
၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့ ညနေ ၄း၀၇ မိနစ်အချိန်တွင် မြန်မာစစ်တပ်၏ ရဟတ်ယာဥ်သုံးစီးသည် ဘိတ် (မြိတ်) မြို့မှလာရောက်၍ အဆိုပါလေယာဥ်ဖြင့် ဗုံးခြောက်လုံးအား ဘိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ တဖို့ ကျေးရွာအုပ်စု၊ အအ--- ကျေးရွာသို့ ကြဲချခဲ့ပါသည်။ (မြန်မာစစ်တပ်၏လေတပ်သည် မြိတ်မြို့တွင်အခြေစိုက်သဖြင့် အဆိုပါလေယာဥ်သည် မြိတ်မြို့မှလာရောက်ခဲ့ကြောင်း ရွာသားများမှ ယုံကြည်ကြပါသည်။ သတင်းမှတ်တမ်းပြုစုသူမှအဆိုပါလေယာဥ်သည် ရဟတ်ယာဥ်ဖြစ်သည်ဟု ယူဆပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ကိုယ်ထည်ပေါ်တွင်ပန်ကာများရှိနေပြီး လေယာဥ်၏နောက်ဘက်တွင်မရှိပါ။ ထို့အပြင် ၎င်းတို့တွင် အမြီးပိုင်းများရှိနေပါသည်။) အဆိုပါလေယာဥ်များမှ ဗုံးသုံးကြိမ်ကြဲချခဲ့ပြီး တစ်ကြိမ်လျှင် ဗုံးနှစ်လုံးကြဲချခဲ့ပါသည်။ ပထမအကြိမ်ကြဲချလိုက်သောဗုံးများသည် ကျေးရွာ၏အစွန်ဘက်ရှိ ရွာသားတစ်ဦး၏ရော်ဘာခြံထဲတွင် ကျရောက်ပေါက်ကွဲသွားခဲ့ပါသည်။ ဒုတိယအကြိမ်ကြဲချလိုက်သောဗုံးများသည် ရွာသားတစ်ဦး၏ဓာတ်ဆီများသိုလှောင်ထားသည့် နေအိမ်ရှိ ဆေးခန်းတစ်လုံးရှေ့သို့ ကျ ရောက်ပေါက်ကွဲသွားခဲ့ပါသည်။ ပေါက်ကွဲသွားသည့်ဗုံးအပိုင်းအစများသည် ဓာတ်ဆီဗုံးများအားထိမှန်၍ နေအိမ်မီး လောင်ကျွမ်းသွားခဲ့ပါသည်။ ထို့နောက် မီးများသည်အခြားနေအိမ်သို့ ကူးဆက်လောင်ကျွမ်းသွားခဲ့ပါသည်။ ထို့ကြောင့် စုစုပေါင်းနေအိမ်နှစ်လုံး မီးလောင်ကျွမ်းသွားခဲ့ပြီး နေအိမ်သုံးလုံးထိမှန်ပျက်စီးသွားခဲ့ပါသည်။ တတိယအကြိမ်ကြဲချ လိုက်သောဗုံးများသည် ကျေးရွာ၏အကွာအဝေးအနည်းငယ်တွင်ရှိသော မြစ်ချောင်း၏ဘေးဘက်သို့ ကျရောက်ပေါက် ကွဲသွားခဲ့ပါသည်။ ဒုတိယအကြိမ်ကြဲချလိုက်သောဗုံးကြောင့် ရွာသားတစ်ဦးပြင်းထန်စွာဒဏ်ရာရ သေဆုံးသွားခဲ့ပြီး ရွာသားသုံးဦး၏နေအိမ်ပျက်စီးသွားခဲ့ကာ ရွာသားနှစ်ဦး၏နေအိမ်များ မီးလောင်ကျွမ်းသွားခဲ့သည့်အပြင် ရွာသားများ ၏စိုက်ပျိုးပင်များဖြစ်သည့် မြေပဲပင်၊ ရော်ဘာပင်နှင့် အခြားစိုက်ပျိုးပင်များလည်း ပျက်စီးသွားခဲ့ပါသည်။ ပထမအကြိမ် နှင့်တတိယအကြိမ် ကြဲချလိုက်သောဗုံးများမှ မည်သည့်ရွာသားတစ်ဦးတစ်ယောက်မျှ ဒဏ်ရာရရှိခြင်းမရှိခဲ့ပါ။
သေဆုံးသွားသောရွာသားတစ်ဦးသည် အသက် (၆၃) နှစ်ရှိ ဒေါ်အ--- ဖြစ်ပါသည်။ သူမသည် ဗမာတိုင်းရင်းသူတစ်ဦးဖြစ်ပြီး ဗုဒ္ဓဘာသာဝင်ဖြစ်ပါသည်။ လေကြောင်းတိုက်ခိုက်မှုမဖြစ်ပွားမီ အဆိုပါရွာသူမှ ဆေးစစ်ဆေးမှုခံယူရန်အတွက် ဆေးခန်းတစ်လုံးသို့သွားခဲ့ပါသည်။ ၎င်းမှ စစ်ဆေးမှုခံယူသည့်အချိန်တွင် လေယာဥ်မှလာရောက်၍ ဗုံးများကြဲချခဲ့ပါသည်။ ထို့ကြောင့် သူမသည်ဗုံးခိုကျင်းထဲသို့ ပြေးပုန်းခဲ့ပါသည်။ ပထမအကြိမ်ဗုံးကြဲချခဲ့ပြီးသည့်နောက် ဗုံးများထပ်မံကြဲချမည်မဟုတ်ဟု ယူဆခဲ့ပါသည်။ သူမသည် နေအိမ်တွင်ကျန်ရစ်သည့် လေဖြတ်ထားသောခင်ပွန်းအတွက် စိုးရိမ်ခဲ့ပါသည်။ ထို့ကြောင့် သူမ၏ခင်ပွန်းကိုပြန်ကြည့်ရန်အတွက် ဗုံးခိုကျင်းမှထွက်လာခဲ့ပါသည်။ ၎င်းမှ ဓာတ်ဆီသိုလှောင်ထားသည့် နေအိမ်အနီးသို့ပြန်ရောက်လာသည့်အချိန်တွင် ဒုတိယအကြိမ်လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့သဖြင့် သူမ၏ဘယ်ဘက်ပုခုံးနှင့် ဘယ်ဘက်ပေါင်တို့တွင် ဒဏ်ရာရရှိခဲ့ပါသည်။ ထို့နောက် လေယာဥ်သုံးစီးမှ ကျေးရွာအနီးရှိ နီးစပ်ရာမြစ်ချောင်း၌ ဗုံးများထပ်မံကြဲချခဲ့ပါသည်။ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ရွာသားများမှမီးလောင်သွားသောနေအိမ်များကို မီးငြိမ်းသတ်ချိန်တွင် မီးလောင်သွားသောဓာတ်ဆီသိုလောင်ထားသည့်နေအိမ်အနီးတွင် ဒေါ်အ--- သေဆုံးသွားသည်ကို ၎င်းတို့တွေ့ရှိခဲ့ပါသည်။ ရွာသားများမှ ဒေါ်အ--- ၏အလောင်းကို သူမ၏နေအိမ်သို့ ပြန်သယ်ဆောင်သွားခဲ့ပြီး ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့တွင် ရွာသားများမှ သူမ၏အလောင်းကို သင်္ဂြိုလ်ပေးခဲ့ကြပါသည်။ ဒေါ်အ---သေဆုံးသွားပြီးသည့်နောက်ပိုင်း ၎င်း၏ကလေးတစ်ဦးမှ ဖခင်ဖြစ်သူအား စောင့်ရှောက်ပေးခဲ့ပါသည်။
ဒေသခံခေါင်းဆောင်တစ်ဦးဖြစ်သည့် အအ--- ကျေးရွာသူကြီးမှ “လေယာဥ်က ဆေးခန်းနားမှာ ဘာကြောင့်ဗုံးလာရောက်ကြဲချတာလဲဆိုတာ ကျွန်တော်တို့မသိဘူး။ ဗုံးပေါက်ကွဲတဲ့အချိန်မှာ ဆေးခန်းကိုမလောင်ဘဲနဲ့ လေတိုက်လို့ ရွာသားတွေရဲ့နေအိမ်တွေမီးလောင်သွားတယ်။ လေကြောင်းတိုက်ခိုက်မှုမဖြစ်ခင်တုန်းက တိုက်ပွဲမှာဒဏ်ရာရလာ ကြတဲ့ PDF (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) စစ်သားတွေက ဒီဆေးခန်းမှာကုသမှုခံယူဖို့လာကြတယ်။ စစ်သားတွေက သူတို့နေရာ (ရွာကနေထွက်သွားပြီး) ကိုပြန်သွားပြီးတဲ့နောက်မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်။”
ဤလေကြောင်းတိုက်ခိုက်မှုသည် အအ--- ကျေးရွာတွင် ပထမဦးဆုံးအကြိမ်ဖြစ်ပွားခဲ့သည့်အတွက် ဤဖြစ်ရပ်ကြောင့် ရွာသားများကြောက်ရွှံ့ခဲ့ကြပါသည်။ အချို့ရွာသားများ၏နေအိမ်များတွင် ဗုံးခိုကျင်းများရှိပြီးအချို့နေအိမ်များတွင် ဗုံးခိုကျင်းများမရှိပါ။ ထို့ကြောင့် ဗုံးခိုကျင်းမရှိသောရွာသားများသည် ဗုံးခိုကျင်းများကိုစတင်၍တူးခဲ့ကြပါသည်။ လေကြောင်းတိုက်ခိုက်မှု (ဘေးကင်းလုံးခြုံမှုအတွက် အခြားနေရာသို့ ကျောင်းမတက်မီအချိန်) နှင့် မိဘများမှ ၎င်းတို့၏ ကလေးများအား ကျောင်းသို့ပို့ရန် စိုးရိမ်ကြောက်ရွှံ့မှုများကြောင့် ကျောင်းများ (သုံးရက်တာ) ပိတ်ထားခဲ့ရပါသည်။