နိဒါန်း
၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၂၃ရက်နေ့တွင် ဒူးပလာယာခရိုင်အတွင်း ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ သည်။ ထိုအချိန်မတိုင်မီအထိတွင် ၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် အဓိကအားဖြင့် ကရင်ပြည်နယ်မြောက် ဘက်တွင်ရှိသော မူတြော် (ဖာပွန်) နှင့် ခလယ်လွီထူး (ညောင်လေးပင်) ခရိုင်များတွင် လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ ထိုခရိုင်များတွင် ၂၀၂၁ခုနှစ်၊ ဧပြီလနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုများ (ယာယီ) ရပ်ဆိုင်းသွား ခဲ့သည်။ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလအတွင်း မူကြော်ခရိုင်တွင် နောက်ထပ် လေကြောင်းတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ သို့သော်လည်း ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဒူးပလာယာခရိုင်တွင် ဖြစ်ပွားခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများ သည် မြန်မာစစ်အစိုးရမှ ၎င်းထိုးစစ်ဆင်မှုများနှင့် အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်ရာတွင် လေကြောင်း တိုက်ခိုက်မှုကိုသာ ပို၍အသုံးပြုလာခဲ့ကြောင်း လေ့လာသုံးသပ်၍ရပါသည်။ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၂ခုနှစ်၊ မေလအထိ ဒူးပလာယာခရိုင်တွင် လေကြောင်းတိုက်ခိုက်မှု (၂၃) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း KHRG မှ သတင်းလက်ခံရရှိခဲ့သည်။
KHRG မှ လက်ခံရရှိသောသတင်းအချက်အလက်များအရ အဆိုပါလေကြောင်းတိုက်ခိုက်မှု (၂၃)ကြိမ် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များတွင် အရပ်သားများ (၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း သေဆုံးသူများ မရှိခဲ့ပေ။ မည်သို့ပင်ဖြစ်စေ မြေပြင်ဒေသအများအပြားတွင် သတင်းအချက်လက်များ လက်ခံရရှိရန်ခက်ခဲသောကြောင့် တကယ့်လက်တွေ့တွင် ထိခိုက်သေဆုံးသူများအရေအတွက် ပို၍များနိုင်ချေရှိသည်။ စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်အစိုးရသည် ဂျက်လေယာဉ်များနှင့် ရဟတ်ယာဉ်များကို အသုံးပြု၍ ဝေဟင်ကင်းထောက်လှမ်းမှုများကိုလည်း ပြုလုပ်ခဲ့သည့် အတွက်ကြောင့် ဒေသခံများ နေရာရွှေ့ပြောင်းစေမှုများ ဖြစ်ပေါ်စေခဲ့သည်။ ရွာသားများမှ အဆိုပါလေယာဉ်များသည် ၎င်းတို့ရွာများတွင် ပျံဝဲနေပြီး ဝေဟင်ထောက်လှမ်းမှုများကိုသာ ပြုလုပ်နေသလား သို့မဟုတ် ဗုံးကြဲချ၍ လက်နက်ဖြင့်ပစ်ခတ်မည်လား မသိနိုင်သောကြောင့် ၎င်းတို့ရပ်ရွာများမှ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။ တစ်ချို့ဖြစ်ရပ်များတွင် လေကြောင်းတိုက်ခိုက်မှုများအပါအဝင် မြေပြင်တိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့သောကြောင့် ထိခိုက်သေကြေမှုများ ပို၍များခဲ့သည်။ KHRG မှ လက်ခံရရှိသည့်သတင်းများအရ ထိခိုက်ဒဏ်ရာရရှိခဲ့သူ (၁၅) ဦးနှင့် သေဆုံးသူ (၆)ဦးရှိခဲ့သည်။[1] မြေပြင်တိုက်ခိုက်မှုများကြောင့်လည်း အိုးအိမ်စွန့်ခွာထွက်ပြေး ရမှုများဖြစ် ပေါ်စေ ပြီး အရပ်သားပိုင်ဆိုင်မှုများ အများအပြား ပျက်စီးခဲ့သည်။
၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလတွင် လေကြောင်းတိုက်ခိုက်မှုများ မဖြစ်ပွားမှီအချိန်ကာလတွင် နောက်ထပ် လေကြောင်း တိုက်ခိုက်မှုများ အသုံးမပြုရန် ဖိအားပေးမှုများရှိခဲ့သည်။ မူတြော်နှင့် ခလယ်လွီထူးခရိုင်များတွင် ယခင်ကဲ့သို့ လေကြောင်းတိုက်ခိုက်မှုများ မဖြစ်ပွားစေရန်အတွက် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၂၀ရက်နေ့တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) မှ “မပျံသန်းရဇုံ” ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။[2] ယခင်က မူတြော်နှင့် ခလယ်လွီထူး ခရိုင်များတွင် ဖြစ်ပွားခဲ့သည့်လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား (၁၆) ဦးထက်မနည်း သေဆုံးပြီး အနည်း ဆုံး (၂၅) ဦး ဒဏ်ရာရရှိခဲ့၍ ရွာသားများ ၂၅၀၀၀နှင့် ၇၀၀၀၀ ကြားဝန်းကျင် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။[3] ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်နေ့တွင် နိုင်ငံတကာကရင်အဖွဲ့အစည်း (IKO) ကလည်း “မပျံသန်းရဇုံ” ဟု သတ် မှတ်ပေးရန် ကမ္ဘာ့ကုလသမဂ္ဂကို တောင်းဆိုခဲ့သည်။[4]
၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဒူးပလာယာခရိုင်တွင် ပထမဆုံးအကြိမ်လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး သောင်း နှင့်ချီသည့်ဒေသခံရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထွက်ပြေးတိမ်းရှောင်လာသူများထဲမှ အများစုမှာ အခြားနေရာများမှ ယခင်ကထွက်ပြေးတိမ်းရှောင်နေကြသူများဖြစ်ပြီး ဒူးပလာယာခရိုင်အတွင်းရှိ လုံခြုံသည့်နေရာ ဒေသအများအပြားတွင် ထွက်ပြေးတိမ်းရှောင်နေကြသည်။ ၂၀၂၁ခုနှစ် အာဏာသိမ်းမှု အစောပိုင်းလများမှစ၍ KNU ထိန်းချုပ်နယ်မြေများရှိ ရွာသားများနှင့် KNU အာဏာပိုင်များမှ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြသူများ သို့မဟုတ် ဒီမိုကရေစီအတွက်ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြသူများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) လုံခြုံရေးတပ်ဖွဲ့များမှ ဖမ်းဆီးခြင်းနှင့် အကြမ်းဖက်ခြင်းများကို ကြောက်ရွံ့နေသူများကို ခိုလှုံခွင့်နှင့် အကူအညီများ ထောက်ပံ့ပေးခဲ့သည်။
အမှန်စစ်စစ်မှာ ဒူးပလာယာခရိုင်တွင်ဖြစ်ပွားခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများသည် လေးကေ့ကော်တွင် လာ ရောက်ခိုလှုံကြသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများ၊ CDM သမားများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်များ အများအပြားရောက်ရှိနေခြင်းနှင့်လည်း ဆက်စပ်နေကြောင်း ယူဆ၍ရနိုင်သည်။ စာသင်ကျောင်း များနှင့် ဘုရားကျောင်းများကဲ့သို့ အကာအကွယ်ပေးထားသောနေရာများအပါအဝင် အရပ်သားဒေသများကို ပြင်း ထန်စွာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး ညသန်းခေါင်တွင်လည်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလအတွင်း လေးကေ့ကော်မြို့တွင် ဖြစ်ပွားခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများသည် သတင်းမီဒီယာများ၏ အာရုံစိုက်မှုကို သိသိသာသာ ရရှိခဲ့သည်။ အကြောင်းမှာ လေးကေ့ကော်မြို့တွင် တိုက်ခိုက်မှုများအလွန်ပြင်းထန်သည် သာမက ၂၀၁၅ခုနှစ် တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA)လက်မှတ်ထိုးပြီးအချိန်ကာလတွင် နိပွန်ဖောင်ဒေးရှင်း၏အစပျိုးမှုနှင့် ရန်ပုံငွေဖြင့် လေးကေ့ကော်မြို့ကို ငြိမ်းချမ်းရေးသင်္ကတ “ငြိမ်းချမ်းရေးစံပြမြို့” အဖြစ် သတ်မှတ်ခဲ့ခြင်းကြောင့် သတင်းမီဒီယာများ၏ အာရုံစိုက်မှုကို ရရှိခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ဒူးပလာ ယာခရိုင်တွင် ပြုလုပ်ခဲ့သည့် လေကြောင်းထိုးစစ်ဆင်မှုများသည် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလကတည်းက ဆက်တိုက် ဆိုသလို ဆက်လက်ဖြစ်ပွားနေသော်လည်း နိုင်ငံတကာမီဒီယာများ၏အာရုံစူးစိုက်မှုကို သိသိသာသာ မရရှိခဲ့ပေ။
ဤသတင်းအကျဉ်းချုပ်တွင် ဒူးပလာယာခရိုင်အတွင်း ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၂ခုနှစ်၊ မေလအထိ ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုများအကြောင်းကို ခြုံငုံသုံးသပ်ထားပါသည်။[5]
ပထမအကြိမ် လေကြောင်းတိုက်ခိုက်မှု
၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက်တွင် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများ၊ CDM သမားများနှင့် NLD နိုင်ငံရေးခေါင်း ဆောင်များကို ဖမ်းဆီးခြင်းနှင့် အကြမ်းဖက်ခြိမ်းခြောက်ခြင်းများ တိုးမြင့်လာသောကြောင့် အဆိုပါထိုသူများ အများစု သည် ဒူးပလာယာခရိုင်ရှိနယ်စပ်ဘက်ခြမ်းသို့ ထွက်ပြေးလာကြပြီး ခိုလှုံနေခဲ့သည်။ ၂၀၂၁ခုနှစ်၊ မေလကုန်တွင် ဒူးပလာယာခရိုင်အတွင်း ရောက်ရှိလာသည့် CDM သမားများ ၃၀၀၀ ရှိနေပြီးဖြစ်သည်။[6] KHRG သတင်းမှတ်တမ်း ပြုစုသူများ၏တင်ပြချက်အရ ၂၀၂၁ခုနှစ်၊ အောက်တိုဘာလအစောပိုင်း၌ ကော်တရီ (ကော့ကရိတ်) မြို့နယ်တွင် SAC ၏လုံခြုံရေးစစ်ဆေးရေးဂိတ်အသစ်များတိုးပွားလာခြင်းနှင့် မြို့တွင်း၊မြို့ပြင် ခရီးသွားလာမှုများအား စောင့်ကြည့် လေ့လာခြင်း အစရှိသည့် SAC ၏စစ်လှုပ်ရှားမှုများ တိုးမြင့်လာကြောင်း တွေ့ရှိခဲ့ရသည်။ ဒီဇင်ဘာလအတွင်း ရွာသား များမှ ၎င်းတို့ရွာများတွင် SAC တပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားခြင်းနှင့် စစ်ဆေးမေးမြန်းမှုများ ပို၍လုပ်ဆောင်လာ ကြောင်း တင်ပြခဲ့သည်။
SAC မှ ကော်တရီမြို့နယ်၊ လေးကေ့ကော်မြို့အတွင်း KNU ထိန်းချုပ်နယ်မြေတွင် ရောက်ရှိလာသော NLD အဖွဲ့ဝင် များ၊ အစိုးရဝန်ထမ်းများနှင့် တက်ကြွလှုပ်ရှားသူများအား စတင်ရှာဖွေပြီးနောက်ပိုင်းတွင် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်ဖွဲ့ (KNLA) နှင့် SAC တပ်ဖွဲ့များအကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။ KHRG သတင်း မှတ်တမ်းပြုစုသူတစ်ဦး၏တင်ပြချက်အရ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက်နေ့တွင် SAC တပ်ဖွဲ့များသည် CDM သမားများကို ရှာဖွေရန် လေးကေ့ကော်မြို့သစ်သို့ ဝင်ရောက်လာခဲ့သည်။ KNU ခေါင်းဆောင်များက ၎င်းတို့အား စုံစမ်းရန်နှင့် ဓာတ်ပုံရိုက်မှတ်တမ်းယူရန်သာ ခွင့်ပြုခဲ့သည်။ သို့သော်လည်း SAC ခြေမြန်တင်းရင်း (ခမရ) အမှတ် (၂၇၅) နှင့် နယ်ခြားစောင့်တပ် (BGF) တပ်ရင်းအမှတ် (၁၀၁၃) တို့သည် လေးကေ့ကော်မြို့သစ်သို့ ဝင်ရောက်လာပြီး ၎င်းတို့တွေ့သည့်သူများကို အတင်းအဓမ္မဖမ်းဆီးခဲ့သည်။ SAC မှ ရွာသားများ အယောက် (၃၀) ကျော်ကို ဖမ်းဆီးခဲ့ သည်ဟု ထွက်ပြေးလွတ်မြောက်လာကြသည့်လေးကေ့ကော်ရွာသားများက တင်ပြခဲ့သည်။ SAC မှ ခွင့်ပြုချက်မရှိဘဲ လေးကေ့ကော်မြို့အတွင်း ဝင်ရောက်စီးနင်းမှုနှင့် ရွာသားများအား မတရားဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အကျိုးဆက်အနေဖြင့် ဒီဇင်ဘာလ ၁၅ရက် မနက် (၁၀)နာရီခွဲတွင် SAC နှင့် BGF ပူးပေါင်းတပ်ဖွဲ့များနှင့် KNLA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဤတိုက်ပွဲအပြီးတွင် SAC တပ်ဖွဲ့များသည် လေးကေ့ကော်ဒေသတွင် ၎င်းတို့၏ တပ်များကို အားဖြည့်ကာ မြေပြင်တိုက်ခိုက်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်စွာ ပြုလုပ်ခဲ့သည်။[7]
အတိတ်ကပဋိပက္ခများအတွင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသော ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်လည်နေထိုင်နိုင် ရေးအတွက် လေးကေ့ကော်မြို့သစ်ကို ၂၀၁၅ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။ လေးကေ့ကော်မြို့သစ် သည် ထိုင်းနယ်စပ်အနီးတွင်တည်ရှိပြီး မြဝတီမြို့၏တာင်ဘက်ခြမ်း ၁၄.၅ ကီလိုမီတာအကွာတွင်ရှိသည်။ လေးကေ့ ကော်မြို့သစ်သည် ၁၂၅၀ ယူနစ်ကျယ်ဝန်းပြီး လာရောက်နေထိုင်သူဦးရေ ၃၀၀၀ ကျော်ရှိပြီး အများစုမှာ စစ်ပြေး ဒုက္ခသည်ဟောင်းများနှင့် IDPs များဖြစ်ကြသည်။[8] ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း လေးကေ့ကော်မြို့သစ်တွင် လူများအပြား လာရောက်ခိုလှုံခဲ့ကြသည်။
ဒူးပလာယာခရိုင်တွင် ပထမအကြိမ်ဖြစ်ပွားခဲ့သည့်လေကြောင်းတိုက်ခိုက်မှုသည် ခြောက်ရက်ကြာခဲ့သည်။ ဒီဇင်ဘာ လ ၂၃ရက်နေ့ ည (၁၀) နာရီခွဲဝန်းကျင်တွင် လေးကေ့ကော်မြို့အတွင်း ပထမအကြိမ် လေကြောင်းတိုက်ခိုက်မှု စတင်ဖြစ်ပွားခဲ့သည်။ နောက်တစ်နေ့တွင် ညနေ ၃း၃၀ ဝန်းကျင်ခန့်တွင် SAC သည် လေးကေ့ကော်မြို့အပြင်ဘက်ရှိ ထင်ရှားကျော်ကြားသော ခရီးသွားနေရာဖြစ်သည့် လေးကပေါ်ရေတံခွန်အား နောက်ထပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ထို့နောက် SAC မှ လေးကေ့ကော်မြို့အတွင်းရှိ (CDM သမားများ အများအပြား ပုန်းအောင်းနေ သည်ဟု ယူဆရသည့်) မေတ္တာလင်းမြိုင်နေရာသို့ လက်နက်ကြီးအလုံး ၅၀ ကျော် ပစ်ခတ်ခဲ့သည်။[9] လေကြောင်းတိုက် ခိုက်မှုဖြစ်ပွားခဲ့သည့် ပထမနှစ်ရက်အတွင်း အသေအပျောက်မရှိခဲ့ပေ။ သို့သော်လည်း လေးကေ့ကော်ဒေသရှိ ရွာသားများ တစ်သောင်းကျော် ထိုင်းနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုအပြီးတွင် လေးကေ့ကော်မြို့၊ မေတ္တာလင်းမြိုင်နယ်မြေအတွင်းရှိ SAC တပ်စခန်းမှ စစ်သားများသည် လက်နက်ကြီးအလုံး ၅၀ ခန့် ပစ်ခတ်ခဲ့သည်။[10] ထိုအချိန်တွင်လည်း ကော့ကရိတ်မြို့တွင်အခြေစိုက်သည့် SAC ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၉၇) သည် ဒေသအတွင်းရှိ ကျေးရွာများတွင် ၄၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ကော်တရီမြို့နယ်၊ ကော်နွဲ့ကျေးရွာအုပ်စု၊ ကော်နွဲ့ကျေးရွာမှ ရွာသားတစ်ဦး၏နေအိမ်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့သည်။[11]
၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၂၅ရက်နေ့ မွန်းလွဲ (၁)နာရီ၂၅မိနစ်တွင် SAC သည် လေးကေ့ကော်ဒေသနှင့် ထီးမယ်ဝါးခီး ကျေးရွာတို့တွင် တတိယမြောက်အကြိမ် လေကြောင်းတိုက်ခိုက်မှုကို ပြုလုပ်ခဲ့သည်။ ထိုနေ့တွင် SAC ရဟတ်ယာဉ် နှစ်စင်းသည် ဒေသအတွင်း နှစ်ကြိမ် လှည့်ပတ်ပျံသန်းကာ ထီးမယ်ဝါးခီးကျေးရွာသို့ ဗုံးများကြဲချကာ ရွာအနီးရှိ KNLA စစ်ဆေးရေးဂိတ်ကိုလည်း သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။ ဤလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားငါးဦးထက် မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ကရင်သတင်းစဉ် (KIC) အား တင်ပြခဲ့သည့်ဒေသခံရွာသားတစ်ဦးထံမှ သိရှိခဲ့ရသည်။ တစ်ချိန်တည်းတွင်ပင် မေတ္တာလင်းမြိုင်တွင် အခြေစိုက်သည့် SAC မှ ဒေသအတွင်း လက်နက်ကြီး ၈၀ မမ ပစ်ခတ်ခဲ့ သည်။[12]
SAC သည် ဤလေကြောင်းတိုက်ခိုက်မှုတွင် လေယာဉ်လေးစင်းအသုံးပြုခဲ့သည်ဟု ဒေသခံရွာသားတစ်ဦးက KHRG အား တင်ပြခဲ့သည်။ လေယာဉ်နှစ်စင်းမှ ဗုံးများကြဲချခဲ့ပြီး ကျန်နှစ်စင်းမှာ ကင်းထောက်ရန်အတွက် ဝေဟင်အမြင့်တွင် ပျံသန်းခဲ့သည်။ စစ်ဘေးရှောင်ရွာသားတစ်ဦးမှ KHRG အား ဤသို့ ပြောပြခဲ့သည်။ “လေးကေ့ကော်မှာ လေကြောင်း တိုက်ခိုက်မှုတွေ ရုတ်တရတ်ဖြစ်တော့ လူတွေ ထွက်ပြေးကြပြီး ဘာမှ မသယ်သွားနိုင်ခဲ့ဘူး။ SAC ဟာ (ရဟတ်ယာဉ် များနှင့် ဂျက်လေယာဉ်များပေါ်မှ) ဗုံးတွေ ကြဲချတယ်။ စက်သေနတ်တွေနဲ့ ပစ်ခတ်တယ်။ အဲဒါကြောင့် ကျည်ဆန် တွေ၊ (ဗုံးတွေ) က မိုးရွာသလိုဘဲ ကောင်းကင်ပေါ်က ကျလာတယ်။“
၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၂၆ရက်နေ့ မနက် (၆) နာရီအချိန်တွင် ကော့ကရိတ်မြို့၊ အာရှလမ်းမကြီးရှိ KNU စိုက်ပျိုးရေး ဌာနရုံးအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ SAC စစ်သား (၇)ဦးထက်မနည်း သေဆုံးခဲ့သည်။ ၎င်းတိုက်ပွဲဖြစ်ပွားပြီး နောက် ကော့ကရိတ်မြို့တွင် အခြေစိုက်သည့် စစ်ကွပ်ကွဲအခြေစိုက် (စကခ) အမှတ် (၁၂) မှ SAC စစ်လေယာဉ်သည် ထိုဒေသအတွင်း ပျံသန်းလာပြီး ဗုံးငါးလုံး ပစ်ချခဲ့သည်။ ဤလေကြောင်းတိုက်ခိုက်မှုမှာ ထိခိုက်ပျက်စီးမှု သို့မဟုတ် အသေအပျောက်မရှိကြောင်း သိရှိခဲ့ရသည်။[13]
၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၂၇ရက်နေ့ မွန်းလွဲ (၁)နာရီခန့်တွင် SAC မှ လေးကေ့ကော်မြို့နှင့် ထီးမယ်ဝါးခီးကျေးရွာ အနီးတစ်နေရာတွင် နောက်တစ်ခါလေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့သည်။[14] နေ့လယ်ပိုင်းတွင် လေကြောင်း တိုက်ခိုက်မှု မဖြစ်ပွားမှီအချိန် နံနက် (၄)နာရီတွင် မြဝတီမြို့တောင်ဘက်ခြမ်းတွင် အခြေစိုက်သည့် SAC တပ်သား များက ဒေသအတွင်းသို့ လက်နက်ကြီးအလုံး (၁၀၀) ကျော် ပစ်ခတ်ခဲ့သည်။[15] ဤကဲ့သို့မြေပြင်နှင့်လေကြောင်း တိုက်ခိုက်မှုများကြောင့် လေးကေ့ကော်ဒေသအတွင်းရှိ အရပ်သားများတစ်သောင်းကျော်သည် ထိုင်း-မြန်မာနယ် စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ကော်တရီမြို့နယ်၊ မြဝတီနယ်မြေအတွင်းရှိ မယ်ထော်သလေး၊ မင်းလဲ့ပံ၊ ဖလူးကြီး၊ ဖလူးလေး၊ အင်ကြင်းမြိုင်၊ လေးကေ့ကော်၊ ပဟိကလော၊ ထီးမယ်ဝါးခီး၊ ရသေ့ဂူနှင့် သေ့ဘောဘိုး ကျေးရွာများတွင်နေထိုင်ကြသော ဒေသခံရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ထို့အပြင် ကော့ကရိတ်မြို့အနီး တဝိုက်ရှိ ကော်နွဲ့၊ တတန်ကူး၊ အန်ကလောင်နှင့် ကမိုင်းကုန်းကျေးရွာများတွင်နေထိုင်သော ဒေသခံရွာသားများ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့သည်။[16]
တစ်ဖန် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၂၈ရက်နေ့ မွန်းလွဲ (၁)နာရီတွင် SAC ဂျက်လေယာဉ်နှစ်စင်းသည် ကော့နွဲ့-အကျို့လမ်း တစ်လျှောက်တွင် ဗုံးများကြဲခဲ့သည်။ ထိုလေကြောင်းဗုံးကြဲမှုတွင် လူတစ်ဦးမှ ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း၊ နေအိမ်များနှင့် ပိုင်ဆိုင်မှုပစ္စည်းများ မပျက်စီးခဲ့ကြောင်း ဒေသခံအာဏာပိုင်များမှ KHRG သို့ တင်ပြခဲ့သည်။
ဆက်လက်ဖြစ်ပွားနေသော လေကြောင်းတိုက်ခိုက်မှုများ (၂၀၂၂ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ)
၂၀၂၂ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ SAC တပ်ဖွဲ့များသည် ဒူးပလာယာခရိုင်အတွင်း ထိုးစစ်စစ်ဆင်ရေး တစ်စိတ် တစ်ပိုင်းအဖြစ် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့ပြီး အများအားဖြင့် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကော့ကရိတ်မြို့အနီးတစ်ဝိုက်၊ လေးကေ့ကော်မြို့နှင့် ထိုင်း-မြန်မာနယ်စပ်ဒေသများတွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ဆက်လက်ဖြစ်ပွားနေသောတိုက်ပွဲများ၊ မြေပြင်နှင့် လေကြောင်းတိုက်ခိုက်မှုများအပြင် ကျေးရွာဒေ သများတွင် SAC တပ်သားများတည်ရှိနေမှုကြောင့် ရွာသားအများအပြားသည် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။ အချို့မှာ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ သို့သော်လည်း ပုံမှန်အား ဖြင့် နယ်စပ်ကိုဖြတ်ကျော်သည့်အတွက်ကြောင့် မြန်မာနိုင်ငံသို့ အဓမ္မပြန်ခိုင်းစေခဲ့သည်။
၂၀၂၂ခုနှစ်၊ ဇန်နဝါရီလတွင် SAC သည် ကော်တရီမြို့နယ်တဝှမ်းရှိ ကျေးရွာများတွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၁၀ရက်နေ့ မွန်းလွဲ (၂) နာရီခွဲတွင် SAC မှ ကော်တရီမြို့နယ်၊ မက်ကတော်၊ ရွာသစ်ကုန်းနှင့် ပဲတရောဒူး (မြို့ဟောင်း) ကျေးရွာများတွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ KHRG မှ တွေ့ဆုံမေးမြန်းခဲ့သည့် ပဲတရောဒူးကျေးရွာအုပ်ချုပ်ရေးမှူး၏တင်ပြချက်အရ SAC သည် ဂျက်လေယာဉ် နှစ်စင်းဖြင့် ဒေသအတွင်း ဗုံးများပစ်ချခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသစ်ကုန်းကျေးရွာရှိ မူးကတဲ ဘုန်းကြီးကျောင်းတစ်လုံး ပျက်စီးဆုံးရှုံးသွားခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုမဖြစ်ပွားမှီအချိန် ၂၀၂၂ခုနှစ်၊ ဇန်နဝါ ရီလ ၈ရက်နေ့တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုလည်း ဖြစ်ပွားခဲ့သည်။ ဤဖြစ်စဉ်နှင့် ပတ်သတ်၍ ရွာသားတစ်ဦးမှ KHRG အား ဤသို့ပြောပြခဲ့သည်။ “ဇန်နဝါရီလ ၈ရက်နေ့မှာ စစ်ကောင်စီစစ်သား တွေက (ပဲတရောဒူး) ရွာထဲကို ဝင်လာပြီး သေနတ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တယ်။ ရွာတွင် သူတို့တစ်ညအိပ်ခဲ့ တယ်။ နောက်တစ်နေ့မနက်မှာ ရွာကနေထွက်ခွာလာခဲ့တယ်။ ဇန်နဝါရီလ ၁၀ရက်နေ့မှာလည်း တိုက်ပွဲနောက် တစ်ခါဖြစ်သွားခဲ့တယ်။ အဲဒါကြောင့်လည်း အဲဒီနေ့မှာပဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကို ပြုလုပ်ခဲ့တယ်။” လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံရွာသား (၉)ဦး ဒဏ်ရာရရှိခဲ့သည်။ သုံးဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး အခြားခြောက်ဦးမှာ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့သည်။[17] ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၈ရက်နေ့တွင် ရွာသားများအားလုံး ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ထို့ကြောင့် ဇန်နဝါရီလ ၁၀ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေကြောင်းတိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးမှုများ မရှိခဲ့ပေ။
၂၀၂၂ခုနှစ်၊ ဇန်နဝါရီ ၁၄ရက်နေ့ နေ့လည် (၁၂)နာရီ ၂၅မိနစ်တွင် SAC မှ ရဟတ်ယာဉ်များ အသုံးပြု၍ နောက်ထပ် လေကြောင်းတိုက်ခိုက်မှုတစ်ရပ် ပြုလုပ်ခဲ့သည်။ ဤတစ်ကြိမ်တွင် SAC မှ ကော်တရီမြို့နယ်၊ ဖလူးကြီးကျေးရွာ အုပ်စု၊ ဖလူးလေးကျေးရွာတွင်တည်ရှိသော ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) စခန်းဖြစ်သည့် (ဗိုလ်စလုံး) စခန်းအား ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ မဇ္ဈိမသတင်းဌာန၏တင်ပြချက်တွင် SAC စစ်သားများသည် ရွာသားများ ထွက်ပြေးတိမ်းရှောင်ပြီးနောက် ရွာသားများ၏ နေအိမ်များတွင်သွားပြီး ပစ္စည်း ဥစ္စာများ လုယူ၍ DKBA တပ်စခန်းမှ ဗုဒ္ဓရုပ်ပွားတော် (၃) ဆူနှင့် ကျောက်စိမ်းရုပ်ပွားတော် (၃) ဆူကို ခိုးယူခဲ့သည်။[18]
၂၀၂၂ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၅ရက်နေ့တွင် ကော်တရီမြို့နယ်တွင်းရှိ ဖလူးကြီး၊ ထီးမယ်ဝါးခီးနှင့် မင်းလဲ့ပံရွာများ အပါအဝင် လေးကေ့ကော်ဒေသအနီးတဝိုက်တွင် တိုက်ပွဲနှင့် လက်နက်ကြီးပစ်ခတ်မှုများ ပို၍ဖြစ်ပွားလာခဲ့သည်။[19] အစောပိုင်းတွင် SAC နှင့် BGF တို့မှ သိမ်းယူထားသော တောင်ကုန်းပေါ်ရှိ အမြောက်တပ်စခန်းအား KNLA တပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်ရန်အတွက် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်ဟု KIC သတင်းတွင် ဖော်ပြ ထားသည်။[20] တိုက်ပွဲနှင့် လက်နက်ကြီးပစ်ခတ်မှုများ ပိုမိုပြင်းထန်လာမည်ကို စိုးရိမ်ကြောက်ရွံ့သောကြောင့် အဆိုပါ ကျေးရွာများမှ ဒေသခံရွာသားအများအပြားသည် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ယခင်က KHRG ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။[21] ဖေဖော်ဝါရီလ ၁၆ရက်နေ့ မွန်းလွဲ (၂)နာရီ၄၂မိနစ်ခန့်တွင် SAC ရဟတ်ယာဉ် နှစ်စင်းသည် ဖလူးကြီးကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ထိုလေကြောင်းတိုက်ခိုက်မှုသည် ၁၅မိနစ်ခန့် ကြာမြင့်ခဲ့သည်။ ဤတစ်ကြိမ်တွင် ဖလူးကြီးကျေးရွာတွင် ပုန်းရှောင်နေကြသည့်ရွာသားများသည် ထွက်ပြေးခဲ့ရပြန်သည်။ ရွာသားတစ်ဦးသည် လေကြောင်းတိုက်ခိုက်မှုမှ လွတ်မြောက်ရန်အတွက် ထွက်ပြေးတိမ်း ရှောင်နေစဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ သို့သော်လည်း ထိုရွာသားသည် လေကြောင်းတိုက်ခိုက်မှုကြောင့် သို့မဟုတ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းလော သေချာစွာ မသိခဲ့ပေ။ အဆိုပါရွာသားကို ထိုင်းနိုင်ငံရှိ ဆေးရုံတစ်ရုံသို့ ပို့ဆောင်ခဲ့ပြီး ဒဏ်ရာပြင်းထန်သည့်အတွက်ကြောင့် ၎င်း၏ညာဘက်ခြေထောက်ကို ဖြတ်တောက်ခဲ့ရသည်။[22] လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဖလူးကြီးကျေးရွာရှိ ဘုရားကျောင်းတစ်ကျောင်းနှင့် နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့သည်။
KHRG သတင်းစုဆောင်းသူတစ်ဦး၏တင်ပြချက်အရ ဖလူးကြီးကျေးရွာတွင် အိမ်ထောင်စုများ ၃၅၀ ရှိပြီး ရွာသား များ ၁၀၀၀ ခန့်သည် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး သောင်ရင်းမြစ်ကမ်းဘေးတစ်လျှောက်တွင် တဲများထိုး၍ နေထိုင်ခဲ့ သည်။ အမိုးအကာများ ပြုလုပ်ရန်အတွက် တာလပတ်များ အလုံအလောက်မရှိကြပေ။ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ရက်နေ့တွင် ရုတ်တရက် မိုးများရွာချလာ၍ ၎င်းတို့ဆောက်လုပ်ထားသည့်တဲများသည် လေဒဏ်၊မိုးဒဏ်များ အတွက် ခိုင်ခံ့မှုမရှိသောကြောင့် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသည်။ ရွာသားအများစုမှာ နေမကောင်းဖြစ်ခဲ့ ကြသည်။ သို့သော်လည်း ဆေးဝါးများမရရှိကြသည့်အပြင် အဝတ်အစားများလည်းစို၍ အခက်အခဲများရှိခဲ့သည်။[23]
၂၀၂၂ခုနှစ်၊ မတ်လ ၇ရက်နေ့တွင် ဒူးပလာယာခရိုင်ရှိ KNU အာဏာပိုင်များသည် SAC အရှေ့တောင်ပိုင်းတိုင်း စစ်ဌာန ချုပ်တိုင်းမှူးထံသို့ စစ်ကောင်စီတပ်ဖွဲ့များအနေဖြင့် မတ်လ ၉ရက်နေ့တွင် နောက်ဆုံးထားပြီး ကော့ကရိတ်မြို့တောင် ဘက်ခြမ်းဒေသများနှင့် လေးကေ့ကော်ဒေသတို့မှ ဆုတ်ခွာပေးရန်အတွက် စာတစ်စောင် ပေးပို့ခဲ့သည်။[24] ဒေသအတွင်း ရှိ ကျေးရွာများတွင် SAC တပ်ဖွဲ့များ ဆက်လက်တည်ရှိနေခြင်းကြောင့် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလတွင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ဒေသခံရွာသားများသည် ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။ ကျေးရွာများတွင်ရှိသော SAC တပ်ဖွဲ့များသည် ရွာသားများ၏ နေအိမ်နှင့် ပစ္စည်းဥစ္စာများကို လုယက်ခိုးယူ သည်သာမက ဖျက်ဆီးခြင်းများ လည်း ပြုလုပ်ခဲ့သည်။ KNU ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီ၏ ပြောကြား ချက်အရ SAC တပ်ဖွဲ့များသည် ဒေသအတွင်းမှ မဆုတ်ခွာသည့်အပြင် ၎င်းတို့တပ်ဖွဲ့များအား ပို၍ခေါ် ဆောင်လာခြင်းကြောင့် ထိတွေ့တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားခဲ့သည်။ မတ်လ ၉ရက်နေ့ ညနေ (၅)နာရီခွဲတွင် SAC စစ်တပ်သည် ရဟတ်ယာဉ်များနှင့် ဂျက်လေ ယာဉ်များ စေလွှတ်ပြီး လေးကေ့ကော်မြို့နှင့် အနီးပတ်ဝန်း ကျင်ဒေသများတွင် စတင်ပစ်ခတ်ခဲ့သည်။[25] ဤဖြစ်စဉ်နှင့် ပတ်သက်၍ KHRG အနေဖြင့် အသေးစိတ်သတင်း အချက်အလက်များအား ရယူနိုင်ခြင်းမရှိခဲ့ပေ။
၂၀၂၂ခုနှစ်၊ မတ်လ ၂၅ရက်နေ့ နေ့လယ်ပိုင်းတွင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့် KNLA တပ်ခွဲ အမှတ် (၃)မှ စစ်သားများသည် ကော်တရီမြို့နယ်၊ စုကလီကျေးရွာအုပ်စု၊ ထီးကပလာကျေးရွာရှိ SAC တပ်စခန်းအား သိမ်းပိုက်ရန်ကြိုးပမ်းရာတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုအချိန်တွင် SAC လေယာဉ်နှစ်စင်းမှ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ပြီး မနက် (၁၁) နာရီတွင် ထီးကပလာကျေးရွာအနီးတွင် ဗုံး (၆)လုံး ပစ်ချခဲ့သည်။ KHRG သတင်းစု ဆောင်းသူတစ်ဦး၏တင်ပြချက်အရ အဆိုပါပစ်ချခဲ့သည့်ဗုံးများသည် ရွာအပြင်ဘက်တွင် ကျရောက်ခဲ့သောကြောင့် ဒေသခံရွာသားများ ထိခိုက်သေဆုံးခြင်း မရှိခဲ့ပေ။ ဤလေကြောင်းတိုက်ခိုက်မှုကြောင့် ထိုဒေသရှိ စစ်ဘေးရှောင် ပြည်သူများသည် အခြားအဝေးတနေရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြန်သည်။
ထိုအချိန်တွင် SAC နှင့် BGF ပူးပေါင်းတပ်ဖွဲ့များသည် (မြဝတီမြို့အနီးရှိ) သင်္ဃန်းညီနောင်နှင့် ကော်တရီမြို့နယ်၊ နို့ဖိုးကျေးရွာအုပ်စု၊ ထီးမူးထကျေးရွာတွင်လည်း လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။[26] KHRG မှ ယခင်က ထုတ်ဝေခဲ့ သည့်အစီရင်ခံစာတွင် မတ်လ ၂၄ရက်နေ့၌ ထီးမူးထကျေးရွာအတွင်း လက်နက်ကြီးများ ပစ်ခတ်ရာတွင် ၁၇နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ပြီး အခြားရွာသား (၃) ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။[27]
၂၀၂၂ခုနှစ်၊ မတ်လ ၂၆ရက်နေ့ နံနက် (၁)နာရီအချိန်ခန့်တွင် SAC ဂျက်လေယာဉ်များသည် ဒုတိယအကြိမ် ဒေသအ တွင်း ပျံသန်းလာပြီး ဗုံးလေးလုံးပစ်ချခဲ့သည်။ ဗုံးနှစ်လုံးကို ကော်တရီမြို့နယ်၊ စုကလိကျေးရွာအုပ်စု၊ ဥကရေခီးကျေး ရွာတွင် ပစ်ချခဲ့ပြီး ကျန်သော ဗုံးနှစ်လုံးကို ကော်တရီမြို့နယ်၊ မဲ့နောအိုင်ကျေးရွာအုပ်စု၊ မော်ဖါလဲ့ကျေးရွာတွင် ပစ်ချခဲ့သည်။ KHRG သတင်းစုဆောင်းသူတစ်ဦး၏တင်ပြချက်အရ ဥကရေခီး ကျေးရွာတွင် ပစ်ချခဲ့သည့်ဗုံးနှစ်လုံး ပေါက်ကွဲမှုတွင် မည်သူကိုမှ ထိခိုက်ခဲ့ခြင်းမရှိခဲ့၍ နေအိမ်အဆောက်အဦးလည်း ပျက်စီးခဲ့ခြင်းမရှိပေ။ မော်ဖါလဲ့ ကျေးရွာတွင် ပစ်ချခဲ့သည့်ဗုံးနှစ်လုံးမှာ ဗုံးတစ်လုံးသာ ပေါက်ကွဲခဲ့ပြီး လူနေအိမ်ငါးလုံး ပျက်စီးခဲ့၍ ဆိတ်သုံးကောင် လည်း သေဆုံးခဲ့သည်။ ဤလေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ပြေးရှောင်များအပါအဝင် ရွာသားများ ၃၀၀၀ ခန့်သည် ထပ်မံ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြန်သည်။
၂၀၂၂ခုနှစ်၊ မတ်လ ၂၆ရက်နေ့တွင်လည်း SAC ခမရ အမှတ် (၅၅၉) ၊ (၅၆၀) ၊ တပ်မ (၄၄) နှင့် (၁၁) တို့သည် ကော်တရီမြို့နယ်၊ မော်ခီးကျေးရွာအုပ်စု၊ မော်ခီးကျေးရွာတွင်တည်ရှိသည့် မော်ခီးတပ်စခန်းကို ပြန်လည်သိမ်း ပိုက်ရန်အတွက် ၎င်းတို့၏တပ်အင်အားများကို ဖြည့်တင်းခဲ့သည်။ ၎င်းတပ်စခန်းကို မကြာသေးမီက KNLA နှင့် KNDO တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ SAC တပ်ဖွဲ့များသည် ကော့ကရိတ်မြို့မှ ချီတက်လာခဲ့သည်။ မတ်လ ၂၇ရက်နေ့ (တပ်မတော်နေ့) နံနက် (၁၁)နာရီတွင် သေ့ဘောဘိုးကျေးရွာအနီးရှိ ခလယ်ခို့နေရာတွင် ရောက်ရှိသောအချိန်တွင် SAC နှင့် KNLA/KNDO ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ထိုအချိန်တွင် SAC ရဟတ်ယာဉ်နှစ်စင်းသည် အဆိုပါဒေသအတွင်း ပျံသန်းလာပြီး မတ်လ ၂၇ရက်နေ့ နေ့လည် (၂)နာရီမှ ညနေ (၅)နာရီအထိ ဘလန်ဒိုဒေသတွင် လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် ပြုလုပ်ခဲ့သည်။ ထို့ကြောင့် သေ့ဘောဘိုးကျေးရွာအုပ်စု၊ ဘလန်ဒို၊ သေ့ဘောဘိုးနှင့် လေးဝေါ်ကျေးရွာများရှိ ရွာသားများသည် ၎င်းတို့ရွာတွင် ဆက်လက်နေထိုင်ရန် လုံခြုံမှုမရှိတော့သောကြောင့် အခြားနေရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ KHRG သတင်းစုဆောင်းသူတစ်ဦး၏တင်ပြချက်အရ ဘလန်ဒိုကျေးရွာသားများသည် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ သည်။ သို့သော် ထိုင်းစစ်သားများက ၎င်းတို့အား ထိုင်းနိုင်ငံတွင် ခိုလှုံခွင့်မပေးသောကြောင့် အဆိုပါရွာသားများသည် မြန်မာပြည်တွင်းသို့ ပြန်လာခဲ့ရသည်။ ၂၀၂၂ခုနှစ်၊ မတ်လ ၂၈ရက်နေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးသံများ၊ သေနတ်သံ များကို ဆက်လက်ကြားနေရဆဲဖြစ်သည်။ ဘလန်ဒိုရွာတွင် အိမ်ထောင်စု (၅၄) စု ရှိပြီး ဒေသခံရွာသားများ ၁၉၅ဦး ထွက်ပြေးတိမ်းရှောင်ခဲ့သည်ဟု KHRG မှ သတင်းလက်ခံရရှိခဲ့သည်။ ၎င်းစစ်ပြေး ရှောင်ရွာသားများသည် သောင်ရင်းမြစ်ကမ်းနံဘေးတွင် တဲများထိုး၍ နေထိုင်ခဲ့သည်။
၂၀၂၂ခုနှစ်၊ ဧပြီလ ၁ရက်နေ့တွင် SAC ရဟတ်ယာဉ်များနှင့် ဂျက်လေယာဉ်များသည် ကော်တရီမြို့နယ်၊ တောနော အရှေ့ဖက်ခြမ်းရှိ (ပလောထ၊ စုကလိ၊ ကွီးတာအု၊ ကွီးတာဟိုနှင့် ကပလားကွီးကျေးရွာများတွင်) လူနေအိမ်များနှင့် ကျေးရွာများကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း Free Burma Rangers (FBR) အဖွဲ့မှ သတင်းထုတ်ပြန် ခဲ့သည်။ ဒေသအတွင်းရှိ အိမ်ထောင်စု (၂၇)စုမှ ရွာသားများအားလုံးပေါင်း ၁၃၉ ဦးသည် ထိုင်းနယ်စပ်ရှိ စီဖိုးကီကျေး ရွာတွင် ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ FBR အဖွဲ့သည် အဆိုပါစစ်ဘေးရှောင်ရွာသားများအတွက် စားနပ်ရိက္ခာနှင့် အမိုးအကာများရရှိရန် ပံ့ပိုးကူညီပေးခဲ့သည်။[28]
၂၀၂၂ခုနှစ်၊ ဧပြီလ ၃ရက်နေ့မှ ၄ရက်နေ့အထိ SAC ရဟတ်ယာဉ်များနှင့် ဂျက်လေယာဉ်များသည် ကော်တရီမြို့နယ်၊ ကလီကျေးရွာအုပ်စု၊ ကလီကျေးရွာတွင် နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ဧပြီလ ၁ရက်နှင့် ၂ရက်နေ့တွင် SAC နှင့် KNLA အကြား တိုက်ပွဲနှစ်ရက်ဆက်တိုက် ဖြစ်ပွားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဤအကြောင်းနှင့်ပတ်သတ်၍ စောဒ---မှ ယခုလို ပြန်လည် ပြောပြခဲ့သည်။ “၂၀၂၂ခုနှစ်၊ ဧပြီလ ၁ရက်နဲ့ ၂ရက်မှာ KNLA နှင့် SAC တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်။ ဧပြီလ ၃ ရက်နေ့မှာ ရဟတ်ယာဉ်တစ်စီးက ကလီကျေးရွာကို ပျံသန်းလာပြီး ညနေ ၃နာရီကနေ ၄နာရီအထိ လေကြောင်းကနေ ဗုံးကြဲခဲ့တယ်။ နောက်တစ်ခါ ၂၀၂၂ခုနှစ်၊ ဧပြီလ ၄ရက်နေ့မှာ ရဟတ်ယာဉ်တစ်စီး ရောက်လာပြီး မနက် ၈နာရီမှ ၁၀နာရီအထိ ဗုံးကြဲခဲ့ပြန်တယ်။ ၂၀၂၂ခုနှစ်၊ ဧပြီလ ၄ရက်နေ့မှာ လေယာဉ်က ပစ်ချလိုက်တဲ့ဗုံးတွေကြောင့် ကျွန်တော့်အိမ်နဲ့ အခြားအိမ်တစ်လုံး ကိုလည်း ထိမှန်ပြီး အကုန်ပျက်စီးသွားခဲ့တယ်။ အိမ်ဆောက်ဖို့အတွက် သိမ်းထားတဲ့ သစ်တွေလည်း အကုန်ပျက်စီး သွားတယ်။” စောဒ---သည် အခြားအိမ်ထောင်စု (၆)စု သို့မဟုတ် (၇)စုနှင့်အတူ တောထဲသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့သည်။ သို့သော် တောထဲတွင်လည်း လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားနိုင်သည်ဟုဆို၍ တောထဲတွင်ပုန်းရှောင် နေရန်အတွက် လုံခြုံမှုမရှိကြောင်း ဒေသခံအာဏာပိုင်များမှ အဆိုပါစစ်ပြေးရှောင်ရွာသားများကို အကြောင်းကြား သတိပေးခဲ့သည်။ ပထမနေ့တွင် ဖြစ်ပွားခဲ့သည့် ထိုလေကြောင်းတိုက်ခိုက်မှုတွင် ထိခိုက်မှုများ၊ နေအိမ်ပျက်စီးခြင်း များ မရှိခဲ့ပေ။
၂၀၂၂ခုနှစ်၊ ဧပြီလ၄ရက်နေ့ ဒုတိယနေ့တွင်ဖြစ်ပွားခဲ့သည့်လေကြောင်းတိုက်ခိုက်မှုတွင် ကလီကျေးရွာမှ အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ KHRG လက်ခံရရှိသည့်သတင်းအချက်အလက်များအရ ထိုအမျိုးသမီးနှစ်ဦးမှာ အသက်၄၅နှစ်အရွယ်ရှိ နော်မ---နှင့် အသက် ၂၃နှစ်အရွယ် နော်ဟ---များဖြစ်ကြသည်။ နော်မ---၏နားရွက်နှင့် လက်ချောင်းများတွင် ဒဏ်ရာရရှိခဲ့သည်။ နော်ဟ---မှာ သူမ၏ကျောကုန်းတွင် ဒဏ်ရာရရှိခဲ့သည်။ အဆိုပါပစ်ချလိုက် သည့်ဗုံးများတွင် ဗုံးတစ်လုံးသည် နော်မ---၏အိမ်ရှေ့မှာ ကျခဲ့ပြီး မပေါက်ကွဲခဲ့ကြောင်း သူမ ပြန်လည်ပြောပြခဲ့ သည်။ ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသားတစ်ဦး၏နေအိမ်လည်း မီးလောင်ပျက်စီးသွားခဲ့သည်။ ဒုတိယနေ့တွင် SAC လေယာဉ်မှ ဗုံး(၆)လုံး ပစ်ချခဲ့ကြောင်း ဒေသခံရွာသားများက တွေ့မြင်ခဲ့သည်။ ဤဖြစ်စဉ်နှင့် ပတ်သတ်၍ ရွာသားတစ်ဦးဖြစ်သူ စောက---မှ ယခုလိုပြောကြားခဲ့သည်။ “လေယာဉ်သုံးစီး ရောက်လာတယ်။ လေကြောင်းကနေလုပ်တဲ့ တိုက်ခိုက်မှုတွေက အရမ်းပြင်းတဲ့အတွက် ကျွန်တော်မော့ပြီး မကြည့်ရဲဘူး။” ကလီကျေး ရွာတွင် အိမ်ထောင်စု ၃၄၇ စုရှိပြီး စုစုပေါင်းလူဦးရေ ၁၇၉၁ ဦးရှိကြောင်း စောက---မှ တင်ပြခဲ့သည်။ အချို့ရွာသား များသည် တောထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး အချို့ရွာသားများလည်း အနီးနားရှိကျေးရွာများဖြစ်သည့် ယာဒိုကျေး ရွာနှင့် လူသောဘောကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ စောက---၏ပြောပြချက်အရ ရွာတွင်ရှိသည့် အိမ်ထောင်စု ၃၀၊ ၄၀ စုခန့်သာ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ အခြားမိသားစုဝင်များမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ သော်လည်း ၎င်းတို့အိုးအိမ်တိရိစ္ဆာန်များကို ကြည့်ရှုစောင့်ရှောက်ရန်အတွက် အိမ်ထောင်စုတစ်စုလျှင်တစ်ဦး ရွာတွင် ထားရစ်ခဲ့ကြောင်း သိရှိခဲ့ရသည်။ အဓိကအားဖြင့် အမျိုးသမီးငယ်များနှင့် ကလေးငယ်များကို ဦးစားပေး၍ ထွက်ပြေးတိမ်းရှောင်စေခဲ့သည်။ သို့သော်လည်း ရွာသားအများစုမှာ မထွက်ပြေးဘဲ ရွာတွင်နေခဲ့၍ ၎င်းတို့ဆောက် လုပ်ထားသည့် ကတုတ်ကျင်းများတွင် ပုန်းအောင်းနေထိုင်ကြသည်။
၂၀၂၂ခုနှစ်၊ ဧပြီလတွင် SAC သည် လေးကေကော်ဒေသတွင် နောက်ထပ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ၂၀၂၂ခုနှစ်၊ ဧပြီလ ၁၀ရက်နေ့တွင် ကော်တရီမြို့နယ်၊ ဖလူးကျေးရွာအုပ်စု၊ ထီးမယ်ဝါးခီးနှင့် အေသေကျေးရွာများနှင့် လေးကေ့ကော်မြို့တွင် KNLA ကော်ဘရာစစ်ကြောင်းနှင့် SAC တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့နောက် နံနက် (၁၁) နာရီ၅၀မိနစ်တွင် SAC မှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ SAC ဂျက်လေယာဉ်တစ်စင်းသည် ဝေဟင်ကင်း ထောက်လှမ်းမှု (၈)ကြိမ်ပြုလုပ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်လက်လုပ်ဆောင်ခဲ့သည်။ ဧပြီလ ၁၀ရက်နေ့ မွန်းလွဲ ၁း၃၀ နာရီအချိန်တွင် SAC ဂျက်လေယာဉ်တစ်စင်းသည် ပြန်လည်ရောက်ရှိလာပြီး လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ပြီးနောက် ကော့ကရိတ်မြို့သို့ ပြန်၍ပျံသန်းခဲ့သည်။ ဤလေကြောင်းတိုက်ခိုက်မှုတွင် ဂျပန် နိပွန်ဖောင်ဒေးရှင်းမှ လှူဒါန်းဆောက်လုပ်ခဲ့သော စာသင်ကျောင်းအဆောက်အအုံများနှင့် အရပ်သားနေအိမ်အလုံး ၃၀ ကျော် ပျက်စီးခဲ့သည်။[29] ထိုနေ့တစ်ရက်ထဲအတွင်း လေးကေကော်ဒေသတွင် စုစုပေါင်းလေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ဖြစ်ပွားခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက ဖော်ပြခဲ့သည်။[30] KHRG သတင်းစုဆောင်းသူတစ်ဦး၏ တင်ပြချက် အရ ထိုနေ့တွင် ညနေ ၃း၂၀ မှ ညနေ ၅း၀၀ နာရီအထိ SAC သည် လေးကေ့ကော်မြို့နှင့် ဖလူးကျေးရွာ အုပ်စုဧရိယာအတွင်း ဝေဟင်ကင်းထောက်လှမ်းမှုများ တဖန် ပြုလုပ်ခဲ့သည်။
KHRG မှ လက်ခံရရှိသည့်သတင်းအချက်အလက်များအရ ဒေသခံပြည်သူများမှ ဗုံးနှစ်လုံးကို တွေ့ရှိခဲ့ပြီး တစ်လုံးမှာ မပေါက်ကွဲဘဲရှိနေသည်။ အဆိုပါဗုံးများသည် ဓာတုဗုံးလက်နက်များဖြစ်ကြောင်း ဒေသခံများ ယူဆကြသည်။ အဘယ်ကြောင့်ဆိုသော် တစ်ချို့ရွာသားများသည် အခြေအနေကိုသိချင်သောအားဖြင့် ဗုံးကြဲခဲ့သည့်နေရာတွင် သွားကြည့်ရာတွင် ဆိုးရွားသည့်ရောဂါလက္ခဏာများကို ရရှိခဲ့ခြင်းကြောင့်ဖြစ်သည်။ ဗုံးကျခဲ့သည့်နေရာတွင် သွားရောက်စစ်ဆေးကြသည့် ရွာသားများသည် အမျိုးမျိုးသော ရောဂါလက္ခဏာများ ကြုံတွေ့ခဲ့ရသည်။ ထိုရောဂါ လက္ခဏာများကို ခံစားခဲ့ရသည့် ရွာသားတစ်ဦးမှ KHRG အား ဤသို့ရှင်းပြခဲ့သည်။ “ကျွန်တော့်မျက်လုံးတွေက ပူစပ်စပ်ဖြစ်နေတာကို ခံစားရတယ်။ […ဒါပေမဲ့] တခြားသူတွေက အော့အန်တယ်။ ပြီးတော့ မူးဝေတယ်။ သူတို့မျက် လုံးတွေ ပူစပ်စပ်ခံစားရတာကို ကျွန်တော်မြင်ခဲ့ရတယ်။ […] အဲလိုရောဂါလက္ခဏာမျိုးကို ခံစားနေရတဲ့ရွာသား (၇)ဦးလောက် ရှိတယ်။ ဒါပေမဲ့ သူတို့ထဲက နှစ်ဦးကတော့ တော်တော်လေးခံစားခဲ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အသက်တောင် မရှုနိုင်ဘူးတဲ့။” ထိုဗုံးများသည် အမှန်တကယ် ဓာတုလက်နက်ဟုတ်မဟုတ် KHRG မှ အတည် မပြုနိုင်သေးပါ။ ထိုဗုံးများကို မြင်တွေ့ခဲ့သူများ၏ ပြောပြချက်အရ ဗုံးတစ်လုံးတွင် နံပါတ် (၁၅)ဖြင့်တံဆိပ် တပ်ထား ပြီး ကျန်သောဗုံးတစ်လုံးမှာ နံပါတ် (၁၈)ဖြင့် တံဆိပ်တပ်ထားကြောင်း သိရှိရသည်။ ဒေသခံရွာသားများ၏ပြောကြား ချက်အရ မပေါက်ကွဲသေးသော ဗုံးတစ်လုံးမှာ အမည်မသိအဖွဲ့တစ်ဖွဲ့မှ ဖယ်ရှားခဲ့ပြီး မြေမြှုပ်မိုင်းတစ်လုံးကို ၎င်းနေ ရာတွင် ထားရှိခဲ့သည်။
ထိုအချိန်တွင် လေးကတော်တောင်ကုန်းတွင်တပ်စွဲထားသည့် BGF တပ်ဖွဲ့နှင့် လေးကေ့ကော်ရှုခင်းသာကုန်းတွင် တပ်စွဲနေရာယူထားသည့် SAC တပ်ဖွဲ့များသည် လေးကေ့ကော်မြို့သို့ လက်နက်ကြီးအလုံး ၁၀၀ ကျော် ပစ်ခတ်ခဲ့ သည်။ အဆိုပါလက်နက်ကြီးပစ်ခတ်မှုကြောင့် အိမ်ခြေ (၃၀)ကျော် ပျက်စီးခဲ့ပြီး အချို့နေအိမ်လည်း မီးလောင် ပျက်စီးခဲ့သည်။[31]
၂၀၂၂ခုနှစ်၊ ဧပြီလ ၁၂ရက်နေ့ နံနက်ပိုင်းတွင် သင်္ဃန်းညီနောင်တပ်စခန်းတွင်အခြေစိုက်သည့် စစ်ကောင်စီတပ်ဖွဲ့များ သည် ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ နို့ဖိုးကျေးရွာအုပ်စု၊ ထီးမူးထကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။ KHRG မှ လက်ခံရရှိသည့်သတင်းအချက်အလက်များအရ ၆ နှစ်အရွယ် ထိုလက်နက်ကြီးပစ်ခတ်မှု တွင် (၆)နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ရွာသားလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အချို့ရွာသားများသည် အခြားနေရာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့၍ အချို့ရွာသားများလည်း ရွာတွင်သာကျန်ရစ်ခဲ့ပြီး သတိထားနေ ထိုင်ခဲ့ရသည်။ ည (၁၀)နာရီ ၅၀မိနစ်ဝန်းကျင်တွင် စစ်ကောင်စီလေယာဉ်တစ်စင်းသည် ကော်တရီမြို့နယ်၊ နို့ဖိုးကျေး ရွာအုပ်စု၊ နို့ဖိုးကျေးရွာကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည်။ ရွာသားတစ်ဦး၏လယ်ယာအတွင်း ဗုံးနှစ်လုံး ကျရောက်ခဲ့ပြီး ဗုံးများပေါက်ကွဲမှုကြောင့် ရွာသားများ၏နေအိမ်လေးလုံး ပျက်စီးခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကို မျက်မြင်တွေ့ခဲ့သည့် ရွာသားတစ်ဦးက KHRG အား ဤကဲ့သို့ ပြောပြခဲ့သည်။ “ကျွန်တော်တို့ရှေ့မှာ ဗုံးနှစ်လုံး ကျသွားတာ တွေ့လိုက်ရတယ်။ ပြီးတော့ ကျွန်တော်တို့နောက်မှာလဲ ဗုံးနှစ်လုံး ကျသွားတာ တွေ့ခဲ့တယ်။ (ဖလူးကြီး ကျေးရွာ အနီးမှာရှိတဲ့) တလာအင်သင်ဘုန်းကြီးကျောင်းလည်း စစ်ကောင်စီက ဗုံးတွေ ကြဲချခဲ့တယ်။ ဒါပေမဲ့ အဲဒါကို တော့ ကျွန်တော်မမြင်ဘူး။ ညအချိန်ဆိုတော့ အသံပဲကြားရတယ်။” အချို့ရွာသားများသည် ထွက်ပြေးတိမ်း ရှောင်ခဲ့ သည်။ သို့သော် အချို့ရွာသားများမှာ မထွက်ပြေးပဲ ရွာတွင်သာ ကျန်ရစ်နေထိုင်ခဲ့ပြီး အခြေအနေကို စောင့်ကြည့်နေခဲ့သည်။
၂၀၂၂ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၀ရက်နေ့အထိ ကော်တရီမြို့နယ်၊ ကလီကျေးရွာအုပ်စု၊ ကလီကျေးရွာတွင် KNLA တပ်ရင်း (၁၈)၊ စစ်ကြောင်း (၄) နှင့် SAC ခမရ (၃၂) တို့ကြားတွင် နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ တိုက်ပွဲဖြစ်ပွားခဲ့သည့် ငါးရက်အတွင်း SAC စစ်တပ်သည် ဧပြီလ ၁၈ရက်နှင့် ၁၉ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့သည်။ လေကြောင်းမှ ဗုံးဘယ်နှစ်လုံးပစ်ချခဲ့သည်ကို ရွာသားများမှ မသိရှိခဲ့ပေ။ သို့သော်လည်း ထိုဗုံးများသည် ရွာအပြင်ဘက်သို့ ကျခဲ့ သည်။ KHRG သတင်းစုဆောင်းသူတစ်ဦး၏ပြောကြားချက်အရ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံး မှုများ မရှိခဲ့ပေ။ သို့သော် ဗုံးပေါက်ကွဲမှုကြောင့် သစ်ဖြင့်ဆောက်လုပ်ထားသည့် အိမ်နှစ်လုံး ပျက်စီးခဲ့သည်။
၂၀၂၂ခုနှစ်၊ ဧပြီလ ၂၀ရက်နေ့ မနက် ၁နာရီဝန်းကျင်တွင် SAC လေယာဉ်တစ်စင်းသည် လေးကေ့ကော်ဒေသတွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။[32] ထိုလေကြောင်းတိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးမှုများ မရှိခဲ့ကြောင်း KHRG မှ သတင်းရရှိခဲ့သည်။
KHRG မှ သတင်းစုဆောင်းသူတစ်ဦး၏တင်ပြချက်အရ ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ ကွီးလေးတာကျေးရွာ တွင်ရှိသည့် မြစ်ချောင်းအနီးတစ်ဝိုက်တွင် ဒေသခံ KNLA စစ်သားများမှ နေရာယူ ထိန်းချုပ်နိုင်ခဲ့သည်။ ထိုနေရာသည် ကွီးလေးတာတပ်စခန်းတွင် အခြေစိုက်သည့် SAC ခမရ အမှတ် (၅၆၁) မှ ယခင်က ထိန်းချုပ်ခဲ့သည့်နေရာဖြစ်သည်။ ၂၀၂၂ခုနှစ်၊ ဧပြီလ ဒုတိယအပတ်တွင် KNLA မှ စမ်းချောင်းကို သုံးရက်အတွင်း လမ်းမဖွင့်ပေးပါက ဒေသခံရွာ သားများ ဒုက္ခရောက်လိမ့်မည်ဟု SAC မှ KNLA ထံသို့ ခြိမ်းခြောက်စာတစ်စောင် ရေးသားပေးပို့ခဲ့သည်။ ၂၀၂၂ခုနှစ်၊ ဧပြီလ ၂၁ရက်နေ့ ညနေ (၄) နာရီမှ (၅) နာရီအတွင်း SAC လေယာဉ်နှစ်စင်းသည် နို့တကောမြို့နယ်၊ မောကျေးရွာ အုပ်စု၊ ကွီးလေးတာ၊ သဝေါ်သောနှင့် ထီးသဘလုခီးကျေးရွာများတွင် ဗုံးငါးလုံးပစ်ချခဲ့သည်။ KHRG သတင်းစုဆောင်း သူတစ်ဦး၏တင်ပြချက်အရ ဤလေကြောင်းတိုက်ခိုက်မှုတွင် တောတောင်များကြားတွင် ဗုံးများကျခဲ့သောကြောင့် ထိခိုက်သေဆုံးမှုများ သို့မဟုတ် ပျက်စီးဆုံးရှုံးမှုများ မရှိခဲ့ပေ။ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာ ငါးရွာမှ ရွာသားများ ၅၀၀ ကျော် ထိုင်းနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။[33] KHRG မှ လက်ခံရရှိသည့် သတင်းအချက်အလက်များအရ ၂၀၂၂ခုနှစ်၊ မတ်လ ၂၆ရက်နေ့တွင် မောကျေးရွာအုပ်စု၊ သဝေါ်သောကျေးရွာတွင် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ရာနှင့်ချီသည့် ဒေသခံရွာသားများသည် ထိုင်းနယ်စပ်သို့ ထွက်ပြေးတိမ်း ရှောင်နေခဲ့ ပြီးဖြစ်သည်။
၂၀၂၂ခုနှစ်၊ မေလ ၁၈ရက်နေ့တွင် KNLA စစ်သားများသည် သေ့ဘောဘိုးကျေးရွာအနောက်ဘက်တွင် တည်ရှိသော SAC စစ်စခန်းတစ်လုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ထိုစခန်းတွင် ခမရ (၅၅၉) နှင့် ခလရ (၃၂)တို့မှ အခြေစိုက်နေထိုင်သည်။ ၎င်းတိုက်ပွဲတွင် SAC မှ ကော်တရီမြို့နယ်၊ သေ့ဘောဘိုးကျေးရွာအုပ်စု၊ သေ့ဘောဘိုး ကျေးရွာအနီးတဝိုက်တွင် လေကြောင်းတိုက်ခိုက်မှု ထိုးစစ်ဆင်ခဲ့သည်။ အစပိုင်းတွင် ဒရုန်းတစ်စင်းက လေကြောင်း တိုက်ခိုက်မည့်နေရာကို စူးစမ်းလေ့လာခဲ့ကြောင့် ဒေသခံရွာသားများက KHRG အား တင်ပြခဲ့သည်။ ထို့နောက် မွန်းလွဲ ၁၂နာရီ ၂၀မိနစ်တွင် SAC စစ်လေယာဉ်တစ်စင်းက ထိုနေရာတွင် စတင်၍ ဗုံးကြဲခဲ့သည်။ ဤအဖြစ်အပျက်ကို မျက်မြင်တွေ့ခဲ့သည့်ရွာသားတစ်ဦး၏ပြောပြချက်အရ ထိုနေရာတွင် ဂျက်လေယာဉ်နှစ်စင်းက ပျံသန်းလာပြီး စုစု ပေါင်း ဗုံးအလုံး (၅၀)ပစ်ချခဲ့သည်။[34] ဤလေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသားများ၏နေအိမ်ရှစ်လုံး၊ ဘုရား ကျောင်းနှင့် ခန်းမဆောင်တစ်လုံး ပျက်စီးသွားခဲ့သည်။ တစ်ချိန်တည်းတွင် SAC မှ ရွာထဲကို လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ဘုန်းကြီးကျောင်းတစ်လုံးလည်း ပျက်စီးသွားခဲ့သည်။ ဒေသခံအသင်းအုပ်ဆရာစ---က KHRG အား ယခုလိုပြောပြခဲ့သည်။ “လေကြောင်း တိုက်ခိုက်မှုကနေ ဗုံးတွေပစ်ချပြီး ကျွန်တော်တို့ဘုရားကျောင်းကို ထိသွား တယ်။ ကျွန်တော် တို့ဘုရားကျောင်းထဲကို ဗုံးသုံးလုံးကျသွားတယ်။ ခန်းမဆောင်ကိုတော့ ဗုံးတစ်လုံးကျသွားတယ်။ အဲဒီနံရံတွင်မှာ သေနတ်ကျည်ဆံထိမှန်တာတွေ အများကြီးဘဲ။ ဘုရားကျောင်းက မှန်တွေ၊ တံခါးတွေ၊ လှေကား တွေနှင့် ဒီဘုရားကျောင်းမှာရှိတဲ့ အသံချဲ့စက်၊ စန္ဒယား၊ ဒရမ်အစရှိတဲ့ အခြားတူရိယာတွေ အများကြီး ပျက်စီးသွားခဲ့ တယ်။ စန္ဒယားကိုတော့ အသုံးပြုလို့မရနိုင်တော့ဘူး။" သေ့ဘောဘိုးကျေးရွာသားအများစုသည် ၂၀၂၁ခုနှစ် ဒီဇင်ဘာလကုန်ကတည်းက ၎င်းတို့ရွာမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။[35]
ဤလေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သတ်ပြီး အသင်းအုပ်ဆရာက ၎င်း၏အမြင်ကို ထုတ်ဖော်ပြောဆိုခဲ့သည်။ “SAC ရဲ့လုပ်ရပ်တွေကိုပြန်ကြည့်ရင် ကျွန်တော်အရမ်းဝမ်းနည်းတယ်။ ဘုရားရှိခိုးကျောင်းတွေနဲ့ လူနေအိမ်တွေ ပျက်စီးနေ တာကိုမြင်ရင် အရမ်းဝမ်းနည်းဖို့ကောင်းတယ်။ SAC က တိုင်းပြည်အုပ်ချုပ်ဖို့ အာဏာရဖို့အတွက် အကြမ်းဖက်မှုကို လုပ်တယ်။ ငြိမ်းချမ်းရေးနဲ့ မေတ္တာတရားအတွက် ဒါဟာ လုပ်သင့်တဲ့အရာမဟုတ်ဘူး။ ကျွန်တော်တို့ပြည်သူတွေ လိုချင်တာက တရားမျှတမှုနဲ့ တန်းတူညီမျှမှုပဲ။ SAC အုပ်ချုပ်မှုအောက်မှာ ကျွန်တော့တို့လူမျိုးတွေဟာ တန်းတူညီ မျှမှု မရရှိနိုင်ဘူး။ ဗမာစကားပုံတစ်ခုရှိတယ်။ ‘မစားရရင် သဲနဲ့ပက်’တဲ့။ ဒီလိုအဖြစ်အပျက်မျိုး နောက်တစ်ခါဖြစ် လာရင် ကျွန်တော်တို့ပြည်သူတွေအတွက် စိတ်မကောင်းဖြစ်မိတယ်။”
နိဂုံး
၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလကစပြီး ဒူးပလာယာခရိုင်၊ ကော်တရီနှင့်နို့တကောမြို့နယ်များရှိ ကျေးရွာများတွင် မြေပြင် တိုက်ပွဲများအပါအဝင် လေကြောင်းဖြင့် အဆက်မပြတ်ဗုံးများကြဲခြင်းကြောင့် ဒေသခံရွာသားများ ၎င်းတို့လုံခြုံရေး အတွက် နေရပ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ထိုရွာသား များသည် ၎င်းတို့နေရပ်ရွာများသို့ပြန်လာနေထိုင်၍မရခဲ့သည်မှာ ခြောက်လရှိနေပြီးဖြစ်သည်။ ဒေသခံရွာသားများ အပေါ် သက်ရောက်ခဲ့သည့်ဆိုးကျိုးများသည် အလွန်ဆိုးရွားသည့်အခြေအနေအောက်တွင် ရှိနေသည်။ သို့သော်လည်း နိုင်ငံတကာက ဤအခြေအနေကို မသိနိုင်ဘဲရှိနေသည်။ ထိခိုက်သေဆုံးသူများ အရေအတွက်နည်းသည်ဟု ထင်မြင်ယူဆရသော်လည်း ဤအရေအတွက်များသည် လေကြောင်းမှပစ်ခတ်ခဲ့သည့်ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည့်သူများဖြစ်ကြသည်။ ထပ်ခါတလဲလဲ ထွက်ပြေးတိမ်းရှောင်နေရသည့်အခြေအနေများအပါအဝင် ကာလရှည်ကြာထွက်ပြေးတိမ်းရှောင်ခဲ့ရသည့်အတွက် ရွာသားများသည် ဒုက္ခမျိုးစုံကို ကြုံတွေ့ခဲ့ရသည်။ KHRG မှ လက်ခံရရှိသည့်သတင်းအချက်အလက်များအရ စစ်ပြေးရှောင်ရွာသားများသည် လူသားချင်းစာနာထောက်ထားမှု အကူအညီကို အနည်းငယ်သာရရှိကြပြီး ကျန်းမာရေးပြဿနာများနှင့် စားနပ်ရိက္ခာပြတ်လပ်မှုတို့ကို ရင်ဆိုင်ကြုံ တွေ့နေရသည်။ အဓိကအကြောင်းရင်းများမှာ SAC မှ စားနပ်ရိက္ခာနှင့်ဆေးဝါးထောက်ပံ့မှုလမ်းကြောင်းများကို ပိတ်ပင်တားဆီးထားပြီး ခရီးသွားလာမှုကိုလည်း ပိတ်ပင်ကန့်သတ်ထားခြင်းကြောင့်ဖြစ်သည်။ နယ်စပ်ဖြတ်ကျော်၍ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် ရွာသားများသည် အများအားဖြင့် ထိုင်းနိုင်ငံတွင် အကြာကြီး နေထိုင်ခွင့် မပြုခဲ့ပေ။ ထိုရွာသားများသည် အဆင်ပြေသည့်နေရာတွင်သာ ပုန်းရှောင်နေရပြီး အကြောက်တရားများနှင့် အသက် ရှင်နေထိုင်ရသည်။ ၎င်းတို့သည် ကူညီမှုထောက်ပံ့မှုနှင့် ဝန်ဆောင်မှုများအနည်းငယ်သာ ရရှိကြသည်။[36]
လေကြောင်းတိုက်ခိုက်မှုများရပ်တန့်ရန် နိုင်ငံတကာကမှ SAC ကို ဆက်လက်ဖိအားပေးခဲ့သော်လည်း စစ်အစိုးရ ဖက်မှ ရပ်တန့်မည်မဟုတ်ကြောင်း ထင်ရှားနေပါသည်။ အမှန်စစ်စစ် ၂၀၂၂ခုနှစ်၊ ဇွန်လမှ ဒီဇင်ဘာလအထိ ဒူးပလာ ယာခရိုင်တစ်ခုတည်းတွင် လေကြောင်းတိုက်ခိုက်မှု (၂၅) ကြိမ် ဖြစ်ပွားခဲ့ကြောင်း KHRG မှ သတင်းရရှိခဲ့သည်။ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလတွင် ဧရာဝတီသတင်းဌာနမှ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက် ရာထူး နုတ်ထွက်ခဲ့သော မြန်မာ့လေတပ်မှ လေယာဉ်မှူးတစ်ဦးအား တွေ့ဆုံမေးမြန်းခဲ့ရာတွင် ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။ “စစ်အစိုးရဟာ ဗျူဟာတွေပြောင်းလာတယ်။ မြေပြင်တပ်တွေကို အများကြီးအသုံးမပြုတော့ဘူး။” [37] SAC သည် ၎င်း၏လေကြောင်းတိုက်ခိုက်မှုများတွင် အရပ်သားများကို ဆက်တိုက်ဆိုသလို ပစ်မှတ်ထားကာ အရပ်သား ပိုင်ဆိုင်မှုများ ပျက်စီးစေခဲ့ပြီး နေရပ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်မှုများဖြစ်ပေါ်စေခဲ့သည်။ ဤတိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုဖြစ်ပြီး စစ်အစိုးရခေါင်း ဆောင်များတွင် တာဝန် အပြည့်အဝရှိသည်။ သေ့ဘောဘိုးရွာသားတဦးမှ ၎င်း၏အမြင်ကို ထုတ်ဖော်ပြောဆိုခဲ့သည်။ “ကျွန်တော်တို့ပြည် သူတွေ လွတ်လပ်မှု၊ တန်းတူညီမျှမှုရဖို့နဲ့ သတ်ဖြတ်ညှင်းပန်းမှုကနေ လွတ်မြောက်ဖို့အတွက် UN နဲ့နိုင်ငံတကာ အသိုင်းအဝိုင်းတွေ က SAC ကို ဖိအားပေးဖို့ လိုအပ်တယ်။ ကျွန်တော်ပြောချင်တာကတော့ SAC က လေကြောင်း တိုက်ခိုက်မှုတွေ ပိုပြီးလုပ်ဆောင်လာတယ်။ ဒီလိုအကြမ်းဖက်မှုမျိုးတွေ (လေကြောင်းတိုက်ခိုက်မှု) မရှိသင့်တော့ ဘူး။”
နိုင်ငံတကာအသိုက်အဝိုင်းများအတွက် KHRG မှ အောက်ပါအတိုင်း အကြံပြုထားပါသည်။