Karen Human Rights Group

ဆာလောင်မှုအား တွန်းလှန်ခြင်း - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ပြည်သူလူထုများ၏ အသက်မွေးဝမ်းကျောင်းနှင့်စားနပ်ရိက္ခာစုဆောင်းမှုစနစ်များကို စနစ်တကျဖျက်ဆီးခြင်း (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ လမှ ဒီဇင်ဘာလအထိ)

 

(၁) နိဒါန်း

မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသူရွာသားများသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကတည်းက အသက်မွေးဝမ်း ကျောင်းလုပ်ငန်းအပေါ် ခြိမ်းခြောက်မှုများနှင့်စဥ်ဆက်မပြတ် ကြုံတွေ့နေရပါသည်။ ကျေးရွာများနှင့် စိုက်ခင်းများ အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ ဆက်လက်တိုက်ခိုက်မှုများကြောင့် ရွာသူရွာသားများ၏ လယ် ယာလုပ်ငန်း၊ ဟင်းသီးဟင်းရွက်သီးနှံများရှာဖွေခြင်းနှင့် ဓလေ့ထုံးတမ်းဆိုင်ရာအသက်မွေးဝမ်းကျောင်း လုပ်ငန်း များအပေါ် ဆိုးရွားစွာ ထိပါးနှောက်ယှက်မှုဖြစ်စေပါသည်။ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ ပစ္စည်းများ လုယက်ဖျက်ဆီးခြင်းသည်လည်း ရွာသူရွာသားများ၏ရုန်းကန်ရှင်သန်မှုနှင့် ဝင်ငွေရရှိမှုအတွက် အရေးကြီးသော အရင်းအမြစ်ရရှိရန် ထပ်မံဆုံးရှုံးရပြန်ပါသည်။ ထို့အပြင် (SAC) ၏ စစ်ဆေးရေးဂိတ်များက စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရာ လယ်ယာမြေများထံနှင့် ‌ဒေသအတွင်း စျေးများထံသို့ သွားရောက်ခွင့်ကို ကန့်သတ်နေသောကြောင့်  ရွာသူရွာသားများအတွက် စားနပ်ရိက္ခာနှင့်ဆေးဝါးအပြင် အရေးကြီးသည့်အခြေခံ လိုအပ်သည့်အရာများ ဝယ်ယူရန်၊ ရောင်းချရန်အပါအဝင် လွတ်လပ်စွာသွားလာခွင့် အခွင့်အလမ်းကိုပါ ပိတ်ပင်စေပါသည်။

ဤအနှစ်ချုပ်စာတမ်းသည် ၂၀၂၄ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ရွာသားများ တင်ပြသော မြန်မာပြည် အရှေ့ တောင်ပိုင်းရှိ ကရင်ပြည်နယ်အတွင်းတွင် (SAC) မှ စနစ်တကျ လုပ်ဆောင်လျက်ရှိသော ရွာသူရွာသားများ၏ အခြေခံအသက်မွေးဝမ်းကျောင်းလုပ်ငန်းများအပေါ် ရမ်းသမ်းပစ်ခတ်ခြင်းနှင့် ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ စိုက်ပျိုး ရေးလုပ်ငန်းနှင့် အခြေခံအသက်မွေးဝမ်းကျောင်းစနစ်များအား စနစ်တကျဖျက်ဆီးခြင်းများကြောင့် ဖြစ်ပေါ်လာ သော အတင်းအဓမ္မနေရပ်ရွှေ့ပြောင်းနေထိုင်မှုနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအပေါ် ထိခိုက်ခြင်းအပြင် စားနပ်ရိက္ခာမလုံခြုံမှုအခြေအနေ ပိုမိုဆိုးရွားလာခြင်းစသည့်များအကြောင်းအရာများကို ဆန်းစစ်သုံးသပ်ထားပါ သည်။ ပထမအခန်းမှာ စစ်အာဏာရှင်အဆက်ဆက်၏ ဖိနှိပ်အုပ်ချုပ်မှုအောက်တွင် မြန်မာပြည် အရှေ့တောင်ပိုင်းရှိ ပြည်သူလူထု၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအပေါ် စနစ်တကျဖျက်ဆီးခံရသည့် သမိုင်းဝင်ပုံစံများအကြောင်းကို ဆန်းစစ်ထားပါသည်။ ဒုတိယအခန်းတွင် ၂၀၂၄ ခုနှစ်အတွင်း (SAC) မှ လုပ်ဆောင်သော တိုက်ခိုက်မှုများကြောင့် ပြည်သူလူထု၏အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအပေါ် ထိခိုက်ပျက်စီးစေခြင်းအပြင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများနှင့် အိမ်မွေးတိရစ္ဆာန်များအပေါ် မတူကွဲပြားသော ထိခိုက်ပျက်စီးမှုများ အဓိကဖြစ်ပွားစေသည့် အကြောင်းများကို ဖော်ပြထားပါသည်။ ထို့နည်းအတူ ပြည်သူလူထု များကြုံတွေ့ရသည့် နေအိမ်များအားဖျက်ဆီးခံရခြင်း၊ အတင်းအဓမ္မနေရပ်ရွှေ့ပြောင်းနေထိုင် စေခြင်း၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများရရှိခွင့်အား ပိတ်ပင်ခံရသည့် အကြောင်းများကိုလည်း မီးမောင်းထိုး ဖော်ပြထားပါသည်။ တတိယအခန်းတွင် ထိုကဲ့သို့ လုပ်ဆောင်မှုများအပေါ် နိုင်ငံတကာ ဥပဒေရှုထောင့်မှ မည်သို့ချိုးဖောက်ရာရောက်သည့်အကြောင်းကို သုံးသပ်ထားပါသည်။ နောက်ဆုံးအနေဖြင့် ပြည်တွင်းနှင့်နိုင်ငံ တကာအဆင့် သက်ဆိုင်ရာပူးပေါင်းလုပ်ဆောင်သည့် တာဝန် ရှိသူများကို ပစ်မှတ်ထားသည့် အကြံပြုချက်များဖြင့် အဆုံးသတ်ထားပါသည်။

 

(၂) နောက်ခံအကြောင်းအရာ အကျဥ်းချုပ်။ ။မြန်မာပြည်အရှေ့တောင်ပိုင်းရှိ အသက်မွေးဝမ်း ကျောင်းမှုစနစ်များအား ပြိုလဲပျက်စီးခြင်း

နောက်ခံသမိုင်းကြောင်း။ ။မြန်မာပြည်အရှေ့တောင်ပိုင်းရှိ အသက်မွေးဝမ်းကျောင်းမှုများအား စနစ်တကျ ဖျက်ဆီးခြင်း

 

မြန်မာပြည်အရှေ့တောင်ပိုင်းတွင် လူ့အခွင့်အရေးအပေါ် ခြိမ်းခြောက်မှုများသည် ၁၉၄၈ခုနှစ် တိုင်းပြည်လွတ်လပ် ရေးရပြီးကတည်းက စဥ်ဆက်မပြတ်ရှိနေပါသည်။ စစ်အာဏာရှင်အုပ်ချုပ်မှုအောက်ရှိ ပြည်သူလူထုများသည် တရားလက်လွတ်သတ်ဖြတ်ခံရခြင်း၊ အတင်းအဓမ္မအစဖျောက်ခံရခြင်း၊ လူမဆန်စွာဆက်ဆံခံရခြင်းအပြင် အရပ် သားပြည်သူများနေထိုင်ရာအရပ်သို့ ရမ်းသမ်း၍သော်လည်းကောင်း တမင်ရည်ရွယ်ချက်ရှိစွာဖြင့် သော်လည်း ကောင်း ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ လုပ်ဆောင်ကာ စစ်ရာဇာဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို[1] ချိုးဖောက်လျက်ရှိနေပါသည်။  မြန်မာစစ်တပ်သည် ဖြတ်လေးဖြတ်ဗျူဟာဟု လူသိများသော လူထုထံမှရသော ထောက်ပံ့မှုအား ဖြတ်တောက်သည့်စစ်ဆင်ရေးကို ၁၉၆၀ ခုနှစ်အစတွင် စတင်ခဲ့ပါသည်။ ရည်ရွယ်ချက်မှာ အလွန်အရေးကြီးသည့် လူထုထောက်ပံ့မှု ထောက်တိုင်လေးခုဖြစ်သည့် စားနပ်ရိက္ခာ၊ ငွေကြေး၊ ဆက်သွယ်ရေးနှင့် တပ်အင်အားဖြည့်ဆည်းရေးစသည်တို့အား တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များထံသို့ မရောက်ရှိအောင် ဖြတ်တောက်ရန်ဖြစ်ပါသည်။ ရွာသူရွာသားများသည် ဤစစ်ဆင်ရေးအောက်တွင် လက်နက် ကိုင်တပ်ဖွဲ့ဝင်များ ဖြစ်လာနိုင်သည့်သူများအဖြစ် ရှုမြင်ခံရပြီး ပစ်မှတ်ထား ခံကြရပါသည်။

 

အဓိက အကောင်အထည်ဖော်ဆောင်မည့် ပထမဖြတ်တောက်ရေးထောက်တိုင်သည် အရပ်သားပြည်သူများ၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း အခွင့်အလမ်းအား ဟန့်တားပိတ်ပင်ခြင်းပင် ဖြစ်ပါသည်။ ကရင်ပြည်နယ် အတွင်းရှိ ပြည်သူလူထုအများစုသည် စားဝတ်နေရေးအတွက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကမှီခိုနေကြပါသည်။ သို့သော် ဗမာစစ်တပ်မှ စစ်သားများသည်  စားနပ်ရိက္ခာထုတ်လုပ်ပေးသည့် ပင်မအရင်းအမြစ်များဖြစ်သည့် လယ်ယာမြေများကို သိမ်းဆည်းသည့်အပြင် ပျိုးပင်သီးနှံများ အထူးသဖြင့် ဆန်စပါး ရိတ်သိမ်းမှုများကို စနစ်တကျ တိုက်ခိုက်ဖျက်ဆီးနေပါသည်။ ဤကဲ့သို့ လုပ်ဆောင်နေခြင်းသည် မြန်မာစစ်တပ်မှ စစ်ခေါင်းဆောင်များအနေဖြင့် အရှေ့တန်းရှိ မြေပြင်တပ်သားများအား စားနပ်ရိက္ခာ သို့မဟုတ် လစာလုံလောက်စွာ ထောက်ပံ့နိုင်စွမ်းမရှိခြင်းနှင့် မကြာခဏဆိုသလို အထက်အရာရှိများ၏အမိန့်များကို အကောင်အထည်ဖော်ဆောင်ရွက်နေရခြင်းကြောင့် ဖြစ်ပါသည်။[2] ထို့အပြင် မြေယာများသည်လည်း တပ်ပိုင်မြေများအဖြစ်သော်လည်းကောင်း ဖွံ့ဖြိုးရေးစီမံကိန်း အတွက် သော်လည်းကောင်း သိမ်းဆည်းခံနေရသလို ‌ဒေသခံရွာသူရွာသားများအား လယ်ယာမြေလုပ်ကိုင်ခွင့်၊ ကူးသန်း ရောင်းဝယ်ခွင့်နှင့် ဟင်းသီးဟင်းရွက်နှင့် စားစရာရှာဖွေရန်အတွက် သွားလာခွင့်များကို တင်းကြပ်ကန့်သတ်ထား ပါသည်။ ဤတင်းကြပ်မှုများကို မလိုက်နာသော ရွာသူရွာသားများ အနေဖြင့်လည်း တော်လှန်တပ်ဖွဲ့များကို ထောက်ပံ့ကူညီပေးနေသည်ဟု စွပ်စွဲခံရပြီး ဖမ်းဆီးချုပ်နှောင်ခြင်းခံရသည့်အပြင် ရိုက်နှက်ခြင်း၊ တွေ့သည်နှင့် ပစ်သတ်ခံရခြင်းစသည်တို့ ရင်ဆိုင်ကြုံတွေ့ရပါသည်။[3] ဤနည်းဗျူဟာမှ လုပ်ဆောင်ချက်များအားလုံးသည် စားနပ် ရိက္ခာ မလုံလောက်မှုနှင့် ငတ်မွတ်ခေါင်းပါးမှုကို ဖြစ်ပေါ်စေသည့် အဓိကအကြောင်းတရားဖြစ်ပါသည်။ 

 

မြန်မာစစ်တပ်သည် ဤနည်းဗျူာကို တည်ဆောက်ခဲ့ပြီး သူပုန်များကို သုတ်သင်ရန်  နယ်မြေရှင်းလင်းရေးစစ်ဆင် ရေးကိုလည်း ဆောင်ရွက်ခဲ့ပါသည်။ ဤစစ်ဆင်ရေးများတွင် ကြီးမားကျယ်ပြန့်သော နေရာဒေသများကို နေထိုင်စား သောက်လုပ်ကိုင်၍မရအောင် မြေပြင်သုတ်သင်ရှင်းလင်းရေး နည်းဗျူဟာ (စားနပ်ရိက္ခာ လုယူသိမ်း ဆည်းမှု၊ အိမ်မွေးတိရစ္ဆာန်သတ်ဖြတ်မှုနှင့်နေအိမ်များအားဖျက်ဆီးမှု) ကို အသုံးပြုခဲ့ပါသည်။ မြန်မာစစ်တပ်သည် ချမှတ်ထားသော ကန့်သတ်တင်းကြပ်မှုများကို လိုက်နာဆောင်ရွက်စေရန်အတွက် အကြမ်းဖက်မှုများ တိုက်ရိုက် အသုံးပြုခဲ့သလို ကျေးရွာများအား သတ်မှတ်ထားသည့်နေရာများတွင် ပြောင်းရွှေ့စေပါသည်။ ထိုနေရာများမှာ မကြာခဏဆိုသလို ခြံခတ်ထားသည့် စစ်တပ်ထိန်းချုပ်မှုအောက်တွင်ရှိသောနေရာများဖြစ်နေတတ်ပြီး ပြောင်းရွှေ့ နေထိုင်ခြင်းခံရသော ရွာသူရွာသားများအနေဖြင့် အတင်းအဓမ္မလုပ်အားပေးခိုင်းစေခြင်းခံရသလို ဆေးဝါးကုသမှု လက်လှမ်းမှီနိုင်ခွင့်ကိုလည်း တားဆီးပိတ်ပင်ထားပါသည်။[4]

 

၂၀၁၂ခုနှစ် ပဏာမ အပစ်ခတ် ရပ်စဲရေးနှင့် ၂၀၁၅ခုနှစ် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး (NCA) သဘောတူလက် မှတ်ရေးထိုးမှုများကြောင့် လက်နက်ကိုင်တိုက်ပွဲများ လျော့နည်းလာသော်လည်း ဒေသခံလူမှုအသိုက်အဝန်း၏ မြေယာအခွင့်အရေးများအတွက် အလွန်စိုးရိမ်နေရပါသေးသည်။ ၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေနှင့် မြေလွတ်မြေ လပ်မြေရိုင်းများ စီမံခန့်ခွဲရေးဥပေဒေများ ပြုပြင်ပြင်ဆင်မှုများသည် ကရင်ပြည်နယ်တွင်းရှိ ကျင့်သုံးများသော ဓလေ့ထုံးတမ်းအရ မြေယာလုပ်ပိုင်ခွင့်စနစ်ကို အသိအမှတ်ပြုခြင်းမရှိပါ။[5] ဤဥပဒေ များသည် မြန်မာအာဏာပိုင် များအား ဒေသခံရွာသူရွာများ၏ဓလေ့ထုံးတမ်းအရ မျိုးရိုးစဥ်ဆက်ပိုင်ဆိုင်ခဲ့ သောမြေယာများကို စွန့်ပစ်မြေအဖြစ် သတ်မှတ်ကာ ဒေသခံရွာသားများအား သေချာကောင်းမွန်စွာ တိုင်ပင်ဆွေး နွေးခြင်း သို့မဟုတ် ထိုက်သင့်သည့် လျော်ကြေးငွေများပေးခြင်းမရှိဘဲ ပုဂ္ဂိုလိကကုမ္ပဏီများသို့ ပြန်လည်လုပ် ကိုင်ခွင့်ပေးခဲ့ပါသည်။[6] ထို့အပြင် မြေယာမှတ်ပုံတင်ခြင်း လုပ်ထုံးလုပ်နည်းအား လက်လှမ်းမှီနိုင်စွမ်းမရှိခြင်းသည် လည်း ရွာသူရွာသားအများအပြား မြေယာသိမ်းဆည်းခံရသလို အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများလည်း ဆုံးရှုံးခဲ့ကြပါသည်။

 

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းကာလ။ ။ပိုမိုပြင်းထန်လာသော အကြမ်းဖက်မှုနှင့် အသက်မွေးဝမ်းကျောင်း ပြုမှုအပေါ် ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးမှုများ

မြန်မာစစ်တပ်ခေါင်းဆောင်များမှ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းမှုပြုကတည်းက လူ့အခွင့် အရေးအခြေအနေသည် လျင်မြန်စွာ ပျက်စီးယိုယွင်းလာခဲ့ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ အမိန့်အောက်တွင်ရှိသော စစ်သားများသည် တရားလက်လွတ် ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ တရားလက်လွှတ်သတ်ဖြတ်ခြင်းအပါအဝင် အရပ်သားပြည်သူများ နေထိုင်ရာအရပ်သို့ လက်နက်ကြီးနှင့် လေ ကြောင်းတိုက်ခိုက်ခြင်းများစသည့် အကြမ်းဖက်သော စစ်ဆင်ရေးကို ကျယ်ပြန့်စွာ ပြုလုပ်ခဲ့ပါသည်။[7] ရရှိထားသော သက်သေအထောက်အထားများအရ သတ်ဖြတ်မှု၊ ညှင်းပမ်းနှိပ်စက်မှု၊  တိုင်းပြည်ပြင်ပသို့ အဓမ္မနှင်ထုတ်ခြင်း၊ ပြောင်းရွှေ့ခြင်းကဲ့သို့သော လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို ကရင်ပြည်နယ်  အပါအဝင် နိုင်ငံတဝှမ်းတွင် ကျူးလွန်လျက်ရှိနေပါသည်။[8]

မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ဆက်လက်ဖြစ်ပွားနေသောာ အကြမ်းဖက်မှုနှင့်ဖိနှိပ်အုပ်ချုပ်မှုများအကြား စား ဝတ်နေရေး လုံခြုံမှုသည် သိသာစွာ ယိုယွင်းကျဆင်းလာပါသည်။ SAC သည် ဖြတ်လေးဖြတ်ဗျူဟာအားပြန်လည် အသက်သွင်းခဲ့ပြီး ပြည်သူလူထုကို စစ်တပ်၏ထိုးစစ်ဆင်မှုအောက်သို့ရောက်ရှိအောင် တွန်းပို့ခဲ့ပါသည်။[9] နောက်ဆုံးအနေဖြင့် စစ်တပ်သည် လွတ်လပ်စွာသွားလာခွင့်ကို တင်းကြပ်ကန့်သတ်ခြင်း၊ ဆေးဝါးနှင့်စားနပ်ရိက္ခာ များကို ဖျက်ဆီးသိမ်းဆည်းခြင်းအပြင် ထိုဆေးဝါးနှင့်စားနပ်ရိက္ခာအား သယ်ယူပို့ဆောင်သူများကိုလည်း ဖမ်းဆီးခဲ့ပါ သည်။[10] ခရီးသွားလာခြင်းအား ဟန့်တားပိတ်ပင်ခြင်းနှင့် ညမထွက်ရ အမိန့်များသည် ပြည်သူလူထု၏ အခြေခံအသက်မွေးဝမ်းကျောင်းပြုမှုကို ထိခိုက်နစ်နာစေသည်သာမက တရားလက်လွတ်ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ငွေညစ်ခြင်း၊ တပ်သားသစ်အဖြစ် အတင်းအဓမ္မစုဆောင်းခံရခြင်းအပြင် တွေ့လျှင်ပစ်မူဝါဒကိုပါ ပြန်လည် အသက်သွင်းခဲ့ပါသည်။[11] အသစ်တဖန် ပြန်လည်ပေါ်ထွက်လာသည် “အားလုံးမီးရှို့ဖျက်ဆီး” စနစ် ချဥ်းကပ်မှုသည်လည်း ယခင်အကြမ်းဖက်မှုပုံစံများနှင့် တူညီနေပြီး ဒေသခံလူမှုအသိုက်အဝန်းအတွက် အရေးကြီး သည့်အရင်းအမြစ်များ လက်လှမ်းမှီနိုင်ခွင့်ကိုဟန့်တားစေပြီး ရေရှည်ဒုက္ခအခက်အခဲများ ပိုမိုကြုံတွေ့ရစေ ပါသည်။

 

ရလဒ်အနေဖြင့် ပြည်တွင်းနေရပ် ရွှေ့ပြောင်းနေထိုင်သူဦးရေ တဟုန်ထိုး မြင့်တက်လာခဲ့ပါသည်။ ကရင်ပြည်တွင်း နေရပ်စွန့်ခွာသူများ ကော်မတီ (CIDKP) ၏ ဖော်ပြချက်အရ ကရင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိ ပြည်တွင်းနေရပ်ရွှေ့ပြောင်းနေထိုင်ရသည့် ဒေသခံ ရွာသူရွာသားဦးရေသည် ၁,၀၀၀,၀၀၀ ကျော်နေပြီ ဖြစ်သည်။[12] SAC မှ သွားလာမှုနှင့် စားနပ်ရိက္ခာများ သယ်ယူပို့ဆောင်မှုအပေါ် တားဆီးပိတ်ပင်များပြုလုပ်သောကြောင့် လူသား ချင်း စာနာထောက်ထားမှုအကူအညီရရှိမှုကို တင်းကြပ်မှုဖြစ်စေပြီး နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အကူအညီများပေးရန် ကျေးလက်ဒေသများထံသို့ ရောက်ရှိနိုင်စွမ်းမရှိချေ။ ထို့အတွက်ကြောင့် ရွှေ့ပြောင်းနေထိုင် ရသည့် ဒေသခံရွာသားများအနေဖြင့် မကြာခဏဆိုသလို ကာလကြာရှည်စွာ ချို့တဲ့မှုနှင့် ကျန်းမာရေး ပြဿနာများ ရင်ဆိုင်ကြုံတွေ့နေရပါသည်။[13]

 

(၃) ဖြစ်စဉ်များအကျဉ်းချုပ် - မြန်မာပြည်အရှေ့တောင်ပိုင်းတွင် SAC မှ အရပ်သားပြည်သူလူထု၏ အသက်မွေးဝမ်းကျောင်းပြုမှုနှင့်စားနပ်ရိက္ခာရရှိမှုတို့အပေါ် တိုက်ခိုက်ဖျက်ဆီးခြင်း

မြန်မာပြည်အရှေ့တောင်ပိုင်းတွင်နေထိုင်ကြသောရွာသားများသည် လက်နက်ကိုင်ပဋိပက္ခများနှင့် SAC တို့၏ပစ် မှတ်ထားတိုက်ခိုက်ခြင်းကို ထပ်ခါတလဲလဲကြုံတွေ့ရသည့်အတွက်ကြောင့် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းပြု မှုအပေါ် ဆိုးရွားစွာထိခိုက်စေခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် SAC သည် ကျေးရွာများ၊ လူနေအိမ်များနှင့်စိုက်ပျိုးခြံများ ကိုပစ်မှတ်ထားပြီး လေကြောင်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းနှင့် စစ်ဆင်ရေးထိုး၍တိုက်ခိုက် ခြင်းတို့ဖြင့် ရွာသားများ၏စိုက်ပျိုးရေးသီးနှံထွက်ကုန်များနှင့်အခြားအရေးကြီးသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို နှောက်ယှက်ဖျက်ဆီးခဲ့သည်။ ထို့အပြင် မြေမြှုပ်မိုင်းနှင့်မပေါက်ကွဲသေးသောလက်နက်အကြွင်း အကျန်များတည်ရှိမှုကြောင့် ရွာသားများအနေဖြင့်လက်ယာစိုက်ပျိုးခြံထဲသို့သွားရာတွင် အဟန့်အတားဖြစ်စေပြီး ၎င်းတို့၏နေ့စဉ်ဓူဝစားဝတ်နေရေးလုပ်ငန်းများလုပ်ကိုင်ရာတွင်အန္တရာယ်ရှိသည့်အခြေအနေသို့ တွန်းပို့စေသည်။ ဖြစ်စဉ်အများစုတွင် SAC အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရွာသားများ၏ကျွဲ၊နွားတိရိစ္ဆာန်များ သေဆုံးရခြင်း နှင့်စားစရာများနှင့်အခြားအရေးကြီးသည့်ပိုင်ဆိုင်မှုပစ္စည်းများ လုယက်ခိုးယူခံရခြင်းစသည့်အခြေအနေကိုလည်း တွေ့ရှိရသည်။ SAC သည် ဤသို့အကြမ်းဖက်မှုများကျူးလွန်သည့်အပြင် ရွာသားများ၏ခရီးသွားလာခွင့်နှင့် ကုန် ပစ္စည်းသယ်ယူပို့ဆောင်ခွင့်တို့ကိုလည်း ပိတ်ပင်ကန့်သတ်ခဲ့သည်။ ထို့ကြောင့် ရွာသားများသည် ဈေးဝယ်ထွက် ခြင်း၊ လယ်ယာစိုက်ပျိုးခြံသို့သွားလာလုပ်ကိုင်ခြင်းနှင့်အခြေခံလိုအပ်ချက်များရယူရာတွင် အခက်အခဲ၊ အတားအ ဆီးများနှင့်ကြုံတွေ့နေရသည်။ အကျိုးဆက်အနေဖြင့် ကရင်ပြည်နယ်တစ်ဝှမ်းရှိ ပြည်သူလူထုများသည် နေရပ်မှ ပြောင်းရွှေ့နေထိုင်ရခြင်း၊ လူမှုဖူလှုံရေးအခြေခံလိုအပ်ချက်များမရရှိခြင်းနှင့် စားနပ်ရိက္ခာဖူလှုံမှုမရှိခြင်းတို့ကို ရင်ဆိုင်ကြုံတွေ့နေရပါသည်။

ဤအခန်းမှာ မြန်မာအရှေ့တောင်ပိုင်းတွင် SAC မှ ရွာသားများ၏အသက်မွေးဝမ်းကျောင်းပြုမှုနှင့်စီးပွားရေးလုပ် ငန်းများကို မည်ကဲ့သို့အကြမ်းတိုက်ခိုက်ပြီး အရှိန်မြင့်လာသည့်လက်နက်ကိုင်ပဋိပက္ခများကြောင့် စားနပ်ရိက္ခာဖူ လှုံမှုပြဿနာများနှင့်ရင်ဆိုင်ကြုံတွေ့ရသည့်အခြေအနေကို ဖြစ်စဉ်သာဓကများဖြင့် ထည့်သွင်းဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ်ရှိ ခရိုင်(၇)ခုလုံးရှိ ရွာသားများသည် စားဝတ်နေ ရေးအတွက် ရုန်းကန်နေရသည့်အခြေအနေကို မှတ်တမ်းပြုစုထားသည့်မြေပြင်အစီရင်ခံစာ (၂၃၃) ခုကို KHRG မှ လက်ခံရရှိခဲ့သည်။ ထိုအစီရင်ခံစာများတွင် အသံဖမ်းအင်တာဗျူးများ၊ ဒေသလိုက်အစီရင်ခံစာများ၊ မှုခင်းဖော် ပြသည့်မှတ်တမ်းလွှာများနှင့် နောက်ဆုံးရဒေသတွင်းအစီရင်ခံစားများပါဝင်ပါသည်။ ထိုအထဲတွင် ရွာသားများ ကြုံတွေ့ရသည့်စားဝတ်နေရေးအခက်အခဲများအပေါ် မတူညီသည့်အမြင်သဘောထားများနှင့်ပတ်သက်၍ အမျိုးသား (၆၆) ဦးနှင့်အမျိုးသမီး (၅၂)ဦးတို့ကို အင်တာဗျူးခဲ့ပါသည်။ ဤသို့မှတ်တမ်းပြုစုသည့်အစီရင်ခံစာများတွင် ပါဝင်သည့်အကြမ်းဖက်မှုများမှာ (၃.၁) စိုက်ပျိုးရေးသီးနှံထွက်ကုန်များအား နှောက်ယှက်ဖျက်ဆီးခြင်း၊ (၃.၂) တိရိစ္ဆာန်မွေးမြူရေးအား တိုက်ခိုက်ခြင်းနှင့် ပိုင်ဆိုင်မှုပစ္စည်းများအား လုယက်ခိုးယူခြင်း၊ (၃.၃) စားနပ်ရိက္ခာရရှိ မှု၊ ခရီးသွားလာမှုနှင့်အသက်မွေးဝမ်းကျောင်းပြုမှုအား ပိတ်ပင်ကန့်သတ်ခြင်း၊ (၃.၄) နေအိမ်များဖျက်ဆီးခြင်းနှင့် နေရပ်မှစွန့်ခွာရခြင်း၊ (၃.၅) လူသားချင်းစာနာထောက်ထားမှုအကူအညီများအား ပိတ်ပင်တားမြစ်ခြင်းစသည်တို့ ဖြစ်သည်။ ဤသို့စနစ်တကျရှိသောအကြမ်းဖက်မှုအများစုကို SAC စစ်သားများက ကျူးလွန်ခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များမှလည်း ရွာသားများ၏စားဝတ်နေရေးနှင့်စားနပ်ရိက္ခာဖူလှုံမှုကို ခြိမ်းခြောက်စေသည့် ဖြစ်စဉ်အချို့ကို ကျူးလွန်ခဲ့ကြောင်း ဒေသခံများက တင်ပြခဲ့သည်။      

 

(၃.၁) စိုက်ပျိုးရေးသီးနှံထွက်ကုန်များအား နှောက်ယှက်ဖျက်ဆီးခြင်း

၂၀၂၄ ခုနှစ်တွင် SAC ၏လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့် မြန်မာပြည်အရှေ့တောင် ပိုင်းရှိဒေသခံပြည်သူတို့၏လယ်ယာစိုက်ပျိုးခြံများ ပျက်စီးခဲ့ရသည်။ ရွာသားများသည် တိုက်ပွဲနှင့် SAC တိုက်ခိုက် မှုတို့ကို ကြောက်ရွံ့နေရပြီး ၎င်းတို့စိုက်ပျိုးခြံထဲသို့ သွားလာလုပ်ကိုင်၍မရတော့သည့်အတွက်ကြောင့် ၎င်းတို့၏ အဓိကဝင်ငွေလမ်းကြောင်းနှင့်စားဝတ်နေရေးကို များစွာထိခိုက်စေသည်။ ဤသို့အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် တော်တော်များများတွင် အိမ်ထောင်ဦးစီးဖြစ်ကြသည့်မိသားစုဝင်များသည် ဒဏ်ရာရရှိခြင်း သို့မဟုတ် သေဆုံးခဲ့ ရသည်။ ဤအခြေအနေကြောင့် ကျန်ရစ်သူမိသားစုများသည် စားဝတ်နေရေးအတွက် ပို၍ရုန်းကန်ခဲ့ရသည်။ ထို့အပြင် မြေမြှုပ်မိုင်းတည်ရှိမှုကြောင့် ရွာသားများအနေဖြင့် စားစရာများရှာထွက်သည့်အခါဖြစ်စေ၊ လယ်ယာစိုက် ပျိုးခြံသို့သွားလာလုပ်ကိုင်သည့်အခါဖြစ်စေ သို့မဟုတ် ဝင်ငွေရသည့်အလုပ်ထွက်ရှာသည့်အခါဖြစ်စေ မြေမြှုပ် မိုင်းအန္တရာယ်နှင့်ရင်ဆိုင်ကြုံတွေ့နေရသည်။   

(က) လယ်ယာစိုက်ပျိုးခြံများဖျက်ဆီးခြင်းနှင့် ရွာသားများ၏စိုက်ပျိုးရေးလုပ်ငန်းများအား ခြိမ်းခြောက်ခြင်း

SAC သည် ကရင်ပြည်နယ်ရှိ အရပ်သားဒေသများကိုတိုက်ခိုက်ရာတွင် ကျေးရွာများကိုသာ ထိခိုက်ပျက်စီးသည် သာမကပဲ လယ်ယာမြေစိုက်ခင်းများလည်း တော်တော်များများပျက်စီးခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် သီးနှံစိုက်ပျိုးပင်များနှင့်လယ်ယာစိုက်ပျိုးခင်းများပျက်စီးပြီး ရွာသားများသည် နောက်ထပ်တိုက်ခိုက်မှုများဖြစ်လာမည်ကိုကြောက်ရွံ့၍ ၎င်းတို့စိုက်ပျိုးခြံသို့သွားလာလုပ်ကိုင်ရာတွင် အဟန့်အ တားများဖြစ်စေခဲ့သည်။ ဤသို့အကြမ်းဖက်တိုက်ခိုက်မှုသည် ဒေသခံပြည်သူလူထု၏စားဝတ်နေရေးနှင့်ရှင်သန် မှုကို တိုက်ရိုက်ခြိမ်းခြောက်သည့်အရာတစ်ခုဖြစ်လာပြီး စားနပ်ရိက္ခာရရှိခွင့်ကို ဟန့်တားစေလျှက် ဒေသခံပြည် သူ၏ဝင်ငွေလမ်းကြောင်းကို ပိတ်ပင်ကန့်သတ်သည့်အခြေအနေသို့ရောက်ရှိနေကြောင်း တွေ့ရှိရသည်။ ၂၀၂၄ ခု နှစ်အတွင်းတွင်ပင် SAC သည် လယ်ယာစိုက်ပျိုးမြေများကို တိုက်ခိုက်သည့်ဖြစ်စဉ်အနည်းဆုံး (၃၃) ခုကို KHRG အနေဖြင့် မှတ်တမ်းပြုစုခဲ့သည်။ ထို့အပြင် KHRG မှ တွေ့ဆုံးမေးမြန်းခဲ့သည့်ရွာသားများ အနည်းဆုံး (၅၀) ဦးသည် ဤသို့အကြမ်းဖက်တိုက်ခိုက်သည့်လုပ်ရပ်များကြောင့် ၎င်းတို့စိုက်ပျိုးခြံသို့ သွားလာလုပ်ကိုင်ရန် ကြောက်ရွံ့နေ ရကြောင်း တင်ပြခဲ့သည်။

ကောက်ရိတ်သိမ်းရာသီအတွင်း သို့မဟုတ် ထိုရာသီမတိုင်မီတွင် တိုက်ခိုက်မှုများဖြစ်ပွားသည့်အခြေအနေတွင် ရွာသားများ၏စားဝတ်နေရေးကို များစွာထိခိုက်စေခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ဒူးသထူခရိုင်၊ ဘားအံ မြို့နယ်၊ ဖွာဝေါ်ကျေးရွာအုပ်စု၊ အအ--- ကျေးရွာတွင်နေထိုင်သည့်ရွာသားတစ်ဦးဖြစ်သူ နော်အ--- သည် ကမာ မောင်းမြို့မှ SAC လက်နက်ကြီးပစ်ခတ်မှုကြောင့် သူမ၏စိုက်ပျိုးခင်းအချို့ကို ထိခိုက်ပျက်စီးသွားသော အခြေအ နေနှင့်ပတ်သက်၍ ယခုလိုပြောပြသည်။ “အဲဒီမနက်မှာ ကျွန်မက နှမ်းပင်နဲ့စပါးသီးနှံရိတ်သိမ်းဖို့လာတဲ့အချိန်မှာ (ထိခိုက်ပျက်စီးမှုကို) တွေ့လိုက်တော့ ကျွန်မစိတ်ထိခိုက်သွားတယ်။ သွေးတိုးပါတက်တယ်။ ကျွန်မလည်းအလုပ် လုပ်ရဲတော့ဘူး။ ပြီးတော့ ကျွန်မအိမ်ကို ပြန်ပြေးလာတယ်။ (…) ကျွန်မမှာ နှမ်းစိုက်ခင်းနဲ့စပါးခင်းပဲရှိတယ်။ စပါး ကိုတော့ မရိတ်သိမ်းရသေးဘူး။ ကျွန်မအရမ်းကြောက်နေတယ်။”[14] ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့ ည (၉) နာရီအချိန်တွင် သာဝေါ်ပလေးတပ်စခန်းတွင် အခြေစိုက်သည့် SAC လက်အောက်ခံ ဗိုလ်မောင်ချစ်ဦးဆောင် သော နယ်ခြားစောင့်တပ် (BGF) တပ်ရင်း (၁၀၁၄) သည် အအ--- ကျေးရွာ၊ လယ်ယာစိုက်ပျိုးခင်းနှင့် အနီးပတ်ဝန်း ကျင်ဒေသတွင် လက်နက်ကြီးများထပ်မံပစ်ခတ်ခဲ့သည်။ လယ်ယာမြေ (၆) ဧကရှိ စပါးခင်းများကို ရိတ်သိမ်းခဲ့ ပြီးဖြစ်၍ လက်ရှိအချိန်သည် နှမ်းသီးပင်ရိတ်သိမ်းမည့်အချိန်ဖြစ်ကြောင်း ဒေသခံရွာသားတစ်ဦးက တင်ပြခဲ့သည်။ သို့သော်လည်း ဤသို့လက်နက်ကြီးများမကြာခဏပစ်ခတ်မှုကြောင့် ရွာသားများအတွက် လယ်ယာစိုက်ပျိုးခင်း ထဲသို့ သွားလာလုပ်ကိုင်ရာတွင် အဟန့်အတားများဖြစ်စေသည်။[15]     

 

လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုတို့၏အန္တရာယ်ကြောင့် အမြဲတမ်းကြောက်ရွံ့နေရပြီး လုံခြုံမှု မရှိဟုခံစားရ၍ လယ်ယာစိုက်ပျိုးခြံသို့ သွားလာလုပ်ကိုင်ရာတွင် အဟန့်အတားဖြစ်စေကြောင်း ရွာသားများအနေ ဖြင့် အမြဲတစေတင်ပြခဲ့သည်။ ပြည်သူလူထုများသည် ၎င်းတို့စားဝတ်နေရေးအတွက် ရုန်းကန်နေရသည့်အခြေ နေတွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးရခြင်း သို့မဟုတ် ဒဏ်ရာရခြင်းစသည့်အန္တရာယ်ကို နေ့စဉ်နှင့် အမျှကြုံတွေ့ရကြောင်း ရွာသားတော်တော်များများက တင်ပြခဲ့သည်။ ဥပမာဖြစ်စဉ်တစ်ခုမှာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် တောအူးခရိုင်၊ ထောတထူမြို့နယ်၊ ဇရပ်ကြီးတောင်ခြမ်းကျေးရွာအုပ်စု၊ အဂ--- ကျေးရွာတွင် လက်နက်ကြီးပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လယ်ယာမြေများထဲသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ထိခိုက်ပျက်စီး ခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သူ ဃ---က ယခုလိုပြောပြသည်။ “လက်ရှိအချိန်မှာ ပြည်သူတွေက လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုရဲ့အန္တရာယ်ကို ကြောက်နေရတယ်။ ရွာသားတစ်ယောက်ထဲပဲ ကြောက် နေတာမဟုတ်ဘူး။ ရွာသားအားလုံးက ကြောက်နေကြတယ်။ အခုချိန်မှာ စပါးရိတ်သိမ်းဖို့လည်း အဆင်မပြေဘူး။” [16]အလားတူစွာ ဖွ‌‌ဂေါ်ကျေးရွာအုပ်စု၊ အအ--- ကျေးရွာတွင်နေထိုင်သည့်ရွာသားတစ်ဦး စောဂ---သည် SAC အဆက်မပြတ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ၎င်းအနေဖြင့် လယ်ယာထဲတွင်အလုပ်မသွားလုပ်ရဲတော့သည့် အခြေအနေကို ရှင်းပြခဲ့သည်။ အခြေအနေကို သူကဤသို့ပြောပြသည်။ “အလုပ်သွားလုပ်ရင်လုံခြုံမှုရှိ၊ မရှိဆိုတာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က အခြေအနေကိုအကဲဖြတ်လေ့လာပြီး အမြဲတမ်းနားစွင့်နေရတယ်။ အခြေအနေ က အလုပ်သွားလုပ်လိုက်၊ ပြေးရှောင်လိုက်ဖြစ်နေတယ်။”[17]

 

ဤသို့သောအခြေအနေကြောင့် ကျေးလက်ဒေသရှိ စိုက်ပျိုးရေးသီးနှံထွက်ကုန်နှုန်းကိုထိခိုက်စေ၍ စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့်ကြုံတွေ့ရပြီး ကုန်ဈေးနှုန်းလည်း မြင့်တက်လာသည်။ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ခေါပူကျေးရွာ အုပ်စု၊ အဧ--- ကျေးရွာတွင်နေထိုင်သော ရွာသားတစ်ဦးဖြစ်သူ ဦးဒ--- မှ ယခုလိုပြောသည်။ “ဒေသခံရွာသား တွေဟာ စားဝတ်နေရေးအတွက် လယ်ယာခြံထဲမှာအလုပ်လုပ်နေရတယ်။ (SAC) လက်နက်ကြီးနဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် ရွာသားတွေဟာ သူတို့ရဲ့လယ်ယာခြံထဲကို အလုပ်မသွားရဲတော့ဘူး။ အဲဒါကြောင့် ဆန်းစပါး ပြတ်လပ်မှုတွေနဲ့ရင်ဆိုင်နေရတယ်။ ဒီလိုအခြေအနေကြောင့် ဆန်ဈေးကြီးလာတယ်။ ရွာသားတွေ ဆန်ကိုမဝယ် စားနိုင်တော့ဘူး။”[18]

 

အဆက်မပြတ်အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရွာသားများအနေဖြင့် ၎င်းတို့၏အခြေခံလိုအပ်ချက်ကိုဖြည့်ဆည်း နိုင်ရန်အတွက် ပို၍ခက်ခဲလာပြီး ရေရှည်စားနပ်ရိက္ခာဖူလှုံမှုအတွက် စိုးရိမ်ကြောက်ရွံ့နေရသည်။ ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဝင်းကကျေးရွာအုပ်စု၊ အဒ--- ကျေးရွာတွင်နေထိုင်သော ဒေါ်ဆ---က ၂၀၂ ခုနှစ်၊ စက်တင် ဘာလတွင် ဤသို့ရှင်းပြသည်။ “အလုပ်လုပ်ရတာအဆင်မပြေဘူး။ ဘာဖြစ်လို့လဲဆိုတော့ (SAC) လက်နက်ကြီး တွေကို ကြောက်နေရတယ်။ လူတွေက တစ်ဖြေးဖြေးနဲ့စပြီးအစာရေစာမရှိကြတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်လုပ်ရတာ အဆင်မပြေဘူးလေ။ (…) အကြောက်တရားနဲ့အလုပ်လုပ်နေရတယ်။ (…) မလုပ်ဘူးဆိုရင် လည်း ကျွန်မတို့ငတ်လိမ့်မယ်။”[19] ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဖွ‌‌ဂေါ်ကျေးရွာအုပ်စု၊ အအ--- ကျေးရွာတွင် လက်နက်ကြီးပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကမာမောင်းမြို့တွင် အခြေစိုက်သော SAC တပ်ဖွဲ့များသည် လက်နက်ကြီးများထပ်မံပစ်ခတ်ခဲ့ပြန်သည်။ လက်နက်ကြီးများသည် ရွာ သားတစ်ဦးဖြစ်သူ အဏ---၏စိုက်ပျိုးခြံထဲတွင် ကျရောက်ပေါက်ကွဲပြီး ၎င်း၏နှမ်းပင်များ ပျက်စီးသွားခဲ့သည်။ အအ--- ကျေးရွာတွင်နေထိုင်သည့်စောဘဈ---က ယခုလိုပြောပြသည်။ “နောက်တစ်နှစ်၊ နှစ်နှစ်မှာ တကယ်လို့ သူတို့က (SAC) လက်နက်ကြီးဆက်ပစ်နေအုန်းမယ်ဆိုရင် ကျွန်တော်တို့တွေ လွယ်လွယ်ကူကူနဲ့အလုပ်လုပ်နိုင် တော့မှာမဟုတ်ဘူး။ အမြဲတမ်းအကြောက်တရားနဲ့ပဲ နေရတော့မယ်။”[20]

 

အခြားခရိုင်များရှိ ရွာသားများသည်လည်း ခက်ခဲကြမ်းတမ်းသည့်အခြေအနေကိုကြုံတွေ့နေရကြာင်း တွေ့ရှိရ သည်။ ၂၀၂၄ ခုနှစ်အတွင်း မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်တွင် လက်နက်ကိုင်ပဋိပက္ခအမြဲလိုလိုဖြစ်ပွားနေသည့် အတွက်ကြောင့် ဒေသခံရွာသားများသည် ၎င်းတို့စိုက်ပျိုးရေးလုပ်ငန်းကို ရုန်းကန်လုပ်ကိုင်နေရပြီး စားဝတ်နေရေးအတွက် အလွန်စိုးရိမ်နေရကြောင်း တင်ပြခဲ့သည်။ ရွာသားများသည် အခြားသောစီးပွားရေးဝင်ငွေလမ်း ကြောင်းများမရှိသည့်အတွက်ကြောင့် အစာရေစာပြတ်လပ်မှုနှင့်ရင်ဆိုင်ကြုံတွေ့ရမှာကို ကြောက်ရွံ့နေသည်။[21]

 

(ခ) မိသားစုအား ကျွေးမွေးစောင့်ရှောက်သည့်အိမ်ထောင်ဦးစီးများ ဒဏ်ရာရခြင်း၊ သေဆုံးခြင်း

လယ်ယာစိုက်ပျိုးမြေများကို တိုက်ခိုက်ဖျက်ဆီးသည့်အခြေအနေတွင် ရွာသားများလည်း ဒဏ်ရာရရှိခြင်း သို့မ ဟုတ် သေဆုံးရခြင်းရှိသောကြောင့် ကျန်ရစ်သော ၎င်းတို့မိသားစုသည် စားဝတ်နေရေးအတွက် ခက်ခဲစွာရုန်း ကန်နေရသည်။[22] ဥပမာဖြစ်စဉ်တစ်ခုမှာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့ မနက် (၁၁) နာရီဝန်းကျင်တွင် စစ်ကွပ်ကဲအခြေစိုက် (စကခ) အမှတ် (၂၀) လက်အောက်ခံဖြစ်သော သစ်စေးတောင်တပ်စခန်း၊ ပြောင်သို တပ်စခန်းနှင့်ဘောဂလိတပ်စခန်းမှ SAC တပ်ဖွဲ့များသည် တောအူးခရိုင်၊ ထောတထူမြို့နယ်၊ ကော်သေ့ဒမ် (ရေသိုကြီး) ကျေးရွာအုပ်စု၊ အဧ--- ကျေးရွာအနီးရှိ ကွမ်းသီးခြံထဲသို့ လက်နက်ကြီးပစ်ခတ်ခဲ့ပြီး ရွာသားတစ်ဦး ဖြစ်သူ နော်ဟ--- ထိမှန်ရရှိ၍ အခြားရွာသားတစ်ဦးဖြစ်သူ စောဧ---လည်း ထိမှန်သေဆုံးခဲ့သည်။ ထိုနေ့တွင် ကွမ်းသီးခြံထဲတွင် အလုပ်လုပ်နေသော အခြားရွာသားတစ်ဦးဖြစ်သူ စောသ---က ယခုလိုပြောသည်။ “အဲဒီချိန် မှာ ကျွန်တော်တို့အလုပ်လုပ်နေတဲ့ကွမ်းသီးခြံထဲမှာ လက်နက်ကြီးတစ်လုံးကျပြီးပေါက်ကွဲသွားတယ်။ (…) လက်နက် ကြီးကျည်စက စောဧ---ရဲ့လည်ပင်း၊ လက်နဲ့ခြေထောက်ကိုထိမှန်ပြီး ပွဲချင်းပြီးသေသွားတယ်။ (…) လက်နက်ကြီး ပစ်တဲ့အချိန်မှာ ကွမ်းသီးခြံထဲမှာ ပြေးပုန်းစရာနေရာမရှိဘူး။ (…) ကျွန်တော်အရမ်းတုန်လှုပ်သွားတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော့်ဘဝမှာ ဒီလိုအဖြစ်မျိုးတစ်ခါမှမကြုံဖူးဘူး။” စောဧ---သေဆုံးသွားပြီးနောက် ၎င်း၏မိသားစု သည် စားဝတ်နေရေးအတွက် အခက်အခဲစိန်ခေါ်မှုများနှင့်ကြုံတွေ့နေရသည်။ စောဧ---မှာ ဇနီးတစ်ဦးနှင့်သား သမီးသုံးဦးရှိသည်။ ယခုချိန်တွင် အိမ်ထောင်ဦးစီးဖြစ်သည့်စောဧ--- သေဆုံးသွားသည့်အတွက် ၎င်းမိသားစုသည် စားဝတ်နေရေးအတွက် ရုန်းကန်နေရသည်။[23]

အခြားရွာသားတော်တော်များများသည် လက်နက်ကြီးပစ်ခတ်မှုနှင့်လေကြောင်းတိုက်ခိုက်မှုကြောင့် ၎င်းတို့မိ သားစုဝင်ဖြစ်ကြသည့်အိမ်ထောင်ဦးစီးများ ဒဏ်ရာရရှိခြင်း သို့မဟုတ် သေဆုံးရခြင်းအတွက်ကြောင့် ၎င်းတို့အ နေဖြင့် အခက်အခဲစိန်ခေါ်မှုများကြုံတွေ့နေရကြောင်း KHRG အား တင်ပြခဲ့သည်။ အကြောင်းမှာ ကျန်ရစ်သူ မိသားစုသည် စားဝတ်နေရေးအတွက် ရုန်းကန်ရပြီး သားသမီးများကိုလည်း ပြုစုစောင့်ရှောက်နေရသည့်အတွက် ကြောင့်ဖြစ်သည်။ ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်ရှိ လေးကေကော်မြို့တွင် နေထိုင်သည့်ရွာသားတစ်ဦး ဖြစ်သူ က---သည် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့ပြီး သူမနှင့်သူမ၏အမျိုးသားသည် မိသားစုဝင် (၉)ဦး၏ စားဝတ်နေရေးအတွက် နေ့စားအလုပ်သာလုပ်နေရသူဖြစ်သည့်အတွက်ကြောင့် စားဝတ်နေရေးအခက် အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ရှင်းပြခဲ့သည်။ ထိုအကြောင်းကို သူမက ယခုလိုပြောပြသည်။ “ကျွန်မတို့နှစ် ယောက်က (သူမနှင့်သူမ၏အမျိုးသား) အလုပ်အတူတူလုပ်နိုင်ရင် ပိုကောင်းတယ်။ ဒါပေမဲ့အခုတော့ တစ် ယောက် ပဲလုပ်နိုင်တော့တယ် (သူမသည်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင့်ဖြစ်သည်။) ဒီနေ့မှာ သူက (သူမ၏ အမျိုးသား) အလုပ်သွားလုပ်တယ်။ ဒါပေမဲ့ သူနေ့တိုင်းအလုပ်မရဘူးလေ (အလုပ်ရှားပါးမှုကြောင့် ဖြစ်သည်။)” [24]        

 

(ဂ) လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများနှင့်စိုက်ပျိုးရေးကိရိယာများကို ဖျက်ဆီးခြင်း

 

SAC ၏အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရွာသားများ၏လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးနှင့်သီးနှံ ထွက်ကုန်များအတွက် အသုံးပြုသော ကိရိယာပစ္စည်းများလည်း ထိခိုက်ပျက်စီးမှုရှိခဲ့သည်။ ထိုကဲ့သို့ စိုက်ပျိုးရေး သုံးပစ္စည်းကိရိယာများ ပျက်စီးသွားသည့်အခြေအနေတွင် ရွာသားများအနေဖြင့် စားဝတ်နေရေးအတွက် စိုက်ပျိုး ရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် အခက်အခဲစိန်ခေါ်မှုများရှိလာသည်။ ဥပမာဆိုလျှင် စပါးကျီများသည် တစ်နှစ် အတွက်စားနပ်ရိက္ခာဖူလှုံမှုရရှိနိုင်ပြီး ရွာသားများ၏ဘဝအတွက် အရေးကြီးသော အရာတစ်ခုဖြစ်သည်။ ရွာသား များအတွက် အရေးကြီးသော စပါးကျီးများနှင့်စိုက်ပျိုးရေးကိရိယာများဖျက်ဆီးခံရခြင်းသည် ရွာသားများအနေ ဖြင့် စားဝတ်နေရေးအခက်အခဲများကို ပို၍ရင်ဆိုင်ကြုံတွေ့ရကြောင်း တွေ့ရှိရသည်။ အစီရင်ခံစာကာလအတွင်း တောအူးခရိုင်၊ မူတြော်ခရိုင်နှင့်ဒူးပလာယာခရိုင်တွင် SAC လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှု ကြောင့် စပါးကျီများပျက်စီးသွားသည့်အခြေအနေနှင့်ပတ်သက်၍ အစီရင်ခံစာ (၅) စောင်ကို KHRG မှ လက်ခံ ရရှိခဲ့သည်။[25]

 

(ဃ) မြေမြှုပ်မိုင်းတည်ရှိမှု၊ UXO များနှင့်လက်နက်ကြီးကျည်စအကြွင်းအကျန်များ

 

SAC သည် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ လယ်ယာစိုက်ပျိုးမြေများကို လက်နက်ကြီးပစ်ခတ်ခြင်းနှင့်လေ ကြောင်းဖြင့်တိုက်ခိုက်ခြင်းကြောင့် တစ်ချို့လက်နက်ကြီး၊ ဗုံးကျည်ဆံများမပေါက်ဘဲရှိနေပြီး ပေါက်ကွဲသွားသည့် လက်နက်ကျည်ဆံများလည်း ကျည်အစအနများကျန်ရှိခဲ့သည်။ ဤအခြေအနေကြောင့် ရွာသားများသည် ၎င်းတို့ လယ်ယာစိုက်ပျိုးခြံထဲကို အလုပ်သွားလုပ်ရာတွင် အခက်အခဲအန္တရာယ်များရှိကြောင်း တွေ့ရှိရသည်။ ထို့အပြင် ရွာသားများအနေဖြင့် SAC မှ အကြမ်းဖက်တိုက်ခိုက်မှုများထပ်မံပြုလုပ်မည်ကိုစိုးရိမ်ကြောက်ရွံ့ရသည်။ ထိုကဲ့သို့ အခြေအနေများကြောင့် ရွာသားများ အထူးသဖြင့်ကလေးသူငယ်များ၏လုံခြုံရေးအပေါ် ဆိုးကျိုးသက်ရောက်မှု များရှိစေပြီး အသက်အန္တရာယ်ခြိမ်းခြောက်သည့်အရာဖြစ်လာသည်။ လယ်ယာစိုက်ပျိုးခြံထဲတွင်တည်ရှိနေသော တစ်ချို့လက်နက်ကျည်ဆံများသည် မပေါက်ကွဲဘဲရှိနေသည့်အတွက် ရွာသားများအနေဖြင့် လယ်ယာစိုက်ပျိုးခြံ ထဲတွင် ထွန်ယက်ခြင်း သို့မဟုတ် သီးနှံရိတ်သိမ်းခြင်းများပြုလုပ်ရန် အလွန်အန္တရာယ်ရှိသည့်အတွက်ကြောင့် ရွာသားတော်တော်များများသည် စိုက်ပျိုးခြံထဲတွင် အလုပ်သွားလုပ်ရန်လုံခြုံမှုမရှိကြောင်း တွေ့ရှိရသည်။

 

ဥပမာဖြစ်စဉ်တစ်ခုမှာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့ ည (၉)နာရီတွင် SAC ဂျက်လေယာဉ်များသည် ဒူးသထူ ခရိုင်၊ ဘားအံမြို့နယ်၊ မယ်ကနာခီးဒိုကျေးရွာအုပ်စု၊ အန--- ကျေးရွာတွင်နေထိုင်သော စောလ---၏လယ်ယာ စိုက်ခင်းထဲတွင် ဗုံးများပစ်ချခဲ့ပြီး သီးနှံများပျက်စီး၍ ဗုံးအစအနများကျန်ရှိခဲ့သည်။ စောလ---သည် သူ၏လယ် ယာစိုက်ခင်းထဲတွင် ကြံပင်များ၊ ကြက်မောက်ပင်များနှင့်စပါးများကို စိုက်ပျိုးသည်။ ဤသို့လေကြောင်းတိုက်ခိုက် မှုကြောင့် စောလ---အနေဖြင့် လယ်ယာစိုက်ခင်းသို့အလုပ်သွားလုပ်လျှင် ကျည်အစအနများကြောင့် ဒဏ်ရာရ နိုင်သည့်အန္တရာယ်ကို ကြောက်ရွံ့နေရကြောင်းကို ယခုလိုပြောပြသည်။ “ကျွန်တော်ပြောချင်တာက ဒီဗုံးကျည်စ တွေကို ဘယ်လိုလုပ်သင့်လဲ။ အဲဒါကို လုံခြုံတဲ့နေရာမှာထားရမှာလား။ အလုပ်လုပ်နေရင်း ခြေထောက်၊ လက် တွေကို မတော်တဆရှမိ၊ ထိသွားနိုင်တယ်။ အဲဒါတွေအားလုံးကို လိုက်ရှာလို့တွေ့မှာမဟုတ်ဘူး။”[26]

 

မြေမြှုပ်မိုင်းတည်ရှိမှုသည်လည်း ရွာသားများအတွက် လယ်ယာစိုက်ပျိုးခြံတွင် သွားလာလုပ်ကိုင်ရာတွင် အခက် အခဲစိန်ခေါ်မှုများရှိသည်။ ဥပမာဖြစ်စဉ်တစ်ခုမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက် (၉း၄၅) မိနစ်တွင် မူတြော်ခရိုင်၊ လူသောမြို့နယ်၊ လယ်မူပလောကျေးရွာအုပ်စု၊ အဝ--- ကျေးရွာတွင်နေထိုင်သော ရွာသားတစ်ဦး ဖြစ်သည့် စောမ---သည် အခြားရွာသားများနှင့်အတူ တောင်ယာသွားခုတ်မည့်အချိန်တွင် SAC စစ်သားများမှ ထောင်ထားသော M-14 မြေမြှုပ်မိုင်းတစ်လုံးကိုနင်းမိ၍ ပေါက်ကွဲသွားပြီး ဒဏ်ရာရရှိခဲ့သည်။ အခင်းဖြစ်ပွားသည့် နေရာသည် လယ်မူပလောကျေးရွာအုပ်စုရှိ ဆဘ--- နေရာဖြစ်သည်။ စောမ---သည် စားဝတ်နေရေးအ တွက် တောင်ယာအလုပ်ဖြင့်လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။ စောမ---သည် ဤသို့ဒဏ်ရာရရှိသောကြောင့် စားဝတ်နေ ရေးအခက်အခဲများကြုံတွေ့ရပြီး သူ၏မောင်နှမများကိုသာ မှီခိုနေရသည်။[27]

 

၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် UXO ပေါက်ကွဲမှုကြောင့် ကလေး (၉)ဦးအပါအဝင် ရွာသားများ သေဆုံးရ ခြင်းနှင့် ဒဏ်ရာရရှိသောဖြစ်စဉ် (၁၈) ခုကို KHRG မှ သတင်းမှတ်တမ်းပြုစုခဲ့သည်။ မြေမြှုပ်မိုင်း သို့မဟုတ် UXO များ၏အန္တရာယ်သည် စိုက်ပျိုးရေးလုပ်ငန်းကိုသာ ထိခိုက်စေသည်မကဘဲ ရွာသားများအနေဖြင့် တောထဲသို့ စားစရာများရှာထွက်သည့်အခြေအနေတွင်လည်း ရွာသားများကို ခြိမ်းခြောက်သည့်အရာတစ်ခုဖြစ်လာသည်။[28]        

 

(၃.၂) မွေးမြူရေးတိရိစ္ဆာန်များအား တိုက်ခိုက်ခြင်းနှင့်သိမ်းယူခြင်း၊ ရွာသားများ၏စားစရာကို လုယက်ခိုးယူခြင်း

 

တိရိစ္ဆာန်မွေးမြူရေးလုပ်ငန်းသည် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသားများ၏စားဝတ်နေရေးအတွက် အရေး ကြီးသောလုပ်ငန်းတစ်ခုဖြစ်သည်။ သို့သော်လည်း SAC လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှု ကြောင့် ရွာသားများ၏တိရိစ္ဆာန်များကို ထိမှန်၍သေဆုံးခြင်း၊ ဒဏ်ရာရခြင်းများရှိသည်။ ထို့အပြင် SAC စစ်သား များလည်း ရွာသားများ၏တိရိစ္ဆာန်များကို လုယက်ခိုးယူခဲ့သည်။ အဆက်မပြတ်ဖြစ်ပွားနေသော တိုက်ပွဲများနှင့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရွာသားများသည် ရွာမှထွက်ပြေးတိမ်းရှောင်ရပြီး ၎င်းတို့၏တိရိစ္ဆာန်များကို မယူဆောင်သွားနိုင်ဘဲ မကြာခဏဆိုသလို ရွာသို့ပြန်လာပြီး ၎င်းတို့တိရိစ္ဆာန်များကို ကြည့်ရှုစောင့်ရှောက်နိုင် သည့်အခြေအနေမရှိကြောင်း တွေ့ရှိရသည်။

 

တိရိစ္ဆာန်များဆုံးရှုံးရသည့်အပြင် ရွာသားများသည် ၎င်းစားစရာပစ္စည်းများနှင့်အခြားတန်ဖိုးရှိပစ္စည်းများ လုယက် ခိုးယူခံရသည့်အတွက် ၎င်းတို့အနေဖြင့် စားဝတ်နေရေးအခက်အခဲများကို ကြုံတွေ့ရပြန်သည်။ လုယက်ခိုးယူခံ ရသည့်ပစ္စည်းဥစ္စာများသည် ရွာသားအများစုအတွက် တစ်နှစ်ပတ်လုံးရှာဖွေစုဆောင်းရပြီး ၎င်းတို့အသက်ရှင် ရပ်တည်ရန်အတွက် မရှိမဖြစ်လိုအပ်သောအရာများဖြစ်သည်။ ထိုသို့တန်ဖိုးရှိပစ္စည်းများ ဆုံးရှုံးရခြင်းသည် ရွာ သားများအတွက် စားဝတ်နေရေးအကြပ်အတည်းအား ဖြစ်ပေါ်စေသည်။ KHRG လက်ခံရရှိသည့်သတင်းမှတ် တမ်းများအရ ဤသို့လုယက်ခိုးယူမှုဖြစ်စဉ်များကို အဓိကအားဖြင့် SAC စစ်သားများက အများစုကို ကျူးလွန်ကြပြီး တစ်ချို့ဖြစ်စဉ်ကို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များက ကျူးလွန်ခဲ့သည်ဟု ဒေသခံများမှ တင်ပြကြသည်။      

 

(က) မွေးမြူရေးတိရိစ္ဆာန်များ သေဆုံး၊ ဒဏ်ရာရရှိခြင်းနှင့် လုယက်ခိုးယူခြင်း

 

၂၀၂၄ ခုနှစ်တွင် SAC လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားများ၏တိရိစ္ဆာန်များ ထိမှန်သေဆုံးခြင်းနှင့်ဒဏ်ရာရရှိသည့်အခြေအနေနှင့်ပတ်သက်ပြီး KHRG မှ အနည်းဆုံး ဖြစ်စဥ် (၂၀) ခုကို မှတ်တမ်းပြုစုနိုင်ခဲ့သည်။ တစ်ချို့ဖြစ်စဉ်များတွင် SAC နှင့်ဒေသခံလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ရွာသားများ၏တိရိစ္ဆာန်များ သေဆုံး၊ ဒဏ်ရာရခြင်းများလည်းရှိခဲ့သည်။ 

 

ထို့အပြင် မြေပြင်ရှိ SAC စစ်သားများသည် ရွာသားများ၏တိရိစ္ဆာန်များကို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထား၍ လုယူ ခိုးစားကြသည်။ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် SAC တပ်ဖွဲ့သည် ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ ကော်နွဲ့ကျေးရွာအုပ်စု၊ အရ--- ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ရွာသားများ၏ပိုင်ဆိုင်မှုပစ္စည်းများအပါအ ဝင် တိရိစ္ဆာန်များကိုလည်း လုယက်ခိုးယူခဲ့သည်။ အရ--- ကျေးရွာမှ ရွာသားတစ်ဦးက ယခုလိုပြောပြသည်။ “သူတို့က (SAC စစ်သားများ) ရောက်လာတဲ့နေ့မှာ ကြက်တွေကိုယူသွားတယ်။ ဝက်တွေကိုလည်းယူသွားပြီး ချက်စား ကြတယ်။ (…) သူတို့က အိမ်ရှင်တွေကို အိမ်ပြင်မှာထွက်ခိုင်းတယ်။ ပြီးတော့သူတို့က အိမ်ထဲဝင်လာပြီးမွှေတယ်။ သော့ခတ်ထားတဲ့တံခါးတွေကို ရိုက်ချိုးပြီး အိမ်ထဲမှာရှိတဲ့ပစ္စည်းတွေကို ယူသွားတယ်။”[29] အလားတူစွာ ၂၀၂၄ ခုနှစ်၊ ဇူလှိုင်လ ၂၁ ရက်နေ့တွင် တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ ပဆောလိုကျေးရွာအုပ်စု၊ အစ--- ကျေး ရွာအနီး တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် SAC တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားပြီး နောက် ခြေလျင်တပ်ရင်း (၃၉) မှ SAC စစ်သားများသည် ကျေးရွာထဲသို့ဝင်ရောက်လာပြီး တိရိစ္ဆာန်များကို လုယက်ခိုးခဲ့ သည်။ ဒေသခံရွာသားတစ်ဦးဖြစ်သူ ဒေါ်န---က ဤအကြောင်းကို ယခုလိုရှင်းပြသည်။ “သူတို့က (SAC ခလရ - ၃၉) ရွာထဲကိုဝင်လာပြီး ကြက်၊ ဝက်တွေအားလုံးကို သတ်စားပစ်ကြတယ်။”[30]

 

တိရိစ္ဆာန်များကိုမွေးမြူခြင်းသည် ရွာသားအများစု၏စားဝတ်နေရေးအတွက် အရေးကြီးသောအစိတ်အပိုင်းတစ်ခု ဖြစ်သည်။ သို့သော်လည်း ရွာသားများအနေဖြင့် SAC ၏အကြမ်းဖက်တိုက်ခိုက်မှုများကိုကြောက်ရွံ့၍ ရွာမှ ထွက် ပြေးတိမ်းရှောင်ရသည့်အတွက် ၎င်းတို့မွေးမြူသည့်တိရိစ္ဆာန်များသည် ကောင်းမွန်စွာထိန်းကျောင်းနိုင်ခြင်းမရှိခဲ့ ပေ။ ထိုအခြေအနေကြောင့် ရွာသားတော်တော်များများသည် ၎င်းတို့တိရိစ္ဆာန်များကို ဈေးနှိမ်၍ ရောင်းချခဲ့ရ သည်။ ဒူးသထူခရိုင်၊ သထူမြို့နယ်၊ ကော်လာကျေးရွာအုပ်စု၊ အတ--- ကျေးရွာတွင်နေထိုင်သည့် ကျေးရွာကော် မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ စောဝ--- သည် ယခုလိုရှင်းပြသည်။ “ကျွန်တော်တို့အနေနဲ့ မိမိတို့ိလယ်ယာမြေမှာ အလုပ်သွားလုပ်ဖို့လုံခြုံမှုမရှိဘူး။ အဲဒါကြောင့် ကျွဲ၊နွားတိရိစ္ဆာန်တွေကို ဈေးနှိမ်ပြီးတော့ ရောင်းခဲ့ရတယ်။ ဘာဖြစ် လို့ဆိုတော့ တိရိစ္ဆာန်တွေကို ထိန်းကျောင်းဖို့ ရွာထဲမှာနေရတာ လုံခြုံမှုမရှိဘူးလေ။ ဥပမာဆိုရင် နွားတစ်ကောင်က ငွေကျပ်ငါးသိန်းတန်ဖိုးရှိတယ်။ ဒါပေမဲ့ ရွာသားတွေက သူတို့နွားကို နှစ်သိန်း ဒါမှမဟုတ်ရင် သုံးသိန်းနဲ့ပဲ ရောင်းခဲ့ ရတယ်။ သူတို့က ဈေးနှိမ်ပြီးရောင်းခဲ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အနေနဲ့ သူတို့တိရိစ္ဆာန်တွေကိုမရောင်း လိုက်ဘဲ ဆုံးရှုံးသွားရင် ဘာမှရတော့မှာမဟုတ်ဘူးလေ။”[31]

 

ဤသို့အန္တရာယ်ရှိသည့်ကြားထဲက တစ်ချို့စစ်ပြေးရှောင်ရွာသားများသည် ၎င်းတို့တိရိစ္ဆာန်များကို ပြန်လည် ကြည့်ရှုရန်အတွက် ရွာထဲသို့ပြန်လာနိုင်သည့်အခွင့်အရေးကို စောင့်ကြည့်နေခဲ့သည်။ သထူမြို့နယ်၊ ရွှေရောင်ပြ ကျေးရွာအုပ်စု၊ အဖ--- ကျေးရွာမှ စစ်ပြေးရှောင်ရွာသားတစ်ဦးဖြစ်သူ နော်ပ--- သည် ၂၀၂၄ ခုနှစ်တွင် SAC လက်နက်ကြီးပစ်ခတ်မှုကြောင့် သူမ၏နေအိမ်ပျက်စီးခဲ့ရသည်။ နော်ပ--- က ယခုလိုရှင်းပြသည်။ “တစ်ချို့ရွာ သားတွေက နေ့ဖက်မှာ ရွာထဲကိုပြန်လာပြီး ညကျရင် ရွာအပြင်တစ်နေရာရာမှာ သွားအိပ်ကြတယ်။ သူတို့က (တစ်ချို့ရွာသားများ) သူတို့တိရိစ္ဆာန်ဖြစ်တဲ့ကြက်၊ ဝက်တွေကို အစာပြန်ကျွေးဖို့အတွက် ရွာပြန်ကြတယ်။”[32]

 

(ခ) စားစရာနှင့်ပိုင်ဆိုင်မှုပစ္စည်းများကို လုယက်ခိုးယူခြင်း        

 

လက်နက်ကိုင်ပဋိပက္ခများကြောင့် ရွာသားများသည် တောထဲတွင်ဖြစ်စေ၊ အခြားနေရာတွင်ဖြစ်စေ ထွက်ပြေး တိမ်းရှောင်ရသည်။ စစ်ပြေးရှောင်ရွာသားများသည် များသောအားဖြင့် ရွေးချယ်စရာမရှိဘဲ ၎င်းတို့ပိုင်ဆိုင်မှု ပစ္စည်းများကို ရွာထဲတွင် ထားရစ်ခဲ့ရသည်။ SAC စစ်သားများသည် မကြခဏဆိုသလို ရွာထဲတွင်ကျန်ရစ်သည့် ရွာသားများ၏ပိုင်ဆိုင်မှုများကို လုယက်ခိုးယူကြသည်။ ဥပမာဖြစ်စဉ်တစ်ခုမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက် နေ့တွင် တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ ငှက်ပျောတောကျေးရွာအုပ်စုရှိ ရွှေနန်းကလေးကျေးရွာတွင် အခြေစိုက် သည့် ဗျုဟာမှူးဟန်လင်းအောင် ဦးဆောင်သော SAC တပ်ဖွဲ့သည် ဒေါ်ဖားခိုမြို့နယ်၊ ထီးသာစောကျေးရွာအုပ်စု၊ အထ--- ကျေးရွာတွင်းသို့ ဝင်ရောက်လာပြီး စောခ---၏နေအိမ်မှ ဆန်အိတ်သုံးအိတ်၊ ရေမော်တာစက်တစ်လုံး၊ ကွန်ပြူတာလပ်တော့တစ်လုံးနှင့်အခြားအရေးကြီးသည့်ပစ္စည်းများကို လုယက်ခိုးယူခဲ့သည်။[33]

 

ထိုနည်းတူ ဒေါ်ဖားခိုမြို့နယ်၊ ပဆောလိုဒေသတွင် SAC နှင့် PDF တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇူလှိုင်လ ၂၂ ရက်နေ့ မနက် (၁၁း၅၀) မိနစ်တွင် SAC စစ်သားအချို့သည် အည--- ကျေးရွာရှိ ရွာသားများ ၏နေအိမ်များနှင့်ဈေးဆိုင်များသို့ဝင်ရောက်မွှေနှောက်၍ ပစ္စည်းဥစ္စာများလုယက်ခိုးယူခဲ့သည်။ ဤအကြောင်းကို ဒေသခံရွာသားတစ်ဦးဖြစ်သူ စောရ---က ယခုလိုရှင်းပြသည်။ “သူတို့က (SAC) ဆိုင်ထဲကိုဝင်လာပြီး ကြက်ဥ၊ မုန့်နှင့်တစ်ခြားစားစရာတွေကို သယ်နိုင်သလောက်ယူသွားကြတယ်။” ထိုနေ့တွင် SAC စစ်သားများသည် ရွာ သားတစ်ဦးဖြစ်သည့် စ---၏နေအိမ်ရှိပစ္စည်းများကို ဖျက်ဆီးပြီး စောတ---၏ငွေကိုလည်း ခိုးယူ၍ ၎င်းတို့သယ်နိုင် သမျှအရာအားလုံးကို ယူသွားခဲ့သည်။[34] ဤအခြေအနေကို အခြားသောရွာသားတစ်ဦးဖြစ်သူ နော်ဖ---က သူမ၏ အမြင်သဘောထားကို ယခုလိုပြောသည်။ “စစ်သားတွေက ဒါတွေကိုမလုပ်သင့်ဘူး။ (…) သူတို့က ကျွန်မတို့ရဲ့ ပစ္စည်းဥစ္စာတွေကို မယူသင့်ဘူး။ ကျွန်မတို့အိမ်ကိုလည် မဖျက်ဆီးသင့်ဘူး။ ဒါပေမဲ့ သူတို့က ရွာထဲဝင်လာပြီး ပစ္စည်းတွေကို ဖျက်ဆီးတယ်။ ဒါက သူတို့အကျင့်စရိုက်ပဲဖြစ်မှာပါ။ လူတွေရဲ့ပစ္စည်းဥစ္စာတွေကိုလည်း ခိုးယူတယ်။ သူတို့ဖြုန်းတီးတယ်။ အိမ်တွေကိုလည်း သေနတ်နဲ့ပစ်တယ်။ ဖျက်ဆီးတယ်။”[35]

 

KHRG လက်ခံရရှိသည့်အစီရင်ခံစာနှစ်ခုအရ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များသည် ရွာသားများ၏ပိုင်ဆိုင်မှု ပစ္စည်းများကို လုယက်ခိုးခြင်းလည်းရှိသည်။ ၂၀၂၄ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ဘိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့ နယ်၊ ခလယ်မူခီးဒေသရှိ အယ--- ကျေးရွာတွင် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက SAC စစ်သားများအား ပစ်ခတ်တိုက်ခိုက်ပြီးနောက် PDF စစ်သားများသည် ရွာသားများ၏နေအိမ်များကို ဖောင်ထွင်းပြီး အိမ်ထဲရှိ ဆိုင် ကယ်များ၊ ကားများ၊ ဖုန်းများနှင့်အခြားပိုင်ဆိုင်မှုပစ္စည်းများကို သိမ်းယူခဲ့သည်။[36]      

 

(၃.၃) စားနပ်ရိက္ခာရယူမှု၊ သွားလာလှုပ်ရှားမှုနှင့်စီးပွားရေးလုပ်ငန်းများအား နှောက်ယှက်ဖျက်ဆီးခြင်း

 

ခရီးသွားလာမှုအား ပိတ်ပင်ကန့်သတ်မှုကြောင့် ရွာသားများသည် စားစရာများရယူသည်ဖြစ်စေ၊ လယ်ယာခြံထဲ သို့သွားလုပ်ကိုင်သည်ဖြစ်စေ အခက်အခဲစိန်ခေါ်မှုများနှင့်လည်း ကြုံတွေ့ရသည်။ ထိုအခက်အခဲစိန်ခေါ်မှုများမှာ ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရာတွင် ပိတ်ပင်ကန့်သတ်ထားခြင်း၊ ခရီးသွားလာရန် လုံခြုံမှုမရှိခြင်းနှင့် စားဝတ် နေရေးဖြေရှင်းရန် လုပ်ကိုင်ရသည့်နေ့စဉ်ဓူဝလုပ်ငန်းများကို ပစ်မှတ်ထားနှောက်ယှက်ခြင်းတို့ဖြစ်သည်။ SAC စစ် ဆေးရေးဂိတ်များကို ခရီးသွားလာဖြတ်သန်းရာတွင် SAC စစ်သားများမှ ရွာသားများ၏ကုန်ပစ္စည်းများကို အဓမ္မ သိမ်းယူသည်သာမက ရွာသားများကို မေးမြန်းစစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းနှင့်ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းစ သည့်လုပ်ရပ်များကို ကျူးလွန်ကြသည်။ ထိုသို့သောမတရားဖိနှိပ်သည့်လုပ်ရပ်များကြောင့် ကုန်ပစ္စည်းသယ်ယူပို့ ဆောင်ရာတွင် ရွာသားများအတွက် အနှောက်အယှက်ဖြစ်စေသည်သာမက စားစရာများသွားဝယ်သည်ဖြစ်စေ၊ ဆေးကုသမှုရရှိရန် ဆေးရုံ၊ ဆေးခန်းသို့သွားသည်ဖြစ်စေ၊ စိုက်ပျိုးခြံထဲကိုသွားလာလုပ်ကိုင်သည်ဖြစ်စေ အဟန့် အတားများနှင့်ကြုံတွေ့ရသည်။ ဤအခြေအနေသည် ရွာသားများ၏အသက်ရှင်ရပ်တန်မှုအပေါ် များစွာထိခိုက်စေသည်။

 

(က) ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရာတွင် ကန့်သတ်ထားခြင်းနှင့်စစ်ဆေးရေးဂိတ်တွင် ကုန်ပစ္စည်းအား အဓမ္မ သိမ်းယူခြင်း

 

SAC သည် ဆန်းစပါးနှင့်ဆေးဝါးများအစရှိသည့်အရေးကြီးသော ကုန်ပစ္စည်းများအား ရောင်းဝယ်မှုနှင့်သယ်ယူပို့ ဆောင်မှုကို ပိတ်ပင်ကန့်သတ်ထားခြင်းကြောင့် ရွာသားများအနေဖြင့် စားဝတ်နေရေးအတွက် ခက်ခဲစွာရုန်းကန် နေရသည်။ ထို့အပြင် လက်နက်ကိုင်ပဋိပက္ခများဆက်လက်ဖြစ်ပွားနေခြင်းနှင့်နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ရွာသားများအတွက် ၎င်းတို့၏စားဝတ်နေရေးအခြေခံလိုအပ်ချက်များကို ဖြည့်ဆီးနိုင်ရန်ပို၍ခက်ခဲလာသည်။ ထို့အပြင် ဒေသအတွင်းရှိသော မတူညီသည့်လက်နက်ကိုင်တပ်ဖွဲ့များသည် ၎င်းတို့တောင်းဆိုသည့်အရာများကို လုပ်ဆောင်ပေးရန် ရွာသားများအား အဓမ္မခိုင်းစေခြင်းတို့လည်းရှိသည်။ စစ်ဆေးရေးတွင် ချမှတ်ထားသောတင်း ကြပ်သည့်စစ်ဆေးမေးမြန်းခြင်း၊ ကုန်ပစ္စည်းများအား မတရားသိမ်းယူခြင်းအစရှိသော အခက်အခဲအတားအဆီး များအားလုံးသည် ရွာသားများ၏ဘဝရှင်သန်ရေးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာသည်။

 

ရွာသားများသည် SAC စစ်ဆေးရေးဂိတ်အား ဖြတ်သန်းသွားလာ၍ စားစရာပစ္စည်းများသယ်ယူပို့ဆောင်သည့် အခါတွင် SAC စစ်သားများမှ ၎င်းတို့ကို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအား ကူညီထောက်ပံ့ပေးနေ သည်ဟု စွပ်စွဲလေ့ရှိသည်။ ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဝင်းကကျေးရွာအုပ်စု၊ အဒ--- ကျေးရွာတွင်နေထိုင် သောရွာသားတစ်ဦးဖြစ်သူ ဒေါ်ဆ---က ယခုလိုပြောသည်။ “သူတို့က (SAC) ဆန်အိတ်သုံးအိတ်ကနေ လေးအိတ် ကျော် သယ်ယူခွင့်မပေးဘူး။ ဆန်အိတ်တစ်ဝက်ပဲသယ်ယူခွင့်ပေးတယ်။ ဆန်အိတ်တစ်အိတ်အပြည့်တောင် သယ်ယူခွင့်မရဘူး။ (…) PDF စစ်သားတွေအတွက် ဆန်အိတ်သယ်ယူပေးတယ်ဆိုပြီး သူတို့က (SAC) ကျွန်မတို့ကို စွပ်စွဲပြီးပြောတယ်။ အဲဒါကြောင့် သူတို့က ဆန်အိတ်အများကြီးသယ်ခွင့်မပေးဘူး။ (…) ဆန်အိတ် အများကြီး သယ်တာကိုတွေ့ရင် သူတို့က ဆန်အိတ်တွေကိုဆွဲချပြီး သိမ်းယူလိုက်တယ်။”[37] ထို့အပြင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ လ ၁၉ ရက်နေ့မှစပြီး တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်ရှိ SAC စစ်ဆေးရေးဂိတ်များသည် ဆန်နှင့် ဓာတ်ဆီ သယ်ယူခွင့်ကို ပိတ်ပင်ကန့်သတ်လိုက်သည့်အတွက်ကြောင့် ရွာသားများသည် အခက်အခဲများနှင့်ကြုံ တွေ့နေ ရသည်။ ဥပမာဆိုလျှင် SAC သတ်မှတ်ထားသည့်ပမာဏအတိုင်း ရွာသားများသည် ကားတစ်စီးကို ဆန်အိတ် သုံးအိတ်ထက်ကျော်ပြီး သယ်ယူပါက SAC သည် ထိုဆန်အိတ်များကို သိမ်းယူကြသည်။ SAC သည် ဆန်နှင့် ဓာတ်ဆီသယ်ယူခွင့်ကို ကန့်သတ်လိုက်သောကြောင့် ကျေးလက်နေဒေသတွင် ကုန်ဈေးနှုန်းများမြင့်တက်လာသည်။[38]

 

ဒူးပလာယာခရိုင်ရှိ တစ်ချို့ဒေသများတွင် အလားတူဖြစ်စဉ်မျိုးလည်း ဖြစ်ပွားခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကော်တရီမြို့နယ်၊ ထော်ဝါ့လော်ကျေးရွာအုပ်စုရှိ ရေတလော်တပ်စခန်းတွင် အခြေစိုက်သော SAC စစ်သားများသည် ကော်တရီမြို့နယ်၊ စုကလိကျေးရွာအုပ်စု၊ ဘအ--- ကျေးရွာတွင်နေထိုင်သည့်ရွာသား တစ်ဦး၏ ဆန်အိတ်သုံးအိတ်ကို သိမ်းယူခဲ့သည်။ ထိုရွာသားသည် စစ်ပြေးရှောင်ရမည့်အခြေအနေကိုကြုံတွေ့လာပါက ဆန်ကိုရရှိနိုင်ရန်အတွက် ဘအ--- ကျေးရွာကနေ ဆန်အိတ်များကို သယ်ဆောင်လာခဲ့သည်။ သို့သော်လည်း အဆိုပါတပ်စခန်းအနီးတစ်နေရာတွင် ရောက်ရှိလာသည့်အခါ SAC စစ်သားများသည် သယ်ဆောင်လာသည့်ဆန် အိတ်များကိုပေးရမည်ဟု ထိုရွာသားအားပြောကြားခဲ့သည်။ ရွာသားသည် တစ်ခုခုဖြစ်မှာကို စိုးရိမ်ကြောက်လန့်၍ မငြင်းဆန်ဘဲ SAC စစ်သားများအား ဆန်အိတ်များပေးခဲ့ရသည်။[39]

 

စစ်ဆေးဂိတ်များတွင်ရှိသည့် SAC စစ်သားများသည် ရွာသားများသယ်ယူလာသည့်ဆေးဝါးပစ္စည်းများကိုလည်း သိမ်းယူဖျက်ဆီးလေ့ရှိသည်။[40] ဘိတ်ထားဝယ်ခရိုင်၊ တနောတရီမြို့နယ်၊ သခက်ကျေးရွာအုပ်စု၊ ဘဟ--- ကျေးရွာ တွင်နေထိုင်သည့်ဒေသခံခေါင်းဆောင်တစ်ဦးသည် အရေးပေါ်အကူအညီလိုအပ်နေသည့်သူများဆီကို ကူညီ ထောက်ပံမှုပစ္စည်းများပို့ဆောင်ရာတွင် အခက်အခဲများရှိကြောင်း ဤသို့ရှင်းပြခဲ့သည်။ “(၂၀၂၄ ခုနှစ်၊ သြဂုတ် လ) ၂၉ရက်နေ့မှာ အဲဒီရွာကို ကျွန်တော်တို့တွေ မသွားနိုင်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ညဖက်မှာ SAC စစ်သားတွေက ရွာလမ်းအဝမှာရှိတဲ့စစ်ဆေးရေးဂိတ်မှာ စောင့်နေကြတယ်။ အဲဒီကိုရောက်တော့ စစ်ဆေးရေးဂိတ်ကို ကျွန်တော်တို့ မသွားရဲဘူး။ ရွာထဲကိုရောက်ဖို့ ခိုးလမ်းကနေဖြတ်ပြီးသွားခဲ့ရတယ်။ ရွာထဲကိုသွားရတာ သူခိုးလဲပဲ သွားခဲ့ရတယ်။ (…) အဲဒီရွာအနားမှာ SAC စခန်းရှိတယ်။ ကျွန်တော်တို့တွေ ဆေးဝါးပစ္စည်းတွေကိုသယ်ယူလာတာ သူတို့သိရင် မလွယ်ဘူး။” [41] အဆိုပါဒေသခံခေါင်းဆောင်သည် ဘိတ်ထားဝယ်ခရိုင်၊ တင်္နသာရီမြို့နယ်၊ ဘဝ ကျေးရွာအုပ်စု၊ ဆသ---ကျေးရွာသို့ ဆေးဝါးပစ္စည်းများသွားပို့ပေးရန်အတွက် ကျန်းမာရေးလုပ်သားများနှင့်အတူ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။

 

ထို့အပြင် ရွာသားများသည် ဒေသအခြေအနေပေါ်မူတည်၍ ခရီးသွားလာသည့်အခါတွင် မတူညီသည့်လက်နက် ကိုင်တပ်ဖွဲ့များကို ပိုက်ဆံပေးရကြောင်း သိရှိရသည်။ ဥပမာဖြစ်စဉ်တစ်ခုမှာ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ က တိုင်တိကျေးရွာအုပ်စုတွင် တည်ရှိသော BGF စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားလာရာတွင် ရွာသားများအနေဖြင့် BGF စစ်သားများအား ဂိတ်ကြေးအတွက် ငွေကျပ် (၁၀၀၀၀) ပေးဆောင်ရသည်။ BGF သည် ကားတစ်စီးလျှင် ဆန်အိတ်နှစ်အိတ်သာ ရွာသားများအား သယ်ယူခွင့်ပေးသည်။[42]

 

တစ်ချို့ဖြစ်စဉ်များတွင် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များသည် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ခွင့်ကို ပိတ်ပင် ကန့်သတ်ခြင်းလည်းရှိသည်။ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့၌ ဘိတ်ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ စတိန်ကျေးရွာအုပ်စုတွင်တည်ရှိသော ယာယီစစ်ဆေးရေးဂိတ်တစ်ခုတွင်ရှိသည့် PDF နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ များသည် ရွာသားများအား စစ်ဆေးရာတွင် ရွာသားများ၏ဓာတ်ဆီကို သိမ်းယူခဲ့သည်။ တစ်ချို့ရွာသားများသည် ဖြတ်သန်းသွားလာခွင့်ရရန် ငွေပေးခဲ့ရသည့်အခြေအနေလည်းရှိသည်။[43] ဘူးသိုမြို့နယ်၊ ဒေးဝါးကျေးရွာအုပ်စု၊ ဘဆ--- ကျေးရွာတွင်နေထိုင်သည့်ရွာသားတစ်ဦးဖြစ်သူ စောည---က ယခုလိုရှင်းပြသည်။ “သူတို့က (KNU) လမ်းကိုပိတ်လိုက်မယ်လို့ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရန်သူတွေက (SAC စစ်သားများ) ရိက္ခာတင်ပို့လာလို့ တဲ့။ လှေနဲ့ ဆန်အိတ်သယ်မယ်ဆိုရင် လှေတစ်စီးကို ဆန်အိတ်နှစ်အိတ်ပဲ သယ်ခွင့်ပေးတယ်။” ရွာသားများသည် လှေတစ်စီး ကို ငါးထောင်ကျပ်ပေးရသည်။ ရွာသားများအနေဖြင့် အကယ်၍ ထိုပမာဏကိုမပေးနို င်လျှင် KNLA စစ်သားများ လည်း ၎င်းတို့အား အဓမ္မပေးဆောင်ခိုင်းခြင်းမရှိပေ။[44]

 

(ခ) ခရီးသွားလာမှုအား ပိတ်ပင်ကန့်သတ်ခြင်း

 

လွတ်လပ်စွာ ခရီးသွားလာမှုကိုပိတ်ပင်ကန့်သတ်သည့်အခြေအနေတွင် ရွာသားများအနေဖြင့် အလုပ်သွားလုပ် ခြင်း၊ လယ်ယာသို့သွား၍လုပ်ကိုင်ခြင်းနှင့်အခြေခံဝန်ဆောင်မှုများကိုရရှိရန်အတွက် အခက်အခဲများနှင့်ကြုံတွေ့ ရသည်။ အပြင်မထွက်ရအမိန့်များ၊ လမ်းပိတ်ထားခြင်းများနှင့်အဖမ်းခံရမည်ကိုကြောက်ရွံ့ရခြင်းများကြောင့် ရွာ သားများသည် လယ်ယာစိုက်ပျိုးခြံထဲသို့သွားလာလုပ်ကိုင်သည်ဖြစ်စေ၊ မြို့၊ ရွာအနီးရှိ ဈေးနေရာများသို့ ကုန် ပစ္စည်းများ ကူးသန်းရောင်းဝယ်သည်ဖြစ်စေ အခက်အခဲစိန်ခေါ်မှုများနှင့်ကြုံတွေ့ရသည်။ ဤအခြေအနေကြောင့် ရွာသားများဝင်ငွေရရှိသည့်လုပ်ငန်းများအပေါ် ထိခိုက်နစ်နာမှုရှိစေပြီး စားစရာနှင့်အခြေခံလိုအပ်ချက်ကိုရရှိရန် အတွက် ပို၍ခက်ခဲလာသည်။

 

ခရီးသွားလာမှုကို ပိတ်ပင်ကန့်သတ်ခြင်းသည် လယ်ယာလုပ်ကိုင်ကြသည့်ရွာသားများအတွက် ၎င်းတို့လယ်ယာ စိုက်ပျိုးခင်းသို့ ပုံမှန်သွားလာလုပ်ကိုင်နိုင်ခြင်းမရှိသည့်အပြင် လုံခြုံမှုလည်းမရှိတော့ပေ။ မူတြော်ခရိုင်၊ ဘူးသိုမြို့ နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ ဘဒ--- ကျေးရွာတွင်နေထိုင်သော စစ်ပြေးရှောင်ရွာသားတစ်ဦးဖြစ်သူ ကိုယ--- က ယခုလိုရှင်းပြသည်။ “SAC ရှိတဲ့အရပ်မှာ နေထိုင်ရတာ အခက်ခဲဆုံးပဲ။ ခရီးသွားလာရတာ ဘာတစ်ခုမှ အဆင်မပြေဘူး။ အရမ်းခက်ခဲတယ်။ ဥပမာဆိုရင် လယ်ယာစိုက်ပျိုးခင်းထဲကို သွားပြီးအလုပ်လုပ်မယ်ကွာ။ ဒါပေမဲ့ အချိန်နှင့်အခြေအနေကိုကြည့်ပြီး သွားလာရတယ်။ တောင်ယာအလုပ်ကိုလုပ်ကြတဲ့ကျွန်တော်တို့အတွက်တော့ အစောကြီးပဲ တောင်ယာကိုသွားရတယ်။ မိုးမချုပ်ခင် အိမ်ကိုပြန်လာရတယ်။ သူတို့သတ်မှတ်ထားတဲ့ အချိန်အ တွင်းမှာပဲ သွားလာရတယ်။ သတ်မှတ်ထားတဲ့အချိန်ကိုကျော်ပြီး ခရီးသွားလာရင် သူတို့က ခွင့်မပြုဘူး။”[45]       

 

တောအူးခရိုင်၊ တောင်ငူမြို့နယ်၊ ဆိတ်ဖူးတောင်ကျေးရွာအုပ်စု၊ ဘဃ--- ကျေးရွာအနီးပတ်ဝန်းကျင်တွင် ခရီး သွားလာခြင်းကို ပိတ်ပင်ကန့်သတ်လိုက်သည့်အခြေအနေကြောင့် ဒေသခံရွာသားတစ်ဦးဖြစ်သူ စောဈ---က ၎င်း ၏မိသားစုစားဝတ်နေရေးအတွက် အလုပ်လုပ်ရာတွင် အခက်အခဲများရှိကြောင်း တင်ပြခဲ့သည်။ စောဈ---က ယခုလိုပြောသည်။ “ခရီးသွားတာပဲဖြစ်ဖြစ်၊ အလုပ်သွားလုပ်တာပဲဖြစ်ဖြစ် အခက်အခဲအများကြီးရှိတယ်။ ကျွန် တော်တို့က နေ့စားအလုပ်သမားတွေပဲ။ ခရီးသွားလာလုပ်ကိုင်ရတာ အရမ်းခက်ခဲတယ်။ အိမ်မှာဆိုရင် ကျွန်တော် က အကြီးဆုံးသားဖြစ်တယ်။ ကျွန်တော်အလုပ်လုပ်ရမယ်။ ဒါပေမဲ့ အလုပ်လုပ်ရတာအဆင်မပြေဘူး။ ဘာဖြစ်လို့ လဲဆိုတော့ (SAC က) လမ်းတွေကိုပိတ်လိုက်တယ်။ အပြင်ထွက်ပြီးအလုပ်သွားလုပ်လို့မရတော့ စားဝတ်နေရေး ခက်ခဲလာတယ်။”[46]

 

တစ်ချို့ဒေသများတွင်နေထိုင်ကြသည့်ရွာသားများသည် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသည်။ သို့သော် SAC မှ ခရီးသွားလာမှုကို ပိတ်ပင်ကန့်သတ်လိုက်ခြင်းကြောင့် ရွာသားများသည် ငါးဖမ်းလုပ်ငန်းကို လုပ် ကိုင်ရာတွင် ပို၍ခက်ခဲလာပြီး ၎င်းတို့၏အသက်ရှင်ရပ်တည်မှုကို ခြိမ်းခြောက်လာသည်။ ဥပမာဖြစ်စဉ်တစ်ခုမှာ ၂၀၂၄ ခုနှစ်တွင် ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာအုပ်စု၊ ဘဂ--- ကျေးရွာတွင် နေထိုင်သော ငါးဖမ်း သမားနှစ်ဦးသည် ညအချိန်၌ ငါးထွက်ရှာသည့်အခါတွင် SAC စစ်သားများက ၎င်းတို့နှစ်ဦးကို အဓမ္မဖမ်းဆီးခဲ့သည်။ SAC သည် ထိုဒေသတွင် ညမထွက်ရအမိန့်ကိုထုတ်ပြန်၍  ခရီးသွားလာမှုကိုပိတ်ပင်ကန့်သတ်ခဲ့သည်။ ထို့အပြင် SAC သည် မြစ်ချောင်းအနီးတစ်ဝိုက်တွင် မြေမြှုပ်မိုင်းများထောင်ထားသည့်အတွက်ကြောင့် ရွာသားများအနေဖြင့် စားဝတ်နေရေးအတွက် အလုပ်လုပ်ရာတွင် ထိခိုက်မှုများရှိခဲ့သည်။[47]

 

ထိုမျှမက SAC သည် ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြေညာထုတ်ပြန်ခဲ့ပြီး နောက်ဆက်တွဲအနေဖြင့် မြန်မာပြည် အရှေ့တောင်ပိုင်းတွင်နေထိုင်ကြသော လူငယ်၊ လူရွယ်များဖြစ်သည့်အမျိုးသားများသည် SAC မှ ၎င်းတို့အား အဓမ္မစစ်မှုထမ်းခိုင်းမည်ကိုကြောက်ရွံ့၍ အပြင်သို့ထွက်၍ ခရီးသွားလာခြင်းများ မလုပ်တော့ပေ။[48] ထိုအခြေအနေ ကြောင့် အမျိုးသမီးများသည် ၎င်းတို့မိသားစုကိုယ်စား ခရီးသွားလာရခြင်း၊ ဈေးထွက်ဝယ်ခြင်းနှင့် လူမှုရေးကိစ္စ များကိုသွားရောက်လုပ်ကိုင်ပေးခြင်းများ ပြုလုပ်ပေးခဲ့ရသည်။ အကြောင်းမှာ အမျိုးသမီးများအနေဖြင့် SAC စစ် ဆေးရေးဂိတ်များကို ဖြတ်သန်းသွားလာမည်ဆိုလျှင် လုံခြုံမှုအနည်းငယ်ရှိကြောင်း ရွာသားများက ထင်မြင်ကြ ခြင်းဖြစ်သည်။ တစ်ချို့အမျိုးသမီးများသည် SAC စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမေးမြန်းခြင်းနှင့်မကြုံတွေ့ရ အောင် ၎င်းတို့ကလေးငယ်များနှင့်အတူ ခရီးသွားလာကြသည်။[49]          

 

(၃.၄) နေအိမ်များအား ဖျက်ဆီးခြင်းနှင့် အဓမ္မနေရပ်ရွှေ့ပြောင်းခံရခြင်း

 

SAC မှ လူနေအိမ်များအား ဖျက်ဆီးပြီး အကြမ်းဖက်တိုက်ခိုက်မှုအဆက်မပြတ်လုပ်ဆောင်ခြင်းကြောင့် အကျိုးဆက်အနေဖြင့် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသားတော်တော်များများသည် ၎င်းတို့နေရပ်မှ ရွှေ့ပြောင်းခဲ့ရ သည်။ နေအိမ်ဖျက်ဆီးခံရသည့်အတွက် ရွာသားများသည် အိုးမဲ့အိမ်မဲ့ဖြစ်သွားသည်သာမကဘဲ လုံခြုံမှုနှင့်ဘဝ ရပ်တည်ရေးအတွက်ပါ ဆုံးရှုံးခဲ့ရသည်။ ထိုအခြေအနေကြောင့် ရွာသားများသည် စစ်ပြေးရှောင်စခန်းများ သို့ မဟုတ် အခြားကျေးရွာဒေသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ စစ်ပြေးရှောင်စခန်းများနှင့်အခြားကျေးရွာဒေသ များတွင် ရွာသားများအတွက် အခြေခံလိုအပ်ချက်များကို လုံလောက်စွာမရရှိကြပေ။ ရွာသားများသည် ၎င်းတို့နေ ရပ်မှ ရွှေ့ပြောင်းရပြီး ပတ်ဝန်းကျင်အသစ်တွင် ဘဝကိုပြန်လည်စတင်ထူထောင်ရန် ခက်ခဲစွာ ရုန်းကန်ရခြင်း ကြောင့် စိတ်ဖိစီးမှုပြဿနာများနှင့် စားဝတ်နေရေးအခက်အခဲများကိုပို၍ကြုံတွေ့နေရသည်။

 

(က) SAC မှ လူနေအိမ်များအား ဖျက်ဆီးခြင်း

 

၂၀၂၄ ခုနှစ်တွင် KHRG အနေဖြင့် SAC အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူနေအိမ်များပျက်စီးသွားသည့်အ အခြေအနေနှင့်ပတ်သက်ပြီး အစီရင်ခံစာ (၉၂) ခုကို လက်ခံရရှိခဲ့သည်။ ဒူးသထူခရိုင်၊ သထူမြို့နယ်၊ ကောလယ် ကျေးရွာအုပ်စု၊ အတ--- ကျေးရွာတွင်နေထိုင်သည့် ကျေးရွာကော်မတီအဖွဲ့ဝင်တစ်ဦး စောဝ---က ယခုလိုရှင်းပြ သည်။ “(SAC လက်နက်ကြီးပစ်ခတ်မှုကြောင့်) အိမ်ပျက်စီးသွားတဲ့အိမ်ပိုင်ရှင်ရွာသားတွေဟာ နလန်ထူနိုင်ဖို့ (ပျက် စီးသွားသည့်အိမ်ကိုပြန်လည်ပြုပြင်ခြင်းနှင့်ဘဝပြန်လည်တည်ဆောက်ခြင်း) အခက်အခဲတွေအများကြီးရှိတယ်။ သူတို့ကလေးတွေသာ ထိုင်းနိုင်ငံကိုသွားပြီးအလုပ်မလုပ်ဘူးဆိုရင် ဒီလိုအိမ်တွေကို ပြန်ဆောက်လို့ရမှာ မဟုတ် ဘူး။”[50]   

 

မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ကတိုင်တိကျေးရွာအုပ်စု၊ အဘ--- ကျေးရွာတွင်နေထိုင်သည့်ရွာသားတစ်ဦးဖြစ်သူ စောဘ---သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်ဖြစ်ပွားခဲ့သော SAC လေကြောင်းတိုက်ခိုက်မှုကြောင့် ၎င်း၏နေအိမ်ကို ထိမှန်ပျက်စီးသွားပြီး သူ၏ခံစားချက်ကို ယခုလိုပြောပြသည်။ “ကျွန်တော်ပြောချင်တာက တ ကယ်လို့ပဋိပက္ခတွေပြီးဆုံးသွားပြီးဆိုရင်တောင် ရွာကိုပြန်လာပြီး ဘာလုပ်ရမလဲမသိဘူး။ နောက်နှစ်မှာ စားဝတ် နေရေးအတွက် အလုပ်လုပ်ရမယ်။ ဘာအကူအညီထောက်ပံ့မှုမှမရဘူး။ ကျွန်တော့်အနေနဲ့ စားစရာတွေ၊ အဝတ် အစားတွေ၊ မီးဖိုချောင်အသုံးအဆောင်တွေလိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်အိမ်က အကုန်ပျက် စီးသွားပြီးလေ။” စောဘ---မှာ သားသမီးခြောက်ဦးရှိသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် စောဘ---နှင့်သူ၏ မိသားစုသည် ဒွယ်လိုးမြို့နယ်၊ လေးဖိုးထကျေးရွာအုပ်စုရှိ ဘဧ---ဂူတစ်ဂူတွင် ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ အခင်း ဖြစ်ပွားသည့်နေ့တွင် စောဘ---ကို ထိမှန်၍ဒဏ်ရာရရှိခဲ့ပြီး အခုချိန်တွင် သူ၏မိသားစုကိုထောက်ပံ့နိုင်ရန်အတွက် အလုပ်လုပ်ရန်အခက်အခဲများကြုံတွေ့နေရသည်။[51]    

 

လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီပစ်ခတ်မှုကိုလုပ်ဆောင်သည့်အပြင် SAC စစ်သားများသည် ကျေးရွာ များသို့လူကိုယ်တိုင်သွား၍ လူနေအိမ်များကို ရည်ရွက်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့ခြင်းလည်းရှိသည်။ ဥပမာဖြစ်စဉ် တစ်ခုမှာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ (၆)နာရီတွင် တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ ထီးဒေး ဒေသရှိ အခ--- ကျေးရွာအနီးတွင် SAC နှင့် ဒေသခံလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များတို့ကြား တိုက်ပွဲဖြစ် ပွားပြီးနောက် နေပြည်တော်တွင် အခြေစိုက်သော SAC စစ်သားများသည် ကျေးရွာတွင်းသို့ ဝင်ရောက်လာပြီး ရွာသားများ၏နေအိမ် (၆၄) လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။[52]

 

လက်နက်ကိုင်ပဋိပက္ခများကြားတွင် ရွာသားတော်တော်များများသည် ပျက်စီးသွားသည့်၎င်းတို့နေအိမ်များကို ပြန်လည်ပြုပြင်တည်ဆောက်ရန် အလွန်ခက်ခဲလှသဖြင့် ပြန်မဆောက်ဘဲရှိနေသည်။ အကြောင်းမှာ အကယ်၍ အိမ်ကိုပြန်ဆောက်ပြီးဆိုလျှင်လည်း နောက်ထပ်တစ်ကြိမ် ဖျက်ဆီးခံရနိုင်ကြောင်း ရွာသားများက နားလည်သိရှိ ထားခြင်းဖြစ်သည်။ တောအူးခရိုင်၊ ရေတာရှည်မြို့နယ်၊ ပတောက်ကုန်းကျေးရွာအုပ်စု၊ ဘက--- ကျေးရွာတွင် နေ ထိုင်သည့်ရွာသားတစ်ဦးဖြစ်သူ ဦးဆဂ--- သည် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် SAC စစ်သားများမှ ၎င်း၏ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့သည့်အခြေအနေနှင့်ပတ်သက်ပြီး သူ၏ခံစားချက်ကို ယခုလိုပြောပြသည်။ “အခုချိန်မှာတော့ ကျွန်တော့်အနေနဲ့ အိမ်ကိုပြန်ဆောက်လုပ်ဖို့အစီအစဉ်မရှိဘူး။ ဒီလိုအိမ်ကို ပြန်ဆောက်ဖို့ဆိုတာ မလွယ်ဘူး။ တော်လှန်ရေးပြီးမှပဲ အိမ်ကိုပြန်ဆောက်ဖြစ်မယ်ထင်တယ်။ ဒီလိုအိမ်မျိုးတော့ တူချင်မှတူမှာပေါ့။ ဒါပေမဲ့ နေလို့ရ ရင်အဆင်ပြေပြီးလေ။”[53] အလားတူစွာ ၂၀၂၄ ခုနှစ်တွင် ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်ရှိ ဘဧ--- ကျေးရွာတွင် SAC လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ်တော်တော်များများ ထိမှန်ပျက်စီးခဲ့သည်။ ထိုအခြေအနေနှင့် ပတ်သက်ပြီး ဒေသခံရွာသားတစ်ဦးဖြစ်သူ ဆဟ---က ယခုလိုပြောပြသည်။ “အခုချိန်မှာ သစ်တွေက ဈေးကြီး တယ်။ မီးလောင်ပျက်စီးသွားတဲ့အိမ်တွေအားလုံးက သစ်အိမ်တွေပဲ။ သစ်အိမ်တစ်လုံးရဲ့တန်ဖိုးက အနည်းဆုံး ငွေကျပ်လေးသိန်းကနေ ရှစ်သိန်းထိရှိတယ်။ ဒါတောင်မှ သစ်ဈေးပဲရှိသေးတယ်။ သံတွေ၊ အခြားအိမ်ဆောက် ပစ္စည်းတွေမပါသေးဘူး။ ဒါက သစ်အိမ်သေးသေးလေးတစ်လုံးရဲ့တန်ဖိုးပဲရှိသေးတယ်။ မိသားစု အများနဲ့နေလို့ရတဲ့ သစ်အိမ်ရဲ့တန်ဖိုးကို မတွက်ရသေးဘူး။”[54]

 

အစီရင်ခံစာကာလအတွင်း PDF စစ်သားများမှ လူနေအိမ်များကို မီးရှို့ဖျက်ဆီးသည့်ဖြစ်စဉ်တစ်ခုကိုလည်း KHRG မှ သတင်းလက်ခံရရှိခဲ့သည်။ ၂၀၂၄ ခုနှစ်၊ မေလ ၅ ရက်နေ့၌ ဘိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ ခလယ်မူ ထီးဒေသရှိ အယ--- ကျေးရွာတွင် SAC စစ်သားများနှင့် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွား နေစဉ်အတွင်း PDF စစ်သားများသည် ကျေးရွာသို့ဝင်လာပြီး SAC စစ်သားများပိုင်ဆိုင်သည့် နေအိမ် (၁၆) လုံးကို မီးရှို့ခဲ့ပြီး ရွာသားများ၏အိမ်များလည်း မီးစွဲ၍လောက်ကျွမ်းကာ ပျက်စီးသွားခဲ့သည်။[55]  

 

(ခ) နေရပ်မှ ရွှေ့ပြောင်းနေထိုင်ရခြင်း

 

SAC သည် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ လူနေအိမ်များကို ရည်ရွယ်ချက်ရှိရှိဖျက်ဆီးပြီး ကျေးရွာများနှင့်စိုက် ပျိုးခြံများကိုလည်း ရမ်းသမ်းပစ်ခတ်တိုက်ခိုက်မှုကြောင့် မြောက်များစွာသောရွာသားများသည် နေရပ်မှစွန့်ခွာ၍ တိမ်းရှောင်ရပြီး အကျိုးဆက်အနေဖြင့် ရွာသားများသည် စားဝတ်နေရေးအခက်အခဲစိန်ခေါ်မှုများနှင့်ကြုံတွေ့နေ ရသည်။ ရွာသားများသည် အိမ်နှင့်စိုက်ပျိုးခြံကိုထားရစ်ခဲ့ရသည့်အပြင် ထွက်ပြေးတိမ်းရှောင်နေရ၍ အရေးကြီး သောပိုင်ဆိုင်မှုပစ္စည်းများကို မယူသွားနိုင်သည့်အတွက်ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများကို ပြန်လည်လုပ်ကိုင် နိုင်ရန် ကြီးမားသောစိန်ခေါ်မှုများရှိနေသည်။ နောက်ဆက်တွဲအကျိုးဆက်အနေဖြင့် ရွာသားများသည် စားနပ် ရိက္ခာကိုရရှိရန်အတွက် အကြပ်အတည်းများရှိလာပြီး စားနပ်ရိက္ခာမဖူလှုံမှုပြဿနာများနှင့်ရင်ဆိုင်ကြုံတွေ့နေရ သည်။

 

၂၀၂၄ ခုနှစ်၊ မေလအတွင်း ဘိတ်ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ ဘောကော်ကျေးရွာအုပ်စု၊ ဘန--- ကျေး ရွာအနီးတွင် လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ရွာသားများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထွက်ပြေးတိမ်း ရှောင်ရသည့် ဘန--- ကျေးရွာသားတစ်ဦးဖြစ်သူ နော်ဆဒ--- သည် ထွက်ပြေးတိမ်းရှောင်နေစဉ်အတွင်း ကြုံတွေ့ ခဲ့ရသည့်အခြေအနေကို ယခုလိုပြန်လည်ပြောပြသည်။ “ကျွန်မတို့တွေ ဘာတစ်ခုမှ ပြင်ဆင်ချိန်မရလိုက်ဘူး။ တော ထဲကိုထွက်ပြေးပြီးပုန်းရှောင်ရတယ်။ (…) ဘာပစ္စည်းတစ်ခုမှ မယူလာနိုင်ဘူး။ လေယာဉ်ပစ်တဲ့အချိန်မှာ ကျွန်မ ထွက်ပြေးခဲ့ရတယ်။ (…) ကျွန်မတို့မှာ သောက်ရေးသန့်တောင်မရှိခဲ့ဘူး။ အဲဒါကြောင့် တစ်ချို့ကလေးတွေဆိုရင် ဝမ်းလျှောကြတယ်။”[56] 

 

စစ်ပြေးရှောင်ရွာသားများသည် အလုပ်အကိုင်မရှိသည့်အတွက်ကြောင့် အသက်ရှင်ရပ်တည်နိုင်ရန်ရုန်းကန်ရပြီး စားနပ်ရိက္ခာများရရှိရန် အခက်အခဲများနှင့်ကြုံတွေ့ရသည်။ လူသားချင်းစာနာထောက်ထားမှုအကူအညီများသည် များသောအားဖြင့် စစ်ပြေးရှောင်ရွာသားများအတွက် အကန့်အသတ်ရှိသည်။ အထူးသဖြင့် ကလေးသူငယ်များရှိ သည့်မိသားစုများသည် ဆန်အစရှိသောအခြေခံလိုအပ်ချက်များကိုရရှိရန် ရုန်းကန်နေရသည်။ ထို့ကြောင့် ၎င်းတို့ သည် စားနပ်ရိက္ခာမဖူလှုံမှုပြဿနာများနှင့်ရင်ဆိုင်ကြုံတွေ့ရသည်။ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် မူတြော် ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စုရှိ ဘရ--- ကျေးရွာတွင်နေထိုင်သည့်ရွာသားတစ်ဦးဖြစ်သူ မဘည---သည် စစ်ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ မဘည--- က သူမ၏အခြေအနေကို ယခုလိုပြန်လည် ရှင်းပြသည်။ “ကျွန်မတို့တွေ (ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စုရှိ) ဒီမှာစစ်လာရှောင်ပြီးနေတာကြာပြီး။ ကျွန်မတို့စားစရာတွေရတယ်။ ဒါပေမဲ့ မလုံလောက်ဘူး။ ကျွန်မတို့မိသားစုမှာ လူခုနှစ်ဦးရှိတယ်။ ကျွန်မတို့မှာ ပါလာတဲ့ပိုက်ဆံနဲ့စားစရာဝယ်တယ်။ (…) ကျွန်မတို့ကိုကူညီပြီးပေးတဲ့ပိုက်ဆံလည်း ကုန်သွားပြီး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီမှာလအတော်ကြာနေရတော့ အဲဒီပိုက်ဆံကိုသုံးလို့ကုန်သွားပြီး။ ကျွန်မတို့စားစရာကို ဝယ်မစားနိုင် တော့ ကလေးတွေလည်း အစာအာဟာရပြတ်လပ်နေတယ်။ သူတို့တွေ ဒီမှာနေရတာအဆင်မပြေဘူး။ သူတို့အတွက် စားစရာမဝယ်ပေးနိုင်တဲ့အတွက် ကျွန်မစိတ်မကောင်းဘူး။”[57] အလားတူစွာ ဘားအံခရိုင်၊ တနေးဆားမြို့နယ်၊ ထီးဝါ့ဘလော်ကျေးရွာအုပ်စု၊ ဘဝ--- ကျေးရွာတွင်နေထိုင်သည့်ရွာသားတစ်ဦးဖြစ်သူ နော်ဆက---သည် သူမ၏ ရွာကို SAC လေကြောင်းဖြင့်တိုက်ခိုက်ခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်ရပြီး သူမ၏အခြေအနေကို ယခုလို ပြောပြသည်။ “ကျွန်မတို့မှာ စားစရာဆန်တောင်မရှိတော့ဘူး။ သူငယ်ချင်းဆီက ဆန်ကို ချေးယူပြီးစားနေရတယ်။ ဥပမာဆိုရင် (SAC တိုက်ခိုက်မှုကြောင့်) အကျိုးဆက်အနေနဲ့ စိုက်ပျိုးခြံထဲကို အလုပ်သွားလုပ်လို့မရတော့ဘူး။ ခရီးသွားလာလည်း အဆင်မပြေဘူး။”[58] တစ်ချို့စစ်ပြေးရှောင်ရွာသားများသည် ၎င်းတို့ထွက်ပြေးပုန်းရှောင်သည့် နေရာတွင် အခွင့်အရေးရှိလျှင် ရရာအလုပ်ဖြင့်လုပ်ကိုင်၍ စားဝတ်နေရေးကို ဖြေရှင်းကြသည်။ ၎င်းတို့လုပ်ကိုင်သည့်အလုပ်များမှာ ပြောင်းနှင့်ပဲစိုက်ပျိုးခြင်းနှင့်ရိတ်သိမ်းခြင်းများလည်းရှိ သည်။[59]

 

စစ်ပြေးရှောင်နေရစဉ်အတွင်း အမျိုးသမီးအများစုသည် ကလေးများကို ထိန်းကျောင်း၍စောင့်ရှောက်ရသည်။ အမျိုးသားများသည် စားဝတ်နေရေးအတွက် ဝင်ငွေရရှိရန်အလုပ်ထွက်လုပ်၍ ရုန်းကန်ကြရသည်။ ဘရ--- ကျေး ရွာမှ စစ်ပြေးရှောင်ရွာသားတစ်ဦးဖြစ်သူ မဘည---သည် ကလေးကိုကြည့်ရှုစောင့်ရှောက်သည့်မိခင်တစ်ဦးဖြစ်ပြီး စစ်ပြေးရှောင်နေစဉ် အစာအာဟာရပြတ်လပ်မှု၊ နေရေးထိုင်ရေးအဆင်မပြေမှုနှင့်စားစရာများမဝယ်စားနိုင်ခြင်း အစရှိသောအခက်အခဲများကိုကြုံတွေ့ရပြီး သူမ၏ခံစားချက်ကို ယခုလိုပြန်လည်ပြောပြသည်။ “အမေတစ်ယောက် အနေနဲ့ ကျွန်မရဲ့ကလေးတွေခံစားနေရတာကိုကြည့်ပြီး အရမ်းဝမ်းနည်းမိတယ်။” [60] 

 

(၃.၅) လူသားချင်းစာနာထောက်ထားမှုအကူအညီများ နှောက်ယှက်တားဆီးခြင်း

 

ရွာသားများသည် ၎င်းတို့၏အသက်မွေးဝမ်းကျောင်းပြုမှုနှောက်ယှက်ဖျက်ဆီးခံရသည့်အခြေအနေတွင် လူသား ချင်းစာနာထောက်ထားမှုအကူအညီများကိုသာ မှီခို၍အသက်ရှင်ရပ်တည်ရသည်။ သို့သော်လည်း လူသားချင်း စာနာထောက်ထားမှုအကူအညီကို လုံလောက်စွာမရရှိကြပါ။ အကြောင်းမှာ SAC သည် လူသားချင်းစာနာ ထောက်ထားမှုအကူအညီလမ်းကြောင်းကို ပိတ်ဆို့ထားခြင်းဖြစ်သည်။ နိုင်ငံတကာအဖွဲ့အစည်းအများစုသည် လုံခြုံရေးအခြေအနေနှင့်ကူညီထောက်ပံ့မှုလမ်းကြောင်းအား ပိတ်ဆို့မှုကြောင့် ကရင်ပြည်နယ်ရှိ ကျေးလက်နေ ဒေသများနှင့်ပဋိပက္ခဖြစ်ပွားသည့်နေရာများတွင် သွားရောက်ကူညီရန်လက်လှမ်းမီနိုင်ခြင်းမရှိပေ။ ထို့ကြောင့် ဒေ သခံအရပ်ဖက်အဖွဲ့အစည်းများသည် အခက်အခဲစိန်ခေါ်မှုများရှိသော်လည်း တောတောင်ထဲသို့ ခက်ခက်ခဲခဲဖြင့် သွားရောက်၍ အကူအညီလိုအပ်နေသူများကို ကူညီထောက်ပံ့မှုများပေးကြသည်။[61] KHRG မှတ်တမ်းပြုစုသည့် ယခင်က အစီရင်ခံစာများအရ ဒေသခံလူသားချင်းစာနာထောက်ထားမှုအကူအညီပေးနေသူများသည် ကူညီ ထောက်ပံ့မှုပစ္စည်းများ လိုက်လံပို့ဆောင်ရာတွင် SAC ၏အကြမ်းဖက်တိုက်ခိုက်ခြင်း၊ လူမဆန်စွာဆက်ဆံခြင်း နှင့် မတရားဖမ်းဆီးခံရခြင်းအစရှိသော အခက်အခဲစိန်ခေါ်မှုများကိုကြုံတွေ့ရကြောင်း တွေ့ရှိရသည်။[62] ဤသို့သော အခြေအနေများကြောင့် ပြည်တွင်းစစ်ပြေးရှောင်ရွာသားများအများအပြားသည် ကူညီထောက်ပံ့မှုအနည်းငယ်သာ ရရှိပြီး တစ်ချို့လည်း လုံးဝမရရှိနိုင်ကြပေ။

 

လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသည့်အခြေအနေအောက်တွင် ရွာသားတော်တော်များများ သည် စားနပ်ရိက္ခာနှင့်လူသားချင်းစာနာထောက်ထားမှုအကူအညီများ လုံလောက်စွာမရရှိဘဲ အချိန်ကြာမြင့်စွာ အသက် ရှင်ရပ်တည်ခဲ့ရသည်။ ၂၀၂၄ ခုနှစ်၊ မေလ ၂၆ ရက်၊ ၂၈ ရက်နေ့နှင့် ဇွန်လ ၉ ရက်နေ့တို့တွင်  မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စုရှိ ဘစ---၊ ဘတ--- နှင့် ဘဖ--- ကျေးရွာများအတွင်း SAC မှ လေကြောင်း ဖြင့်တိုက်ခိုက်ခဲ့ပြီး ရွာသားများသည် တောထဲသို့ထွက်ပြေးတိမ်းရှောင်၍ လေးလနီးပါးခန့် တောထဲတွင် နေထိုင်ခဲ့ရ သည့်အတွက်ကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုပြဿနာများနှင့်ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ထိုစစ်ပြေးရှောင်ရွာ သားများသည် လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းထံမှ မည်သည့်အကူအညီများမှ မရရှိခဲ့ပါ။ ၎င်းတို့သည် အရေးပေါ်ကူညီထောက်ပံ့မှုများလိုအပ်နေသည်။ လက်နက်ကိုင်ပဋိပက္ခဆက်လက်ဖြစ်ပွားနေသည့်အတွက် ကြောင့် အဆိုပါရွာသားများသည် လယ်ယာခြံထဲသို့အလုပ်မသွားလုပ်ရဲဘဲရှိနေသည်။ ရွာသားများသည် နောက်လာ မည့်နှစ်တွင် စားနပ်ရိက္ခာပြတ်လပ်သွားမှာကို စိုးရိမ်ပူပန်နေရသည်။[63]

 

မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ ဘထ--- ကျေးရွာတွင်နေထိုင်သည့်စစ်ပြေးရှောင်ရွာ သားတစ်ဦးဖြစ်သူ ဒေါ်ဆဌ---က ယခုလိုပြောပြသည်။ “အခုချိန်မှာ ကျွန်မတို့မှာ စားစရာပြတ်လပ်နေတယ်။ (…) အခုကျွန်မရဲ့ကလေးက နေမကောင်းဖြစ်နေတယ်။ သူ့အတွက် ငါးရာတန်အချိုရည်တစ်ဗူးတောင် မဝယ်တိုက် နိုင်ဘူး။ (အမည်မသိသည့်အဖွဲ့အစည်းတစ်ခုက) ကျွန်မတို့ကို ဆန်နဲ့ဆီပေးခဲ့တယ်။ အဲဒီမတိုင်ခင်မှာ စားစရာ လုံ လုံလောက်လောက်ရှိခဲ့တယ်။ အခုတော့ ကျွန်မတို့တွေ စားစရာမဝယ်စားနိုင်တော့ဘူး။ ဘာဖြစ်လို့ဆိုတော့ ကုန် ဈေးနှုန်းမြင့်တက်လာပြီး။ (…) ကျွန်မတို့ကို လာကူညီပေးဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တောင်းဆိုချင် တယ်။ ကျွန်မတို့ကိုပေးတဲ့ဆန်နဲ့ဆီတွေက မလုံလောက်ဘူး။ ကျွန်မတို့ကိုလာကူညီပေးဖို့ နိုင်ငံတကာအလှူရှင် တွေကို တောင်းဆိုချင်တယ်။ ကျွန်မတို့မှာ စားစရာအလုံအလောက်မရှိဘူး။ အခြားတစ်ခုပြောချင်တာက ကျွန်မ မှာ ဝင်ငွေလည်းမရှိဘူး။ အဲဒါကြောင့် စားစရာကို မဝယ်စားနိုင်ဘူး။ ပြီးတော့ အစာအာဟာရပြတ်လပ်မှုနဲ့ရင်ဆိုင် နေရတယ်။”[64]

 

ဤသို့အခက်အခဲစိန်ခေါ်မှုများရှိသော်လည်း ဒေသလူမှုအဖွဲ့အစည်းတွင် အချင်းချင်းရိုင်းပင်းကူညီမှုများရှိသည်။ လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းများထံမှ ရရှိသောအကူအညီများသည် တစ်ချို့ရွာသားများအတွက် လုံလောက်မှုမရှိသည့်အတွက်ကြောင့် အခြားရွာသားများထံမှ ပေးသောအကူအညီများကိုမှီခိုရသည့်အခြေအနေ လည်းရှိသည်။ ထို့အပြင် စစ်ပြေးရှောင်ရွာသားတစ်ချို့သည် အခြားနိုင်ငံတွင်အလုပ်လုပ်နေသည့် ၎င်းတို့ကလေး များနှင့်ဆွေမျိုးသားချင်းများမှ ပေးပို့သောငွေဖြင့် စားစရာဝယ်ယူနိုင်ပြီး စားဝတ်နေရေးကိုဖြေရှင်းရသည့်အခြေ အနေတွေလည်းရှိသည်။[65] ထို့အပြင် ရွာသားများသည် အနီးနားတွင်ရှိသော စစ်ပြေးရှောင်ရွာသားများကို ၎င်းတို့ တတ်နိုင်ဖက်က ကူညီထောက်ပံ့ပေးကြသည့်အခြေအနေတွေလည်းရှိကြောင်းတွေ့ရှိရသည်။[66]

 

(၄) လုံခြုံရေးနှင့် ဥပေဒပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်း - အသက်မွေးဝမ်းကျောင်းပြုမှုအပေါ် SAC ၏တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ဆိုးကျိုးသက်ရောက်မှုများ

SAC သည် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ အရပ်သားပြည်သူများ၏ အသက်မွေးဝမ်းကျောင်းပြုမှုများကို ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမှစ၍ ၂၀၂၄ခုနှစ်အထိ လုံးဝပြိုလဲပျက်စီးသွားအောင် စဥ်ဆက်မပြတ် စနစ်ကျစွာ တိုက်ခိုက် ဖျက်ဆီးနေပါသည်။ ရွာသူရွာသားများ၏စားဝတ်နေရေးအတွက် အရေးကြီးသောအရင်းအမြစ်များနှင့်စီးပွားရေး လုပ်ငန်းများကို ပျက်စီးသွားအောင် ကျယ်ပြန့်စွာစနစ်တကျဖျက်ဆီးခြင်းများသည် ဒေသခံများ၏ရှင်သန်ရပ်တည် ရေး အခြေနေအား ဆိုးရွားစွာ ထိခိုက်နစ်နာစေပါသည်။ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖိနှိပ်အုပ်ချုပ်မှု၏အစိတ် အပိုင်းတစ်ခုဖြစ်သော  ဖြတ်လေးဖြတ် နည်းဗျူးဟာအား ပြန်လည်အသက်သွင်းခြင်းသည်လည်း အရပ်သား ပြည်သူများ၏ရှင်သန်ရပ်တည်ရေးနှင့် စားဝတ်နေရေးအား ဗမာစစ်တပ်၏ထိုးစစ်ဆင်မှုအောက်ရှိ တိုက်ခိုက်ဖျက် ဆီးခံရမည့် ပစ်မှတ်များ ဖြစ်လာစေပါသည်။

ရုပ်ဝတ္ထုပိုင်းဆိုင်ရာ တိုက်ခိုက်ဖျက်ဆီးမှုများအပြင် SAC  ၏ စစ်ဆင်ရေးဖြစ်သည့် အရပ်သားပြည်သူများ နေထိုင် ရာအရပ်သို့ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများအပါအဝင် မပေါက်ကွဲသေးသည့် လက်နက်ခဲယမ်း UXO များ တည်ရှိနေမှုသည်လည်း ဒေသခံရွာသူရွာသားများအတွက် အစဥ်အမြဲကြောက်ရွံ့မှုကိုဖြစ်စေပြီး ၎င်းတို့၏ လယ်ယာလုပ်ငန်း၊ သဘာဝတောထွက်သီးနှံနှင့် စားစရာရှာဖွေနိုင်စွမ်းကိုလည်း ပြင်းထန်စွာ တင်းကြပ်ကန့် သတ်စေပါသည်။ ရွာသူရွာသားများအနေဖြင့် မိသားစုဝင်တစ်ဦးဦး ဒဏ်ရာရသည့်အခါ သို့မဟုတ် သတ်ဖြတ်ခံရ သည့်အခါ မိသားစုဝင်များ၏ ရှင်သန်ရပ်တည်ရေးအတွက် မသေချာ၊ မရေရာသော အခြေအနေများနှင့် ကျန်ရစ် နေရပါသည်။ ဒေသအတွင်း စီးပွားရေးကျဆင်းမှုနှင့် ငွေကြေးဖောင်းပွမှုများကြောင့် စားနပ်ရိက္ခာ ထုတ်လုပ်မှု တွင်မှာလည်း လျော့နည်းကျဆင်းလာပြီး မိသားစုများ အနေဖြင့် မိမိတို့၏ထုတ်ကုန်နှင့် အိမ်မွေးတိရိစ္ဆာန်များကို စျေးနှိမ်ပြီး ရောင်းချနေရပါသည်။ ရှင်သန်ရပ်တည်ရေးအတွက် အခြေခံအရင်းအမြစ်များရရှိရန် ရုန်းကန်နေရပြီ ဖြစ်သော ရွာသူရွာသားများသည် စစ်ကောင်စီမှ ကျေးရွာများကို တိုက်ခိုက်နေသောကြောင့် အိုးအိမ်များ ထိခိုက် ပျက်စီးပြီး  ၎င်းတို့၏စားစရာ၊ အိမ်မွေးတိရိစ္ဆာန်နှင့် ပိုင်ဆိုင်မှုပစ္စည်းများကို ချန်ထားကာ ထွက်ပြေးတိမ်း ရှောင်နေရပါသည်။ မကြာခဏဆိုသလို  စီကောင်စီမှ ကျန်ရှိနေသော  စားနပ်ရိက္ခာနှင့်ပိုင်ဆိုင်မှုများကိုလည်း လုယူဖျက်စီးတတ်ကြပါသည်။ အတင်းအဓမ္မေနေရပ် ရွှေ့ပြောင်းနေထိုင်ရသည့် ဒေသခံရွာသားများသည် မိမိတို့၏ နေအိမ်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် ဝင်ငွေရရှိမှုများအား ချန်ထားခဲ့ရပါသည်။ ထို့ကြောင့် ရွာသား အများအပြားသည် အခြားရွေးခြယ်စရာမရှိဘဲ အသစ်တဖန် ပြန်လည်ဖြစ်ပေါ်လာသော တိုက်ခိုက်မှုနှင့် မပေါက် ကွဲသေးသည့် လက်နက်ခဲယမ်း UXO  အန္တာရယ်များကြားမှ မိမိတို့၏လယ်ယာမြေများကို ပြန်လည်လုပ် ကိုင်နေကြရပါသည်။ ထို့အပြင်  နေရပ်ရွှေ့ပြောင်းနေထိုင်ရခြင်းသည် ကလေးရှိသော မိသားစုများအနေအတွက် အခက်အခဲများ ပိုမိုကြုံတွေ့နေကြရပါသည်။

 

SAC မှ ခရီးသွားလာခြင်းနှင့် ကုန်စည်သယ်ယူပို့ဆောင်ခြင်းများအပေါ် တင်းကြပ်ကန့်သတ်ခြင်းသည်လည်း ဤစိန် ခေါ်မှုများကို ပိုမိုကြီးမားစေပါသည်။ စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်သား အများအပြားရှိနေခြင်း သည်လည်း ရွာသားများ၏ စားဝတ်နေရေးနှင့် ဝင်ငွေရရှိရေးအတွက် စျေးနှင့် လယ်ယာမြေများထံသို့ သွားလာမှုကို ပြတ်တောက်စေပါသည်။ စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်သားအများအပြားရှိခြင်းသည် ရွာသားများ၏ စားဝတ်နေရေးအား ပျက်စီးမှုဖြစ်စေသည်သာမက သူတို့၏လုံခြုံရေးနှင့် ငွေကြေး၊ စားနပ်ရိက္ခာစုဆောင်းမှုကို လည်း အန္တာရယ်ရှိစေပါသည်။ အကြောင်းမှာ မကြာခဏဆိုသလို စစ်ဆေးရေးဂိတ်များတွင် ရွာသားများ၏ စားနပ်ရိက္ခာ၊ ဆေးဝါးများ သိမ်းယူခံရသည့်အပြင် တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ပံ့ပေးနေသည်ဟု စွပ်စွဲပြီး ခြိမ်းခြောက် ငွေညှစ်ခြင်းများလည်း လုပ်ဆောင်လေ့ရှိကြသည်။ ရလဒ်အနေဖြင့် ရွာသားများသည် စစ်ဆေးရေး ဂိတ်ရှိသည့်နေရာများကို ရှောင်ကျဥ်သွားလာနေရသည့်အတွက်အကြောင့် မိမိတို့၏လုပ်ကိုင်စား သောက်ရာ လယ်ယာ မြေများထံသို့ ပိုမိုဝေးကွာစွာ သွားလာနေရခြင်း သို့မဟုတ် သွားရောက်နိုင်စွမ်းမရှိခြင်း သို့မဟုတ် အခြေခံ ထုတ်ကုန် (ဆေးဝါးနှင့် စားနပ်ရိက္ခာ) မပါဘဲ သွားလာနေရပါသည်။ ဤကဲ့သို့ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များ နေရာအနှံ့ တည်ရှိနေခြင်းများသည် ဒေသခံရွာသားများကို အကြမ်းဖက်မှုများကြုံတွေ့နေရသလို အမျိုးသား ရွာသားများအနေဖြင့်  ရွှေ့ပြောင်းသွားလာသည့်အခါ တပ်သားသစ်အဖြစ် အတင်းအဓမ္မစုဆောင်းခံရရန် ခြိမ်း ခြောက်မှုများဖြစ်စေသည့်အတွက် အမျိုးသမီးများမှ  အခြားအရေးကြီးသောအရာများနှင့် စားနပ်ရိက္ခာ လုံလောက် မှုရရှိရန်  ပြန်လည်တာဝန်ယူနေရပါသည်။ ထိုကြောင့် အမျိုးသမီးများသည် ရွှေ့ပြောင်းနေထိုင်စဥ်ကာလအတွင်း မိသားစု၏အခြေခံစားဝတ်နေရေးအတွက် ဝန်ထုတ်ဝန်ပိုး ပိုပိစေပါသည်။

 

အခြေခံ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် အလှမ်းဝေးလာခြင်းအပေါ် ကြုံတွေ့နေရသည့် စားနပ်ရိက္ခာ မလုံခြုံမှုအတွက် လူသားချင်း စာနာထောက်ထားမှုအကူအညီအား မှီခိုအားထားခြင်းသည် ရွာသားများ၏ နောက်ဆုံးရွေးခြယ်စရာ ဖြစ်လာပါသည်။ သို့သော် SAC သည် ခရီးသွားလာခြင်းအပေါ် တင်းကြပ်ခြင်းသည် အဆိုပါ ကူညီထောက်ပံ့မှုများရရှိရန် ပြင်းထန်သည့် ကန့်သတ်မှုများ ရှိစေပါသည်။ ရလဒ်အနေဖြင့် ထွက်ပြေး တိမ်းရှောင် စဥ် ကာလအတွင်း  အခြေခံလိုအပ်ချက်များနှင့် စားနပ်ရိက္ခာလုံလောက်စွာ သယ်ဆောင်နိုင်စွမ်း မရှိခြင်း သို့မဟုတ် စျေးထဲသို့ သွားရောက်နိုင်စွမ်းမရှိခြင်းများကြောင့် ကာလကြာရှည် နေရပ်ရွှေ့ပြောင်းနေထိုင်ရသည့် ဒေသခံ ရွာသားများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အကန့်အသတ်ဖြင့်သာ မှီခိုပြီး ရှင်သန်နေ ထိုင်ရပါသည်။ အသက်ကယ်ဆယ်ရေးအတွက် ကူညီထောက်ပံ့မှုများကို တမင်ရည်ရွယ်ချက်ရှိရှိ ကန့်သတ်ပိတ်ဆို့ ခြင်းသည် ပြည်သူများအား ဆိုးရွားသော ငတ်မွတ်ခေါင်းပါးမှု အန္တာရာယ်များ ရင်ဆိုင်ရစေပြီး ၎င်းတို့အား စုပေါင်း အပြစ်ပေးရာ ရောက်စေပါသည်။

 

မြန်မာပြည်အရှေ့တောင်ပိုင်းတွင် SAC ၏ ချိုးဖောက်မှုများဖြစ်သော အရေးကြီးသော အရင်းမြစ်များကို ဖျက်ဆီး ခြင်း၊ အသက်မွေးဝမ်းကျောင်းပြုမှုအား ဆက်လက်လုပ်ဆောင်နိုင်စွမ်းမရှိအောင် ဟန့်တားပိတ်ပင်ခြင်း၊ အိမ်နှင့် ပိုင်ဆိုင်မှုပစ္စည်းများ လက်လွှတ်ဆုံးရှုံးရစေခြင်းအပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီများ လုံလောက် စွာမရရှိနိုင်ခြင်းများသည် စားနပ်ရိက္ခာမလုံခြုံမှုကို အဓိကဖြစ်ပေါ်စေသည့်အကြောင်းတရားဖြစ်ပါသည်။ ဤအနှစ် ချုပ်စာတမ်းတွင် ဖော်ပြထားသည့် ဖြစ်ရပ်များသည် မြန်မာစစ်တပ် ခေါင်းဆောင်များမှ တိုက်ရိုက်ကျင့်သုံးသည့် စနစ်တကျချမှတ်ထားသော ချိုးဖောက်မှုပုံစံများဖြစ်ပါသည်။ အရပ်သားပြည်သူများအား စနစ်တကျနှင့် ကျယ်ပြန့် စွာတိုက်ခိုက်ခြင်းသည် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို အလေးမထားခြင်းဖြစ်ပြီး အောက်တွင် ဖော်ပြထားသည့် နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှုဥပဒေ၊ နိုင်ငံတကာ ရာဇဝတ်မှုဥဒေနှင့် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများကို ချိုးဖောက်ရာ မြောက်ပါသည်။

 

မြန်မာပြည်အရှေ့တောင်ပိုင်း၏ လက်ရှိအခြေအနေသည် နိုင်ငံတကာမဟုတ်သော လက်နက်ကိုင်ပဋိပက္ခအဖြစ် သတ်မှတ်နိုင်ပြီး နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေ (IHL) ကို လိုက်နာကျင့်သုံးရန် လိုအပ်ပါ သည်။ မြန်မာနိုင်ငံသည် ဂျီနီဗာကွန်ဗင်းရှင်းသဘောတူစာချုပ်အား လက်မှတ်ရေးထိုးထားသည့်နိုင်ငံဖြစ်သည်နှင့် အားလျှော်စွာ ဥပဒေ ပုဒ်မ ဘုံအပိုဒ် ၃ (Common Article 3) ပါ ပြဌာန်းချက်အား လေးစားလိုက်နာရမည် ဖြစ်ပါသည်။ အဆိုပါ အပိုဒ်တွင် ရက်စက်စွာ ဆက်ဆံခြင်းနှင့် လူသားတစ်ဦး၏ ဂုဏ်သိက္ခာကို ထိပါးစေသည့် အပြုအမူနှင့် အခြားပြုမူမှုများကို တားမြစ်ထားပါသည်။ မြန်မာနိုင်ငံအနေဖြင့် နောက်ဆက်တွဲစာချုပ် ၂ (AP II) ကို လက်မှတ်ရေးထားခြင်း မရှိသေးသော်လည်း နိုင်ငံတကာ ဓလေ့ထုံးတမ်း ဥပဒေတွင်ပါရှိသည့် အဓိက ပြဌာန်းချက် များအပေါ် သက်ရောက်မှုရှိသောကြောင့် အဆိုပါစာချုပ်အား လေးစားလိုက်နာရန် တာဝန်ဝတ္တရား အပြည့်ရှိ ပါသည်။ အထူးသဖြင့် အဆိုပါ နောက်ဆက်တွဲ စာချုပ်ပါ (အပိုဒ် ၁၄) နှင့် နိုင်ငံတကာ ဓလေ့ထုံးတမ်းဥပဒေ ပြဌာန်းချက်တွင် တိုက်ပွဲများဖော်ဆောင်သည့်အခါ အစာရေစာငတ်မွတ်ခေါင်းပါးခြင်းအား စစ်နည်းဗျူဟာတစ်ခု အဖြစ်အသုံးပြုခြင်းကို တားမြစ်ထားပါသည်။ ထိုတားမြစ်ချက်များထဲတွင် ပြည်သူလူထု၏ အသက်ရှင်ရပ်တည် ရေးအတွက် အရေးကြီးသော အရင်းအမြစ်များ ဖြစ်သည့် အစာရေစာများ၊ ပျိုးပင်သီးနှံများ၊ အိမ်မွေးတိရိစ္ဆာန်နှင့် ရေအရင်း အမြစ်အများကို ဖျက်ဆီးခြင်းများ ပါဝင်ပါသည်။[67] ဤစည်းမျဥ်းစည်းကမ်းများကို နောက်ဆက်တွဲစာချုပ် ၂ (AP II) နှင့် နိုင်ငံတကာ ဓလေ့ထုံးတမ်း ဥပဒေပါ ပြဌာန်းချက်များအတိုင်း ပြည်သူလူထုအတွက် လိုအပ်သည့် လူသားချင်း စာနာထောက်ထားမှုအကူအညီများကို ဟန့်တားနှောက်ယှက်ခြင်းမပြုရန်နှင့် လျှင်မြန်စွာ အချိန်နှင့် တပြေးညီ ဆောင်ရွက်ပေးရန် တာဝန်ရှိမှုနှင့် နီးကပ်စွာ ဆက်စပ်နေပါသည်။ ထို့အပြင် ခွဲခြားမှုနှင့် အချိုးအစားကျမှု (Distinction and proportionality) ၏ အခြေခံသဘောတရားနှင့်လည်း သက်ဆိုင်ပါသည်။[68] ထိုသဘော တရားတွင် တိုက်ခိုက်မှုများဖော်ဆောင်သည့်အခါ စစ်ရေးရည်မှန်းချက်အတွက်ဖြင့်သာ ခွဲခြားကန့်သတ်ထားရန်နှင့် စစ်ရေးအတွက် အကျိုးရှိမှုနှင့် ပြည်သူလူထုအပေါ် ထိခိုက်နစ်နာမှုသည် အချိုးအစားကျရမည်ဖြစ်ပြီး ပြည်သူလူထု အပေါ် ဆိုးရွားသော ထိခိုက်နစ်နာမှုမဖြစ်စေရန် ရှောင်ကျဥ်ရမည်ဖြစ်ပါသည်။

 

ဤအနှစ်ချုပ်စာတမ်းတွင် ဖော်ပြထားသည့် သက်သေအထောက်အထားများအတိုင်း စစ်ကောင်စီသည် လွတ်လပ် စွာ သွားလာခွင့်အား တင်းကြပ်ကန့်သတ်ခြင်းနှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအကူအညီများကို ဟန့်တားနှောက်ယှက်စဥ်တွင် အရပ်သားပြည်သူများ၏ရှင်သန်ရပ်တည်ရေးအတွက် မရှိမဖြစ်လိုအပ်သော အရင်း အမြစ်များကို ထပ်ခါတလဲလဲ ပစ်မှတ်ထားပြီး တိုက်ခိုက်ဖျက်ဆီးနေပါသည်။ ထို့ကြောင့် လူမှုအသိုက်အဝန်း တစ်ခုလုံး အစာရေစာနှင့် အရေးကြီးသောအရင်းအမြစ်များ လက်လှမ်းမှီနိုင်ခွင့်ကို လက်လွတ်ဆုံးရှုံးခဲ့ရပါသည်။ စစ်ကောင်စီ၏ဖြတ်လေးဖြတ်နည်းဗျူဟာစစ်ဆင်ရေးထက်ကျော်လွန်ပြီးကြည့်ပါက ဤတားဆီးပိတ်ပင်မှုပုံစံများ သည် တမင်လုပ်ဆောင်နေခြင်းဖြစ်ပြီး ပြည်သူလူထုအား ငတ်မွတ်ခေါင်းပါးမှုဖြစ်အောင် ရည်ရွယ်ချက်ရှိစွာဖြင့် တွန်းပို့နေခြင်းဖြစ်ပါသည်။ အမှန်စင်စစ် စစ်ကောင်သည် ပြည်သူလူထု၏ငတ်မွတ်ခေါင်းပါးမှုကို စစ်ရေးပရိယယ် တစ်ခုအဖြစ် အသုံးချနေခြင်းပင်ဖြစ်ပါသည်။ စစ်ကောင်စီ၏တိုက်ခိုက်မှုများသည် ပြည်သူလူထု သို့မဟုတ် ပြည်သူပိုင်ပစ္စည်းနှင့် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို ခွဲခြားခြင်းမရှိပါ။ ထို့ကြောင့် ဤတိုက်ခိုက်မှုများသည် ခွဲခြားခြင်းအခြေခံမူနှင့်အချိုးအစားကျမှုအခြေခံမူကို တိုက်ရိုက်ချိုးဖောက်ရာ မြောက်ပါသည်။ ထို့အပြင် နိုင်ငံတ ကာဥပဒေပုဒ်မ ဘုံအပိုဒ် ၃ (Common Article 3) အရ ပြည်သူလူထုအတွက် အာမခံထားသော အနိမ့်ဆုံး ကာကွယ်မှုကိုလည်း ဆန့်ကျင်ရာရောက်ပါသည်။ အထူးသဖြင့် ပြည်သူလူထုနေထိုင်ရာအရပ်များတွင် ပေါက်ကွဲစေ တတ်သော လက်နက်ခဲယမ်း (UXO) များကျန်ရှိအောင် တိုက်ခိုက်ခြင်းသည် ရမ်းသမ်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပြီး ဤလုပ်ဆောင်ချက်သည် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေအရ တရားမဝင်သည့် ပြုမူလုပ် ဆောင်ချက်ဖြစ်ပါသည်။ နောက်ဆုံးအနေဖြင့် ပြည်သူများ တင်ပြထားသည့် SAC ၏ စစ်သားများသည် အိမ်၊ လယ်ယာမြေများ၊ အစားအစာနှင့်အိမ်မွေးတိရိစ္ဆာန်များ လုယူသိမ်းဆည်းမှုများသည် လုယူခြင်းဆိုင်ရာ တားမြစ် ချက်ကို ချိုးဖောက်ခြင်းဖြစ်ပြီး သဘာဝအလျောက် စနစ်တကျလုပ်ဆောင်နေသည့် တိုက်ခိုက်မှုဖြစ်ကြောင်း ခိုင်မာ စွာ သက်သေတည်နေပါသည်။

 

မှတ်တမ်းပြုစုထားသည့် ချိုးဖောက်မှုများစုမှာ SAC မှ ကျူးလွန်ထားခြင်းဖြစ်သော်လည်း လက်နက်ကိုင်ပဋိပက္ခ နှင့်သက်ဆိုင်သည့်အဖွဲ့အစည်းအားလုံးသည် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကို လေးစားလိုက် နာရန် တာဝန်ဝတ္တရားရှိကြောင်း သတိပြုရန် အရေးကြီးပါသည်။ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကဲ့သို့သော တော်လှန်ရေးတပ်ဖွဲ့များ၏လုယက်သိမ်းဆည်းမှုဆိုင်ရာ စွပ်စွဲချက်များသည် အတိုင်းအတာအားဖြင့် ကန့်သတ် ချက်ရှိသော်လည်း ၎င်းတို့အနေဖြင့် စစ်ခင်းနေစဥ် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL)၏ ဓလေ့ထုံးတမ်းပြဌာန်းချက်အား ချိုးဖောက်နိုင်ပြီး အထူးသဖြင့် ချိုးဖောက်မှုများတွင် လုယက်မှုကို တားမြစ်ထား သည့် စည်းမျဥ်းများကိုလည်း ပါဝင်နိုင်ပါသည်။ 

 

ဤလုပ်ဆောင်ချက်များသည် နိုင်ငံတကာ ရာဇဝတ်မှု ဥပဒေ (ICL) အရ ရာဇဝတ်မှုဆိုင်ရာ တာဝန်ခံမှုတိုးမြှင့်ရန် လိုအပ်ကြောင်း ထောက်ပြနေပါသည်။ အပြည်ပြည်ဆိုင်ရာ ရာဇာဝတ်မှုခုံရုံး (ICC) ၏ရောမဥပဒေစည်းမျဥ်းတွင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခအတွင်း၌ ပြည်သူလူထုအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း (အပိုဒ် ၈ (၂), င (၁))၊ လုယက်ခြင်း (အပိုဒ် ၈ (၂), င (၅))၊ ပြည်သူများ၏ ငတ်မွတ်ခေါင်းပါးမွတ်ကို စစ်ရေးနည်းဗျူဟာအဖြစ် အသုံးချခြင်း (အပိုဒ် ၈(၂) င (၂၅) ) စသည့်လုပ်ဆောင်ချက်များသည် စစ်ရာဇဝတ်မှုများအဖြစ် သတ်မှတ်ထားပါသည်။[69] ထို့အပြင် လူသားချင်းစာနာမှုကို ဆန့်ကျင်သည့်ဆက်ဆံမှုများ (အပိုဒ် ၇(၁)(က)) အပါအဝင် ပြည်သူလူထုအား ကျယ်ကျယ် ပြန့်ပြန့် သို့မဟုတ် စနစ်တကျတိုက်ခိုက်မှု၏တစ်စိတ်တစ်ပိုင်းအဖြစ် ကျူးလွန်သည့်အခြားသော ပြစ်မှုများသည် လည်း လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားပါသည်။[70]

 

ဤအစီရင်ခံစာတွင် တင်ပြထားသည့် SAC ၏ ချိုးဖောက်ကျူးလွန်မှုပုံစံများဖြစ်သည့် ပြည်သူပိုင်ပစ္စည်းများ ရည် ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို တားဆီးပိတ်ပင်ခြင်း၊ လုယူခြင်း နှင့် အခြားသော လုပ်ဆောင်ချက်များကြောင့် ပြည်သူလူထုအား ငတ်မွတ်ခေါင်းပါးမှုနှင့် စစ်ဘေးတိမ်းရှောင်မှုကို ဖြစ်ပေါ်စေပါသည်။ အထူးသဖြင့် အရပ်သားပြည်သူများအား တမင်ရည်ရွယ်ချက်ရှိစွာ ပစ်မှတ်ထား တိုက်ခိုက်ခြင်း သည် စစ်ရာဇဝတ်မှုဖြစ်သည့် အရပ်သားပြည်သူများအား တိုက်ရိုက်တိုက်ခိုက်ရန် ညွန်ကြားမှုမြောက်ပါသည်။ ထို့အပြင် အရပ်သားပြည်သူများ၏ရှင်သန်ရပ်တည်ရေးအတွက် အရေးကြီးသောအဆောက်အအုံများကို တိုက်ခိုက် ဖျက်ဆီးခြင်း၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို တားဆီးပိတ်ပင်ခြင်းများသည်  ပြည်သူလူထုအား ငတ်မွတ်ခေါင်းပါးစေသည့် စစ်ရာဇဝတ်မှု[71] သို့မဟုတ် ဤကဲ့သို့လုပ်ဆောင်မှုများကြောင့် ပြည်သူလူထုကို ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေသည့် လူမဆန်သော ဆက်ဆံမှုအဖြစ် သတ်မှတ်နိုင်ပါသည်။ ထို့နည်းအတူ အရပ်သား ပိုင်ပစ္စည်းများအား သိမ်းယူခြင်းသည်လည်း လုယက်ခြင်းအဖြစ် သတ်မှတ်နိုင်ပါသည်။ SAC ၏ လုပ်ရပ်များသည် သီးခြားဖြစ်စဥ် မဟုတ်သည့် မြန်မာစစ်တပ်မှ ကာလကြာရှည်စွာ ကျင့်သုံးခဲ့သော ကျယ်ပြန့်ပြီး စနစ်တကျသော ချိုးဖောက်မှုပုံစံများဖြစ်ကြောင်း ထင်ဟပ်နေပါသည်။ စစ်တပ်မှ ကာလာကြာရှည်စွာ ကျူးလွန် ခဲ့သော ချိုးဖောက်မှုများသည် အပြစ်ဒဏ်ကင်းလွတ်ခွင့်အပြည့်ရှိခဲ့ပြီး ထိုချိုးဖောက်မှုများအပေါ် နိုင်ငံတကာ တာဝန်ယူမှု၊ တာဝန်ခံမှု တစ်စုံတစ်ရာပြုခြင်းမရှိခဲ့ပါ။

 

နောက်ဆုံးအနေဖြင့် မြန်မာနိုင်ငံသည် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေစဥ်ကာလအတွင်း နိုင်ငံတကာလူ့အခွင့် အရေးဥပဒေများ၏ပြဌာန်းချက်အောက်ရှိ သက်ဆိုင်ရာတာဝန်ဝတ္တရားများကို လေးစားလိုက်နာရမည် ဖြစ်ပါသည်။ အစားအစာရရှိခွင့်နှင့် ဖူလုံမှုရှိသော လူနေမှုအဆင့်အတန်းရရှိခွင့်တို့သည် အခြေခံလူ့အခွင့်အရေးတစ်ရပ်ဖြစ်ပြီး လူ့ဂုဏ်သိက္ခာနှင့်အညီ ရှင်သန်နေထိုင်ခွင့်နှင့်ဆက်စပ်ကာ အခြားအခွင့်အရေးများလည်း ခံစားခွင့်ရှိရမည် ဖြစ်ပါသည်။ အဆိုပါအခွင့်အရေးများသည် အပြည်ပြည်ဆိုင်ရာစီးပွားရေး၊ လူမှုရေးနှင့်ယဉ်ကျေးမှုအခွင့်အရေး ဆိုင်ရာ သဘောတူစာချုပ် (ICESCR) ၏ ပုဒ်မ ၁၁၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) ၏ ပုဒ်မ ၂၅၊ အမျိုးသမီးများအားလုံးအပေါ် ခွဲခြားဆက်ဆံခြင်း ပပျောက်ရေး သဘောတူစာချုပ် (CEDAW) နှင့် ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေး သဘောတူစာချုပ် (CRC) အစရှိသော အခြားသဘောတူစာချုပ်များတွင် ပြဋ္ဌာန်းထားပြီး မြန်မာနိုင်ငံက အတည်ပြုထားသည်။[72] မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာနိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာ သဘောတူစာချုပ် (ICCPR) လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း အဆိုပါ စာချုပ်ရှိ လွတ် လပ်စွာ သွားလာနေထိုင်ခွင့် အပါအဝင် အခြားအခွင့်အရေးများစုသည် နိုင်ငံတကာဓလေ့ထုံးတမ်းဥပဒေ၏အစိတ် အပိုင်းအဖြစ် အသိအမှတ်ပြုထားသောကြောင့် ထိုဥပဒေအား လေးစားလိုက်နာရန် တာဝန်ဝတ္တရားအပြည့် ရှိနေပါ သည်။

 

အစားအစာရရှိရေးစနစ်အား ဖျက်ဆီးခြင်း၊ အသက်မွေးဝမ်းကျောင်းပြုမှုအား တားဆီးပိတ်ပင်ခြင်း၊ လွတ်လပ်စွာ သွားလာခြင်းနှင့်  လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ တရားလက်လွတ် တင်းကြပ်ကန့်သတ်ခြင်း စသည့် SAC ၏ လုပ်ဆောင်ချက်များသည် အခြေခံလူ့အခွင့်အရေးဖြစ်သော အစားအစာရရှိခွင့်၊ ဖူလုံမှုရှိသည့် လူနေမှုအဆင့်အတန်းရရှိခွင့်နှင့် လွတ်လပ်စွာသွားလာနေထိုင်ခွင့်များကို တိုက်ရိုက်ချိုးဖောက် နေပါသည်။ ဤဆိုး ရွားသော ချိုးဖောက်မှုများ ဆက်လက်ကျူးလွန်နေခြင်းသည် မြန်မာနိုင်ံနိုင်ငံအဖြင့် လေးစားလိုက်နာရန် တာဝန် ဝတ္တရားရှိသည့် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေအား ချိုးဖောက်ရာ မြောက်ပါသည်။

 

(၅) အကြံပြုချက်များ

နိုင်ငံတကာအသိုင်းအဝိုင်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGO)၊ ဒေသခံခေါင်းဆောင်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာအစိုးရများထံသို့

  • မြန်မာစစ်တပ်သည် လက်ရှိဖြစ်ပွားလျက်ရှိသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူသားချင်းစာနာ ထောက်ထားမှုအကြပ်အတည်းတို့၏အဓိကတရားခံဖြစ်သည်ကို လက်ခံအသိအမှတ်ပြုပြီး ၎င်းတို့နှင့် သဘောတူညီမှုလက်မှတ်ရေးထိုးခြင်းနှင့်စစ်အုပ်စုအား တရားဝင်အခွင့်အာဏာပေးအပ်နေမှုများကို ရပ် တန့်ရန်။
  • မြန်မာပြည်အပေါ် ပြည့်စုံသည့်လက်နက်ရောင်းချမှုတားမြစ်ချက်ချမှတ်ပြီး လေကြောင်းလောင်စာဆီ၊ လေယာဉ်၊ လေယာဉ်အစိတ်အပိုင်းများ၊ ပြုပြင်ထိန်းသိမ်းရေးအထောက်အပံ့များ၊ ခဲယမ်းများ၊ နည်းပညာ များ၊ လေ့ကျင့်ရေး သို့မဟုတ် အခြားသောနည်းပညာပိုင်းဆိုင်ရာအကူအညီများ၊ သို့မဟုတ် ဝန်ဆောင် မှုများအပါအဝင် SAC သို့ လက်နက်နှင့်စစ်ဘက်ဆိုင်ရာပစ္စည်းများ ထောက်ပံ့မှုအပေါ် လုံလောက်သည့် ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ရန်။
  • ကရင်လူမျိုးများအားဆန့်ကျင်၍ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများ၊ နိုင်ငံတကာလူသားချင်းစာနာ ထောက်ထားမှုဥပဒေနှင့်နိုင်ငံတကာရာဇဝတ်မှုဥပဒေကို ကျူးလွန်ချိုးဖောက်သည့်လုပ်ရပ်များအတွက် အပြည်ပြည်ဆိုင်ရာစုံစမ်းစစ်ဆေးမှုများအား ပိုမို၍ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ပေးရန်နှင့် SAC ခေါင်း ဆောင်များအား အပြည်ပြည်ဆိုင်ရာတရားစီရင်ရေးဆိုင်ရာလုပ်ငန်းစဉ်များမှတဆင့် နိုင်ငံတကာရာဇဝတ် ခုံရုံး (ICC) အပါအဝင် အပြည်ပြည်ဆိုင်ရာတရားရုံးများတွင် စစ်ဆေးအရေးယူခြင်းဖြင့် မြန်မာပြည်တွင်းရှိ အရပ်သားများအပေါ် ကျူးလွန်သောရာဇဝတ်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန်။
  • အရပ်သားပြည်သူ၏အသက်ရှင်ရပ်တည်မှုကို ဆိုးရွားစွာထိခိုက်စေရန် SAC သည် ကျယ်ကျယ်ပြန့်ပြန့် နှင့်စနစ်တကျကျူးလွန်သောအကြမ်းဖက်မှုများကို မီးမောင်းထိုးပြ၍ နိုင်ငံတကာလူသားချင်းစာနာ ထောက်ထားမှုနှင့်ရာဇဝတ်မှုဥပဒေများကိုချိုးဖောက်ပြီး  ရွာသားများ၏အသက်မွေးဝမ်းကျောင်းပြုမှုကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်သည့်လုပ်ရပ်များကို ရှုတ်ချရန်။
  • အရပ်သားဒေသများတွင် SAC ၏အကြမ်းဖက်တိုက်ခိုက်မှုများ၏ပြင်းထန်သောသက်ရောက်မှုများဒဏ်မှ ပြည်လည်တည်ဆောက်ရန်နှင့်ရင်ဆိုင်ဖြေရှင်းရန် ရွာသားများအား ကူညီဆောင်ရွက်ပေးနေပြီး ဒေသခံမှ ယုံကြည်စိတ်ချရသော အရပ်ဖက်အဖွဲ့အစည်းများ (CSO)၊ လူထုအခြေပြုအဖွဲ့အစည်းများ (CBO) နှင့် တိုင်းရင်းသားဝန်ေဆောင်မှုပေးသူများထံသို့ ကူညီထောက်ပံ့မှုများ တိုးမြင့်၍လုပ်ဆောင်ရန်။ ဤသို့ဆို လျှင် စစ်ပြေးရှောင်ရွာသားများအားလုံးသည် ကူညီထောက်ပံ့မှုများရရှိလာပြီး အခြေခံလိုအပ်များကို ဖြည့် ဆီးပေးနိုင်မည်ဖြစ်သည်။ ဒေသခံလူထုကိုအခြေပြု၍ ဒေသခံလမ်းကြောင်းမှတစ်ဆင့် ကူညီဆောင် ရွက် ပေးခြင်းဖြင့် မတူညီသည့်နေရာဒေသများရှိ မတူညီသည့်အခြေအနေပေါ်မူတည်၍ ကူညီထောက်ပံ့မှုများ သည် ရွာသားများလိုအပ်သည့်အရာများနှင့်ကိုက်ညီမှုဖြစ်ပြီး ပို၍အကျိုးရှိလာမည်ဖြစ်သည်။
  • မြေမြှုပ်မိုင်းထိခိုက်နစ်သူများ၊ ၎င်းတို့မိသားစုဝင်များနှင့် မြေမြှုပ်မိုင်းတည်ရှိမှုကြောင့် စားဝတ်နေရေး ထိခိုက်သည့်လူမှုအသိုက်အဝန်းများအတွက် ရေရှည်ကူညီထောက်ပံ့မှုများရရှိနိုင်မည့်အစီအစဉ်များကို ရေးဆွဲ၍အကောင်အထည်ဖော်ဆောင်နိုင်ရန် ဒေသအတွင်းဝန်ဆောင်မှုပေးနေသူများနှင့်အတူတကွ ပူး ပေါင်းလုပ်ကိုင်ရန်။ ကူညီထောက်ပံ့မှုများရရှိရေးအတွက် လုပ်ဆောင်ရာတွင် အရေးပေါ်အကူအညီနှင့် ဘဝသစ်ပြန်လည်ထူထောင်ရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများပြန်လည်လုပ်ကိုင်နိုင်ရေးနှင့် ပြန် လည်ကုစားတည်ဆောက်ရေးအစရှိသော ရေရည်အကူအညီလိုအပ်ချက်များကို ထည့်သွင်းသင့်သည်။
  • နယ်စပ်လမ်းကြောင်းမှတဆင့် လူသားချင်းစာနာထောက်ထားမှုကူညီထောက်ပံ့မှုများပေးရေးကို မြန်မာ ပြည်အရှေ့တောင်ပိုင်းရှိ လူထုအခြေပြုအဖွဲ့အစည်းများမှ စီစဉ်ဆောင်ရွက်ခွင့်ရရန်နှင့် နယ်စပ်ဖြတ် ကျော်၍ ခိုလှုံမှုရှာဖွေသူများအား လုံခြုံမှုနှင့်ကာကွယ်မှုပေးရန်အတွက် အိမ်နီးချင်းနိုင်ငံများနှင့်နိုင်ငံတ ကာအလှူရှင်များကို တိုက်တွန်းရန်။

 

 

 

 

အရှေ့မျက်နှာဖုံးအကြောင်းအရာ

ဤအရှေ့မျက်နှာဖုံးဓာတ်ပုံကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင်  ဒေသခံလူသားချင်းစာနာထောက် ထားမှုစေတနာ့ဝန်ထမ်းတစ်ဦးထံမှ လက်ခံရရှိခဲ့သည်။ ပုံတွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ (SAC) ခြေမြန်တပ်ရင်းအမှတ် (၂၈၅) သည် နယ်မြေရှင်းလေးရေးစစ်ဆင်ရေးကို လုပ်ဆောင် နေစဉ် ဘိတ်ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ ပလောဒေသရှိ လူနေအိမ်အလုံး (၆၀) ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ သောအခြေအနေကို ဖော်ပြထားသည်။ SAC သည် ထိုဒေသအတွင်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာတွင် ဒေသခံလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များနှင့်မကြာခဏတိုက်ပွဲများဖြစ်ပွားခဲ့သည်။ (ဓာတ်ပုံ- ဒေသခံရွာ သား)