ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလတွင် မူတြော် (ဖာပွန်) ခရိုင်၊ ဒွယ်လိုးမြို့နယ်၌ဖြစ် ပွားခဲ့ပါသည်။ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စု၊ က--- ကျေးရွာတွင်နေထိုင်ကြသော ရွာသားများသည် တိုက်ပွဲများ၊ လက်နက်ရမ်းသန်းပစ်ခတ်မှုများနှင့် ဒေသတွင်းမြေမြှုပ်မိုင်းများတည်ရှိနေခြင်းတို့ကြောင့် နေရပ်ရွေ့ပြောင်းနေထိုင်ရသည်မှာ လအနည်းငယ်ကြာမြင့်နေပြီးဖြစ်ပါသည်။ အခြားသောကျေးရွာများ၌ နေစဉ်တွင် ငွေးကြေးအ ခက်အခဲများရင်ဆိုင်ကြရသဖြင့် အိမ်ထောင်စုအချို့သည် အန္တရာယ်ရှိသည်ဖြစ်သော်လည်း က---ကျေးရွာသို့ပြန်လာခဲ့ကြသည်။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၇ရက်နေ့ နံနက် ၇း၀၀ နာရီတွင် က--- ကျေးရွာတွင်ပြန်လည်နေထိုင်သောရွာသားတစ်ဉီးသည် ၎င်း၏ကျေးရွာအနီးရှိချောင်းတွင်ထောင်ထားသော ပိုက်ကွန်ရှိငါးများကို သွားဖော်ယူနေစဉ်မြေမြှုပ်မိုင်းတစ်လုံးအား နင်းမိခဲ့ပါသည်။ ပေါက်ကွဲမှုကြောင့် ၎င်း၏ခြေထောက်များ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ညာဖက်ခြေထောက်ကို ဖြတ်တောက်လိုက်ရပါသည်။ မည်သည့် လက်နက်ကိုင်တပ်ဖွဲ့များမှ ဤမြေမြှုပ်မိုင်းအားထောင်ထားသည်ကို မြေမြှုပ်မိုင်းထိမှန်သူနှင့် ၎င်း၏ဇနီးတို့မှ သေချာစွာမသိကြပါ။ [1]
အပိုင်း ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ
အခင်းဖြစ်ပွားမှုအမျိုးအစား |
မြေမြှုပ်မိုင်းပေါက်ကွဲမှု |
အခင်းဖြစ်ပွားသည့်နေ့ရက် |
၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၂၇ရက်နေ့ |
အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်) |
မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စု၊ က---ကျေးရွာ |
စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
|
အမည် |
စောဘ--- |
အသက် |
၄၇ |
ကျား/မ |
ကျား |
လူမျိုး |
ကရင် |
မိသားစုရှိ/မရှိ |
ရှိ |
အလုပ်အကိုင် |
ကျပန်း |
ကိုးကွယ်သည့် ဘာသာ |
ဗုဒ္ဓဘာသာ |
ရာထူးအဆင့် |
ရွာသား |
နေရပ် ရွာအမည် |
မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စု၊ က---ကျေးရွာ |
အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း
(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။ |
ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ဝန်ထမ်းတစ်ဉီးမှ မြေမြှုပ်မိုင်းထိမှန်သူ၏ ဇနီးအားဖုန်းဖြင့်ဆက်သွယ်မေးမြန်းမှု ပြုလုပ်ခဲ့ပြီး မြေမြှုပ်မိုင်းဖြစ်စဉ်ကို ပြောပြခဲ့ပါသည်။ |
(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။ |
သတင်းအချက်အလက်ကို ပြောပြသူမှာ မြေမြှုပ်မိုင်းထိမှန်သူ၏ ဇနီးဖြစ်ပါသည်။ |
အဆင့် ၃- အခင်းဖြစ်ပွားပုံ
အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။ |
မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စု၊ က---ကျေးရွာရှိရွာသားများသည် လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တို့ကြားဆက်လက်ဖြစ်ပွားသောတိုက်ပွဲများကြောင့် နေရပ်ရွေ့ပြောင်းနေရသည်မှာ လေးလကြာမြင့်နေပြီးဖြစ်ပါသည်။ ရွာသားအများစုသည် အခြားသောကျေးရွာများတွင်နေစဉ်အတော်အတွင်း အချို့ရွာသားများ (အိမ်ခြေလေး သို့မဟုတ် ငါးအိမ် ခန့်)သည် ငွေကြေးအခက်အခဲကြောင့် က--- ကျေးရွာသို့ပြန်လာခဲ့ကြပါသည်။
အသက် ၄၇ အရွယ်ရှိ စောဘ--- နှင့် မိသားစုသည် က--- ကျေးရွာသို့ပြန်လာသောသူများထဲတွင် အပါအဝင်ဖြစ်ပါသည်။“ကျွန်မတို့နေရပ်ရွေ့ပြောင်းတဲ့နေရာမှာ အခက်အခဲတွေနဲ့ကြုံရတယ်။ အခြားကျေးရွာမှာနေတဲ့အတော်အတွင်း ကျွန်မတို့မှာ ဝင်ငွေတစ်ပြားတစ်ချပ်မှမရှိဘူး။ အစစရာရာ ကျွန်မတို့ဝယ်စားရတယ်။ ဒါ့ကြောင်း အခြားရွာတစ်ရွာမှာ ကျွန်မတို့မနေချင်ဘူး။ ဒါကြောင့် ကျွန်မတို့ကျေးရွာမှာ ပြန်လာနေတယ်။” ဟု စောဘ--- ၏ ဇနီးဖြစ်သူ နော်ဂ--- မှပြောပြခဲ့ပါသည်။ ၎င်းတို့မှ က---ကျေးတွင် ပြန်လည်နေထိုင်ကြသော်လည်း လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုနှင့် ဆက်လက်ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် ခရီးသွားလာရေးအကြပ်အတည်းရှိနေဆဲဖြစ်ပါသည်။ စောဘ--- သည် အခြားသူများကဲ့ သို့တစ်နေ့လုပ်တစ်နေ့စားသာမန်ရွာသား တစ်ဉီးဖြစ်ပါသည်။ စောဘ--- သည် က---ကျေးရွာတွင် ပြန်လည်နေထိုင်ပြီးနောက် အလုပ်အကိုင်မရှိပါ။ ထို့ကြောင့် မိသားစုစားဝတ်နေရေးအတွက် (စားရန်နှင့်ရောင်းရန်) ညဖက်တွင်ချောင်းထဲ၌ ထောင်ထားသည့် ပိုက်ကွန်မိငါးများအား မနက်တိုင်းသွားရောက်ဖော်ယူပါသည်။
၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၂၇ရက်နေ့ နံနက် ၇း၀၀ အချိန်တွင် စောဘ--- သည် ၎င်းရွာ၏အနီးရှိယွန်းစလင်းမြစ်တွင်ထောင်ထားသည့်ပိုက်ကွန်တွင်မိသည့်ငါးများကို သွားယူစဉ် မြစ်ကမ်းဘေးတွင်ထောင်ထားသည့် မြေမြှုပ်မိုင်း တစ်လုံးကိုနင်းမိခဲ့ပါသည်။ ပေါက်ကွဲသံ ကြားသည်နှင့်တစ်ပြိုင်နက် စောဘ--- ၏ယောက်ဖဖြစ်သူနှင့် အခြားသောရွာသားများအခင်းဖြစ်ပွားသည့်နေရာသို့သွားခဲ့ကြပြီး စောဘ--- သည်ထိခိုက်ဒဏ်ရာရရှိနေသည်ကို တွေ့ခဲ့ကြသည်။ ထို့နောက်စောဘ--- ၏ ယောက်ဖမှ ၎င်းအား ဖာပွန်မြို့ရှိ SAC စစ်တပ်ဆေးရုံသို့ချက်ချင်းပို့ဆောင်ခဲ့ပါသည်။
ခရီးသွားလာရေးတင်းကြပ်မှုများကြောင့် ၎င်းတို့သည် စောဘ---အား က---ကျေးရွာမှ ဖာပွန်မြို့ရှိဆေးရုံတွင် ဆေးကုသမှုခံယူရန် လှေငှား၍ ပို့ဆောင်ခဲ့ကြသည်။ က--- ကျေးရွာမှ ဖာပွန်မြို့သို့ လှေဖြင့်သွားရာ၌ နှစ်နာရီခန့်ရှိပြီး လှေငှားခ၅၀၀၀၀ ကျပ်ပေးရပါသည်။ မြေမြှုပ်မိုင်းထိမှန်သူ၏ ဇနီးဖြစ်သူ နော်ဂ--- သည် ခင်ပွန်းသည်အား ဖာပွန်မြို့ရှိSAC စစ်တပ်ဆေးရုံတွင် လိုက်ပါစောင့်ရှောက်ရန်အတွက်ခွင့်ပြုချက်မရခဲ့ပေ (အမျိုးသားလူနာအားအမျိုးသားမှစောင့်ရန်နှင့် အမျိုးသမီးလူနာအား အမျိုးသမီးမှစောင့်ရန် စည်းမျဉ်းစည်းကမ်းရှိသောကြောင့်ဖြစ်သည်)။ သို့အစား ယောက်ဖဖြစ်သူမှ၎င်းအား လိုက်ပါစောင့်ရှောက်ပေးခဲ့ပါသည်။
မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် စောဘ---သည် ခြေထောက်နှစ်ဖက်စလုံးတွင် ဒဏ်ရာရရှိသွားခဲ့ပြီး ၎င်း၏ ညာဖက်ခြေထောက်ကိုဖြတ်တောက်ခဲ့ရပါသည်။ ဘားအံမြို့ရှိဆေးရုံတွင်စောဘ--- သည် ငါးရက်ကြာနေခဲ့ရပါသည်။ ထိုတွင်နေစဉ် ဆေးဝါးကုသမှုစရိတ်များစွာ ကုန်ကျခြင်းမရှိသော်လည်း ခရီးသွားလာရေးနှင့်အစားအစားစရိတ်သာကုန်ကျပါသည်။
၂၀၂၁ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့တွင် စောဘ---အား ဖာပွန်ဆေးရုံမှ ဘားအံဆေးရုံသို့ ရှေ့ဆက်ဆေးဝါးကုသမှုခံယူရန်လွှဲပြောင်း ပေးခဲ့ပါသည်။ တိုက်ပွဲကြောင့်လမ်းပိတ်စို့၍ ၎င်းအားကုန်လမ်းဖြင့် ဖာပွန်မြို့မှ ကမမောင်းမြို့သို့မပို့ရန်မဖြစ်နိုင်သောကြောင့် လှေငှားပြီး ကမမောင်းမြို့သို့သွားခဲ့ပါသည်။ ထို့နောက် ကမမောင်းမြို့မှ ဘားအံမြို့ရှိဆေးရုံသို့၎င်းအား ကားဖြင့်ပို့ဆောင်ခဲ့ပါသည်။ ဘားအံဆေးရုံတွင် ရှိစဉ်ဆေးဝါးကုသမှု ၁၀၀၀၀ မှ ၁၅၀၀၀ ကျပ်ကုန်ကျပါသည်။ထို့ပြင် နောက်ထပ်ခွဲစိတ်ကုသရန်အတွက် ၁၀၀၀၀၀ ကျပ်ကုန်ကျပါသည် (ဖာပွန်မြို့တွင် ၎င်း၏ညာဖက်ခြေထောက်အားကောင်းမွန်စွာခွဲစိတ်ကုသမှုမရှိသဖြင့် ဘားအံဆေးရုံတွင် နောက်ထပ်ခွဲစိတ်ကုသမှုခံယူရပါသည်)။ စောဘ---သည်ဘားအံဆေးရုံတွင် ၁၈ ရက်ကြာနေခဲ့ပါသည်။
၂၀၂၁ခုနှစ်၊ အောက်တိုဘာလ ၁၈ရက်နေ့တွင် စောဘ--- သည်ဘားအံဆေးရုံမှ ဆင်းခဲ့ပါသည်။ ဆရာဝန်မှ စောဘ---အား ၁၅ရက်ကြာပြီးနောက် ဆေးရုံသို့သွားပြန်ပြရန်ပြောခဲ့ပါသည်။ မြေမြှုပ်မိုင်းထိမှန်သူနှင့်မိသားစုတို့သည် လက်ရှိဘားအံမြို့တွင် နေထိုင်ကြပါသည်။
စောဘ---နှင့်မိသားစုတို့သည် မြေမြှုပ်မိုင်းအန္တရယ်အသိပညာပေးသင်တန်းအား တစ်ကြိမ်မျှမတက်ဖူးကြပဲ လက်နက်ကိုင်တပ်ဖွဲ့များမှ ၎င်းတို့အား မည်သည့်နေရာများကို ရှောင်ကျဉ်ရမည်ကိုသာ အသိပေးပါသည်။ သို့သော်လည်း လက်နက်ကိုင်တပ်ဖွဲ့များမှ မည်သည့်နေရာတွင် မြေမြှုပ်မိုင်းကို ထောင်ထားခြင်းနှင့်ပတ်သက်၍ ရွာသားများကို အတိအကျအသိပေးခြင်းမရှိပါ။ အခင်းဖြစ်ပွားချိန်ကတည်း၌ Red Cross Myanmar မှ စောဘ---အား ငွေကြေးထောက်ပံ့မှုအနည်းငယ်ပေးခဲ့ပါသည်။ သို့သော်လည်း ဆေးဝါးကုန်ကျမှုစရိတ်အတွက် လုံလောက်မှုမှရှိပါ။ နောက်ပိုင်းတွင် DanChurchAid (DCA) မှ ငွေကြေးထောက်ပံ့မှုအား ကျန်ရှိနေသေးသည့် ဆေးဝါးကုသမှုကုန်ကျစရိတ်နှင့် အခြားကုန် ကျစရိတ်များပေးရန် ထောက်ပံ့ပေးခဲ့ကြသည်။
စောဘ---နှင့်၎င်း၏ဇနီးတို့တွင် ကလေးသုံးဉီးရှိပြီး နော်ဂ---၏ မိခင်ကိုပါစောင့်ရှောက်ရပါသည်။ ဇနီးသည်မှ ခင်ပွန်းဖြစ် သူ ခံစားနေရသည်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်သည့်အပြင် မိသားစု၏ အနာဂတ်အတွက် စိုးရိမ်နေပါသည်။ |
အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း
ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။ |
သတင်းအချက်အလက်ပေးသူ နော်ဂ--- ၏မှ KHRG အား အချက်အလက်များကိုအသုံးပြုရန် ခွင့်ပြုချက်ပေးထားပါသည်။ |
Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၁ခုနှစ်၊ သြဂုတ်လ တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော မူတြော်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထားပါသည်။ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။