းကျပ် ရရှိခြင်းဖြစ်သည်။

ရွာသားများကို လူသားဒိုင်းအဖြစ်အသုံးပြုခြင်းသည် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေအား ချိုး ဖောက်ရာရောက်ပြီး ဂျီနီဗာကွန်ဗင်းရှင်းများ၏ထပ်တိုးသဘောတူညီစာချုပ် (၂) အပိုဒ် ၁၃ (က)တွင် “စစ်ရေးကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ခြိမ်းခြောက်မှုများမှ ကာကွယ်မှုများကို ရရှိစေရန်အတွက် အရပ်သားနှင့် လူတစ်ဦးချင်း စီမှာ အခွင့်အရေးရှိကြောင်း” ဖော်ပြထားသည့်အတွက်ကြောင့် SAC ၏လုပ်ရပ်ကို ဂျီနီဗာကွန်ဗင်းရှင်းတွင် တားမြစ် ထားပါသည်။ ထို့အပြင် စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးများအတွက် အရပ်သားများကို လူသားဒိုင်းအဖြစ် ရည်ရွယ်ချက် ရှိရှိအသုံးပြုခိုင်းစေခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းတွင်ဖော်ပြထားသည့်ခွဲခြားမှုနိယာမကို ဆန့်ကျင်ပြီး အရပ်သား များနှင့် စစ်ဘက်ဆိုင်ရာပစ်မှတ်များကို ခွဲခြားရမည့်တာဝန်ဝတ္တရားကို လိုက်နာရန်ပျက်ကွက်ခဲ့သည်။ ထိုသို့သော စစ်လှုပ်ရှားမှုများအတွက် ကလေးများကိုလည်း ပေါ်တာနှင့်လူသားဒိုင်းအဖြစ် အသုံးပြုခြင်းသည် ကလေးသူငယ် များ၏အခွင့်အရေးများကို ချိုးဖောက်ရာရောက်ပြီး ကလေးစစ်သားစုဆောင်းမှုပုံစံအဖြစ် ယူဆ၍ရနိုင်သည့်အတွက် ကြောင့်[4] ဤလုပ်ရပ်သည် ရောမခုံရုံးဥပဒေ အခန်းကြီး ၈၊ အပိုဒ် (၂)၊ အပိုင်း (ဃ)၊ (၇)ကိုအောက်တွင် ဖော်ပြ ထားသည့်အတိုင်း  စစ်ရာဇဝတ်မှုမြောက်ပါသည်။

      (င) ခိုးယူလုနိုက်ခြင်း

၂၀၂၂ခုနှစ်၊ မေလ ၇ရက်နေ့တွင် SAC နှင့် BGF စစ်သားများသည် လယ်ခလောကျေးရွာသားများကို ရွာဦးဘုန်းကြီး ကျောင်းတွင် ခေါ်ယူစုစည်းခိုင်းနေစဉ်အတွင်း အဆိုပါစစ်သားများသည် ရွာသားများ၏အိမ် နှင့် ဆိုင် များထဲသို့ ခိုးဝင်ရောက်လာပြီး ဖုန်းနှစ်လုံး၊ ရွှေ၊ စားနပ်ရိက္ခာများ၊ အဝတ်အထည်များနှင့် အခြား သောပစ္စည်း များကို ခိုးယူဆောင်ခဲ့သည်။ ဤကဲ့သို့ပစ္စည်းများခိုးယူမှုနှင့်ပတ်သတ်ပြီး ၂၀၂၂ခုနှစ်၊ မေလ ၈ရက်နေ့တွင် ကျေးရွာ ခေါင်းဆောင်များမှ အဆိုပါစစ်သားများ၏ခေါင်းဆောင်များကို တင်ပြခဲ့ပြီးနောက် SAC နှင့် BGF စစ်သားများသည် ၎င်းတို့ခိုးယူခဲ့သည့်အရာများကို ဆိုင်ပိုင်ရှင်များအား လျော်ကြေးငွေပေးခဲ့ပြီး ရွှေနှင့်ဖုန်းများကို ပိုင်ရှင်ထံသို့ ပြန်အပ် နှံခဲ့သည်။ သို့သော်လည်း ရွာသားများသည် အဝတ်အထည်အစရှိသည့် အခြားသောပစ္စည်းများခိုးယူမှုအတွက် မည်သည့်အရာမျှ ပြန်မရခဲ့ပေ။

၂၀၂၂ခုနှစ်၊ မေလ ၈ရက်နေ့ သို့မဟုတ် ၉ရက်နေ့တွင် (ရက်အတိအကျမသိရှိရ) SAC နှင့် BGF စစ်ကူများသည် လေးကေတပ်စခန်းသို့ ရောက်ရှိလာအချိန်တွင် လေးကေရွာသားများအားလုံးသည် ၎င်းတို့ပိုင်ဆိုင်မှုများအားလုံးကို ရွာထဲတွင် ပစ်ထားပြီး အခြားနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေပြီးဖြစ်သည်။ BGF နှင့် SAC စစ်သားများသည် ရွာထဲသို့ဝင်ရောက်လာပြီး ရွာသားများနေအိမ်နှင့်ဆိုင်များတွင် ခိုးဝင်၍ အဝတ်အစား၊ အိမ်မွေးတိရိစ္ဆာန်များ၊ စားစရာများ၊ သွားတိုက်ဆေးများ၊ သွားတိုက်တံများ၊ ကွမ်းသီးများနှင့် (ပြင်ဆင်ရန်အတွက်) အခြားသောအသုံး ဝင်ပစ္စည်းများအပါအဝင် (အိမ်ဆောက်ရန်အတွက်) သစ်များနှင့် ၎င်းတို့တွေ့သမျှ အခြားသော ပစ္စည်းများကို ယူဆောင်ခဲ့သည်။ ထို့နောက် ခိုးယူလာသည့်ပစ္စည်းများနှင့် စားစရာများအပါအဝင် အိမ်ဆောက်ရန်အတွက် သစ်များကို ဗုံးခိုကျင်း ဆောက်လုပ်ရန် နှင့်အခြားရွာသားများထံတွင်လည်း ပြန်ရောင်ရန် ၎င်းတို့ (လေးကေ)တပ်စခန်းသို့ ပြန်သယ်လာခဲ့သည်။ ထိုခိုးရာပါပစ္စည်းများကို အခြားရွာသားများထံတွင်လည်း ပြန်ရောင်းခဲ့သည်။ (အပေါ်တွင် ယခင်ကဖော်ပြရေးသား ထားသည့်အတိုင်း) လေးကေတပ်စခန်းတွင်အဖမ်းဆီးချုပ်နှောင်ခံရသည့်ရွာသားများသည် စစ်သားများအတွက် ထိုခိုးယူသည့်ပစ္စည်းများကို သယ်ဆောင်ပေးရပုံပေါ်သည်။ အဆိုပါစစ်သားများသည် ၎င်းတို့ခိုးယူသည့်ပစ္စည်းများကို ၎င်းတို့တပ်စခန်းတွင် ထားစရာနေရာမရှိတော့သောကြောင့် ဘုန်းကြီးကျောင်းတွင် လာရောက်ထားရှိခဲ့ကြောင်း ရွာသားများက ယူဆခဲ့သည်။ ဘီးလင်းမြို့နယ်၊ တာပေါကျေးရွာအုပ်စု၊ တာပေါကျေးရွာတွင်လည်း SAC စစ်သားများမှ ပစ္စည်းများခိုးယူခဲ့သည်။ တာပေါကျေးရွာသည် တာပေါတပ်စခန်းအနီးတွင် တည်ရှိသည်။

ရွာထဲတွင် ပစ္စည်းဥစ္စာများခိုးယူလုနိုက်ခြင်းသည် ရောမခုံရုံးဥပဒေ၏ အခန်းကြီး ၈၊ အပိုဒ် (၂)၊ အပိုင်း (ဃ)၊ (၅) အောက်တွင်ဖော်ပြထားသည့်အတိုင်း  စစ်ရာဇဝတ်မှုအဖြစ်သတ်မှတ်၍ရနိုင်သည်။

      (စ) အဓမ္မ နေရပ်ပြန်ခိုင်းစေခြင်း

၂၀၂၂ခုနှစ်၊ မေလ ၁၂ရက်နေ့တွင် လေးကေတပ်စခန်းမှ SAC နှင့် BGF စစ်သားများသည် လေးကေရွာမှ စစ်ဘေး ရှောင်ရွာသားများ အထူးသဖြင့် ဂူတွင်ပုန်းရှောင်နေသည့်ရွာသားများနှင့် လေးကေကျောင်တောင်တွင် ပုန်းအောင်း နေသည့်ရွာသားများကို ၎င်းတို့ရွာသို့ပြန်လာရန် အမိန့်ပေးခဲ့သည်။ အဆိုပါစစ်သားများသည် ထွက် ပြေးတိမ်းရှောင်နေ သည့်ဘုန်းကြီးများကိုလည်း ဘုန်းကြီးကျောင်းသို့ပြန်လာရန် အမိန့်ပေးခဲ့သည်။ BGF စစ်သားများသည် ထိုဒေသအတွင်း ကာလကြာမြင့်စွာ လှုပ်ရှားနေခဲ့သည့်အတွက်ကြောင့် စစ်ဘေးရှောင်ရွာသားများ မည်သည့် နေရာတွင်သွားပုန်းရှောင်နေသည်ကို သိနေခဲ့သည်။ ၎င်းတို့သည် ရွာသားများကို ရွာ၏မနီးမဝေးတွင် ရှာတွေ့ခဲ့သည်။ စစ်ဘေးရှောင်တစ်ဦးဖြစ်သူ နော်ခ---၏ပြောပြချက်အရ အဆိုပါစစ်သားများသည် ရွာသားများ ရွာကိုမပြန်လာပါက ကျေးရွာကိုမီးရှို့မည်ဖြစ်ကြောင်း စစ်ဘေးရှောင်များအား ခြိမ်းခြောက်ခဲ့သည်။ SAC နှင့် BGF စစ်သားများသည် စစ်ဘေးရှောင်ရွာသားများပုန်းရှောင်နေသည့်နေရာများသို့ ရက်အတော်အတန်ကြာ နေ့တိုင်းသွားခဲ့ပြီး ရွာသားများကို  ပစ်ခတ်တိုက်ခိုက်မည်ဆို၍ ခြိမ်းခြောက်ခဲ့ပြန်သည်။ ဤဖြစ်စဉ်နှင့်ပတ်သတ်၍ စစ်ဘေးရှောင်ရွာသားတစ်ဦးဖြစ်သူ နော်က---မှ SAC နှင့် BGF စစ်သားများမှ ရွာသားများအား ဘယ်လိုခြိမ်းခြောက်ခဲ့သည်ကို ဤသို့ပြန်လည် ပြောပြခဲ့ သည်။ “မင်းတို့တွေ ပြန်လာပြီး ရွာမှာဘဲနေရမယ်။ ရွာပြင်မှာ မင်းတို့ရှိနေရင် လက်နက်ကြီးတွေက မင်းတို့နေရာကို မထိနိုင်ဘူးလို့ ငါတို့အာမမခံနိုင်ဘူး။”

ကျေးရွာများတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသောကြောင့်သော်လည်းကောင်း၊ KNDO မှ တိုက်ခိုက်မည် ဆိုပါက SAC နှင့် BGF စစ်သားများသည် မိမိကိုယ့်ကိုကာကွယ်ရန်အတွက် ရွာသားများအားဖမ်းဆီးပြီး လူသား ဒိုင်းအဖြစ်အသုံးပြုစေခိုင်းမည်စိုးသောကြောင့် ရွာသားများသည် ၎င်းတို့ရွာသို့ပြန်လာရန် လုံခြုံမှုမရှိဟု ခံစားရသည်။ ထို့အပြင် ရွာကိုပြန်လာခဲ့သည့်ရွာသားများ၏ပြောပြချက်အရ ကျေးရွာရှိနေအိမ်များတွင် စစ်သားများက နေကြပြီး အမြဲတမ်းလိုလို အရက်မူးနေကြ၍ အချင်းချင်းစကားများရန်ဖြစ်ကြမည်ကို စိုးရိမ်နေရသည်။ တစ်ချို့ဖြစ်စဉ်များ တွင် အဆိုပါစစ်သားများသည် အချင်းချင်းပစ်ခတ်ကြမည်ကို စိုးရိမ်နေရသည်။ သို့သော်လည်း SAC နှင့် BGF စစ်သားများမှ ဆက်လက်၍ခြိမ်းခြောက်မှုများပြုလုပ်နေသောကြောင့် တစ်ချို့ရွာသားများသည် ရွာသို့ပြန်လာခဲ့ရ သည်။ (ရွာသားဘယ်နှစ်ဦးပြန်လာသည်ကို အတိအကျမသိရှိရပါ။) အခြားရွာသားများသည် အခြားအဝေးနေရာ များသို့ ထွက်ပြေးတိမ်းရှောင်ရပြန်သည်။ SAC နှင့် BGF စစ်သားများမှ ဘုန်းကြီးကျောင်းသို့ အဓမ္မပြန်လာခိုင်းစေ ခံရသည့်ဘုန်းကြီးများသည်လည်း ထိုဘုန်းကြီးကျောင်းတွင်ပြန်လာ၍ ၎င်းစစ်သားများကြားတွင် နေထိုင်ခဲ့ရသည်။ ထိုဘုန်းကြီးများသည် အလွန်ကြောက်ရွံ့နေရပြီး ရွာတွင်ဖြစ်ပွားလာမည့်အကြမ်းဖက်မှုကို ရပ်တန့်နိုင်စွမ်းလည်း မရှိပေ။ ရွာတွင်ပြန်လာသည့်ရွာသားများသည် အိမ်အလွတ်တွင် နေထိုင်ကြသည့် SAC နှင့် BGF စစ်သားများကြား တွင် နေထိုင်ခဲ့ရသည်။ ရွာကိုပြန်လာပြီးနောက် ရွာသားများသည် ရွာအပြင်သို့သွားခွင့်မရခဲ့ပေ။ SAC နှင့် BGF စစ်သားများသည် ရွာသားများကို ရွာသို့ပြန်လာနေထိုင်စေခြင်းသည် ရွာသားများအား လူသားဒိုင်းအဖြစ် အသုံးပြု စေကြောင်းဖြစ်ပုံပေါ်သည်။ ရွာသားများသည် SAC နှင့် BGF စစ်သားများနှင့်အတူ ရွာထဲတွင် ရှိနေသရွေ့ကာလ ပတ်လုံး KNDO မှ ရွာအားတိုက်ခိုက်နိုင်ချေ အရမ်းနည်းပါးကြောင်း သိရှိရသည်။

      (ဆ) လိင်ပိုင်းဆိုင်ရာစော်ကားခြင်း

လေးကေရွာသို့ပြန်လာရန် အဓမ္မခိုင်းစေခံရသည့်အမျိုးသမီးငယ်များသည် SAC နှင့် BGF စစ်သားများ၏လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်ခြင်းကို ပို၍ရင်ဆိုင်ရနိုင်ချေများသည်။ SAC နှင့် BGF စစ်သားများမှ ထိုအမျိုးသမီးငယ်များအား စနှောက်ကျီစယ်သည့်အတွက် အမျိုးသမီးငယ်များသည် ရွာတွင် လုံခြုံမှုမရှိဟုခံစားရသည်။  တစ်ချို့သော ရွာသား များသည် ၎င်းတို့သမီးပျိုများ လိင်ပိုင်းဆိုင်ရာစော်ကားအကြမ်းဖက်ခြင်းမှ ကာကွယ်ရန်အတွက် ၎င်းတို့ကို ပုန်းရှောင် နေသည့်နေရာများသို့ တိတ်တဆိတ်ခိုးပြန်ပို့ခဲ့သည်။ ထို့ကြောင့် ရွာထဲတွင် အမျိုးသမီးကြီးများနှင့် အမျိုးသားများသာ ကျန်ရစ်နေထိုင်ခဲ့သည်။ ပရာယောကျေးရွာအုပ်စုမှ စစ်ဘေးရှောင်တစ်ဦးဖြစ်သူ နော်က---မှ ဤအခြေအနေနှင့် ပတ်သတ်၍ ယခုလိုပြောကြားခဲ့သည်။ “ကျွန်မညီမကို ရွာကိုမပြန်လာခိုင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ (သူမကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှာ) ကျွန်မအရမ်းကြောက်တယ်။ အခြေအနေကို အဝေးကနေပဲ (ပုန်းရှောင်နေရာ) စောင့်ကြည့်လေ့လာရမယ်။”

ဤကဲ့သို့အခြေအနေသည် တစ်ချို့သောအမျိုးသမီးများအတွက် အတိတ်ကိုပြန်လည်အမှတ်ရစေ၍ စိတ်ထိခိုက် မှုတွေဖြစ်ပွားစေခဲ့သည်။ ထိုကဲ့သို့လိင်ပိုင်းဆိုင်ရာစော်ကားမှုမှတစ်ဆင့် အတိတ်တွင်၎င်းတို့ကြုံတွေ့ခဲ့ရသည့် အခြားသောအကြမ်းဖက်မှုမျိုးများ ဖြစ်ပွားလိမ့်မည်ကို အမျိုးသမီးများက စိုးရိမ်နေကြသည်။ ခေတ်အဆက်ဆက် တွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို မြန်မာစစ်တပ်က လက်နက်တစ်ခုအဖြစ် ကာလကြာရှည်စွာ အသုံးပြုခဲ့သည်။ ထိုအတွက်ကြောင့် မြန်မာပြည်အရှေ့တောင်ပိုင်းရှိကျေးလက်ဒေသများတွင် နေထိုင်ကြသည့်အမျိုးသမီးမှာ ကျားမ ရေးရာ အခြေပြု၍ အကြမ်းဖက်တိုက်ခိုက်မှုပစ်မှတ်များ၏သားကောင်များ ဖြစ်လာမည်ကို ကြောက်ရွံ့မှုများရှိ နေခဲ့ပါသည်။[5]

နိဂုံး

၂၀၂၂ခုနှစ်၊ မေလ ၂၂ရက်နေ့တွင် BGF တပ်ဖွဲ့အားလုံးသည် လေးကေနှင့်တာပေါတပ်စခန်းများမှ ပြန်လည် ထွက်ခွာလာ ခဲ့သည်။ BGF တို့သည် ၎င်းတို့တပ်စခန်းများ ဘာကြောင့်ထွက်ခွာခဲ့ရကြောင်း သို့မဟုတ် အနာဂတ်တွင် ၎င်းတို့ ဘာတွေဆက်လုပ်မည်ကို ရွာသားများမှ မသိကြပါ။ သို့သော်လည်း BGF ထွက်ခွာပြီးနောက်တွင် လေးကေကျေး ရွာတွင် အခြေအနေအနည်းငယ်ပြန်ကောင်းလာခဲ့သည်။ ထို့ကြောင့် တစ်ချို့သောလေးကေရွာသားများသည် ရွာသို့ပြန် လာရန် ဆုံးဖြတ်ချက်ချခဲ့သည်။ BGF တပ်ဖွဲ့များ ထွက်ခွာခဲ့သော်လည်း SAC တပ်ဖွဲ့များသည် ၎င်းတို့တပ်စခန်းများ တွင် ဆက်လက်နေထိုင်ခဲ့ပြီး ရွာသားများထိခိုက်စေသော လုပ်ရပ်များကို ဆက်လက်ကျူးလွန်ခဲ့သည်။ မကြာမှီက ဖြစ်ပွားခဲ့သည့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် မပေါက်ကွဲသေးသည့်လက်နက်ခဲယမ်းများပို၍များလာသည့်အပြင် SAC နှင့် ၎င်းတို့ပူးပေါင်းတပ်ဖွဲ့များမှ မြေမြှုပ်မိုင်းဆက်လက်အသုံးပြုခြင်းတို့ကြောင့် ရွာသားများလည်း ရွာထဲတွင်ပို၍သတိ ထားနေထိုင်ခဲ့ရသည်။ ဒေသအတွင်း တိုက်ပွဲများတစ်ဖန်ဖြစ်ပွားလာမည်ကို ရွာသားများက စိုးရိမ်ကြောက်ရွံ့ နေကြရသည်။

ဤသတင်းအကျဉ်းချုပ်တွင် တစ်လတာကာလအတွင်း ကရင်ပြည်နယ်ရှိ ခရိုင် (၇)ခုအနက်မှ တစ်ခုတွင်းသာ မြန်မာ စစ်တပ်မှ ထိုးစစ်ဆင်မှုများ တိုးမြင့်လာသည့်အခြေအနေကိုသာ ရေးသားဖော်ပြထားသော်လည်း မြန်မာပြည်အရှေ့ တောင်ပိုင်းတွင် ရွာသားများ လက်ရှိကြုံတွေ့နေရသည့်ဖိနှိပ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ခြုံငုံပြီးသုံးသပ် လေ့လာ၍ရနိုင်ပါသည်။ SAC နှင့် ၎င်းတို့ပူးပေါင်းတပ်ဖွဲ့များသည် အရပ်သားများနှင့် အရပ်ဖက်ဒေသများကို ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်ခြင်းသည် နိုင်ငံတကာဥပဒေအား ချိုးဖောက်နေသည်ကို ရှင်းလင်းစွာ တွေ့မြင်နိုင်ပါသည်။ ဘီးလင်းမြို့နယ်၊ လေးကေဒေသအတွင်း ဤသတင်းအကျဉ်းချုပ်တွင် ဖော်ပြထားသည့်ကျေးရွာ များအနီးတစ်ဝိုက်တွင် စစ်ဖက်ဆိုင်ရာပစ်မှတ်များ မတွေ့ရှိရပါ။ ဤတိုက်ပွဲများကြားတွင် သားကောင်ဖြစ်ခဲ့ရ သည့်ရွာသားများသည် ၎င်းတို့ရွာမှ အဓမ္မပြောင်းရွှေ့ခံခဲ့ရသည်။ ရွာတွင်ပြန်လာပြီး မိမိတို့၏ပစ္စည်းဥစ္စာများကို ပြန်လာကြည့်သည့်ရွာသားများသည် မိမိပိုင်ဆိုင်မှုများ ပျက်စီးနေကြောင်း သို့မဟုတ် ခိုးယူခံခဲ့ရကြောင်း တွေ့ရှိရ သည်။ ရွာသားများ၏အိမ်များလည်း မီးလောင်ပျက်စီးခဲ့သည်။  ရွာသားများသည် စစ်တပ်မှ ၎င်းတို့အား ပစ်မှတ်ထား ၍ တိုက်ခိုက်လာမည်ကို အမြဲတမ်းလိုလိုကြောက်ရွံ့နေကြပြီး ၎င်းတို့၏ရွာကိုလာရောက်နေထိုင်သည့် SAC စစ်သား များအတွက် အကာအကွယ်အဖြစ်သော်လည်းကောင်း၊ တပ်လှုပ်ရှားမှုများတွင် လူသားဒိုင်းများအဖြစ် အသုံးပြုခိုင်း စေခံရမှုတို့ကြောင့် မိမိတို့၏အသက်လုံခြုံရေးသည် အန္တရာယ်များသည့်အခြေအနေအောက်တွင် ရှိနေပါသည်။

ထို့ကြောင့် ဤကဲ့သို့လူ့အခွင့်အရေးချိုးဖောက်မှုများအား ကျူးလွန်နေသူများကို ၎င်းတို့လုပ်ရပ်အတွက် တာဝန်ခံ မှုရှိစေရန်အတွက် အရေးတကြီး ဆောင်ရွက်ရန်လိုအပ်ပါသည်။ ယခုလက်ရှိဖြစ်ပေါ်နေသည့် လူသားချင်းစာနာ ထောက်ထားမှုပြဿနာများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၏အဓိကတရားခံမှာ SAC ဖြစ်ကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းမှလည်း အသိအမှတ်ပြုရမည်ဖြစ်ပြီး SAC မှ အရပ်သားများအပေါ် ဆက်လက်၍ အကြမ်းဖက် တိုက်ခိုက်ခြင်းများကို အတတ်နိုင်ဆုံးကြိုးစား၍ ရပ်တန့်ရမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဒေသတွင်းဝန်ဆောင်မှုပေးနေသူများနှင့် အရပ်ဖက်အဖွဲ့အစည်းများ (CSO)နှင့် CBO များကို ငွေကြေးထောက်ပံ့မှုများ တိုက်ရိုက်ပေးခြင်းဖြင့် အိမ်ယာနှင့်အသက်မွေးဝမ်းကျောင်းဆုံးရှုံးခဲ့ရသည့်ရွာသားများအား ကူညီပေးရမည်ဖြစ် သည်။ ဒေသခံလူမှုအဖွဲ့အစည်းများကို ငွေကြေးထောက်ပံ့မှုပို၍ပေးနိုင်ခြင်းသည် ပြင်ပပံ့ပိုးမှု အကန့်အသတ်များ စွာရှိသည့် ထိုင်း-မြန်မာနယ်စပ်နှင့် အလှမ်းဝေးကွာသော ခရိုင်ဒေသများသို့ အထောက်အပံ့များ ပိုမိုရောက်ရှိနိုင် ကြောင်း လေ့လာသုံးသပ်၍ရပါသည်။

Fri, 23 Dec 2022

Footnotes: 

[1] ဤသတင်းအချက်အလက်ကို ၂၀၂၂ခုနှစ်၊ ဧပြီလ ၂၀ရက်နေ့တွင် KNU Doo Tha Htoo News မှ ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ခဲ့သော KNU Doo Tha Htoo News facebook page တွင် ကြည့်ပါ။

[3] ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ၁၉၉၈ခုနှစ်၊ ဇူလှိုင်လ ၂၂ရက်နေ့တွင် ထုတ်ပြန်ခဲ့သော “Guiding Principles on Internal Displacement” တွင် ကြည့်ပါ။

[4] ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) မှ ၂၀၀၇ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထုတ်ဝေသော “The Paris Principles. Principles and Guidelines on Children Associated With Armed Forces or Armed Groupsတွင် ကြည့်ပါ။

[5] KHRG မှ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလတွင်ထုတ်ဝေသော “တိတ်တဆိတ်ခံစားခြင်းလော - မြန်မာပြည်အရှေ့တောင်ပိုင်းရှိ လိင်ပိုင်းဆိုင်ရာ ခံစားနေရသည့်အမျိုးသမီးများ” နှင့် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ဝေသော “Undeniable: War crimes, crimes against humanity and 30 years of villagers’ testimonies in rural Southeast Burmaတွင် ကြည့်ပါ။

Related Readings