နိဒါန်း

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ ၂၀၁၉ခုနှစ်အတွင်း မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (၁၁) မှု ကို ဖော်ပြသော အစီရင်ခံစာ ၂၆ စောင်အား လက်ခံရရှိခဲ့ပါသည်။ အဆိုပါအမှုများအမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့တဲ့သော အမျိုးသမီးအား လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှု (၃) မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု (၁) မှု၊ သက်ငယ်မုဒိန်းမှု (၅) မှု၊ သားမယားပြုကျင့်ရန် ကြိုးစား အားထုတ်မှု (၁) မှု နှင့် လိင်ပိုင်းဆိုင်ရာ ပြုကျင့်ရန် သံသယဖြစ်မှု (၁)မှု စသည်တို့ ပါဝင်ပါသည်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအား ဤကဲ့သို့ အနက်အဓိပ္ပါယ် ဖွင့်ဆိုထားပါသည်။ “လိင်ပိုင်းဆိုင်ရာ ထိတွေ့သာယာမှုရရှိရန် ကြိုးစားလုပ်ဆောင်ခြင်း၊ မသင့်လျော်သော လိင်ပိုင်းဆိုင်ရာဝေဖန်ပြောဆိုခြင်း (သို့) တစ်ဦးတစ်ယောက်အား လိင်ပိုင်းဆိုင်ရာ စော်ကားလိုသည့် ရည်ရွယ်ချက်ဖြင့် ခြိမ်းခြောက်ခြင်း၊ လုပ်ငန်းခွင်၌သော် လည်းကောင်း အိမ်၌သော်လည်းကောင်း လိင်းပိုင်းဆိုင်ရာပြုကျင့်ခြင်း၊ ပြည့်တန်ဆာအဖြစ် ရောင်းချရန် ကြိုးစားလုပ်ဆောင်ခြင်းစသော မည်သည့် လိင်ပိုင်းဆိုင် ရာ လုပ်ရပ်ကိုမဆို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မြောက်ပါသည်။”[1]  လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွင် ပုံစံအမျိုးမျိုးဖြစ်ပေါ်စေပြီး မုဒိမ်းကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းနှင့် သို့မဟုတ်  လိင်ပိုင်းဆိုင်ရာ ထိတွေ့မှု စသည်တို့ ပါဝင်ပါသည်။  

ပဋိပက္ခဖြစ်ပွားရာ ဒေသဖြစ်သော ရခိုင်၊ ရှမ်းနှင့် ကချင်ဒေသ[2] အပါအဝင် မြန်မာနိုင်ငံ၏ အခြားဒေသများ တွင် တပ်မတော်မှ ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အကျယ်တစ်ပြန့် ဆက်လက်ဖြစ် ပွားလျှက်ရှိသော်လည်း မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ၂၀၁၂ခုနှစ် ပဏာမ အပစ်ခတ်ရပ်စဲရေး လက် မှတ်ရေးထိုးပြီးကတည်းက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ လျော့နည်းလာခဲ့ပါသည်။ တစ်ချိန် တည်းမှာ ပင် ဒေသခံရွာသားနှင့် ဆွေမျိုးရင်းချာများ ကျူးလွန်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများပြား လာနေ သည်ကိုလည်း  KHRG မှ မှတ်တမ်းပြုစုမိပါသည်။ 

KHRG မှ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ဖော်ပြသောအစီရင်ခံစာအား ၂၀၁၈ခုနှစ်တွင် (၇) ခုနှင့် ၂၀၁၉ ခုနှစ်တွင် (၁၁) ခု ရရှိခဲ့ပါသည်။[3]  လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသူများမှ ၎င်းတို့ ကြုံတွေ့ရသည့် ဖြစ်စဉ် များကို ပိုမိုထုတ်ဖော်ပြောဆိုလာကြသော်လည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများသို့ တင်ပြရန်နှင့် တရားမျှတမှုရရှိရန်အတွက် ယနေ့အချိန်ထိ ကြီးမားသော အဟန့်အတား များရှိနေဆဲ ဖြစ်ပါသည်။ ထုံးတမ်းအစဉ်အလာရ လူမှုအသိုင်းအဝိုင်းမှ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသူများ အား ကဲ့ရဲ့ရှုပ်ချခြင်း၊ ကျူးလွန်ခံရသူအား အပြစ်တင်ခြင်းများသည်လည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များအား သက်ဆိုင်ရာအာဏာပိုင်များထံသို့ တင်ပြရရန် ဆုံးဖြတ်ချက်ချမှုအပေါ် များစွာ လွှမ်းမိုးမှုရှိနေပါ သည်။ အဆိုပါ လူမှုအသိုင်းအဝန်းမှ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသူအား ကဲ့ရဲ့အပြစ်တင်ခြင်းများအပေါ် စိုးရိမ်မှုရှိကြောင်း အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကော်မတီမှ ၎င်းပြစ်တင်ရှုပ်ချခြင်းသည် “ကျုးလွန်ခံရသူ အမျိုးသမီးနှင့် မိန်းကလေးငယ်များအား လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြုအကြမ်းဖက်မှုတွေကို ပြောဆိုတင်ပြရန်အတွက် အဟန့်အတားဖြစ်စေပါသည်”[4] ဟု အစီရင်ခံစာတွင် ဖော်ပြထားပါသည်။   ဤကော်မတီမှလည်း အဆိုပါ အစီရင်ခံစာထဲတွင် တရားမျှတမှု ရယူသည့်အခါ ထပ်မံရင်ဆိုင်ရသည့် အဟန့်အတားများဖြစ်သည့် ကျေးလက်ဒေသရှိ တိုင်းရင်းသား အမျိုးသမီးများ “ကြုံတွေ့ရသည့် ဘာသာစကားဆိုင်ရာ၊ နယ်မြေအနေအထားဆိုင်ရာနှင့်  ကလဲ့စားချေခြင်း ဆိုင်ရာ အခက်အခဲပြဿနာများအပေါ် စိုးရိမ်ကြောက်ကြမှု” တို့ကိုလည်း မီးမောင်းထိုးပြထားပါသည်။ 

ထို့အပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းခံရသူများသည် ၎င်းတို့၏ လူမှုအသိုင်းအဝိုင်းမှ ကဲ့ရဲ့အပြစ်တင် ရှုပ်ချခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများ ထပ်မံရင်ဆိုင်ကြရပါသည်။ ဤအတွေ့အကြုံများ သည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ရေရှည် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်စေပါသည်။ KHRG ၏ အ စီရင်ခံစာများမှ ဖော်ပြချက်အရ အချို့လိင်ပို်င်းဆိုင်ရာ ထိခိုက်နစ်နာသူများသည် အဆိုပါ စိတ်ဒဏ်ရာများ ကြောင့် ၎င်းတို့၏ဘဝအား ယခင်လို ရှေ့ဆက်ရန် စွမ်းဆောင်နိုင်စွမ်း မရှိတော့ပေ။ အချို့မှာ ဤကဲ့သို့ ကြုံတွေ့ရမှုများကြောင့် မိမိကိုယ်ကို နာကျင်အောင် လုပ်ရန် တွန်းပို့စေပါသည်။   မကြာခဏဆိုသလို လိင် ပိုင်းဆိုင်ရာ ကျူးလွန်ခံရသူများသည် အတိတ်မှ ကြုံတွေ့ရသည့် ခါးသီးသော အဖြစ်အပျက်များအပေါ် ၎င်း တို့၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများအတွက် ပြန်လည်ကုစားမှု မရှိခြင်းနှင့် ပြစ်မှုကျူးလွန်သူများမှ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခြင်း စသည့် အခြေအနေများသည်လည်း ၎င်းတို့၏ ဘဝအခြေအနေအား ပို်မို ဆိုးရွားစေပါသည်။ 

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ခဲ့သူများအား ပြစ်ဒဏ်မှ ကင်းလွှတ်စေခြင်း

KHRG မှ ၂၀၁၉ ခုနှစ်အတွင်း မှတ်တမ်းပြုစုခဲ့သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အမှုအများစုမှာ ပြစ် ဒဏ်မှ ကင်းလွတ်ခွင့်ရရှိခဲ့သည်ကို တွေ့ရှိရပါသည်။ တင်ပြခဲ့သော အမှုများအပေါ် KNU နှင့် မြန်မာအစိုးရ နှစ်ဖက်လုံး၏ ဥပဒေပိုင်းဆိုင်ရာ တာဝန်ရှိသူများသည် လိင်ပိုင်းဆိုင်ရာအမှုများအား စုံစမ်းစစ်ဆေးမှုနှင့် ကိုင်တွယ်ဖြေရှင်းမှုများအား  မည်မည်ရရ ပြုလုပ်ခြင်း မရှိခဲ့ပါ။ ပြစ်မှုကျူးလွန်သူများအား စုံစမ်းစစ်ဆေး ခြင်း သို့မဟုတ် တရားစွဲခြင်းများ စတင်ပြုလုပ်ရာတွင် နှေးကွေးခြင်းကြောင့် တရားမျှတမှုဆိုင်ရာ စီမံခန့်ခွဲ ရေးလုပ်ငန်းစဉ်များနှင့် ပြစ်မှုကျူးလွန်ခံရသူများ၏ အခွင့်အရေးများဖြစ်သော ထိရောက်သည့် ထိခိုက်နစ် နာမှုအတွက် ပြန်လည်ကုစားခြင်းနှင့် လျော်ကြေးငွေများရရှိခြင်းကိုလည်း နှောင့်နှေးစေသည်။ အချို့သော ဖြစ်စဉ်များသည် ကျူးလွန်ခံရသူအား မှုခင်းဆိုင်ရာ လုပ်ဆောင်မှုများနှင့် ပတ်သက်ပြီး ကောင်းမွန်စွာ ရှင်း လင်းပြောကြားခြင်း မရှိသည့်အပေါ် လိင်ပိုင်းဆိုင်ရာ မှုခင်းများ ကိုင်တွယ်ဖြေရှင်းရာတွင် ကျူးလွန်ခံရသူကို အဓိကထားပြီး လုပ်ဆောင်ခြင်းမရှိသည်ကို တွေ့မြင်နိုင်ပါသည်။ 

ထို့ပြင် လိင်ပိုင်းဆိုင်ရာမှုခင်းများအတွက် ထုံးတမ်းအစဉ်အလာအရ ကျင့်သုံးသည့် တရားမျှတမှုစနစ်များ တွင် ယိမ်းယိုင်မှုများရှိနေပါသည်။ အမှန်စင်စစ် ဤတရားမျှတမှုစနစ်များသည် အငြင်းပွားမှုများကို ကျေ အေးအောင် ပုံမှန်မဟုတ်သော ယန္ဒရားတစ်ခုသာဖြစ်ပြီး ဒေသခံ အုပ်ချုပ်ရေးမှူးများမှ ပြစ်မှုကျူးလွန်သူနှင့် ပြစ်မှုကျူးလွန်ခံရသူများ အကြားတွင် ဖြေရှင်းချက်ရရှိရန် ကြိုးပမ်းခြင်း၊ လျော်ကြေးငွေရရှိရန်ကူညီပေးခြင်း သို့မဟုတ် အပြစ်ဒဏ်ပေးခြင်းမဟုတ်သည့် အခြားဖြေရှင်းချက်များကို ဆိုလိုခြင်းပင် ဖြစ်သည်။ KHRG မှ မှတ်တမ်းပြုစုမိသည့် အချို့သော မှုခင်းများတွင် ကျူးလွန်ခံရသူများအား ပြစ်မှုကျူးလွန်သူများနှင့်  လက် ထပ်ထိမ်းမြားခိုင်းခြင်း သို့မဟုတ် လက်ထပ်ရန် တိုက်တွန်းခြင်း ခံခဲ့ရသည်။ အမျိုးသမီးများအပေါ် နည်းမျိုး စုံဖြင့် ခွဲခြားဆက်ဆံမှုအားလုံး ပပျောက်ရေး သဘောတူစာချုပ် ကော်မတီ၏ဖော်ပြချက်အရ ဤလုပ်ထုံး လုပ်နည်းများအား အသုံးပြုခြင်းသည် "အမျိုးသမီးများအပေါ် ကျားမ လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံခြင်းကို အစဉ်အမြဲ ဖြစ်ပေါ်စေသည်။"

ရရှိခဲ့သည့် သတင်းအချက်အလက်များအရ ဒေသခံ အုပ်ချုပ်ရေးမှူးများမှ ကိုင်တွယ်ဖြေရှင်းသော လိင်ပိုင်း ဆိုင်ရာ အဓမ္မပြုကျင့်ခြင်းအဆင့် မဖြစ်မြောက်သည့်အမှုများတွင် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိအောင် လုပ်ဆောင်ပေးခြင်း မဟုတ်ဘဲ ပြစ်မှုကျူးလွန်သူများကို သတိပေးခြင်းသာ ဖြစ်ကြောင်း KHRG မှ မှတ်ချက်ချပါသည်။  ၂၀၁၉ခုနှစ်၊ သြဂုတ်လ၊ ၂၉ရက်နေ့တွင် အမျိုးသားတစ်ဦးမှ မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ လူလတ်ပိုင်း အမျိုးသမီးတစ်ဦးအား သူမ၏ခင်ပွန်း အိမ်တွင်မရှိခဲ့သည့်အချိန် လိင်ပိုင်း ဆိုင်ရာစော်ကားမှုများ ကျူးလွန်ခဲ့သည်။  သူမမှ ထိုမှုခင်းအား KHRG သို့ မျှဝေခဲ့သည်မှာ "အစပိုင်းက သူ ကျွန်မကို ရေလာတောင်းသောက်တယ်။ နောက်တော့ ဆေးလိပ်ထပ်တောင်းသောက်တယ်။ […] သူ ကျွန်မ ယောကျ်ားမရှိတဲ့အချိန် ကျွန်မအိပ်ယာပေါ်မှာ လာထိုင်တယ်။ […] အဲ့ဒီအချိန်ထိ အဓမ္မမပြုကျင့်မှု မမြောက်သေးဘူး၊ ဒါပေမဲ့ သူ ကျွန်မရဲ့ခန္ဓာကိုယ်က မဖွယ်မရာ ထိတွေ့ ကိုင်တွယ်ခဲ့တယ်။ ဒါကြောင့် ကျွန်မသူ့ကို ကျွန်မအိမ်ကထွက်သွားဖို့ အော်ဟစ်မောင်း ထုတ်ခဲ့တယ်။" ဤဖြစ်စဉ်နှင့် ပတ်သက်ပြီး သူမမှ ကျေးရွာလူကြီးထံသို့ တင်ပြခဲ့သော်လည်း ကျေးရွာလူကြီးမှ သူမနှင့် ထိုပြစ်မှုကျူးလွန်ခဲ့သူ နှစ်ဦးကြား  ခေါ်ယူတွေ့ဆုံခဲ့ပြီး ထိုပြစ်မှုကျူးလွန်ခဲ့သူအား နောက်ထပ် မပြုလုပ်ရန်သာ ပြောဆိုခဲ့သည်။ အခြားအရေး ယူဆောင်ရွက်ပေးခြင်းများ မရှိပေ။[5]  

မှုခင်းအကြောင်းအရာများအားလေ့လာခြင်း

KHRG မှ ၂၀၁၉ ခုနှစ်အတွင်း မှတ်တမ်းပြုစုခဲ့သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသည် မြန်မာပြည် အရှေ့တောင်ပိုင်းရှိ အမျိုးသမီးများအပေါ် ဆန့်ကျင်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၏အချို့ လက္ခဏာရပ်များကို မီးမောင်းထိုးပြခဲ့သည်။ ၎င်းတို့မှာ (က) ဉာဏ်ရည်ဖွံ့ဖြိုးမှု အားနည်းသော အမျိုးသမီးများနှင့် (ခ) မိန်းကလေးများမှ မိမိတို့ဆွေမျိုးများ၏လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အန္တရာယ်များကို  ကြုံတွေ့ခံစားနေရသည့်အခြေအနေဖြစ်ပါသည်။ ထို့အပြင်  အာဏာရှိပုဂ္ဂိုလ်တစ်ဦးချင်းမှ ကျူးလွန်သော အမှု များအပေါ် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရှိနေခြင်းသည်လည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ပိုမိုဖြစ်ပွား အောင် တွန်းပို့စေပါသည် (ဂ)။  

(က) ဉာဏ်ရည်ဖွံ့ဖြိုးမှု အားနည်းသော အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ 

မြန်မာပြည် အရှေ့တောင်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများထဲတွင်  ဉာဏ် ရည်ဖွံ့ဖြိုးမှု အားနည်းသော အမျိုးသမီးများသည် မိမိတို့၏ မိသားစုဝင် သို့မဟုတ် လူမှုအသိုင်းအဝိုင်းမှ  လိင်ပိုင်းဆိုင် ရာ အကြမ်းဖက်မှုခံရသည်ကို တွေ့ရှိရသည်။ KHRG မှ ၂၀၁၉ခုနှစ်တွင်  ဉာဏ်ရည်ဖွံ့ဖြိုးမှု အားနည်းသော အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (၃) မှု ဖော်ပြသော အစီရင်ခံစာများ ရရှိခဲ့ပြီး ထိုအမှုအားလုံး၏ပြစ်မှုကျူးလွန်သူများမှာ ၎င်းတို့၏ဆွေမျိုးတော်စပ်သူများဖြစ်သည်။ ထိုအမှု (၃) မှုစလုံးတွင်  ဥပဒေနှင့် အညီ သင့်လျော်သည့် တာဝန်ယူဆောင်ရွက်ပေးမှု မရှိခြင်းနှင့် လျော်ကြေးငွေ သို့မဟုတ် ပြစ်မှုကျူးလွန်ခံခဲ့ ရသူများအား အခြားသောထောက်ပံ့မှုများ ပေးကမ်းဆောင်ရွက်ပေး ခြင်းမရှိပေ။ 

ပထမအမှု (၂) မှုအား ကျေးရွာအာဏာပိုင်များမှ ဆောင်ရွက်ပေးသော်လည်း တရားဥပဒေနှင့် အညီ တရား ရုံးသို့ လွှဲပြောင်းတင်ပြခြင်းမရှိပေ။ ထိုလိင်ပိုင်းဆိုင်ရာ စွပ်စွဲချက်များအား  ပြီးပြည့်စုံသော အရေးယူမှု မရှိ ခြင်း သို့မဟုတ် ပြစ်မှုကျူးလွန်ခဲ့သူများအား ရုပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်ပေးရန် ဆုံးဖြတ်ချက်ချပေးခြင်းများဖြင့် အမှုကို ပြီးဆုံးစေခဲ့သည်။ တတိယမြောက်အမှုမှာ ပြစ်မှုကျူးလွန်ခံခဲ့ရသူနှင့် သူမ၏မိခင်မှ ထိုဖြစ်စဉ်အား ဒေသခံ KNU တရားစီရင်ရေးအာဏာပိုင်များထံသို့ တိုက်ရိုက်တင်ပြခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ နှစ်ဦး နှစ်ဖက်မှ ကျေအေးရန်ဖြေရှင်းချက်ကို သဘောမတူခဲ့သောကြောင့် တရားသူကြီးမှ အမှုဖွင့် အရေးယူရ မည့်အစား ထိုအမှုအား ပိတ်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။ 

ပထမအမှု[6] 

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (ရက်စွဲ အတိအကျမသိ)တွင် မြိတ်-ထားဝယ်ခရိုင်၊ လေညာဘုတ်ပြင်းမြို့နယ်မှ အသက် ၂၂ နှစ်အရွယ်ရှိ ဉာဏ်ရည်ဖွံ့ဖြိုးမှုအားနည်းသည့် အမျိုးသမီးတစ်ဦးအား သူမ၏အကိုအရင်းဖြစ်သူ မှ သူမအား လိင်ပိုင်းဆိုင်ရာ အဓမ္မဆက်ဆံခဲ့သည်။ သူမမှ ထိုဖြစ်စဉ်ကို အသေးစိတ်ဖော်ပြခဲ့သည်မှာ "ကျွန်မ အိမ်ကပုခက်ပေါ်မှာထိုင်ပြီး တစ်ယောက်တည်း  အနားယူနေတဲ့အချိန်မှာ သူကျွန်မအနားကိုလာပြီး ကျွန်မဘယ်လိုနေလဲ လာမေးတယ်။ ကျွန်မက ကျွန်မမောနေတယ်လို့ ဖြေတယ်။ ဒါပေမဲ့ သူကျွန်မ အနားကိုပိုတိုးလာတယ်။ ပထမပိုင်းမှာ သူ့အနမ်းကို လက်ခံမလား လက်မခံဘူးလားလို့ ကျွန်မကို မေးတယ်။ ကျွန်မ သူ့ကို လက်မခံဘူးလို့ ပြောလိုက်တယ်။ အဲမှာ သူကျွန်မကို တင်းတင်းဆုပ်ကိုင်လိုက်တယ်။ ကျွန်မကိုလွှတ်လို့ သူ့ကို ပြန်ပြောတယ်။ ဒါပေမဲ့ သူမလွှတ်ဘူး။ အဲဒါနဲ့ ကျွန်မလည်း စိတ်ဆိုးပြီး သူ့လက်ကို ကိုက်လိုက်တယ်။ ကျွန်မသူ့လက်ကို ကိုက်လိုက်တဲ့အချိန် သူနာလို့ထင်တယ်။ အဲဒါနဲ့ ကျွန်မ ရင်သားကို သူကိုင်ပြီး ဖိညစ်လိုက်တယ်။ သူကျွန်မကို လိင်ပိုင်းဆိုင်ရာ အဓမ္မဆက်ဆံပြီးမှ သူကျွန်မကို သွားခွင့်ပေးတယ်။" ပြစ်မှုကျူးလွန်ခံခဲ့ရသူမှ သူမ၏အကိုသည် ထိုနှစ်အတွင်း အခြားအချိန်နှစ်ချိန်တွင် သူမအား လိင်ပိုင်းဆိုင်ရာ အဓမ္မဆက်ဆံခဲ့သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ 

သားမယားပြုကျင့်ခံရခြင်းကြောင့် သူမကိုယ်ဝန်ရရှိခဲ့ပြီး ယခုအချိန်တွင် ကလေးတစ်ဦးကို ရရှိထားသည်။ ပြစ်မှုကျူးလွန်ခဲ့သူမှာ နောက်ဆုံးအကြိမ် လိင်ပိုင်းဆိုင်ရာ အဓမ္မဆက်ဆံခြင်းကို ကျူးလွန်ခဲ့ပြီးနောက် ရွာမှ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ထိုဖြစ်စဉ်အား ကျေးရွာလူကြီးများထံ တင်ပြခဲ့သော်လည်း ပြစ်မှုကျူးလွန်ခဲ့ သူအား မည်သည့် အရေးယူဖြေရှင်းခြင်းများအား မပြုလုပ်ခဲ့ပေ။ ပြစ်မှုကျူးလွန်ခဲ့သူသည်၂၀၁၉ခုနှစ်၊ စက် တင်ဘာလတွင် လေညာဘုတ်ပြင်း အထူးဒေသရုံးတွင် KNU အရာရှိတစ်ယောက်ဖြစ်ခဲ့သည်။ ဤအတွက် ကြောင့် တရားမျှတမှုရရှိရေးအတွက် ၎င်းအား ခေါ်ဆောင်၍ မရနိုင်ခြင်း ဖြစ်ပေမည်။ 

ဒုတိယအမှု[7]  

ဖားအံခရိုင်၊ နဘူးမြို့နယ်ရှိ ဉာဏ်ရည်ဖွံ့ဖြိုးမှုအားနည်းသော အမျိုးသမီးတစ်ဦးသည် ၂၀၁၈ခုနှစ် မိုးရာသီ အတွင်းတွင် ဆွေမျိုးတော်စပ်သူ အမျိုးသားတစ်ဦး၏လိင်ပိုင်းဆိုင်ရာ အဓမ္မဆက်ဆံခြင်းကို ခံခဲ့ရသည်။ ထိုသူသည် ပြစ်မှုကျူးလွန်ခံခဲ့ရသူအား သူ၏တောင်ယာသို့ ဖြားယောင်းခေါ်ဆောင်ခဲ့ပြီး သူမအား သူ၏တဲတွင် လိင်ပိုင်းဆိုင်ရာ အဓမ္မဆက်ဆံခဲ့သည်။  သူမသည် လိင်ပိုင်းဆိုင်ရာ အဓမ္မဆက်ဆံခံခဲ့ရသည့်အ ပေါ် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မပြောခဲ့သော်လည်း သူမကိုယ်ဝန်ရှိသည့် လက္ခဏာ ထွက်ပေါ်လာ သည့်အချိန်တွင် ကျေးရွာလူကြီးမှ သူမကို ထိုအကြောင်းအရာအား မေးမြန်းခဲ့သည်။ အစပိုင်းတွင် သူမသည် ပြစ်မှုကျူးလွန်ခဲ့သူသည် မည်သူမည်ဝါ ဖြစ်သည်ကို မပြောပြခဲ့ပေ။ သို့သော် သူမကလေးမွေးပြီး နောက်ပိုင်းတွင် သူမ၏ဆွေမျိုးဖြစ်သူတရားခံ (ပြစ်မှုကျူးလွန်ခဲ့သူ)အား စွပ်စွဲခဲ့သည်။ 

၂၀၁၉ခုနှစ်၊ ဧပြီလ၊ ၂ရရက်နေ့တွင် ပြစ်မှုကျူးလွန်သူအား ကျေးရွာလူကြီးများမှ ဖမ်းဆီး၊ စစ်ဆေးမေး မြန်းခဲ့သည်။ ထိုသူသည် ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပြီးနောက် မလွတ်မြောက်ခင်တွင် ရုပ်ပိုင်းဆိုင်ရာ အပြစ်ပေးခြင်းကို ခံခဲ့ရသည်။ ထိုသူအား တရားရုံးသို့ ခေါ်ဆောင်သွားခြင်းမရှိခဲ့ပေ။ ပြစ်မှုကျူးလွန်ခံခဲ့ရသူ မှ လျော်ကြေးငွေ မရရှိခဲ့ခြင်းနှင့် ကျေးရွာအာဏာပိုင်များမှ ထိုအမှုအား ကိုင်တွယ်ဖြေရှင်းခဲ့ပုံကို မကျေနပ် ခဲ့ပေ။ 

တတိယအမှု[8] 

အသက် ၃ရနှစ်အရွယ်ရှိ ဉာဏ်ရည်ဖွံ့ဖြိုးမှုဆိုင်ရာပြဿနာကိုခံစားရပြီး စွံ့အနားမကြားဖြစ်သူ အမျိုးသမီး တစ်ဦးသည် ဖားအံ ခရိုင်၊ ပိုင်ကျုံမြို့နယ်၊ တကရဲ့ [ပိုင်ကျုံ] ကျေးရွာအုပ်စု၊ အ---ကျေးရွာတွင် ၂၀၁၈ခုနှစ်၊ ဇူလှိုုင်လတွင် လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရသည်။ ပြစ်မှုကျူးလွန်ခဲ့သူမှာ မုဆိုးဖိုဖြစ်ပြီး ပြစ်မှု ကျူးလွန်ခံခဲ့ရသူ၏ကွယ်လွန်သွားခဲ့သည့် ညီမ၏ခင်ပွန်းဖြစ်သည်။ သူမသည် သားမယားပြုကျင့်ခံရပြီး သွေးထွက်ခဲ့သည့်အတွက် သူမအား ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ သူမသည် ဆေးရုံတွင် ရက်အနည်းငယ် နေခဲ့ရသည်။ သူမ ဆေးရုံဆင်းခဲ့ပြီးနောက်ပိုင်းတွင် သူမအား ပြစ်မှုကျူးလွန်သူသည် မည်သူမည်ဝါဖြစ် သည်ကို ဓာတ်ပုံများနှင့်တကွ မေးမြန်းခြင်းကို ခံခဲ့ရသည်။ ထို့နောက် သူမသည် ပြစ်မှုကျူးလွန်ခဲ့သူအား ညွှန်ပြခဲ့သည်။ 

ထို့နောက် ပြစ်မှုကျူးလွန်ခံခဲ့ရသူနှင့် သူမ၏မိခင်သည် ဒေသခံ KNU မြို့နယ်ရုံးတွင် ဤအမှုအား တင်ပြခဲ့ သည်။ ရုံးတွင် သူမအား KNU မြို့နယ် အာဏာပိုင်များမှ လျော်ကြေးငွေ ယူမလား သို့မဟုတ် ပြစ်မှုကျူး လွန်ခဲ့သူအား လက်ထပ်ထိမ်းမြားမလားဟု မေးမြန်းခဲ့သည်။ ထိုအချိန်တွင် ပြစ်မှုကျူးလွန်ခံခဲ့ရသူသည်  ပြစ်မှုကျူးလွန်သူအား လက်ထပ်ထိမ်းမြားချင်သည်ဟု ဖော်ပြခဲ့သည်။ သို့သော် ပြစ်မှုကျူးလွန်ခဲ့သူ လာရောက်ခြင်းမရှိခဲ့သည့်အတွက် မည်သည့် ဆုံးဖြတ်ချက်မျှ မချခဲ့ပေ။ 

သူတို့သည် မြို့နယ်ရုံးသို့ ၂၀၁၈ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြစ်မှုကျူးလွန်ခံခဲ့ရသူအား တရားသူကြီးမှ မေးမြန်း မှုနှင့် တရားစီရင်မှုကို နာခံရန် သွားရောက်ခဲ့သည်။ သူမသည် မည်သည်အရာကိုမျှ မဖော်ပြခဲ့ခြင်းမှာ ပြစ်မှု ကျူးလွန်သူ၏ လက်တုံ့ပြန်ခြင်းကို ခံရမည်ကို ကြောက်ရွံ့ခဲ့ရပြီး၊ တရားရုံးတွင် ထိုသူမှ သူမအား စူးရှစွာ ကြည့်နေခဲ့ခြင်းကြောင့် ဖြစ်သည်။ သူမ တိတ်ဆိတ်နေခဲ့ခြင်းကြောင့် ၎င်းတို့ နှစ်ဦးနှစ်ဖက်ကြားရှိ မည်သည့်သဘောတူညီမှုကိုမဆို ရယူနိုင်ဖို့ကို အဟန့်အတားဖြစ်စေခဲ့သည့်အတွက်ကြောင့် တရားသူကြီးမှ ထိုအမှု ကို ပိတ်သိမ်းရန် ဆုံးဖြတ်ချက်ချခဲ့သည်။ သူမ မည်သည့်လျော်ကြေးငွေမျှ မရရှိခဲ့သလို ပြစ်မှုကျူး လွန်သူ ကိုလည်း တရားစွဲဆိုခြင်းမရှိခဲ့ပေ။ 

ပြစ်မှုကျူးလွန်ခံခဲ့ရသူမှ စွံ့အနားမကြားဖြစ်သည့်အတွက် သူမမည်သို့ ခံစားနေရသည်ကို သိရှိရန် ခက်ခဲလှပါသည်။ သူမသည် ပြစ်မှုကျူးလွန်သူကို လက်မထပ်လိုက်ရခြင်းကြောင့် စိတ်ဓာတ်ကျနေသည်ဟု သူမ၏ မိခင်မှ တင်ပြထားခဲ့သည်။ သူမသည် သူမ၏ပတ်ဝန်းကျင်တွင် ထူးခြားစွာ ပြုမူနေထိုင်နေပြီး သူမကိုယ့် ကိုယ်ကို အဆုံးစီရင်သည့်အနေဖြင့် ရေထဲခုန်ချသေစေရန် ကြိုးစားခဲ့ခြင်းကြောင့် သူမ၏မိဘများမှ ယခု အချိန်တွင် စိုးရိမ်ပူနေရသည်။ 

(ခ) ကလေးငယ်များအပေါ်လိင်ပို်င်းဆိုင်ရာ အကြမ်းဖက်မှုများ

မြန်မာပြည် အရှေ့တောင်ပိုင်းရှိ ကလေးသူငယ်များသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အထူးခံရသူများ ဖြစ်သည်။ ဤအပိုင်းတွင် KHRG မှ ၂၀၁၉ ခုနှစ်တွင် ရရှိထားသော သက်ငယ်လိင်ပိုင်းဆိုင်ရာ  အကြမ်း ဖက်မှု (၄) မှုကို စိစစ်တင်ပြသွားမည်ဖြစ်သည်။ ထိုအမှုများ၏ ပြစ်မှုကျူးလွန်ခဲ့သူများမှာ မိသားစုဝင်များနှင့် ဆွေးမျိုးသားချင်းများသားဖြစ်သည်ကို တင်ပြထားသည်။ ပြစ်မှုကျုးလွန်ခဲ့သူများသည် ပြစ်မှုကျူးလွန်ခံခဲ့ရ သူများမှ ဖြစ်စဉ်များအား မတင်ပြရန် ခြိမ်းခြောက်မှုများကို အသုံးပြုကြသည်။ အမှု (၂) မှုမှာ ၎င်းတို့၏ လူမှု အသိုင်းအဝိုင်းမှ ကဲ့ရဲ့ရှုပ်ချမည်ကို စိုးရိမ်သောကြောင့် ထိုဖြစ်စဉ်များအား သိခဲ့သည့် မိသားစုဝင်များမှ ထို အကြမ်းဖက်မှုများအား သက်ဆိုင်ရာ အာဏာပိုင်များထံ တင်ပြရန် အဟန့်အတားဖြစ်စေခဲ့သည်။ ဤသည် မှာ ပြစ်မှုကျူးလွန်ခံခဲ့ရသူများအတွက် ထိခိုက်နစ်နာမှု နှင့် လူ့အခွင့်အရေးချိုးဖောက်မှု ပိုမိုခံစားစေခဲ့သည်။ လက်ထပ်ထိမ်းမြားရန် ဖိအားပေးခံရသော သက်ငယ်ကလေးများသည်လည်း သူတို့၏ခင်ပွန်းများထံမှ လိင်ပို်င်းဆိုင်ရာံ အကြမ်းဖက်မှုများကို တွေ့ကြုံခံစားကြရသည်။ 

KHRG ၏မှတ်တမ်းဖော်ပြထားသည်မှာ ဒေသခံအာဏာပိုင်များ၊ ဥပဒေပိုင်းဆိုင်ရာ တာဝန်ရှိခေါင်းဆောင်များနှင့် တရားသူကြီးများမှလည်း ထိုကဲ့သို့သောအမှုများအား သင့်လျော်မှန်ကန်စွာ ကိုင်တယ်ဖြေရှင်းရန် အမြဲလိုလို ပျက်ကွက်ခဲ့ကြသည်။ ပြစ်မှုကျူးလွန်ခံရသူများမှလည်း မိမိတို့လိုလားသည့် ဖြေရှင်းချက်များ သို့မဟုတ် ပြစ်မှုကျူးလွန်သူအား ပြစ်မှုနှင့် ထိုက်တန်သည့် ရာဇဝတ်ဒဏ်ကို ရရှိရန် အလွန်နည်းပါးလှပါသည်။ အထူးသဖြင့် ပြစ်မှုကျူးလွန်သူမှ အပြစ်ပေးအရေးယူခြင်းမခံရလျှင် ကျူးလွန်ခံခဲ့ရသူများသည် မိမိတို့၏လုံခြုံရေးအတွက် ကြောက်ရွံ့မှုဖြင့် ဆက်လက်နေထိုင်ရသည်။ လိင်းပိုင်းဆိုင်ရာ အကြမ်းဖက်မှု များတွင်  ကျူးလွန်ခံရသူများသည် ၎င်းတို့ ရရှိထားသည့် စိတ်ဒါဏ်ရာများအတွက် စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှု၊ ပြန်လည်ကုစားမှုများအား ပြန်လည်ရရှိရန် နည်းပါးလှပါသည်။ အချို့ဖြစ်ရပ်များတွင်မူ ကျူး လွန်ခံရသူများသည် မိမိတို့ ပတ်ဝန်းကျင်မှ ကဲ့ရဲ့အပြစ်တင်ခြင်း၊ ဝေဖန်ရှုပ်ချခြင်း၊ ပစ်ပယ်ခြင်းခံကြရပါသည်။ အချို့ပြစ်မှုကျူးလွန်ခံခဲ့ရသူများမှာ ကျောင်းတက်ခြင်းမှ ရပ်နားလိုက်ရခြင်းကြောင့် လူမှုအသိုင်းအဝိုင်းနှင့် သီးခြားနေထိုင်ခြင်းများကို ပိုမိုဖြစ်ပေါ်စေ သည်။ 

ပထမအမှု - သက်ငယ်ကလေးအား အတင်းအကျပ်လက်ထပ်ထိမ်းမြားခြင်းနှင့် ဆက်စပ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု[9]  

၂၀၁၉ ခုနှစ်၊ မေလတွင် ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်ရှိ ၁၇ နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦးအား သူမ၏ မွေးစားမိခင်မှ အသက် ၄၈ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် လက်ထပ်ရန် အမိန့်ပေးစီစဉ်ခဲ့သည်။ ထိုမိန်း ကလေးမှ ပထမတွင် လက်ထပ်ရန် ငြင်းဆိုခဲ့သောကြောင့် သူမ၏မွေးစားမိခင်မှ သူမအား  အမျိုးမျိုးအ ကြမ်းဖက်ညှဉ်းပန်းနှိပ်စက်ခဲ့သည်။ ထိုအထဲတွင် ရိုက်နှက်ခြင်းများ၊ သူမ၏ဦးခေါင်းကို ရေထဲတွင် ထပ် ခါထပ်ခါ နှစ်ခြင်းများနှင့် သူမအား ခွေးစာစားရန် အတင်းအကျပ် ခိုင်းစေခြင်းများပါဝင်ခဲ့ပါသည်။ နောက် ဆုံးတွင် လက်ထပ်ထိမ်းမြားရန် သူမ သဘောတူခဲ့သည့် အကြောင်းအရင်းမှာ သူမသည် ထိုညှဉ်းပန်းနှိပ် စက်မှုများကို မခံနိုင်တော့ခြင်းနှင့် သူမ၏ မွေးစားမိဘများအပေါ် မှီခိုနေရဆဲဖြစ်သည့်အတွက်ကြောင့်ဖြစ် သည်။ 

ထိုမိန်းကလေးသည် လက်ထပ်ထိမ်းမြားပြီးနောက် သူမခင်ပွန်း၏ လိင်ပိုင်းဆိုင်ရာ  အကြမ်းဖက်ခြင်းကို ခံခဲ့ ရသည်။ KHRG ကွင်းဆင်းလုပ်သားတစ်ဦးကို သူမ တင်ပြခဲ့သည်မှာ ထိုသူသည် သူမအား ပြည်တန်ဆာ သို့မဟုတ် လိင်ကျွန်တစ်ယောက်အဖြစ်သာ ဆက်ဆံခဲ့သည်။ သူမ ထွက်ပြေးတိမ်းရှောင်ရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း အချိန်တိုင်းတွင် သူမအား အတင်းအကျပ် ပြန်လာစေခြင်းနှင့် ထိုအကြမ်းဖက်သ မားအား ပြန်လည်လက်ထပ်ရန် ခိုင်းစေခံခဲ့ရသည်။ (အဆိုပါရပ်ရွာတွင် မိမိ၏တရားဝင်အမျိုးသားဆီမှ ထွက်ပြေးရှောင်ရှားခြင်းသည် လင်မယားကွာရှင်းမှုအဖြစ် ယူဆခြင်းကြောင့်ဖြစ်သည်။)  ၂၀၁၉ခုနှစ်၊ ဇွန်လ၊ ၁၂ရက်နေ့တွင် သူမ၏ခင်ပွန်းမှ သူမ၏အမအိမ်တွင် သူမအား လိင်ပိုင်းဆိုင်ရာ အဓမ္မဆက်ဆံရန် ကြိုးစား ခဲ့သည်။ ထိုဖြစ်စဉ်အတွက် မျက်မြင်သက်သေ မြောက်မြားစွာရှိသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ သူမအား မကူညီခဲ့ပေ။ 

ဒေသခံအာဏာပိုင်များဖြစ်သော ကျေးရွာလူကြီးနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ သူမ၏ အခြေအနေကို သိရှိနားလည်ခဲ့သော်လည်း  ၎င်းတို့သည် သူမအားကာကွယ်ရန် မည်သည့်အရေးယူမှု ဆောင်ရွက်ပေးခြင်းမရှိပေ။ ထိုအစား လက်ထပ်ထိမ်းမြားသည့် အစီအစဉ်တွင် ၎င်းတို့ပါဝင်ခဲ့ကြသည်။ သူမသည် ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ၊ ၁၆ရက်နေ့တွင် သူမ၏ခင်ပွန်းနှင့် တရားဝင်ကွာရှင်းပေးရန် ဒေသခံအာဏာ ပိုင်များအား တောင်းဆိုခဲ့သော်လည်း ၎င်းတို့သည် သူမအား သုံးလအချိန်ယူ စဉ်းစားရန်နှင့် သူမကို ကာကွယ်စောင့်ရှောက်ရန် ဘာတစ်ခုမှ မလုပ်ခဲ့ပေ။ သူမသည် အကြမ်းဖက်မှုများကို ထပ်ခါတလဲလဲ ကြုံတွေ့ နေခဲ့ရခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာကို သူမ စတင်ခံစားခဲ့ရသည်။ ထိုရလဒ်ကြောင့် ဒေသခံရွာသားများမှ သူမသည် အောက်လမ်းအတတ်ပညာဖြင့် ပြုစားခြင်းခံနေရသည်ဟု ယုံကြည်ခဲ့ကြသည်။ ထို့နောက် သူမ၏မွေးစားဖခင်မှ ထိုအမှုကို စုံစမ်းစစ်ဆေးရန် ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) အား တောင်းဆိုခဲ့သည်။  

သူမ၏ခင်ပွန်းကို ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ၊  ၃၁ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ သူ့အား အဆင့်ဆင့် စစ် ဆေးမေးမြန်းခဲ့ပြီးနောက် KNPF မှ အတင်းအကျပ် လက်ထပ်ထိမ်းမြားမှုနှင့် လိင်ပိုင်းဆိုင်ရာ  အကြမ်းဖက် မှုတို့ကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းတို့မှ မွေးစားမိခင်အား ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၂ရက်နေ့တွင် ဖမ်းဆီးခဲ့ သည်။ သူမ (မွေးစားမိခင်) မလွတ်မြောက်ခင်၂၀၂ဝခုနှစ်၊ ဇန်နဝါရီလ၊ ၃၁ရက်နေ့တွင် ဘူးသိုမြို့နယ် KNU တရားရုံးမှ သူမအား ငွေဒဏ်ကိုသာ ဆောင်စေခဲ့သည်။ ထိုပြစ်မှုကျူးလွန်သူသည် ဖမ်းဆီးချုပ်နှောင်မှု ဆက်လက်ခံနေရဆဲဖြစ်ပြီး အမှုစစ်ဆေးခြင်းကို စောင့်ဆိုင်းနေရသည်။ 

ပြစ်မှုကျူးလွန်ခံခဲ့ရသူမှ သူမ၏အမှုကို ရဲများထံတွင် တစ်ခါမှ မတင်ပြရဲခဲ့ရသည့်အကြောင်းရင်းမှာ သူမ၏ မွေးစားမိခင်နှင့်ခင်ပွန်းကို ကြောက်ရွံ့ခဲ့ရပြီး ထိုးကြိတ်ညှဉ်းပန်းနှိပ်စက်မှုကြောင့် သူမသည် စိတ်ပိုင်းဆိုင် ရာ  ရောဂါဝေဒနာ ရရှိခဲ့သည်။ သူမသည် ပြစ်မှုဆိုင်ရာ ရာဇဝတ် ဥပဒေနှင့် တရားစီရင်ရေးစနစ်နှင့် သက် ဆိုင်သည့် အသိပညာနည်းပါးသလို သူမ၏ခံစားရမှုများကို အခြားသူများအားပြောပြရန်လည်း ရှက် ကြောက်ခဲ့သည်။ သူမသည် ပြင်းထန်သည့် စိတ်ရောဂါဝေဒနာကို ခံစားနေရဆဲဖြစ်ပြီး ယခုအချိန်ထိ မည် သည့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှု သို့မဟုတ် ထောက်ပံ့မှုများကို မရရှိသေးပေ။ 

ဒုတိယအမှု - ဆွေမျိုးတော်စပ်သူတစ်ဦးမှ ထပ်ခါတလဲလဲပြုကျင့်ခဲ့သည့် သက်ငယ်လိင်းပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အိမ်တွင်းလှောင်ပိတ်ခံထားခဲ့ရမှု[10]  

ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အသက် ၂၂ နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးသည် ဖခင်၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ၂၀၁ဝခုနှစ်မှစ၍ ၂၀၁၉ ခုနှစ်အထိ ခံစားခဲ့ရသည်။ ထိုင်းနိုင်ငံတွင် နေထိုင်ခဲ့စဉ် သူမ အသက် ၁၃ နှစ်အရွယ်တွင် ပထမအကြိမ် လိင်ပိုင်းဆိုင်ရာ အဓမ္မဆက်ဆံခြင်းကို ခံခဲ့ရပြီးနောက် မြန်မာနိုင်ငံတွင် သူနှင့်အတူ ပြန်လည်နေထိုင်ရန် သူမအား အတင်းအကျပ်  ခေါ်ဆောင်ခဲ့ သည်။ သူမသည် ကလေးနှစ်ယောက် ရရှိခဲ့ပြီး သူမကြုံတွေ့ခဲ့ရသော အကြမ်းဖက်မှုကြောင့် ကိုယ်ဝန်တစ် ဗိုက် ပျက်ကျခဲ့ရသည်။ 

၉ နှစ်တာအတွင်းတွင် ပြစ်မှုကျူးလွန်ခဲ့သူသည် ပြစ်မှုကျူးလွန်ခံခဲ့ရသူူကို ၎င်းအား အဖေခေါ်ခွင့်မပြုခဲ့ သောကြောင့် ၎င်းတို့၏ပတ်သက်မှုအစစ်အမှန်ကို လူအများ မသိခဲ့ပေ။ (၎င်းတို့သည် အခြားရွာမှ ရွှေ့ပြောင်းလာ ခြင်းဖြစ်သည်)။ သူသည် တစ်စုံတစ်ယောက်မှ ထိုဖြစ်စဉ် အခြေအနေကို သိလျှင် အဖမ်း ခံရမည်ကို သိနေခဲ့သောကြောင့် သူမမှ တစ်စုံတစ်ယောက်ကို ပြောခဲ့လျှင် သတ်ပြစ်မည်ဟု ခြိမ်းခြောက် ခဲ့သည်။ သူမသည် အခြားသူများနှင့်ရင်းနှီးသွားမှုကို ကာကွယ်ရန် သူမအား အိမ်တွင်း၌ လှောင်ပိတ်ထား ခဲ့သည်။ 

သူမသည် ထိုအကြမ်းဖက်မှုကို သူမ၏ အိမ်းနီးချင်းတစ်ဦးကို ပြောပြနိုင်ခဲ့သည့် အခြေအနေ တစ်ခုရှိခဲ့ပြီး ထိုသူမှ သူမကို ထွက်ပြေးလွတ်မြောက်အောင် ဆောင်ရွက်ပေးခဲ့သည်။  ထိုအခြေအနေအား သူမ၏ဖခင် သိရှိသွားခဲ့၍ သူမအား ပြင်းထန်စွာ ရိုက်နှက်ခဲ့ပြီး သူမအပြင်ထွက်လျှင် သတ်ပြစ်မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သည်။ သူသည် သူမကို မြှုပ်နှံရန်အတွက် ကျင်းကိုပင် တူးခဲ့သေးသည်။ 

၂၀၁၉ခုနှစ်၊ သြဂုတ်လ၊ ရရက်နေ့တွင် ဒေသခံ ရွာသားတစ်ဦးမှ ကရင်အမျိုးသမီးအစည်းအရုံး (KWO) ထံ သို့ တင်ပြခဲ့သည်။ ၂၀၁၉ခုနှစ်၊ စက်တင်ဘာလတွင် ပြစ်မှုကျူးလွန်ခံခဲ့ရသူသည် သူမ၏ဖခင် အခြားရွာ တစ်ရွာသို့ သွားစဉ်တွင် သူမသည် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခွင့် ရရှိခဲ့သည်။ ၂၀၁၉ခုနှစ် အောက်တိုဘာလ၊ ၁ဝရက်နေ့တွင် KWO နှင့် KHRG အဖွဲ့အစည်းနှစ်ခုလုံးမှ ဒေသခံ KNU အာဏာပိုင် များထံတွင် ဤအမှုကို တင်ပြခဲ့သည်။ ပြစ်မှုကျူးလွန်ခဲ့သူမှ ဒူးပလာယာခရိုင် KNU အမျိုးသား တရားရုံးမှ ၂၀၂ဝခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၇ ရက်နေ့တွင် ချမှတ်သည့် သေဒဏ်အမိန့်ကို ရရှိခဲ့သည်။ 

တတိယမြောက်အမှု - သက်ငယ်မိန်းကလေးတစ်ဦးမှ မုဒိန်းကျင့်ခံခဲ့ရပြီး ပြစ်မှုကျူးလွန်ခဲ့သူကို သတ်ပြစ်ခဲ့သည့်အတွက် အမှုမစစ်ဆေးခင်မှစ၍ ရှည်လျားသည့် ထိန်းချုပ်ခြင်းကို ခံခဲ့ရသည့်အမှု[11]   

၂၀၁၈ခုနှစ်တွင် ဖားအံခရိုင်၊ နဘူးမြို့နယ်ရှိ အသက် ၁ရနှစ်အရွယ် မိန်းကလေးတစ်ဦးသည် သူမအား လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခဲ့သည့် သူမ၏ဖခင်အား သတ်ပြစ်ခဲ့သည်။ သူမ၏ဖခင်သည် သူမအသက် ၁၅နှစ်အရွယ်မှစ၍ ၂၀၁၆ခုနှစ်တွင် ပထမအကြိမ် လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခဲ့ပြီးနောက် သူမ အသက် ၁၆နှစ် နှင့် ၁ရနှစ်အရွယ်တွင် နှစ်ကြိမ်ဆက်တိုက် အဓမ္မပြုကျင့်ခဲ့သည်။ နောက်ပိုင်းတွင် သူမ၏အမနှင့် ယောင်းမတို့မှလည်း ဖခင်၏ လိင်ပိုင်းဆိုင်ရာ အဓမ္မဆက်ဆံခြင်းကို ခံခဲ့ရကြောင်း သိရှိလာခဲ့သည်။ ထို့ပြင် သူမ၏ မိခင်အပေါ် ဖခင်မှ အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်နေသည်ကို ငယ်စဉ်ကတည်းက မြင်တွေ့ ခဲ့ရသည်။ 

ပထမတစ်ကြိမ်သူမကို လိင်ပိုင်းဆိုင်ရာ အဓမ္မဆက်ဆံပြီးနောက် သူမ၏ဖခင်မှ သတ်ပြစ်မည်ဟု ခြိမ်း ခြောက်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး သူမ၏မိခင်အားပြောပြခဲ့ကြောင်း သူမမှ ရှင်းပြခဲ့သည်။ သို့သော် သူမ၏မိခင်သည် ထိုအမှုအား မည်သူ့ကိုမှ မတင်ပြခဲ့ပေ။ “ကျွန်မရဲ့အဖေက ကျွန်မကို ခြိမ်းခြောက်ခဲဲ့ တယ်။ ဒီအကြောင်းအရာကို ဘယ်သူ့ကိုမှ မပြောနဲ့။ နင်ပြောရင် ငါနင့်ကို ဟိုးတောအနက်ကြီးထဲ ခေါ်သွား ပြီး နင့်လည်ပင်းကို ကြိုးနဲ့ချည်ပြီး နင်သေတဲ့ထိ တွဲလောင်းချထားမယ်။ ကျွန်မအမေကို ဒီအကြောင်းကို ပြောပြတယ်။ ဒါပေမဲ့ သူက လျှို့ဝှက်ထားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခြားသူတွေ သိသွားရင် ကျွန်မရှက်မှာ ကြောက်လို့လေ။”

အကြိမ်ကြိမ် ခံစားရသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ပြန်သုံးသပ်ရမည်ဆိုလျှင် သူမသည် သူမ ဖခင်ကို သတ်ခဲ့ရသည့် အကြောင်းစုံကို ပြောပြခဲ့သည်မှာ ”ကျွန်မသူ့ကို ခွင့်လွှတ်ဖို့ကြိုးစားခဲ့တယ်။ ဘာ ကြောင့်လဲဆိုတော့ သူက ကျွန်မအဖေဖြစ်နေလို့ဘဲ။ သူက ကျွန်မအပေါ် အကြိမ်ပေါင်းများစွာ ကျူးလွန်ခဲ့ ပြီးတဲ့နောက်မှာ ကျွန်မဒီကိစ္စကို  ဆက်ပြီးဖြစ်ဖို့ခွင့်မပြုနိုင်တော့ဘူး။ ကျွန်မလိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့် ခဲ့ရပြီးတဲ့နောက် ကိုယ်ဝန်မရလို့ ကျွန်မ ကံကောင်းခဲ့တယ်။ မဟုတ်ရင်တော့ ကျွန်မအရှက်တကွဲ ဖြစ် သွားလိမ့်မယ်။ သူမထပ်မံဖြည့်စွက်ခဲ့သည်မှာ “ကျွန်မအဖေ ကျွန်မတို့တွေကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြု ကျင့်ခဲ့တယ်။ အဲဒါကြောင့် ကျွန်မ ညီမလေးအငယ်ဆုံးကိုလည်း အရွယ်ရောက်လာရင် ကျွန်မအဖေ သူ့ကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှာ ကျွန်မစိုးရိမ်ခဲ့တယ်။ သူကတော့ အခု တော်တော်ငယ်သေးတယ်လေ။”  

နောက်ဆုံးတွင် သူမကျုးလွန်ခဲ့သည့် ရာဇဝတ်မှု(လူသတ်မှု)အား ဒေသခံကရင်အမျိုုးသားအစည်းအရုံး အာဏာပိုင်များထံတွင် သူမဝန်ခံခဲ့သည်။ သူမသည် ၂၀၁၈ခုနှစ်၊ အောက်တိုဘာလမှစ၍ ကရင်အမျိုးသား ရဲတပ်ဖွဲ့လက်အောက်ရှိ ဒေသခံဆေးခန်းတစ်ခုတွင် ထိန်းချုပ်ခြင်း ခံခဲ့ရသည်။ သူမအား မည်မျှကြာမြင့်စွာ ထိန်းချုပ်ထားမည် ကို ပြောပြထားခြင်း မရှိသလို  အဖေဖြစ်သူ၏ အဓမ္မပြုကျင့်ခံရမှုကြောင့် ဖြစ်ပွားခဲ့သော လူသတ်မှုစွပ်စွဲချက်ကို ထည့်သွင်းစဉ်းစား ဖြေရှင်းပေးရန် တရားဥပဒေရုံးရှေ့မှောက်သို့ မည်သည့် အချိန်တွင် ဆင့်ခေါ်မည်တို့အား အသိပေးအကြောင်းကြားခြင်းမရှိခဲ့ပေ။  ထိုအမှုသည် ဖားအံခရိုင် ကရင် အမျိုးသားအစည်းအရုံး တရားရုံးသို့ ၂၀၂ဝခုနှစ်၊ ဇန်နဝါရီလ၊ ၂ ရက်နေ့ကမှစ၍ လွှဲပြောင်းခဲ့သည်။ 

၂၀၂ဝခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၄ရက်နေ့တွင် သူမအား စွပ်စွဲထားသော အမှုအားလုံး လျော့ချ ကျေအေး ပေးရန် တရားရုံးမှ ဆုံးဖြတ်ခဲ့သည်။ သို့သော် သူမသည် တရားဥပဒေ မရင်ဆိုင်ခင် ထိန်းချုပ်ခြင်းခံခဲ့သည့် အချိန်အတွက် လျော်ကြေးငွေ မရရှိခဲ့ပါ။ သူမသည် ယခုအချိန်တွင် ကရင်အမျိုးသမီးအစည်းအရုံး၏စောင့် ရှောက်မှုအောက်တွင် ရှိနေပြီး သူမ၏ ပတ်ဝန်းကျင်တွင် ပြန်လည်ပြီး သင့်တင့်မျှတစွာ နေထိုင်ရန် စိတ်ပိုင်း ဆိုင်ရာ ကုသမှုကို လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။ 

စတုတ္ထမြောက်အမှု - ကျောင်းသူတစ်ဦးအား ဆွေမျိုးသားချင်းတစ်ဦးမှ အကြိမ်ပေါင်းမြောက်များစွာ ကျူးလွန်ခဲ့သည့် လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှု[12] 

တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်ရှိ  အသက် (၁၃) နှစ်အရွယ် ကျောင်းသူတစ်ဦးသည် သူမ၏ဦးလေး ဖြစ်သူ၏လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှုကို ၂၀၁၆ခုနှစ်မှစ၍  အကြိမ်ပေါင်းမြောက်များစွာ ခံစားနေခဲ့ရသည်။ သူမကိုယ်ဝန် သုံးလရှိပြီးဖြစ်သည့်အတွက် သူမ၏ဦးလေးမှ သူမအား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ၊ ၂ဝရက်နေ့တွင် ကျောင်းထုတ်ရန် ကြိုးစားခဲ့သည်။ နောက် ဆုံးတွင် သူမ၏အခြေအနေအား ကျောင်းအုပ်ဆရာမကြီးထံသို့ တင်ပြခဲ့သည်။  ထိုကျောင်းအုပ်ဆရာမကြီးမှ ဒေသခံအာဏာပိုင်များကို ဆက်သွယ်အကြောင်းကြားခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆိုပါပြစ်မှုကျူးလွန်ခဲ့သူအား ထိုနေ့တွင်ပင် ဖမ်းဆီးခဲ့သည်။ 

သို့သော် မည်သူတစ်ဦးတစ်ယောက်မျှ အမှုဖွင့် တရားစွဲဆိုထားခြင်းမရှိသောကြောင့် အဆိုပါ ပြစ်မှုကျူး လွန်သူသည် ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ၊ ၂၁ရက်နေ့တွင် လွှတ်မြောက်ခဲ့ကြောင်း ဒေသခံအုပ်ချုပ် ရေးမှူးမှ ရှင်းပြခဲ့သည်။ “နောက်တစ်နေ့မှာ ရဲတွေက ကျွန်တော်တို့ကို ခေါ်ပြီး ပြစ်မှုကျူးလွန်ခံခဲ့ရတဲ့သူရဲ့ အကြောင်းမေးခဲ့တယ်။ သူတို့ပြောတာတော့ ပြစ်မှုကျူးလွန်ခံခဲ့ရတဲ့သူက အမှုဖွင့်တရားစွဲသင့်တယ်။ ဘာ ကြောင့်လဲဆိုတော့ သူတို့က ပြစ်မှုကျူးလွန်ခဲ့တဲ့သူကို ဒီအတိုင်းဖမ်းဆီးထိန်းချုပ်ထားလို့ မရဘူးတဲ့။ ပြစ်မှု ကျူးလွန်ခံခဲ့ရတဲ့သူဘက်က တစ်ယောက်မှ လာပြီးအမှုဖွင့်တိုင်ကြားထားတာမရှိဘူး၊ အဲ့ဒါကြောင့် ကျွန် တော်တို့က ပြစ်မှုကျူးလွန်ခံခဲ့ရတဲ့သူရဲ့ အဖေကို အသိပေးအကြောင်းကြားခဲ့တယ်။ ဒါပေမဲ့ သူရောက်လာ တဲ့အချိန်က  နောက်ကျသွားပြီးဖြစ်တယ်။”

ထိုနေ့ နောက်ပိုင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးမှ ရွာသားများအား အစည်းအဝေးခေါ်ခဲ့သည်။ ဒေသခံများမှ ထိုသူအား ရွာမှ နှင်ထုတ်ရန် သဘောတူခဲ့ကြပြီး ထိုသူအား နောက်ဆုံးတွင် ရွာမှ ထွက်ပြေးတိမ်းရှောင်ရန် ခွင့်ပြုခဲ့သည်။ ပြစ်မှုကျူးလွန်ခံခဲ့ရသူ၏ဖခင်သည် ထိုအစည်းအဝေးသို့ နောက်ကျမှ ရောက်လာခဲ့သည့်အ တွက် ကျေးရွာအုပ်ချုပ်ရေးမှူးမှ သူ၏ထင်မြင်ချက်ကို အရေးပေးခြင်း မရှိတော့ပေ။ သူမ၏ဖခင်မှ ထွက် ပေါ်လာတဲ့  ဖြေရှင်းချက်အပေါ် မကျေနပ်ခဲ့သည့်အတွက် ဒေသခံကရင်အမျိုးသားအစည်းအရုံးထံတင်ပြခဲ့ သည်။ 

၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ၊ ၂ဝရက်နေ့တွင် ပြစ်မှုကျူးလွန်ခဲ့သူမှ ကျေးရွာအုပ်ချုပ်ရေးမှူး၏အကြံပေးမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံတွင် သွားရောက်အဖမ်းခံခဲ့သည်။ ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ၊ ၂၅ရက်နေ့တွင် ထိုသူ အား ဖားအံတရားရုံးသို့ လွှဲပြောင်းပေးခဲ့သည်။ ပထမအကြိမ် တရားစီရင်နာကြားမှုကို ဖားအံခရိုင်တရားရုံး ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၆ရက်နေ့တွင် ပြုလုပ်ခဲ့သော်လည်း မည်သည့် ဆုံးဖြတ်ချက်မှ မချခဲ့ကြပေ။ ဒု တိယအကြိမ် ရုံးချိန်း တရားစီရင်မှုကို ၂၀၂ဝခုနှစ်နှစ်ဦးပိုင်းတွင် ပြုလုပ်သွားမည်ဖြစ်သည်။ 

ထိုဖြစ်ပျက်မှုတွင် ပါဝင်ခဲ့သော ကာယကံရှင်နှစ်ဦးသည် ဆွေမျိုးများ ဖြစ်သောကြောင့် ပြစ်မှုကျူးလွန်ခံခဲ့ရ သူ၏မိခင်နှင့် အခြားဆွေမျိုးသားချင်းများမှ ထိုလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအကြောင်းကို သိရှိခဲ့သော် လည်း ထိုအမှုအား တင်ပြခဲ့ခြင်းမရှိခဲ့ပေ။ သူမ၏ဦးလေးထံမှ ခြိမ်းခြောက်မှုကြောင့် သူမသည် မည်သည့်အ ကြောင်းအရာကိုမျှ ဖွင့်ဟပြောဆိုခွင့်မရှိဘဲ နှုတ်ဆိတ်နေခဲ့ရပါသည်။ သူမသည် ယခုအချိန်တွင် ကရင်အ မျိုးသမီးများမြှင့်တင်ရေးအဖွဲ့ (KWEG) ၏စောင့်ရှောက်မှုအောက်တွင် နေထိုင်နေပါသည်။ သို့သော် သူမ၏ ကိုယ်ဝန်ကြောင့် သူမသည် ခရီးသွားလာနိုင်မည် မဟုတ်ပေ။ သူမမှ ထိုချိန်းဆိုထားသည့် တရားစီရင်မှု လုပ်စဉ်များအား မတက်ရောက်နိုင်ခဲ့လျှင် တရားစီရင်မှုလုပ်စဉ်များနှင့် ရလဒ်အား သူမအပေါ် အကျိုးသက် ရောက်စေနိုင်ပါသည်။ 

(ဂ) သြဇာအာဏာရှိသူများနှင့် လွမ်းမိုးမှုရှိသူများမှ ကျူးလွန်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု

KHRG မှ ၂၀၁၉ခုနှစ်တွင် မြန်မာအစိုးရ၏လုံခြုံရေးတပ်ဖွဲ့များမှ ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှုကို ဖော်ပြသော အစီရင်ခံစာနှစ်ခု ရရှိပါသည်။ ဆယ်ကျော်သက် မိန်းကလေးငယ်တစ်ဦးအား သားမ ယားပြုကျင့်သည့် ရဲအရာရှိတစ်ဦးသည် ကျူးလွန်ခံရသူမိသားစုမှ  တိုင်ကြားမှုများပြုလုပ်ပြီးနောက် ဖမ်းဆီး ခံခဲ့ရပြီး တရားရုံးသို့ ပို့ဆောင်ခြင်းခံရပါသည်။ သို့သော် တရားရုံးမှ ပြစ်မှုကျူးလွန်သူနှင့် လက်ထပ်ရန် သို့မဟုတ် လျော်ကြေးလက်ခံရယူရန် စသည့်ဆုံးဖြတ်ချက်ဖြင့် အမှုအား ကျေအေးစေပါသည်။ ဤပုံ မှန်မဟုတ်သော လုပ်ဆောင်ချက်ကို ကြည့်ခြင်းအားဖြင့် ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ဥပဒေ ပိုင်းဆိုင်ရာ အရာရှိများ၏လက်ထဲတွင်ရှိပြီး အမှုအား မိမိတို့စိတ်ကြိုက်စီမံဆောင်ရွက်နိုင်သည်ကို မြင် တွေ့နိုင်ပါသည်။ 

အခြားဖြစ်စဉ်တစ်ခုဖြစ်သည့် ရွာသူတစ်ဦးအား မုဒိန်းကျင့်ရန် ကြိုးစားအားထုတ်သော တပ်မတော်သား တစ်ဦး၏အမှုတွင်မှာလည်း ပြစ်မှုကျူးလွန်သူ တပ်မတော်သားအား သူ၏အရာရှိမှ ရုပ်ပိုင်းဆိုင်ရာ အပြစ် ဒဏ်ပေးခြင်းဖြင့်သာ အမှုကို ပြီးဆုံးစေပြီး နစ်နာသူအား အမှုနှင့်ပတ်သက်ပြီး မည်သူ့ကိုမှ တင်ပြခြင်း မပြု ရန် ပြောခဲ့ပါသည်။ ဤဖြစ်စဉ်တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုသည် တပ်မတော်အရာရှိများ၏ အမိန့် ဖြင့် အပြစ်ဒဏ်ပေးနိုင်သည့် အမှုအခင်းဖြစ်ပြီး အပြစ်ဒဏ်ပေးရာတွင်မှာလည်း ပြစ်မှုကျူးလွန်သူများအား တာဝန်ယူမှု တာဝန်ခံမှု ရှိစေရန်မဟုတ်ဘဲ ပုံမှန်မဟုတ်သည့် လုပ်ဆောင်ချက်များ ကျန်ရှိနေသေးသည်ကို သိရှိနားလည်နိုင်ပါသည်။ 

ဘုန်းကြီးတစ်ပါးမှ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုရန် သံသယရှိသည့် အမှုတစ်ခုကိုလည်း KHRG မှ မှတ် တမ်းပြုစုမိပါသည်။ ဒေသခံများ၏ တင်ပြချက်အရ အဆိုပါဘုန်းကြီးသည် မိန်းကလေးငယ်များအား သူ့ကို နှိပ်နှယ်ပေးရန် ဘုန်းကြီးများ၏ကျင့်ဝတ်နှင့်ဆန့်ကျင်သည့် အပြုအမှုဖြင့်ခိုင်းစေပါသည်။ သို့စေကာမူ ဒေသ ခံများသည် ဘုန်းကြီးအား ဝေဖန်ပြောဆိုလျှင် ငရဲကြီးမည်ကို စိုးရိမ်သဖြင့် အဆိုပါအမှု ထုတ်ဖော်ပြောဆို ခြင်း မပြုရဲကြချေ။ ဤကဲ့သို့ ဖြစ်စဉ်မျိုးသည် မြန်မာနိုင်ငံတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန် သည့် ဘာသာရေးဆိုင်ရာ လူပုဂ္ဂိုလ်များကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးသည့် ပြဿနာအား ညွှန်ပြနေပါ သည်။ 

ပထမအမှု။ ။ မြန်မာအစိုးရ ရဲအရာရှိမှ ကျူးလွန်သော သက်ငယ်မုဒိန်းမှု[13] 

၂၀၁၉ခုနှစ်၊ သြဂုတ်လ ၃ဝရက်နေ့တွင် အသက် ၁၅နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ညောင်လေးပင် ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ရဲအရာရှိတစ်ဦးမှ ကျောက်ကြီးရဲစခန်းတွင် သားမယား ပြုကျင့်ခဲ့ပါသည်။ သူမသည် ရဲစခန်းရှိ သူမ၏ အကိုဆီသို့ အလည်သွားမည်ဟု ကနဦးတွင် ထွက်ဆိုပြီး ရဲစခန်းသို့ သွားရောက်ပို့ဆောင်ပေးခဲ့သော ရွာသားများမှ နောက်ဆုံးတွင် တာဝန်ကျနေသော ရဲအရာရှိအား သံသယဖြစ်ခဲ့ပါသည်။ အကြောင်းမှာ အဆိုပါ ရဲအရာရှိနှင့် မိန်းကလေး နှစ်ဦးစလုံးသည် အခန်းတစ်ခန်း ထဲတွင် အပေါ်ပိုင်း အဝတ်အစားမပါဘဲ ရှိနေသည်ကို တွေ့ရှိခဲ့သောကြောင့် ဖြစ်သည်။ သို့သော် ဘာတွေ ဖြစ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း သိရှိရခြင်း မရှိပေ။ 

အစပိုင်းတွင် နစ်နာသူသည် မုဒိန်းမှုနှင့်ပတ်သက်ပြီး မည်သူနှင့်မျှ ပြောဆိုဆွေးနွေးခြင်း မရှိခဲ့ပါ။ ရွာထဲမှ ပြောဆိုသံများ ထွက်လာသည်ကို နစ်နာသူ၏အဒေါ်က ကြားသိရပြီး သူမ၏မိဘများအား အသိပေးပြီးမှ အမှုပေါ်ပေါက်လာရခြင်းဖြစ်သည်။ ထို့နောက် အဆိုပါ မိန်းကလေးသည် သူမ၏အမေကို ရဲအရာရှိက သူမအား သားမယားပြုကျင့်ကြောင်း ဝန်ခံပြောဆိုခဲ့သဖြင့် သူမ၏မိခင်မှ အမှုအား ကျောက်ကြီးရဲစခန်းသို့ တိုင်ကြားခဲ့ပါသည်။ 

ကျောက်ကြီးရဲစခန်းရှိ ရဲအရာရှိများက ပြစ်မှုကျူးလွန်သူအား ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ၊ ၁ရက်နေ့တွင် ဖမ်းဆီးခဲ့ပါသည်။ ရဲအရာရှိများသည် ထို့နေ့ တစ်ရက်တည်းတွင် ပြစ်မှုကျူးလွန်သူနှင့် ကျူးလွန်ခံရသူ မိ သားစုတို့အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အမှုအား ပိတ်ပစ်ရန် ဖြေရှင်းသည်အနေဖြင့် ကျူးလွန်သူနှင့် ကျူးလွန်ခံရသူအား လက်ထပ်ပေးရန် အဆိုပြုရာတွင် တရားလိုနှင့် တရားခံမိသားစုနှစ်ဖက်စလုံးမှ သ ဘောမတူကြပေ။ တရားခံမိသားစုဘက်မှ ကျူးလွန်ခံရသူအား လျော်ကြေးပေးခြင်းအမှုအား ဖြေရှင်းစေ လိုပါသည်။ သို့သော် တရားလိုမိသားစုဘက်မှ အမှုအား တရားဥပဒေအတိုင်း ဖြေရှင်းဖို့ တရားရုံးသို့ လွှဲ ပြောင်းပေးရန် မိန်းကလေး၏မိခင်မှ ဤသို့ ရှင်းပြပါသည်။ “(သူမကို) ဥပဒေကို လေးစားဖို့နဲ့ လိုက်နာဖို့ကို သိတဲ့သူက သားမယားပြုကျင့်တာ မဖြစ်သင့်တဲ့ ကိစ္စပါ။ ဒါကြောင့် ဒီအမှုအတွက် အရေးယူပေးစေလိုပါ တယ်။”

ထို့နောက် အမှုအား တရားရုံးသို့ လွှဲပြောင်းပေးခဲ့ပါသည်။ သို့သော် ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ ၁၈ရက် နေ့တွင် တရားခံမှ ပြစ်မှုကျူးလွန်ကြောင်း ငြင်းဆိုထားပါသည်။ အမှုနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမည့် ရက်အား ရွှေ့ဆိုင်းထားပါသည်။ အမှုအား မည်သို့ ကိုင်တွယ်ဖြေရှင်းပြီး ဘယ်အချိန်ဖြေရှင်းပေးမည်ကိုမူ နစ်နာသူ၏ မိဘအား ပြောပြထားခြင်း မရှိပါ။ ဤကဲ့သို့ ပွင့်လင်းမြင်သာမှု အားနည်းနေခြင်းအပေါ် နစ်နာ သူ မိဘများသည် မြန်မာအစိုးရ၏ တရားစီရင်ရေး စနစ်အား အယုံအကြည် နည်းပါးလာစေပြီး အမှုအား က ရင်အမျိုးသား အစည်းအရုံး KNU သို့ တင်ပြရန် စီစဉ်ထားပါသည်။  

ဤအမှုအား KHRG သို့ တင်ပြသည့်အချိန်တွင် နစ်နာသူမိန်းကလေးသည် သူမ၏ဖြစ်စဉ်ကြောင့် ရှက် ကြောက်ခဲ့ရသဖြင့် ကျောင်းတက်ခြင်း မရှိတော့ပေ။ ရရှိခဲ့သည့် စိတ်ဒဏ်ရာများကြောင့် မိမိကိုယ်ကို အဆုံး စီရင်ရန် စဉ်းစားခဲ့သည့်အပေါ် သူမ၏ မိဘများက သူမအား နှစ်သိမ့်ဆွေးနွေးပေးမည့်သူကို ရှာဖွေတွေ့ရှိ လိုပါသည်။ 

ဒုတိယအမှု။ ။ တပ်မတော်သားတစ်ဦးမှ သားမယားပြုကျင့်ရန် အားထုတ်မှု[14] 

ဘုန်းကြီးကျောင်းတွင် ယာယီစခန်းချနေသော တပ်မတော် စစ်ကြောင်းတစ်ကြောင်းမှ တပ်မတော်သား တစ်ဦးသည် ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်ရှိ ရွာသူတစ်ဦးအား သားမယားပြုကျင့်ရန် အားထုတ်မှု တစ်ခု ၂၀၁၉ခုနှစ်၊ ဇွန်လ၊ ရရက်နေ့တွင် ဖြစ်ပွားခဲ့ပါသည်။ နစ်နာသူအမျိုးသမီးသည် အဓမ္မပြုကျင့်ရန် ကြိုးစားအားထုတ်သည့် တပ်မတော်စစ်သားအား တွန်းထုတ်ခြင်း၊ အော်ဟစ်အကူအညီတောင်းခြင်းဖြင့် သားမယားပြုကျင့်မှုအား ခုခံကာကွယ်နိုင်ခဲ့ကြောင်း သူမမှ ဤကဲ့သို့ ရှင်းပြပါသည်။ “ထွက်ပြေးလွှတ် မြောက်နိုင်ဖို့ မိနစ်အတော်ကြာ ကြိုးစားခဲ့ရတယ်။ သူ့လက်က ကျွန်မပါးစပ်ကို ပိတ်ထားတော့ အကူ အညီရဖို အကျယ်ကြီးအော်ခေါ်ခဲ့ပေမယ့် ဘယ်သူမှ မကြားလိုက်မိဘူး။ ကံကောင်းစွာဘဲ ဒူးရင်းသီးသွား ကောက်လာတဲ့ရွာသားတစ်ယောက် ပြန်လာတဲ့အချိန်နဲ့ တိုးနေတော့ နောက်တစ်ကြိမ် ထပ်အော်တယ်။ တစ်ချိန်တည်းမှာဘဲ ထွက်ပြေးနိုင်ဖို့ ကြိုးစားခဲ့တယ်။ အဲ့ဒီတပ်မတော်စစ်သားက လမ်းသွားလမ်းလာ ဖြတ် လျှောက်လာတဲ့ အသံကြားတော့မှဘဲ သူထွက်ပြေးလိုက်တယ်။ သူကျွန်မကို သားမယား မပြုကျင့်နိုင်ခဲ့ ဘူး။ ” 

နစ်နာသူအမျိုးသမီးနှင့်အတူ ဒေသခံခေါင်းဆောင်များ၊ ကရင်အမျိုးသမီးအဖွဲ့အစည်းမှ အဖွဲ့ဝင်အချို့တို့ သည် ဘုန်းကြီးကျောင်းတွင် စခန်းချနေသည့် တပ်မတော် အရာရှိအား အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ၂၀၁၉ခုနှစ်၊ ဇွန်လ၊ ၈ရက်နေ့တွင် တိုင်ကြားခဲ့ပါသည်။ ၎င်းအရာရှိမှ စစ်သားများအား တန်းစီခိုင်းပြီး သားမ ယားပြုကျင့်ရန် ကြိုးစားခဲ့သူသည် မည်သူဖြစ်ကြောင်း နစ်နာသူအမျိုးသမီးအား ညွန်ပြခိုင်းပါသည်။ ထို နောက် အဆိုပါစစ်သားအား သူ၏အရာရှိမှ အပြစ်ဒဏ်ပေးသည့်အနေဖြင့် အကြိမ်ကြိမ် ရိုက်နှက်ခဲ့ပါသည်။ အရာရှိမှ နစ်နာသူအမျိုးသမီးအား ဤဖြစ်စဉ်နှင့် ပတ်သက်ပြီး မည်သူ့ကိုမှ ပြန်လည်ပြောပြခြင်း မပြုရန် ပြောခဲ့ပါသည်။ 

ဤစစ်ကြောင်း စခန်းချသည့်နေရာသည် သူမ၏အိမ်နှင့်နီးသဖြင့် သူမသည် အိမ်တွင် တစ်ယောက်ထဲမ အိပ်ရဲပေ။ ဤဖြစ်စဉ်နှင့် ပတ်သက်ပြီး သတင်းများ ပြန့်နှံ့ခြင်းရှိခဲ့ပါက သူမ တစ်ခုခုဖြစ်မည်ကိုလည်း အ လွန်စိုးရိမ်မိပါသည်။ တပ်မတော် စစ်သားများရွာထဲတွင် ဆက်လက်စခန်းချမည်ဆိုပါက  အခြားသော အ မျိုးသမီးများအတွက်ပါ စိုးရိမ်မှုများ ဖြစ်စေပြီး ၎င်းတို့အား မလုံခြုံမှုဖြစ်စေပါသည်။ ထို့ကြောင့် အဆိုပါစစ် ကြောင်းအား ဘုန်းကြီးကျောင်းမှ ထွက်ခွာစေချင်ပြီး ၎င်းတို့၏ယာယီမဟုတ်သော တပ်စခန်းတွင်သာ ပြန်လည်နေစေလိုပါသည်။ 

တတိယအမှု။ ။ ဘုန်းကြီးတစ်ပါးမှ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုရန် သံသယရှိသည့်အမှု[15] 

ဘားအံခရိုင်၊ တနေးချားမြို့နယ်၊ ဝေါ်လေကျေးရွာအုပ်စုရှိ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးသည် လိင်ပိုင်းဆိုင် ရာ အကြမ်းဖက်မှုနှင့် ပါဝင်ပတ်သက်မှုရှိသည့်အကြောင်းကို ဖော်ပြသည့် အစီရင်ခံစာတစ်စောင်အား KHRG မှ ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလအတွင် ရရှိခဲ့ပါသည်။ ဤဘုန်းကြီးသည် ဆယ်ကျော်သက်အရွယ် မိန်းက လေး (၁၀) ဦးခန့် မွေးစားထားကြောင်း ဆိုကြပါသည်။ ဘုန်းကြီးမှ အဆိုပါ မိန်းကလေးများ၏ပညာရေးကို ထောက်ပံ့ပေးပြီး သူတို့အား ရွှေဆွဲကြိုးနှင့်လက်စွပ်များ ဝယ်ပေးခဲ့ပါသည်။ သို့သော် အဆိုပါဘုန်းကြီးသည် မိန်းကလေးများအား ရည်းစားထားရှိခြင်းကို ပိတ်ပင်တားမြစ်ထားပါသည်။ လွန်ခဲ့သည့် (၂) နှစ်ခန့်တွင် မိန်းကလေးတစ်ဦးသည် ရည်းစားထားရှိသည့်အတွက်ကြောင့် ဘုန်းကြီးနှင့် စကားများခဲ့သည်။ သူမမှ ဘုန်းကြီးအား ရွှေဆွဲကြီးနှင့် လက်စွပ်တို့ကို ပြန်အပ်နှံ၍ ဘန်ကောက်သို့ အလုပ်ထွက်ရှာသွားခဲ့ပါသည်။ 

ဘုန်းကြီးသည် နေမကောင်း(နာတာရှည်ရောဂါ) ဖြစ်သည့်အခါတိုင်း မိန်းကလေးတစ်ယောက်အား ခေါ်ယူ ၍ သူ၏အိပ်ယာပေါ်တွင် သူ့ပေါင်အား နှိပ်ခိုင်းပါသည်။ တစ်ခါတစ်ရံ ညနက်သည်အထိ နှိပ်ခိုင်း၍ နှိပ်ပေး သည့် မိန်းကလေးက ဘုန်းကြီးကျောင်းတွင် အိပ်ခဲ့ရပါသည်။ ၂၀၁၈ခုနှစ်တွင်မှာလည်း မိန်းကလေးနှစ်ဦး သည် သူ့အား ညနက်သည်အထိ နှိပ်ပေးခဲ့ရပါသည်။ အခြားသော မိန်းကလေးများကလည်း သူ့ကို နှိပ်ခိုင်း ခဲ့ပါသည်။ 

ဒေသခံများက မိန်းကလေးများသည် အဆိုပါ ဘုန်းကြီးကို ကြောက်နေကြပါသည်။ သို့သော် ဤအကြောင်း နှင့်ပတ်သက်ပြီး ပြောဆိုကြရန် အဆင်မပြေကြောင်း ရွာသားတစ်ဦးမှ KHRG သို့ ယခုလို ရှင်းပြပါသည်။ “ဒီအကြောင်းကို ကျွန်မတို့ မပြောရဲကြဘူး။ ဘာလို့လဲဆိုတော့ တစ်ခုခု ဖြစ်လာရင် ဒုက္ခရောက်မှာ စိုးရိမ် ကြရတယ်။” ဘုန်းကြီးအား ဝေဖန်ပြောဆိုခြင်းသည် ငရဲကြီးသည်ဟု ရွာသားများက ယုံကြည်ကြပြီး ဤအရာသည် ရွာသားများအား ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ ကိစ္စများကို တင်ပြရန် အဟန့်အတားဖြစ်စေပါသည်။ 

KHRG ၏ကွင်းဆင်းလုပ်သားက အဆိုပါရွာမှ ထွက်သွားသောအခါ ထိုဘုန်းကြီးသည် ၎င်း၏နောက်လိုက် တပည့်အား ရွာသားများကို မေးမြန်းစစ်ဆေးရန်ခိုင်းစေခဲ့ပါသည်။ မည်သူတစ်ဦးတစ်ယောက်က ဘုန်းကြီး အကြောင်းနှင့်ပတ်သက်ပြီး သတင်းအချက်အလက်ပေးသူနှင့် သတင်းလာရောက်ကောက်ယူသူကို သိရှိ
လိုခြင်းကြောင့်ဖြစ်သည်။ 

နိဂုံး

KHRG မှ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသူများ၏ အသံများနှင့် ၎င်းတို့မှ ပြစ်မှုကျူးလွန်သူများကို အရေးယူ ပေးရန် တောင်းဆိုနေမှုများကို ဖော်ပြသည့် အစီရင်ခံစာများ ပိုမိုရရှိခဲ့သည်။ ဤကဲ့သို့ အမျိုးသမီးများ၏ တောင်းဆိုနေမှုများ ပိုမိုများပြားလာသည့်တိုင်အောင် လူမှုအသိုင်းအဝိုင်းမှ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရ သူများကို ကဲ့ရဲ့ရှုပ်ချခြင်း၊ ဝေဖန်ပြောဆိုခြင်း၊ ပြစ်မှုကျူးလွန်သူများ၏ ခြိမ်းခြောက်မှုများ ခံရခြင်းနှင့် ဥပဒေ ပိုင်းဆိုင်ရာ အသိပညာ ဗဟုသုအားနည်းခြင်းများသည် ၎င်းတို့၏ အတွေ့အကြုံများ ထုတ်ဖော်ပြောဆိုရန် အဟန့်အတားများ ဖြစ်စေပါသည်။   ထို့ကြောင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသူများမှ ၎င်းတို့၏တိတ် ဆိတ်မှု ဖြိုခွင်းရန် ကြိုးစားနေမှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ပတ်သက်သည့် ပညာပေးခြင်းများ၊ ဒေသအတွင်း အမျိုးသမီးများ၏အခွင့်အရေးမြှင့်တင်ရေး အစီအစဉ်များ စသည်တို့ကို ပိုမိုများပြားလာ အောင် လုပ်ဆောင်သင့်ပါသည်။ ကျူးလွန်ခံရသူများကို အပြစ်တင်သည့် ဓလေ့ကိုလည်း ပပျောက်အောင် လုပ်ဆောင်ရန် လိုအပ်ပါသည်။ 

KHRG မှ မှတ်တမ်းပြုစုခဲ့သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းမှုများထဲမှ ငါးမှုသာလျှင် တရားရုံးသို့ ရောက်ရှိပါ သည်။ သုံးမှု တရားစီရင်ဆဲ ဖြစ်နေပြီး တစ်မှုသည် တရားသူကြီးမှ ပုံမှန်မဟုတ်သော ကျေအေးမှုဖြင့် မလုပ် ဆောင်ပေးသောကြောင့် အမှုအား ပိတ်လိုက်ပါသည်။ အဆိုပါ အမှုများထဲမှ ပြစ်မှုကျူးလွန်သူတစ်ဦး တည်းသာ အဆိုပါမှုအား အရေးယူ၍ရသည့် ဥပဒေပုဒ်မဖြင့် တရားဝင် အရေးယူခြင်း ခံရပါသည်။ အမှု လေးမှုမှာ ကျေးရွာခေါင်းဆောင်များနှင့် တပ်မတော် အရာရှိများက ကိုင်တွယ်ဖြေရှင်းပြီး သုံးမှုသည် ပုံမှန် မဟုတ်သည့် နည်းလမ်းဖြင့် ဖြေရှင်းသလို အမှုလေးမှုတွင် ပြစ်မှုကျူးလွန်သူအား အရေးယူခြင်းမရှိပါ။ ဤ အခြေအနေသည် အလွန်စိုးရိမ်ဖွယ်ရာ ဖြစ်စေပါသည်။ အကြောင်းမှ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသူအ များစုသည် တရားမျှတမှု ရယူနိုင်ခြင်း မရှိကြချေ။ ပြစ်မှုကျူးလွန်သူများ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် အ ရေးတစ်ကြီး လုပ်ဆောင်ရမည်ဖြစ်သည်။ 

KHRG မှ မှတ်တမ်းပြုစုခဲ့သည့် လိင်ပိုင်းဆိုင်ရာ မှုခင်းများသည် နစ်နာကြေး ရရှိသည့် ကျူးလွန်ခံရသူ တစ် ဦးတစ်ယောက်မျှ မရှိသလို မြန်မာအစိုးရသော်လည်းကောင်း KNU သော်လည်းကောင်း သူတို့အား ထောက်ပံ့ကူညီခြင်း မရှိပါ။ ကျူးလွန်ခံရသူ သုံးဦးသည် NGO မှ ၎င်းတို့၏ လစ်ဟာမှုများ ဖြည့်ဆည်းပေးပြီး အထူးအကူအညီပေးထားပါသည်။ မည်သို့ပင်ဆိုစေကာမူ အစိုးရအနေဖြင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရ သူများအား ငွေကြေးဆိုင်ရာ ထောက်ပံ့မှုများ၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုများ၊ လူမှုအသိုင်းအဝိုင်း သို့ ပြန်လည်ဝင်ဆန့်နိုင်ရန်နှင့် ၎င်းတို့၏ စိတ်ဒဏ်ရာများကို ပြန်လည်ကုစားရန် လိုအပ်သည့်  မည်သည့် ဝန်ဆောင်မှုမျိုးမဆို ပေးရန် အစီအစဉ်များ ချမှတ်ထားရမည် ဖြစ်သည်။

Thu, 26 Mar 2020

Footnotes: 

[1] ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ၂၀၀၂ ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်ဝေခဲ့သော “World report on violence and health” အစီရင်ခံစာမှ စာမျက်နှာ (၁၄၉) ကိုကြည့်ပါ။ 

[2] လူ့အခွင့်အရေးကောင်စီ (HRC) မှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် ရေးသားထုတ်ဝေခဲ့သော “Detailed  findings of  the Independent  International  Fact-Finding  Mission on Myanmar” အစီရင်ခံစာကို ကြည့်ပါ။ 

[3] ကရင်လူ့အခွင့်အရေးအဖွဲ့မှ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ရေးသားထုတ်ဝေခဲ့သော “Suffering in silence? Sexual violence against women in Southeast Myanmar” တွင် ကြည့်ပါ။ 

[4] အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကော်မတီမှ ၂၀၁၆ခုနှစ်၊ ဇူလိုင်လတွင် ရေးသားထုတ် ဝေခဲ့သော “Concluding observations on the combined fourth and fifth periodic reports of Myanmar” အစီရင်ခံစာ၏အပိုဒ် (၁၈)ကို ဖတ်ရှုပါ။  

[5] ဤသတင်းအကြောင်းအရာကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် လက်ခံရရှိခဲ့ပြီး မထုတ်ဝေရသေးသော အစီရင်ခံစာမှ ကောက်နုတ်ထားပါသည်။ 

[6] ကရင်လူ့အခွင့်အရေးအဖွဲ့မှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် ရေးသားထုတ်ဝေခဲ့သော “Mergui-Tavoy Incident Report: Rape case in Lay Nya Bu Pyin Township, December 2017” တွင် ကြည့်ရှုပါ။

[7] ကရင်လူ့အခွင့်အရေးအဖွဲ့မှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် ရေးသားထုတ်ဝေခဲ့သော “Hpa-an Incident Report: Rape case in Nabu (T’Nay Hsah) Township, 2018 Rainy Season” တွင် ကြည့်ရှုပါ။ 

[8] ဤသတင်းအကြောင်းအရာကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် လက်ခံရရှိခဲ့ပြီး မထုတ်ဝေရသေးသော အစီရင်ခံစာမှ ကောက် နုတ်ထားပါသည်။ 

[9] ကရင်လူ့အခွင့်အရေးအဖွဲ့မှ ၂၀၂ဝ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရေးသားထုတ်ဝေခဲ့သော “Hpapun District Incident Report: Torture, forced child marriage and multiple instances of child rape in Bu Tho Township, May to October 2019” တွင် ကြည့်ရှုပါ။ 

[10] ကရင်လူ့အခွင့်အရေးအဖွဲ့မှ ၂၀၂ဝ ခုနှစ်၊ ဇန်နဝါရီလတွင် ရေးသားထုတ်ဝေခဲ့သော KHRG (January 2020), “Dooplaya Incident Report: Multiple instances of child rape and domestic abuse in Noh T'Kaw Township, 2010 to 2019” တွင် ကြည့်ရှုပါ။

[11] ကရင်လူ့အခွင့်အရေးအဖွဲ့မှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ရေးသားထုတ်ဝေခဲ့သော “Hpa-an Incident Report: Arbitrary detention and lack of fair trial in sexual violence-murder case in T’Nay Hsah Township” တွင် ကြည့်ရှုပါ။ 

[12] ကရင်လူ့အခွင့်အရေးအဖွဲ့မှ ၂၀၂ဝ ခုနှစ်၊ မတ်လတွင် ရေးသားထုတ်ဝေခဲ့သော “Taw Oo District Incident Report: Multiple instances of child rape, 2016 to October 2019” တွင် ကြည့်ရှုပါ။ 

[13] ကရင်လူ့အခွင့်အရေးအဖွဲ့မှ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ရေးသားထုတ်ဝေခဲ့သော “Nyaunglebin Incident Report: Child rape by a Myanmar police officer in Kyaukkyi Township, August 2019” တွင် ကြည့်ပါ။ 

[14] ကရင်လူ့အခွင့်အရေးအဖွဲ့မှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် ရေးသားထုတ်ဝေခဲ့သော “Dooplaya Incident Report: Attempted rape by a Tatmadaw soldier in Kawkareik Township, June 2019” တွင် ကြည့်ရှုပါ။

[15] ဤသတင်းအကြောင်းအရာကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် လက်ခံရရှိခဲ့ပြီး မထုတ်ဝေရသေးသော အစီရင်ခံစာမှ ကောက်နုတ်ထားပါသည်။ 

Related Readings