Karen Human Rights Group

ဒူးပလာယာခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - နို့တကောမြို့နယ်တွင် လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုနှင့် မြေမြှုပ်မိုင်းပေါက်ကွဲမှု (၂၀၂၂ ခုနှစ်၊ ဇွန်လမှ စက်တင်ဘာလအထိ)

 

လက်နက်ကြီးရမ်းသန်းပစ်ခတ်မှု

၂၀၂၂ခုနှစ်၊ ဇွန်လ ၁၆ရက်နေ့ ညနေ (၆)နာရီခန့်တွင် ဒူးပလာယာခရိုင်၊ နို့တကော (ကြာအင်းဆိပ်ကြီး) မြို့နယ်၊ ဆိပ်ကြီးမြို့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်း တပ်ဖွဲ့များ သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၄၃၂)မှ SAC စစ်သားများကို ဒရုန်းကိုအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုအတွက်ကြောင့် SAC စစ်သားများသည် နို့တကောမြို့နယ်၊ ကြက်ခတ် ချောင်းကျေးရွာအုပ်စု၊ မ---ကျေးရွာတွင်းသို့ လက်နက်ကြီး ၈၁ မမဖြင့် သုံးရက်ဆက်တိုက် ရမ်းသန်းပစ်ခတ်ခဲ့သည်။ (SAC စစ်သားများသည် ထိုရွာတွင် ဒရုန်းများရှိသည်အထင်ဖြင့် လက်နက်ကြီးများပစ်ခတ်နိုင်ဖွယ်ရှိသည်။) ၂၀၂၂ခုနှစ်၊ ဇွန်လ ၁၆ရက်နေ့ ညနေ (၆)နာရီဝန်းကျင်မှစ၍ နောက်တစ်နေ့ မနက် (၁)နာရီအထိ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်ခဲ့သည်။ တဖန် ၂၀၂၂ခုနှစ်၊ ဇွန်လ ၁၇ရက်နေ့ ညနေ (၆)နာရီမှစ၍ ည (၁၁)နာရီအထိ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ခဲ့သည်။ ၂၀၂၂ခုနှစ်၊ ဇွန်လ ၁၈ရက်နေ့ ည (၈)နာရီမှစ၍ နောက်တစ်နေ့ မနက် (၁)နာရီအထိ လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြန်သည်။ ကျေးရွာတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခဲ့သော်လည်း ရွာသားများ၏ နေအိမ်များအား ထိခိုက်ပျက်စီးခြင်းမရှိခဲ့ပေ။ (ရွာသားများသည် ရွာမှ ထွက်ပြေးတိမ်းရှောင်ခြင်းမပြုလုပ်ခဲ့ပေ။ သို့သော် ၎င်းတို့နေအိမ်အောက်တွင် တူးထားသည့်ဗုံးခိုကျင်းများထဲတွင် ဝင်ရောက်ပုန်းရှောင်နေခြင်းဖြစ်သည်။

မြေမြှုပ်မိုင်းပေါက်ကွဲမှု

၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၇ရက်နေ့ မနက်ပိုင်း (၁၁)နာရီခန့်တွင် ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ နို့တကကော ကျေးရွာအုပ်စု၊ တ---ကျေးရွာမှ ဦးစ---ပိုင်ဆိုင်သည့်နွားတစ်အုပ်သည် ကျေးရွာရှိ ခလရ (၂၈၃) တပ်စခန်းအနီး နားတွင်  မြက်ရှာစားနေစဉ် SAC စစ်သားများထောင်ထားသော မြေမြှုပ်မိုင်းတစ်လုံးကို နင်းမိ၍ ပေါက်ကွဲခဲ့သည်။ (ထိုမြေမြှုပ်မိုင်းကို SAC စစ်သားများမှ ထောင်ထားခဲ့ကြောင်း ဒေသခံရွာသားများ သိရှိရသည်။ အကြောင်းမှာ SAC စစ်သားများသည် ၎င်းတို့ထောင်ထားခဲ့ကြောင်း ရွာသားများအား ပြောပြခဲ့ဖူးခြင်းဖြစ်သည်။) မြေမြှုပ်မိုင်းပေါက်ကွဲမှု ကြောင့် နွားတစ်ကောင်သေဆုံးခဲ့ပြီး အခြားနှစ်ကောင်ကိုလည်း ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ ထိုဒဏ်ရာရရှိခဲ့သော နွားနှစ်ကောင်ကို ၎င်းတို့ပိုင်ရှင်က သတ်ပြီးရောင်းစားခဲ့ရသည်။