
ဒေါ်ဖားခိုမြို့နယ်ရှိ ပဆောလိုကျေးရွာအုပ်စုတွင်ဖြစ်ပွားခဲ့သည့် SAC လက်နက်ကြီးပစ်ခတ်မှု၊ အဓမ္မဖမ်းဆီးချုပ်နှောင်မှု နှင့်ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့တွင် တပ်ရင်းအမှတ်မသိရှိရသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) စစ်သားများ (၈၀) ကျော်သည် တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ ပဆောလိုကျေးရွာအုပ်စု၊ အ--- ကျေး ရွာရှိ ဘုန်းကြီးကျောင်းဝင်းထဲတွင် ယာယီစခန်းချနေထိုင်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့ မနက်ပိုင်း (၉း၄၅) မိနစ်တွင် တောအူးခရိုင်မှ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်းအမှတ် (၅)လက်အောက်ခံဖြစ်သော ဒေသခံလက်နက်ကိုင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များသည် ( KNLA နှင့် PDF) အ--- ကျေးရွာ၊ ဘုန်းကြီးကျောင်းတွင်ယာယီစခန်းချသည့် SAC စစ်သားများကို အသံ တိတ်လက်လုပ်ဗုံးများ ပစ်ခတ်၍တိုက်ခိုက်ခဲ့သည်။ ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ကျေးရွာထဲသို့ဝင် ရောက်လာပြီး SAC စစ်သားများကို တိုက်ခိုက်ခဲ့ကြသည်။ ထို့နောက် ဘုန်းကြီးကျောင်းထဲတွင်ရှိသည့် SAC စစ်သားများ သည် ကျေးရွာအတွင်းနှင့်ကျေးရွာပတ်ဝန်းကျင်တွင် လက်နက်ကြီးလေးလုံးပစ်ခတ်ခဲ့သည်။ SAC ပစ်လိုက်သည့် လက်နက်ကြီးသည် မည်သည့်လက်နက်ကြီးအမျိုးအစားဖြစ်ကြောင်းမသိရှိရပါ။ လက်နက်ကြီးနှစ်လုံးသည် ကျေးရွာ အတွင်းလမ်းမပေါ်တွင် ကျရောက်ပေါက်ကွဲသဖြင့် လမ်းဘေးနားရှိ လျှပ်စစ်ဝိုင်ယာကြိုးများကို ထိမှန်ပြီးပျက်စီးသွား ခဲ့သည်။
အခြားလက်နက်ကြီးနှစ်လုံးသည် ကျေးရွာအပြင်ဘက်ရှိ ရောဘာခြံထဲတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ လက်နက်ကြီး အစသည် ရော်ဘာခြံထဲတွင်နေထိုင်သည့်ရွာသားတစ်ဦး၏ဦးခေါင်းကိုထိမှန်၍ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ အဆိုပါရွာ သားသည် ရော်ဘာခြံထဲတွင် (လက်နက်ကြီးပစ်ခတ်မှုမှအကာအကွယ်ယူရန်) ဝပ်အောင်းနေသည့်အချိန်တွင် လက်နက် ကြီးအစထိမှန်ခဲ့ခြင်းဖြစ်သည်။ ထိုရွာသား၏နာမည်သည် ဃ--- ဖြစ်သည်။ သူသည် အသက် (၃၀) နှစ်ရှိပြီးဖြစ်သည်။ သူသည် အ---ရွာသားတစ်ဦးဖြစ်သည်။ သူသည် ကရင်၊ဗမာလူမျိုးဖြစ်သည်။ ဃ--- သည် ကလေးသုံးဦး၏ဖခင်လည်း ဖြစ်သည်။ (ယခုအချိန်တွင် သူ၏ကလေးသုံးဦးသည် အ--- ကျေးရွာတွင် မိခင်နှင့်အတူ နေထိုင်ကြသည်။ ရွာသားများ၏ပြောပြချက်အရ အဆိုပါကလေးသုံးဦးနှင့်မိခင်သည် အိမ်ထောင်ဦးစီးဖြစ်သည့် ဖခင်ဖြစ်သူသေဆုံးသွားသည့်အတွက် ကြောင့် စားဝတ်နေရေးအခက်အခဲများနှင့်ရင် ဆိုင်ကြုံတွေ့နေရသည်။ ဃ--- သည် မသေခင်တွင် ရော်ဘာခြံလုပ်ငန်း ဖြင့် အသက်မွေးဝမ်းကျောင်းပြုသူတစ်ဦးဖြစ်သည်။)
တိုက်ပွဲနှင့်လက်နက်ကြီးပစ်ခတ်မှုဖြစ်ပွားပြီးနောက် SAC စစ်သားများသည် အ--- ကျေးရွာမှ ရွာသားသုံးဦးကို ဖမ်းဆီး၍ စစ်ဆေးမေးမြန်းခဲ့သည်။ စစ်ဆေးမေးမြန်းပြီးနောက် ရွာသားများကို ပြန်လွတ်ပေးခဲ့သည်။ ရွာသားသုံးဦးအား ပြန်မ လွတ်ပေးမီတွင် SAC မှ ရွာသားများအား ခြိမ်းခြောက်ခဲ့သည်။ ဒေသခံရွာသားတစ်ဦးမှ (KHRG) အား ယခုလိုရှင်းပြ သည်။ “သူတို့က (SAC စစ်သားများ) ကျွန်တော်တို့ကိုဒီလိုခြိမ်းခြောက်တယ်။ ‘ဒေသခံလက်နက်ကိုင်တပ်ဖွဲ့တွေက ရွာထဲမှာဝင်လာပြီးငါတို့ကို မပစ်သင့်ဘူး။ တကယ်လို့သူတို့ပစ်ချင်ရင် ရွာအပြင်မှာငါတို့ကိုပစ်လို့ရတယ်။ ငါတို့ရွာထဲမှာ ရှိတဲ့အချိန်မှာ သူတို့ကငါ့တို့ကိုလာပစ်တယ်။ ငါတို့ပြန်ပစ်ရင် ရွာသားတွေပဲ ထိခိုက်မှာ။ သူတို့က ရွာထဲမှာငါတို့ကို နောက်တစ်ခါလာပစ်ရင် ရွာသားအိမ်တွေကို မီးရှို့ပစ်မယ်။’”
အခင်းဖြစ်ပွားပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ရွာသားတော်တော်များများသည် ကျေးရွာအပြင် ဖက်ရှိ နီးစပ်ရာတောအုပ်နှင့်စိုက်ပျိုးခြံထဲတွင် ထွက်ပြေးပုန်းရှောင်ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေ ပိုင်းတွင် အချို့လူကြီးများသည် ရွာထဲသို့ပြန်လာ၍ အခြေအနေကိုစောင့်ကြည့်ခဲ့သည်။ သို့သော် မိသားစုနှင့်ကလေး များ ရှိသောရွာသားများသည် မပြန်လာသေးဘဲ ကျေးရွာအပြင်ဖက်တွင် ပုန်းရှောင်နေခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တောအူး (တောင်ငူ) မြို့မှ SAC စစ်သားများ (၁၀၀) ခန့်သည် ဒေါ်ဖားခို မြို့နယ်၊ တောအူးမြို့နှင့်တာပူ (လိပ်သို) မြို့ကြားရှိ ကားလမ်းမပေါ်တွင် ခရီးသွားလာနေသည်။ SAC စစ်သားများသည် ခရီးသွားလာသည့်အချိန်တွင် ၎င်းတို့ဖမ်းဆီးထားသည့်ရွာသားသုံးဦးကိုလည်း ခေါ်ဆောင်လာခဲ့သည်။ ထိုရွာသားသုံးဦး သည် တောအူးခရိုင်၊ ထောတထူမြို့နယ်၊ ဇရပ်ကြီးဒေသတွင် နေထိုင်ကြသည်။ ယခင်တုန်းက SAC စစ်သားများသည် ဇရပ်ကြီးဒေသသို့ခရီးသွားသည့်အချိန်တွင် အဆိုပါရွာသားသုံးဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထိုရွာသားသုံးဦးသည် အမျိုးသားများဖြစ်ကြပြီး ပအို့ဝ်လူမျိုးလည်းဖြစ်သည်။ (ဖမ်းဆီးခံရသည့်ရွာသားတစ်ဦးမှ KHRG အား ပြန်လည်ပြောပြ ချက်အရ SAC သည် တောအူးမြို့နှင့်တာပူ (လိပ်သို)မြို့ကြားရှိ ကားလမ်းမပေါ်တွင် ခရီးသွားလာသည့်အချိန်တွင် အဆိုပါရွာသားသုံးဦးကိုလည်း ခေါ်ဆောင်လာခဲ့သည်။) ထို့နောက် ထိုရွာသားသုံးဦးသည် SAC စစ်သားတစ်ဦးနှင့်အတူ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ (SAC တပ်ပြေးတစ်ဦးသည် ထိုရွာသားသုံးဦးကို လွတ်မြောက်အောင် ကူညီပေးခဲ့ သည်။) SAC တပ်ပြေးသည့်စစ်သားတစ်ဦးသည် ထွက်ပြေးသည့်အချိန်တွင် သေနတ်တစ်လက်လည်း ယူဆောင် လာခဲ့သည်။
ထို့နောက် ထွက်ပြေးလွတ်မြောက်သည့်ရွာသားသုံးဦးသည် ကမ်းနီကာကွယ်ရေးတပ်ဖွဲ့ထံသို့ ရောက်လာ၍ အကူအညီ တောင်းခဲ့သည်။ ကမ်းနီကာကွယ်ရေးတပ်ဖွဲ့သည် တောအူခရိုင်၊ တပ်မဟာ (၂) KNLA တပ်ရင်း (၅) လက်အောက် ခံဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖြစ်ပြီး ဒေါ်ဖားခိုမြို့နယ်၊ ကမ်းနီဒေသတွင် လှုပ်ရှားနေသည့်အဖွဲ့ဖြစ် သည်။ ထိုရွာသားများသည် ၎င်းတို့မိဘများကို ဆက်သွယ်ချိတ်ဆက်ပြီးနောက် ကမ်းနီကာကွယ်ရေးတပ်ဖွဲ့မှ ၎င်းတို့ကို ၎င်းတို့မိဘရှိရာထံသို့ ပြန်ပို့ပေးခဲ့သည်။ တပ်ပြေးလာသည့် SAC စစ်သားတစ်ဦးသည် မည်သည့်နေရာသို့ ရောက်ရှိသွား ကြောင်း၊ ဘာတွေဆက်ဖြစ်သွားလဲဆိုသည့်အခြေအနေကို မသိရှိရတော့ပါ။ ဖမ်းဆီးခံရသည့်ရွာသားတစ်ဦးမှ KHRG အား ယခုလိုပြောသည်။ “စစ်ကောင်စီတပ်ပြေးတစ်ဦးကတော့ ဒီကိုမလာဘူး။ ဘယ်လက်နက်ကိုင်တပ်ဖွဲ့မှာ သွားပြီး လက်နက်ချတာလည်း မသိရဘူး။ သူဘယ်ကိုသွားနေတာလဲမသိရတော့ဘူး။”
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက် (ရး၃၀) မိနစ်တွင် SAC စစ်သားများ (၁၀၀) ခန့်သည် ပဆောလို ကျေးရွာ အုပ်စု၊ ဖ--- ကျေးရွာအနီး လေးဒူးချောင်းအနီးနားရှိ လမ်းမပေါ်တွင် ရောက်ရှိလာခဲ့သည်။ ထို့နောက် ကမ်းနီကာကွယ် ရေးတပ်ဖွဲ့သည် SAC စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဒေသခံကရင်အမျိုးသား အစည်းအရုံး (KNU) အာဏာပိုင်များနှင့် ဖ---ကျေးရွာမှ ရွာသားများ၏ပြောပြချက်အရ အဆိုပါတိုက်ပွဲတွင် SAC စစ်သားသုံးဦးသေဆုံးခဲ့ပြီး ကမ်းနီကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှ သေဆုံးခြင်းမရှိခဲ့ပေ။ ထိုတိုက်ပွဲသည် (၁၀) မိနစ် ကျော် ကြာမြင့်ခဲ့သည်။ တိုက်ပွဲအတွင်းတွင် မည်သည့်ရွာသားမှ သေဆုံးခြင်း၊ ဒဏ်ရာရခြင်းမရှိခဲ့ပေ။ လူနေအိမ်များနှင့် ပိုင်ဆိုင်မှုများလည်း ပျက်စီးခြင်းမရှိခဲ့ပါ။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် SAC စစ်သားများသည် ပဆောလိုကျေးရွာအုပ်စု၊ ဘ--- ကျေးရွာသို့ စစ်ကြောင်းထိုးပြီး KNLA တပ်ရင်း (၅) လက်အောက်ခံဖြစ်သော PDF နှင့် KNLA စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ သဖြင့်တိုက်ပွဲဖြစ်ပွားခဲ့သည်။ (တိုက်ပွဲသည် ဘ---ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည်။) ဘ---ကျေးရွာမှ ရွာသားများပြော ပြချက်အရ ဤတိုက်ပွဲတွင် PDF နှင့် KNLA စစ်သားများ သေဆုံးခြင်းမရှိခဲ့ပါ။
SAC စစ်သားများသည် PDF နှင့် KNLA စစ်သားများကို ပစ်ခတ်တိုက်ခိုက်သည့်အချိန်တွင် ရွာသားသုံးဦးသည် တိုက်ပွဲ ဖြစ်ပွားသည့်နေရာအနီးနားရှိ နနွင်းစိုက်ခင်းခြံထဲတွင် အလုပ်လုပ်နေခဲ့သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် ခဏအကြာ တွင် SAC စစ်သားများသည် အဆိုပါရွာသားသုံးဦးကိုဖမ်းဆီးချုပ်နှောင်ခဲ့သည်။ (ဒေသခံရွာသားများ တင်ပြချက်အရ SAC စစ်သားများသည် ထိုရွာသားသုံးဦးကို တိုက်ပွဲဖြစ်ပွားသည့်နေရာအနီးတစ်ဝိုက်တွင်တွေ့ရှိခဲ့ပြီး ဒေသခံတော်လှန် ရေးတပ်ဖွဲ့များအတွက်အလုပ်လုပ်ပေးနေသည်ဟု စွပ်စွဲ၍ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။) ထိုရွာသားသုံးဦးသည် ပဆောလို ကျေးရွာအုပ်စု၊ ဒ--- ကျေးရွာမှ ရွာသားများဖြစ်ကြသည်။ ဖမ်းဆီးခံရသည့်ရွာသားနှစ်ဦးမှာ အသက် (၁၂)နှစ်အရွယ် ယောင်္ကျားလေးများဖြစ်သည်။ အခြားတစ်ဦးမှာ အသက် (၃၀)အရွယ် လူကြီးတစ်ဦးဖြစ်သည်။ ကလေးများ ဖမ်းဆီးခံရ သည့်အတွက်ကြောင့် ဒ--- ကျေးရွာမှ ဘုန်းကြီးတစ်ပါးသည် SAC စစ်သားများကို လာရောက်တွေ့ဆုံပြီး ကလေးများကို လွတ်ပေးရန်တောင်းဆိုခဲ့သည်။ ထို့နောက် SAC သည် ကလေးနှစ်ဦးကို ပြန်လွတ်ပေးခဲ့သည်။ ဘုန်းကြီးသည် ဖမ်းဆီးခံရသည့် အသက် (၃၀)အရွယ် လူကြီးတစ်ဦးကို မသိသောကြောင့် ကလေးများကိုသာ ပြန်လွတ်ပေးရန် SAC အား တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် SAC သည် အသက် (၃၀)အရွယ် လူကြီးကို ပြန်မလွတ်ပေးခဲ့ပါ။
ဖမ်းဆီးခံရသည့်အသက် (၃၀) အရွယ်လူကြီးတစ်ဦး၏နာမည်မှာ စောဂ--- ဖြစ်သည်။ သူသည် လူပျိုတစ်ယောက်ဖြစ် ပြီး ကရင်လူမျိုးတစ်ဦးဖြစ်သည်။ သူသည် မိခင်မုဆိုးမကို လုပ်ကျွေးနေသောရွာသားတစ်ဦးသာဖြစ်သည်။ စောဂ--- သည် စိုက်ခင်းခြံထဲတွင် အလုပ်လုပ်နေသည့်အချိန်တွင် စစ်ဘွတ်ဖနပ်ကို ဝတ်ဆင်ထားသည်။ ခြံထဲတွင် အလုပ်လုပ် ရန်အတွက် စစ်ဘွတ်ဖနပ်ကို ဝတ်ဆင်ထားခြင်းသာဖြစ်သည်။ (စောဂ--- သည် စစ်ဘွတ်ဖနပ်ကို ဝတ်ဆင်ထားသည့် အတွက်ကြောင့် SAC စစ်သားများသည် ၎င်းအား တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု စွပ်စွဲ၍ ဖမ်းဆီးခဲ့ကြောင်း ရွာသားများက ယူဆကြသည်။) ကလေးနှစ်ဦးအား လွတ်ပေးရန် SAC စစ်သားများအား တောင်းဆိုခဲ့ သည့်ဘုန်းကြီးတစ်ပါးသည် SAC စစ်သားများသည် ရွာသားများအား ဖမ်းဆီးသည့်အချိန်တွင် စောဂ--- အား ရိုက်နက်ခဲ့ သည့်အခြေအနေကို ဖမ်းဆီးခံရသည့်ကလေးတစ်ဦးကမြင်တွေ့ခဲ့ကြောင်း KHRG သို့ တင်ပြခဲ့သည်။ (ဒေသခံရွာသား များ၏ပြောပြချက်အရ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းတွင် SAC စစ်သားများသည် စောဂ--- အား ရွာအပြင်သို့ ခေါ်ထုတ်ပြီး သတ်ပစ်ခဲ့ကြောင်း ယုံကြည်ကြသည်။ အကြောင်းမှာ စောဂ--- သည် ဖမ်းဆီးခံရပြီးနောက် ကျေးရွာတွင် မတွေ့ရှိရတော့သည့်အပြင် သူ၏သတင်းအစအနလည်း မရရှိတော့သောကြောင့်ဖြစ်သည်။
ထို့အပြင် SAC စစ်သားများသည် အကယ်၍တိုက်ပွဲထပ်မံဖြစ်ပွားမည်ဆိုလျှင် ဘ--- ကျေးရွာကို မီးရှို့ဖျက်ဆီးပစ်မည်ဟု ရွာသားများအား ခြိမ်းခြောက်ခဲ့သည်။ အဆိုပါစစ်သားများသည် မည်သည့်တပ်ရင်းမှ စစ်သားများဖြစ်ကြောင်း မသိရှိ ရပါ။ ၎င်းတို့၏တပ်ရင်းမှူးနာမည်လည်း မသိရှိရပါ။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၉ ရက်နေ့ကာလအတွင်း (၇)မိုင်တပ်စခန်းနှင့် (၁၃)မိုင်တပ်စခန်းတို့မှ SAC တပ်ဖွဲ့များသည် တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ ပဆောလိုကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီး (၆၀) မမ ပစ်ခတ် ခဲ့သည်။ (၇)မိုင်တပ်စခန်းနှင့် (၁၃) မိုင်တပ်စခန်းသည် ဒေါ်ဖားခိုမြို့နယ်၊ သံတောင်ကြီးမြို့အနီးဒေသတွင် တည်ရှိသည်။
(၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နှင့် ၁၉ ရက်နေ့အကြား နေ့ရက်အတိအကျမသိရှိရ) လက်နက်ကြီးတစ်လုံးသည် ပဆောလိုကျေးရွာအုပ်စု၊ ဆ---ကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့သဖြင့် ရွာသားနှစ်ဦးအား ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ (ဆ--- ကျေးရွာမှ အ--- ကျေးရွာသို့ ဆိုင်ကယ်ဖြင့်သွားလျှင် (၁၀) မိနစ်ခန့်ကြသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက် နေ့တွင် အ---ကျေးရွာဒေသတွင် SAC တပ်ဖွဲ့နှင့် PDF နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။) ဒဏ်ရာရရှိသည့်ရွာသားနှစ်ဦးသည် သားအဖများဖြစ်ကြသည်။ သားဖြစ်သူသည် အသက် (၅)နှစ်ရှိပြီး သူ၏လည်ပင်းတွင် လက်နက်ကြီးအစထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ (ဖခင်ဖြစ်သူသည် မည်သည့်နေရာတွင် ဒဏ်ရာရရှိ ခဲ့ကြောင်း မသိရှိရပါ။) ၎င်းတို့အိမ်လည်း လက်နက်ကြီးထိမှန်၍ ပျက်စီးသွားခဲ့သည်။ (လက်နက်ကြီးပစ်ခတ်သည့် အချိန်တွင် ထိုသားအဖနှစ်ဦးသည် အိမ်ထဲတွင် ရှိနေခဲ့သည်။)
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် SAC သည် တောင်ငူမြို့မှ သံတောင်ကြီးမြို့သို့ဆက်သွယ်ထားသည့် လမ်းမ ကြီးကို ပိတ်ပင်ခဲ့သည်။ (မည်သည့်အတွက်ကြောင့် လမ်းပိတ်ပင်ရသည်ကို မသိရှိရပါ။) ထိုလမ်းမကြီးပေါ်တွင် ဆိုင် ကယ်နှင့်ကားများ ဖြတ်သန်းသွားလာခွင့်မရကြပါ။ (၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် SAC သည် လမ်းမကြီး ကို ပြန်ဖွင့်ပေးလိုက်သည်။)
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် တပ်မဟာ (၂) KNLA နှင့် PDF စစ်သားများသည် တပ်ရင်းအမှတ်မသိ ရသော SAC တပ်ဖွဲ့ကို ဆွဲမိုင်းဖြင့်တိုက်ခိုက်ခဲ့သည်။ SAC စစ်သားများသည် ဧ---ကျေးရွာတွင်ရှိသော ၎င်းတို့တပ်စခန်း သို့ပြန်လာသည့်အချိန်တွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုသည် ပဆောလိုကျေးရွာအုပ်စုရှိ ဟ--- ကျေးရွာနှင့် ဧ--- ကျေးရွာအကြားရှိ လမ်းမပေါ်တွင် ဖြစ်ပွားခဲ့သည်။ အကျိုးဆက်အနေဖြင့် နှစ်ဦးနှစ်ဖက်ကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲသည် (၁၀) မိနစ်ကျော် ကြာမြင့်ခဲ့သည်။ အဆိုပါ SAC တပ်ဖွဲ့သည် ပဆောလိုကျေးရွာအုပ်စု၊ ဧ--- ကျေးရွာတွင် အခြေစိုက်သည်။ ဒေသခံရွာသားတစ်ဦး၏ပြောပြချက်အရ တိုက်ပွဲအတွင်းတွင် မည်သည့်ရွာသားမှ ဒဏ် ရာရရှိခြင်း မရှိခဲ့ပါ။ ထို့အပြင် လူနေအိမ်နှင့်ရွာသားများ၏ပိုင်ဆိုင်မှုများလည်း ထိခိုက်ပျက်စီးခြင်းမရှိပါ။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညအချိန်တွင် သံတောင်ကြီးမြို့ရှိ ဘုရင့်နောင်တပ်စခန်းမှ SAC စစ်သားများ သည် လက်နက်ကြီး (၁၂၀) မမတစ်လုံးပစ်ခတ်ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်းတွင် SAC သည် လက်နက်ကြီး (၁၂၀) မမတစ်လုံးထပ်မံပစ်ခတ်ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည (၉း၁၃) မိနစ်နှင့် (၉း၁၆) မိနစ်ကြားတွင် SAC သည် လက်နက်ကြီး (၁၂၀) မမခြောက်လုံးထပ်မံပစ်ခတ်ခဲ့သည်။ ဒေသခံရွာ သားတစ်ဦးမှ KHRG အား ယခုလိုပြောသည်။ “ဘုရင့်နောင်တပ်စခန်းက စစ်ကောင် စီစစ်သားတွေက လက်နက်ကြီး တွေပစ်တယ်။ လက်နက်ကြီးပစ်ခတ်တဲ့အသံကိုကြားရတယ်။ ဒါပေမဲ့ လက်နက် ကြီးကျပေါက်ကွဲတဲ့အသံကို မကြားရ ဘူး။ အဲဒါနဲ့ ပဆောလိုအုပ်စုဖက်က ရွာသားတစ်ယောက်ကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းကြည့်တော့ သူပြောတာက လက်နက်ကြီးတွေက ပဆောလိုအုပ်စုထဲကို ကျပေါက်ကွဲခဲ့တယ်တဲ့။” လက်နက်ကြီး (၇)လုံးသည် ပဆောလိုကျေးရွာ အုပ်စုတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ (ဤလက်နက်ကြီးပေါက်ကွဲမှုကြောင့် အရပ်သားပိုင်ဆိုင်မှုပစ္စည်းများ ထိခိုက် ပျက်စီးခြင်းရှိ၊မရှိ မသိရပါ။)
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညအချိန်တွင် (၇) မိုင်တပ်စခန်းမှ SAC စစ်သားများသည် လက်နက်ကြီး (၆၀) မမပစ်ခတ်ခဲ့သည်။ လက်နက်ကြီးတစ်လုံးသည် ဆ--- ကျေးရွာရှိ ဘုရားကျောင်းအနီးတွင် ကျရောက်ပေါက်ကွဲခဲ့သဖြင့် အမျိုးသမီးနှစ်ဦးအား ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် လက်နက်ကြီးအစများသည် ရေလှောင်ကန်နှင့် လူနေအိမ် နှစ်လုံးထိမှန်၍ ပျက်စီးခဲ့သည်။ (လက်နက်ကြီးကျသည့်အချိန်တွင် အမျိုးသမီးနှစ်ဦးသည် ဘုရားကျောင်းဝင်းထဲရှိ ရေလှောင်ကန်တစ်ခုအနားတွင် ရှိနေခဲ့သည်။) ဒေသခံရွာသားတစ်ဦး၏ပြောပြချက်အရ “(၇) မိုင်တပ်စခန်းက စစ် ကောင်စီစစ်သားတွေ လက်နက်ကြီးတွေပစ်ခတ်တယ်။ တပ်စခန်း (၇ မိုင်တပ်စခန်း) အနီးအနားမှာနေတဲ့ရွာသားတစ် ယောက်က ကျွန်တော်ကိုပြောပြတာက သူက စစ်ကောင်စီပစ်တဲ့လက်နက်ကြီးအသံရော၊ လက်နက်ကြီးကျကွဲတဲ့အသံ ရောနှစ်ခုစလုံးကိုကြားရတယ်တဲ့။”
အဆိုပါဒဏ်ရာရရှိသောအမျိုးသမီးနှစ်ဦးသည် နော်သ---နှင့် နော်က--- ဖြစ်သည်။ နော်သ--- သည် အသက် (၅၂) နှစ်ရှိ ပြီးဖြစ်ပြီး နော်က---သည် အသက် (၃၉) နှစ်ရှိပြီးဖြစ်သည်။ နော်က---သည် သူမ၏ပေါင်နှင့်ခေါင်းတွင် ဒဏ်ရာရရှိ ခဲ့သည်။ နော်သ--- သည် သူမ၏နောက်ကျောတွင် လက်နက်ကြီးစထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည်။ (ထိုအမျိုးသမီးနှစ်ဦး စလုံးသည် ကျေးရွာတွင်းရှိ ကျန်းမာရေးဗဟုသုတကြွယ်သော ရွာသားများထံမှ ဆေးကုသမှုခံယူခဲ့သည်။ ၎င်းတို့၏ ဒဏ်ရာများ ပြန်လည်သက်သာလာခြင်းရှိ၊ မရှိ မသိရပါ။)
SAC လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအသိုင်းအဝန်းများကြားတွင် ကြောက်ရွံ့မှုများဖြစ်ပေါ်စေပြီး တချို့ ရွာသား များသည် စိုက်ပျိုးခြံထဲသို့ သွားရောက်ပုန်းရှောင်ကြသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့ မနက် (၁၁း၄၀) မိနစ်တွင် သံမိုးတောင်တပ်စခန်းမှ SAC စစ်သားများသည် ပဆောလို ကျေးရွာအုပ်စု၊ ဒ--- ကျေးရွာအတွင်းသို့ လက်နက်ကြီး (၆၀) မမတစ်လုံးပစ်ခတ်ခဲ့သည်။ လက်နက်ကြီးတစ်လုံးသည် ရွာသားတစ်ဦးဖြစ်သူ မလ---၏အိမ်အနီးရှိ သရက်ပင်ပေါ်တွင် ကျရောက်ပေါက်ကွဲ၍ လူနေအိမ်လေးလုံးပျက်စီးခဲ့ သည်။ ပျက်စီးသွားသည့်အိမ်ထဲတွင် မလ---၏အိမ်လည်းပါသည်။ လက်နက်ကြီးအစလည်း မလ---၏ဘယ်ဖက်လက် ကို ထိမှန်၍ အနည်းငယ်ဒဏ်ရာရရှိခဲ့သည်။ သံမိုးတောင်တပ်စခန်းသည် ပဆောလိုကျေးရွာအုပ်စုတွင် တည်ရှိသည်။
လက်နက်ကြီးပစ်ခတ်သည့်အချိန်တွင် မလ---သည် သူမ၏အိမ်ထဲတွင်ရှိနေခဲ့သည်။ လက်နက်ကြီးထိမှန်၍ သူမ၏ အိမ်ခေါင်မိုး၊ မီးဖိုချောင်နှင့်ဆိုလာပြားပျက်စီးသွားခဲ့သည်။ အခြားလူနေအိမ်သုံးလုံးလည်း အနည်းငယ်ပျက်စီးသွားခဲ့ သည်။ ဤလက်နက်ကြီးပစ်ခတ်မှုတွင် မည်သည့်ရွာသားမှ ဒဏ်ရာရရှိခြင်းမရှိခဲ့ပါ။ သို့သော်လည်း ဒေသခံရွာသား များအနေဖြင့် SAC သည် လက်နက်ကြီးများထပ်မံပစ်ခတ်မည်ကို စိုးရိမ်ကြောက်ရွံ့ကြသည်။