
DKBA မှ စစ်သားများနှင့်ရိက္ခာပစ္စည်းများကို သယ်ယူပို့ဆောင်ပေးရန် ရွာသားများအား အဓမ္မခိုင်းစေမှု
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့သည် ဒါလီတံတားကိုဖောက်ခွဲဖျက်ဆီးခဲ့သည်။ ဒါလီတံတားသည် ကြာ အင်းဆိပ်ကြီးမြို့နှင့်အဆ---ကျေးရွာအကြား ဆက်သွယ်ထားသောတံတားဖြစ်သည်။ (ကြာအင်းဆိပ်ကြီးမြို့သည် ဒူးပ လာယာခရိုင်၊ နို့တကော (ကြာအင်းဆိပ်ကြီး) မြို့နယ်တွင်တည်ရှိပြီး ဒေသခံများက ဆိပ်ကြီးမြို့ဟုလည်း ခေါ်ဝေါ်ကြ သည်။ အဆ---ကျေးရွာသည် ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်တွင် တည်ရှိသည်။) KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ များက မြန်မာစစ်တပ်မှ စစ်သားများ (သယ်ယူပို့ဆောင်ရေး) အဆက်အသွယ်ပြတ်စေရန်ရည်ရွယ်ချက်ဖြင့် ဒါလီတံ တားကို ဖောက်ခွဲဖျက်ဆီးလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာစစ်တပ်သည် ဤတံတားကို သွားလာဖြတ်သန်းရန် အတွက် အသုံးပြု၍မရတော့ပေ။ ဤတံတားသည် ချောင်းနှစ်ခွတပ်စခန်းနှင့်ကြာအင်းဆိပ်ကြီးမြို့ရှိ တပ်စခန်းအကြား ဆက်သွယ်သွားလာရသည်ဖြစ်၍ မြန်မာစစ်တပ်အ တွက် အရေးပါသောတံတားတစ်ခုဖြစ်သည်။ မြန်မာစစ်တပ်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ရွေးကောက်ပွဲကျင်းပရန်စီစဉ်ထားသည့်အတွက်ကြောင့် ဤတံတားအနီးတစ်ဝိုက်ရှိ နယ်မြေများကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် နည်းလမ်းအမျိုးမျိုးဖြင့်ကြိုးစားခဲ့ကြသည်။ (သို့မှသာ ၎င်းတို့သည် ဤတံတားကို ပြန်လည်ပြုပြင်၍အသုံးပြုနိုင်သည်။) ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာစစ်တပ်သည် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) မှ ဗိုလ်နိုက်ကလပ်နှင့်ပူးပေါင်းကာ တပ်ဖွဲ့အင်အားများစွာဖြင့် စစ်ကြောင်းထိုး လာ၍ ဒါလီတံတားနှင့် ကြာအင်းဆိပ်ကြီးမြို့ဘက်ရှိ လမ်းကြောင်းများကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက် (၈)နာရီခန့်တွင် ဗိုလ်နိုက်ကလပ်ဦးဆောင်သော DKBA စစ်သားများသည် နို့တကောမြို့နယ်၊ ဒါလီကျေးရွာအုပ်စု၊ အအ---ကျေးရွာတွင် နေထိုင်သည့်ရွာသားတစ်ဦးဖြစ်သူ အ---ကို ၎င်း၏ကိုယ်ပိုင် ကားဖြင့် အဆ---ကျေးရွာမှ ဒါလီတံတားသို့ မြန်မာစစ်သားများနှင့်ရိက္ခာများအား သယ်ယူပို့ဆောင်ပေးရန် အဓမ္မခိုင်း စေခဲ့သည်။ (ဤအကြောင်းနှင့်ပတ်သက်၍ လုံခြုံရေးအတွက် အသေးစိတ်ကို ဖော်ပြလို့မရပါ။) DKBA စစ်သားများ သည် အ---အား နှစ်ကြိမ်တိုင်တိုင် ရိက္ခာပို့ဆောင်ပေးရန် ခိုင်းစေခဲ့သည်။ ပထမအကြိမ်တွင် (အချိန်ကာလအတိအကျ မသိရှိရ) အ---သည် ဆန်အိတ် (၁၀၀)လောက်ကို ပို့ဆောင်ခဲ့ရသည်။ အ---အနေဖြင့် DKBA စစ်သားများမှ ၎င်းအား ရိက္ခာများထပ်မံပို့ဆောင်ခိုင်းမည်ကို စိုးရိမ်မိခဲ့သည်။ ထို့ကြောင့် သူ၏ကားကို ဖွက်ထားလိုက်သည်။ သို့သော်လည်း (ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်) DKBA စစ်သားများက ၎င်းအား ရိက္ခားများထပ်မံပို့ဆောင်ပေးရန် ခိုင်းစေခဲ့ပြန်သည်။ ဤကိစ္စနှင့်ပတ်သက်၍ အ---က ယခုလိုပြောသည်။ “ဒုတိယအကြိမ်မှာ DKBA စစ်သားတွေပဲ ကျွန်တော့်ကို ပို့ခိုင်းပြန် တယ်။ နောက်တစ်ခေါက်သွားပို့ပေးရမှာကြောက်တယ်လို့ သူတို့ကိုပြောပြတယ်။ ဘာမှမဖြစ်ပါဘူးလို့ သူတို့ပြန်ပြော တယ်။ ပြီးတော့ တစ်ခုခုဖြစ်ရင် သူတို့ဖက်က တာဝန်ယူမယ်တဲ့။ ကျွန်တော်လည်းပြန်ပြောတယ်။ ‘ကျွန်တော့်ကားကို ယူသွားလို့ရတယ်။ ဒါပေမဲ့ မင်းတို့နောက်ကို မလိုက်နိုင်ဘူးပေါ့။’ ဒါပေမဲ့ DKBA စစ်သားတစ်ယောက်ပြန်ပြောတာက ‘မရဘူး။ ကားကို မယူဘူး။ မင်းကိုယ်တိုင်မောင်းပို့ရမယ်။ ငါကားမမောင်းတတ်ဘူးကွ။’”
အ---သည် DKBA စစ်သားများကို အဆ---ရွာသို့ မောင်းပို့ပေးခဲ့သည်။ ထိုရွာသို့ရောက်သောအခါတွင် ရိက္ခာပို့ပေးရမည့် အစား မြန်မာစစ်သားအယောက် (၃၀) ခန့်ကို ပို့ဆောင်ပေးရန် အ---အား အတင်းခိုင်းစေခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လ ၁၀ ရက်နေ့ မနက် (၁၀) နာရီဝန်းကျင်တွင် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များသည် အဆိုပါမြန်မာစစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် ဒါလီတံတားသို့သွားနေစဉ် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ၎င်းတို့အား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြန်သည်။ ဤတိုက်ခိုက်မှုကြောင့် အ---၏ကားကို ထိမှန်၍ မီးလောင်ပျက်စီးသွားခဲ့ပြီး ကားထဲရှိ မြန်မာစစ်သားအချို့လည်း သေဆုံးသူများရှိသလို ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်။ ဤအကြောင်းနှင့်ပတ်သက်၍ အ---က ယခုလိုပြောပြသည်။ “အစပိုင်းမှာ ‘ဝုန်း’ကနဲဆိုတဲ့အသံကို ကြားလိုက်တယ်။ သေနတ်ပစ်ခတ်သံတွေကိုလည်း တစ်ချက်နှစ်ချက်ကြားလိုက်တယ်။ အနောက်ဖက်ကိုကြည့်လိုက်တော့ ကျွန်တော့်ကားမီးလောင်သွားတယ်။ ကားပေါ် ကနေ ခုန်ချမယ်လုပ်တော့ DKBA စစ်သားတစ်ယောက်က ကျွန်တော့်ကို ကားဆက်မောင်းခိုင်းတယ်။ တစ်မိနစ်အကြာ ဆက်မောင်းပြီးနောက် ဒါလီတံတားကို ရောက်တဲ့အချိန်မှာ ကျွန်တော်လည်း ကားပေါ်ကနေ ခုန်ချလိုက်တယ်။ ပြီး တော့ ကားလည်းမီးလောင်ပြီး ပေါက်ကွဲသွားခဲ့တယ်။” (ထိုအခင်းဖြစ်စဉ်တွင် အ---အနေဖြင့် ဒဏ်ရာရရှိခြင်းမရှိခဲ့ပေ။)
အ---သည် ၎င်း၏ကားကို ကျပ် (၈၀,၀၀၀,၀၀၀) ဖြင့်ဝယ်ယူခဲ့သည်။ သူသည် ကားမောင်းသည့်အလုပ်ဖြင့်ဝင်ငွေရှာကာ မိသားစုကို ကျွေးမွေးထောက်ပံ့သည်။ ယခုလိုကားမီးလောင်ပျက်စီးသွားသဖြင့် ဝင်ငွေမရှိတော့ပဲ မိသားစုစားဝတ်နေ ရေးအခက်အခဲရှိလာသည်။ အ---သည် ဗိုလ်နိုက်ကလပ်ကို သွားရောက်တွေ့ဆုံခဲ့သည်။ သို့သော်လည်း မတွေ့ဖြစ်ခဲ့ပေ။ အ---သည် DKBA စစ်သားတစ်ဦးနှင့်ဆုံတွေ့ခဲ့သည်။ အဆိုပါစစ်သားတစ်ဦးက ကားမီးလောင်ပျက်စီးသွားသည့်ကိစ္စနှင့် ပတ်သက်၍ အထက်အရာရှိများကို တင်ပြခဲ့ပြီးဖြစ်ကြောင်း အ---အား ပြောခဲ့သည်။ သို့သော်လည်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါ ရီလတွင် ကြားသိရှိရသည့်သတင်းအရ အ---အနေဖြင့် DKBA စစ်သားများထံမှ တစ်စုံတစ်ရာအကြောင်းပြန်ခြင်း မရရှိခဲ့ပါ။
မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ်တစ်လုံးနှင့်စိုက်ပျိုးပင်များထိခိုက်ပျက်စီးမှု
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့တွင် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များသည် နို့တကောမြို့နယ်ရှိ မြန်မာစစ်တပ် ထိန်းချုပ်ထားသောနယ်မြေတွင်တည်ရှိသည့် ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၃၂) တပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ သည်။ မနက် (၁၁) နာရီဝန်းကျင်တွင် မြန်မာစစ်သားများသည် ထိုဒေသအနီးရှိ ကျေးရွာများသို့ လက်နက်ကြီး (၈၁) မမနှင့် (၁၂၀)မမများ ရမ်းသမ်းပစ်ခတ်ခဲ့သည်။ လက်နက်ကြီးများသည် နို့တကောမြို့နယ်၊ နို့တကောကျေးရွာအုပ်စု၊ အဒ---ကျေးရွာနှင့်အဘ---ကျေးရွာများတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ ထိုကျေးရွာနှစ်ရွာသည် နယ်နိမိတ်ချင်းထိစပ် ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ထိန်းချုပ်မှုအောက်တွင် တည်ရှိသည်။ လက်နက်ကြီးတစ်လုံးသည် အဘ--- ကျေးရွာရှိ အသက် (၃၈)နှစ်အရွယ်ရှိသော နော်ဘ---၏နေအိမ်အနောက်တွင် ကျရောက်ပေါက်ကွဲ၍ နေအိမ်ခေါင်မိုး၊ အုန်းပင်များနှင့်ကွမ်းပင်များအား ကျည်စများ ထိမှန်၍ အနည်းငယ်ပျက်စီးသွားခဲ့သည်။
ဤဖြစ်စဉ်နှင့်ပတ်သက်၍ အဘ--- ကျေးရွာမှ နော်ဘ---က KHRG အား ယခုလိုရှင်းပြသည်။ “ပထမလက်နက်ကြီး တစ်လုံးက ကျွန်မရဲ့အိမ်ဘေးမှာကျတယ်။ ကျည်စတွေလွင့်စင်သွားတယ်။ (ဒါပေမဲ့အိမ်ကိုမထိဘူး။) ဒုတိယတစ်လုံးက ကျွန်မအိမ်ခြံထဲမှာကျတယ်။ ပထမတစ်လုံးကျတဲ့အချိန်က ကျွန်မက ငါးခြောက်တွေကို ခုတ်နေ တဲ့အချိန်ပေါ့။ အစမှာ ကျွန်မအမေက အိမ်ထဲမှာနေနေတယ်။ အမေပြောတာက လက်နက်ကြီးကျတာအရမ်းနီးတယ်တဲ့။ အဲဒါကြောင့် အမေက အိမ်ပေါ်ကနေဆင်းလာပြီး အိမ်အောက်မှာသွားနေတယ်။ ကျွန်မထင်တာက လက်နက်ကြီးနောက်တစ်ခါမကျ တော့ဘူးပေါ့။ အဲဒါနဲ့ ကျွန်မလည်း ငါးကြော်ဖို့ မီးဖိုချောင်ထဲသွားခဲ့တယ်။ ပြီးတော့ နောက်ထပ်လက်နက်ကြီးတစ်လုံး ကျလာတာကို ကြားလိုက်တယ်။ အဲဒီလက်နက်ကြီးတစ်လုံးက ဘယ်မှာကျလဲဆိုတာ ကျွန်မလည်းသေချာမသိဘူး။ အဲဒါကြောင့် အိမ်အောက်ကိုဆင်းဖို့လုပ်တယ်။ အိမ်ရှေ့တံခါးနားကို မရောက်ခင်မှာပဲ လက်နက်ကြီးကျလာတယ်။ ကျွန်မနားပင်းသွားသလိုဖြစ်သွားတယ်။ ကျွန်မနားပင်းသွားပြီး အမေကို လှမ်းပြောတယ်။ ကျွန်မအိမ်အောက်ကို မဆင်း ခဲ့ဘူးဆိုရင် ကျွန်မကိုကျည်စထိမှန်မိမှာပဲ။” (အခင်းဖြစ်စဉ်ဖြစ်ပြီးနောက်တွင် နော်ဘ---သည် ဆေးကုသမှုခံယူရန် မလို အပ်ခဲ့ပေ။)
စစ်ကောင်စီ၏ရွေးကောက်ပွဲကို ရွာသားများ ဆန့်ကျင်ဆန္ဒပြ
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ မနက် (၉)နာရီအချိန်တွင် ဒူးပလာယာခရိုင်ရှိ မြို့နယ် (၄)မြို့နယ်အားလုံးမှ ရွာသား များနှင့်လူငယ်များသည် နေရာအနှံ့အပြားတွင် ဆန္ဒပြခဲ့ကြသည်။ နို့တကော (ကြာအင်းဆိပ်ကြီး) မြို့နယ်တွင်လည်း ရွာသားများသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း (၁၁ ရက်နှင့် ၂၅ ရက်) SAC (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) ပြုလုပ်မည့်ရွေးကောက်ပွဲကို (ဒုတိယနှင့်တတိယအကြိမ်) နေရာဒေသ(၄)ခုတွင် ဆန့်ကျင်ဆန္ဒပြခဲ့သည်။ ထိုနေရာဒေ သ(၄)ခုမှာ နို့တော်ပလာကျေးရွာအုပ်စု၊ နို့တကောကျေးရွာအုပ်စု၊ ဝါးမကျေးရွာအုပ်စုနှင့်လေးဝါးပလိုးကျေးရွာအုပ်စုတို့ ဖြစ်ကြသည်။ (ယခုအချိန်တွင် SAC အမည်နာမ်မကို စစ်ကောင်မရှင်ဟု ပြန်လည်ပြောင်းလဲခဲ့သည်။) သို့ဖြစ်၍ မနက် (၉)အချိန်တွင် နို့တကော်ကျေးရွာအုပ်စုနှင့်နို့တော်ပလာကျေးရွာအုပ်စုတို့မှ စုစုပေါင်း လူအင်အား (၆၀၀)ဝန်းကျင်သည် နို့တော်ပလာကျေးရွာလမ်းမပေါ်၌ လမ်းထွက်လျှောက်၍ ဆန္ဒပြခဲ့ကြသည်။ ဤသို့ဆန္ဒပြထုတ်ဖော်ရာတွင် ရွာသားများ အနေဖြင့် ကြွေးကြော်သံ (၆)ချက်ရှိပါသည်။ ၎င်းတို့မှာ -
၁။ ပြည်သူကို ညှင်းဆဲသတ်ဖြတ်သည့်အစိုးရအလိုမရှိ
၂။ စစ်အာဏာရှင်အတုအယောင်ရွေးကောက်ပွဲအလိုမရှိ
၃။ စစ်အာဏာရှင်စနစ်နှင့် မဟာလူမျိုးကြီးဝါဒအလိုမရှိ
၄။ လူမျိုးပေါင်းစုံစည်းလုံးညီညွှတ်မှုတည်ဆောက်ရေး.. ဒို့အရေး
၅။ ကော်သူးလေအစိုးရတည်ဆောက်ရေး… ဒို့အရေး
၆။ စစ်ခွေးထွက်ပေါက် ၂၀၂၆၊ မဲမပေးနဲ့ သပိတ်မှောက်
ရွာသားများသည် တစ်နာရီအကြာဆန္ဒပြ၍ ကြွေးကြော်ခဲ့ပါသည်။
ဒေသခံ KNU ခေါင်းဆောင်တစ်ဦးဖြစ်သူ စောဆ---၏ပြောပြချက်အရ မြန်မာစစ်တပ်သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နို့တကောမြို့နယ်တွင် တတိယအကြိမ်ရွေးကောက်ပွဲပြုလုပ်မည့်အစီအစဉ်ရှိခဲ့သည်။ နို့တကောမြို့နယ်ရှိ ကြာအင်းဆိပ်ကြီးမြို့တွင် မဲရုံ (၆)ရုံရှိပြီး မြို့အပြင်ရှိ ကျေးရွာများတွင် မဲရုံ (၃)ရုံရှိကြောင်း သိရှိရသည်။ ထိုမဲရုံများသည် နို့တကောကျေးရွာအုပ်စုရှိ သယ်တာကျေးရွာ၊ ကြာအင်းကျေးရွာနှင့်ကျော်ကေခို့ကျေးရွာအုပ်စုရှိ မင်္ဂလာကုန်းကျေးရွာ တွင် တည်ရှိပါသည်။ ဤအတုအယောင်ရွေးကောက်ပွဲကို ကရင်လူမျိုးသာမက ဗမာလူမျိုးကပါ လက်မခံကြောင်း စောဆ---က ဖြည့်စွက်ပြောပြခဲ့သည်။ ရွာသားများသည် စိတ်အားထက်သန်စွာ ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြပွဲတွင်ပါဝင်ခဲ့ သော နို့တကောမြို့နယ်၊ မယ်ပရာကျေးရွာအုပ်စု၊ အဖ---ကျေးရွာမှ ကျေးရွာအတွင်းရေးမှူးဖြစ်သူ စောဒ---က ဤသို့ ပြောပြသည်။ “မည်သူကမှ ကျွန်တော်တို့ကို ဆန္ဒပြဖို့ အတင်းမတိုက်တွန်းဘူး။ ကျွန်တော်တို့တွေ ဆန္ဒပြခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါကို (အတုအယောင် ရွေးကောက်ပွဲ) လက်မခံနိုင်လို့ပဲ။”