၁။ နိဒါန်း
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်[1] မြန်မာပြည်အရှေ့တောင်ပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များမှ ရွာသားများအပေါ် ကျူးလွန်သောလူ့အခွင့်အရေးချိုးဖောက်မှုများသည် ပို၍များပြားလာခဲ့သည်။ ထိုလူ့အခွင့်အရေးချိုး ဖောက်မှုများတွင် အရပ်သားများအား ညှဉ်းပမ်းနှိပ်စက်သောဖြစ်စဉ်များသည်လည်း သိသိသာသာ များပြားလာခဲ့သည်။ KHRG မှ ၂၀၂၃ ခုနှစ်အတွင်း အရပ်သားများအား ညှဉ်းပမ်းနှိပ်စက်သောဖြစ်စဉ် (၃၃) ခုကို လက်ခံရရှိခဲ့သည်။ ထိုဖြစ် စဉ် (၃၃) ခုတွင် အနည်းဆုံး အရပ်သားများ (၃၇) ဦး ညှဉ်းပမ်းနှိပ်စက်ခံခဲ့ရသည်။ ဤသို့ညှဥ်းပမ်းနှိပ်စက်သော ဖြစ်စဉ် အများစုကို မြန်မာစစ်တပ်မှ ကျူးလွန်ခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အနေဖြင့် အရပ်သားပြည်သူ များအပေါ် ရုပ်ပိုင်းဆိုင်ရာဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ အကြမ်းဖက်၍ စစ်လက်နက်တစ်ခုသဖွယ် သဘောထားခဲ့သည်။ SAC မှ ဒေသတွင်းအသိအမှတ်ပြုထားသော ကရင်ပြည်နယ်ရှိ ရွာသားများကို အပြစ်ပေးခြိမ်းခြောက်သည့် အနေဖြင့် ၎င်းတို့အား အတင်းအဓမ္မဖမ်းဆီးချုပ်နှောင်၍ ညှဉ်းပမ်းနှိပ်စက်ခဲ့သည်။ ရွာသားများသည် ထိုသို့သောအကြမ်းဖက်မှုကို ကြုံတွေ့ရလေ့ရှိသည်။ ဤကဲ့သို့ သောလုပ်ရပ်များကြောင့် SAC အနေဖြင့် နိုင်ငံတကာဥပဒေသစံချိန်စံနှုန်းများနှင့် စစ်ဥပဒေများကို လိုက်နာရန်ပျက်ကွက်ခဲ့သည်။ ရည်ရွယ်ချက်ရှိရှိ စနစ်တကျကျူးလွန်သော ဤအကြမ်းဖက်မှုများကြောင့် ရွာသားများအနေဖြင့် ပြင်းထန်သောဒဏ်ရာများရရှိခြင်း၊ ကြောက်ရွံ့မှုများဖြစ်စေခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများရရှိစေပြီး ဒေသခံပြည်သူလူထု၏ လုံခြုံရေး၊ စားဝတ်နေရေးနှင့် သွားလာလှုပ်ရှားခွင့်တို့ကိုလည်း ဆိုးရွားစွာထိခိုက်စေပါသည်။
ဤအနှစ်ချုပ်စာတမ်းတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း မြန်မာပြည်အရှေ့တောင်ပိုင်းတွင် SAC နှင့် SAC ပူးပေါင်းလက်နက်ကိုင်တပ်ဖွဲ့များမှရွာသားများအပေါ် ညှဉ်းပမ်းနှိပ်စက်သောဖြစ်စဉ်များကို ရေးသားဖော်ပြထားပါသည်။ အနှစ်ချုပ်စာတမ်း၏ပထမအခန်းတွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားသည့်အချိန်မှစ၍ မြန်မာပြည်အရှေ့တောင်ပိုင်းတွင်ဖြစ်ပွားခဲ့သည့် ညှဉ်းပမ်းနှိပ်စက်မှုဖြစ်စဉ်များ၏အခြေအနေကို အကျဉ်းချုပ်ဖော်ပြထားသည်။ ဒုတိယအခန်းတွင် KHRG မှ လက်ခံရရှိသော အစီရင်ခံစာများကိုအခြေခံ၍ ၂၀၂၃ ခုနှစ်အတွင်းဖြစ်ပွားခဲ့သော ညှဉ်းပမ်းနှိပ်စက်မှုဖြစ်စဉ်များကို လေ့လာဆန်းစစ်ထားပါသည်။ လေ့လာဆန်းစစ်ထားသောဖြစ်စဉ်များတွင် ရွာသားများအနေဖြင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်နွယ်ပတ်သတ်မှုရှိသည်ဟု စွပ်စွဲ၍သော်လည်းကောင်း၊ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို သိရှိရန်အတွက် ရွာသားများအား သတင်းမေးမြန်းခြင်း သော်လည်းကောင်း သို့မဟုတ် ဒေသခံလူမှုအသိုင်းအဝန်းအား အကြမ်းဖက်၍ခြိမ်းခြောက်စေရန်ဖြစ်စေ၊ လူသားဒိုင်းအဖြစ် သို့မဟုတ် ပေါ်တာအဖြစ် လုပ်ဆောင်စေရန်အတွက် ရွာသားများအား အတင်းအဓမ္မခိုင်းစေ၍ဖြစ်စေအစရှိသော ရည်ရွယ်ချက်များဖြင့် အရပ်သားပြည်သူများကို ဖမ်းဆီးနှိပ်စက်သည့်အခြေအနေများကို ထည့်သွင်းဖော်ပြထားသည်။ ထို့အပြင် ညှဉ်းပမ်းနှိပ်စက်မှုများကြောင့် ဒေသခံလူမှုအသိုင်းအဝန်းများအပေါ် မည်သို့သောဆိုးကျိုးသက်ရောက်မှုများ ထိခိုက်စေသည့်အခြေအနေများကိုလည်း ဖော်ပြထားသည်။ ဤအနှစ်ချုပ်စာတမ်း၏ နောက်ဆုံးအခန်းတွင် ဤသို့ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် လုံခြုံရေးအခြေအနေနှင့် ဥပဒေရေးရာလေ့လာသုံးသပ်ချက်များအား ရေးသားတင်ဆက်ထားပြီး KHRG အနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ လိုက်နာဆောင် ရွက်ရန်အတွက် မူဝါဒအကြံပြုချက်များကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။
၂။ ခြုံငုံသုံးသပ်ချက် - မြန်မာနိုင်ငံတွင် ညှဉ်းပမ်းနှိပ်စက်မှုကို စစ်လက်နက်တစ်ခုသဖွယ် အသုံးပြုခြင်း
မြန်မာစစ်တပ်မှ ပြည်သူလူထုများအပေါ် နိုင်ငံရေးနှင့်စစ်ရေးအရ ဖိနှိပ်ချုပ်ချယ်ရန်ရည်ရွယ်ချက်ဖြင့် ညှဉ်းပမ်းနှိပ် စက်မှုနည်းလမ်းများကို ဆယ်စုနှစ်ပေါင်းများစွာ အသုံးပြုလာခဲ့သည်။ မြန်မာစစ်တပ်မှ အသုံးပြုသည့် “ဖြတ်လေးဖြတ်” မဟာဗျူဟာသည် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခဲ့သည်မှာကြာမြင့်ခဲ့ပြီးဖြစ်သည်။ ထိုမဟာဗျူဟာသည် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံလူထုအကြားရှိ ဆက်နွယ်ချိတ်ဆက်မှုကို ဖျက်ဆီးရန်ဖြစ်သည်။ ထိုဆက်နွယ်ချိတ်ဆက်မှုကိုဖျက်ဆီးရာတွင် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များအတွက် စားနပ်ရိက္ခာများ၊ငွေကြေးထောက်ပံ့မှုများ၊ သတင်းအချက်အလက်များနှင့် တပ်သားစုဆောင်းမှုများ ဖြတ်တောက်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။[2] လွန်ခဲ့သော(၃)နှစ်အတွင်း ကရင်ပြည်နယ်တွင် ပြည်တွင်းစစ်မီးများပျံ့နှံ့လာပြီး ပြည်သူလူထုများအပေါ် ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများလည်း ပို၍များပြားလာခဲ့သည်။ ထိုလူ့အခွင့်အရေးချိုးဖောက် မှုများတွင်အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်း၊ အရပ်သားဒေသများကို လေကြောင်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက် ကြီးများရမ်းသမ်းပစ်ခတ်ခြင်း၊ မြေမြှုပ်မိုင်းများအားအသုံးပြုခြင်း၊ ပြည်သူများအား အတင်းအဓမ္မဖမ်းဆီးခြင်း၊ အဓမ္မပျောက်ဆုံးစေခြင်း၊ နေရပ်ရွှေ့ပြောင်းရခြင်း၊ ဆိုးရွားသော အသက်မွေးဝမ်းကျောင်းဆိုင်ရာစိန်ခေါ်မှုများနှင့် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများဆိုင်ရာ အတားအဆီးများစသည်တို့ပါဝင်ပါသည်။
မြန်မာနိုင်ငံတွင် SAC မှ အရပ်သားများအား အတင်းအဓမ္မဖမ်းဆီးချုပ်နှောင်၍ ဖိနှိပ်ချုပ်ချယ်သောနည်းလမ်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြသည်။ ခန့်မှန်းခြေအရ မြန်မာနိုင်ငံတွင် လက်ရှိနိုင်ငံရေးအကျဉ်းသားများဦးရေ (၂၀၂၄၀) ဦးသည် အကျဉ်းချခံထားရသည်။[3] ထိုသို့အကျဉ်းချခံရသော အရပ်သားပြည်သူများသည် ညှဉ်းပမ်း နှိပ်စက်ခံရခြင်း၊ လူမဆန်စွာဆက်ဆံခံရခြင်း သို့မဟုတ် ဆိုးရွားသော အခြေအနေအောက်တွင် ထိန်းသိမ်းခံရခြင်း စသည့်အခြေအနေများနှင့် ကြုံတွေ့ရနိုင်ဖွယ်ရှိသည်။ အဘယ်ကြောင့်ဆိုသော် SAC သည် အကျဉ်းသားများအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာရန်ပျက်ကွက်ခဲ့ပြီး အကျဉ်းသားများ အခြေအနေကိုလေ့လာ စောင့်ကြည့်ရန်အတွက် ရှေ့နေများ သို့မဟုတ် ပြင်ပလေ့လာသူများအား ခွင့်ပြုပေးခြင်းလည်း မရှိသောကြောင့်ဖြစ်သည်။[4] မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးလက်နေဒေသများတွင် SAC အာဏာပိုင်များသည် ရွာသားများကို မကြာခဏဖမ်းဆီး၍ တပ်စခန်းများ၊ ရဲစခန်းများ၊ အကျဉ်းထောင်များနှင့် စစ်ဆေးရေးဂိတ်များတွင် ထိန်းသိမ်းထားလေ့ရှိသည်။ ထို့အပြင် စစ်သားများလည်း ရွာသားများကို မကြာခဏဖမ်းဆီး၍ ကျေးရွာများ၊ စိုက်ပျိုးခြံများ သို့မဟုတ် လူနေအိမ်များတွင်ပင် ထိန်းသိမ်းထားကြသည်။ လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး လက်နက်ကိုင် စစ်သားများလည်း အပြစ်ကင်းလွတ်ခွင့်ရရှိနေခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသော ရွာသားများအနေဖြင့် မည်သည့် နေရာနှင့်မည်သည့်အခြေအနေတွင်မဆို လူမဆန်စွာဆက်ဆံခံရခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခံရခြင်းနှင့် သတ်ဖြတ်ခံရခြင်း တို့ကို ကြုံတွေ့နိုင်ဖွယ်ပို၍များသည်။
မြန်မာစစ်တပ်မှ ညှဉ်းပမ်းနှိပ်စက်သည့်နည်းလမ်းများကို အသုံးပြုလာခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာရှိပြီးဖြစ်သည်။ ညှဉ်းပန်းနှိပ်စက်မှုဆိုသည်မှာတစ်စုံတစ်ဦးကို အပြစ်ပေးသည့်ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ တစ်စုံတစ်ခုလုပ်ဆောင်ရန် အဓမ္မခိုင်းစေသည်ဖြစ်စေ ထိုသူကို ပြင်းထန်စွာဒဏ်ရာရအောင်ပြုလုပ်ခြင်း သို့မဟုတ် ထိခိုက်နာကျင်စေခြင်းစသည့် လုပ်ရပ်များကို ဆိုလိုခြင်းဖြစ်သည်။ ဤနှစ်များအတွင်း အလွန်ဆိုးရွားသည့်ညှဉ်းပမ်းနှိပ်စက်မှု ဖြစ်စဉ်များကို ရွာသားများကတင်ပြခဲ့သည်။ ထိုညှဉ်းပမ်းနှိပ်စက်မှုဖြစ်စဉ်များတွင် မျက်နှာအဝတ်အုပ်ပြီး နှာခေါင်းနှင့်ပါးစပ်ပေါ်သို့ရေ လောင်းချခြင်း၊ အရေပြားမီးရှို့ခြင်း၊ ခ န္ဓကိုယ်အစိတ်အပိုင်းအား လှီးဖြတ်ခြင်း၊ ကြိုးဖြင့်တွဲလောင်းချခြင်းနှင့် အရှင်လတ်လတ်မြေမြှုပ်ခြင်း စသည်တို့ပါဝင်ပါသည်။ ဤသို့သောညှဉ်းပမ်းနှိပ်စက်မှုများသည် ကျေးရွာတွင်သော်လည်းကောင်း၊ တောထဲတွင်သော်လည်းကောင်း ဖမ်းဆီးချုပ်နှောင်ထားသောနေရာတွင်လည်း ဖြစ်ပွားလေ့ရှိသည်။ တစ်ခါတစ်ရံတွင် လူထုမှကြောက်ရွံ့ထိတ်လန့်အောင် ရွာသားများကို လူအများရှေ့တွင် ညှဉ်းပမ်းနှိပ်စက်ခြင်းလည်းရှိသည်။ [5] ထိုသို့ဆိုးရွားသော တစ်ချို့ဖြစ်စဉ်များကို ဤအနှစ်ချုပ်စာတမ်းတွင် သက်သေအထောက်အထားများနှင့်တကွ ဖော်ပြထားပါသည်။ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားသည့်အချိန်ကာလအတွင်း မြန်မာစစ်တပ်မှ ရွာသားများကို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့်ဆက်နွယ်ပက်သတ်မှုရှိသည်ဟုစွပ်စွဲ၍ သတင်းရယူရန်ဖြစ်စေ၊ အပြစ်ပေးသည့်အနေဖြင့်ဖြစ်စေ ထိုရွာသားများအား ညှဉ်းပမ်းနှိပ်စက်ခြင်းသည် အဖြစ်များသော အခြေအနေတစ်ရပ်အဖြစ်တွေ့ရှိရသည်။ အကျဉ်းချထားသောအရပ်သားများကို ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ပေးရန် ပြဌာန်းထားသော နိုင်ငံတကာ စံချိန်စံနှုန်းများနှင့်ဥပဒေသများကို လျစ်လျှူရှု၍ SAC စစ်သားများသည် ၎င်းတို့ဖမ်းဆီးချုပ်နှောင်ထားသော ရွာသားများကို ပြုစုစောင့်ရှောက်ခြင်းမရှိဘဲ နာကျင်ခံစားရစေအောင် ပြုလုပ်လေ့ရှိသည်။ ဤသို့သောလုပ်ရပ်များသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဓလေ့ထုံးတမ်းဥပဒေအောက်တွင် ပြဌာန်းထားသော စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်ပေါ်ကျူးလွန်သည့်ရာဇတ်ဝတ်မှုများကို ချိုးဖောက်ရာမြောက်သည်။
၃။ ဖြစ်စဉ်များအကျဉ်းချုပ် - SAC မှ ရွာသားများအား ညှဉ်းပမ်းနှိပ်စက်မှုပုံစံများနှင့် ဆိုးကျိုးသက်ရောက်မှုများ
ဤအခန်းတွင် SAC နှင့် SAC ပူးပေါင်းလက်နက်ကိုင်တပ်ဖွဲ့များမှ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသားများအား ညှဉ်းပမ်းနှိပ်စက်သည့်ဖြစ်စဉ်များကို သက်သေအကြောင်းအရာများနှင့်တကွဖော်ပြထားသည်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားပြီးကတည်းက KHRG လှုပ်ရှားရာနယ်မြေများတွင် SAC စစ်သားများသည် ရွာသားများကို ညှဉ်းပမ်းနှိပ်စက်သည့် ဖြစ်စဉ် (၅၂) ခုကို KHRG မှ လက်ခံရရှိခဲ့သည်။ ၂၀၂၃ ခုနှစ်အတွင်းတွင် ရွာသားများအား ညှဉ်းပမ်းနှိပ်စက်မှုဖြစ်စဉ် (၃၃) ခုပါဝင်သော အစီရင်ခံစာ (၃၆) စောင်ကို လက်ခံရရှိခဲ့သည်။ ထိုဖြစ်စဉ် (၃၃) ခုတွင် ညှဉ်းပမ်းနှိပ်စက်ခံရသည့် ရွာသားများ (၃၇) ဦးရှိသည်။ ထိုဖြစ်စဉ်အများစုတွင် ရွာသားများအနေဖြင့် ဖမ်းဆီးချုပ်နှောင်ခံရသည့်အချိန်အတွင်း ညှဉ်းပမ်းနှိပ်စက်ခံရလေ့ရှိသည်။ SAC မှ စစ်ရေးဆိုင်ရာ သတင်းအကြောင်းအရာများ ရရှိရန်အတွက် ရွာသားများအား မေးမြန်းစစ်ဆေးရာတွင် ညှဉ်းပမ်းနှိပ်စက်ခဲ့ကြသည်။ SAC မှရွာသားများကို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်နွယ်ပတ်သတ်မှုရှိသည်ဟု စွပ်စွဲ၍သော်လည်းကောင်း၊ တော်လှန်ရေးတပ်ဖွဲ့များ၏ဆွေမျိုးများ၊ သတင်းပေးသူများနှင့် ကူညီပံ့ပိုးသူများအဖြစ် စွပ်စွဲ၍သော်လည်းကောင်း ညှဉ်းပမ်းနှိပ်စက်ခဲ့ကြသည်။ ကူညီပံ့ပိုးသူများဆိုသည်မှာ တော်လှန်ရေးတပ်ဖွဲ့များကို စားနပ်ရိက္ခာနှင့် ပစ္စည်းကိရိယာများ ထောက်ပံ့ပေးခြင်းကိုဆိုလိုခြင်းဖြစ်သည်။ အခြားဖြစ်စဉ်များတွင်လည်း SAC စစ်သားများသည် ပြည်သူလူထုအား ခြိမ်းခြောက်ရန်၊ ဖိနှိပ်ချုပ်ချယ်ရန်နှင့် ၎င်းတို့အားကြောက်ရွံ့စေရန်အတွက် အာဏာအလွဲသုံးစားလုပ်ပြီး ရွာသားများကို ညှဉ်းပမ်းနှိပ်စက်ကြသည်။ နောက်ဆုံးတွေ့ရှိချက်တစ်ခုတွင် စစ်သားများမှ ရွာသားများကိုပေါ်တာ သို့မဟုတ် လူသားဒိုင်းအဖြစ် ခိုင်းစေရန် ရည်ရွယ်ချက်ဖြင့် ညှဉ်းပမ်းနှိပ်စက်လေ့ရှိသည်။ ထို့အပြင် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များသည် ရွာသားများအား SAC သတင်းပေးသူများ အဖြစ်စွပ်စွဲ၍ ညှဉ်းပမ်းနှိပ်စက်သည့် အချို့ဖြစ်စဉ်များကိုလည်း KHRG မှ လက်ခံရရှိခဲ့သည်။ သို့သော်လည်း ထိုဖြစ်စဉ်များကို ဤအနှစ်ချုပ်စာတမ်း၏ လေ့လာသုံးသပ်ချက်များတွင် ဖော်ပြထားခြင်းမရှိပါ။
က) သတင်းရယူရန်အတွက် ရွာသားများအား စစ်ဆေးမေးမြန်း၍ ညှဉ်းပမ်းနှိပ်စက်ခြင်း
KHRG မှ လက်ခံရရှိသည့်အစီရင်ခံစာများအရ SAC စစ်သားများသည် ဒေသခံလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ ၏စစ်ရေးလှုပ်ရှားမှုများကို သိရှိစေရန်အတွက် ရွာသားများအား အတင်းအဓမ္မဖမ်းဆီး၍ မေးမြန်းစစ်ဆေးလေ့ရှိသည်။ တော်လှန်ရေးတပ်ဖွဲ့များမှ SAC စစ်သားများအား ပစ်ခတ်တိုက်ခိုက်ပြီးနောက်တွင် SAC သည် ရွာသားများကို မကြာ ခဏဖမ်းဆီးလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် SAC စစ်သားများသည် ၎င်းတို့အား ပစ်ခတ်တိုက်ခိုက်သူများမှာ ဘယ်သူဖြစ်ကြောင်းသိရှိစေရန်အတွက် ရွာသားများအားစစ်ဆေးရန် ဖမ်းဆီးထားခြင်းဖြစ်သည်။ ထိုသို့သတင်းရယူရန် သို့မဟုတ် အတင်းအဓမ္မဝန်ခံစေရန်အတွက် ရွာသားများကို ညှဉ်းပမ်းနှိပ်စက်ကြသည်။ ဆိုးရွားသည့်အခြေအနေ အောက်တွင် ရွာသားများကိုအကျဉ်းချ၍ စစ်ဆေးလေ့ရှိသည်။ ဤသို့စစ်ဆေးမေးမြန်းမှုများကို လူအများရှေ့၌ ကျေးရွာများတွင်၊ စစ်ဆေးရေးဂိတ်များတွင်၊ လမ်းပေါ်မှာများတွင် သို့မဟုတ် ရွာသားများ၏နေအိမ်များတွင်လည်း မကြာခဏပြုလုပ်လေ့ရှိသည်။ SAC မှ ဖမ်းဆီးထားသော ရွာသားတော်တော်များများသည်လည်း သတင်းအစအန မရတော့ဘဲ ပျောက်ဆုံးသွားကြသည်။ ထိုဖမ်းဆီးခံရသော ပျောက်ဆုံးသွားသူများသည် ကာကွယ်စောင့်ရှောက်မှုမရ ရှိခြင်း သို့မဟုတ် ၎င်းတို့ဆွေမျိုးသားချင်းများနှင့် ရှေ့နေများမှ ၎င်းတို့၏ကျန်းမာရေးနှင့် နေရေးထိုင်ရေးအခြေအနေကို လေ့လာစောင့်ကြည့်၍မရခြင်း စသည်တို့ကို တွေ့ရှိရလေ့ရှိသည်။[6] အောက်ပါဖော်ပြမည့်ဖြစ်စဉ်များတွင် ရွာသားများ အနေဖြင့် ၎င်းတို့နေ့စဉ်ဘဝတွင် မည်မျှဖမ်းဆီးခံရနိုင်ဖွယ်ရှိပြီး ခြိမ်းခြောက်၍ ညှဉ်းပမ်းနှိပ်စက်ခံရသည့် အန္တရာယ် မည်မျှရှိကြောင်း လေ့လာသိရှိနိုင်ပါသည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၌ ဒေသအတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် တပ်ရင်းမှူးဟိန်းစံထွန်း ဦးဆောင် သော ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၆၀၃) မှ SAC စစ်သားများသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်သားများကို ရှာဖွေရန်အတွက် တောအူးခရိုင်၊ ထောတထူမြို့နယ်၊ သံတောင်မြို့သစ်၊ တဆီးသမ်းမီလာမြို့သို့ ဝင်ရောက်လာခဲ့သည်။ SAC စစ်သားများသည် ရွာသား (၈) ဦးကို ဖမ်းဆီးခဲ့ပြီး သံတောင်မြို့ရှိ သံတောင်ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် SAC စစ်သားများသည် ထိုရွာသားများကို စစ်ဆေးမေးမြန်း၍ ထိုးကြိတ်ရိုက်နှက်ခဲ့သည်။ ထို့အပြင် SAC စစ်သားများသည် တဆီးသမ်းမီလာမြို့ရှိ ရွာသားများ၏အိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသားများပိုင်ဆိုင်သည့် အဝတ်အစားများနှင့် ဆိုင်ကယ် (၅) စီးကိုလည်း လုယူသိမ်းဆည်းခဲ့သည်။
ထိုနေ့တွင် SAC စစ်သားများသည် တဆီးသမ်းမီလာမြို့မှ အခြားရွာသား (၅) ဦးကိုလည်းဖမ်းဆီးခဲ့ပြီး သံတောင်ရဲစခန်းတွင် မေးမြန်းစစ်ဆေးခဲ့သည်။ ထိုရွာသား (၅) ဦးမှာ အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၂) ဦးဖြစ်ကြသည်။ သို့သော်လည်း ခဏအကြာတွင် ဖမ်းဆီးခံရသည့်ရွာသားတစ်ဦးကိုလွှတ်ပေးခဲ့သည်။ တဆီးသမ်းမီလာမြို့မှ ဒေသခံ တစ်ဦး၏ပြောပြချက်အရ SAC မှ လူငယ်တစ်ဦးကိုဖမ်းဆီးပြီး ၎င်းတို့တပ်စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် SAC မှ ထိုလူငယ်ကို ညှဉ်းပမ်းနှိပ်စက်ပြီး စစ်ဆေးမေးမြန်းခဲ့သည်။ ရက်အနည်းငယ်ကြာပြီးနောက် ထိုလူငယ်တစ်ဦးကို ပြန်လွှတ်ပေးခဲ့သည်။ SAC မှ ထိုလူငယ်ကိုဖမ်းဆီးရသည့်အကြောင်းရင်းမှာ ၎င်း၏ဖုန်းထဲတွင် PDF တပ်သားများဟု ထင်ရသော အခြားလူငယ်များ၏ပုံကို တွေ့ရှိခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ရွာသားများက ယူဆကြသည်။[7]
SAC စစ်သားများသည် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ၎င်းတို့အနေဖြင့် ပစ်ခတ်တိုက်ခိုက်သည့်သူများကိုသော်လည်း ကောင်း၊ ထိုသို့ပစ်ခတ်တိုက်ခိုက်မှုတွင် မည်သူကပါဝင်ပတ်သတ်ကြောင်း စုံစမ်းသိရှိရန်အတွက် ရွာသားများအား ဖမ်းဆီး၍ညှဉ်းပမ်းနှိပ်စက်လေ့ရှိသည်။ ထို့ကြောင့် တိုက်ပွဲဖြစ်ပွားပြီးနောက်တွင် ရွာသားများအနေဖြင့် ခရီးသွားလာ လျှင် အလွန်အန္တရာယ်ရှိသည်။ ဒူးပလာယာခရိုင်မှ ရွာသားတစ်ဦးသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့တွင် ဖမ်းဆီးခံရ၍ ညှဉ်းပမ်းနှိပ်စက်ခံခဲ့ရသည်။ ထိုရွာသားသည် ၎င်း၏အတွေ့အကြုံကို ယခုလို ပြောပြခဲ့သည်။
“သူတို့ (SAC) က ကျွန်တော့်ကိုသူလျှိုလို့ သံသယဝင်ကြတယ်။ ကျွန်တော် ဝက်စာကျွေးဖို့ ရွာကိုပြန်လာတဲ့အချိန်မှာ တိုက်ပွဲ ဖြစ်ခဲ့တယ်။ ဒါနဲ့သူတို့က ကျွန်တော့်ကို သူလျှိုလို့ထင်ပြီးဖမ်းဆီးလိုက်တယ်။ သူတို့က မေးခွန်းတွေအများကြီးမေးတယ်။ ပြီးတော့ ကျွန်တော့်ကိုရိုက်နှက်နှိပ်စက်တယ်။ သူတို့ကို ကျွန်တော်ကဘာမှမဟုတ်ဘူးဆိုတာပြောပြတယ်။ ကျွန်တော်က သာမန်ရွာသားတစ်ယောက်ပဲလို့ သူတို့ကိုရှင်းပြတယ်။”
အဆိုပါ ရွာသားသည် ဆက်လက်၍ ဤသို့ပြန် လည်ပြောပြခဲ့သည်။ “ကျွန်တော် အရမ်းကိုကြောက်ခဲ့ပေမဲ့ ဘာတတ်နိုင်မှာလဲ။ ပြီးတော့ ဘာကိုကြောက်ရမလဲမသိတော့ဘူး။ ကိုယ့်ကိုကိုယ်သေလူလို့ပဲထင်ခဲ့တယ်။” SAC စစ်သားများမှ စစ်ဆေးမေးမြန်းသည့်အချိန်တွင် ၎င်းအားကန်ကြောက်ခဲ့ပြီး ဓားမြှောင်ဖြင့် အကြိမ်ကြိမ်ထိုးခဲ့သည်။[8]
အလားတူဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့သည်။ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ညနေ (၃)နာရီခန့်တွင် ညောင်လေး ပင်မြို့တွင်အခြေစိုက်သော SAC ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၂၀) သည် ခလယ်လွီထူခရိုင်၊ ဆောထီမြို့နယ်၊ အောပလာကျေးရွာအုပ်စု၊ အအ---ကျေးရွာတွင်နေထိုင်သော အသက် (၁၈)နှစ်အရွယ် ရွာသားတစ်ဦးဖြစ်သည့် စောအ---ကိုဖမ်းဆီးခဲ့သည်။ ဤသို့ဖမ်းဆီးမှုမဖြစ်ပွားမီ မကြာသေးခင်က အခြားသောရွာသား (၆) ဦးသည် ထိုဒေသအတွင်း ဗုံးဖောက်ခွဲခဲ့သည်။ ထို့ကြောင့် ခမရ (၂၀) သည် စောအ---ကို ဗုံးဖောက်ခွဲမှုတွင် ပါဝင်သည် ဟုစွပ်စွဲ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖြစ်ပုံမှာ စောအ---သည် ဘဲတစ်ကောင်ကိုသွားဝယ်ရန် ဆိုင်ကယ်ဖြင့် ဈေးသွားနေစဉ် ဘဘ---ကျေးရွာတွင်ဖမ်းဆီးခံခဲ့ရသည်။ စောအ---၏မိခင်ဖြစ်သူ ဘ---သည် သူမ၏သားသည် ဘဘ---ကျေးရွာမှ အခြားရွာသားများနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့်သတင်းကို ကြားသိရှိခဲ့သည်။ ထို့နောက် ဘ---နှင့် သူမ၏ခင်ပွန်းသည် သားဖြစ် သူကို သွားရောက်ရှာဖွေခဲ့သည်။ မတ်လ ၂၇ ရက်နေ့တွင် ခမရ (၂၀) တပ်စခန်းသို့သွား၍ သားအကြောင်းကို မေးမြန်းစုံစမ်းခဲ့သည်။ မတ်လ ၂၈ ရက်နေ့တွင် ဘောဘီရဲစခန်းသို့သွား၍ သားအကြောင်းကို မေးမြန်းခဲ့သည်။ စောအ---၏မိဘနှစ်ပါးသည် ၎င်းတို့သားအကြောင်းကို သတင်းမေးမြန်းခွင့်ရရန်အတွက် SAC စစ်သားများကို စားစရာများနှင့်လဖ္ဘက်ရည်ဖိုးအတွက် ငွေကျပ်နှစ်သောင်းပေးခဲ့ရသည်။ ဘောဘီရဲစခန်းရှိ SAC စစ်သားများမှ စောအ---ကို စစ်ဆေး မေးမြန်းပြီး အပြစ်မရှိပါက မကြာမီတွင် ပြန်လွှတ်ပေးမည်ဖြစ်၍ စိတ်ပူစရာမလိုကြောင်း စောအ---၏ မိဘအားပြောခဲ့သည်။ စောအ---သည် ပြန်လွှတ်လာပြီးနောက် SAC စစ်သားများမှ ၎င်းအား ရက်ရက်စက်စက်ညှဉ်းပမ်းနှိပ်စက်ခဲ့ သည့်အကြောင်းကို သူ့မိခင်အား ပြန်လည်ပြောပြခဲ့သည်။ SAC စစ်သားများမှ စောအ---အား ဖမ်းဆီး၍ ရဲစခန်းသို့မပို့မီ ၎င်းအား လူအများရှေ့တွင် ရိုက်နှက်ခဲ့သည်။ ထို့ နောက် စောအ---အား ရဲစခန်းသို့ ခေါ်ဆောင်သွားပြီးနောက် ၎င်းအား စစ်ဆေးမေးမြန်း၍ တဖန်ညှဉ်းပမ်းနှိပ်စက်ခဲ့ပြန်သည်။ စောအ---နှင့်အတူ ဘဘ---ကျေးရွာမှ ဖမ်းဆီးခံခဲ့ရသော အခြား ရွာသားများသည်လည်း SAC စစ်သားများမှ ဖမ်းဆီးထားသော ရွာသားတော်တော်များများကို ညှဉ်းပမ်းနှိပ်စက်ခဲ့သည် ဟု တင်ပြခဲ့ကြသည်။[9]
အခြားသောဖြစ်စဉ်တစ်ခုလည်း ဒူးပလာယာခရိုင်တွင် ဖြစ်ပွားခဲ့သည်။ ဒူးပလာယာခရိုင်၊ ဝေါ်ရေမြို့နယ်၊ တံခွန် တိုင်ကျေးရွာအုပ်စုအတွင်း တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် SAC စစ်သားများမှ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စု၊ စအ---ကျေးရွာမှ အသက် (၅၀) အရွယ် ရွာသား တစ်ဦးဖြစ်သူ ဦးစ---ကို ဖမ်းဆီးခဲ့သည်။ ဦးစ---သည် တိရိစ္တာန်များကို အစာပြန်လာကျွေးရန်အတွက် စစ်ရှောင် စခန်းမှ သူ၏ရွာသို့ပြန်လာသည့်အချိန်တွင် SAC မှ ၎င်းအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဦးစ---ဖမ်းဆီးခံရပြီးနောက် SAC စစ်သားများသည် ၎င်းအား ရိုက်နက်ထိုးကြိတ်ခဲ့၍ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ ဦးစ---၏ဒဏ်ရာများသည် ပြင်းထန် သောကြောင့် ဆေးကုသမှုခံယူခဲ့ရသည်။[10]
စစ်ဆေးရေးဂိတ်များတွင် ဖြတ်သန်းသွားလာနေသော ရွာသားများကို ဖမ်းဆီး၍ညှဉ်းပမ်းနှိပ်စက်သည့် ဖြစ်စဉ်များ သည်လည်း အဖြစ်များလေ့ရှိသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဘိတ်ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ စတိန်ကျေးရွာအုပ်စု၊ ဒအ---ကျေးရွာမှ ရွာသားတစ်ဦးဖြစ်သူ ကိုဒ---သည် နအ---ကျေးရွာအနီးရှိ လမ်းမပေါ်တွင်ရှိသော စစ်ဆေးရေးဂိတ်မှ ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၅၅၉) နှင့် (၅၆၀) တို့မှ SAC စစ်သားများသည် ၎င်းအား ဖမ်းဆီးခဲ့သည်။ ကိုဒ---သည် လိုအပ်သည့်ပစ္စည်းများဝယ်ယူရန်အတွက် နအ---ကျေးရွာသို့ဈေးသွားပြီးနောက် အိမ်သို့ပြန်လာသည့်အချိန်တွင် လမ်း၌ဖမ်းဆီးခံခဲ့ရသည်။ SAC စစ်သားများသည် ကိုဒ---အား လမ်း၌ရပ်ခိုင်းပြီး ၎င်း၏ဆိုင်ကယ်ကို ရှာဖွေစစ်ဆေးခဲ့၍ ၎င်းကိုလည်း မေးမြန်းစစ်ဆေးခဲ့သည်။ SAC စစ်သားများမှ ၎င်း၏ဆိုင်ကယ်နောက်ဖုံးကိုဖွင့်၍ စစ်ဆေးရာတွင် စိတ်ကြွဆေးပြား မြင်းဆေးအလုံး (၂၀) ကိုတွေ့ရှိခဲ့သည်။ မြင်းဆေးများအား လက်ဝယ်ထား ရှိမှုကို မေးမြန်းရာတွင် ကိုဒ---မှ အလုပ်လုပ်ရန်အတွက် ထိုမြင်းဆေးများကို မိမိတစ်ဦးတည်းအတွက် သုံးစွဲခြင်းသာဖြစ်သည်ဟု SAC စစ်သားများအားပြောခဲ့သည်။ သို့သော်လည်း SAC စစ်သားတစ်ဦးမှ ကိုဒ---ကို ဤသို့ ပြန် ဖြေကြားခဲ့သည်။ “မင်းလိမ်နေတာပဲ။ PDF အတွက် ဒီမူးယစ်ဆေးဝါးတွေကို မင်းဝယ်လာခဲ့တာငါတို့သိတယ်။” ထိုသို့ မေးမြန်းစစ်ဆေးရာတွင် SAC စစ်သားများသည် ကိုဒ---အား ရိုက်နှက်ခဲ့သည်။ ထို့နောက် SAC အရာရှိတစ်ဦးမှ ကိုဒ---အား ယခုလိုပြော၍ခြိမ်းခြောက်ခဲ့သည်။ “ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘယ်သူ့ကိုမှမင်းမပြောရဘူး။ မင်းပြောပြလို့ လိုင်းပေါ်မှာ ဒီသတင်းတွေကို ငါတို့တွေ့ရင်မင်းကိုငါတို့သတ်မယ်။” ကိုဒ---သည် ပြန်လွှတ်လာပြီးနောက် ခရီးသွားလာခြင်းမပြုရဲတော့ပါ။ ထို့အပြင် ကိုဒ---သည် ကြောက်ရွံ့၍ စားမဝင်၊ အိပ်မရဖြစ်နေသည်။ ဤဖြစ်စဉ်နှင့်ပတ်သတ်ပြီး ရွာသားများအနေဖြင့် အကြောက်တရားနှင့်နေထိုင်သွား လာရပြီး လုံခြုံရေးအတွက် အမြဲစိုးရိမ်ပူပန်နေရသည့်အကြောင်းကို ကိုဒ---၏ဇနီးဖြစ်သူမှ KHRG အားတင်ပြခဲ့သည်။[11]
ဤကဲ့သို့ဖမ်းဆီးပြီး ညှဉ်းပမ်းနှိပ်စက်မှုကြောင့် ထိခိုက်ခံစားရသည့် ဒေသခံရွာသားတော်တော်များများသည် စိတ်ပိုင်း ဆိုင်ရာဝေဒနာများနှင့် စိတ်ဒဏ်ရာများအားရရှိခဲ့သည်။ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ဖမ်းဆီးညှဉ်းပမ်းနှိပ်စက် မှုများပို၍များပြားလာပြီး ဒေသခံပြည်သူများသည် ဖမ်းဆီးခံရမည်ကို ပို၍စိုးရိမ်ပူပန်လာကြသောကြောင့် စားဝတ်နေ ရေးအတွက် သွားလာလုပ်ကိုင်ရာတွင်အကြောက်တရားများ ဖြစ်ပေါ်စေသည်။
(ခ) အပြစ်ပေးသည့်အနေဖြင့် ရွာသားများအား ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းနှင့် ညှဉ်းပမ်းနှိပ်စက်ခြင်း
SAC သည် ရွာသားများအား ဒေသခံလက်နက်ကိုင်တော် လှန်ရေးတပ်ဖွဲ့များနှင့် ဆက်နွယ်ပတ်သတ်မှုရှိသည်ဟု သော်လည်းကောင်း၊ တော်လှန်ရေးတပ်ဖွဲ့များကို ကူညီပံ့ပိုးပေးသည်ဟုသော်လည်းကောင်းစွပ်စွဲ၍ သက်သေအထောက်အထားမပြနိုင်ဘဲ ဖမ်းဆီးချုပ်နှောင်ထားလေ့ရှိသည်။ အမှန်တကယ်တွင် ရွာသားများသည် ၎င်းတို့နေ့စဉ်ဘဝကို ရိုးရှင်းစွာဖြင့်သာနေထိုင်ကြသည်။ ထိုသို့စွပ်စွဲ၍ ဖမ်းဆီးစစ်ဆေးရာတွင် SAC စစ်သားများသည် အပြစ်ပေးသည့်အနေဖြင့် ရွာသားများအား ခြိမ်းခြောက်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းနှင့် အခြားသောလူမဆန်သည့် လုပ်ရပ်များဖြင့် ဖိနှိပ်ချုပ်ချယ်ခြင်းစသည်တို့ကိုပြုလုပ်ကြသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း SAC သည် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ တနေးကျေးရွာအုပ်စု၊ ဖအ---ကျေးရွာမှ လူငယ်တစ်ဦးဖြစ်သူ စောန---ကို သုံးကြိမ်တိုင်တိုင် ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး နောက်ဆုံးတွင် သေဆုံးသည့်အထိညှဉ်းပမ်းနှိပ်စက်ခဲ့သည်။ ပထမအကြိမ်တွင် စောန---သည် သူ၏လယ်ယာတွင်ရှိနေစဉ် SAC စစ်သားများမှ ၎င်းအား ဖမ်းဆီးခဲ့ပြီး ၎င်း၏နာမည်နှင့် လက်နက်ကိုင်တပ်ဖွဲ့နှင့်ပတ်သတ်မှုရှိ၊ မရှိစသည့်အရာများကို မေးမြန်းခဲ့သည်။ ထို့နောက် SAC စစ်သားများသည် လမ်းပြပေးရန်အတွက် စောန---နှင့် သူ၏သူငယ်ချင်းအချို့ကို ဝါးဝီးလေးလမ်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ဒုတိယအကြိမ်တွင် စောန---နှင့် သူ၏သူငယ်ချင်းနှစ်ဦးဖြစ်သူ မောင်ဖ---နှင့် ဂ---တို့သည် လမ်းပေါ်တွင် ခရီးသွားလာနေစဉ် SAC စစ်သားများမှ ၎င်းတို့အား ဖမ်းဆီးစစ်ဆေးခဲ့ပြီး ၎င်းတို့ကိုယ်ပေါ်တွင် ဘယ်ထရီတစ်လုံးသယ်ဆောင်ထားသည်ကို တွေ့ရှိ၍ ကရင်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်နွယ်ပတ်သက်မှုရှိသည်ဟု စွပ်စွဲခဲ့သည်။ သို့သော်လည်း ရွာသားများသည် မိမိဖုန်းအားသွင်းရန်အတွက် ဘယ်ထရီကိုအသုံးပြုရသည်ဟု ပြန်လည်ရှင်းပြခဲ့သည်။ ထို့နောက် SAC စစ်သားများသည် တနေးကျေးရွာအုပ်စု၊ ဂအ---ကျေးရွာတွင်ရှိသော အခြားစစ်သားများအတွက် စားနပ်ရိက္ခာဝယ်ပေးရန် ထိုလူငယ်သုံးဦးအား ငွေကျပ် (၂၄၀၀၀၀) ပေးခဲ့သည်။ စားစရာသွားဝယ်ပေးရန် အတွက် SAC စစ်သားတစ်ချို့လည်း ဂ---နှင့်အတူ လိုက်ပါသွားခဲ့သည်။ သိပ်မကြာမီ လမ်းတစ်ဝက်အရောက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်သားများမှ SAC စစ်သားများအား ပစ်ခတ်တိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲကြောင့် မောင်ဖ---နှင့် စောန---တို့်သည်လည်း ဂ---ဆီသို့ မပြန်လာရဲခဲ့ပါ။ SAC စစ်သားများအနေဖြင့် ထိုလူငယ်သုံးဦးသည် ဤပစ်ခတ်တိုက်ခိုက်မှုတွင် ပါဝင်ပတ်သတ်မှုရှိသည်ဟု ထင်မြင်ယူဆခဲ့ပြီး မောင်ဖ---ကိုလည်း KNLA အရာရှိတစ်ဦး ဖြစ်သည်ဟုလည်း စွပ်စွဲခဲ့သည်။ ထို့ကြောင့် SAC စစ်သားများသည် အပြစ်ပေးသည့်အနေဖြင့် ဂ---ကို အကျဉ်းချ၍ ရက်ရက်စက်စက်ညှဉ်းပန်းနှိပ်စက်ခဲ့သည်။ SAC စစ်သားများသည် ဂ---၏မျက်နှာကို မီးနှင့်ရှို့ခဲ့ပြီး သူ၏ကျောကုန်းကို ဓားဖြင့်တစ်ချက်ထိုးခဲ့သည့်အပြင် သူ၏ခေါင်းကိုလည်း ထုရိုက်ခဲ့သည်။ SAC စစ်သားများမှ ၎င်းအားဤသို့ပြောခဲ့သည်။
“မင်းတို့ကောင်တွေက ကော်သူးလေစစ်သားတွေဘဲ (KNLA)။ မင်းတွေ့လား။ မင်းရဲ့သူငယ်ချင်းတွေကို လွတ်ပေးတော့ သူတို့က (KNLA) ငါတို့ကို ပြန်တိုက်ခိုက်ဖို့ကြိုးစားတယ်။ (…) မင်းရဲ့သူငယ်ချင်းတွေ မပြန်လာဘူးဆိုရင်၊ (KNLA တွေက) ငါတို့ကို (နောက်တစ်ခါ) ထပ်ပြီးပစ်ခတ်တိုက်ခိုက် မယ်ဆိုရင် မင်းကိုအရှင်လတ်လတ် မြေမြှုပ်လိုက်မယ်။”
ဖအ---ကျေးရွာအုပ်ချုပ်ရေးမှူးသည် ဂ---ကိုပြန်လွှတ်ပေးရန် အတွက် SAC အား ငွေပေး၍ ညှိနှိုင်းတောင်းဆိုခဲ့သည်။ ထို့နောက် SAC သည် ဂ---အား ပြန်လွှတ်ပေးခဲ့သည်။ ဂ---သည် ပြန်လွှတ်လာသော်လည်း ၎င်း၏ဒဏ်ရာများ ပြင်းထန်သောကြောင့် ဆေးကုသမှုခံယူခဲ့ရသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေ (၃) နာရီဝန်းကျင်တွင် စောန---သည် သူ၏သူငယ်ချင်းများကိုတွေ့ဆုံရန် ခရီးသွားလာနေစဉ် SAC တပ်ဖွဲ့မှ ၎င်းအား စိုက်ပျိုးခြံအနီးတွင် နောက်တစ်ကြိမ်ဖမ်းဆီးခဲ့ပြန်သည်။ ယခုတစ် ကြိမ်တွင် စောန---အား ဖမ်းဆီးခဲ့သော SAC တပ်ဖွဲ့သည် ယခင်က သူ့အားဖမ်းဆီးခဲ့သော SAC တပ်ဖွဲ့သာဖြစ်သည်။ စောန---သည် တနေးကျေးရွာအုပ်စု၊ ဂဖ---ကျေးရွာမှ ရွာသားတစ်ဦးဖြစ်သူ စောဟ---နှင့်အတူတူ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသည်။ စောဟ---သည် စောန---ထက် အနည်းငယ်စော၍ ဖမ်းဆီးခံခဲ့ရသည်။ သူတို့နှစ်ဦးကို အတူတူထား၍ ကြိုးဖြင့်ချည် နှောင်ထားခဲ့သည်။ စောန---အား ဖမ်းဆီးပြီးမကြာမီတွင် SAC တပ်ကြပ်ကြီးတစ်ဦးသည် သူ၏စစ်သားများကို ဓားများ ပေး၍ စောန---အား ညှဉ်းပမ်းနှိပ်စက်စေခဲ့သည်။ စစ်သားများသည် စောန---အား ရိုက်နက်ကန်ကြောက်ပြီးနောက် သူ၏မျက်လုံးများကို ဓားဖြင့်ဖောက်ထုတ်ပြီး သူ၏နားရွက်များကိုလည်း လှီးဖြတ်ခဲ့သည်။ စစ်သားတစ်ဦးမှ စောန---အား ဤသို့ပြောခဲ့သည်။ “နောက်ဆုံးတစ်ခါက (စောန---ဖမ်းဆီးခံ ရသည့်အချိန်) မင်းငါတို့ပိုက်ဆံကိုယူပြီး ထွက်သွားတယ်။ ပြီးတော့ ငါတို့ကိုပြန်လာတိုက်ခိုက်တယ်။ အခုလည်း မင်းက ငါတို့နောက်ကို လိုက်ပြီးစုံစမ်းတယ်။” စစ်သား များသည် စောန---၏မျက်လုံးကိုဖောက်ထုတ်ပြီး နားရွက်ကိုလှီးဖြတ်ပြီးနောက် ၎င်းအား ယခုလိုပြောကြားခဲ့သည်။ “ဒါက ငါတို့ကို ဒေါက်ထောက်ကြည့်နေတဲ့မျက်လုံးနဲ့ ခိုးနားထောင်နေတဲ့နားရွက်တွေပဲ။” စောန---အား ညှဉ်းပမ်း နှိပ်စက်သည့်အချိန်အတွင်း စောဟ---သည် ထွက်ပြေးလွတ်မြောက်လာခဲ့သည်။ ထို့နောက် စောဟ---သည် စောန---နှိပ်စက်ခံရသည့်အကြောင်းကို တနေးဒေသရှိ ရွာသားများကို အကြောင်းကြားပြောပြခဲ့သည်။ ဖအ---ရွာသားများသည် မယ်ပရီးခီးတပ်စခန်းအနားသို့ သွား၍ စောန---ကို လိုက်လံရှာဖွေခဲ့သည်။ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း KNLA သည် စောန---အား သတ်ဖြတ်ခဲ့သည်ဖြစ်ကြောင်း ထိုတပ်စခန်းရှိ SAC စစ်သားများမှ ဖအ---ရွာသားများကို ပြောကြားခဲ့ သည်။ သို့သော်လည်း SAC စစ်သားများသည် ထိုထက်ပို၍ စောန---အကြောင်းကို မပြောပြခဲ့ပါ။[12]
စောဟ---သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့၌ ဂအ---နေရာတွင် နွားကျောင်းနေစဉ် SAC မှ ၎င်းအား ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။ ထို့နောက် SAC သည် စောဟ---အား မေးမြန်းစစ်ဆေးပြီး သူ့ကို KNLA စစ်သားများနှင့် ဆက်သွယ် မှုရှိသည်ဟု စွပ်စွဲခဲ့သည်။ စောဟ--- သည် ၎င်းကြုံတွေ့ခဲ့သည့်အရာများကို ယခုလိုပြန်လည်ပြောပြခဲ့သည်။
“သူတို့က (SAC စစ်သားများ) ကျွန်တော့်ကိုဓားနဲ့ထိုးတယ်။ ကျွန်တော်သွေးထွက်သွားတယ်။ ကျွန်တော့်ပါးကိုလည်းရိုက်တယ်။ ပြီးတော့ သူတို့ကြိုးတစ်ချောင်းကိုယူလာပြီး ကျွန်တော့်လက်ကို နောက်ပြန်ချည်ထားတယ်။ ကျွန်တော့်လက်တွေရောင်လာတယ်။ ကျွန်တော့်လက်ကို သွေးမလည်တော့တဲ့အထိ တင်းတင်းချည်ထားတယ်။ ကျွန်တော်လည်း မခံစားနိုင်တော့တဲ့အဆုံး ချည်ထားတဲ့ကြိုးကို ဖြေလျော့ပေးဖို့ သူတို့တပ်ကြပ်ကြီးကို တောင်းဆိုခဲ့တယ်။ သူတို့လည်း ကြိုးကို ဖြေလျော့ပေးခဲ့ပြီး ကျွန်တော်လည်း နည်းနည်းသက်သာလာတယ်။”
စောဟ---သည် နှစ်ရက်တာဖမ်းဆီးချုပ်ပြီးနောက် ထိုတစ်ညတွင် ၎င်းအား စောန---နှင့်အတူကြိုးဖြင့် ချည်နှောင် ထားခဲ့သည်။ SAC စစ်သားများမှ စောန---အား မေးမြန်းစစ်ဆေး၍ ညှဉ်းပမ်းနှိပ်စက်သည့်အချိန်တွင် စောဟ---သည် ချည်ထားသည့်ကြိုးကို ပွတ်တိုက်ပြီး ကြိုးပြတ်သွားခဲ့ပြီးနောက် တောထဲသို့ထွက်ပြေးလွတ်မြောက်ခဲ့သည်။ စောဟ---သည် ထွက်ပြေးလွတ်မြောက်သွားခဲ့သော်လည်း အလွန်ကြောက်ရွံ့နေ၍ ရက်တော်တော်ကြာ မအိပ်စက်နိုင်ခဲ့ပေ။ ထိုအဖြစ်အပျက်များကို ရွာသားများ ကြားသိရှိပြီးနောက်တွင် SAC စစ်သားများမှ ၎င်းတို့အား ဖမ်းဆီးမည်ကိုကြောက်ရွံ့နေကြသည်။ ထို့ကြောင့် ရွာသားများသည် စားဝတ်နေရေးအတွက် ၎င်းတို့တောင်ယာများနှင့် စိုက်ပျိုးခြံထဲသို့ အလုပ်မသွားလုပ်ရဲတော့ပေ။[13]
အလားတူဖြစ်ရပ်မျိုးလည်း ခလယ်လွီထူခရိုင်တွင်ဖြစ်ပွားခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ မနက်အချိန်တွင် ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်ရှိ ပရာရိုးမြစ်ချောင်း၏အရှေ့ဖက်ခြမ်းအနီးနားတွင် နေထိုင်ကြသောရွာသားများသည် စားစရာများဝယ်ယူရန်အတွက် ကျောက်တံခါးမြို့သို့ သွားခဲ့သည်။ ရွာသားများသည် မြို့ထဲသို့ဝင်မည့်အချိန်တွင် ခမရ (၂၆၄) မှ SAC စစ်သားများသည် ၎င်းတို့အား PDF တပ်သားများကို ဆန်နှင့်အခြားပစ္စည်းများ ထောက်ပို့ပေးနေသည်ဟုစွပ်စွဲ၍ ဖမ်းဆီးချုပ်နှောင်ခဲ့သည်။ ဖမ်းဆီးခံရသည့်ရွာသားများ (၁၆) ဦးရှိသည်။ SAC စစ်သားများသည် ဖမ်းဆီးခံရသောရွာသားများအနက် ရွာသား (၃) ဦးကို ပြင်းထန်စွာရိုက်နှက်ခဲ့သည်။ ဤအကြောင်းအရာကို အဆိုပါရွာသား (၃) ဦး၏မိသားစုဝင်များမှ တင်ပြခဲ့ခြင်းဖြစ်သည်။ အကျဉ်းချခံရသည့်ရွာသားများကို ၎င်းတို့မိသားစုဝင်များမှ စားစရာများပို့ပေး၍ရသော်လည်း ၎င်းတို့အား မြင်တွေ့ခွင့်မရခဲ့ပေ။ ဤဖြစ်စဉ်နှင့်ပတ်သတ်၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် ကျေးရွာခေါင်းဆောင်များက ရွာသားများအား အစည်းအဝေးခေါ်ယူခဲ့သည်။ ထိုအစည်းအဝေးတွင် ဖမ်းဆီးခံရသည့်ရွာသားများ၏မိသားစုဝင်များက ရွာသားများကို ပြန်လွှတ်ပေးရန်ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့သော်လည်း ၎င်းတို့အနေဖြင့် SAC စစ်သားများနှင့် တိုက်ရိုက်တွေ့ဆုံ၍စကားပြောရန် ကြောက်ရွံ့ခဲ့ကြသည်။ ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ဖမ်းဆီးခံရသည့်ရွာသားများသည် ပြန်လည်လွှတ်မြောက်လာပြီး ထိုရွာသားအများစုသည် ၎င်းတို့လုံခြုံရေးအတွက် စိုးရိမ်မှုရှိသောကြောင့် မိမိရပ်ရွာကိုစွန့်ခွာ၍ ပုန်းရှောင်ခဲ့ရသည်။[14]
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့၌ မနက် (၅)နာရီမှ (၆)နာရီအချိန်အတွင်း SAC ခမရ (၂၈၅) မှ စစ်အင်အား (၃၀) ကျော်သည် မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ ပုလောဒေသ၊ ဇအ---ကျေးရွာသို့ ချီတက်လာနေစဉ် PDF တပ်ဖွဲ့များနှင့်ထိပ်တိုက်တွေ့၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် SAC စစ်သားများသည် ထိုဒေသအတွင်းရှိ ကျေးရွာများအနီးနားပတ်ဝန်းကျင်တွင် လက်နက်ကြီးများ အဆက်မပြတ်ရမ်းသမ်းပစ်ခတ်ခဲ့သည်။ နေ့လယ် (၁၂) နာရီခွဲအထိ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ လယ်မူလားမြို့နယ်၊ ပုလောဒေသ၊ ဇအ---ကျေးရွာတွင်နေထိုင်သော အသက် (၂၆) နှစ်အရွယ် မောင်က---သည် ထွက်ပြေးတိမ်းရှောင်နေစဉ် SAC စစ်သားများမှ ၎င်းအားဖမ်းဆီးမိခဲ့သည်။ ထို့နောက် SAC စစ်သားများသည် မောင်က---ကို သေသည့်အထိ ညှဉ်းပမ်းနှိပ်စက်ခဲ့သည်။ ထို့အပြင် SAC စစ်သားများသည် အခြားရွာသားများကိုလည်း ဖမ်းဆီး၍ ပုလောမြို့ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ သိပ်မကြာမီအတွင်း တစ်ချို့ရွာသားများသည် ပြန်လည်လွှတ်မြောက်လာခဲ့သည်။[15]
ရွာသားတစ်ဦးသည် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့်ဆက်နွယ်ပတ်သတ်မှုရှိသည်ဟု စွပ်စွဲချက်ဖြင့် ဖမ်း ဆီးခံရပါက ၎င်းတို့မိသားစုများနှင့် ဆွေမျိုးသားချင်းများကိုလည်း ပစ်မှတ်ထား၍ ပြစ်ဒဏ်ပေးလေ့ရှိသည်။ ထို့ ကြောင့် မိတ်ဆွေသူငယ်ချင်းတစ်ဦးဦး သို့မဟုတ် မိသားစုဝင်တစ်ဦးဦးသည် မည်သည့်အကြောင်းကြောင့်ပင် ဖမ်းဆီးခံရပါက ရွာသားများကြားတွင် အကြောက်တရားများ ဖြစ်ပေါ်စေသည်။ ဥပမာဖြစ်စဉ်တစ်ခုတွင် လူအခွင့်အရေး ကာကွယ်စောင့် ရှောက်သူတစ်ဦးသည် PDF အဖွဲ့ဝင်ဖြစ်သည်ဟုစွပ်စွဲ၍ SAC မှ ၎င်းအား ဖမ်းဆီး၍ လက်စဖျောက်ခဲ့သည်။ သူ၏ သမီးဖြစ်သူသည် SAC မှ သူမအဖေ၏မိသားစုကိုလည်း ပစ်မှတ်ထားမည်ကို ကြောက်ရွံ့ခဲ့သည်။ သူမက KHRG အား ဤသို့ပြောပြခဲ့သည်။
“ကျွန်မအဖေအဖမ်းခံရပြီးနောက်မှာ စစ်ကောင်စီတွေက ကျွန်မအဖေရဲ့ မိသားစုတွေကို လိုက်ရှာနေတယ်လို့ကျွန်မကြားတယ်။ သူတို့က ကျွန်မတို့ပုံတွေကိုယူပြီး လူတွေကိုပြပြီးတော့မေးတယ်။ သူတို့က ကျွန်မတို့ ဘယ်မှာရှိလဲဆိုတာ လူတွေကိုလိုက်မေးကြတယ်။ ကျွန်မအဖေမှာ သားသမီးဘယ်နှစ်ဦး ရှိလဲကအစ လူတွေကိုလိုက် မေးကြတယ်။ ကျွန်မတို့တွေ ရဘ--- (သူမတို့မိသားစုနေသည့်မြို့) ကိုပြန်လာပြီးလားဆိုပြီး သူတို့က လူတွေကို လိုက်မေးကြတယ်။ (…) သူတို့က ကျွန်မအဖေရဲ့မိသားစုဝင်တွေအားလုံးကို ဖမ်းချင်နေတာထင်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ သူတို့ကကျွန်မအဖေရဲ့မိသားစုဝင်အားလုံးကို ဖမ်းဆီးလို့ရအောင် သေသေချာချာလုပ်ဆောင်နေကြတယ်လေ။ (…) ကျွန်မတို့လုံခြုံရေးအတွက်အရမ်းစိတ်ပူတယ်။ ကျွန်မတို့တွေ တစ်နေရာပြီးတစ်နေရာ ပြေးရှောင်ခဲ့ရတယ်။”[16]
(ဂ) ညှဥ်းပမ်းနှိပ်စက်ခြင်းကို ခြောက်လှန့်မှု သို့မဟုတ် အာဏာအလွဲသုံးစားမှုအဖြစ် အသုံးပြုခြင်း
SAC နှင့် အခြားသောပူးပေါင်းလက်နက်ကိုင်အဖွဲ့များမှ ရွာသားများအပေါ် ညှဥ်းပမ်းနှိပ်စက်ခြင်းကို မည်သည့်ရှင်း လင်းသည့်စစ်ဖက်ဆိုင်ရာရည်ရွယ်ချက်မရှိပဲ ကျူးလွန်ကြပါသည်။ SAC စစ်သားများအနေဖြင့် ဤကဲ့သို့သော ကျူး လွန်မှုများကို မည်သည့်တရားရေးရာယန္တရား၏ ပြစ်ဒဏ်ကိုကြောက်ရွံ့စရာမလိုပဲ ပြုမူဆောင်ရွက်နိုင်သည့် အခွင့် အာဏာရှိကြောင်း ဖော်ပြနိုင်ရန်ကြိုးပမ်းမှုအဖြစ် သိရှိနိုင်ပါသည်။ ၎င်းတို့သည် အကြမ်းဖက်မှုနှင့် ရွာသားများအားခြောက်လှန့်ခြင်းအပြင် အရပ်သားပြည်သူလူထုများအပေါ် နာကျင်စေခြင်းတို့ကို ကြီးမားသော အာဏာအလွှဲသုံးစားမှုမှ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကြောင့် ပြုမှုလုပ်ဆောင်နေကြလျှက်ရှိပါသည်။
ဥပမာအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ထားဝယ်မြို့ရှိ ငှက်ပျောတောဝစစ်ဆေးရေးဂိတ်တွင်အခြေစိုက်သည့် SAC ၏ ခလရ အမှတ် (၄၀၉) စစ်သားများမှ မြိတ်-ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ်၊ ကမိုသွေးဒေသအတွင်းရှိ ကအ--- ကျေးရွာတွင်နေထိုင်သော အသက် (၃၀) နှစ်ရွယ်ရှိ စော လ--- ကိုဖမ်းဆီးခဲ့ပါသည်။ စောလ--- သည် ထားဝယ်မြို့တွင် ကျောင်းသားများအား ကားဖြင့်လိုက်ပို့ပြီး အိမ်သို့ပြန်လာခဲ့ပါသည်။ အဆိုပါ စစ်ဆေးရေးဂိတ်တွင် အခြေစိုက်သည် SAC စစ်သားများသည် မူးရစ်ပြီး၎င်းအားအော်ခေါ်ခဲ့သော်လည်း ကားအင်ဂျင်မြည်သံကြောင့်မကြားသဖြင့်မရပ်ခဲ့ပါ။ ထို့နောက် SAC စစ်သားများမှကားဖြင့် ၎င်း၏နောက်သို့လိုက်ပြီး ထီးလယ်ကလေးဒေသရှိ လအ--- ကျေးရွာတွင်ဖမ်းဆီးခဲ့ပါသည်။ SAC စစ်သားများမှ ၎င်းအားဖမ်းဆီးပြီးနောက် တုတ်ဖြင့်ရိုက်နှက်ခဲ့ကြပါသည်။ စောလ--- သည် သာမန်ရွာသားတစ်ဦးဖြစ်ပြီး တောင်ယာလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုပါသည်။[17]
အခြားသောဖြစ်ရပ်တစ်ခုသည် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့တွင် SAC နှင့်ပူးပေါင်းတပ်ဖွဲ့ဖြစ်သော တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်ဖွဲ့ (DKBA)[18] ၏ ဗိုလ် စောတဒါးဝင်းမှ ဒူးသထူခရိုင်၊ မိကရင်ကျေးရွာအုပ်စု တွင်ရှိသည့် လမ်းမကြီးတစ်ခုတွင် ရွာသားသုံးဦးအား ညှဥ်းပမ်းနှိပ်စက်ခြင်းပြုလုပ်ခဲ့ပါသည်။ အဆိုပါရွာသား များသည် မိကရင်ကျေးရွာအုပ်စု၊ နအ--- ကျေးရွာရှိ အသက် (၄၉) နှစ်ရှိသည့် စောမ--- ၊ အသက် (၂၃) နှစ်ရှိသည့် စောန--- နှင့် အသက် (၄၀) နှစ်ရှိသည် စောဝ--- တို့ဖြစ်ကြပါသည်။ ဤရွာသားများသည် ကျောက်စရစ်များကို ရောင်းချခြင်းဖြင့် နေ့စားအလုပ်သမားများအဖြစ် ၎င်းတို့၏အသက်မွေးဝမ်းကျောင်း ပြုကြပါသည်။ DKBA ဗိုလ်မှူးမှ ဖားအံမြို့နယ်ရှိ မအ--- နေရာသို့သွားစဥ် လမ်း၌ကျောက်စရစ်တစ်ပုံသည် ၎င်းတို့ သွားသည့်လမ်းအားပိတ်မိသည်ကို သတိထားမိခဲ့ပါသည်။ ထို့အချိန်တွင် ၎င်းမှ ရွာသားများနှင့်ပက်ပင်းတိုးခဲ့ပါသည်။ ရွာသားများမှ ၎င်းအားတောင်းပန်ပြီး ကျောက်စရစ်ပုံကို ဖယ်ပေးမည်ဟု စိတ်ရင်းဖြင့်ပြောခဲ့သော်လည်း DKBA ဗိုလ်မှူးမှ ၎င်းတို့အားအကြမ်းဖက်ကျူးလွန်မှုပြုခဲ့ပါသည်။ ထိုကဲ့သို့အကြမ်းဖက်မှုကျူးလွန်ရာတွင် စောမ--- သည် သစ်သားတုတ်ဖြင့်အရိုက်ခံရသဖြင့် နှုတ်ခမ်းကွဲသွားခဲ့ပြီး စောန--- နှင့် စော ဝ--- တို့သည်လည်း ရိုက်နှက်ခြင်းခံခဲ့ရပါသည်။ ဤကဲ့သို့မတရားဆက်ဆံခံရသဖြင့် ဒေသခံရွာ သားများသည် ကြောက်ရွံ့မှုဖြင့်နေထိုင်နေကြရပါသည်။ ပြစ်မှုကျူးလွန်သူစောတဒါးဝင်းသည် DKBA တပ်ရင်းကို ဦးဆောင်သည့် စောဘိုဘိညွှန်ကြားမှုအောက်တွင် တာဝန်ထမ်းဆောင်သူဖြစ်ပါသည်။[19]
ရွာသားများသည် ၎င်းတို့၏တောင်ယာနှင့် စိုက်ခင်းများတွင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြုလုပ်စဥ်တွင်လည်း SAC စစ်သားများ၏ ဖမ်းဆီးခြင်းခံရကြပါသည်။ ဥပမာအနေဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက် နေ့ ညနေ ၄း၃၀ အချိန်တွင် SAC စစ်သားများသည် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စု၊ ဝအ--- ကျေးရွာတွင်နေထိုင်သည့် နော်[20] ပ--- အားဖမ်းဆီးနှိပ်စက်ခဲ့ပါသည်။ သူမသည် သွာခိုလိုဒေသရှိ ၎င်း၏လယ်ယာတွင် ကျွဲကျောင်းနေစဥ် SAC စစ်သားများ၏ ဖမ်းဆီးခြင်းခံခဲ့ရပါသည်။ ပဋိပက္ခပိုမိုတင်းမာလာသည့်အချိန်အတွင်း သားဖြစ်သူနှင့် သားမက်ဖြစ်သူတို့ ကျွဲကျောင်းရန် အလွန်အန္တရယ်များသည်ဟုထင်သဖြင့် နော်ပ--- မှ သူမ၏ ကျွဲသုံးကောင်ကို ကိုယ်တိုင်ကျောင်းခဲ့ပါသည်။ SAC စစ်သားများမှ သူမအားဖမ်းဆီးသည့်အချိန်တွင် ရင်ဘတ်အားသေနတ်ဖြင့်ချိန်ရွယ်ထားပြီး ဒေသအတွင်းရှိ လက်နက်ကိုင်တော်လှန်ရေးများ၏ လုပ်ဆောင်မှုများအကြောင်းကို မေးခွန်းမေးခဲ့ကြပါသည်။ ထို့နောက် နော်ပ--- ကို ဝါ့မေကျိုးတောထဲတစ်နေရာတွင် အခြေစိုက်သည့် SAC စခန်းသို့ SAC တပ်ရင်းမှူးနှင့်တွေ့ရန်ခေါ်ဆောင်သွားခဲ့ပါသည်။ နော်ပ--- သည် မြန်မာစကားမပြောတတ်သောကြောင့် SAC စစ်သားများနှင့် စကားပြောဆိုဆက်ဆံရန် ၎င်းအတွက် စိန်ခေါ်မှုဖြစ်စေခဲ့သော်လည်း သူမအနေဖြင့် တစ်ဦးတည်းဖြစ်ကြောင်း နှင့် ရိုးရိုးတန်းတန်းသာကျွဲများကို ကျောင်းနေခဲ့ကြောင်းပြောပြခဲ့ပါသည်။ ဤကဲ့သို့ ရှင်းပြခဲ့သော်လည်း သူမအားတောထဲတွင် တစ်ညလုံးကြိုးဖြင့်စိုစွတ်အေးချမ်းစွာချည်နှောင်ထားခဲ့ပြီး အစားအစာကိုလည်း ကျွေးမွေးခြင်းမပြုခဲ့ကြပါ။ နောက်ပိုင်း SAC စစ်သားများသည် သူမအားအစာပြေကျွေးခဲ့ပြီး သူမမှတွန့်ဆုတ်စွာဖြင့် လက်ခံခဲ့ပါသည်။ SAC စစ်သားများမှ နောက်နေ့မွန်းတက်ချိန်တွင် သူမအားပြန်လွတ်ပေးခဲ့ကြပါသည်။[21]
ဖော်ပြထားပြီးသကဲ့သို့ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသားများသည် ခရီးသွားလာနေချိန်၊ အစားအစာဝယ်ယူချိန် သို့မဟုတ် အလုပ်လုပ်ချိန်၌ SAC စစ်သားများနှင့် ပူးပေါင်းလက်နက်ကိုင်တပ်ဖွဲ့များ၏ အခြားသောလူ့အခွင့်အရေး ကျူးလွန်ခံရမှုနှင့်အတူ ဖမ်းဆီးနှိပ်စက်ခြင်းကို မကြာခဏကြုံတွေ့ရကြပါသည်။ အသက်မွေးဝမ်းကျောင်းအတွက် ခရီးသွားလာရသော ရွာသားများ သို့မဟုတ် နေ့စဥ်အလုပ်အကိုင်လုပ်ဆောင်ကြရသော ရွာသားများအဖို့ ထင်မှတ်မထားသည့်အချိန်တွင် အချို့သောအရာများဖြစ်ပျက်ခြင်းနှင့် လမ်းတွင်စစ်ဆေးရေးဂိတ်များစွာရှိခြင်းတို့ကြောင့် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ရင်ဆိုင်ရခြင်းကို ရှောင်ကျဥ်နိုင်ရန်မှာမဖြစ်နိုင်ပါ။ ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ အလူးကျေး ရွာအုပ်စု၊ ပအ--- ကျေးရွာရှိ အသက် ၂၆ နှစ် အရွယ်ရှိ စောဆ--- မှ နေ့စားအလုပ်သမားအဖြစ် အလုပ်လုပ်ရန် ခရီးသွားစဥ် ဖခင်ဖြစ်သူ အဖမ်းခံရသည်နှင့်ပတ်သက်၍ ၎င်း၏ကြောက်ရွံ့မှုကို ဤကဲ့သို့ထုတ်ဖော်ပြောပြခဲ့ပါသည်။
“အာဏာသိမ်းမှုမတိုင်ခင်ကကျွန်တော်တို့လွတ်လပ်စွာသွားလာလို့ရတယ်။ အဓမ္မဖမ်းဆီးတာတွေလည်းကျွန်တော်တို့မကြားရဘူး။ အာဏာသိမ်းမှုပြီးတဲ့နောက်မှာအလူးလေးကိုသွားဖို့ကျွန်တော်တို့ကြောက်ကြတယ်။ ခရီးသွားတဲ့အချိန်မှာကျွန်တော်တို့ကြောက်ကြရတယ်။ ကျွန်တော်တို့က တိုက်ပွဲဖြစ်မှာကို စိုးရိမ်ကြရတယ်။ အာဏာမသိမ်းခင်က ကျွန်တော်တို့ရဲ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းကအဆင်ပြေတယ်။ အာဏာသိမ်းမှုပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ရဲ့ အသက်မွေးဝမ်းကျောင်းကတင်းကြပ်လာတယ်။”[22]
ဃ) ရွာသားများကို လူသားဒိုင်းအဖြစ်နှင့် ပေါ်တာများအဖြစ် ညှဥ်းပမ်းနှိပ်စက်ခြင်း
SAC မှ ရွာသားများအား အဓမ္မဖမ်းဆီးပြီး တိုက်ပွဲဖြစ်ပွားသည့်နယ်မြေများသို့ ခရီးထွက်ရာတွင် ၎င်းတို့စစ်ကြောင်းနှင့် အတူ ခြေကျင်နှင့်လိုက်ပါစေခြင်းဖြင့် လူသားဒိုင်းအဖြစ်အသုံးပြုခြင်း သို့မဟုတ် ပေါ်တာများအဖြစ်အသုံးပြုခဲ့ကြ ပါသည်။ ဤကဲ့သို့ လက်နက်ကိုင်တပ်ဖွဲ့များ၏ တိုက်ခိုက်ခံရမည်ကို ကြောက်ရွံ့ရသည့်အန္တရာယ်အတွင်း ခရီးသွား လာစဥ် လေးလံသည့်အထုပ်အပိုးများကို အတင်းအဓမ္မသယ်ခိုင်းစေခြင်းကဲ့သို့သော အလုပ်ကြမ်းသည် အမှန်တကယ်တွင် ညှဉ်းပမ်းနှိပ်စက်မှုအဖြစ် ရှုမြင်နိုင်ပါသည်။ ထို့အပြင် လူသားဒိုင်းအဖြစ်အသုံးပြုခံရသော ရွာသားများသည် မကြာခဏ မတော်မတရားဆက်ဆံခံရခြင်းနှင့် ဖမ်းဆီးချုပ်နှောင်ခံရစဥ်တွင် ရုပ်ပိုင်းဆိုင်ရာနှိပ်စက်ခြင်းကိုခံကြရပါသည်။ ၎င်းတို့သည် အဓမ္မပျောက်ဆုံးစေခြင်း၊ သီးသန့်ထားခံရခြင်းနှင့် အခြားသူများနှင့်ဆက်သွယ်ခြင်းတို့မှ ဖြတ်တောက်ထားခံကြရသည်။ ၂၀၂၃ ခုနှစ်အတွင်း၌ KHRG မှ လူသားဒိုင်းအဖြစ်နှင့် ပေါ်တာများအဖြစ်ခိုင်းစေခြင်းဖြစ်ရပ် (၁၃) ခုကိုမှတ်တမ်းပြုစုခဲ့ပြီး ထိုအထဲတွင် ရွာသားများ အနည်းဆုံး(၉၇) ဦးပါဝင်ပါသည်။[23]
အစီရင်ခံစာအဖြစ်အပျက်တစ်ခု၌ ၂၀၂၃ ခုနှစ်၊ မတ်လတွင် SAC ၏ တပ်မ[24] အမှတ် (၇၇) မှ အင်အား ၅၀ မှ ၇၀ ရှိစစ်သားများနှင့် အခြားသောပူးပေါင်းတပ်ဖွဲ့များသည် ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ နံ့သာကွင်းကျေးရွာအုပ်စု၊ ဆအ--- ကျေးရွာသို့ ဝင်ရောက်လာခဲ့ကြပါသည်။ အဆိုပါစစ်သားများမှ ရွာသားစုစုပေါင်း (၂၂) ဦးကိုဖမ်းဆီးခဲ့ပြီး ထိုအထဲတွင် အသက် (၆) နှစ်မှ (၁၇) နှစ်ရှိ ကလေးငယ်လေးဦးလည်းပါဝင်ပါသည်။ ထို SAC စစ်သားများမှ ရုပ်ပိုင်းဆိုင်ရာချို့တက်သူနှစ်ဦးပါဝင်သည့် ရွာသားခြောက်ဦးကိုပြန်လွတ်ပေးခဲ့ပြီး ကျန်သောရွာသားများကို လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ပါသည်။ SAC မှ ၎င်းတို့ဖမ်းဆီးထားသည်ရွာသားများကို နောက်ပြန်ကြိုးတုတ်ပြီး ၎င်းတို့ရှေ့တွင်လမ်းလျှောက်စေကာ လမ်းတစ်လျှောက်တွင် KNLA စစ်သားများ၏တိုက်ခိုက်ခြင်းကိုခံရပါက ရွာသားများအား သတ်ပစ်မည်ဟု ခြိမ်းခြောက်ကြပါသည်။ နောက်နေ့တွင် ၎င်းတို့မှ အသက်ကြီးသည့်ရွာသားနှစ်ဦးကို ပြန်လွတ်ပေးခဲ့ပြီး ကလေး သုံးဦးပါဝင်သည့် ကျန်ရှိနေသေသော ရွာသား (၁၄) ဦးကို ဆက်လက်ဖမ်းဆီးထားခဲ့ပါသည်။ ဤဖမ်းဆီးမှုတွင် လူသားဒိုင်းအဖြစ်အသုံးပြုခြင်းခံခဲ့ရသော စောရ--- မှ ဤကဲ့သို့ရှင်းပြခဲ့ပါသည်။
“ကျွန်တော်တို့ကိုဖမ်းပြီးနောက်မှာ (၇) ယောက် (၈) ယောက်တစ်တွဲ လက်ကိုကြိုးချည်ထားတယ်။ ကျွန်တော်တို့ကို ဘယ်ကိုခေါ်သွားမယ်ဆိုတာလည်း သူတို့ဘာမှမပြောဘူး။ ကျွန်တော်တို့နဲ့စကားပြောတဲ့အခါ သူတို့ကအရမ်းရန်လိုတဲ့အတွက် သူတို့ဖမ်းတာနဲ့ကျွန်တော်တို့ သူတို့နောက်လိုက်ဖို့မငြင်းရဲဘူး။ စစ်သားတွေက ‘ထွက်ပြေးရဲရင်ပြေးကြည့်၊ မင်းတို့ထွက်ပြေးရင် ငါတို့မင်းကို အသေပစ်သတ်မှာ’ ဟုပြောပါသည်။ သူတို့တွေကအဲ့လောက်အထိ ရန်လိုတော့ ဘယ်လိုလုပ်ထွက်ပြေးရဲမှာလဲ။ ကျွန်တော်တို့လှုပ်တောင်မလှုပ်ရဲဘူး။”
SAC စစ်သားများမှ ဖမ်းဆီးခံရသည် ထိုရွာသားများကို ရအ--- ကျေးရွာကျောင်း၏ စာသင်ခန်းတစ်ခန်းတွင် သော့ပိတ်ချုပ်နှောင်ထားခဲ့ပါသည်။ ထိုဖမ်းဆီးချုပ်နှောင်ခံရသည့်ရွာသားများသည် ငါးရက်ကြာ အခန်းကျဥ်းထဲတွင် နေထိုင်၊ စားသောက်၊ အိပ်ကြရပြီး အမိုက်ပုံးကို အိမ်သာအဖြစ်လည်း အသုံးပြုခဲ့ကြရပါသည်။ SAC စစ်သားများသည် ဖမ်းဆီးထားခံရသည်ရွာသားများအား တစ်ရက်တစ်ကြိမ်သာ ခြေလက်သန့်စင်ရန်နှင့် ရေးချိုးရန်အတွက် တံခါးဖွင့်ပေးပါသည်။ KNLA မှ တိုက်ခိုက်လာမည်ဆိုပါက ထိုစာသင်ခန်းကိုသာပစ်မှတ်ထားရန်SAC စစ်သားများသည် ၎င်းတို့၏ အဝတ်အစားများကို ရွာသားများအား ချုပ်နှောင်ထားသည့် စာသင်ခန်းရှေ့တွင်ချွတ်လှန်းထားကြပါသည်။ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် SAC စစ်သားများမှ ၎င်းတို့ဖမ်းဆီးထားသည့်ရွာသားများအားလုံးကို ကြိုးတုတ်၍ တောထဲတွင် ပြန်လွတ်ပေးခဲ့ပါသည်။[25]
၂၀၂၃ ခုနှစ်၊ ဇွန်လိုင်လ ၉ ရက်နေ့တွင် မြိတ်-ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ စတိန်ကျေးရွာအုပ်စု၊ နအ--- ကျေးရွာတွင်အခြေစိုက်သည့်စခန်းဖြစ်သည့် တပ်ရင်းမှု မင်းမင်းထွန်းဦးဆောင်သော ခမရ အမှတ် (၅၅၉) နှင့် အမှတ် (၅၆၀) တို့သည် ဒအ--- ကျေးရွာသို့သွားခဲ့ကြပါသည်။ ၎င်းတို့ခရီးသွားသည့်အချိန်ဖြစ်သည် မနက် ၉ နာရီဝန်းကျင်ခန့်တွင် ဒအ--- ကျေးရွာမှ ရွာသားတစ်ဦးဖြစ်သော ကိုစ--- ကိုဖမ်းဆီးခဲ့ပြီး ၎င်းတို့၏လက်နက်ခဲယမ်းများကို အဓမ္မသယ်ခိုင်းစေခဲ့ပါသည်။ ကိုစ--- မှ ခါးအောက်ပိုင်းနာသဖြင့် ကျည်ဆံများကိုမသယ်နိုင်ကြောင်းပြောခဲ့ပါသည်။ ထို့နောက် စစ်သားများထဲမှတစ်ဦးဖြစ်သော ကိုဆန်းနိုင်မှ ၎င်းအား “အပိုတွေပြောမနေနဲ့။ ကျည်ဆံတွေကို ငါတို့ထမ်းခိုင်းသလိုထမ်း” ဟုပြောပြီး ၎င်းကို ကျည်ဆံဆက်လက်ထမ်းခိုင်းစေခဲ့ပါသည်။ ၎င်းတို့ခရီးသွားရာလမ်းတွင် တွေ့ရှိသောမည်သူကိုမဆိုကိုဖမ်းဆီးပြီး ပေါ်တာနှင့် လူသားဒိုင်းအဖြစ်အသုံးပြုကြပါသည်။ SAC မှ ရွာသားစုစုပေါင်း (၁၀) ဦးကိုဖမ်းဆီးခဲ့ပြီး လက်နက်ခဲယမ်းများ အဓမ္မထမ်းစေကာ စစ်သားများ၏ရှေ့တွင် လမ်းလျှောက်စေကြောင်း ကိုစ--- မှ KHRG အားပြောပြခဲ့ပါသည်။ ထိုအဖမ်းခံရသည့်အထဲတွင် အသက် (၃) နှစ်အရွယ်ကလေးတစ်ဦးနှင့် ၎င်း၏မိခင်လည်းအဖမ်းခံရပါသည်။ SAC စစ်သားများသည် ဒအ--- ကျေးရွာရှိ ရွာသားတစ်ဦးဖြစ်သော ကိုထ--- ၏စိုက်ခင်းသို့ ရောက်ရှိသည်အချိန်တွင် ကော်သူးလေတပ်မတော် (KTLA)[26] တိုးခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ KTLA စစ်သားများမှ SAC စစ်သားများနှင့်အတူ ရွာသားများရှိကြောင်းသိရှိသဖြင့် ပစ်ခတ်မှုအားရပ်ခဲ့ပြီး ပြန်လည်ဆုတ်ခွါသွားခဲ့ပါသည်။ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားသည့်အချိန်တွင် SAC စစ်သားများမှ ၎င်းတို့ဖမ်းဆီးထားသည့် ရွာသားများကို ဝပ်နေရန်ပြောခဲ့သော်လည်း ၎င်းတို့ထမ်းထားသည့် လက်နက်ခဲယမ်းများကို ချထားခွင့်မပြုခဲ့ပါ။ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် ရွာသားများနှင့် စစ်သားများ ထိခိုက်ဒဏ်ရာရရှိခြင်းတစ်စုံတစ်ရာမရှိခဲ့ပါ။ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် SAC စစ်သားများမှ ရွာသားများကို “မင်းတို့လုပ်တာကောင်းတယ်” ဟုဆိုကာ ၎င်းတို့အားလုံးကိုပြန် လွတ်ပေးခဲ့ကြပါသည်။ ပြန်လွတ်လာသောရွာသားများအနေဖြင့် ၎င်းတို့၏အိမ်သို့ (၂) နာရီကြာခြေကျင်လျောက်ပြန်လာခဲ့ရပါသည်။ ကိုစ--- မှ “သူတို့စစ်သားတွေသာ သေဆုံးသွားခဲ့မယ် ဒါမှမဟုတ် ဒဏ်ရာရခဲ့ကြမယ်ဆိုရင် ကျွန်တော်တို့ကို သူတို့ (SAC) ကပြန်လွတ်ပေးသေးမှာမဟုတ်ဘူး” ဟုပြောပြခဲ့ပါသည်။ ကိုစ--- နှင့် အခြားဖမ်းဆီးခံရသည့်ရွာသားများသည် ပြန်လွတ်လာပြီးသည့်နောက် ထိတ်လန့်ကြောက်ရွံ့မှုရှိနေဆဲဖြစ်ပါသည်။ ၎င်းတို့အနေဖြင့် ထပ်မံဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရမည်ကို စိုးရိမ်ကြောက်ရွံ့နေကြပါသည်။[27]
ပြန်လည်လွတ်မြောက်လာကြသော ရွာသားများ သို့မဟုတ် ဖမ်းဆီးခံရခြင်းမှ ထွက်ပြေးလွတ်မြောက်လာကြသောရွာသားများသည် စိတ်ဒဏ်ရာနှင့်ဖမ်းဆီးနှိပ်စက်ခြင်းမှ ရရှိသောဒဏ်ရများကိုကုစားနေကြရပါသည်။ ၂၀၂၃ ခုနှစ်၊မတ်လတွင် SAC ၏ လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားခြင်းခံခဲ့ရသော မူးမြို့နယ်၊ နံ့သာကွင်းကျေးရွာအုပ်စု၊ ရအ---ကျေးရွာ နှင့် ဃအ--- ကျေးရွာနေရွာသားများမှ စိတ်ပိုင်းဆိုင်ရာခံစားမှုများနှင့်ကြုံတွေ့ရကြောင်း ပြောပြခဲ့ပါသည်။ရအ--- ကျေးရွာမှလူသားဒိုင်းအဖြစ်ဖမ်းဆီးခြင်းခံရသည့်ရွာသားတစ်ဦးမှ “ဒီဖမ်းဆီးမှုကြောင့် ကျွန်တော်တို့တွေကြောက်ကြတယ်။ ကလေးတစ်ယောက်ဆို လန့်လို့ဖျားပါဖျားတယ်။ ကြည့်ရတာ အဲ့ဒီကလေးကအရမ်းကြောက် လန့်ပုံရတယ်။ အချို့လူကြီးတွေဆိုရင်လည်း ရွာပြန်ရောက်ပြီးတဲ့နောက်မှာ ဆေးသောက်ကြရတယ်” ဟုပြောခဲ့ပါသည်။
လူသားဒိုင်းအဖြစ်အဓမ္မအသုံးပြုခံရခြင်းအတွေ့အကြုံသည် စိတ်ချောက်ခြားဖွယ်ရာဖြစ်စေပြီး ဤကဲ့သို့သော ဖြစ်ပွားမှုနှုန်းမှာလည်းမြင့်မားပါသည်။ ရွာသားများအနေဖြင့် ထပ်မံပစ်မှတ်ထားခံရနိုင်ကြောင်း နားလည်ထားကြပါသည်။ ညှဥ်းပမ်းနှိပ်စက်ခြင်းခံရပြီး ပြန်လည်လွတ်မြောက်လာသောရွာသားများသည် ၎င်းတို့ရရှိသည့်ဒဏ်ရာကြောင့် ဆေးကု သမှုဆက်လက်ခံယူကြရပါသည်။ လက်နက်ကိုင်ပဋိပက္ခများပိုမိုတင်းမာလာမှုနှင့် ဝင်ငွေရရှိရန်အတွက် ခက်ခက်ခဲခဲ လုပ်ကိုင်ရခြင်းကြောင့် မိသားစုဝင်များမှ ဒဏ်ရာရရှိသောမိသားစုဝင်များကို ထောက်ပံ့ရန်အတွက် ရုန်းကန်နေကြရပါသည်။
၄။ ခြုံငုံသုံးသပ်လေ့လာခြင်း - SAC မှ ရွာသားများအားညှဥ်းပမ်းနှိပ်စက်ခြင်း၏ တရားရေးရာသက်ရောက်မှုများ
မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသားတစ်ဦးချင်းစီကို SAC စစ်သားများမှ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပတ်သက် သည့် သတင်းအချက်အလက်များကိုရရှိနိုင်ရန် ပစ်မှတ်ထားညှဥ်းပမ်းနှိပ်စက်ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များနှင့်ပတ်သက်ဆက်နွယ်မှုရှိသည်ဟုစွပ်စွဲအပြစ်ပေးခြင်း၊ အကြမ်းဖက်ခြင်းနှင့်နိုင်ထက်စီးနင်းပြုခြင်း သို့မဟုတ် လူသားဒိုင်းအဖြစ်နှင့် ပေါ်တာအဖြစ်ဖမ်းဆီးခံရချိန် လူမဆန်စွာပြုမှုဆက်ဆံခြင်းတို့ကို ကျူးလွန်ခဲ့ကြပါသည်။ SAC မှ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်ခံရပြီးသည့်နောက် သတင်းအချက်အလက်များကိုရှာဖွေရန်နှင့် ရွာထဲနှင့် ရွာပတ်လည်တွင် တော်လှန်ရေးစစ်သားများကိုလိုက်ပြရန် ရွာသားများအားပစ်မှတ်ထား လက်တုံ့ပြန်အကြမ်းဖက် လေ့ရှိကြပါသည်။ အရပ်သားမလုံခြုံမှုကို ဆက်လက်ကြုံရင်ဆိုင်ကြုံတွေ့နေရပြီး ရွာထဲ၌ရှိနေချိန်၊ လယ်ယာစိုက်ခင်းများတွင်ရှိနေချိန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက်ခရီးသွားနေစဥ်တွင် မကြာခဏတိုက်ခိုက်ခံရကြပါသည်။ ရွာသားများအနေဖြင့် SAC နှင့်အဆက်အသွယ်တစ်စုံတစ်ရာရှိပါက ဒုက္ခရောက်နိုင်သည့် အန္တရာယ်များပါသည်။ SAC စစ်သားများသည် အခြေခံအခွင့်အရေး၊ အရပ်သားများဂုဏ်သိက္ခာ နှင့် သစ္စာစောင့်သိမှုတို့ကို လေးစားလိုက်နာရန်ပျက်ကွက်ပြီး ၎င်းတို့အား ရန်သူသဖွယ်နှင့် တရားဝင်ပစ်မှတ်များအဖြစ် သဘောထားဆက်ဆံကြသည်။
SAC မှ အရပ်သားများအပေါ် ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ မတရားဖမ်းဆီးချုပ်နှောင်မှုသည် မြန်မာပြည်အနှံ့အပြားတွင် ပိုမိုများပြားလာပါသည်။ ဤအစီရင်ခံစာတွင်ဖော်ပြထားသော ဖြစ်ရပ်များသည် SAC မှ မကြာခဏ အရပ်သားများ၊ နိုင်ငံရေးရန်သူများနှင့် စစ်ရေးပစ်မှတ်များကြား ရောယှက်မှုကိုဖြစ်စေပါသည်။ ရွာသားများသည် စစ်ဆေးရေးဂိတ်များတွင် ယာယီချုပ်နှောင်ခံရခြင်း သို့မဟုတ် ထောင်ထဲတွင်ချုပ်နှောင်ခံရသည်ဖြစ်စေ အကြမ်းဖက် နှိပ်စက်ခြင်းခံရနိုင်သည့် အန္တရာယ်မြင့်မားပါသည်။ ဖမ်းဆီးချုပ်နှောင်ခြင်းခံရသည်ရွာသားများသည် ချုပ်နှောင်ခံရသည့် နေရာတစ်နေရာတည်း၌ပင် ရိုက်နှက်ခံရခြင်း၊ နိုင်ထက်စီးနင်းပြုခြင်းနှင့် အခြားသောအကြမ်းဖက်နှိပ်စက်ခြင်းများကို ကျူးလွန်ခြင်းခံရကြပါသည်။ SAC မှ အရပ်သားများအပေါ် အဏာအလွဲသုံးစားပြုခြင်းသည် ၎င်းတို့၏ ကိုယ်ပိုင်ပြစ်ဒဏ်ကင်းလွတ်ခွင့် အပေါ်ယုံကြည်စိတ်ချကြောင်း ဖော်ပြနေပါသည်။
နိုင်ငံတကာဥပဒေအောက်တွင် ညှဥ်းပမ်းနှိပ်စက်ခြင်းကို လူတစ်ဦးအား ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ နာကျင်စေမှု သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ နာကျင်မှုခံစားရစေသည့် အပြုအမူတစ်ခုခုကို ၎င်းတို့ထံမှ သတင်းအချက် အလက်ရယူရန်ပြုလုပ်ခြင်း၊ ကျူးလွန်ခဲ့သော သို့မဟုတ် သံသယရှိသူအား အပြစ်ပေးခြင်းနှင့် ခွဲခြားဆက်ခံခြင်း အပေါ် အခြေခံသောအကြောင်းပြချက်အပေါ် အကြပ်ကိုင် နိုင်ထက်စီးနင်းပြုခြင်းဟူ၍ အဓိပ္ပယ်ဖွင့်ဆိုထားပါသည်။[28] ညှဥ်းပမ်းနှိပ်စက်ခြင်းနှင့် လူမဆန်သော သို့မဟုတ် ယုတ်ညံ့သောဆက်ဆံမှုအား ဆန့်ကျင်ကာကွယ်ခြင်းသည် လူ့အခွင့်အရေး လုံးဝဖြစ်ပြီး လူတစ်ဦးချင်းစီ၏ ဂုဏ်သိက္ခာနှင့် သစ္စာစောင့်သိမှုကို အကာအကွယ်ပေးရန် အခွင့်အရေးကို လက်ကိုင်ပြုသည့် ၁၉၄၈ ခုနှစ် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း (UDHR) ၏ အပိုဒ် (၅) တွင်ပြဌာန်းထားသည်။[29] ဤသတင်းအကျဥ်းချုပ်တွင် ဖော်ပြထားသည့်ဖြစ်ရပ်များတွင် SAC မှ ဒေသခံလက်နက်ကိုင်တော်လှန်ရေး၏ တိုက်ခိုက်ခြင်း သို့မဟုတ် လုပ်ဆောင်မှုများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကိုရရှိရန် ရွာသားများကို နှိပ်စက်ခြင်းနှင့် ဒေသခံ PDF များကို ထောက်ပံ့ပေးနေသည် သို့မဟုတ် ပတ်သက်ဆက်နွယ်မှုရှိသည်ဟု ရွာသားများကို စွပ်စွဲအပြစ်ပေးကြပါသည်။ ဤသတင်းအကျဥ်းချုပ်တွင် ဖော်ပြထားသောအခြားဖြစ်ရပ်များတွင် ဗမာစစ်တပ်၏လက်အောက်၌ ရွာသားများအကြမ်းဖက်ခံရခြင်းနှင် မတရားပြုမှုဆက်ဆံခံရခြင်းစသည့် သက်သေအထောက်အထားများလည်းပါဝင်ပါသည်။
နိုင်ငံတကာလူ့အခွင့်အရေးဥပဒေအောက်တွင် ဤဖြစ်ရပ် သက်သေအထောက်အထားများသည် ဘဝ၊ လွတ်လပ်ခွင့်နှင့် လုံခြုံရေး၊ ညှဥ်းပမ်းနှိပ်စက်မှုမှကင်းဝေးခြင်း၊ အခြားသော ရက်စက်ကြမ်းကြုတ်သော လူမဆန်စွာဆက်ဆံမှု သို့မဟုတ် ပြစ်ဒဏ်ပေးခြင်းမှကင်းဝေးခြင်းနှင့် အဓမ္မဖမ်းဆီးခြင်း သို့မဟုတ် ချုပ်နှောင်ခြင်းနှင့် လွတ်လပ်စွာသွားလာခွင့်တို့အား ချိုးဖောက်ခြင်းဖြစ်ပြီး ၁၉၄၈ UDHR[30] ကိုလည်းချိုးဖောက်နေပါသည်။[31] အခြားသော အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာအစည်းအဝေးများသည် ဤချိုးဖောက်ကျူးလွန်မှုကိုတားမြစ်ထားပါသည်။[32]
မြန်မာနိုင်ငံအနေဖြင့် ၁၉၈၄ ညှဥ်းပမ်းနှိပ်စက်ခြင်းနှင့် လူမဆန်သော သို့မဟုတ် မတရားပြုမူဆက်ဆံမှု သို့မဟုတ်ပြစ်ဒဏ်ပေးခြင်းစာချုပ်ကို ချုပ်ဆိုထားခြင်းမရှိသော်လည်း ညှဥ်ပမ်းနှိပ်စက်ခြင်းဆိုင်ရာတားမြစ်ချက်ကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးအဖြစ် အသိအမှတ်ပြုလက်ခံကြပါသည်။ ညှဥ်းပမ်းနှိပ်စက်ခြင်းကို တားမြစ်ခြင်းသည် ဓလေ့ထုံး တမ်းဆိုင်ရာနိုင်ငံတကာဥပဒေတွင် စံအဖြစ် သတ်မှတ်ခံထားရသည်။ ထို့ကြောင့် အကယ်၍ နိုင်ငံတစ်နိုင်ငံမှ သက်ဆိုင်ရာစာချုပ်ကိုအတည်ပြုခြင်းမရှိသော်လည်း နိုင်ငံအားလုံးမှ erga omnes ကိုလိုက်နာရန်တာဝန်ဝတ္တရားရှိကြပြီး ညှဥ်းပမ်းနှိပ်စက်မှုကျူးလွန်သူပေါ် ဆန့်ကျင်ဆောင်ရွက်ရန်တာဝန်ရှိပါသည်။[33] ထို့အပြင်၊ ၁၉၄၉ ဂျီနီဗာသဘောတူညီချက်၏ အပိုဒ် (၃) ၊ စတုတ္ထ ဂျီနီဗာသဘောတူညီချက်၏အရပ်သားများကို အကာအကွယ်ပေးခြင်း အပိုဒ် (၂၇) နှင့် (၃၂) ၊ နှင့် ဓလေ့ထုံးတမ်း IHL ၏ ICRC မှတ်ချက် စည်းမျဉ်း (၁) တွင် ထပ်မံအတည်ပြုဖော်ပြထားသကဲ့သို့ အပြည် ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL) အောက်တွင် အရပ်သားများကို ပစ်မှတ်ထားခြင်းသည် တိုက်ပွဲများတွင် အရပ်သားနှင့် စစ်ဘက်ဆိုင်ရာပစ်မှတ်များကြား ခွဲခြားခြင်း၏အခြေခံမူကို ချိုးဖောက်ရာရောက်ပါသည်။[34] ဤအခွင့်အရေးများကို ချိုးဖောက်မှုတိုင်းသည် ကြီးလေးသောချိုးဖောက်မှုတစ်ခုအဖြစ် အရည်အသွေးပြည့်မီစေပြီး ကျူးလွန်သူများအား နိုင်ငံတကာဆိုင်ရာတရားစီရင်ပိုင်ခွင့်သို့ ခေါ်ဆောင်လာခွင့်ရှိစေပါသည်။[35] ICRC မှတ်ချက် စည်းမျဉ်း (၉၀) တွင် ထပ်မံဖော်ပြထားသကဲ့သို့ နိုင်ငံတကာမဟုတ်သည့် လက်နက်ကိုင်ပဋိပက္ခများတွင်လည်း ညှဥ်းပမ်းနှိပ်စက်ခြင်းကိုတားမြစ်ထားပြီး ဤကဲ့သို့သောဖြစ်ရပ်များသည် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေပါသည်။[36] ထို့အပြင်၊ ICRC မှတ်ချက် စည်းမျဉ်း (၁၅၆) တွင် ညှဥ်းပမ်းနှိပ်စက်ခြင်းကို အကာအကွယ်ပေးထားသောလူများကို အန္တရာယ်ဖြစ်စေသည့်လုပ်ရပ်နှင့် အရေးကြီးသည့်စံတန်ဖိုးများကို ချိုးဖောက်ခြင်းလုပ်ရပ်အဖြစ် သတ်မှတ်ထားပါသည်။ ယင်းတွင် လူတစ်ဦးချင်းစီအား ယုတ်ညံ့သောဆက်ဆံမှုတွင် လက်အောက်ခံဖြစ်စေရန် သို့မဟုတ် ၎င်းတို့ကို စစ်ရာဇဝတ်မှုဟုယူဆသည့် ရန်သူ၏စစ်ဆင်ရေးများကို တိုက်ရိုက်အထောက်အကူဖြစ်စေသည့် အလုပ်များလုပ်ဆောင်စေခြင်းပါဝင်သည်။[37]
နိုင်ငံတကာရာဇဝတ်မှုဥပဒေအရ နိုင်ငံတကာမဟုတ်သည့် လက်နက်ကိုင်ပဋိပက္ခတွင် ညှဥ်းပမ်းနှိပ်စက်မှုကို စစ်ရာဇဝတ်မှုဥပဒေအဖြစ်သတ်မှတ်ထားပါသည်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး[38] ၏ ရောမဥပဒေ အပိုဒ် ၈ (၂) (ဂ) (၁) တွင် ခွဲခြားသတ်မှတ်ရာ၌ ညှဉ်းပမ်းနှိပ်စက်ခြင်းလုပ်ရပ်သည် ၁၉၈၄ ညှဉ်းပမ်းနှိပ်စက်မှုဆန့်ကျင်ရေး သဘောတူစာချုပ်တွင်ဖော်ပြထားသော စံနှုန်းများနှင့် ကိုက်ညီရမည်။ ဤစံနှုန်းများတွင် (၁) ရာဇဝတ်မှုလုပ်ရပ် ၏ ရည်ရွယ်ချက်များနှင့် (၂) ပြည်သူ့အရာရှိများ သို့မဟုတ် ပြည်နယ်ကိုယ်စားလှယ်ကဲ့သို့ တရားဝင်အာဏာရှိသူ၏ ပါဝင်ပတ်သက်မှုဖြင့် ညှဉ်းပမ်းနှိပ်စက်မှုကို ဆောင်ရွက်ရမည်။[39] SAC မှ အရပ်သားများအား လက်နက်ကိုင်တော် လှန်ရေးတပ်ဖွဲ့များတွင်ပါဝင်ခြင်း သို့မဟုတ် ထောက်ပံ့ပေးခြင်းစွပ်စွဲချက်ဖြင့် ညှဥ်းပမ်းနှိပ်စက်ခြင်းသည် စစ်ရာဇဝတ်မှုအဖြစ်ပြည့်မီမှုရှိပါသည်။ ရောမဥပဒေပါ အပိုဒ် ၇ (၁)(စ) နှင့် (ဋ) အရ အရပ်သားများအပေါ် ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျတိုက်ခိုက်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ်ဆောင်ရွက်သည့်အချိန်တွင် ညှဉ်းပမ်းနှိပ်စက်မှုကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုဟု ယူဆနိုင်သည်။[40] မှတ်သားဖွယ်ရာမှာ ညှဥ်းပမ်းနှိပ်စက်ခြင်း ကျူးလွန်ရာ၌ မည်သည့်ရည် ရွယ်ချက်ရှိစေကာမူ လူ့ဂုဏ်သိက္ခာနှင့် သစ္စာစောင့်သိမှုကို ရန်လိုရာရောက်ပြီး နိုင်ငံတကာ၏စိုးရိမ်ရာပြဿနာဖြစ် စေသောကြောင့် ညှဥ်းပမ်းနှိပ်စက်မှုသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုတစ်ခုအဖြစ် အကျုံးဝင်ပါသည်။ SAC မှ ထိန်းသိမ်းထားစဉ်အတွင်း အချို့သောဖြစ်ရပ်များသည် ရည်ရွယ်ချက်ရှိရှိမဟုတ်သော်လည်း၊ ၎င်းတို့၏ မကြာခဏနှင့် စနစ်တကျဖြစ်ပျက်မှုများကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဟု ယူဆနိုင်သေးသည်။
၅။ အကြံပြုချက်များ
နိုင်ငံတကာသက်ဆိုင်သူများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာနှင့် နိုင်ငံရပ်ခြားအစိုးရများ