နိဒါန်း 

၂၀၂၁ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ရက်နေ့ စစ်တပ်မှအာဏာသိမ်း[1], ပြီးသည့်နောက်ပိုင်း ကရင်အမျိုးသားလွှတ်မြောက်ရေး တပ်မတော် (KNLA) နှင့် တပ်မတော်တို့အကြား တိုက်ပွဲများပိုမိုပြင်းထန်လာခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) သတင်းမှတ်တမ်း၌ဖော်ပြထားပါသည်။[2] KHRG လှုပ်ရှားရာနယ်မြေဒေသအတွင်း ၎င်းတို့၏အပြန်အလှန် တိုက်ခိုက်မှုများနှင့် ပြန်လည်တုန့်ပြန်မှုလုပ်ရပ်များသည် အထူးသဖြင့် ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ မူတြော် (ဖာပွန်) ခရိုင် နှင့် ဒူးသထူ (သထုံ) ခရိုင်တို့တွင်မြင့်တက်လာခဲ့ပါသည်။ ဤကဲ့သို့သော လုပ်ရပ်များသည် တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၏ အခန်း (၅) (ခ)တွင်ပါရှိသော အပစ်အခတ်ရပ်စဲရာ ဒေသများတွင် လက်နက်ကိုင်တိုက်ခိုက်မှုများမပြုလုပ်ရဟူသည့် ကတိကဝတ်အားချိုးဖောက်ရာရောက်ပါသည်။ 

၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ရက်နေ့၌ ဘူးသိုမြို့နယ်၊ ပါဟဲကျေးရွာအုပ်စု၊ မယ်ညူထကျေးရွာနှင့်အနီးသီးမူထာရှိ သံလွင်မြစ်နံဘေးတွင် အခြေစိုက်လှုပ်ရှားနေသည့်တပ်မတော် ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၃၄၉) တပ်စခန်း တစ်ခုအား KNLA တပ်မဟာ အမှတ် (၅)မှ တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ပါသည်။[3] ထိုသို့တိုက်ခိုက်ရာတွင် တပ်မတော်စစ်သားဆယ်ဦးကျဆုံးသွားခဲ့ပြီး အနည်းဆုံးရှစ်ဦးအား KNLA ဖက်မှ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးပြန်ခေါ် ဆောင်သွားခဲ့ပါသည်။ KNLA ဖက်မှစစ်သားတစ်ဦးသည်လည်း တိုက်ပွဲအတွင်းကျဆုံးသွားခဲ့ပါသည်။[4]  

KNLA ၏တိုက်ခိုက်မှုအားပြန်လည်တုန့်ပြန်သည့်အနေဖြင့် တပ်မတော်ဖက်မှ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ရက်နေ့မှ ၃၀ ရက်နေ့အထိ မူတြော်ခရိုင်နှင့် ခလယ်လွီထူခရိုင်တို့တွင် KNLA နှင့် အရပ်သားများအား လေကြောင်းဖြင့်ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ တပ်မတော်၏လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအနည်းဆုံး (၁၆) ဦးသေးဆုံးသွားခဲ့ပြီး (၂၅)[5] ဦးဒဏ်ရာရရှိခဲ့ပါသည်။ တပ်မတော်ဖက်မှ နယ်မြေထောက်လှမ်းရေးများအား တိုက်လေယာဉ်၊ ဒရုန်း (drone)နှင့် ရဟတ်ယာဉ် (helicopters) များနှင့်ပြုလုပ်ကြပါသည်။ တပ်မတော်၏လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရွာသားအနည်းဆုံး ၁၅,၀၀၀ နေရပ်ရွှေ့ပြောင်းနေထိုင်နေကြရသောကြောင့် ၎င်းတို့အနေဖြင့် လူသား ချင်းစာနာထောက်ထားမှုအထောက်အပံ့များအားအမှန်ပင်လိုအပ်လျက်ရှိနေပါသည်။ 

က. မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ဒေ့ပူနို့ဒေသ

လေကြောင်းပစ်ခတ်တိုက်ခိုက်မှု

၂၀၂၁ခုနှစ်၊ မတ်လ ၂၇ရက်နေ့မှ ၂၈ရက်နေ့အထိ တပ်မတော်မှ တိုက်လေယာဉ်များဖြင့် မူတြော်ခရိုင်၊ ပေကေး ကျေးရွာအုပ်စု [ဒေ့ပူနို့သည် ကျေးရွာတစ်ရွာဖြစ်ပြီး ထိုင်းနိုင်ငံနှင့် ၇မိုင်အကွာအဝေးတွင်တည်ရှိသည့် KNLA တပ်မ ဟာအမှတ် (၅) တည်ရှိရာနေတွင်ရှိပါသည်] ဒေ့ပူနို့ဒေသသို့ဗုံးကြဲခဲ့သည်။ ထိုဖြစ်စဉ်မတိုင်မီ နာရီအနည်းငယ် ဖြစ်သည့် ညနေ ၃နာရီမှ ၄နာရီကြားတွင် ကရင်ကယ်ဆယ်ရေးလုပ်သားတစ်ဦးမှ ထိုဒေသအတွင်း တိုက်လေ ယာဉ်ငါးစဉ်းပျံဝဲနေသည်ကိုတွေ့ခဲ့ပြီး နယ်မြေထောက်လှမ်းရန်ရည်ရွယ်ချက်ဖြစ်သည်ဟု ယူဆရပါသည်။ သို့သော် လည်း ထိုထက်ပိုသောတိုက်လေယာဉ်များ အဆိုပါနေရာဒေသတွင်လှည့်လည်နေကြကြောင်း KHRG အားပြောခဲ့ပါ သည်။ “ကျွန်တော့်အထင် တိုက်လေယာဉ်အများကြီးရှိလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ တိုက်လေယာဉ်တွေပျံဝဲ နေတဲ့အသံကို အကျယ်ကြီးကြားနေရတယ်။ တိုက်လေယာဉ်တွေက ကျွန်တော်တို့ခေါင်းပေါ်မှာပျဲဝဲနေတယ်။”

ပထမလေကြောင်းတိုက်ခိုက်မှုအား တိုက်လေယာဉ်နှစ်စဉ်းဖြင့်ပြုလုပ်ခဲ့ပါသည်။ ထိုတိုက်ခိုက်မှုသည် ၂၀၂၁ ခုနှစ်၊ မတ် ၂၇ရက်နေ့ ညနေ ရး၄၅ မိနစ်ဝန်းကျင်တွင်စတင်ခဲ့ပြီး ညနေ ၉နာရီခန့်တွင် ပြီးသွားခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊ မတ်လ၂၈ရက်နေ့ နံနက် ၁၂း၄၅ မိနစ်ခန့်တွင် ထိုဒေသသို့ ဒုတိယအကြိမ်ထပ်မံတိုက်ခိုက်ခဲ့သည်။ ၎င်းဒေသအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သားများထိခိုက်သေဆုံးမှုများ၊ ကရင်ပညာ ရေးနှင့်ယဉ်ကျေးမှုဋ္ဌာန (KECD) ၏ ဒေ့ပူနို့ကျေးရွာရှိ ဒေ့ပူနို့ အမှတ် (၁) အထက်တန်းကျောင်းအပါအဝင် ပေကေး ကျေးရွာအုပ်စုရှိအဆောက်အဦးအချို့ပျက်စီးသွားခြင်းနှင့် ရွာသားများ၏အိမ်ခြေ ၁၂ အိမ်ပျက်စီးသွားခဲ့ပါသည်။ 

အောက်တွင်ဖော်ပြထားသောအမည်စရင်းများသည် (၂၀၂၁ခုနှစ်၊ မတ်လ ၂၇ရက်နေ့မှ ၂၈ရက်နေ့အထိ)[6] ဒေ့ပူနို့ဒေသတွင် ပထမအကြိမ်လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသွားကြသောအရပ်သားများ၏စရင်းဖြစ်သည်။ 

လူကြီး
၁. နော် အ--- အသက် (၅၈)နှစ်၊ ဒဏ်ရာရရှိ (ဒေ့ပူနို့ကျေးရွာ)
၂. နော် ဘ--- အသက် (၂၅)နှစ်၊ ဒဏ်ရာရရှိ (ဒေ့ပူနို့ကျေးရွာ)
၃. စော ဒ--- အသက် (၄၇)နှစ်၊ ဒဏ်ရာရရှိ (ဒေ့ပူနို့ကျေးရွာ)
၄. စော စ--- အသက် (၃၇)နှစ်၊ ဒဏ်ရာရရှိ (ဒေ့ပူနို့ကျေးရွာ)
၅. စော ဖ--- အသက် (၁၈)နှစ်၊ ဒဏ်ရာရရှိ (ဒေ့ပူနို့ကျေးရွာ)
၆. နော် ဂ--- အသက် (၁၈)နှစ်၊ ဒဏ်ရာရရှိ (ဒေ့ပူနို့ကျေးရွာ)
ရ. စော ဂီးဒို၊ အသက် (၅၂)နှစ်၊ ကွယ်လွန် (ကလို့ဘောထကျေးရွာ)
၈. စော ဟ--- အသက် (၃၅)နှစ်၊ (ဝ---ကျေးရွာ)

လူငယ်
၉. နော် ဆ--- အသက် (၁၂)နှစ်၊ ဒဏ်ရာရရှိ (ဒေ့ပူနို့ကျေးရွာ)
၁၀. စောတာဘလုစိုး၊ အသက် (၈)နှစ်၊ ကွယ်လွန် (လားဂိုကျေးရွာ)
၁၁. အမည်မသိ၊ အသက် (၂)နှစ်၊ ကွယ်လွန် (ရွာရေပယ်ခိုကျေးရွာ)

၂၀၂၁ခုနှစ်၊ မတ်လ ၂၈ရက်နေ့မှ ၂၉ရက်နေ့ ညနေပိုင်းတွင် တပ်မတော်မှ တိုက်လေယာဉ်များဖြင့် ဒေ့ပူနို့ဒေသသို့ဆက်လက်ဗုံးကြဲခဲ့သည်။ ခေးပူ၊ တေးမူဒဲနှင့် ပဟဲကျေးရွာအုပ်များတွင်နေထိုင်ကြသောဒေသခံရွာသားများသည်၎င်းတို့၏ကျေးရွာများပေါ်သို့ ညဖက်အချိန်တွင်တိုက်လေယာဉ်များပျံဝဲနေကြောင်းတွေ့ခဲ့ကြသည်။ KHRG ၏သတင်းကောက်ခံသူတစ်ဦးမှ “တပ်မတော်စစ်သားတွေက လက်နက်ငယ်တွေနဲ့လည်းပစ်တယ်။ လက်နက်ငယ်နဲ့ပစ်ခတ်လို့(ဒေ့ပူနို့ဒေသ) အိမ်လေးလုံးပျက်စီးသွားတယ်။ ဒါပေမဲ့ အိမ်ပိုင်ရှင်တွေရဲ့နာမည်တွေကိုတော့မသိဘူး။” ဟုပြောခဲ့သည်။ 

၂၀၂၁ ခုနှစ်၊ မတ်လ ၂၈ရက်နေ့ ညနေ ၁၁း၄၅ မိနစ်ခန့်တွင် တပ်မတော်မှ ဒေ့ပူနို့ဒေသရှိ ကျေးရွာများသို့ တိုက်လေယာဉ်ဖြင့်ထပ်မံဗုံးကြဲခဲ့ပါသည်။ ဤဗုံးကြဲတိုက်ခိုက်မှုတွင် ရွာသားသုံးဦးဖြစ်ကြသော စော န--- အသက် (၆၄) နှစ် (ဒေ့ပူနို့ကျေးရွာ)၊ စော က--- အသက် (၅၈)နှစ် (ရွာရေပယ်ခိုကျေးရွာ)၊ ကလေးငယ် (အမည်၊ အသက်နှင့် ကျေးရွာမသိ) တို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။ ထို့အပြင်၊ လေကြောင်းတိုက်ခိုက်မှုအတွင်း အိမ်နှစ်အိမ်ပျက်စီးသွားပါသည်။ တစ်အိမ်သည် ထီးကြွက်နီကျေးရွာနေ စော ည---၏အိမ်ဖြစ်ပြီး အခြားအိမ်တစ်အိမ်သည် သေ့ကာထကျေးရွာနေစော လ---၏အိမ်ဖြစ်ပါသည်။ စောလ--- ပိုင်ဆိုင်ရာပစ္စည်းများဖြစ်သည့် အိမ်အသုံးအဆောင်ပစ္စည်းများ၊ လယ်ထွန်စက်၊ ဆန်ကြိတ်စက်နှင့် အဝတ်ချုပ်စက်များပျက်စီးသွားပါသည်။

၂၀၂၁ခုနှစ်၊ မတ်လ၂၉ရက်နေ့တွင် တပ်မတာ်မှ ပေကေးကျေးရွာအုပ်စု၊ ထို့ထီးပယ်ခို့ကျေးရွာရှိ KECD ၏စယ်သွဲ့ သောကျောင်းအား တိုက်လေယာဉ်ဖြင့်ဗုံးနှစ်လုံးကြဲခဲ့သည်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ တင်ပြထားခြင်းမရှိပေ။ 

နေရပ်ရွှေ့ပြောင်းနေထိုင်ရခြင်း

လေကြောင်းတိုက်ခိုက်မှုကြောင့် ပေကေးကျေးရွာအုပ်စုရှိ ကျေးရွာဆယ့်ငါးရွာမှ ရွာသား ၂၄၉၀ တို့သည် နီးစပ်ရာတောထဲသို့ယာယီထွက်ပြေးနေထိုင်ခဲ့ကြရသည်။ ၎င်းတို့ထွက်ပြေးချိန်တွင် ပိုင်ဆိုင်မှုများ သို့မဟုတ် အစားအသောက်များအားမယူဆောင်နိုင်ခဲ့ကြပေ။ သို့သော် နောက်နေ့မနက်ပိုင်းတွင် အချို့ရွာသားများမှ ၎င်းတို့၏ကျေးရွာများတွင်ဆန်ပြန်ယူခဲ့ကြသည်။ KHRG ၏သတင်းကောက်ခံသူတစ်ဦး၏အဆိုအရ ပေကေးကျေးရွာရှိရွာသားအားလုံးတောထဲသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ ဒေ့ပူနို့ကျေးဒေသအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြသည့်ရွာသားများသည် နေရပ်ရွှေ့ပြောင်းနေထိုင်ရာနေရာတွင် ကောင်းမွန်သောကျန်းမာရေးဝန် ဆောင်မှုကို မရရှိကြပေ။ ၂၀၂၁ ခုနှစ်၊ မတ်လ ၃၀ရက်နေ့တွင် ဒဏ်ရာရရှိသူအချို့တို့သည် ထိုင်းနိုင်ငံတွင် ဆေးဝါး ကုသမှုအားသွားရောက်ခံယူခဲ့ကြသည်။ (ဆေးဝါးကုသမှုသွားရောက်ခံယူသူဦးရေအား KHRG မှလက်ခံရရှိခြင်းမ ရှိခဲ့ပေ။)

KHRG သတင်းကောက်ခံသူတစ်ဦးမှ ၂၀၂၁ခုနှစ်၊ မတ်လ ၃၁ရက်နေ့တွင် မူတြော်ခရိုင်၊ လူသောမြို့နယ်အတွင်းပြည်တွင်းနေရပ်ရွှေ့ပြောင်းနေထိုင်သူဦးရေမှာ ၇၀၀၀ ကျော်ရှိကြောင်းပြောခဲ့သည်။ ၎င်းတို့မှ အစားအစာ၊ ဆေးဝါး နှင့် တာလပတ်များကို လိုအပ်လျက်ရှိပါသည်။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာစစ်တပ်၏လေကြောင်း တိုက်ခိုက်မှုများအားရပ်တန့်ရန်အတွက် ဖိအားပေးရန် ထွက်ပြေးတိမ်းရှောင်နေကြရသည့် IDP များမှတောင်းဆို ကြသည်။ ၎င်းတို့သည် တပ်မတော်တိုက်ခိုက်မှုအား အစဉ်မပြတ်ကြောက်ရွံ့နေကြရသည်။ ဤအစီရင်ခံစာပြုစု စဉ်တွင် ထွက်ပြေးတိမ်းရှောင်နေကြရသည့်ရွာသားများသည် ပုန်းရှောင်နေကြရဆဲဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် ၎င်းတို့ကျေးရွာသို့ တပ်မတော်စစ်သားများလာမည်ကို စိုးရိမ်ကြသောကြောင့်ဖြစ်ပါသည်။ ဒေ့ပူနို့ဒေသ အတွင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ခဲပကျေးရွာအုပ်စုရှိ ရာနှင့်ချီသောရွာသားများမှာလည်း ၎င်းတို့၏ရွာမှ ထွက်ပြေးပုန်းရှောင်ခဲ့ကြရသည်။ အချိုု့ရွာသားများသည် တောထဲတွင်တိမ်းရှောင်နေကြချိန်တွင် အခြားသောရွာ သားများသည် ထိုင်းနိုင်ငံသို့ထွက်ပြေးခဲ့ကြပါသည်။ 

ခ. မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်

၂၀၂၁ ခုနှစ်၊ မတ်လ ၂၉ရက်နေ့တွင် တပ်မတော်၏တိုက်လေယာဉ်နှစ်စဉ်းသည်မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မယ်သူကျေးရွာအုပ်စု၊ လယ်ထူဖိုးကျေးရွာရှိ KECD ၏ အမှတ် (၃) ဒေါ့ကူးထာ အထက်တန်းကျောင်းရှိရာသို့ ဗုံးငါးလုံးကြဲခဲ့သည်။ ထိုဗုံးပေါက်ကွဲမှုအတွင်း ကလေး(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၂) ဦးသည် ဆိုးရွားစွာဒဏ်ရာ ရရှိခဲ့သည်။ စာသင်ကျောင်းမှာလည်း လုံးဝပျက်စီးသွားခဲ့သည်။[7] 

ဒေသဆိုင်ရာအရင်းအမြစ်မှ အစီရင်ခံတင်ပြချက်အရ ၂၀၂၁ ခုနှစ်၊ မတ်လ ၃၀ရက်နေ့တွင် တပ်မတော်တိုက် လေယာဉ်များမှ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မယ်ဝေကျေးရွာအုပ်စု၊ မယ်ကလော်နှင့် ခေါပူကျေးရွာသို့ ဗုံး (၂)လုံး ပစ်ချခဲ့သည်။[8] ဗုံးကြဲပစ်ခတ်မှုကြောင့် မယ်ကလော်ကျေးရွာရှိ အိမ်ခြေခြောက်လုံး၊ စပါးကျီနှစ်လုံး၊ စပါး (၁၇၅)တင်း၊ ဆိုင်ကယ်တစ်စီးနှင့် လယ်ထွန်စက်တစ်စီး ပျက်စီးခဲ့သည်။ ဗုံးပေါက်ကွဲမှုကြောင့် ခေါပူကြီးကျေးရွာရှိ ဒေသခံရွာ သားနှစ်ဦးဖြစ်ကြသည့် အသက် (၆၃)နှစ်အရွယ် စောလိုဘိုးနှင့် အသက် (၅၅)နှစ်အရွယ် သိန်းဝင်းတို့ သေဆုံးခဲပြီး၊ အသက် (၅၀)နှစ် နော် မ…၊ (၆၂)နှစ် နော် န…၊ အသက် (၁၇)နှစ် စော အ…၊ နှင့် အသက် (၃၀)နှစ် စော ပ… တို့ (၄) ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အိမ်(၃)လုံးမှာလည်းပျက်စီးသွားပါသည်။ လေကြောင်းတိုက်ခိုက်မှုအတွင်း[9] မယ်ကလော်ကျေးရွာတွင်နေထိုင်သော အသက် (၇၆)နှစ်အရွယ်ရှိ စောဖားလို့ဖိုး သေဆုံးသွားခဲ့ရကြောင်း Free Bukrma Rangers ၏အစီရင်ခံတင်ပြချက်တွင်လည်း ဖော်ပြထားပါသည်။

ဂ. မူတြော်ခရိုင်၊ ဘူးသိုမြို့နယ် 

လေကြောင်းပစ်ခတ်တိုက်ခိုက်မှု

KHRG သတင်းကောက်ခံသူ၏တင်ပြချက်အရ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် တပ်မတော်၏တိုက် လေယာဉ်ဖြင့် ဆက်လက်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပါဟဲကျေးရွာအုပ်စုရှိ ဒေသခံရွာသားတစ်ဦးသေဆုံးခဲ့ပြီး အခြားသုံးဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကရင်ပညာရေးနှင့်ယဉ် ကျေးမှုဌာန လက်အောက်ခံ ဖောကားဒဲကျေးရွာ၊ သီးကော်ထာနေရာရှိ စာသင်ကျောင်း၊ ဆေးခန်းတစ်လုံးနှင့်အတူ လေးသယ်ခို့ကျေးရွာရှိ ဒေသခံရွာသားများ၏ အိမ်အချို့ပျက်ဆီးသွားခဲ့သည်။

ထိုနေ့ ညနေ ၃း၃၀ ခန့်တွင်ဘူးသိုမြို့နယ်၊ ပါဟဲကျေးရွာအုပ်စု၊ ခိုးကေ့ကျေးရွာ၌ တပ်မတော်မှ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုနှစ်ကြိမ် ပြုလုပ်ခဲ့သည်။ ဒေသခံရွာသားများသည် ထိုနေ့ နေ့လည်ခန့်တွင် လုံခြုံသည့်နေရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီးသည်ဖြစ်သောကြောင့် ဒဏ်ရာရသေဆုံးသူများမရှိခဲ့ပေ။

နေရပ်ရွှေ့ပြောင်းနေထိုင်ရခြင်း

၂၀၂၁ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ဘူးသိုမြို့နယ်၊ ပါဟဲကျေးရွာအုပ်စု၊ ခိုးကေ့ကျေးရွာနှင့် ၂၁.၅ ကီလိုမီတာ ခန့်ဝေးသည့် အိတုထာ့ စစ်ဘေးရှောင်စခန်းသည် လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။  အိတုထာ့ရှိ စစ်ဘေးရှောင်များသည် မိမိတို့စခန်းသို့ တပ်မတော်မှ လေကြောင်းတိုက်ခိုက်မှု ဆက်လက်ပြုလုပ်မည်ဟူသည့် သတင်းကို ကြားခဲ့ကြသည်။[10]  နောက်တစ်နေ့၌ အိတုထာ့စစ်ဘေးရှောင်စခန်းနှင့် အနီးအနားကျေးရွာများရှိ လူဦးရေ (၃၀၀၀) ကျော်ရှိသော အမျိုးသမီးများနှင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်မစွမ်း သူများသည် သံလွင်မြစ် [ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံကြားသတ်မှတ်သည့်နယ်စပ်][11]  ကိုလှေဖြင့်ဖြတ်ကူးခဲ့သည်။ စစ်ဘေးရှောင်အ ချို့သည် မိမိတို့ပစ္စည်းအချို့ကိုသယ်ဆောင်နိုင်ခဲ့ပြီး အချို့တို့မှာ ၎င်းတို့နှင့်အတူ တစ်စုံတစ်ခုကိုမျှ မသယ်ဆောင် နိုင်ခဲ့ပါ။

ထိုင်းနိုင်ငံသို့ရောက်ရှိပြီးနာရီအနည်းငယ်အကြာတွင်  ထိုင်းအာဏာပိုင်များမှ ၎င်းတို့အား မြန်မာနိုင်ငံသို့ အတင်းအဓ မ္မပြန်ခိုင်းခဲ့သည်။ အချို့သက်ကြီးရွယ်အို IDP များအနေဖြင့် ချက်ချင်းမပြန်သေးပဲ ထိုင်းနိုင်ငံတွင် နှစ်ရက် မှ ၃ရက်နေခဲ့သည့် နောက်ပိုင်းမှသာ ထိုင်းအာဏာပိုင်များမှ၎င်းတို့အား ပြန်ပို့ပေးခဲ့ကြသည်။ ထိုင်းနိုင်ငံသို့ထွက်ပြေး တိမ်းရှောင်သည့် စစ်ဘေးရှောင်တစ်ဦး၏ပြောဆိုချက်အရ မိမိတို့ကို အိတုထာ့ စစ်ဘေးရှောင်စခန်းသို့ အတင်းအဓ မ္မပြန်ခိုင်းသည်။ ထိုင်းအာဏာပိုင်များမှ အိတုထာ့IDP စခန်းအား ဆက်လက်လေကြောင်းတိုက်ခိုက်မှုမပြုလုပ်ရန် တပ်မတော်ကိုမှာကြားခဲ့ကြောင်း ၎င်းတို့အားပြောခဲ့သည်။ ထိုင်းနိုင်ငံသည် ၁၉၅၁ ဒုက္ခသည်များဆိုင်ရာညီလာခံအ ဖွဲ့ဝင်နိုင်ငံမဟုတ်သော်လည်းပဲ ထိုင်းအာဏာပိုင်များ၏လုပ်ရပ်သည် စစ်ဘေးရှောင်များကို အတင်းအဓမ္မနေရာ ရွှေ့ပြောင်းစေရာရောက်သည်။ ၎င်းတို့သည် နိုင်ငံတကာဓလေ့ကျင့်ထုံးဥပဒေအောက် နိုင်ငံ၏တရားဝင်တာဝန်ဝ တ္တရားကိုကျင့်သုံးရန် ပျက်ကွက်ခဲ့ပါသည်။

ဃ. ခလယ်လွီထူခရိုင်

၂၀၂၁ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင်  ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ်၊ မယ်ယယ်ခီးကျေးရွာအုပ်စု၊ ထီးဖာဒို ကျေးရွာနှင့်နီးသည့် မယ်သယ်ခီးရှိ မိုးအောင်ရွှေတူးဖော်ရေးနေရာကို တပ်မတော်မှ တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်ဗုံး ကြဲခဲ့သည်။ ဒေသခံပြည်သူသူများ၏ တင်ပြချက်အရ လူ(၉)ဦး [ရွှေတူးဖော်ရေးလုပ်သား (၈)ဦးနှင့် KNLA မှရေဒီ ယိုကြေးနန်းတာဝန်ခံတစ်ဦး] သေဆုံးခဲ့ပြီး အခြား (၂)ဦး [ရွှေတူးဖော်ရေးအလုပ်သမား (၁) ဦးနှင့် KNU ၏သစ် တောဌာနအဖွဲ့ဝင် (၁) ဦး] ထိခိုက်ဒဏ်ရာရခဲ့သည်။ ထိုပေါက်ကွဲမှုတွင် မြေတူးကားကြီး (၂)စီး နှင့် ကုန်တင်ကားကြီး (၃)စီး ပျက်စီးသွားပါသည်။ ထိခိုက်ဒဏ်ရာရသည့် ဒေသခံရွာသားများဆေးကုသမှုခံယူရန်အတွက် ဝေထူးဆေးရုံ သို့ိပို့ဆောင်ခဲ့သည်။ ဒေသခံရွာသားများ၏အဆိုအရ ထိုတိုက်လေယာဉ်သည် တောင်ငူမြို့ [မြန်မာစစ်လေကြောင်း အခြေစိုက်သည့်နေရာ] မှ လာသည်။

ဆောထိမြို့နယ်ရှိ ဒေသခံရွာသားများသည် လက်နက်ကြီး၊ လက်နက်ငယ်များ၏ ပစ်ခတ်သံများကို ကြားခဲ့ကြသည်။ ကရင်ကယ်ဆယ်ရေးဝန်ထမ်းတစ်ဦးမှ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုပြီးဆုံးသွားချိန်တွင် တပ်မတော်မှ ၎င်းတို့ စစ်အင်အားပိုမိုတောင့်တင်းခိုင်မာလာအောင် မိမိတို့အဓိကအခြေချစခန်းဖြစ်သည့် ဝေထူး(ရွှေကျင်)မြို့တွင် တပ်သားများချထားပေးခဲ့ကြောင်း KHRG ထံသို့ပြောခဲ့သည်။ ယခုလက်ရှိတွင် ဒေသခံရွာသားများသည် မိမိတို့ ဒေသအတွင်း တပ်မတော်မှ လေကြောင်းတိုက်ခိုက်မှု ဆက်လက်ပြုလုပ်လာမည်ကို စိုးရိမ်နေကြသည်။

ဇယား- ၂၀၂၁ခုနှစ်၊ မတ်လအတွင်း မူတြော်ခရိုင်နှင့်ခလယ်လွီထူခရိုင်အတွင်း တပ်မတော်၏လေကြောင်းတိုက်ခိုက်မှု

နေ့စွဲ (အချိန်) နေရာ ခရိုင် သေဆုံးသူ ဦးရေ ထိခိုက်ဒဏ်ရာရသူ ဦးရေ
၂၀၂၁ခုနှစ်၊ မတ်လ ၂၇ရက် မှ ၂၈ရက်အ ထိ (ည ရး၄၅ မှ မနက် ၁၂း၄၅) လူသောမြို့နယ်၊ ပေကေး ကျေးရွာအုပ်စု၊ ဒေ့ပူနို့ဒေသ  မူတြော်ခရိုင်  ၃   ၈
၂၀၂၁ခုနှစ်၊ မတ်လ ၂၈ရက်နေ့ (ညနေ ၁၁း၄၅) လူသောမြို့နယ်၊ ပေကေး ကျေးရွာအုပ်စု၊ ဒေ့ပူနို့ဒေသ မူတြော်ခရိုင်  
၂၀၂၁ခုနှစ်၊ မတ်လ ၂၈ရက် (ညနေ ၃း၃၀)  ဘူးသိုမြို့နယ်၊ ပါဟဲကျေး ရွာအုပ်စု၊  ခိုကေ့ကျေးရွာ မူတြော်ခရိုင်   ဝ
၂၀၂၁ခုနှစ်၊ မတ်လ ၂၈ရက် (အချိန်မသိ) ဘူးသိုမြို့နယ် ပါဟဲကျေးရွာ အုပ်စု၊သီးကော်ထာ့နေရာ၊ ဖောခါဒဲကျေးရွာ  မူတြော်ခရိုင်   ၃
၂၀၂၁ခုနှစ်၊ မတ်လ ၂၉ရက်
(မနက် ၁း၀၀ နာရီ)
လူသောမြို့နယ်၊ ပေကေးကျေးရွာအုပ်စု၊ ထိုထီးပယ်ခိုကျေးရွာ မူတြော်ခရိုင်
၂၀၂၁ခုနှစ်၊ မတ်လ ၂၉ရက် (ညနေ ၁း၀၀ နာရီခန့်)  ဒွယ်လိုမြို့နယ်၊ မယ်သူကျေးရွာအုပ်စု၊ လယ်ထူဖိုးကျေးရွာ မူတြော်ခရိုင်    ၅
၂၀၂၁ခုနှစ်၊ မတ်လ ၃၀ရက် (အချိန်မသိ) ဒွယ်လိုမြို့နယ်၊ မယ်ဝေကျေးရွာအုပ်စု၊ မယ်ကလော်ကျေးရွာနှင့် ခေါဖိုးကြီးကျေးရွာ မူတြော်ခရိုင် 
၂၀၂၁ခုနှစ်၊ မတ်လ ၃၀ရက် (အချိန်မသိ)  ဆောထိမြို့နယ်၊ မယ်ရယ်ခီးကျေးရွာအုပ်စု၊ ထီးဖာဒိုကျေးရွာနှင့် နီးသည့် မယ်သဲခီးနေရာ  ခလယ်လွီထူခရိုင် 

                
နိဂုံး

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုအတူ တပ်မတော်နှင့် KNLAတို့အကြားတိုက်ပွဲများ ပိုမိုများပြားလာခြင်း ကြောင့် NCA သည် လက်တွေ့တွင်အကျုံးမဝင်တော့ပါ။ ဤအခြေအနေတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့အကြား ပဋိပက္ခနှင့်ပတ်သက်၍ ပိုမိုစိုးရိမ်ဖွယ်ရာဖြစ်စေသည်။ အဘယ်ကြောင့်ဆိုသော် ၁၉၉၅ ခုနှစ်ကတည်း၌ တပ်မတော်သည် KNU အား လေကြောင်းဖြင့် တိုက်ခိုက်ခြင်းမပြုတော့သောကြောင့် ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက)[12]သည် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးကို ဧပြီလ ၁ ရက် နေ့မှ ၃၀ ရက်အထိ - နောက်ဆုံးတွင် မေလကုန်အထိ တိုးမြင့်ခဲ့သော်လည်း တိုက်ပွဲများနှင့် လေကြောင်းဖြင့် ပစ်ခိုက်တိုက်ခိုက်မှုများသည် အဆက်မပြတ်ဖြစ်ပွားနေပြီး ထောင်နှင့်ချီသောဒေသခံရွာသားများသည် ထွက်ပြေး တိမ်းရှောင်နေကြရသည်။

အရပ်သားများနှင့် ဒေသခံကရင်ပညာရေးစနစ်များနှိမ်နှင်းရေးဗျူဟာကို တပ်မတော်မှ လက္ခဏာတစ်ရပ်အဖြစ် ကာလကြာရှည်စွာတိုက်ရိုက်အသုံးပြုလာခဲ့သည်။  ထိုနည်းဗျူဟာမှာ ပြောင်းလဲမှုမရှိသေးကြောင်း ထောက်ပြထား သည်။ တပ်မတော်မှ စာသင်ကျောင်းသုံးလုံး၊ အိုးအိမ်များနှင့် ရွှေတူးဖော်ရေးတွင်းအားဗုံးကြဲတိုက်ခိုက်ခြင်း၊ အရပ် သားများ၏နေအိမ်အဆောက်အဦးများကိုပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်ခြင်း သို့မဟုတ် စစ်ရေးပစ်မှတ်ထားရန် အမှန် တကယ်နေရာဟုတ်မဟုတ်မသိပဲ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဤတိုက်ခိုက်မှုတို့သည် နိုင်ငံတကာလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာဥပဒေကို တိုက်ရိုက်ချိုးဖောက်နေခြင်းဖြစ်သည်။

ယခုလက်ရှိတွင် KNU ထိန်းချုပ်နယ်မြေထဲတွင်နေထိုင်ကြသည့် ဒေသခံရွာသားများသည် KNU ၏ခရိုင်အားလုံး တို့တွင် တိုက်ပွဲများဖြစ်ပွားမည်ကိုစိုးရိမ်နေကြသည်။ KHRG ၏သတင်းကောက်ခံသူများမှ  တပ်မတော်သည် ၎င်း တပ်စခန်းရှိရာနယ်မြေများသို့ စစ်အင်အားနှင့်လက်နက်ခဲယမ်းများပိုမိုပို့ဆောင်နေပြီး ၎င်းသည် နောက်ထပ်တိုက်ပွဲ များအတွက် ပြင်ဆင်နေပုံရကြောင်းယူဆရသည်ဟု တင်ပြခဲ့သည်။ NCA ပါကတိကဝတ်အားနှစ်ဦးနှစ်ဖက်မှ လိုက်နာကျင့်သုံးခြင်းမရှိပါက KNLA နှင့် တပ်မတော်တို့ကြားပဋိပက္ခဖြစ်စေပါလိမ့်မည်။ အကျိုးဆက်အနေဖြင့် ကြီးမားသည့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြပ်အတည်းနှင့် အရပ်သားများအပေါ် အလွန်ကြီးမားသည့် လူအခွင့်အရေးချိုးဖောက်ကျူးလွန်မှု အန္တရာယ်ကိုဖြစ်ပေါ်စေနိုင်ပါလိမ့်မည်။

Fri, 14 May 2021

Footnotes: 

[1] ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် မြန်မာစစ်တပ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်ပြီး ဒီမိုကရေစီနည်း လမ်းကျကျ ရွေးကောက်တင်မြောက်ထားသည့်အစိုးရအဖွဲ့ကို ဖြုတ်ချခဲ့သည်။ အရေးပေါ်အခြေအနေအရ  တိုင်းပြည်ကို တစ်နှစ်အုပ် ချုပ်စေရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အစိုးရအာဏာကို လွှဲပြောင်းပေးခဲ့သည်ဟု စစ်တပ်မှ ကြေညာထုတ်ပြန်ခဲ့သည်။ ၂၀၂၀ခုနှစ်၊ နိုဝင်ဘာလအတွင်း ပြုလုပ်ခဲ့သည့်အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော NLD ပါတီသည် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ သည်မဟုတ်ဟု တပ်မတော်မှ ထွက်ဆိုခဲ့သည်။ ထို့ကြောင့် အရေးပေါ်အခြေအနေအရ ရွေးကောက်ပွဲကို အသစ်တဖန် ပြန်လည်လုပ် ဆောင်မည်ဟု ကြေညာခဲ့သည်။ ၎င်းထွက်ဆိုကြေညာချက်ကို မည်သူမျှ ထောက်ခံခြင်းမရှိပေ။ ၂၀၂၀ရွေးကောက်ပွဲအတွင်း ရွေးကောက်တင် မြှောက်ခံရသည့် အစိုးရလွှတ်တော်အဖွဲ့မှ  ကတိသစ္စာပြု၍ တာဝန်လက်ခံသည့်ပွဲအခမ်းအနား မပြုလုပ်မှီ တစ်ရက်အလိုတွင် စစ်တပ်သည် အစိုးရအာဏာကို သိမ်းယူခဲ့သည်။ ရွေးကောက်တင်မြှောက်ခံရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်အပါအဝင် ဝန်ကြီးချုပ်များနှင့် အစိုးရလွှတ်တော်အဖွဲ့ဝင်များသည် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

[2] နောက်ထပ်သိလိုပါက ၂၀၂၁ ခုနှစ်၊ မေလ တွင် KHRG မှ ထုတ်ဝေထားသော  “An End to Peace Efforts: Recent fighting in Doo Tha Htoo District between the KNLA and the Tatmadaw following the 2021 Myanmar military coup (March and April 2021)” တွင်ကြည့်ပါ။

[3] ၂၀၂၁ခုနှစ်၊ ဖေဖေါ်ဝါရီလထုတ် “KNU seizes control of Tatmadaw base in Kayin state”, Myanmar Now တွင်ကြည့်ပါ။

[4] ၂၀၂၁ခုနှစ်၊ မေလထုတ် “Myanmar airstrikes cause thousands to flee across Thailand border”, The Guardian, တွင်ကြည့်ပါ။

[5] ဤအစီရင်ခံစာသည် ၂၀၂၁ခုနှစ်၊ မတ်လနှင့်ဧပြီလအတွင်း ကွင်းထဲမှရရှိထားသောအကြောင်းအရာများအပေါ်  အခြေခံပြီး သတင်း အချက်အလက်များအား ခြုံငုံသုံးသပ်ထားပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဒူးသထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား  ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံနှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

[6] ၂၀၂၁ခုနှစ်၊ မတ်လတွင် Free Burma Rangers မှထုတ်ဝေထားသော “THREE DEAD AND EIGHT WOUNDED AS BURMA ARMY EXPANDS AIR ATTACK TO NORTHERN KAREN STATE”တွင်ကြည့်ပါ။

[7] ၂၀၂၁ခုနှစ်၊ မတ်လတွင် Free Burma Rangers မှထုတ်ဝေထားသော “CHILDREN KILLED AND WOUNDED BY DAILY AIRSTRIKES FROM BURMA MILITARY, 12,000 PEOPLE NOW DISPLACED IN KAREN STATE” တွင်ကြည့်ပါ။

[8] ၂၀၂၁ခုနှစ်၊ မေလ ၁၂ရက်နေ့တွင် တင်ထားသော Facebook page of the KNU Department of Organising and Information  မှရယူထားပါသည်။

[9]  ၂၀၂၁ခုနှစ်၊ မေလ ၁၂ရက်နေ့တွင် တင်ထားသော Facebook page of the KNU Department of Organising and Information  မှရယူထားပါသည်။

[10] ၂၀၂၁ခုနှစ်၊ မတ်လ ကရင်သတင်းဌာနမှ ထုတ်လွှင့်ခဲ့သည် “စစ်ကောင်စီတပ်မှ KNU တပ်မဟာ (၅) နယ်မြေတွင်း လေယာဉ်ဖြင့် ထပ်မံပစ်ခတ်” တွင်ကြည့်ပါ။

[11] ၂၀၂၁ခုနှစ်၊ မတ်လ ကရင်သတင်းဌာနမှ ထုတ်လွှင့်ခဲ့သည် “စစ်ကောင်စီတပ်မှ KNU တပ်မဟာ (၅) နယ်မြေတွင်း လေယာဉ်ဖြင့် ထပ်မံပစ်ခတ်” တွင်ကြည့်ပါ။

[12] နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ကို ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် အစိုးရ၏ အုပ်ချုပ်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းခဲ့သည်။ ဤအစိုးရအဖွဲ့ကိုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ၂ရက်နေ့တွင် တပ်မ တော်အစိုးရအရာရှိ ရှစ်ဦးနှင့် အရပ်သားရှစ်ဦးတို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ဥက္ကဋ္ဌမှ မြန်မာနိုင်ငံအစိုးရ၏ အကြီးအကဲအဖြစ်သော် လည်းကောင်း၊ မြန်မာနိုင်ငံ၏စစ်ဘက်ဆိုင် ရာဝန်ကြီးအဖွဲ့ကိုသော်လည်းကောင်း ဦးစီးဦးဆောင်မှုပြုသည်။ မင်းအောင်လှိုင်သည် အာဏာသိမ်း ပြီးနောက် ပိုင်းတွင် SAC ၏ဥက္ကာဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။

Related Readings