၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းသည့်အချိန်မှစ၍ မြန်မာနိုင်ငံအတွင်း ရှိလုံခြုံရေးနှင့် လူ့အခွင့်အရေးအခြေအနေမှာ ဆိုးရွားစွာယိုယွင်း ပျက်စီးလာပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီ လို အပ်ချက်များအား လုံလောက်သည့်ဖြေရှင်းပေးမှုများ မရှိခဲ့ပေ။ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ပြည်သူအများစုမှာပဋိပက္ခဖြစ်ပွား သည့်နေရာဒေသများတွင် နေထိုင်ကြပြီး အဓမ္မရွှေ့ပြောင်းနေထိုင်မှုများ၊ စားနပ်ရိက္ခာမဖူလုံမှုများနှင့် ဆိုးရွားသည့်ကျန်းမာရေးနှင့် လုံခြုံရေးအခြေအနေများအား အဆက်မပြတ်ရင်ဆိုင်ရလျက်ရှိသည်။ လူပေါင်းမြောက်များစွာသည် ထိုင်းနယ်စပ်သို့ ခိုလှုံခွင့်ရရှိ ရန်အတွက် ထွက်ပြေးလာကြပြီး အများစုမှာ ထိုင်းနိုင်ငံအတွင်း သို့ နိုင်ငံတကာသဘောတူညီစာချုပ်များအတိုင်း ဝင်ရောက်ခိုလှုံ ခွင့် သို့မဟုတ် အကာအကွယ်မရရှိကြပေ။ ရလဒ်အနေဖြင့် ပြည်သူများသည် မိမိတို့နိုင်ငံနယ်နိမိတ်အတွင်း၌သာ ဆက်လက်နေ ထိုင်ရန် အဓမ္မဖိအားပေးခံရသည်။ ထို့ကြောင့် ပြည်သူများသည် လက်နက်ကိုင်တိုက်ပွဲများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် အခြား သောအကြမ်းဖက်မှုပုံစံများကို ကြုံတွေ့ရပါသည်။ ထို့အပြင် စစ်ကောင်စီ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား ကန့်သတ်ခြင်းနှင့် အသက်အန္တရာယ်ခြိမ်း ခြောက်မှုများကိုပါ ခံစားခဲ့ကြရသည်။

အကူအညီများအား လက်လှမ်းမမီရခြင်း၏အဓိကအကြောင်းရင်းမှာ စစ်ကောင်စီမှအကူအညီပေးရန်ငြင်းဆန်ခြင်းအပါအဝင် ပြည်သူများမှအကာအကွယ်ရရှိရန် နိုင်ငံတကာနယ်စပ် ဒေသများသို့ ဖြတ်ကျော်ခွင့်ရရန်အတွက် အဟန့်အတားများရှိနေခြင်းကြောင့်သာ ဖြစ်ပါသည်။ ထိုအဟန့်အတားများ ထဲတွင် အဓမ္မနေရပ်ပြန်လည်ပို့ဆောင်ခြင်းလည်း ပါဝင်ပါသည်။ ထို့ကြောင့် လက်ရှိလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကြပ်အတည်းများအားဖြေရှင်းနိုင်ရန်အတွက် စစ်ကောင်စီနှင့်အိမ်နီးချင်းနိုင်ငံများမှ အစိုးရများအနေဖြင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာသဘောတူစာချုပ်များအောက်ရှိ ၎င်းတို့၏ တာဝန်ဝတ္တရားများကို လေးစားလိုက်နာရန်လိုအပ်သည်။ သို့သော်လည်း နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာသဘောတူစာချုပ်များအား စစ်ကောင်စီနှင့်အိမ်နီးချင်းနိုင်ငံအစိုးရများမှ လေးစားလိုက် နာရန် ဆက်လက်လျစ်လျူရှုနေသောကြောင့် လက်ရှိအခြေအနေအတွက် လက်တွေ့ကျသောဖြေရှင်းချက်ရရှိရန် ချက်ချင်းလိုအပ်နေပါသည်။ ကူညီထောက်ပံ့မှုများနှင့် အကာအကွယ်များရရှိရန်အတွက် အဓိကလမ်းကြောင်းများအား လက်လှမ်း မှီရန်လိုအပ်ပါသည်။ ဒေသများအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နှင့်နေပြီးဖြစ်သောအစုအဖွဲ့များအပေါ် လုံးဝမှီခိုနိုင်ရန်နှင့် ငွေကြေးထောက်ပံ့မှုပေးရာတွင်လည်း ထိုသူများပိုမိုပါဝင်လာနိုင်မည့်လမ်းကြောင်းအသစ်များအား ဖော်ထုတ်ရန်အတွက် မြေပြင်အခြေအနေအား ပိုမိုကောင်းမွန်စွာနားလည်ရန် အမှန်တကယ်လိုအပ်သည်။

ဤအစီရင်ခံစာတွင် ကရင်ပြည်နယ်၏ မြေပြင်အခြေအနေအပါအဝင် ရွာသားများနှင့် လူမှုအသိုက်အဝန်းမှ လိုအပ်ချက်များအား ဖော်ပြထားပါသည်။ ထို့အပြင် ၎င်းတို့အား ကူညီထောက်ပံ့မှုများအားပေးရန် ကြိုးပမ်းနေသည့်အဖွဲ့အစည်းများ၏ အားထုတ်မှုများနှင့် ကြုံတွေ့နေရသည့်စိန်ခေါ်မှုများကိုပါ ထည့်သွင်းဖော်ပြထားသည်။ ထို့နည်းတူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွင် ပါဝင်လုပ်ဆောင်သူများအနေဖြင့် အကူအညီများပေးနိုင်မည့်နည်းလမ်းများအား မည်ကဲ့သို့ အကောင်အထည်ဖော်နိုင်သည်ကို ကောင်းမွန်စွာအကဲဖြတ်နိုင်ရန်အတွက် လက်ရှိအကူအညီပေးသည့်အဖွဲ့အစည်းများမှ ၎င်း၏ပစ်မှတ်ထားသည့် အကူအညီလက်ခံရရှိသူများထံ ထိရောက်စွာရောက်ရှိမှုအပေါ် ဟန့်တားထားသည့် အဓိကထောက်ပံ့ပို့ဆောင်ရေးနှင့် လုံခြုံရေးဆိုင်ရာ အတားအဆီးများကိုလည်း လေ့လာသုံးသပ်ထားပါသည်။ ဤအစီရင်ခံစာတွင် ဒေသခံအဖွဲ့အစည်းများ၏  ကြိုးပမ်းအားထုတ်မှုများနှင့် ပဏာမခြေလှမ်းများသည် လှစ်ဟာမှုများအား မည်သို့ဖြည့်ဆည်းပေးနေသည်ကို ထည့်သွင်းဖော်ပြထားပါသည်။ ထို့အပြင် ဒေသခံအဖွဲ့အစည်းများလုပ်ဆောင်နေသည့်လမ်းကြောင်းများကို အသိအမှတ်ပြုသင့်ပြီး ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုများသည် လက်ရှိလိုအပ်ချက်များဖြေရှင်းရာတွင်သာမက ရေရှည်တွင် ပိုမိုရေရှည်တည်တံ့သောယန္တရားများကို ပံ့ပိုးပေးခြင်းဖြင့် ပိုမိုထိရောက်သောနည်းလမ်းများပါ  မီးမောင်းထိုးပြထားပါသည်။

အစီရင်ခံစာရေးသားပြုစုံပုံနည်းစနစ်

ဤအစီရင်ခံစာသည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းမှု ၂၄ ခုကို အခြေခံထားသည်။ ထို့အပြင် တွေ့ဆုံမေးမြန်းမှုခြောက်ခုမှာ စစ်အာဏာသိမ်းပြီးသည့်အချိန်မှစ၍ ဒေသတွင်းရှိ CBOs/CSOs  များမှ အဖွဲ့ဝင်များလုပ်ဆောင်လျက်ရှိသည့်လုပ်ငန်းများ၊ အရေးပေါ်အကူအညီများနှင့် ဝန်ဆောင်မှုများပေးသည့်အခါ ကြုံတွေ့ရသည့်စိန်ခေါ်မှုများကို မေးမြန်းခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ ခရိုင်အတော်များများတွင် တိုက်ခိုက်မှုများနှင့် လက်နက်ကိုင်တိုက်ပွဲများ ပိုမိုဖြစ်ပွားခဲ့ပါသည်။ အထူးသဖြင့် ထိုင်းမြန်မာ-နယ်စပ်တလျှောက်ရှိ ပြည်သူများ အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ လုပ်ဆောင်သည့်အခါ ရင်ဆိုင်ကြုံတွေ့ရသည့် ဘေးအန္တရာယ်များနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ မူရင်းအချက်အလက်အစီရင်ခံစာများအား ဤအစီရင်ခံစာရေးသားရာတွင် ထည့်သွင်းတင်ပြထားသည်။

ဤအစီရင်ခံစာတွင် ဖော်ပြထားသည့်အချက်အလက်များကို KHRG လုပ်ငန်းဆောင်ရွက်ရာ ဒေသများဖြစ်သော ခရိုင်ခုနှစ်ခုအထဲမှ ခရိုင်ငါးခုဖြစ်သည့် ဒူးသထူ(သထုံ)၊ ခလယ်လွီထူ(ညောင်လေးပင်)၊ မြိတ်-ထားဝယ်၊ မူတြော်(ဖာပွန်)နှင့် ဒူးပလာယာခရိုင်  များတွင် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းမှုများနှင့် မူရင်းအစီရင်ခံစာများမှ အသုံးပြုထားခြင်းဖြစ်သည်။ စစ်အာဏာသိမ်းချိန်မှစ၍ KHRG ရရှိခဲ့သည့် အစီရင်ခံစာအမျိုးအစားနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီများပေးသည့်အခါ ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို အကဲဖြတ်ရာတွင် ဤခရိုင် (၅) ခုသည် အခြားခရိုင် (၂) ခုထက် အခြေအနေဆိုးရွားသောကြောင့် ကျွန်ုပ်တို့၏သုတေသနကို  ၎င်းခရိုင်(၅) ခုတွင်သာ  ကန့်သတ်ပြီး လုပ်ဆောင်ရခြင်းဖြစ်ပါသည်။ 

အဓိကရှာဖွေတွေ့ရှိချက်များ 

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခများ၊ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများ၊ အရပ်သားများကို လက်တုံ့ပြန်သည့်လုပ်ဆောင်ချက်များ၊ လုံခြုံရေးနှင့် အသက်အန္တရာယ်ခြိမ်းခြောက်ခြင်းအပြင် ဖမ်းဆီးခြင်းနှင့် အခြားလူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အရပ်သားများ အိုးအိမ်စွန့်ခွာထွက်ပြေးမှုများ တိုးများလာခဲ့သည်။

ထိုင်းနိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခွင့် ကန့်သတ်ချက်များကြောင့် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ စစ်ဘေးရှောင်ရွာသားအများစုသည် ပြည်တွင်းနေရပ်စွန့်ခွာနေကြရပြီး နိုင်ငံတကာအကာအကွယ်များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ မရရှိကြပေ။

ယခင်စစ်အစိုးရများမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထောက်ပံ့မှုအခြေခံအုတ်မြစ်အား ဖျက်စီးရန် အသုံးပြုခဲ့သော “ဖြတ်လေးဖြတ်” နည်းလမ်းကို ပြန်လည်အသုံးပြုသည့်အနေဖြင့် ယခုစစ်အာဏာရှင်သစ်သည် ခရီး သွားလာမှုနှင့် ကုန်ပစ္စည်းတင်ပို့မှုများအပေါ် ပြင်းထန်သည့်ကန့်သတ်ချက်များထားရှိခြင်း၊ ဆေးဝါးနှင့် အစားအ သောက်များအား သိမ်းဆည်းလုယူဖျက်ဆီးခြင်း၊ ထိုသို့ပံ့ပိုးပေးသူများအား ဖမ်းဆီးခြင်းနှင့် ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သောအရင်းအမြစ်များကို ဖြတ်တောက်ခြင်းများပြုလုပ်ခဲ့သည်။ 

စစ်ကောင်စီ၏ ပိတ်ပင်ဟန့်တားမှုများသည် ဂျီနီဗာသဘောတူစာချုပ် ပုဒ်မ(၃)နှင့် လူသားဆန်စွာဆက်ဆံခြင်းနိယာမတွင်ပါသော ပြည်သူများ၏အခွင့်အရေးအား ချိုးဖောက်လျက်ရှိသည်။ ထိုအထဲတွင် လိုအပ်သောထောက်ပံ့မှုများမရှိသည့်အတွက် လူ့ဂုဏ်သိက္ခာကို ခြိမ်းခြောက်နိုင်သည့်အခြေအနေအထိ ပြည်သူများအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခြင်းမလုပ်ရန် စည်းမျဉ်းစည်းကမ်းများပါဝင်သည်။ 
ဆေးဝါးကုသခွင့် လက်လှမ်းမမီနိုင်မှု၊ စားနပ်ရိက္ခာပြတ်လပ်မှုနှင့် သေဆုံးမှုများအပြင် ပြေးစရာနေရာ မရှိသောကြောင့်  ပြင်းထန်သောပဋိပက္ခဖြစ်ပွားရာနေရာများနှင့် လုံခြုံမှုမရှိသောဒေသများတွင် ဆက်လက်နေထိုင်ရန် ဆုံးဖြတ်ချက်ချခြင်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြပ်အတည်းကို ညွှန်ပြနေပါသည်။

အစားထိုးကျန်းမာရေးဝန်ဆောင်မှုများအား ရှာဖွေဖော်ထုတ်ရန် ဒေသခံအဖွဲ့အစည်းများ၏ ကျွမ်းကျင်မှုများကို ရေးဆွဲခြင်းဖြင့် ရွာသားများအချင်းချင်း ပံ့ပိုးကူညီနိုင်ကြသည်။ ထို့နည်းအတူ ရွှေ့ပြောင်းနေထိုင်သည့်အချိန်၌ပင် စစ်ဘေးရှောင်ကလေးများအတွက် စာသင်ကျောင်းများ ဆက်လက်လည်ပတ်နိုင်ခြင်းနှင့် လိုအပ်နေသောအကူအညီများပေး အပ်နိုင်ခြင်းတွင် ဒေသတွင်းရပ်ရွာလူထု၏ အခြေခံကွန်ရက်များ ထိရောက်မှုရှိကြောင်းကို ပြသနေပါသည်။

ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများနှင့် လူထုအခြေပြုအဖွဲ့အစည်းများ (CBOs/CSOs) ၊ တိုင်းရင်းသားဝန်ဆောင်မှုပေးသူများနှင့် ဘာသာရေးအဖွဲ့အစည်းများအားလုံးသည် ဒေသနှင့်ပတ်သက်၍ အသိပညာနှင့် အတွေ့အကြုံများရှိကြပြီး ပြောင်းရွှေ့နေထိုင်သောရွာသားများအတွက် လူသားချင်းစာနာထောက်ထားမှုနှင့် အရေးပေါ်အထောက်အပံ့များပေးအပ်ရာတွင် အဓိကလုပ်ဆောင်သူများဖြစ်ကြသည်။ နိုင်ငံတကာအလှူရှင်များနှင့် လူသားချင်းစာနာထောက် ထားမှုအဖွဲ့အစည်းများအနေဖြင့် ၎င်းတို့ကိုယ်တိုင်ကိုယ်ကျ ထောက်ပံ့မှုပစ္စည်းများ ပေးအပ်နိုင်ခြင်းမရှိသော်လည်း ထိုဒေသခံအဖွဲ့အစည်းများအား လုံလောက်သောအထောက်အပံ့များပေးရန် ပျက်ကွက်ခဲ့သည်။ 

အခန်းများ၏ ခြုံငုံသုံးသပ်ချက်
အခန်း (၁) အကာအကွယ်ပေးမှုနှင့်ပတ်သက်သောစိန်ခေါ်မှုများ

  • ဒေသတွင်းရှိ အရင်းအမြစ်များမှရရှိလာသည့်အချက်အလက်များအား ပြန်လည်သုံးသပ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော် ဝါရီလ စစ်အာဏာသိမ်းပြီးချိန်မှစ၍ ကရင်ပြည်နယ်တွင် ထွက်ပြေးတိမ်းရှောင်သူဦးရေ ၁၇၀,၀၀၀ ကျော် ရှိသည်ဟု KHRG က ခန့်မှန်းထားသည်။ 
  • ထိုင်းအစိုးရသည် နယ်စပ်ဖြတ်ကျော်၍ ထိုင်းနိုင်ငံအတွင်းသို့ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား အကူအညီပေးရန်နှင့် စောင့်ရှောက်ပေးမည်ဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့သည်။ ၎င်းအနေဖြင့် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအားပေးပို့ရာတွင် ပံ့ပိုးကူညီပေးရန် အဆင်သင့်ရှိကြောင်းလည်း ပြောခဲ့သည်။ တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံအတွင်းသို့ဝင်ရောက်လာခဲ့သော ရွာသားများက ၎င်းတို့အား ထိုင်းစစ်သားများမှ  “သေနတ်သံမကြားရဘူး။ တိုက်ပွဲမဖြစ်သေးလို့ ခင်ဗျားတို့လာလို့မရသေးဘူး။” ဟု ပြော၍ မြန်မာနိုင်ငံသို့ ပြန်လွှတ်ခဲ့ကြောင်း KHRG သို့ တင်ပြခဲ့သည်။
  • ထိုင်းနိုင်ငံအတွင်းသို့ ဖြတ်ကျော်ရန်ခက်ခဲသဖြင့် မြန်မာနိုင်ငံဘက်ခြမ်းရှိ သောင်ရင်းမြစ်တစ်လျှောက်တွင် စစ်ရှောင်စခန်းများကို ဒေသခံဘာသာရေးအဖွဲ့အစည်းများ၊ ကရင်အမျိုးသားအစည်းအရုံးတို့နှင့်အတူ များသောအားဖြင့် ကရင်လူမျိုးများဦးဆောင်သည့်အဖွဲ့အစည်းများ၊ နယ်စပ်အခြေစိုက် CBOs/CSOs  ၏အားထုတ်မှုဖြင့် ဆောက်လုပ်ခဲ့ကြသည်။ ဤဒေသခံတာဝန်ရှိအဖွဲ့များသည် ထိုနေရာတွင် ခိုလှုံခွင့်တောင်းခံသည့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူ(IDPs)များအား ၎င်းတို့၏ပူးပေါင်းလုပ်ငန်းဆောင်ရွက်မှုများနှင့်အတူ အနိမ့်ဆုံးသတ်မှတ်ချက်အထိ ဝန်ဆောင်မှုများရရှိစေရန်အပြင် အကျိုးသက်ရောက်မှုများရှိစေရန်အတွက် ထိုစစ်ရှောင်စခန်းများကို တရားဝင်ဖြစ်စေရန် လုပ်ဆောင်ခဲ့ကြသည်။ 
  • ဒေသတွင်း CBO/CSO များအနေဖြင့် စစ်ပြေးရှောင်စခန်းတွင်နေထိုင်သော IDP များအား ပိုမိုကောင်းမွန်သည့် အကာ အကွယ်ပေးနိုင်ရန်နှင့်  ဒေသတွင်းအာဏာပိုင်နှင့် စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများမှ နှောင့်ယှက်ခြင်းမရှိပဲ လုပ်ငန်းများဆောင်ရွက်နိုင်ရန် ကြိုးပမ်းကြသည်။ သို့သော် ငွေကြေးထောက်ပံ့မှု ဆက်လက်ရရှိနိုင်ရန်အတွက် ၎င်းတို့တွင်ရှိသော ဘဏ္ဍာငွေအရင်းအမြစ်များအပေါ်တွင်သာမှီခိုပြီး စစ်ပြေးရှောင်များအား ကူညီပံ့ပိုးနေကြရသည်။
  • ဒူးပလာယာခရိုင်အတွင်းရှိ သူးမွဲ(သောင်းရင်း)မြစ်ကမ်းအနီးနှင့် မြစ်ကမ်းတစ်လျှောက်ရှိ စစ်ပြေးရှောင်စခန်းများတွင်နေထိုင်ကြသောလူဦးရေမှာ ဇန်နဝါရီလတွင် ၄,၀၀၀ ဝန်းကျင်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ၁၁,၄၀၀ အထိ တိုးမြှင့်လာခဲ့သည့်အလျောက် စခန်းအရေအတွက်မှာလည်း ငါးခုမှရှစ်ခုအထိ တိုးမြှင့်လာပါသည်။
  • ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူ အများစုမှာ လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့များ လုံလောက်စွာမရရှိကြပေ။ DP များသည် များသောအားဖြင့် အစားအစာ၊ အဝတ်အစား၊ အိပ်ယာ၊ အိုးခွက်များနှင့် အခြားအခြေခံလိုအပ်ချက်များကို ၎င်းတို့နှင့်အတူ သယ်ယူလာနိုင်ခြင်းမရှိပါ။ IDP များသည် အနီးအနားပတ်ဝန်းကျင်ရှိ သစ်တောထဲတွင်သော်လည်းကောင်း ကျောက်ဂူများထဲတွင်သော်လည်းကောင်း မြစ်ကမ်းဘေးတစ်လျှောက်တွင်သော်လည်း ကောင်း ပျံ့နှံ့စွာပုန်းအောင်းနေထိုင်ကြသည်။ တစ်ချို့မှာ ဆွေမျိုးသားချင်း သို့မဟုတ် မိတ်ဆွေများရှိသော အခြားကျေးရွာများတွင် နေထိုင်ကြသည်။ ထို့ကြောင့် ၎င်းတို့၏အိမ်ထောင်စုများနှင့် တစ်ဦးချင်းစီအားနောက်ကြောင်းလိုက်ရန်နှင့်မှတ်တမ်းယူရန် ခက်ခဲပါသည်။

သို့သော် ကျေးလက်ဒေသများသို့ပို့ဆောင်မည့် ထိုထောက်ပံ့ရေးပစ္စည်းများအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံသို့ပေးအပ်ရန်ရည်ရွယ်ခြင်း သို့မဟုတ် ပေးပို့မည်ကိုစိုးရိမ်သဖြင့် စစ်ကောင်စီတပ်ဖွဲ့သည် လူသားချင်းစာနာထောက် ထားမှုပစ္စည်းများအပါအဝင် ကုန်ပစ္စည်းများတင်ပို့ခြင်းကို တင်းကြပ်စွာကန့်သတ်ထားသည်။ ထို့အတွက်ကြောင့် ထိုင်းနိုင်ငံမှ အရေးပေါ်ကယ်ဆယ်ရေးအထောက်အပံ့များကိုသယ်ပို့ရန် ခက်ခဲသည်သာမက မြန်မာနိုင်ငံအတွင်း ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ခြင်းမှာလည်း အထူးစောင့်ကြည့်ကန့်သတ်ခြင်း ခံနေရလျက်ရှိသည်။  ဤကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းအား ကန့်သတ်ခြင်းက IDP များထံ လူသားချင်းစာနာထောက်ထားမှု ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ခြင်းအပေါ်၌သာ သက်ရောက်သည်မဟုတ်ပဲ ကျေးလက်ဒေသရှိ ရွာသားအားလုံးအတွက် လိုအပ်သောစားဝတ်နေရေးနှင့် ကျန်းမာရေးအပေါ်တွင်ပါ သက်ရောက်မှုရှိသည်။

အခန်း (၂) အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ 

ရွာသားများနှင့် IDP များသည် ၎င်းတို့၏ စားဝတ်နေရေးလိုအပ်ချက်အားပြည့်မီစေရန် ရုန်းကန်ရလျက်ရှိပြီး အများစုမှာ အစားအစာနှင့် အခြားလိုအပ်သောပစ္စည်းများ ပြတ်လပ်ခြင်းကိုကြုံတွေ့ရပါသည်။ ထို့အပြင် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များကိုလည်း လက်လှမ်းမီနိုင်ခြင်းမရှိပေ။

  • ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးသည့် အချိန်မှစ၍ တိုက်ပွဲများ၊ စစ်ကောင်စီတပ်ဖွဲ့များ၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများအပါ အဝင် စစ်ဘက်ဆိုင်ရာလုပ်ဆောင်မှုများဖြစ်သည့် စစ်ဆေးရေးဂိတ်များ၊ ကင်းလှည့်ခြင်းနှင့် စစ်ရေးလှုပ်ရှားမှုများသည် ရွာသားအများစုအား နေရပ်ရွှေ့ပြောင်းမှုပြုရသည့်အခြေအ နေသို့ တွန်းပို့စေပါသည်။ ရွာသားများအနေနှင့် မကြာခဏဆိုသလို အစားအစာနှင့် ပစ္စည်းအ နည်းငယ်ဖြင့်သာ ထွက်ပြေးခဲ့ရပြီး နေရာထိုင် ခင်းနှင့် သောက်သုံးရေရရှိရန် အခက်အခဲကြုံရလေ့ရှိသည်။
  • ထွက်ပြေးတိမ်းရှောင်မှုအား ကြုံတွေ့ရသည့် ရွာသားများသည် ရွှေ့ပြောင်းနေထိုင်စဉ်အချိန်တွင် ၎င်းတို့ကျေးရွာရှိ နေအိမ်များအား စစ်ကောင်စီမှ ဝင်ရောက်လုယှက်ခိုးယူနှင့်၊ ဖျက်စီးခြင်းများကို ကြုံတွေ့နိုင်ချေများသည်။ 
  • ခရီးသွားလာမှု ကန့်သတ်ခြင်းများကြောင့် စားဝတ်နေရေးအတွက် စိန်ခေါ်မှုများ၊ အစားအ သောက်မလုံလောက်မှုနဲ့ ဒေသအတွင်းကုန် ဈေးနှုန်းများလည်း မြင့်တက်လာသည်။ ဒီနှစ်က မနှစ်ကထက် ဈေးသုံးဆလောက်တက်သွားတယ်။

“အားလုံးက စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ကျွန်တော်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့တွေ ခရီးသွားလာလို့မရတော့ ဘာအလုပ်မှလုပ်လို့မရဘူး။ […] ရွာသား တွေက သူတို့သိမ်းထားတဲ့ စားစရာတွေကိုပဲ စားကြရတယ်။ သူတို့က စားစရာတွေကို မနှစ်က လမ်းမပိတ် ခင်ဝယ်ထားတယ်။ မနှစ်ကသိမ်းထားတဲ့ စားစရာအချို့ရှိသေးတယ်။ အဲ့ဒါကုန်ရင်တော့ ဘယ်လိုဆက်လုပ် ရမလဲ သူတို့မသိဘူး။ […] တချို့ရွာသားတွေအတွက် အစားအသောက်က ကုန်သွားပြီ။”  - မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စုမှ ရွာသားတစ်ဦး

  • စစ်အာဏာသိမ်းပြီးသည့်အချိန်မှစ၍ ပဋိပက္ခဒဏ်ခံရသောဒေသများမှ ရွာသားများသည် တိုက်ပွဲများနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် သီးနှံများရိတ်သိမ်းနိုင်ခြင်း၊ ၎င်းတို့၏ မွေးမြူရေးတိရိစ္ဆာန်များအား စောင့်ရှောက်နိုင်ခြင်းမရှိပေ။ လမ်းမကြီးဘေးတွင်ရှိသောလယ်ကွက်များ၌ စစ်သားများလမ်းကင်းယူခြင်း သို့မဟုတ် ၎င်းတို့၏တပ်စခန်းများကြား သွားလာသည့်အပြင် လက်နက်ကြီးဖြင့်ရန်းသမ်းပစ်ခတ်မှုများကြောင့် ရွာသားများအတွက် လုံခြုံရေးအန္တရာယ် ပိုကြုံရနိုင်သည်။ စစ်အာဏာသိမ်းပြီးချိန်မှစ၍ စိုက်ခင်းများတွင်လုပ်ကိုင်နေသော ရွာသားများပစ်ခတ်ခံရခြင်း၊ သို့မဟုတ် ပစ်ခတ်ခံရသည့်အတွက် သေဆုံးခြင်းများနှင့်ပတ်သက်၍ အစီရင်ခံစာများကို KHRG မှ လက်ခံရရှိခဲ့သည်။
  • ရွာသားများအနေဖြင့် အစားအသောက်အပါအဝင် ကုန်ပစ္စည်းများသယ်ယူပါက စစ်ကောင်စီစစ်သားများ၏ စစ်ဆေးမေးမြန်းခြင်းကိုခံရသည်။  စစ်ကောင်စီမှ ရွာသားများအားစစ်ဆေးပြီးနောက် ၎င်းတို့၏ကုန်ပစ္စည်းများကို သိမ်းယူဖျက်စီးပြီး ဒဏ်ငွေပေးဆောင်ခိုင်းသည်ကိုပါ ရွာသားများမှထပ်လောင်းပြောဆိုခဲ့သည်။
  • စစ်အာဏာသိမ်းပြီးနောက် ခရီးသွားလာမှုကန့်သတ်ခြင်းများနှင့်လုံခြုံရေးအန္တရာယ်မြင့်မားခြင်းတို့သည် အဖွဲ့အစည်းအများစုအား လူမှုအသိုက်အဝန်းဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ဆောင်နိုင်မှုကိုရပ်တန့်ခဲ့ပြီး လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီပေးနေသောအဖွဲ့များအား အကူအညီလိုအပ်နေသည့်လူမှုအသိုက်အဝန်းထံ သွားရောက်ခွင့်မရစေရန် ဟန့်တားထားပါသည်။ ရွာသားများနှင့် IDP များသည် ဒေသတွင်းအဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လူမှုအသိုက်အဝန်းများမှ ကန့်သတ်ချက်ဖြင့်ပံ့ပိုးပေးသည့် အကူအညီများအပေါ်တွင်သာ မှီခိုကြရသည်။ IDP များအနေဖြင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ ရရှိသည့်အခါတွင်လည်း ၎င်းတို့အများစုလိုအပ်သည့်အရာများနှင့် ကိုက်ညီမှုမရှိပေ။

 

အခန်း (၃) ကျန်းမာရေးစောင့်ရှောက်မှု 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးသည့်အချိန်မှစ၍ မြန်မာနိုင်ငံတဝှမ်းလုံးရှိ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ ဆိုးရွားလာလျက်ရှိသော်လည်း ခရိုင်များတွင်ကူညီထောက်ပံ့သည့်ဝန်ဆောင်မှုများအား ကြီးမားစွာဖြတ်တောက်လိုက်သည့် အတွက် တိုင်းရင်းသားကျေးလက်ဒေသများရှိ ကျေးရွာများ၏ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေမှာ ပိုမိုဆိုးရွားလာသည်။ 

  • စစ်ကောင်စီသည် ဆေးဝါးပစ္စည်းများသယ်ယူပို့ဆောင်ခြင်းအား ပြင်းထန်စွာကန့်သတ်ထားပြီး စစ်ဘက်ဆိုင်ရာ စစ်ဆေးရေးဂိတ်များကိုလည်း တိုးမြှင့်ချထားခဲ့သည်။ သို့သော် ရွာသားများအနေဖြင့် ဆေးဝါးနှင့်ဆေးပစ္စည်းများအား ၎င်းတို့၏ကျေးရွာသို့သယ်ဆောင်လာသည့်အချိန်တွင် မြို့အနီးရှိစစ်ဆေးရေးဂိတ်များတွင် သိမ်းယူခြင်းခံရကြောင်း တင်ပြခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့မှဆေးပစ္စည်းများ သယ်ယူပို့ဆောင်သည့်အချိန်တွင် လျို့ဝှက်စွာသယ် ယူပို့ဆောင်ကြရသည်။
  • ကျန်းမာရေးဝန်ထမ်းများကိုယ်တိုင် စစ်ကောင်စီ၏ အဓိကပစ်မှတ်များဖြစ်လာသည့်အတွက် ကျန်းမာရေးစောင့် ရှောက်မှုအနည်းငယ်သာရရှိထားသောဒေသများဖြစ်သည့် ကျေးလက်ဒေသများတွင် လှုပ်ရှားမှုများလျော့နည်းလာသည်။ IDP များအနေဖြင့် ထွက်ပြေးတိမ်းရှောင်နေရသည့်အချိန်မှစ၍ ၎င်းတို့အကြားတွင် ကျန်းမာရေးဝန်ထမ်းများမရှိပါက ကျန်းမာရေးစောင့်ရှောက်မှုများမရရှိနိုင်ကြောင်း မကြာခဏဆိုသလိုပင် ဖော်ပြတတ်ကြသည်။
  • ထွက်ပြေးတိမ်း‌ရှောင်နေရသူများတွက် ကျန်းမာရေးလက်လှမ်းမီနိုင်မှုသည့်အခြေအနေအပေါ်မူတည်ပြီး အထူး သဖြင့် ရွာသားများ၏သွားလာနိုင်မှုနှင့် ၎င်းတို့နေထိုင်သည့်စခန်းများ၏ နေရာအပေါ်တွင်မူတည်သည်။ အချို့ ထွက်ပြေးတိမ်းသောရွာသားများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများအား မြန်မာနိုင်ငံအတွင်း သို့မဟုတ် ထိုင်း-မြန်မာနယ်စပ်တွင် လုပ်ငန်းဆောင်ရွက်သော လူထုအခြေပြုနယ်စပ်အဖွဲ့အစည်းများကွန်ရက်ထံမှ ရရှိကြသည်။
  • ကိစ္စရပ်အများစုတွင် IDP များအနေဖြင့် မလုံခြုံမှုများဆက်လက်ရှိနေသည့်အတွက် ၎င်းတို့ထွက်ပြေးတိမ်းရှောင်သည့်နေရာများမှ ထွက်ခွာနိုင်ခြင်းမရှိပေ။ ၎င်းတို့အနေဖြင့် ဆေးဝါးပစ္စည်းများအား  လက်လှမ်းမမီနိုင်သည့်အတွက် ရလာဒ်အနေဖြင့် ရွာသားအချို့သေဆုံးရခဲ့သည်။ 
  • ကျေးလက်ဒေသရှိ ကျေးရွာအများစုမှာ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြင်ပမှထောက်ပံ့မှုများ ဖြတ်တောက်ခြင်းခံရသည့်အတွက် ရွာသားများအနေဖြင့် ကျေးရွာအတွင်း လုံလောက်သောကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ရန် ဒေသအတွင်းတစ်ဦးနှင့်တစ်ဦး အပြန်အလှန်ကူညီပံ့ပိုးပေးလျက်ရှိသည်။ အခြားအဖွဲ့အစည်းများထံမှ ကူညီထောက်ပံ့မှုနှင့် ငွေကြေးလှူဒါန်းမှုမရှိပါက ရွာသားများအနေဖြင့် ၎င်းတို့အချင်းချင်းကြား ထောက်ပံ့နေမှုအား ရေရှည်လုပ် ဆောင်နိုင်မည်မဟုတ်ပါ။
  • ထွက်ပြေးတိမ်းရှောင်နေရသူများအနေဖြင့် ကိုဗစ်-၁၉ တတိယလှိုင်း၏သက်ရောက်မှုအား အထူးခံစားခဲ့ရသည်။ နေရာဒေသအများအပြားတွင် ရောဂါပိုးစစ်ဆေးမှုမရှိခြင်းကလည်း ရွာသားများအတွက် နေရပ်ရွှေ့ပြောင်းမှုမတိုင်မီ ရောဂါကူးစက်ခံရခြင်းရှိမရှိနှင့်ပတ်သက်၍ မသိနိုင်သည့်အတွက် လိုအပ်သောကာကွယ်မှုများ မပြုလုပ်နိုင်ခဲ့ပေ။ ကျေးလက်နေဒေသခံအနည်းငယ်သာလျင် ကာကွယ်ဆေးထိုးနှံနိုင်စွမ်းရှိကြသည့်အတွက် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမှာ ပိုမိုဆိုးရွားလာခဲ့သည်။ ရွာသားများအနေဖြင့် ၎င်းတို့အား ကာကွယ်ဆေးထိုးနှံပေးမည့် စစ်ကောင်စီအပေါ်ယုံကြည်မှုမရှိပေ။
  • စစ်အာဏာသိမ်းပြီးသည့် အချိန်မှစ၍ မိခင်နှင့်ကလေးအ တွက် ကျန်းမာရေးစောင်ရှောက်မှုများ လုံလောက်စွာ လက် လှမ်းမှီနိုင်ခြင်းမရှိပေ။ ထွက်ပြေးတိမ်းရှောင်နေရသော ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် မီးဖွားသည့်အချိန်တွင် အန္တရာယ်ရှိသောအခြေအနေများနှင့် ရင်ဆိုင်ရနိုင်သော်လည်း စစ်ဘေးရှောင်စခန်းများတွင် ကိုယ်ဝန်ဆောင်နှင့် ကလေးမီးဖွားမှုအတွက် အကူအညီပေးနိုင်သော ကျန်း မာရေးလုပ်သားများမရှိပေ။ 
  • သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများမှာ ကျေးရွာထဲတွင်နေထိုင်ခြင်းက လုံခြုံမှုမရှိသော်လည်း ၎င်းတို့အနေဖြင့်ထွက်ပြေးတိမ်းရှောင်နိုင်ခြင်းမရှိပေ။ ထွက်ပြေးတိမ်း ရှောင်နိုင်သည့် အထူးအကူအညီလိုအပ်နေသူများသည် အလွန်ပြင်းထန်ပြီး သင့်လျော်မှုမရှိသောအခြေအနေများကိုရင်ဆိုင်ကြရသည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် ပိုမိုဆိုးရွားသည့် ကျန်းမာရေးအခက်အခဲများကို ရင်ဆိုင်ရနိုင်ချေရှိသည်။

 

အခန်း (၄) ပညာရေး 

အခြေအနေအရ စိန်ခေါ်မှုများရှိနေသော်လည်း ၎င်းတို့လူမှုအသိုက်အဝန်း အတွင်းရှိကလေးငယ်များ ပညာဆက်လက်သင်ယူခွင့်ရရှိနိုင်ရန်အတွက် ရွာသားများကကြိုးစားအားထုတ်လျက်ရှိသည်။ 

  • ကျောင်းသူ/သားများမှ စစ်ကောင်စီမှဖွင့်လှစ်သည့်ကျောင်းများအား တက်ရောက်ရန်ငြင်းဆန်သဖြင့် ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန (KECD) ကျောင်းများတွင် ကျောင်းအပ်နှံမှု ပိုမိုမြင့်မားလာသည်နှင့်ပတ်သက်သော အစီရင်ခံစာအများအပြားကို KHRG မှရရှိခဲ့သည်။ အချို့သောအခြေအနေများတွင် စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်စစ်သားများက ကျောင်းဆရာများ၊ မိဘများနှင့် ကျောင်းသားများအား စစ်ကောင်စီဖွင့်လှစ်သောကျောင်းသို့ ပြန်လည်တက်ရောက်ရန် ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ပြီး ထိုသို့လုပ်ဆောင်ခြင်းက ရွာသားများအား ၎င်းတို့၏ကလေးများကို ထိုကျောင်းများသို့ပို့ဆောင်ရန်အတွက် ပို၍ပင်စိုးရိမ်ပူပန်မှုဖြစ်စေသည်။ 
  • သို့သော်လည်း ကျောင်းအပ်နှံမှုပိုမိုတိုးမြှင့်လာခြင်းက ကျောင်း၏အရင်းအမြစ်များနှင့်ပတ်သက်၍ ဝန်ထုတ်ဝန်ပိုးဖြစ်စေပါသည်။ အကြောင်းမှာ ဤသို့များပြားလှသော ကျောင်းသူ/သားများအတွက် လုံလောက်သော ကျောင်းဆရာ၊ဆရာမများမရှိခြင်း၊ လုံလောက်သည့် သင်ထောက်ကူပစ္စည်းများမရှိခြင်းနှင့် စာသင်ခန်းများမရှိခြင်းအပြင် ထပ်တိုးဖွင့်လှစ်သည့်အတန်းများအတွက် သင့်လျော်သည့်အရင်းအမြစ်မရှိခြင်းများကြောင့်ဖြစ်သည်။ 
  • လူမှုအသိုက်အဝန်းများမှလည်း ၎င်းတို့ဒေသတွင်း ကလေးသူငယ်များ၏ ပညာရေးလိုအပ်ချက်အား ဖြည့် ဆည်းနိုင်ရန်အတွက် ကိုယ်ထူကိုယ်ထကျောင်းများဖွင့်လှစ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
  • ရွာသားများအနေဖြင့် ကျောင်းများဆက်လက်ဖွင့်နိုင်ရန်အတွက် ယခုအချိန်ထိ အချင်းချင်းကူညီနိုင်သော်လည်း ဤအတိုင်းဆက်သွားပါက ဒေသအနေဖြင့် အရင်းအမြစ်များလျော့နည်းလာမည်။ သို့သော် ပြင်ပမှအကူအညီများမှာ လျော့နည်းပြီးသားဖြစ်သည်။ 
  • ထွက်ပြေးတိမ်းရှောင်နေရသော ရွာသားများနှင့် လူမှုအသိုက်အဝန်းများအနေဖြင့်  ကလေးသူငယ်များအား ပညာရေးဝန်ဆောင်မှုများ ဆက်လက်ပေးနိုင်ရန်အတွက် အကြီးမားဆုံးစိန်ခေါ်မှုများအား ကြုံတွေ့ခဲ့ရသည်။
  • အချို့ဒေသများတွင် ယခုအချိန်ထိ ကျောင်းများပိတ်ထားရသည်မှာ နှစ်နှစ်ပင်ရှိပြီဖြစ်ကြောင်း ရွာသားများက တင်ပြခဲ့သည်။
  • လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားချိန်နှင့် လုံခြုံမှုမရှိသည့်ချိန်တွင် ပညာရေးနှင့်ကျောင်းများဆက်လက်ဖွင့်လှစ်ခွင့်ရရန်အတွက် အကူအညီပေးနိုင်မည့် လူမှုထောက်ပံ့ရေးအစီအစဉ်များထားရှိလုပ်ဆောင်ရန် အလွန်ခက်ခဲပါသည်။ သို့သော် အနာဂတ်တွင် ဖယ်ကျဉ်ခံရခြင်းနှင့် လူနည်းစုတိုင်းရင်းသား၏အခွင့်အရေးများအား ငြင်းပယ်ခြင်းများကို ကာကွယ်ရန်အတွက် ထိုအစီအစဉ်များအား လုပ်ဆောင်ရန်လိုအပ်သည်။ 

 

အခန်း (၅) ဒေသတွင်းထောက်ပံ့မှုများပေးနေသောအဖွဲ့များနှင့် ငွေကြေးထောက်ပံ့မှုနည်းလမ်းသစ်များလိုအပ်ခြင်း

  • လက်ရှိလိုအပ်နေသည့် အ‌ရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့အား တိုးများလာသည့် ထွက်ပြေးတိမ်းရှောင်သူများသို့ ထောက်ပံ့မှုပေးနေသော ဒေသတွင်းထောက်ပံ့မှုများပေးနေသည့်အဖွဲ့အစည်းများသည် ငွေကြေးထောက်ပံ့မှုအနည်းငယ်သာရရှိကြပါသည်။ သို့အစား ထိုငွေကြေးထောက်ပံ့မှုအများစုသည် အကူအညီလိုအပ်နေသည့်လူထုထံ သွားရောက်နိုင်ခြင်းမရှိသလောက်သာရှိသည့် နိုင်ငံတကာ NGO ကြီးများနှင့် အဖွဲ့အစည်းပေါင်းစုံထံသို့ ပေးပို့နေပါသည်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OCHA)၏ ငွေကြေးထောက်ပံ့မှု ခြေရာခံလိုက်သော လုပ်ငန်းမှရရှိထားသည့် အချက်အလက်များအရ ၂၀၁၆ ခုနှစ် တွင် မြန်မာနိုင်ငံအတွက် INGO များချထားပေးသော ရံပုံငွေများထဲမှ ၀.၂ ရာခိုင်နှုန်းသာ NGO များထံ ရောက်ရှိအပြီး ၀.၀၆၉ ရာခိုင်နှုန်းသာ ဒေသခံအဖွဲ့အစည်းများထံ ရောက်ရှိပါသည်။

  • စစ်အာဏာသိမ်းပြီးသည့်အချိန်မှစ၍ မြန်မာနိုင်ငံအတွက် တရားဝင်အစိုးရအဖြစ် စစ်ကောင်စီအားမသတ်မှတ်သော ကြောင့် နိုင်ငံအချို့မှ အစိုးရများနှင့်အဖွဲ့အစည်းများသည် စစ်ကောင်စီနှင့်လုပ်ငန်းဆောင်ရွက်မှုအား ရှောင်ကျဉ်ပြီး ထိုရန်ပုံငွေများအား အရှေ့တောင်အာရှနိုင်ငံကြီးများအသင်း(အာဆီယံ)ကဲ့သို့သောအဖွဲ့များနှင့် အခြားနိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများထံသို့ လွှဲပြောင်းရန်ကြိုးပမ်းခဲ့ကြသည်။ သို့သော်လည်း SAC ၏ မကြာခဏညွှန်ကြားချက်ပေးနေမှုများကြောင့် အခြားသောနေရာများသို့ ငွေကြေးထောက်ပံ့မှုပေးနေသည့်ပြဿနာကိုဖြေရှင်းရန်အတွက် ဤကြိုးစားအားထုတ်မှုများသည် ပျက်ကွက်လျှက်ရှိနေပါသည်။
  • ထို့အတူ ဒေသတွင်းဝန်ဆောင်မှုပေးနေသောအဖွဲ့အစည်းများနှင့် အကာအကွယ်ပေးသူများထံသို့ ငွေကြေးအထောက်အပံ့ တိုက်ရိုက်ရောက်ရှိနိုင်မည့်လမ်းကြောင်းများ နည်းပါးလာခဲ့ပါသည်။ သို့သော် လက်ရှိအခြေအနေတွင် ဤအဖွဲ့အစည်းများသည် အရေးပေါ်ကူညီပံ့ပိုးမှုများပေးနေသည့် အဓိကအဖွဲ့အစည်းများဖြစ်သည်။ လုံလောက်သည့်ငွေကြေးထောက်ပံ့မှုမရှိပဲ ၎င်းတို့အနေဖြင့် ကူညီထောက်ပံ့မှုများဆက်လက်ပေးရန်အတွက် ကန့်သတ်ချက်များရှိလာနိုင်သည်။  အကူအညီများနည်းပါးလာသည့်အပြင်  ထွက်ပြေးတိမ်းရှောင်နေရသူအရေအတွက် ပိုမိုတိုးများလာသဖြင့် အကူအညီလိုအပ်သူများအတွက် အကြပ်အတည်းပိုမိုဖြစ်ပေါ်စေပါသည်။ 

 

နိဂုံး 

  • လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများရရှိရန် ပိုမိုခက်ခဲလာချိန်တွင် ကျေးလက်ဒေသရှိရွာသားများ၏ လိုအပ်ချက်များကို အဓိကဖြည့်ဆည်းပေးသူများသည် ဒေသတွင်းဝန်ဆောင်မှုပေးသူများနှင့် ဒေသခံလူမှု အသိုက်အဝန်းများကိုယ်တိုင်သာလျှင် ဖြစ်နေပါသည်။ တချိန်တည်းတွင် ပြင်ပ NGO များနှင့် နိုင်ငံတကာအဖွဲ့အစည်း ကြီးများသည် မြန်မာနိုင်ငံအတွင်းတွင်ဖြစ်စေ၊ ထိုင်းနိုင်ငံမှနယ်စပ်ဖြတ်ကျော်၍ဖြစ်စေ အကာအကွယ်ပေးခြင်းဆိုင်ရာ ဝန်ဆောင်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးသည့်အခါ တားမြစ်ခြင်းခံရကြပါ သည်။
  • ထိုကဲ့သို့ ဒေသခံလူမှုအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်များကိုမြင့်တင်ပေးရာတွင် အရင်းအမြစ်များကိုပေးရန်တောင်းဆိုမှုအပေါ် ကြိုဆိုလက်ခံနိုင်သော်လည်း လက်တွေ့တွင်မူ ဒေသတွင်းအဖွဲ့ဝင်များ၏လုပ်ဆောင်ချက်များအား အသိအမှတ်ပြုရန်ပျက်ကွက်ခဲ့သည်။ ထို့အပြင် ကူညီပံ့ပိုးမှုများအားဖြန့်ဝေခြင်းနှင့် လုပ်ငန်းလည်ပတ်မှုများအား မည်သို့လုပ်ဆောင်ရမည်နှင့်ပတ်သက်၍ အကာအကွယ်ပေးရေးမူဘောင်များနှင့် ရန်ပုံငွေသုံးစွဲရေးအစီအမံများအပေါ် ကြီးမားသောဆုံးဖြတ်ချက်များချမှတ်သည့်အခါ ဒေသခံလူမှုအဖွဲ့အစည်းများအား ဖယ်ကျဉ်ထားကြပါသည်။
  • ငွေကြေးအလှူရှင်များနှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ယခင်တွင်ကျင့်သုံးခဲ့သည့် လူသားချင်းစာနာထောက်ထားမှုမူဝါဒများအတိုင်း လူသားချင်းစာနာထောက်ထားမှုအကူအညီ များကို ပေးနေသောကြောင့် စစ်ကောင်စီမှအကြပ်အတည်းနှင့် တိုင်းရင်းသားများကိုဖိနှိပ်နိုင်ရန် လက်နက်သဖွယ် အသုံးပြုနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ဒေသတွင်းရှိလူမှုအသိုက်အဝန်းအား ကူညီထောက်ပံ့မှုအပြည့်အဝပေးနိုင်သော အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့်အတူ အဓိပ္ပါယ်ရှိရှိပူးပေါင်းဆောင်ရွက်ရန်အတွက်အရေးကြီးသည့်ရွေးချယ်မှုပြုလုပ်ရန်လိုအပ်ကြောင်း ထိုအစီရင်ခံစာတွင်ဖော်ပြထားသည်။

အကြံပြုချက်များ

နိုင်ငံတကာအသိုက်အဝန်း၊ အာဆီယံ၊ NGO များ၊ ငွေကြေးထောက်ပံ့မှုအေဂျင်စီများနှင့် ဒေသတွင်းနှင့်နိုင်ငံခြားအစိုးရများ

  • လူ့အခွင့်အရေးချိုးဖောက်မှုနှင့် လူသားချင်းစာနာထောက်ထားမှုအကြပ်အတည်းဖြစ်စေသည့် အဓိကအကြောင်းရင်းမှာ စစ်ကောင်စီမှလုပ်ဆောင်နေခြင်းဖြစ်ကြောင်း အတည်ပြုလက်ခံရန်။
  • စစ်ကောင်စီအား နိုင်ငံရေးအရတရားဝင်မှုပြုရာရောက်သည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို လုပ်ဆောင်ခြင်းမှရှောင်ရှား ရန်၊ စစ်ကောင်စီနှင့်လက်တွဲလုပ်ဆောင်မှုများသည် ၎င်းတို့ကို တရားဝင်အသိအမှတ်ပြုရာရောက်သည်ကို သိရှိနား လည်ရန်။
  • လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးရာတွင် ဆုံးဖြတ်ချက်ချနိုင်သောအခွင့်အာဏာကို စစ်ကောင်စီ မှဆုပ်ကိုင်ထားခြင်းမရှိအောင် သေချာစွာလုပ်ဆောင်ရန်နှင့် ရန်ပုံငွေများကို စစ်ကောင်စီမှတစ်ဆင့် သွယ်ဝိုက်သော အားဖြင့် ပေးပို့ခြင်းများမပြုရန်။
  • မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးသည့်အခါ ဘက်မလိုက်ရေးအခြေခံမူကို မကြာ ခဏမှားယွင်းစွာကျင့်သုံးနေမှုများကြောင့် နိုင်ငံတဝှမ်းလုံးရှိလူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်ချက်များအား ဖြည့်ဆည်းရာတွင် နှောင့်နှေးမှုများဖြစ်စေသည်ကို သိရှိနားလည်ရန်။
  • လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြပ်အတည်းကို ဖြေရှင်းရာတွင် စစ်ကောင်စီနှင့်လက်တွဲလုပ်ဆောင်မည့်အစား အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပြီးနားလည်မှုစာချွန်လွှာများရေးထိုးရန်။
  • အာဆီယံကို ဒီမိုကရေစီနည်းကျရွေးကောက်ခံအရပ်သားအစိုးရမှ အာဏာပြန်လည်မရမခြင်း မြန်မာနိုင်ငံအား အာ ဆီယံအဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ထားဖို့အတွက်တောင်းဆိုရန်။ အရပ်သားများအပေါ် စစ်ကောင်စီ၏အကြမ်းဖက်မှုများကိုအဆုံးသတ်ရာတွင် နိုင်ငံတကာအပါအဝင် ပြည်တွင်းပါဝင်ပတ်သက်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန်။
  • အစိုးရမဟုတ်သော ပါဝင်ပတ်သက်သူများ၊ အထူးသဖြင့် ဝန်ဆောင်မှုပေးသူတိုင်းရင်းသားအဖွဲ့အစည်းများနှင့် အရပ် ဘက်လူမှုအဖွဲ့အစည်းများထံ ရန်ပုံငွေပိုမိုရရှိနိုင်စေရန် နိုင်ငံတကာရန်ပုံငွေဖြန့်ဖြူးမှုလမ်းကြောင်းမျိုးစုံရှိအောင်လုပ်ဆောင်ရန်။
  • ဝန်ဆောင်မှုများပေးဆောင်ရာတွင် ဒေသခံများနှင့်ပုံမှန်ထိတွေ့မှုရှိပြီး ၎င်းတို့၏ယုံကြည်မှုကိုရရှိထားသော စွမ်းရည် နှင့် ကွန်ယက်ရှိပြီးသား ဒေသခံ CSO/CBO များနှင့် ဝန်ဆောင်မှုပေးသည့် တိုင်းရင်းသားအဖွဲ့အစည်းများကို ဦးစားပေး ရန်နှင့် ထိုအစုအဖွဲ့များ၏ ဝန်ဆောင်မှုပေးသည့်နည်းလမ်းများကို အားဖြည့်လုပ်ဆောင်ပေးရန်။
  • ဒေသခံလူထုအား ပံ့ပိုးမှုနှင့်ဝန်ဆောင်မှုများကို ဆယ်စုနှစ်များစွာထိတွေ့လုပ်ဆောင်လာပြီးဖြစ်သော ဒေသခံ CSO/CBO များနှင့် တိုင်းရင်းသားဝန်ဆောင်မှုပေးသူများကို ဆုံးဖြတ်ချက်ချမှတ်ခြင်းလုပ်ငန်းစဉ်များတွင် ပါဝင်ခွင့်ပေးရန်။
  • COVID-19 ကာကွယ်ရေးနှင့် ကုသရေးကိုမြှင့်တင်ရန်နှင့် ကျေးလက်တွင်မရှိမဖြစ်လိုအပ်သည့် ကျန်းမာရေးဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ရန်အတွက် NUG နှင့် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ (EHOs)မှ ဖွဲ့စည်းထားသော COVID-19 အလုပ်အဖွဲ့အပါအဝင် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ(EHOs)နှင့် အစိုးရမဟုတ် သော ကျန်းမာရေးဝန်ဆောင်မှုပေးသူများကို ကူညီထောက်ပံ့ရန်။
  • ဒေသတွင်းဝန်ဆောင်မှုပေးသူများနှင့် CSO/CBO များထံ ရန်ပုံငွေများရောက်ရှိစေခြင်းဖြင့် ကိုယ်ထူကိုယ်ထနှင့် တိုင်းရင်းသားများလည်ပတ်သောကျောင်းများနှင့် ပညာရေးအစီအစဉ်များကို ပံ့ပိုးကူညီရန်။
  • ခိုလှုံခွင့်ရှာဖွေနေသည့် နယ်စပ်ဖြတ်ကျော်သူများကို သက်ဆိုင်ရာအာဏာပိုင်များမှ ငြင်းပယ်ခြင်းမပြုရန် အိမ်နီးချင်း နိုင်ငံများအားတိုက်တွန်းရန်။ ထို့အပြင် အိမ်နီးချင်းနိုင်ငံများအားနယ်စပ်ဖြတ်ကျော်အဖွဲ့အစည်းများနှင့် လက်တွဲ လုပ်ဆောင်ပြီး ခိုလှုံခွင့်ရှာဖွေနေသူများအတွက် အထောက်အပံ့နှင့်အကာအကွယ်များ ပေးအပ်ရန်။
  • မြန်မာနိုင်ငံအတွင်းသို့ အကူအညီများဝင်ရောက်နိုင်စေရန် အိမ်နီးချင်းနိုင်ငံများနှင့် ထိတွေ့ဆက်ဆံရန်။ အထူးသဖြင့် အကူအညီများကို ကုန်းလမ်းမှတစ်ဆင့် နယ်စပ်ဖြတ်ကျော်အကူအညီပေးရေးအဖွဲ့အစည်းများ၊ ဒေသအတွင်း လုပ်ဆောင်နေသော ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများမှတဆင့် ပေးပို့ရန်။
  • နိုင်ငံတကာရာဇဝတ်မှုခုံရုံး(ICC)သို့ လွှဲပြောင်းပေးမှုကိုထောက်ခံကြောင်း အတိအလင်းကြေညာပြီး စစ်ကောင်စီမှ ကျူးလွန်သော ရာဇဝတ်မှုများစွာအတွက် တာဝန်ခံမှုရှိစေရန် နောက်ထပ်အခွင့်အရေးများကိုလည်း ရှာဖွေရန်။
  • ရေနံနှင့်သဘာဝဓာတ်ငွေ့ဝင်ငွေများအပေါ် ပိတ်ဆို့အရေးယူမှုများချမှတ်ပြီး စစ်ကောင်စီမှပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများကို လျှော့ချနိုင်မည့် စီးပွားရေးအရသက်ရောက်မှုရှိသော ပိတ်ဆို့မှုများကိုချမှတ်ရန်။
  • လက်နက်ရောင်းချမှုရပ်ဆိုင်းရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်ကို ထောက်ခံရန်။
  • အရပ်သားများကိုလုံခြုံမှုပေးနိုင်ရန်အတွက် နိုင်ငံတကာကအာမခံချက်ရှိသော အရပ်သားဘေးကင်းရေးဇုန်များကို မြန်မာပြည်တွင်းနှင့် အိမ်နီးချင်းနိုင်ငံများအတွင်း ထူထောင်နိုင်ရန်အတွက် ဝိုင်းဝန်းကူညီလုပ်ဆောင်ရန်။
Thu, 09 Jun 2022

Related Readings