Karen Human Rights Group

ဖာပွန် မှုခင်းဆိုင်ရာမှတ်တမ်းလွှာ| ၂၀၁၇ ခုနှစ် မတ်လတွင် နယ်ခြားစောင့်တပ် (BGF) တပ်ရင်း အမှတ် (၁၀၁၃) စစ်သားတစ် ဦးမှ ကျူးလွန်သည့် ခြိမ်းခြောက်မှုများနှင့် ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်း နှိပ်စက်မှု

 

မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ|ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ် (၂၀၁၇ ခုနှစ်၊ ဧပြီလ) 

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှဒေသတွင်းလူ့ အခွင့်အရေးအခြေအနေများကိုလေ့လာမှတ်သားရန်လေ့ကျင့်သင်ကြားပေးထားသောဒေသခံအဖွဲ့ဝင်တစ်ဦးမှဖော်ခြင်းဖြစ်သည်။[1]  ဤသတင်းလွှာသည် ၂၀၁၇ ခုနှစ် ဇွန်လတွင် ဖာပွန်ခရိုင်မှ လက်ခံရရှိခဲ့ပြီး အခြားသော မှုခင်းပြသည့်မှတ်တမ်း  တစ်ခုနှင့်အတူ အခြားသောသတင်းအမျိုး အစားများ ဖြစ်ကြသော မှုခင်းအင်တာဗျူး ၆ ခု၊ ဒေသတွင်း နောက်ဆုံးရအခြေအနေတင်ပြချက် အစီရင်ခံစာ တစ်စောင်၊ ဓာတ်ပုံ ၁၀၇ ပုံ တို့နှင့်တကွလက်ခံရရှိခဲ့သည်။[2] 
 

အဆင့် ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

ခြိမ်းခြောက်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၁၇ ခုနှစ်၊ မတ်လ ၂၄ ရက်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

မူတြော် (ဖာပွန်) ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာ့ထောကျေးရွာအုပ်စု၊ အ--- ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောဟ--- 

မောင်ဝ---

မောင်တ---

အသက်

---

မသိရှိပါ။

မသိရှိပါ။

ကျား/မ

ကျား

ကျား

ကျား

လူမျိုး

ကရင်

မသိပါ။

မသိပါ။

မိသားစုရှိ/မရှိ

ရှိ

မသိပါ။

မသိပါ။

အလုပ်အကိုင်

နေ့စား

မသိပါ။

မသိပါ။

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

မသိပါ

မသိပါ။

ရာထူးအဆင့်

သာမန်ရွာသား

သာမန်ရွာသား

သာမန်ရာသား

နေရပ် ရွာအမည်

အ--- 

အ---

ဂ---

ပြစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊တပ်မ

အခြေစိုက်သည့်နေရာဒေသ

အထက်အရာရှိ အမည်

ငထွန်း

တပ်သား

BGF တပ်ရင်းအမှတ် (၁၀၁၃)

ကတိုင်တိ တပ်ရင်း

ဒုဗိုလ်မှူးကြီး စောလှကြိုင်

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ကရင်လူ့အခွင့်အရေအဖွဲ့ (KHRG) သတင်းမှတ်တမ်းပြုစုသူသည် ဖာပွန်မြို့မှ မီးဇိုင်းချောင်းဝအထိ အောင်သိဒ္ဓိကားလမ်းမတလျှောက် အမြဲတမ်းသွားလာနေစဉ် BGF စစ်သား ငထွန်း မှ အ--- ရွာသားများဖြစ်ကြသော စောဟ---၊ မောင်ဝ--- နှင့် ဂ--- ရွာသားတစ်ဦးဖြစ်သော မောင်တ--- တို့ကို ထုနက်ထိုးကြိတ်ကြောင်းကို သိရှိရ၍ အ--- ရွာတွင် စောဟ---နှင့် တွေ့ဆုံမေးမြန်းကာ ဤသတင်းကို မှတ်တမ်းတင်ခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြ လိုပါသနည်း။ ၄င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

“ငထွန်းက ဦးက--- အိမ်ပေါ်တက်လာပြီး အရက်မူးနေတဲ့ မောင်တ--- က ‘ ဘယ်သူမိုက်လဲ’  လို့ ထအော်လိုက်တော့ သူပါလာတဲ့သေနတ်ကိုထုတ်ပြီး သေနတ်ဒင်နဲ့ ထုတော့တာပဲ။” ဤပြောကြား ချက်ကို ကြည့်၍ ၀--- ကျေးရွာမှ စောဟ--- မှ ဤဖြစ်စဉ်ကိုု မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခံရသူဖြစ်ကြောင်း ထင်ရှားပါသည်။ 

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၁၇ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် မူတြော် (ဖာပွန်) ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာ့ထောကျေးရွာ အုပ်စု၊ အ--- ရွာအတွင်း ခြိမ်းခြောက်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှု ဖြစ်စဉ်တစ်ခုဖြစ်ပွား ခဲ့သည်။ ဤဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုမှာ ဒေသခံလူထုများအပေါ်တွင် ကျူးလွန် သည့်အမှုဖြစ်သည်။ ယင်းခြိမ်းခြောက်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုအား ကျူးလွန်သူမှာ မြန်မာနိုင်ငံ နယ်ခြားစောင့်တပ် (BGF) တပ်ရင်း အမှတ် (၁၀၁၃) မှ အသက် ၃၂ နှစ် အရွယ်ရှိသော တပ်သား ငထွန်း ဖြစ်သည်။ ယင်းဖြစ်စဉ်တွင် ခံစားကြရသူများမှာ အ--- ရွာတွင် နေထိုင်ကြသော စောဟ---၊ မောင်ဝ--- နှင့် ဂ--- ရွာတွင် နေထိုင်သော မောင်တ--- တို့ဖြစ်ကြသည်။ 

 

ရွာသားများက ဤဖြစ်စဉ်မှ ကျူးလွန်သူသည် အဆိုပါရွာသားများကို မည်သည့်ရည်ရွယ်ချက်ဖြင့် ခြိမ်းခြောက်ရသည်ကို တိကျစွာ မပြောနိုင်သော်လည်း သူတို့က BGF တပ်သား ငထွန်း ၏မောက်မာမှု၊ မာနကြီးကြွားလုံးတုတ်မှုကြောင့် ဖြစ်ရသည်ဟု ယူဆကြသည်။ ဖြစ်ပွားရခြင်း အကြောင်းကို ပြည့်စုံစွာ တင်ပြရမည်ဆိုလျှင် ဒွယ်လိုးမြို့နယ်၊ မာ့ထောကျေးရွာအုပ်စု၊ အ--- ရွာတွင် နေထိုင်သည့် အသက် ၆၀ အရွယ်ရှိသော ဦးက--- သည် သူ၏မိခင်ကွယ်လွန်၍ အလှူလုပ်ပေးနေချိန် ၂၀၁၇ ခုနှစ်၊ မတ်လ ၂၄ ရက် ညအချိန်တွင် အ--- ရွာသားများက ဦးက--- အိမ်သို့ လာရောက်ကူညီ၍ ချက်ပြုတ်ပေးရင်း ရိုးရာဓလေ့အရ အရက်မူးရုံသောက်၍ ဖဲကစားကြသည်။ ထိုစဉ် BGF စစ်သား ငထွန်းမှာ အိမ်ပေါ်သို့ တက်လာပါသည်။ သူတက်လာစဉ် မောင်တ--- ကမူး၍ “ဘယ်သူမိုက်သလဲကွ” ဟုအော်လိုက်မိရာ ငထွန်းက သူနှင့်ပါလာသော ပစ္စတို (pistol) သေနတ်ကို ထုတ်၍ ဖဲဝိုင်းရှိရာသို့ ထိုးချိန်လိုက်ပါသည်။ မည်သူကမျှ မလှုပ်ရဲပဲ ငြိမ်နေသော အချိန်တွင် ငထွန်းက စောဟ--- ၏ ဦးခေါင်းကို သေနတ်ဒင်ဖြင့်ထုကာ မောင်ဝ--- ကို အော်ငှောက်သည်။ ထို့အပြင် ငထွန်းသည် မောင်တ--- အား သေနတ်နှင့်ချိန်ပြီး မောင်တ--- ၏ဦးခေါင်းကို လက်သီးဖြင့်လည်း ထိုးကြိတ်ခဲ့သည်။ ဒေသခံလူထုများ မိမိကိုယ်ကိုကာကွယ် လိုက်သည့်ပုံမှာ မည်သို့မျှ ငထွန်းကို တုန့်ပြန်မှုမလုပ်တော့ပဲ ငထွန်းပြုသမျှငုံ့၍သာ ခံခဲ့ကြပါသည်။ ဤသို့သော ကိစ္စမျိုးမှာ ရှေ့ဆက်တွင် ဆက်လက်ဖြစ်ပေါ်လာနိုင်ရန် အလားအလာရှိသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဤအချက်အလက်များကို လိုအပ်သလိုအသုံးပြုရန် စောဟ--- မှ ခွင့်ပြုချက် ပေးပါသည်။