ဘီးလင်းက စစ်ရှောင်ကလေးငယ်တွေ ဆေးဝါးကုသခွင့်မရဘဲ ဝမ်းလျှောတာနဲ့ အော့အန်တာတွေကို ခံစားနေရ ဘီးလင်း၊ မေ ၂၀

Thu, 19 May 2022

    

 

ကေအဲန်ယူထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ်ထဲက ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ကလေးငယ်တွေဟာ ဆေးဝါးကုသခွင့် မရရှိကြဘဲ ဝမ်းလျှောတာနဲ့ အော့အန်တာတွေကို ခံစားနေရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ထုတ်ပြန်ပါတယ်။

တပ်မဟာ ၁ နယ်မြေ ဘီးလင်းမြို့နယ် ကျောက်ဖျာကျေးရွာ ဘုန်းကြီးကျောင်းအနီးမှာ ပြီးခဲ့တဲ့ မေ ၇ ရက်နေ့က KNDO တပ်ရင်း(၂)နဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ် BGF တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီ BGF ဘက်က လက်နက်ကြီးနဲ့ ကျေးရွာအနီးဝန်းကျင်မှာ ရမ်းသမ်းပစ်ခတ်သွားခဲ့တာပါ။

တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် ကျောက်ဖျာရွာသားအများစုဟာ တောထဲမှာထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ရွာသားတချို့ကတော့ အကြောက်တရားတွေနဲ့ ရွာအတွင်းမှာ ဆက်လက်နေထိုင်ရတယ်လို့ KHRG က ထုတ်ပြန်ထားပါတယ်။

အဲဒီထဲ စစ်ရှောင်ကလေးငယ်တွေမှာ ဝမ်းလျှောတာနဲ့ အော့အန်တာတွေကို ခံစားနေရပြီး ဆေးဝါးကုသမှုမရရှိကြဘဲ ဒေသခံရွာသားတွေကတော့ ဆေးဘက်ဆိုင်ရာအထောက်အပံ့တွေ တောင်းခံပေမယ့် အခုအချိန်ထိ ဆေးဘက်ဆိုင်ရာအကူအညီတွေ မရရှိသေးဘူးလို့ KHRG က ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီ BGF တပ်တွေက ကျောက်ဖျာကျေးရွာသား ၂၂ ဦးကို လူသားဒိုင်းနဲ့ပေါ်တာအဖြစ် အသုံးပြုဖို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အဲ့ဒီရွာသားတွေထဲမှာ ကလေးလေးဦးပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လတ်တလောမှာ စစ်ဘေးရှောင်တွေအတွက် အမိုးအကာ၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာအကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ KHRG တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဘီးလင်းမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီရဲ့ လေးကေနဲ့ဝင်းတာပန်စခန်းနှစ်ခုကို ပြန်လည်ဆုတ်ခွာပေးဖို့ KNDO က ပြီးခဲ့တဲ့ ဧပြီနောက်ဆုံးအပတ်မှ သတိစားထုတ်ပြန်ပြီးနောက်ပိုင်း ဘီးလင်းမြို့နယ်အတွင်းမှာ စစ်ရေးပြင်းထန်လာခဲ့ပြီး တိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူဦးရေဟာလည်း ၁၀၀၀၀ ကျော်အထိရှိလာခဲ့တယ်လို့ ဒေသတွင်းလူမှုအဖွဲ့အစည်းထံကနေ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ BGF တပ်တွေဟာ ဖားအံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်ထဲက ဒေသခံရွာသား ၉၀ ကျော်ကို ဖမ်းဆီးထားပြီး တပတ်ကျော်ကြာတဲ့အထိ ပြန်မလွှတ်သေးဘဲ လေးကေစခန်းထဲမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

Related Readings