Karen Human Rights Group

အန္တရာယ်အောက်ကျရောက်နေသော ရပ်ရွာလူထုနေရာများ - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရပ်ရွာအဆောက်အဦး များ နှင့် ရိုးရာယဉ်ကျေးမှုအခမ်းအနားများအား တိုက်ခိုက်ဖျက်ဆီးခြင်း (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ)

 

၁။ နိဒါန်း

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုမှစ၍[1] လက်နက်ကိုင်ပဋိပက္ခများ ပို၍ဖြစ်ပွားလာပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (SAC)[2] မှ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ လူမှုအသိုင်းအဝန်းများအား ပစ်မှတ်ထားအကြမ်းဖက်တိုက် ခိုက်ခြင်းကြောင့် ရွာသားများသည် မလုံခြံမှုများနှင့်ကြုံတွေ့ခံစားနေရသည်။ SAC သည် ကျေးရွာများကို ဗုံးကြဲ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်သည့်အပြင် အများပြည်သူပိုင်အ ဆောက်အဦးများကိုလည်း တိုက်ခိုက်ဖျက်ဆီး၍ ရွာသားများ၏လူမှုဘဝကို ခြိမ်းခြောက်စေပါသည်။ ရွာသားအ များစုသည် ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ စာသင်ကျောင်းနှင့် ဆေးရုံ၊ ဆေးခန်းများအစရှိသော ပြည်သူပိုင် အဆောက်အဦးများကို ဝတ်ပြုကိုးကွယ်သည့်နေရာဖြစ်စေ၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာပွဲတော်များကို ကျင်းပဆင်နွဲ သည့်နေရာဖြစ်စေ၊ စာသင်ကြားသည့်နေရာဖြစ်စေ၊ ဆေးကုသမှုရယူသည့်နေရာဖြစ်စေ အသုံးပြုကြသည်။ ဤ အဆောက်အဦးများသည် လူမှုအဖွဲ့အစည်းအတွက် အရေးပါပြီး ရွာသားများ၏လူမှုဘဝအတွက်လည်း အခရာကျ သောနေရာများဖြစ်သည်။ ထိုနည်းတူ ရိုးရာယဉ်ကျေးမှုဆိုင်ရာပွဲတော်များသည် ရွာသားများအနေဖြင့်  ၎င်းတို့၏ ယဉ်ကျေးမှုကို ထုတ်ဖော်ပြသ၍ ကျင်းပသောနေရာဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် SAC သည် ဒေသတွင်း သတ်မှတ် ထားသော ကရင်ပြည်နယ်ရှိ ရပ်ရွာအဆောက်အဦးများနှင့် အခမ်းအနားများအား အဆက်မပြတ် အကြမ်းဖက် တိုက်ခိုက်ခြင်းကြောင့် အကျိုးဆက်အနေဖြင့် ရွာသားများသည် ဘာသာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနား များကျင်းပခြင်း၊ ဆေးကုသမှုရယူခြင်းနှင့် ပညာလေ့လာသင်ယူခြင်းတို့အပေါ် အခက်အခဲ၊ စိန်ခေါ်မှုများဖြစ်စေပါ သည်။ ၎င်းလုပ်ရပ်သည် ရွာသားများ၏လူ့အခွင့်အရေးနှင့် နိုင်ငံတကာလူသားချင်းစာနာထောက် ထားမှုဥပဒေကို သိသိသာသာ ချိုးဖောက်နေသည်။

ဤအနှစ်ချုပ်စာတမ်းသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ SAC အနေဖြင့် ကရင်ပြည်နယ်ရှိ ရပ်ရွာအ ဆောက်အဦးများကို အကြမ်းဖက်တိုက်ခိုက်သည့်အခြေအနေများနှင့်ပတ်သက်၍ KHRG မှတ်တမ်းပြုစုခဲ့သော ဖြစ်စဉ်များ နှင့် ရွာသားများမှ တင်ပြခဲ့သောသက်သေအထောက်အထားများကို ရေးသားဖော်ပြထားသည်။   ရပ်ရွာအဆောက် အဦးများဖျက်ဆီးခံရသောကြောင့် ဘာသာရေးဆိုင်ရာဝတ်ပြုကိုးကွယ်ခြင်း၊ ရိုးရာယဉ်ကျေးမှု ဆိုင်ရာပွဲများကျင်းပ ခြင်း၊ စာသင်ကြားခြင်းနှင့် ဆေးကုသမှုရယူခြင်းများစသည်တို့တွင် ရွာသားများကြုံတွေ့ ရသော အခက်အခဲစိန်ခေါ် မှုများကိုလည်း ဤအနှစ်ချုပ်စာတမ်းတွင် မီးမောင်းထိုးပြထားပါသည်။ အနှစ်ချုပ်စာ တမ်း၏ပထမအပိုင်းတွင် ယခင်အတိတ်ကာလနှင့် ယခုလက်ရှိကာလအတွင်း မြန်မာပြည်အရှေ့တောင်ရှိ လူ့အခွင့်အရေးအခြေအနေများကို အကျဉ်းချုပ်ခြုံငုံသုံးသပ်ထားပါသည်။ ဒုတိယအပိုင်းတွင် ၂၀၂၅ ခုနှစ်နှစ်ဝက် ကာလအတွင်း မြန်မာပြည်အရှေ့ တောင်ပိုင်းတွင် SAC မှ ရပ်ရွာအဆောက်အဦးများနှင့် ရိုးရာယဉ်ကျေးမှု ဆိုင်ရာအခမ်းအနားများကို အကြမ်းဖက် တိုက်ခိုက်ခြင်းနှင့် ဤအကြမ်းဖက်မှုကြောင့် ရွာသားများအပေါ် ထိခိုက်စေသော ဆိုးကျိုးသက်ရောက်မှုများကို တင်ပြထားသည်။ တတိယအပိုင်းတွင် ဤသို့အကြမ်းဖက် လုပ်ရပ်များနှင့်ပတ်သက်သော ဥပဒေချိုးဖောက်မှုများ အကြောင်းအပါအဝင် ပြည်တွင်းနှင့်ပြည်ပသက်ဆိုင် ရာတာဝန်ရှိသူများအတွက် လေးစား လိုက်နာရမည့်အကြံပြု ချက်များကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။ 

၂။ ခြုံငုံသုံးသပ်ချက် - မြန်မာစစ်တပ်မှ ဆယ်စုနှစ်များစွာ ကျင့်သုံးလာသည့်လုပ်ရပ်တစ်ခုဖြစ်သော ကျေးရွာများနှင့် ရပ်ရွာအဆောက်အဦးများအား တိုက်ခိုက်ခြင်း

၁၉၄၈ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ၎င်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တို့သည် နိုင်ငံရေးဆိုင်ရာ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုရရှိရန် လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့သည့်အချိန်ကာလကတည်းက မြန်မာစစ်တပ်သည် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် နေထိုင်ကြ သော ရွာသားများနှင့်၎င်းတို့၏ရပ်ရွာဒေသကို စနစ်တကျ အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးခဲ့သည်။ ရွာသားများ အား ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် မြန်မာစစ်တပ်ကျင့်သုံးလာခဲ့သော ဖြတ်လေးဖြတ်မဟာဗျူဟာ၏အစိတ်အပိုင်း တစ်ခုဖြစ်သည်။ ဖြတ်လေးဖြတ်လေးမဟာဗျူဟာသည် မြေလှန်မီးရှို့စစ်ဆင်ရေးဖြစ်ပြီး ၎င်းရည်ရွယ်ချက်မှာ တော် လှန်ရေးတပ်ဖွဲ့များအား စားနပ်ရိက္ခာ၊ ငွေကြေးပံ့ပိုးမှု၊ တပ်သားသစ်စုဆောင်းမှုနှင့် နည်းပညာထောက်ပံ့မှုများ ရရှိခြင်းမှ ဖြတ်တောက်နိုင်ရန်ဖြစ်သည်။ ဤဗျူဟာမူဝါဒအရ မြန်မာစစ်တပ်သည် ကရင်ပြည်နယ်ရှိ ရွာသားများ အပေါ် ရန်သူစစ်သားအဖြစ်သော်လည်းကောင်း၊ စစ်ဖက်ဆိုင်ရာတိုက်ခိုက်မှုပစ်မှတ်အဖြစ်သော် လည်းကောင်း ရှုမြင်ခဲ့သည်။

မြန်မာစစ်တပ်သည် ‘အမဲရောင်နယ်မြေ’[3] ဆို၍ သတ်မှတ်ထားသောဒေသများတွင် ကျေးရွာများကို မီးတင်ရှို့ခြင်း၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခြင်း၊ ရွာသားများအား တွေ့လျှင်ပစ်ခတ်ခြင်း၊ ရွာသားများကို အဓမ္မပျောက်ဆုံးစေ ခြင်း၊ ပေါ်တာနှင့်လူသားဒိုင်းသဖွယ် အသုံးပြုခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ ရပ်ရွာဒေသတစ်ခုလုံးကို အဓမ္မရွှေ့ပြောင်းခိုင်းစေခြင်းနှင့်အခြားလူ့အခွင့်အရေးချိုးဖောက်မှုများကို ဆယ်စုနှစ်များစွာ ကျူးလွန်ခဲ့ကြသည်။ ဤသို့အကြမ်းဖက်လုပ်ရပ်များသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်သော ရာဇ ဝတ်မှုမြောက်ပါသည်။[4]

KNU နှင့်မြန်မာစစ်တပ်အကြား လက်မှတ်ရေးထိုးခဲ့သော ပဏာမအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်နှင့် နောက်ဆက်တွဲ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ဖြစ်ပေါ်လာပြီးနောက်ပိုင်း တစ်ချို့သောစစ်ပြေးရှောင်နှင့်နေရပ်စွန့်ခွာရသူများသည် ၎င်းတို့အိမ်သို့ ပြန်လာနေထိုင်နိုင်ရန်အခွင့်အရေးရရှိခဲ့ သည်။ အပစ်အခတ်ရပ်စဲရေးကာလအတွင်း တစ်ဖက်တွင်လည်း  မြန်မာစစ်တပ်သည် ကန့်သတ်နယ်မြေများတွင် စစ်အင်အားတိုးချဲ့လာသည့်အပေါ် ရွာသားများနှင့် မြန်မာစစ်တပ်မှ[5] စစ်သားများတို့အကြား တင်းမာမှုများ၊ အဆင်မပြေမှုများရှိခဲ့သည်။ ထို့အပြင် အပစ်အခတ်ရပ်စဲရေးကာလအတွင်း နယ်မြေခံစီးပွားရေးလုပ်ငန်းရှင်များနှင့် ပြင်ပစီးပွားရေးလုပ်ငန်းရှင်များသည် မြန်မာပြည်အရှေ့တောင်ပိုင်းတစ်လျှောက်တွင် သဘာဝပတ်ဝန်းကျင်အရ အမြတ်ထုတ်၍ရသော အသေးစားနှင့်အကြီးစားဖွံ့ဖြိုးရေးစီမံကိန်းများကို[6] စတင်အ ကောင်အထည်ဖော်ဆောင် ခဲ့သည်။ တစ်ချိန်တည်းတွင်လည်း မြန်မာနိုင်ငံဗဟိုအစိုးရမှ ရေးဆွဲပြဌာန်းခဲ့သော မူဝါဒများသည် ကျေးလက်နေ ရွာသားများ၏အသေးစားမြေယာပိုင်ဆိုင်မှုများကို တရားဝင်သိမ်းယူနိုင်သည့်အခြေအနေကို တွန်းအားပို့စေခဲ့ သည်။ မြန်မာစစ်တပ်၏ စစ်သားများသည် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ နယ်မြေအများစုတွင် နေထိုင်ကြသော ရွာသားများအား ဆန့်ကျင်၍ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက် ကျူးလွန်နေခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်ခေါင်းဆောင်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထံမှ အာဏာသိမ်းလုယူပြီးနောက်ပိုင်းတွင် အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားခဲ့သည်။ NLD အစိုးရသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး ပြည်သူရွေးကောက်ခံရသောအစိုးရဖြစ်သည်။ ထို့နောက် ၂၀၂၀ ခုနှစ်၊ နိုဝင် ဘာလတွင် ကျင်းပခဲ့သော အမျိုးသားရွေးကောက်ပွဲတွင်လည်း တောင်ပြို၊ကမ်းပြိုထပ်မံအနိုင်ရရှိခဲ့ပြန်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အမိန့်အောက်တွင် ရှိသော မြန်မာ စစ်တပ်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြစ်ပေါ်နေသည့်တော်လှန်မှုများကို ပြန်လည်တု့န်ပြန်ရာတွင် အရပ်သားပြည်သူများအား အကြမ်းဖက်တိုက်ခိုက်ခဲ့သည်။ အကျိုးဆက်အနေဖြင့် SAC သည် လူ့အ ခွင့်အရေးချိုး ဖောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်ခဲ့သည်။ ထိုအထဲတွင် ကျေးရွာများကို အကန့်အသတ်မရှိ ထပ်ခါတလဲ လဲ မီးရှို့ဖျက်ဆီးခြင်း၊ အကျဉ်းချခံရသော တက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူ များအား ညှဉ်းပမ်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်း၊ ကလေးများအပါအဝင် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းနှင့် အရပ်သားပြည်သူများအား လူသားဒိုင်းသဖွယ်အသုံးပြုခြင်းစသည်တို့ ပါဝင်ပါသည်။[7]

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း မြန်မာပြည်အရှေ့တောင်ပိုင်းတွင် SAC သည် ရွာသားများနှင့် ၎င်းတို့ရပ်ရွာအဆောက်အဦးများကို ပစ်မှတ်ထား၍ လေကြောင်းဖြင့်တိုက်ခိုက်သည့်လုပ်ရပ်များ ပို၍လုပ်ဆောင်လာပြီး ဖြတ်လေးဖြတ်မဟာဗျူဟာကို ပြန်လည်အသက်သွင်းခဲ့သည်။[8] ဤသို့အချိန်ကာလတွင် (ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ စာသင်ကျောင်းနှင့်ဆေးခန်းများအစရှိသော) ရပ်ရွာအဆောက်အဦး များသည် ရွာသားများ၏လူမှုဘဝအတွက် အချက်အချာကျသောနေရာများဖြစ်ပြီး စစ်ပဋိပက္ခကြောင့် ထွက်ပြေးပုန်းရှောင် ရာတွင်လည်း ဤရပ်ရွာအဆောက်အဦးများသည် ၎င်းတို့အတွက် နားခိုရာ၊ ခိုလှုံရာနေရာများဖြစ်ကြသည်။[9] SAC အနေဖြင့် စစ်ပဋိပက္ခဒဏ်ကြောင့် ဆိုးဆိုးရွားရွားကြုံတွေ့ခံစားရသော ရွာသားများနှင့် အခြေခံကျသော ရပ်ရွာ အဆောက်အဦးများကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည်။[10]

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း KHRGမှ ကောက်ယူခဲ့သောသတင်းမှတ်တမ်းများအရ SAC သည် ဒေသတွင်းသတ်မှတ်ထားသော ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး (၂၀၃) ကြိမ်ပြုလုပ်ခဲ့ပြီး ရပ်ရွာအဆောက်အဦးများ အနည်းဆုံး (၈၉) လုံး ပျက်စီးသွားခဲ့သည်။[11] ထိုနည်းတူ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN) မှ ထုတ်ပြန်ချက်အရ  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း မြန်မာပြည်အရှေ့တောင်ပိုင်းတစ်လျှောက်တွင် မြန်မာစစ်တပ် လုပ်ဆောင်သော လေကြောင်း တိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်း (၂၂) လုံး၊ ဆေးရုံဆေးခန်း (၂၁) လုံး၊ ဘုရား ကျောင်း (၂၃) ကျောင်းနှင့် ဘုန်းကြီးကျောင်း (၃၁) ကျောင်းပျက်စီးသွားခဲ့သည်။[12] ထို့အပြင် မြန်မာတစ်နိုင်ငံ လုံးအတိုင်းအတာဖြင့်  SAC ၏အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဆေးရုံ၊ ဆေးခန်းများနှင့် စာသင်ကျောင်းများ ရာနှင့်ချီ၍ ပျက်စီးခဲ့ရကြောင်း အခြားအဖွဲ့အစည်းများကလည်း တင်ပြခဲ့သည်။[13] ဤအရေအတွက်များအားလုံး သည် လက်တွေ့မြေပြင်အခြေအနေတွင် ဖြစ်ပွားနေသည့်အရေ အတွက်များထက် နည်းကောင်းနည်းလိမ့်မည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင်ဖြစ်ပွားခဲ့သော စစ်ကိုင်းပြတ်ရွေ့ကြောငလျင်ဒဏ်ကြောင့် ဒေသတွင်း ပျက်စီးမှု များနှင့် SAC တစ်ဖတ်သတ်ထုတ်ပြန်ခဲ့သော အရပ်အခတ်ရပ်စဲရေးကြေညာချက်များကြောင့် SAC အနေဖြင့် မြန်မာ နိုင်ငံရှိ အရပ်သားများအပေါ် အဆက်မပြတ်တိုက်ခိုက်နေသည့်လုပ်ရပ်သည် ၂၀၂၅ ခုနှစ်တွင် လျော့နည်းလာ သည်။[14] ဤအခြေအနေကြောင့် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရပ်ရွာအဆောက်အဦးများနှင့် ရိုးရာယဉ်ကျေးမှု ဆိုင်ရာနေရာများအပေါ် SAC ၏အကြမ်းဖက်တိုက်ခိုက်မှုသည် ရပ်တန့်ခြင်းမရှိခဲ့သော်လည်း အနည်းငယ်လျော့ နည်းလာသည်ဟုဆို၍ရသည်။            

၃။ ဖြစ်စဉ်များအကျဉ်းချုပ် - SAC မှ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးရွာများကို တိုက်ခိုက်ခြင်းကြောင့် ရပ်ရွာ အဆောက်အဦးများ ပြိုကျပျက်စီးခြင်း

၂၀၂၅ ခုနှစ်တွင် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရပ်ရွာအဆောက်အဦးများအပေါ် SAC ၏တိုက်ခိုက်မှုများ ဆက် လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ဘုန်းကြီးကျောင်းများ၊ ဘုရားကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆေးခန်းများ မြောက်များစွာပျက်စီးခဲ့သည်။ SAC အသုံးပြုသည့်တိုက်ခိုက်မှုများသည် တိုက်ရိုက်တိုက်ခိုက်မှုနှင့်ရမ်းသမ်းတိုက် ခိုက်မှုနှစ်မျိုးစလုံးပါဝင်ပြီး ထိုအထဲတွင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းတိုက်ခိုက်မှုနှင့် မီးရှို့တိုက်ခိုက်မှုများလည်း အကျုံးဝင်သည်။ SAC သည် ဒေသတွင်းသတ်မှတ်ထားသော ကရင်ပြည်နယ်ရှိ ရပ်ရွာ အဆောက်အဦးများနှင့်အခမ်းအနားများကို တိုက်ခိုက်ခြင်းကြောင့် အရပ်သားသေဆုံး၊ ဒဏ်ရာရရှိမှုများရှိပြီး ရိုးရာ အမွေအနှစ်နေရာများကို ပျက်စီးစေ၍ လူမှုဘဝရှင်သန်မှုအတွက် လိုအပ်သောစွမ်းဆောင်ရည်များကိုလည်း ထိခိုက်စေပါသည်။ ဘာသာရေးကိုးကွယ်ယုံကြည်သူများသည် ဝတ်ပြုကိုးကွယ်ရာတွင် ကြောက်ရွံ့နေကြသည်။ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများလည်း စာသင်ကျောင်းသွားတက်ရန် ကြောက်ရွံ့ နေကြသည်။ လူနာတွေလည်း ဆေးခန်းသို့သွား၍ ဆေးကုသမှုခံယူရာတွင် အခက်အခဲများဖြစ်စေသည်။ ရွာသား များလည်း ၎င်းတို့၏ရိုးရာယဉ်ကျေးမှုဆိုင်ရာပွဲတော်များကို ကျင်းပရာတွင် အဟန့်အတားများဖြစ်စေပါသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအတွင်း ကရင်ပြည်နယ်ရှိ ဒေသတွင်းသတ်မှတ်ထားသော ခရိုင် (၇) ခုလုံးတွင် ရပ်ရွာအဆောက်အဦးများ တိုက်ခိုက်ခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ သက်သေအထောက်အထားများပါရှိသည့် အစီရင်ခံစာ (၅၅) စောင်ကို KHRG မှ လက်ခံရရှိခဲ့သည်။ ထိုအထဲတွင် SAC တိုက်ခိုက်မှု (၄၇) ကြိမ်ရှိ၍ ဘုန်း ကြီးကျောင်းအဆောက်အဦးများ (၂၃) လုံး၊ ဘုရားကျောင်းတစ်ကျောင်း၊ စာသင်ကျောင်း (၈) ကျောင်းနှင့် ဆေးခန်း (၂) လုံးမှာ ပြန်လည်အသုံး၍မရနိုင်သည့်အထိ ပြိုကျပျက်စီးသွားပြီး ဘုန်းကြီးကျောင်း (၂၆) ကျောင်း၊ ဘုရားကျောင်း (၄) လုံး၊ စာသင်ကျောင်း (၁၆) ကျောင်းနှင့် ဆေးခန်း (၄) လုံးမှာ အနည်း၊အများသာ ပျက်စီးခဲ့သည်။ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း ရပ်ရွာအဆောက်အဦးများအပေါ် SAC ၏တိုက်ခိုက်မှုများထဲတွင် လေ ကြောင်းတိုက်ခိုက် မှုနှင့်ဒရုန်းတိုက်ခိုက်မှုအကြိမ် (၄၀) လောက်ရှိသည်။ SAC  လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်း တိုက်ခိုက်မှုတို့နှင့် အတူ ပေါင်းစပ်ပြီး လက်နက်ကြီးပစ်ခတ်မှုလုပ်ဆောင်ခဲ့သည့်အကြိမ်ရေသည် (၃) ကြိမ် လောက်ရှိသည်။ SAC မှ ရပ်ရွာအဆောက်အဦးများကို မီးရှို့ဖျက်ဆီးသည့်ဖြစ်စဉ်တစ်ခုလည်းပါဝင်သည်။ SAC မှ လက်နက်ကြီးပစ်ခတ်မှုကို သာ အသုံးပြု၍ ရပ်ရွာအဆောက်အဦးများနှင့် ရိုးရာအခမ်းအနားများအပေါ် တိုက်ခိုက် ခဲ့သည့်ဖြစ်စဉ် (၃) ခုကို မှတ်တမ်းပြုစုခဲ့သည်။

KHRG သတင်းမှတ်တမ်းများအရ ၂၀၂၅ ခုနှစ်အတွင်း SAC မှ ရပ်ရွာအဆောက်အဦးများအား တိုက်ခိုက်ခဲ့ခြင်း ကြောင့် ထိုအဆောက်အဦးအထဲတွင်ဖြစ်စေ၊ အနီးတွင်ဖြစ်စေ ရှိနေကြသော ရွာသားများ အနည်းဆုံး (၁၆) ဦး သေဆုံးခဲ့ပြီး (၇၀) ဦးဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူများထဲတွင် အမျိုးသမီး (၂) ဦးနှင့် ကလေးသူငယ် (၂) ဦးပါ ဝင်ပါသည်။ ဒဏ်ရာရရှိခဲ့သူများထဲတွင် အနည်းဆုံး အမျိုးသမီး (၃) ဦးနှင့် ကလေးသူငယ်များ (၇) ဦးပါဝင်သည်။ ဤသို့တိုက်ခိုက်မှုများကြောင့် ဘာသာရေးသက်ဝင်ယုံကြည်သူများ (၃) ဦးနှင့် ကျန်းမာရေးလုပ်သားတစ်ဦးလည်း သေဆုံးခဲ့ပြီး ဘာသာရေးသက်ဝင်ယုံကြည်သူများ (၆) ဦးဒဏ်ရာရရှိခဲ့သည်။

ဤဖြစ်စဉ်အကျဉ်းချုပ်တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအတွင်း SAC မှ ရပ်ရွာအဆောက်အဦးများအား တိုက် ခိုက်ခြင်းနှင့် နောက်ဆက်တွဲဖြစ်လာသောဆိုးကျိုးသက်ရောက်မှုများနှင့်ပတ်သက်သော သက်သေအထောက်အ ထားများကို ရေးသားဖော်ပြထားသည်။ ပထမအပိုင်းတွင် SAC မှ ဘာသာရေးအဆောက်အဦးများနှင့် ရိုးရာအခမ်း အနားများအား တိုက်ခိုက်ခြင်းကြောင့် ရိုးရာအမွေအနှစ်များပျက်စီးခြင်း၊ ရိုးရာဓလေ့ထုံးတမ်းများ နှောက်ယှက် ခံရခြင်း၊ ဘာသာရေးသက်ဝင်ယုံကြည်သူများသေဆုံး၊ ဒဏ်ရာရရှိခြင်း၊ ဘာသာရေးဆိုင်ရာဝတ်ပြု ကိုးကွယ်ရာ တွင် ကြောက်ရွံ့နေရခြင်းအစရှိသော ဆိုးကျိုးသက်ရောက်မှုများကို အခန်း (၃.၁) တွင် ဆွေးနွေးတင်ပြထားသည်။ ထို့အပြင် SAC မှ စာသင်ကျောင်းများအား  တိုက်ခိုက်၍ပျက်စီးသွားသည့်အခြေအနေကို အခန်း (၃.၂) တွင် အထောက်အထားများနှင့်တကွ ခြုံငုံဖော်ပြထားသည်။ စာသင်ကျောင်းများအား တိုက်ခိုက်ခြင်းကြောင့် ကလေး များဒဏ်ရာရခြင်း၊ ကျောင်းသားများ ကျောင်းတက်ခွင့်မရခြင်းနှင့် ၎င်းတို့ပညာရေးအား ဆက်လက်ဆည်းပူးရာတွင် အဟန့်အတားများဖြစ်စေပါသည်။ တတိယအပိုင်းတွင် SAC မှ ဆေးဖက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းများအား တိုက်ခိုက်ခြင်းကြောင့် ရွာသားများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်ခွင့်နှင့် ဆေးကုသခွင့်တို့ကိုရယူရာတွင် အခက်အခဲများကြုံတွေ့ရသောအခြေအနေကို အခန်း (၃.၃) တွင် ဖော်ပြထားသည်။ နောက်ဆုံးတွင် ရွာသားများမှ ၎င်းတို့ကျေးရွာအပြင်ဘက်တွင်အိပ်စက်၍ ကြုံတွေ့နိုင်သည့်အန္တရာယ်ကို ရှောင်ရှားခြင်း၊ တောထဲတွင် တဲအိမ်ထိုး ၍ အမိုးအကာဖြင့်ဆောက်လုပ်ပြီး ကလေးများအတွက် ပညာသင်ကြားပေးခြင်းနှင့် လူနာများကို နီးစပ်ရာဆေးခန်း များသို့ ပို့ဆောင်ပေးခြင်းအစရှိသော ၎င်းတို့အသုံးပြုသော နည်းလမ်းဗျူဟာများကို ဆွေးနွေးဖော်ပြထားသည်။

၃.၁။ SAC မှ ဝတ်ပြုကိုးကွယ်သည့်နေရာများကို တိုက်ခိုက်ခြင်းကြောင့် ဖြစ်လာသောအကျိုးသက်ရောက်မှုများ

၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း SAC အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အနည်းဆုံး ဘုန်းကြီးကျောင်း (၂၃) ကျောင်းနှင့် ဘုရားကျောင်း (၁) ကျောင်း ပြိုကျပျက်စီးသွားပြီး အခြားဘုန်းကြီးကျောင်း (၂၆) ကျောင်းနှင့် ဘုရား ကျောင်း (၄) ကျောင်းမှာ အနည်း၊ အများ ပျက်စီးသွားခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအတွင်း SAC မှ ဘာသာရေးဆိုင်ရာအဆောက်အဦးများကို တိုက်ခိုက်ခဲ့ခြင်းကြောင့် ဘာသာရေးခေါင်းဆောင်များ သေဆုံး၊ ဒဏ်ရာရရှိခဲ့သည်။ မှတ်တမ်းများအရ ထိုသို့ဘာသာရေးအဆောက်ဦးများအား တိုက်ခိုက်ရာတွင် အနည်းဆုံး ဘာသာရေးသက်ဝင်ယုံကြည်သူများ (၃) ဦးသေဆုံးခဲ့ပြီး အခြား (၆) ဦးမှာ ဒဏ်ရာရရှိခဲ့သည်။ SAC သည် ဘာ သာရေးဆိုင်ရာအဆောက်အဦးများအပေါ် လေကြောင်းတိုက်ခိုက်မှုနှင့်ဒရုန်းတိုက်ခိုက်မှု အနည်းဆုံး (၂၀) ကြိမ် ပြုလုပ်ခဲ့ပြီး ဘုန်းကြီးကျောင်းနှင့်ဘုရားကျောင်းများကို လက်နက်ကြီးပစ်ခတ်၍တိုက်ခိုက်သည့်အကြိမ် (၄) ကြိမ် ရှိခဲ့သည်။

မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ဘုန်းကြီးကျောင်းများနှင့်စေတီပုထိုးများသည် များသောအားဖြင့် သိသာမြင်သာ သည့် တောင်ကုန်း၊ တောင်ထိပ်ပေါ်တွင် တည်ဆောက်ထားလေ့ရှိသည်။ ဘုရားကျောင်းများလည်း ဘာသာရေး ဆိုင်ရာအမှတ်အသားများပါရှိ၍ ၎င်းတို့၏တည်နေရာကို အလွတ်တကူသိရှိနိုင်သည်။ SAC သည် ထိုဘာသာရေး အဆောက်အဦးများကို ဘာကြောင့်တိုက်ခိုက်ခဲ့ကြောင်း ရွာသားများအနေဖြင့် နားမလည်နိုင်ဘဲရှိနေသည်။ ရွာသားများသည် SAC ၏လုပ်ရပ်များကို ရှုတ်ချခဲ့သည်။ SAC သည် ထိုဘာသာရေးအဆောက်အဦးများအား တိုက်ခိုက်ခြင်းကြောင့် ရွာသားများအနေဖြင့် ဘာသာရေးဆိုင်ရာဝတ်ပြုကိုးကွယ်ခွင့်နှင့် အခမ်းအနားများ ကျင်းပ နိုင်ခွင့်မရှိတော့ဘဲ အကြောက်တရားများနှင့်နေထိုင်နေရကြောင်းလည်း တင်ပြခဲ့သည်။

     က။ ဘာသာရေးအထွဋ်အမြတ်ထားရာနေရာများ ဖျက်ဆီးခံရခြင်း

SAC မှ ဘာသာရေးဆိုင်ရာအဆောက်အဦးများအား တိုက်ခိုက်ခြင်းကြောင့် ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ ပျက်စီးသွားပြီး အရပ်သားများလည်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း တွေ့ရှိရသည်။ ဥပမာဖြစ်စဉ်တစ်ခုမှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ နေ့လယ် (၁၂း၄၇) မိနစ်တွင် SAC ဂျက်လေယာဉ်များသည် ဒူးသထူ (သထုံ) ခရိုင်၊ ဘီးလင်းမြို့နယ်၊ ခေါဖိုးပလဲ့ (မင်းစော) ကျေးရွာအုပ်စု၊ အဘ--- ကျေးရွာတွင် ပေါင် (၅၀၀) ဗုံးနှစ်လုံးပစ်ချခဲ့သည်။ ထိုဗုံးနှစ်လုံးသည် ဘုန်းကြီးကျောင်းဝင်းထဲတွင် ကျရောက်ပေါက်ကွဲ၍ အဓိကကျသော ဘုန်းကြီးကျောင်း အဆောက်အဦး (၃)လုံးနှင့် အခြားအဆောက်အဦး (၃)လုံး ပျက်စီးသွားခဲ့သည်။ ဤလေကြောင်းတိုက်ခိုက်မှုတွင် ဆရာတော်နှစ်ပါးလည်း ဒဏ်ရာရရှိခဲ့သည်။ ပထမဆရာတော်တစ်ပါးသည် သူ၏ခြေဖနှောင့်တွင် ဒဏ်ရာရရှိခဲ့ သည်။ ဒုတိယ ဆရာတော်တစ်ပါးသည် သူ၏ဝမ်းဗိုက်တွင် ဒဏ်ရာရရှိခဲ့သည်။ ဒေသခံကျန်းမာရေးလုပ်သား တစ်ဦးသည် ဘုန်းကြီးကျောင်းထဲတွင် ဒဏ်ရာရရှိသော ဆရာတော်နှစ်ပါးအား အရေးပေါ် ဆေးကုသမှုပေးခဲ့သည်။ ဤလေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာထဲရှိ လူနေအိမ် (၅)လုံးအား ထိမှန်၍ အများအပြားပျက်စီး ဆုံးရှုံးမှု ရှိခဲ့သည်။ ဗုံးအစများသည် အခြားလူနေအိမ် (၄၃)လုံးကိုထိမှန်၍ အိမ်ခေါင်မိုးနှင့်နံရံများ အနည်းငယ် ပျက်စီးခဲ့ သည်။ ထို့အပြင် လယ်ယာစိုက်ပျိုးခြံများလည်း ထိမှန်ပျက်စီးခဲ့သည်။ SAC ဂျက်လေယာဉ်သည် အဘ--- ကျေးရွာတွင် မကြာခဏဗုံးလာကြဲလေ့ရှိသည်။ ထို့ကြောင့် ရွာသားများသည် တောတောင်၊ မြစ်ချောင်းများသို့ ထွက်ပြေးပုန်း ရှောင်ခဲ့သည်။[15] 

အခြားဖြစ်စဉ်တစ်ခုလည်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။ SAC ဂျက် လေယာဉ်သည် ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ ဆောထိမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စု၊ ယစျ--- ကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် SAC ဂျက်လေယာဉ်တစ်စီးသည် ကျေးရွာထဲတွင် ဗုံးများကြဲ၍ လူနေအိမ်တော်တော်များများပျက်စီးသွားပြီး ဘုန်းကြီးကျောင်းလည်း အနည်းငယ်ပျက်စီးသွားခဲ့သည်။ နောက်တစ်နေ့တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့၌ SAC ဂျက်လေယာဉ်တစ်စီးသည် ထိုကျေးရွာတွင် ဗုံးများထပ်မံပစ်ချခဲ့ပြီး ဘုန်းကြီးကျောင်း အဆောက်အဦးနှစ်လုံး၏ခေါင်မိုးများ၊ နံရံများနှင့်ကြမ်းပြင်များ ပျက်စီးသွားခဲ့သည်။ ဤဖြစ်စဉ်နှင့်ပတ်သက်၍ ခလယ်လွီထူခရိုင်၊ ညောင်ပင်ကြီးကျေးရွာအုပ်စု၊ ယစျ--- ကျေးရွာတွင်နေထိုင်သော ဆရာ တော်ဦးမ--- က ယခုလိုရှင်းပြသည်။ “သူတို့က (SAC) လေယာဉ်တွေကိုအသုံးပြုပြီး အရာအားလုံးကို တိုက် ခိုက်တယ်၊ ဖျက်ဆီးတယ်၊ သူတို့က နှစ်ကြိမ်လာပြီးတိုက်ခိုက်တယ်၊ ဒုတိယတစ်ကြိမ်က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ လ ၂၈ ရက်မှာဖြစ်ပွားခဲ့တယ်။ ပထမအကြိမ်မှာ ဘုန်းကြီးကျောင်းရဲ့ဘော်ဒါဆောင်တစ်လုံးပျက်စီးသွားတယ်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့ မနက် (၁း၄၀) မိနစ်မှာ ဖြစ်သွားတဲ့အကြိမ်မှာတော့ ဘုန်းကြီးကျောင်း အဆောက်အဦးတော်တော်များများပျက်စီးသွားခဲ့တယ်။” ဆရာတော်ဦးမ--- က ထပ်မံ၍ရှင်းပြခဲ့သည်မှာ “ဘုန်း ကြီးကျောင်းဝင်းထဲမှာ အဆောက်အဦး (၇)လုံးရှိတယ်။ အချို့အဆောက်အဦးက ပြန်လည်ပြုပြင်လို့ရတယ်။ အဲဒီ အဆောက်အဦး (၇)လုံးက ပျက်စီးသွားတယ်လေ။ ဒီအခြေအနေကြောင့် ဆရာတော်တို့လည်း ဘာသာရေးအ ခမ်းအနားတွေ၊ ဝတ်ပြုကိုးကွယ်မှုတွေ ဆက်လုပ်လို့မရတော့ဘူး။ ဆရာတော် အရမ်းဝမ်းနည်းမိတယ်။ ဘုန်းကြီး ကျောင်းကို ပြန်လည်တည်ဆောက်နိုင်ဖို့ အမြဲတမ်းဆုတောင်းတယ်။”[16]   

     ခ။ ဘာသာရေးဆိုင်ရာအခမ်းအနားများနှင့်ဝတ်ပြုကိုးကွယ်မှုများအား နှောက်ယှက်ခြင်း

SAC မှ ဘာသာရေးအဆောက်အဦးများအား တိုက်ခိုက်ခြင်းသည် ဘာသာရေးသက်ဝင်ယုံကြည်သူများနှင့် ရွာသား များ၏လုံခြုံရေးကို ခြိမ်းခြောက်စေပါသည်။ ထို့အပြင် ဤသို့လုပ်ရပ်ကြောင့် ရွာသားများအနေဖြင့် ဘာသာရေး အခမ်းအနားများအား ကျင်းပရာတွင် အဟန့်အတား၊ စိန်ခေါ်မှုများဖြစ်စေပါသည်။ SAC အသုံးပြုသော တိုက်ခိုက် မှုပုံစံများကိုကြည့်၍ SAC မှ ဘာသာရေးအဆောက်အဦးများကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ရွာသားတော်တော်များများက ယုံကြည်ကြသည်။ ဥပမာဖြစ်စဉ်တစ်ခုမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ ဆောထိ (ရွှေကျင်) မြို့နယ်၊ အင်းဝိုင်းကျေးရွာအုပ်စု၊ စျယ--- ကျေးရွာတွင် အခြေစိုက်သော SAC ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၂၀) သည် ဒရုန်းတစ်စီးကို လွှတ်တင်၍ အင်းဝိုင်းကျေးရွာအုပ်စု၊ ယဟ--- ကျေးရွာရှိ ဘုန်းကြီးကျောင်းပေါ်တွင် ဗုံးတစ်လုံးပစ်ချခဲ့သည်။ ဤဒရုန်းတိုက်ခိုက် မှုကြောင့် ဘုန်းကြီးကျောင်းပျက်စီးသွားပြီး အသက် (၅၀)နှစ်ရှိသော ဆရာတော် ဃ--- ကိုလည်း ထိမှန်၍ ပျံလွန်တော် မူခဲ့သည်။ ဗုံးအစသည် အသက် (၄၆)နှစ်ရှိသော ဆရာတော်စောဟ--- ၏ဘယ်ဖက်ပေါင်တွင် ထိမှန်၍ ဒဏ်ရာရ ရှိခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် SAC စစ်သားများသည် တောအူး (တောင်ငူ) ခရိုင်၊ ဒေါ်ဖားခို (သံတောင်ကြီး) မြို့နယ်၊ ပဆောလိုကျေးရွာအုပ်စု၊ ပဘ--- ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး လူနေအိမ် (၄) လုံးနှင့် ခရစ်ယာန် မယ်သီလရှင်များ အသုံးပြုသော ဘာသာရေးအဆောက်အဦး (၅)လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုဘာသာရေး အဆောက်အဦးများထဲတွင် မယ်သီလရှင်များ နေထိုင်သော အဆောင် (၄) လုံးနှင့် စပါးကျီတစ်လုံးပါဝင်ပါ သည်။ မီးရှို့ခံရသည့် မယ်သီလရှင်များနေထိုင်သော အဆောင် (၄) လုံးနှင့် စပါးကျီတစ်လုံးသည် ခရစ်ယာန်ဘုရား ကျောင်းဝင်းထဲတွင် တည်ရှိသည်။ ပျက်စီးသွားသည့်အဆောက်အဦးများသည် ဘာသာရေးအမှတ်အသားရှိ၍ ဘာသာရေးသာသနာမြေထဲတွင်တည်ရှိသည်။ အကြောင်းမှာ ထိုအဆောက်အဦးများအပေါ်တွင် လက်ဝါးကပ်တိုင် ကြီးများရှိပြီး ဘာသာရေးသာသနာမြေထဲတွင် မယ်တော်မာရိ၏ရုပ်ထုကြီးလည်း တည်ဆောက်ထားသည်။ ပဘ--- ကျေးရွာတွင်နေထိုင်သော ရွာသားတစ်ဦးဖြစ်သူ စောဒ--- က KHRG အား ဤသို့ရှင်းပြသည်။ “သူတို့က (SAC) လူနေအိမ်နဲ့ဘာသာရေးအဆောက်အဦးတွေကို ဘာဖြစ်လို့မီးရှို့ဖျက်ဆီးရလဲဆိုတာ ကျွန်တော်လည်း သေချာမသိ ဘူး။ ကျွန်တော့်အမြင်မှာ သူတို့က နယ်မြေရှင်းလင်းရေးလုပ်ရင်း ဒီအဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးပစ်တာ ထင်တယ်။ အဲဒီချိန်မှာ တိုက်ပွဲလည်းမဖြစ်ဘူး။ သူတို့က အိမ်တွေကိုမီးရှို့တဲ့အချိန်မှာ လမ်းတွေကို ပိတ်လိုက် တယ်။”[17]

အခင်းဖြစ်ပွားသည့်နေ့တွင် ပဘ--- ကျေးရွာထဲမှာ ရွာသားတစ်ဦးမှ ရှိမနေခဲ့ပါ။ အခင်းမဖြစ်ပွားမီ လွန်ခဲ့သည့် (၃) နှစ်ကျော်တွင် ရွာသားများသည် ၎င်းတို့ရွာမှ ထွက်ပြေးပုန်းရှောင်ခဲ့ပြီးဖြစ်သည်။ တစ်ချို့ရွာသားများသည် ၎င်းတို့စိုက်ပျိုးခြံထဲရှိ တဲအိမ်များသို့ ပုန်းရှောင်ခဲ့သည်။ တစ်ချို့ရွာသားများသည် ၎င်းတို့ဆွေမျိုးများရှိရာ မြို့ထဲသို့ ပုန်းရှောင်ခဲ့သည်။ တစ် ချို့ရွာသားများသည် တောထဲသို့ပုန်းရှောင်ခဲ့သည်။ ခရစ်ယာန်မယ်သီလရှင်များသည် ယခင်က ခရစ်ယာန်အဆောင်ထဲတွင်နေထိုင်ခဲ့သည်။ SAC မှ ထိုအဆောင်များကို မီးရှို့ဖျက်ဆီးပြီးနောက် မယ် သီလရှင်များအတွက် ၎င်းတို့ဘာသာရေးသာသနာနယ်မြေသို့ ပြန်သွားပြီး ဘာသာရေးဆိုင်ရာအခမ်းအနာများ ကျင်းပရန် အခက်အခဲများရှိနေသည်။ အကြောင်းမှာ ၎င်းတို့တွင် နေထိုင်စရာနေရာမရှိတော့သောကြောင့်ဖြစ် သည်။ စပါးကျီတစ်လုံးမီးရှို့ဖျက်ဆီးခံရခြင်းကြောင့် ခရစ်ယာန်မယ်သီလရှင်များအတွက် စားဝတ်နေရေးအခက် အခဲဖြစ်စေပါသည်။

     ဂ။ ရိုးရာယဉ်ကျေးမှုဆိုင်ရာအခမ်းအနားများကိုတိုက်ခိုက်ခြင်းကြောင့်လူများသေဆုံးပြီး ကြောက်ရွံ့မှု ဖြစ်ပေါ်ခြင်း

SAC မှ ကျေးရွာများအတွင်း ကျင်းပပြုလုပ်သော ရိုးရာယဉ်ကျေးမှုဆိုင်ရာအခမ်းအနားများကိုလည်း တိုက်ခိုက် လေ့ရှိသောကြောင့် ရွာသားများအနေဖြင့် အမိုးအကာမရှိသည့်နေရာများတွင် အခမ်းအနားများကိုကျင်းပရန် ကြောက်ရွံ့နေရကြောင်း ဒေသခံများက တင်ပြခဲ့သည်။ ၂၀၂၅ ခုနှစ်အစောပိုင်းတွင် SAC အနေဖြင့် ရိုးရာယဉ် ကျေးမှုဆိုင်ရာအခမ်းအနားများကို တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်များနှင့်ပတ်သက်သော အစီရင်ခံစာ (၃) စောင်ကို KHRG မှ လက်ခံရရှိခဲ့သည်။ ထိုဖြစ်စဉ်များတွင် SAC ဂျက်လေယာဉ်များသည် ကျေးရွာဒေသအတွင်း ကရင်လူမျိုး များ၏နေ့ထူးနေ့မြတ်ရက်များဖြစ်သော ကရင်နှစ်သစ်ကူးနေ့ သို့မဟုတ် ကရင်လက်ချည်ပွဲနေ့ကို ရွာသားများ ကျင်းပသောနေရာများတွင် ဗုံးကြဲတိုက်ခိုက်သည့်အကြောင်းအရာများပါဝင်သည်။ ဤသို့တိုက်ခိုက်မှုများကြောင့် ရွာသားများအကြားတွင် အကြောက်တရားများဖြစ်ပေါ်စေပြီး အနာဂတ်တွင် ရိုးရာအခမ်းအနားများကို ကျင်းပနိုင် ရန်အတွက် သေချာရေရာမှုများမရှိတော့ပေ။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့ မနက် (၁၁း၃၀) မိနစ်တွင် SAC သည် ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ ဖောကလိုးဒေသ၊ ယပ--- ကျေးရွာကို လေကြောင်းဖြင့်တိုက်ခိုက်ခဲ့သည်။ ဤလေကြောင်းတိုက်ခိုက်မှုသည် ကျေး ရွာတွင်း ရွာသားများစုဝေး၍ အခမ်းအနားများ ကျင်းပသော နေရာတွင်ဖြစ်ပွားခဲ့သည်။ ထိုနေရာတွင် ရွာသားများမှ ကရင်နှစ်သစ်ကူးပွဲတော်ကို ကျင်းပပြီးနောက် ရက်အနည်းငယ်အကြာတွင် လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။ ဤလေကြောင်းတိုက်ခိုက်မှုတွင် ရွာသားနှစ်ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသော ရွာသားနှစ်ဦးကို စစ်ဖက်ဆိုင်ရာဆေးခန်းသို့ ပို့ဆောင်ခဲ့ပြီးနောက် ထိုမှတစ်ဆင့် ထိုင်းနိုင်ငံရှိ ဆေးရုံတစ်လုံးသို့ ပြန်လည်လွှဲပြောင်းခဲ့သည်။ ထို့အပြင် လူနေအိမ်တစ်လုံး၊ ဆိုင်ကယ်တစ်စီးနှင့် စိုက်ပျိုးပင်အများအပြားလည်း ပျက်စီးသွားခဲ့သည်။ SAC သည် ဒေသအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့်တိုက်ခိုက်ခဲ့သည့်အ တွက်ကြောင့် တစ်ချို့ရွာသားများသည် အလွန်ကြောက်ရွံ့၍ နောက်လာမည့်နှစ်တွင် ကရင်နှစ်သစ်ကူးပွဲတော် ကို စီစဉ်ကျင်းပနိုင်ရန် သေချာမှုမရှိတော့ပေ။[18]

အခြားဖြစ်စဉ်တစ်ခုမှာ ၂၀၂၅ ခုနှစ်၊ မေလ ၂၅ ရက်နေ့ မနက် (၉) နာရီတွင် SAC ဂျက်လေယာဉ်တစ်စီးသည် ခလယ်လွီထူခရိုင်၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်၊ ကျွန်းကြီးကျေးရွာအုပ်စု၊ ပယ--- ကျေးရွာတွင် မင်္ဂလာဆောင် ပွဲကျင်းပသည့်နေရာတွင် ပေါင် (၁၀၀) ဗုံးလေးလုံးပစ်ချခဲ့သည်။ ထိုသို့ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် မင်္ဂလာ ဆောင်အခမ်းအနားတွင် တက်ရောက်ကြသော ရွာသားများ (၁၀) ဦး သေဆုံးသွားပြီး အနည်းဆုံး (၄၉) ဦး ဒဏ် ရာရရှိခဲ့သည်။ သေဆုံးသွားသူထဲတွင် ကလေးနှစ်ဦးနှင့်သတို့သမီးတစ်ဦးပါဝင်သည်။ ထို့အပြင် လူနေအိမ် (၆) လုံးလည်း ပျက်စီးသွားခဲ့သည်။ အဆိုပါမင်္ဂလာဆောင်အခမ်းအနားကို ပယ--- ကျေးရွာရှိ ကွင်းပြင်တစ်နေရာတွင် ကျင်းပခဲ့သည်။ ဤဖြစ်စဉ်ကိုမြင်တွေ့ခဲ့သော ကျေးရွာဘဏ္ဍာရေးမှူးတစ်ဦးဖြစ်သူ စောပ--- က KHRG အား ယ ခုလိုပြောပြသည်။ “တကယ်တော့ ကျွန်တော်က ဒီမင်္ဂလာဆောင်ပွဲကို လာပြီးဂုဏ်ပြုတယ်။ (အခင်းဖြစ်တဲ့အချိန် မှာ) ကျွန်တော်လည်း မင်္ဂဆောင်အခမ်းအနားရဲ့စင်ပေါ်မှာ ရှိနေတယ်။ ကျွန်တော်က (မင်္ဂလာဆောင်ပွဲကိုတက် ရောက်လာသည့်) မိန်းကလေးတစ်ဦးအနားမှာရှိနေတယ်။ အဲဒီမိန်းကလေးလည်း သူ့ရဲ့ခြေထောက်မှာ ဒဏ်ရာ ရသွားတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒဏ်ရာမရဘူး။ အဲဒီမိန်းကလေးက ကျွန်တော့်ကိုလာပြီး အကူအညီ တောင်းတယ်။ သူမကိုကူညီလိုက်တယ်။ ကျွန်တော်ဟိုဘက်ခြမ်းကိုလှည့်ပြီးကြည့်လိုက်တော့ ‘ပါးဒို…ကယ်ကြပါ၊ ကယ်ကြပါ’ အော်ခေါ်နေတဲ့လူတွေအများကြီးပဲ။ ဒါနဲ့ ကျွန်တော်လည်း လေယာဉ်က နောက်တစ်ခါလာနိုင်တယ်၊ ပြီးတော့ကယ်မဲ့သူလည်းမရှိဘူး၊ အဲဒါကြောင့် တစ်ယောက်ယောက်ကိုသွားခေါ်ပြီး လာကူညီခိုင်းမယ်လို့ပြန် ပြောလိုက်တယ်။ ကျွန်တော်အကူအညီသွားခေါ်မယ့်အချိန်မှာ အူတွေထွက်ကျလာပြီး ဒဏ်ရာရနေတဲ့လူတွေကို တွေ့တယ်။ နေရာတိုင်းမှာ သေနေတဲ့လူတွေရော၊ ဒဏ်ရာရနေတဲ့လူတွေရော အများကြီးပဲ။ ကျွန်တော်လည်း ထွက်လာပြီးအကူအညီသွားတောင်းခဲ့တယ်။ သတို့သားနဲ့သတို့သမီးက (KNU) အဖွဲ့အစည်းထဲက အဖွဲ့ဝင်တွေလား ကျွန် တော်မသိဘူး။ သူတို့ဘာကြောင့်လာပြီးဗုံးကြဲသွားလဲဆိုတာ ကျွန်တော်လည်း မသိဘူး။ တစ်ခါတစ်လေ ဧည့်သည်အများကြီး ကျွန်တော်ဆီလာတယ်။ အဲဒီအတွက် ကျွန်တော့်ကိုပဲ ပစ်မှတ်ထားတိုက်ခိုက်ရလားဆိုတာ လည်း ကျွန်တော်မသိဘူး။ ကျွန်တော်ကြားတာကတော့ သတို့သမီးရဲ့အဖေက KNU အဖွဲ့ဝင်တစ်ဦးတဲ့။ ဒါပေမဲ့ သူက KNU နဲ့အလုပ်တွဲလုပ်လား၊ မလုပ်ဘူးလားသေချာမသိဘူး။”[19] လေကြာင်းတိုက်ခိုက်မှုကြောင့် ရွာသားများသည် အလွန် စိုးရိမ်ကြောက်ရွံ့ခဲ့ကြသည်။

၃.၂။ SAC မှ စာသင်ကျောင်းများကို တိုက်ခိုက်မှုကြောင့် အဆောက်အဦးများပျက်စီးခြင်း၊ ကြောက်ရွံ့မှုများဖြစ်ပွား ခြင်းနှင့် ကျောင်းသူ၊ ကျောင်းသားများလည်း စာသင်ကြားရန်အခက်အခဲများကြုံတွေ့ရခြင်း

SAC သည် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ စာသင်ကျောင်းများကို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားတိုက်ခိုက်ခြင်း ကြောင့် ကလေးများအတွက် ပညာသင်ကြားရာတွင် အခက်အခဲ၊ အတားအဆီးများဖြစ်စေပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအတွင်း SAC သည် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ စာသင်ကျောင်းများကို တိုက်ခိုက်ခဲ့သော ဖြစ်စဉ်နှင့်ပတ်သက်၍ KHRG မှ အစီရင်ခံစာ (၁၆) စောင်လက်ခံရရှိခဲ့သည်။ ထိုအထဲတွင် SAC ဒရုန်းတိုက်ခိုက် မှုနှင့်လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး စာသင်ကျောင်း (၈) လုံးထိခိုက်ပျက်စီးမှုအများအပြားရှိခဲ့သည်။ တစ်ခြားစာသင်ကျောင်း (၁၈)လုံးမှာ အနည်းငယ်ပျက်စီးခဲ့သည်။ ထိုသို့ SAC တိုက်ခိုက်မှုကြောင့် ကျောင်းသား၊ ကျောင်းသူသုံးဦးနှင့် ကျောင်းဆရာတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ သတင်းမှတ်တမ်းပြုစုသည့်ကာလအတွင်း SAC တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော စာသင်ကျောင်းအများစုမှာ ကရင်ပညာရေးနှင့်ယဉ်ကျေးမှု ဌာန (KECD) စီမံခန့်ခွဲသောကျောင်းများဖြစ်ကြသည်။

SAC သည် စာသင်ကျောင်းများကို လေကြောင်းဖြင့်တိုက်ခိုက်ခြင်းမပြုမီ ဒရုန်းများလွှတ်တင်၍ ပစ်မှတ်ဧရိယာ အတွင်း ဝေဟင်ကင်းထောက်လှမ်းမှုများပြုလုပ်လေ့ရှိသည်။ ကရင်ပြည်နယ်ရှိ စာသင်ကျောင်းအများစုသည် အရွယ်အစားကြီးပြီး ကျောင်းခေါင်မိုးလည်း တောက်ပသောအရောင်ရှိ၍ ကျောင်းဝင်းတွေလည်း ဘောလုံးကွင်း တည်ရှိနေသောကြောင့် ဝေဟင်မှတစ်ဆင့်ကြည့်လျှင် လွယ်ကူစွာသိရှိနိုင်သည်။ ထို့ကြောင့် စာသင်ကျောင်းများ အား မတိုက်ခိုက်မီ ဝေဟင်မှ မကြာခဏကင်းထောက်လှမ်းခြင်းသည် ရပ်ရွာအဆောက်အဦးများကို ရည်ရွယ် ချက်ရှိရှိ ပစ်မှတ်ထားကြောင်း ဆိုလို၍ရသည်။ ထိုကဲ့သို့သောတိုက်ခိုက်မှုများသည် စာသင်ကျောင်းများကို ပျက် စီးစေပြီး ကျောင်းသားကျောင်းသူများ၊ ကျောင်းဆရာ၊ ဆရာများနှင့် မိဘပြည်သူများအား စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာဖြစ်စေ နာကျင်မှုများဖြစ်ပွားစေသည်။ ဤလုပ်ရပ်များကြာင့် ရွာသားများသည် စာသင်ကျောင်း များထပ်မံ၍တိုက်ခိုက်လာမည်ကိုစိုးရိမ်ကြောက်ရွံ့သည့်အတွက် ကျောင်းများကို ပိတ်သိမ်းရသည့်အခြေအနေသို့ တွန်းပို့စေသည်။ ကျောင်းသားမိဘများနှင့် ကျောင်းဆရာ၊ ဆရာမ များကလည်း လုံခြုံရေးကို စိုးရိမ်ကြောက်ရွံ့ရသည့် အတွက် ကလေးများအား စာသင်ကြားပေးမှုစီမံဆောင်ရွက်ရာတွင် အဟန့်အတားများဖြစ်စေသည်။

     က။ စာသင်ကျောင်းများတိုက်ခိုက်၍ပျက်စီးသွားသောကြောင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်၍မရခြင်း

SAC သည် စာသင်ကျောင်းအဆောက်အဦးများကို တိုက်ခိုက်၍ ပျက်စီးသွားသောကြောင့် စာသင်ကြားမှုရပ်တန့် ခဲ့ရသည်။ ဖြစ်စဉ်တစ်ခုတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ မနက် (၁) နာရီဝန်းကျင်တွင် SAC သည် ဒူး ပလာယာခရိုင်၊ နို့တကော (ကြာအင်းဆိပ်ကြီး) မြို့နယ်၊ ယောကဒေါကျေးရွာအုပ်စု၊ ဃလ--- ကျေးရွာတွင် ပေါင် (၅၀၀) ဗုံးနှစ်လုံးပစ်ချခဲ့သည်။ ဗုံးတစ်လုံးသည် ဃလ--- ကျေးရွာအတွင်းရှိ (KECD စီမံခန့်ခွဲသော) စာသင်ကျောင်း အနားတွင် ကျရောက်ပေါက်ကွဲ၍ ကျောင်းအဆောက်အဦးနှစ်လုံး၏ခေါင်မိုးနှင့်သစ်တိုင်များ ပျက်စီးခဲ့ရသည်။ အခြားဗုံး တစ်လုံးသည် ကျေးရွာအပြင်ဖက်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ပျက်စီးမှုများမရှိခဲ့ပေ။ ဤဖြစ်စဉ်နှင့်ပတ်သက်၍ ကျောင်းဆရာမတစ်ဦးဖြစ်သူ ဃလ--- ကျေးရွာမှ နော်စ--- က ယခုလိုရှင်းပြသည်။ “သူတို့က ကျောင်းကို သတိထားမိတာကြာပြီးထင်တယ်။ သူတို့လေယာဉ်က ကျေးရွာအပေါ်မှာ တစ်ပတ်တစ်ကြိမ်၊ နှစ်ပတ်တစ် ကြိမ်ဖြစ်ဖြစ် ခဏခဏလာဝဲခဲ့တယ်။ (…) လေယာဉ်အမျိုးအစားကိုတော့ မသိဘူး။ နေ့အချိန်မှာဆိုရင် သူတို့က လာပြီးကင်းထောက်ကြတယ်။ အဲဒီအသံက ‘တူး’ ဆိုပြီးအသံကြားရတယ်။ (ဒရုန်း၏ပျံသန်းသည့်အသံကို ဆိုလို ခြင်းဖြစ်သည်။) … ဒီလိုလေယာဉ်အမျိုးအစားက အရင်က (ကျေးရွာမှာ) တစ်ခါမှ ဗုံးမကြဲဖူးဘူး။” [20] ဃလ--- ကျေးရွာမှ ကျောင်းအုပ်ကြီးဖြစ်သူ နော်ဂ--- လည်း ယခုလိုတင်ပြသည်။ “(SAC က ဘာကြောင့်ကျောင်းကို လာပြီးတိုက် ခိုက်ရလဲဆိုတာ) ကျွန်မလည်းသေချာမသိဘူး။ ကျွန်မကြားရတာတော့ သူတို့က (SAC) ကော်သူးလေကျောင်း တွေကို အမြစ်ဖြုတ်ဖို့အစီအစဉ်ရှိတယ်ထင်တယ်။ အဲဒါကြောင့် သူတို့က ကျောင်းတွေကို ဗုံးကြဲပြီး ဖျက်ဆီးတာလေ။” [21]

လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းဆရာ၊ ဆရာများသည် အလွန်ကြောက်ရွံ့ခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့သည် တောထဲသို့သွား၍ စာသင်ကြားမှုပြုလုပ်ခဲ့ရသည်။ တော ထဲတွင် စာသင်ကြားရာတွင် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းစာကို အာရုံစူးစိုက်ပြီး လေ့လာ၍မရပါ။ အကြောင်းမှာ ထိုနေရာတွင် ကောင်းမွန်သောအမိုးအကာများမရှိခြင်း၊ စာသင်ကြားရန် အဆင်ပြေသည့် သီးသန့် နေရာများမရှိခြင်းအပြင် ခြင်ကောင်များ မကြာခဏကိုက်လေ့ရှိသောကြောင့်ဖြစ်သည်။

အခြားဖြစ်စဉ်တစ်ခုတွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညနေ (၄း၃၀) မိနစ်ခန့်တွင် SAC သည် ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စု၊ တဟ--- ကျေးရွာရှိ (KECD စီမံခန့်ခွဲသော) မူလတန်း ကျောင်းကို လေကြောင်းဖြင့်တိုက်ခိုက်ခဲ့သည့်အတွက်ကြောင့် ကျောင်းအဆောက်အဦးတစ်လုံးနှင့် အနီးနားရှိ ဆေးပေးခန်းတစ် လုံးလည်း ထိမှန်ပျက်စီးခဲ့သည်။ ဤဆေးပေးခန်းသည် ကရင်ကျန်းမာရေးနှင့်လူမှုဖူလှုံရေးဌာန (KDHW) မှ စီမံခန့်ခွဲသောဆေးခန်းဖြစ်သည်။ ဤလေကြောင်းတိုက်ခိုက်မှုမဖြစ်ပွားမီ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက် (၁၁) နာရီခွဲဝန်းကျင်တွင် SAC သည် ထိုဒေသအတွင်းသို့ လေယာဥ်ဖြင့်ပေါင် (၅၀၀) ဗုံးနှစ်လုံးပစ်ချခဲ့သည်။ ပထမဗုံးတစ်လုံးသည် ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု၊ မတ--- ကျေးရွာအပြင်ဖက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်စခန်းထဲတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ ဒုတိယဗုံးတစ်လုံးသည် မတ--- ကျေးရွာတွင်းရှိ ဘုန်းကြီးကျောင်း အဝတွင် ကျရောက်ပေါက်ကွဲ၍ ဘုရားစေတီ၊ လူသွားလမ်း၊ ဘုရားဆင်းတုတော်နှင့် ဘုန်းကြီးကျောင်းအ ဆောက်အဦးများ ပျက်စီးသွားခဲ့သည်။ လေကြောင်းတိုက်ခိုက်မှု မဖြစ်ပွားမီတွင် SAC Y-12 လေယာဉ်တစ်စီးသည် ထိုဒေသအတွင်း ရက်အတော်ကြာ လာရောက်ပျံသန်း၍ ဝေဟင်ကင်းထောက်လှမ်းမှု ပြုလုပ်ခဲ့ကြောင်း မတ--- ကျေးရွာသားများက KHRG အား တင်ပြ၍ သိရှိရသည်။[22]

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက်ပိုင်း (၂) နာရီနှင့် (၃) နာရီခွဲအကြားတွင် SAC သည် ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ ရွှေလောင်းအေးကျေးရွာအုပ်စုနှင့် အစုချောကျေးရွာအုပ်စုတို့တွင် လေကြောင်းတိုက်ခိုက်မှု (၆) ကြိမ်ပြုလုပ်ခဲ့သည်။ ဗုံးတစ်လုံးသည် KECD စီမံခန့်ခွဲသော ဘစ--- စာသင်ကျောင်းအဝတွင် ကျရောက်ပေါက်ကွဲ၍ ကျောင်းဆရာဘော်ဒါဆောင်နှင့် ကျောင်းအဆောက်အဦးတစ်လုံး ထိမှန်ပျက်စီးသွားခဲ့သည်။ ဗုံးသုံးသည် ရွှေ လောင်းအေးကျေးရွာအုပ်စု၊ နအ--- ကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ အချောစုကျေးရွာအုပ်စု၊ ဘစ--- ကျေးရွာတွင် ဗုံးခုနှစ်လုံးကျရောက်ပေါက်ကွဲခဲ့သည်။[23] လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ပျက်စီးသွား သော စာသင်ကျောင်းအဆောက်အဦးများကို ပြန်လည်အသုံးပြု၍မရတော့ပေ။

     ခ။ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းဝန်ထမ်းများ ထိခိုက်ဒဏ်ရာရခြင်း

SAC သည် စာသင်ကျောင်းရှိရာနေရာများကို တိုက်ခိုက်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်း ဆရာ၊ ဆရာများ ဒဏ်ရာရရှိမှုလည်း ရှိခဲ့သည်။ ဖြစ်စဉ်တစ်ခုတွင် ၂၀၂၅ ခုနှစ်၊ မေလ ၂၉ ရက်နေ့ ညနေပိုင်းတွင် SAC ဂျက်လေယာဉ်တစ်စီးသည် ဒူးပလာယာခရိုင်၊ ကော်တရီ (ကော့ကရိတ်) မြို့နယ်၊ သေ့ဘောဘိုးကျေးရွာ အုပ်စု၊ ကတ--- ကျေးရွာတွင် ဗုံးများကြဲချခဲ့သည်။ ဗုံးတစ်လုံးသည် ကျေးရွာတွင်းရှိ ကျောင်းဘော်ဒါဆောင်တစ်လုံး ပေါ်တွင် ကျရောက်ပေါက်ကွဲ၍ ကျောင်းသားသုံးဦးအား ထိမှန်၍ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသော ကျောင်း သားများမှာ စောဇ--- (၁၄ နှစ်)၊ စောဧ--- (၁၅ နှစ်) နှင့် စောလ--- (၁၆ နှစ်) တို့ဖြစ်ကြသည်။ အခင်းဖြစ်ပွားပြီး နောက် ဒေသခံ KNLA အာဏာပိုင်များက ဒဏ်ရာရရှိသော ကျောင်းသားများကို သေ့ဘောဘိုးကျေးရွာအုပ်စု၊ ပက--- ကျေးရွာရှိ ဆေးခန်းသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူခဲ့သည်။ ကတ--- ကျေးရွာစာသင်ကျောင်းမှ ဒုကျောင်း အုပ်ဖြစ်သူ စောန--- က ယခုလိုပြောပြသည်။ “သူတို့က ကျွန်တော့်ကျောင်းသားတွေလေ။ သူတို့ဒဏ်ရာရသွား တော့ ကျွန်တော် အရမ်းဝမ်းနည်းတယ်။ (…) သူတို့ဒဏ်ရာရပြီးနောက် (လနှင့်ချီပြီး) ကျောင်းမလာနိုင်ကြဘူး။”[24]

အခြားဖြစ်စဉ်တစ်ခုတွင် ၂၀၂၅ ခုနှစ်၊ မေလ ၁၈ ရက်နေ့ မနက် (၁၁) နာရီခွဲဝန်းကျင်တွင် SAC ဂျက်လေယာဉ် တစ်စီးသည် တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ ကလေလိုမူထော်ကျေးရွာအုပ်စုရှိ တပ--- အထက်တန်းကျောင်း ဝင်းထဲတွင် ပေါင် (၅၀၀) ဗုံးနှစ်လုံးပစ်ချခဲ့သည်။ အခင်းဖြစ်ပွားသည့်အချိန်သည် တနင်္ဂနွေနေ့ ကျောင်းပိတ်ရက် ဖြစ်သည်။ ဤစာသင်ကျောင်းသည် KECD စီမံခန့်ခွဲသောကျောင်းဖြစ်သည်။ ဗုံးနှစ်လုံးပစ်ချသော်လည်း ဗုံးတစ် လုံးသာ ပေါက်ကွဲခဲ့သည်။ တပ--- အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးဖြစ်သူ စောက--- သည် ဗုံးအစထိမှန်၍ သူ၏ပုခုံးတွင် ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ရွာသားအိမ်နှစ်လုံး၊ အချို့သစ်ပင်များနှင့် အိမ်သာတစ်လုံးလည်း ပျက်စီးသွားခဲ့သည်။ အခင်းဖြစ်ပွားသည့်အချိန်တွင် စာသင်ကျောင်းဝင်းထဲတွင် ကျောင်းသား၊ ကျောင်းသူများ၊ ကျန်းမာရေးလုပ်သားများနှင့် ကျောင်းဆရာ၊ ဆရာများအပါအဝင် လူဦးရေ (၂၀) ခန့်ရှိနေခဲ့သည်။ အခင်းဖြစ်ပွား သည့်အချိန်တွင် ၎င်းတို့သည် နီးစပ်ရာချောင်းထဲသို့ပြေး၍ ပုန်းရှောင်ခဲ့သည်။ ထိုနေ့တွင် ဒဏ်ရာရရှိသည့် ကျောင်း အုပ်ကြီးသည် ဆေးကုသမှုအား ရယူခဲ့သည်။ ဤဖြစ်ရပ်ကြောင့် ကျောင်းသား၊ ကျောင်းသူများအားလုံး အလွန် ကြောက်ရွံ့ခဲ့ရသည်။[25] 

     ဂ။ ကျောင်းပျက်စီးမှုနှင့် ကြောက်ရွံ့မှုများကြောင့် စာသင်ကြားရာတွင် အခက်အခဲများကြုံတွေ့ရခြင်း

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ KHRG အနေဖြင့် ဒူးသထူခရိုင်တစ်ခုထဲ တွင် စာသင်ကျောင်းများတိုက်ခိုက်ခံရသည့်ဖြစ်စဉ်အများအပြားကို မှတ်တမ်းပြုစုနိုင်ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါ ရီလ ၁၆ ရက်နေ့ ညနေ (၄း၄၀) မိနစ်တွင် SAC အသေခံဒရုန်းတစ်စီးသည် ဘီးလင်းမြို့နယ်၊ ခေါဖိုးပလဲ့ကျေးရွာအုပ်စု၊ အဘ--- ကျေးရွာအနီးတွင်ရှိသော (KECD စီမံခန့်ခွဲသည့်) စာသင်ကျောင်းပေါ်သို့ထိုးကျ၍ ပေါက် ကွဲသွား ခဲ့သည်။ ပေါက်ကွဲမှုကြောင့် ကျောင်းအဆောက်အဦးတစ်ခုလုံး ပျက်စီးသွားခဲ့သည်။ အခင်းဖြစ်ပွားပြီး (၂) မိနစ်ကြာ ပြီးနောက် အခြားဒရုန်းတစ်စီးသည် ကျောင်းအနီးနားရှိ ကျေးရွာနားတစ်နေရာတွင် ဗုံးတစ်လုံးပစ်ချခဲ့သည်။ ကျေးရွာတွင် အခြေအနေပြန်လည်ကောင်းမွန်လာပါက စာသင်ကျောင်းကို ပြန်လည်ဖွင့်လှစ်ရန်အစီအစဉ်ရှိ ကြောင်း ရွာသားများက တင်ပြခဲ့သည်။ သို့သော်လည်း ၂၀၂၅ ခုနှစ်၊ ဇူလှိုင်လအထိတွင် ကျောင်းကို ပိတ်ထားနေ ရဆဲဖြစ်သည်။ ကျောင်းပျက်စီးမှုကြောင့် ကလေးများ၏ကျောင်းပညာရေးနှောင့်နှေးကြန့်ကြာရကြောင်းလည်း အဘ--- ကျေးရွာမှ ရွာသားများက တင်ပြခဲ့သည်။[26]

အဘ--- ကျေးရွာမှ ရွာသားတစ်ဦးဖြစ်သူ အသက် (၃၆) နှစ်အရွယ်ရှိသော စောအ--- က ယခုလိုရှင်းပြသည်။ “၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေပိုင်း (၄း၄၀) မိနစ်မှာ ဒရုန်းနှစ်စီးလာတယ်။ တစ်စီးက ကျောင်းကိုလာတိုက် ခိုက်တယ်။ အခြားတစ်စီးက ကျောင်းအပြင်ဖက်ရှိ အခြားနေရာကို သွားတိုက်ခိုက်ခဲ့တယ်။ ဒရုန်းတိုက်ခိုက်မှု ကြောင့် ကျောင်းပစ္စည်းတစ်ချို့ပျက်စီးခဲ့ရတယ်။ အဲဒီချိန်မှာ ကျောင်းသားတွေလည်း သူတို့အိမ်ကို ပြန်သွားကြပြီး။ ဒရုန်းတိုက်ခိုက်တဲ့အချိန်မှာ သူတို့က ကျောင်းမှာမရှိခဲ့ဘူး။ ကျောင်းအတိုက်ခိုက်ခံရတာ နှစ်ခါရှိသွားပြီး။ ပထမ အခါက လေကြောင်းတိုက်ခိုက်မှုဖြစ်တယ်။ ဒုတိယအခါက ဒရုန်းတိုက်ခိုက်မှုဖြစ်တယ်။ (၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့မှာဖြစ်ပွားသည့်) ပထမလေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းကို ရက် (၂၀) ကြာ ပိတ်ခဲ့ရတယ်။ ရက် (၂)ကြာပြီးနောက် ကျောင်းကိုပြန်ဖွင့်လို့ရပြီးလို့ ဒေသခံ (KNU) ခေါင်းဆောင်နဲ့ ကျေးရွာလူကြီးတွေက ပြောခဲ့ တယ်။ အဲဒါနဲ့ ကျောင်းကိုပြန်ဖွင့်ခဲ့တယ်။ ဒါပေမဲ့ (ကရင်) နှစ်သစ်ကူးမယ့်အချိန်မှာ လေယာဉ်တွေက နောက် တစ်ကြိမ်လာပြီး တိုက်ခိုက်ဖို့ရှိလာနိုင်တယ်လို့ ရွာသားတွေကပြောတယ်။ အဲဒါကြောင့် ကျောင်းကို နောက်တစ်ခါ (၁၀) ရက်ကြာပိတ်ခဲ့ရတယ်။ အဲဒါပြီးတော့ ကျေးရွာအုပ်ချုပ်ရေးနဲ့ကျောင်းဆရာတွေက ကျောင်းကိုပြန်ဖွင့်ဖို့ အဆင်မပြေကြောင်း ရှင်းပြတယ်။ ကျောင်းသားတွေက ကျောင်းကို သုံးရက်၊ လေးရက်လောက်ပဲ တက်ခဲ့ရတယ်။ ပြီးတော့ ကျောင်းကို နောက်တစ်ခါ ဒရုန်းနဲ့လာတိုက်ခိုက်သွားတယ်။ အဲဒါကြောင့်လည်း ကျောင်းကိုပိတ်ခဲ့ ရတာပဲ။”[27]

     ဃ။ ပစ်ခတ်တိုက်ခိုက်မှုအောက်မှ လူထု၏နေရပ်များ

နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီမှ မြန်မာပြည် အရှေ့တောင်ပိုင်းရှိ အရပ်သားပြည်သူများ၏ အခြေခံအဆောက် အဦးများနှင့် ရိုးရာယဥ်ကျေးမှုဆိုင်ရာ အခမ်းအနားများကို တိုက်ခိုက်ခြင်းဖျက်ဆီးခြင်း (ဇန်နဝါရီလ - ဇွန်လ ၂ဝ၂၅ ခု နှစ်)

ဆက်လက်ဖြစ်ပွားနေသော SAC ၏ တိုက်ခိုက်မှုများသည် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျောင်းသား ကျောင်းသူများ၏ ပညာရေးလက်လှမ်းမှီနိုင်ခွင့်ကို ဆိုးရွားစွာ ထိခိုက်စေပါသည်။ မကြာခဏ ဖြစ်ပွားလျှက်ရှိသော လေကြောင်းတိုက်ခိုက်မှုများသည်လည်း ကြောက့်ရွံ့မှုနှင့် မသေချာရေရာမှုများကို ဖြစ်ပေါ်စေကာ ကျောင်းအများ အပြားကိုလည်း ပိတ်သိမ်းမှု ဖြစ်စေပါသည်။ ကျောင်းဆရာ၊ဆရာများအနေဖြင့် စာသင်ကြားရန် ကြောက်ရွံ့ နေကြသလို ကျောင်းသူကျောင်းများအနေဖြင့်လည်း ကျောင်းတက်ရန် ကြောက်ရွံ့နေကြရပါသည်။ ထို့အပြင် မိဘများသည်လည်း ၎င်းတို့ကလေးများ၏ လုံခြုံရေးအတွက် အလွန်စိုးရိမ်နေရကာ ကလေးများအား ကျောင်းသို့ မပို့ဆောင်လိုကြသဖြင့် ကျောင်းအများအပြားကို ပိတ်သိမ်းရန် တွန်းပို့စေပါသည်။

ဧပြီလ ၂၃ရက်နေ့၊ ၂ဝ၂၅ ခုနှစ်၊ ည ၈နာရီ အချိန်တွင် SAC မှ ဒူးပလာယာခရိုင်၊ ကရူတူး (ကျုံဒိုး) မြို့နယ်၊ ဝင်းကကျေးရွာအုပ်စုရှိ ဓအ---ကျေးရွာတွင် ဗုံးသုံးလုံး ကြဲချခဲ့ပါသည်။ ဗုံးသီး နှစ်လုံးတွင် ကျောင်းဆရာ၊ ဆရာမ များနေထိုင်ရာ အဆောင်အနီးရှိ ကျောင်းဝင်းအတွင်းသို့ ကျရောက်ခဲ့ပါသည်။ ဗုံးသီးတစ်လုံး ပေါက်ကွဲ သော်လည်း တစ်လုံးမှာ ပေါက်ကွဲခြင်းမရှိဘဲ ကျောင်းဝင်းအတွင်းတွင် ကျန်ရှိနေခဲ့ပါသည်။ ဗုံးသီးပေါက်ကွဲမှုကြောင့် ကျောင်းအား ထိခိုက်ပျက်စီးခဲ့သလို ကျောင်းဆရာ၊ ဆရာမများ၏ အဆောင်၊ ကျောင်းအိမ်သာနှင့် ရေတိုင်ကီအပြင် အခြားကျောင်းအဆောက်အဦးနှစ်လုံးပါ ထိခိုက်ပျက်စီး စေပါသည်။ ဓအ--- ကျောင်းသည် SAC အုပ်ချုပ်မှု အောက်တွင် ရှိပါသည်။

SAC မှ လေကြောင်းတိုက်မှုလုပ်‌ဆောင်စဥ်တွင် အဆောက်အဦးသုံးလုံးဖြစ်သည့် ကျောင်းဝင်းအတွင်း၌ ရှိသော ကျောင်း ဆရာ၊ဆရာမအဆောင်၊ ကျေးရွာအတွင်းတွင်ရှိသော KNU ၏ ရုံးနှင့် ကျောင်းအနားတွင်ရှိသော  ဓအ---ဆေးရုံ စသည်တို့အား ပစ်မှတ်နေသည်ဟု ယူဆကြောင်း ဓအ---ကျေးရွာမှ ရွာသားများက KHRG ထံသို့ ပြောပြခဲ့သည်။ ရွှေ့ပြောင်းနေထိုင်သည့် ရွာသားတစ်စုသည်လည်း အဆိုပါ ကျောင်းဝင်းသို့ လာရောက်နေထိုင်ပြီး SAC မှ ၎င်းတို့အား တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆက်စပ်မှုရှိသည်ဟု မှားယွင်းစွာ ထင်မြင် ခဲ့သည်ဟု ရွာသားများက ယုံကြည်ပါသည်။ ထို့နည်းအတူ ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက် ကိုင်တော်လှန်ရေး တပ်ဖွဲ့ဝင်များကို အဆိုပါဆေးရုံတွင် ကုသမှုပေးသည်ဟု SAC မှ ယူဆကြောင်း ရွာသူ ရွာသား များက ယုံကြည်နေပါသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ကြောက်ရွံ့မှုများ ပျံ့နှံ့နေပါသည်။ “ကျနော်တို့ကလေးတွေကို ကျောင်းမပို့ရဲဘူး။ လုံခြုံမှုလည်းမရှိဘူး။ သူတို့ကို စာသင်စေချင်ပေမယ့် သူတို့ရဲ့ဘဝတွေကို အန္တရာယ်အောက်မရောက်စေချင်ဘူး။” ဟု ဓအ---ရွာမှ မိဘများက ဆိုပါသည်။ ဓအ---ရွာမှ ကျေးရွာအုပ်စုမှူး[လုံခြုံရေးအရ ရာထူးချန်လှပ်ထား] မှလည်း “ဒီနှစ်အတွင်းမှာတော့ ကျောင်းပြန်ဖွင့်ဖို့ စိတ်မချရသေးဘူး။ ကျနော်တို့ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့သလို ကျောင်းဝင်းအတွင်းမှာရှိတဲ့ အဆောက်အဦးလည်း ပျက်စီးခဲ့တယ်။ ပြန်ပြင်ဖို့လည်း ရန်ပုံငွေမရှိဘူး။ ကျွေးရွာမှာ ရှိတဲ့ကလေးတွေရဲ့ ပညာရေးအတွက် ဘယ်လိုစီမံဆောင်ရွက်ပေးရမလဲဆိုတာကိုတော့ စဥ်းစားနေတုန်းဘဲ။ ကျောင်းသူကျောင်းသားတွေကို တစ်ခြားရွာက ရွာသူရွာသားများရဲ့အိမ်မှာဘဲ စာသင်ခိုင်းရလိမ့်မယ်။ အဲ့လိုမျိုးမှ မလုပ်ဘူးဆိုရင်လည်း ကျနော်တို့ကလေးတွေ ပညာရေးနောက်ကျကျန်ခဲ့လိမ့်မယ်။ အဖွဲ့အစည်းတစ်ခုခု ဒါမှ မဟုတ် တစ်စုံတစ်ယောက်က ကျောင်းပြန်ပြင်ဖို့ ရန်ပုံငွေပေးရင်တော့ ကျနော်တို့အတွက် အများကြီး အကျိုး ရှိမယ်။ သူတို့ (စကစ) က ကျနော်တို့ ကလေးတွေရဲ့ အနာဂတ်ကို ပိတ်ပင်ထားချင်ပုံရတယ်”[28]  ဟု တင်ပြပါသည်။

၃.၃။ ဆေးပေးခန်းများအပေါ် တိုက်ခိုက်မှုကြောင့် ဆေးဝါးကုသမှု လက်လှမ်းမှီနိုင်ခွင့်အား အဟန့်အတား ဖြစ်စေခြင်း

SAC မှ ဆေးရုံဆေးပေးခန်းများအပေါ် လုပ်ဆောင်သော တိုက်ခိုက်မှုများသည် ရွာသူရွာသားများအတွက် ဆေးဝါး ကုသမှု လက်လှမ်းမှီနိုင်ခွင့်အပေါ် စိန်ခေါ်မှုများ ဆက်လက်ဖြစ်ပေါ်စေပါသည်။ ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ဆေးပေးခန်းများအပေါ် လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများ ခံနေရပါသည်။ SAC ၏ လေကြောင်း သို့မဟုတ် ဒရုန်းဖြင့် တိုက်ခိုက်မှုများကြောင့် အနည်းဆုံး ကျန်းမာရေး အဆောက်အဦး ၂လုံး လုံးဝထိခိုက်ပျက်စီးခဲ့ပြီး အခြား အဆောက်အဦး လေးလုံးလည်း ပျက်စီးသွားကြောင်း ရွာသူ ရွာသားများမှ KHRG ထံသို့ တင်ပြခဲ့ပါသည်။

SAC ၏ တိုက်ခိုက်မှုများကြောင့် ဆေးရုံနှင့် ဆေးပေးခန်းတည်ရှိသော ကျေးရွာများတွင် ဒေသခံ ရွာသားများက မနေထိုင်ရဲကြပေ။ ဤတိုက်ခိုက်မှုများသည် ရွာသားများအတွက် အရေးကြီးသော ကျန်းမာရေး လက်လှမ်း မှီနိုင်စွမ်းအား တိုက်ရိုက်ထိခိုက်စေပါသည်။ ရွာသားများအနေဖြင့် ကျန်းမာရေးဝန်ဆောင်မှု လက်လှမ်းမှီနိုင်စွမ်း မရှိသောကြောင့် ဝန်ဆောင်မှုရနိုင်သော ဆေးရုံဆေးပေးခန်းများထံသို့ ရောက်ရှိရန် ဝေးကွာစွာ သွားရောက်ရပြီး ထို့သို့ သွားလာနေရခြင်း အပေါ် ၎င်းတို့၏ အသက်အန္တရာယ်အတွက်လည်း ဆိုးရွားစွာ ရှိစေပါသည်။[29]

     က။ ဆေးရုံ ဆေးပေးခန်းများ ထိခိုက်ပျက်စီးခြင်း

ဖြစ်စဥ်တစ်ခုတွင် မေလ ၄ ရက်နေ့၊ ၂ဝ၂၅ ခုနှစ်၊ ဒူးသထူ (သထုံ) ခရိုင်၊ ဘားအံမြို့နယ်၊ ဆာ့တရဲကျေးရွာအုပ်စုရှိ ဟဖ--- ကျေးရွာမှ ဆေးရုံတစ်လုံးသည် SAC ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ပါသည်။ ဟဖ--- ဆေးရုံအပေါ်သို့ SAC ၏ လေကြောင်းတိုက် ခိုက်မှု ဖြစ်ပွားပြီးနောက် ရွာသားများသည် ကျန်းမာဝန်ဆောင်မှု လက်လှမ်းမှီနိုင်စွမ်း မရှိတော့ပေ။ ဤဆေးရုံသည် ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေး ဌာန (KDHW) ၏ စီမံ အုပ်ချုပ်မှုအောက်တွင် ရှိပါသည်။ ဟဖ---ကျေးရွာမှ စောတ---က ရှင်းပြသည်မှာ “SAC ကနေပြီးတော့ ဟဖ--- ကျေးရွာအပေါ်ကို ညသန်းခေါင်ယံအချိန်မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်။ ဗုံးသီးက ဆေးရုံအပေါ်ကို ကျခဲ့တဲ့အတွက်ကြောင့် ဆေးရုံထိခိုက် သွားခဲ့တယ်။ တကယ်တော့ ထိခိုက်ရုံတင်မဟုတ်ဘူး။ ဗုံးပေါက်ကွဲမှုကြောင့် ဆေးရုံတစ်ခုလုံး လုံးဝကို ပျက်စီး သွားခဲ့တာ” [30] ဟူ၍ ဖြစ်ပါသည်။ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားနိုင်ချေရှိကြောင်း ‌‌ဒေသခံ KNU အာဏာပိုင်များ၏ ကြိုတင်သတိပေးမှုကြောင့် ရွာသူရွာသားများနှင့် ကျန်းမာရေးလုပ်သားများသည် ဖြစ်စဥ် မဖြစ်ပွားခင်ကတည်းက ယာယီထွက်ပြေးခဲ့ကြပါသည်။ ထို့ကြောင့် မည်သူမှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ပါ။

ဆေးပေးခန်းများအပေါ် ထပ်ခါတလဲလဲ တိုက်ခိုက်မှုများ ပြုလုပ်ခြင်းကြောင့် မကြာခဏဆိုသလို ဆေးပေးခန်းများ ပိတ်ရခြင်း၊ ဝန်ထမ်းမရှိခြင်း သို့မဟုတ် ပုန်းကွယ်နေရခြင်းများ ဖြစ်ပေါ်စေပါသည်။ ရလဒ်အနေဖြင့် ရွာသားများသည် ကျန်းမာရေး ဝန်ဆောင်မှုရယူရန်အတွက် ဝေးကွာစွာ သွားလာနေရပါသည်။ ကုသမှု နှောက်နှေး ခြင်းသည်လည်း ကျန်းမာရေးအခြေနေကိုဆိုးရွားစေပြီး လုံခြုံမှုအပြည့်အဝ ရှိသည်ဟု မခံစားရသဖြင့် ကျန်းမာရေး ဝန်ဆောင်မှု ရယူခြင်းအပေါ် ယုံကြည်မှုလျှော့ပါးစေပါသသည်။[31] ရွာသူရွာသားများသည် ကျန်းမာရေး ဝန်ဆောင်မှု ရယူရန်အတွက် မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားရာ ဒေသများ၊ ရေကြီးရေလျှံမှုရှိသည့် လမ်းများနှင့် စစ်မက်စစ်ဒဏ် ဆိုးရွားစွာသင့်သည့် နေရာများ စသည်တို့ကို ကျော်ဖြတ်ပြီးမှ သွားလာနေရပါသည်။ ဤအခြေ အနေများသည် ၎င်းတို့အား အန္တာရာယ်အောက်သို့ တွန်းပို့ပြီးသားဖြစ်စေကာ အရေးအပေါ် ကျန်းမာရေး ဝန်ဆောင် မှု ရယူနိုင်စွမ်းကိုလည်း နှောက်နှေးစေပါသည်။

ဘိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ စတိန်ကျေးရွာအုပ်စုရှိ လခ--- ကျေးရွာမှ စောစ--- က ဤသို့ ရှင်းပြခဲ့ပါသည်။ “ဒါက ကြီးမားတဲ့ စိန်‌ခေါ်မှု တစ်ခုဘဲ။ ရွာထဲမှာဆိုရင်လည်း (ဧပြီလ၊ ၂ဝ၂၅ ခုနှစ် မှ စပြီး) ဆေးဝါးကုသမှု လုံးဝမရရှိနိုင်တော့ဘူး။ [ကျန်းမာရေးဝန်ဆောင်မှုရယူရန်] ဆေးပေးခန်းကို သွားဖို့ လူတွေက အဝေးကြီးသွားလာနေရတယ်။ မိုးတွင်းမှာ ဆိုရင်လည်း လမ်းတွေမှာ ရေကြီးပြီး ဘွက်ထူတယ်။ စစ်ဆေးရေး ဂိတ်လည်း အများကြီးရှိပြီး ဖြတ်သန်းသွားလာနေတဲ့လူတွေကိုလည်း လမ်းတစ်လျှောက်မှာ စစ်ဆေးမေးမြန်း ခံနေ ရတယ်။ ”[32]

     ခ။ ကျန်းမာရေး ဝန်ဆောင်မှုရှိသည့်နေရာများတွင် ဆေးဝါးကုသမှု ရယူရန် ကြောက်ရွံ့နေရခြင်း

SAC မှ ဆေးပေးခန်းများအပေါ် ပစ်မှတ်ထားခြင်းသည် ကျန်းမာရေးလုပ်သားများအား ကြောက်ရွံ့မှုကို ဖြစ်စေပြီး ရလဒ်အနေဖြင့် ကျန်းမာရေးဝန်ဆောင်မှုပေးခြင်းကို ရပ်နားရခြင်း သို့မဟုတ် ကျန်းမာရေး ဝန်ဆောင်မှု တစ်ခုလုံး ကို လုံးဝ ပိတ်သိမ်းရခြင်းများ ဖြစ်ပေါ်စေပါသည်။ ထို့နည်းအတူ ရွာသားအများအပြားသည် SAC ၏ တိုက်ခိုက်မှု ကြားတွင် ဖမ်းဆီးခံရမှု အန္တာရာယ်အား ကြောက်ရွံ့နေရမှုများကြောင့် ကျန်းမာရေး ဝန်ဆောင်မှုရယူရန် ငြင်းပယ် ကြပါသည်။

ဥပမာ ဖြစ်ရပ်တစ်ခုတွင် ခလယ်လွီထူခရိုင်၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်၊ သူးကဘီး ကျေးရွာအုပ်စုရှိ တန--- ကျေးရွာသည် ၂ဝ၂၅ ခုနှစ် မတိုင်ခင်တွင် SAC ၏ တိုက်ခိုက်မှု တစ်ကြိမ်မှ မရှိခဲ့ပါ။ သို့သော် မတ်လ ၁ ရက်နေ့၊ ၂ဝ၂၅ ခုနှစ်တွင် KDHW ၏ ထောက်ပံ့မှုဖြင့် ဆေးခန်းတည်‌ဆောက်ပြီးသည်နှင့် SAC မှ လေကြောင်းဖြင့် ကျေးရွာအပေါ်သို့ ဗုံးသုံးလုံး ကြဲချခဲ့ပါသည်။ ဗုံးသီးနှစ်လုံးမှာ ရွာအတွင်းတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ် ၆ လုံးကိုလည်း ထိခိုက်ပျက်စီးစေခဲ့ပါသည်။ ကျန်ဗုံးသီးတစ်လုံးမှာ လယ်ကွင်းထဲတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး လယ်ထဲတွင် နွားကျောင်းနေသည့် နော်သ--- အမည်ရှိ ရွာသူတစ်ဦး၏ ပေါင်အား ထိခိုက်ဒဏ်ရာ ရရှိစေခဲ့ပါသည်။ ထို့အပြင် နွားနှစ်ကောင်လည်း ထိခိုက်ဒဏ်ရာ ရရှိစေပါသည်။ ရွာသူရွာသားများမှ KHRG အား PDF စစ်သားများက ဆေးခန်းတွင် ဆေးကုသမှု ရယူခဲ့သောကြောင့် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ရခြင်း ဖြစ်နိုင် ကြောင်း ပြောပြခဲ့သည်။ နော်သ--- မှလည်း KHRG သို့ ပြောပြသည်မှာ “ကျမအမြင်မှာတော့ သူတို့ [SAC] က ကျမတို့ ကျေးရွာထဲမှာ ဆေးခန်းတည်ရှိတဲ့ သတင်းအချက်အလက်တွေရလို့ လေကြောင်းတိုက်ခိုက်မှု လုပ်တာ ဖြစ်တယ်။ အရင်တုန်းက လက်နက်ကြီး [ကျေးရွာအနား] တစ်ခါမှ မကျဖူးဘူး။ [ဆေးခန်း မတည်ဆောက်ခင်] ဒီမတိုင်ခင် ဆေးခန်းက ယဃ--- ကျေးရွာ [သူးကဘီး ကျေးရွာအုပ်စုအတွင်း] မှာ တည်ရှိတာလေ။ ဒါကြောင့် ဒရုန်းနဲ့ တိုက်ခိုက်မှုတွေက ယဃ--- ကျေးရွာမှာဘဲ ဖြစ်ခဲ့တာပေါ့။ အဲ့ဒီနောက်ပိုင်း ဆေးခန်းကို တန--- ရွာမှာ ပြန်တည် ဆောက်လိုက်တယ်။ ဆေးခန်းကို တန---ရွာမှာ ပြန်ရွှေ့ပြီး တစ်လကျော်အကြာမှာဘဲ ရွာသားတွေက ကြောက်နေ ကြတယ်။ ကျမတို့ ရွာသားတွေက ဆေးခန်းကို အဲ့ဒီမှာ ပြန်ရွှေ့လာခဲ့တယ်ဆိုတဲ့အကြောင်း ကြားမိလားဆိုပြီး အချင်းချင်း မေးမြန်းကြတယ်။ မြန်မာစစ်တပ်က ညဘက်မှာ လာတိုက်ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့ စစ်သား [တော်လှန်ရေးတပ်ဖွဲ့] တွေကို ကျမတို့ ဆေးခန်းမှာ လာရောက် ကုသမှုခံယူပြီး အဲ့ဒီအတွက်  [SAC] က ကျမတို့ကို လာတိုက်မှာကို ကြောက်နေကြရတယ်။” ဟူ၍ ဖြစ်ပါသည်။[33]

SAC မှ ဆေးပေးခန်းများကို ပစ်ခတ်ထား တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက်ပိုင်း ရွာသားများသည်လည်း ဆေးပေးခန်းအနီးတွင် နေထိုင်ခြင်းသည် ပစ်မှတ်ထားခြင်း ခံရမည်ကို စိုးရိမ်နေကြရပါသည်။ ရလဒ်အနေဖြင့် မကြာခဏဆိုသလို ဆေးဝါးကုသမှု ခံရယူရန် ဆေးပေးခန်းများထံသို့ သွားရောက်ခြင်းအား အချိန်ဆွဲခြင်း၊ ရှောင်ကျဥ်ခြင်း သို့မဟုတ် ငြင်းဆန်ခြင်းများ ပြုလုပ်လာကြပါသည်။ ဤသို့ တိုက်ခိုက်မှုများသည် ကျန်းမာရေး လုပ်သားများကိုလည်း ပြောင်းရွှေ့နေထိုင်ခြင်း သို့မဟုတ် ပုန်းကွယ်ပြီး လည်ပတ်နေရခြင်း သို့မဟုတ် ကျေးလက်ရှိ ဆေးပေးခန်းများတွင် ဝန်ထမ်းမထားရှိခြင်းများ ဖြစ်ပေါ်စေပါသည်။

၃.၄။ လူမှုအသိုက်အဝန်းအား SAC ၏တိုက်ခိုက်မှုအပေါ် ရွာသားများ၏ခုခံတုန့်ပြန်မှုများ

ပြည်သူပိုင် အခြေခံအဆောက်အဦးများအား SAC မှ ထပ်ခါတလဲလဲ တိုက်ခိုက်မှုအပေါ် ရှင်သန် ရပ်တည်နိုင်ရေးအတွက် ရွာသားများ၏ ခုခံတုန့်ပြန်မှုသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍတွင် ရှိနေပါသည်။ လူမှုအသိုက်အဝန်းအတွက် အရေးပါသော အခြေခံအဆောက်အဦးများတွင် ဆက်လက်ခိုလှုံနေထိုင်ရန်အတွက် အရေးကြီးသည့် ကူညီထောက်ပံ့မှုများရရှိရန် ရွာသားများသည် ၎င်းတို့၏ ကိုယ်ပိုင် ဆက်သွယ်မှုကွန်ယက်၊ ဦးဆောင်မှုနှင့် တီထွင်ကြံဆမှုများဖြင့် မှီခိုနေကြရပါသည်။ ၎င်းတို့အနေဖြင့် ဤကဲ့သို့ အခြေခံအဆောက် အဦးများအား ရွှေ့ပြောင်းနေထိုင်ခြင်း၊ ပုန်းခိုနေထိုင်ခြင်းနှင့် ရွှေ့ပြောင်းဆေးပေးခန်းများအသုံးပြုခြင်းစသည့် အတွေ့အကြုံသင်ခန်းစာများမှ လက်လှမ်းမှီနိုင်ခြင်းကို ထိန်းသိမ်းနေရပါသည်။ ထို့အပြင် ရွာသားများသည် ၎င်းတို့ ၏ ရိုးရာယဥ်ကျေးမှုဆိုင်ရာ အခမ်းအနားအချို့ကို ဆက်လက်ကျင်းပနိုင်ရန် အဖွဲ့ငယ်လေးများစုဖွဲ့ပြီး လုပ်ဆောင် နေရပါသည်။

     က။ တိုက်ခိုက်မှုမှ ထိခိုက်ဒဏ်ရာရရှိခြင်းအားရှောင်ကျဥ်ရန် ယာယီရွှေ့ပြောင်းနေထိုင်ခြင်း

မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးရွာများတွင် SAC ၏ မကြာခဏ တိုက်ခိုက်ခံရမှုများကြောင့် ရွာသားများသည် ရွာအပြင်တွင်သာ အိပ်ကြရသည်။ ညဘက်အချိန်တွင် လေကြောင်း သို့မဟုတ် လက်နက်ကြီးများဖြင့် တိုက်ခိုက် ခံရမှုမှ စိုးရိမ်ပူပန်ရခြင်း မရှိရန်အတွက် ရံဖန်ရံခါတွင် ၎င်းတို့၏လယ်တဲ၌သာ အိပ်စက်ကြပါသည်။ ရွာသား များသည် အိမ်မှ ယာယီထွက်ပြေးတိမ်းရှောင်ခြင်းများကို ညဘက်အချိန်တွင်သာပြုခြင်းဖြင့် နေ့ဘက်အချိန်တွင် ၎င်းတို့အတွက်  အရေးကြီးသော အိမ်မွေးတိရိစ္ဆာန်များနှင့် ပိုင်ဆိုင်မှုများအား ပြန်လည် ထိမ်းကျောင်းကြည့်ရှုခွင့် ရရှိစေပါသည်။ ထို့နည်းအတူ ကျေးရွာတိုက်ခိုက်ခံရမည့်အခြေအနေများရှိနိုင်သည်ဟု စိုးရိမ်ရသည့် အချိန်တွင် သာလျှင် ၎င်းတို့ လူမှုအသိုက်ဝန်း၏ အခြေခံအဆောက်အဦးများကို ယာယီပိတ်သိမ်းခြင်းများ ပြုလုပ်ကြပါသည်။ ဤကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် ရွာသူရွာသားများသည် SAC ၏ တိုက်ခိုက်ခြင်းမှ ထိခိုက်ဒဏ်ရာရရှိမှုများကို လျှော့ချနိုင်ခဲ့ပါသည်။

ဖြစ်ရပ်တစ်ခုတွင် SAC မှ အသေခံ ဒရုန်းဖြင့် ၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်ပိုင်း အချိန်တွင် ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ တာအူခီး ကျေးရွာအုပ်စုရှိ ပဟ--- ရွာအတွင်းသို့ ဗုံးကြဲချခဲ့ပြီး ဘုန်းကြီး ကျောင်းအပေါ်သို့ ကျရောက်ခဲ့ပါသည်။ အခြား အသေခံဒရုန်းသုံးစဥ်းမှ ဗုံးသီးများ မပေါက်ကွဲ ခဲ့သော်လည်း ကျေးရွာအနီးရှိ လယ်ထဲတွင် ကျခဲ့ပါသည်။   SAC ၏ ဒရုန်းများသည် ကျောင်းများကိုလည်း ပစ်မှတ်ထားကြသော ကြောင့် မိဘများအနေဖြင့် ၎င်းတို့၏ ကလေးများအား ကျောင်းသို့ မပို့ရဲကြပေ။ ရလဒ်အနေဖြင့် တိုက်ခိုက်မှုများ ဖြစ်ပွားချိန်တွင် ကျောင်းကို ပိတ်ထားကြပါသည်။ ရွာသားများသည် ညဘက်အချိန်၌ ရွာပြင်ရှိ တဲများတွင် အိပ်ကြ သောကြောင့် တိုက်ခိုက်မှုများဖြစ်ပွားသည့်အခါ  တစ်စုံတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိတော့ပေ။[34]

     ခ။ တောထဲတွင် ပုန်းကွယ်ဆောက်လုပ်ထားသည့် ကျောင်းများတွင် စာသင်ကြားခြင်း

စာသင်ကျောင်းများ ထပ်ခါတလဲလဲ တိုက်ခိုက်ခံရမှုများကို ၂ဝ၂၁ ခုနှစ် ကတည်းက ကြုံတွေ့ရပြီး နောက်ပိုင်း ကျောင်းသူကျောင်းသားများနှင့် ဆရာ၊ဆရာမများကို ကာကွယ်ရန်နှင့် ပညာရေးဆက်လက် ရရှိစေရန်အတွက်  မြန်မာပြည်အရှေ့တောင်ပိုင်းရှိ လူမှုအသိုင်းအဝိုင်းများသည် နည်းဗျူဟာများကို တီထွင်ဖန်တီး ခဲ့ကြရပါသည်။ ရွာသားများသည် SAC ၏ လေကြောင်းထောက်လှမ်းမှုနှင့် စစ်ရေးအရ ပစ်မှတ်ထားခံရမှုများမှ ရှောင်ပုန်းရန် ‌ဒေသခံ KNU အာဏာပိုင်များ၊ အုပ်ချုပ်ရေးမှုးများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ကျောင်းများကို တောနက်ထဲတွင် သော်လည်းကောင်း ဂူထဲတွင်သော်လည်းကောင်း ဆောက်လုပ်ကြပါသည်။ တောထဲတွင် ကျောင်းဆောက်လုပ်ရန် မဖြစ်နိုင်သည့် နေရာဒေသများတွင်မှာမူ ကျောင်းသူကျောင်းသားများ အနည်းငယ်စုပြီး အဖွဲ့ငယ်ဖွဲ့ကာ သီးသန့် အိမ်ထဲတွင် စာသင်နေကြရပါသည်။ ရွာသူရွာသားးများသည် ဤအခြေနေများအောက်တွင် လုပ်ဆောင်နေသည့် တိုင်အောင် လုံခြုံမှုမရှိသေးဘဲ တိုက်ခိုက်ခံရမှုများ ရှိနေဆဲပင် ဖြစ်ပါသည်။ ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ မှ ဇွန်လအထိ သီးသန့်အိမ်များတွင် စာသင်နေသော ကျောင်းသူကျောင်းသားနှင့် ဆရာ၊ဆရာမများ တိုက်ခိုက်မှုမှ ထိခိုက်ဒဏ်ရာ ရရှိပြီး သတ်ဖြတ်ခြင်းလည်း ခံကြရပါသည်။[35]

SAC ၏ တိုက်ခိုက်မှုများအပေါ် ကျောင်းသူကျောင်းများကို ကာကွယ်ရန် ရွာသားများ၏ တုန့်ပြန် ဆောင်ရွက် မှုသည် မူတြော် (ဖာပွန်) ခရိုင်၊ ဒွဲလိုမြို့နယ်၊ မထောကျေးရွာအုပ်စုရှိ နခ--- ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ် ထင်ဟပ်စေပါသည်။ SAC မှ ဂျက်လေယာဥ်ဖြင့် ၂ဝ၂၅ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့၊ မနက် ၅ နာရီအချိန်တွင် နခ--- ကျေးရွာ၌ တည်ရှိသော အခြေခံ မူလတန်းကျောင်းပေါ်သို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ကျောင်းအဆောက်အဦး သုံးလုံးနှင့် ကျောင်း အသုံးဆောင် ပစ္စည်းများအပြင် ကျောင်းဆရာ၊ဆရာမများ၏ အဆောင်အမိုးကိုပါ ထိခိုက်ပျက်စီးခဲ့ပါသည်။ မိဘများ၊ ‌ဒေသခံ ပညာရေးမှုးများနှင့် ဒေသခံ KNU အာဏာပိုင်များသည် လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်း တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြပါသည်။ ထို့ကြောင့် ကျောင်းသူကျောင်းသားများအတွက် တောထဲသို့ ကျောင်း ဆောက်ပေးခဲ့ပါသည်။ ရလဒ်အနေဖြင့် မထောကျေးရွာအုပ်စုအတွင်းရှိ ခဟ--- ရွာ၊ နခ--- ရွာနှင့် တန--- ရွာ များမှ ကလေးများ တောထဲတွင် ဆက်လက်ပညာသင်ကြားနိုင်ခဲ့သည်။ သို့သော် ကျောင်းသူ ကျောင်းသားအချို့ အတွက်မှာမူ တောထဲတွင် အသစ်ဆောက်လုပ်ပေးထားသည့် ကျောင်းနှင့် အနေဝေးသဖြင့် အခက်အခဲများ ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုရန်ကို ကြောက်နေရသည့် နခ--- ရွာမှ ကျောင်းသူကျောင်းသားများသည် ကျောင်းထွက်လိုက်ရပါသည်။

ပြန်လည်နေရာချထားသော ကျောင်းများတွင် ကျောင်းတက်နေသော ကလေးများအနေဖြင့် ပျက်စီးနေသော လမ်း နှင့် ခက်ခဲကြမ်းတမ်းသောလမ်းများဖြင့် သွားလာနေရခြင်း အပါအဝင် စိန်ခေါ်မှု အမျိုးမျိုး ကြုံတွေ့နေကြရပါ သည်။ မိုးတွင်းကာလအတောအတွင်း ရာသီဥတု အခြေနေကြောင့် လမ်းပျက်စီးခြင်းနှင့် ရေကြီးခြင်းများသည် ဤ ပြဿနာအား ပိုမိုဆိုးရွားစေပါသည်။ ထိုကာလအတွင်း ခြင်မှတစ်ဆင့် ဖြစ်ပွားသော ရောဂါများလည်း အဖြစ် များကြောင်း တင်ပြကြပါသည်။ ရလဒ်အနေဖြင့် ကျောင်းသူကျောင်းသားများသည် တခါတရံ ကျောင်းတက်နိုင် ခြင်း မရှိခဲ့ပါ။ တောထဲတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့်အချိန်အတောအတွင်း SAC ၏ လေကြောင်း ထောက်လှမ်းမှုကို ရှောင်ရှားရန်  မကြာခဏ ဆိုသလို ပိတ်နေရပါသည်။[36]

     ဂ။ ‌ဒေသခံခေါင်းးဆောင်များနှင့် လူထုအခြေပြုအဖွဲ့အစည်းများမှ ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးပေးခန်းသို့ သယ်ယူပို့ဆောင်ပေးခြင်း

SAC ၏ လေကြောင်းထောက်လှမ်းမှုနှင့် တိုက်ခိုက်မှုများကြောင့်  ၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ပျက်စီး သွားခဲ့သော ဆေးပေးခန်းနှင့် ဆေးရုံများ သို့မဟုတ် သွားရောက်ကုသမှု ခံယူရန် အန္တရာယ်အလွန်များသော ဆေးပေးခန်းနှင့် ဆေးရုံများအတွက် ဒေသခံ ရပ်ရွာခေါင်းဆောင်များနှင့် ရွာသူရွာသားများသည် ထိခိုက်ဒဏ်ရာ ရရှိသူများနှင့် လူနာများအား ဆေးဝါးကုသမှု ဆက်လက်ရရှိစေရေးအတွက် မြို့ပြ သို့မဟုတ် နယ်စပ်ဒေသများသို့ အရေးပေါ် သယ်ယူပို့ဆောင်ပေးရန် စီစဥ်ဆောင်ရွက်နေရပါသည်။[37] ထို့နည်းအတူ ဒေသခံ အရပ်ဘက်အဖွဲ့ အစည်း များသည်လည်း ထိခိုက်ဒဏ်ရာရရှိသည့် ရွာသားများအား သယ်ယူပို့ဆောင်ရေးအပေါ် စီစဥ်ဆောင် ရွက်ရာ တွင် ဆက်လက် ကူညီပံ့ပိုးပေးလျှက် ရှိနေပါသည်။

ဥပမာဖြစ်ရပ်တစ်ခုအနေဖြင့် အထက်တွင် ဖော်ပြထားသည့် ဒူးပလာယာခရိုင်၊ ကရူတူး (ကျုံဒိုး) မြို့နယ်၊ ဝင်းကကျေးရွာအုပ်စုရှိ ဓအ--- ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဥ်အရ စောဘ--- အမည်ရှိ အသက် ၄ဝ အရွယ်ရှိ ရွာသားတစ်ဦးသည် မီးဖိုချောင်တွင် ညနေစာ စားနေစဥ် ဗုံးကျခဲ့သည်။ ဗုံးပေါက်ကွဲမှုကြောင့် သူ၏ အိမ်ထိခိုက် ပျက်စီးစေသလို သူ၏ ဘယ်ဘက်နားလေးခဲ့ရပါသည်။ သူ၏မျက်နှာသည်လည်း ဆိုးရွားစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။ ထိုတိုက်ခိုက်မှုကြောင့် ဓအ---ဆေးရုံပျက်စီးသွားသဖြင့် ထိခိုက်ဒဏ်ရာရရှိပြီးနောက် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှုးနှင့် အခြားရွာသားများက သူ့အားပုန်းရှောင်သည့် နေရာတွင် ဆောက်ထားသော ဆေးပေး ခန်းသို့ ခေါ်ဆောင်သွားခဲ့ပါသည်။ နှစ်ပတ်ခန့် သူဆေးရုံတက်လိုက်ရပါသည်။[38]  အချို့သော ဖြစ်စဥ်များတွင် အရှေ့တန်း မြေပြင်ရှိ အန္တရာယ်များသော စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းရန် ဒေသခံ KNU အာဏာ ပိုင်များမှ လမ်းပြ ပေးပြီး ခရီးလမ်းအတောအတွင်း အကာအကွယ်များပေးနေကြောင်းလည်း တင်ပြကြပါသည်။

၄။ လုံခြုံရေးနှင့် ဥပဒေရှုထောင့်မှ သုံးသပ်ချက် - SAC မှ ပြည်သူပိုင် အခြေခံအဆောက်အဦးများ တိုက်ခိုက်မှုအပေါ်  နောက်ဆက်တွဲဆိုးကျိုးများ

၂ဝ၂၅ ခုနှစ်၊ ပထမ နှစ်ဝက်အတွင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ (နစက) မှ လူမှုအသိုက်အဝန်း၏ အခြေခံ အဆောက်အဦးနှင့် ရိုးရာဓလေ့ထုံးတမ်း ပွဲတော်ကျင်းပမှုများကို တိုက်ခိုက်ခြင်းသည် မြန်မာစစ်တပ်၏ စစ်ဆင်ရေးဖြစ်သည့် ဖြတ်လေးဖြတ် နည်းဗျူဟာ အား ပြန်လည် ထင်ဟပ်စေပါသည်။ ဤနည်းဗျူဟာအား အကောင်အထည်ဖော်ခြင်းမှ တစ်ဆင့် မြန်မာပြည်အရှေ့ တောင်ပိုင်းရှိ ရွာသားများ၏ ပညာရေး၊ ဖူလုံရေး၊ ဓလေ့ထုံးတမ်းနှင့် ဝိညာဥ်ရေးရာ ယုံကြည်ကျင့်သုံးမှု စသည့် အခွင့်အရေးများကို ဆက်လက် ချိုးဖောက်နေပါသည်။ SAC သည် ကျေးရွာများအပေါ် တိုက်ခိုက်မှုနှင့် လူထု၏ နေထိုင်ရာနေရပ်များအပေါ် ဖျက်ဆီးမှုများပြုလုပ်ရန် ဖျက်ဆီးမှုများ လုပ်ဆောင်သည့် တပ်သားအင်အား ပမာဏ အများအပြားကို ခိုင်းစေကာ နည်းလမ်းအမျိုးမျိုးကို အသုံးပြုခဲ့ပါသည်။ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်မှု၊ ဒရုန်းဖြင့်တိုက်ခိုက်မှု၊ မီးရှို့တိုက်ခိုက်ဖျက်ဆီးမှုများသည် SAC ၏ ခေါင်းဆောင်များမှ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များ အပေါ်အလေးမထားမှုကို ပြသနေပါသည်။ စာသင်ကျောင်းများ၊ ဆေးပေးခန်းများ၊ ဘာသာရေးအဆောက်အဦးများ စသည့် လူမှုအသိုက်အဝန်း၏ အခြေခံအဆောက်အဦးများသည် ၎င်းတို့၏ အရွယ်အစားနှင့် ထင်ရှားသည့် အမှတ်အသားများ ရှင်းလင်းစွာပေါ်လွင်နေသောကြောင့်  တမင်ရည် ရွယ်ချက်ရှိစွာ ပစ်မှတ်ထား တိုက်ခိုက်နေ သည်မှာ သံသယဖြစ်ဖွယ် မရှိပါ။

အ‌ဆောက်အဦးများအပြင် ဘုန်းကြီးကျောင်းများ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းများနှင့် စာသင်ကျောင်းများသည် ကရင်ပြည်နယ်အတွင်းရှိ ရွာသားများအတွက် အတတ်ပညာများ ဆည်းပူးလေ့လာရန်၊ ပြုစုစောင့်ရှောက် မှုပြုရန်နှင့် ရိုးရာဓလေ့ထုံးတမ်းဆိုင်ရာ ယုံကြည် ကိုးကွယ်မှုများပြုလုပ်သည့် နေရာများဖြစ်ပါသည်။  မြန်မာ စစ်တပ်မှ လူမှုရေးနှင့် ယဥ်ကျေးမှုဆိုင်ရာ အဆောက် အဦးများအပြင် ရိုးရာယဥ်ကျေးမှုဆိုင်ရာ အခမ်းအနားများကို တိုက်ခိုက်မှုများသည် ရွာသားများ၏ အခွင့်အရေး ဆိုင်ရာ ကျင့်သုံးမှုများကို ကန့်သတ်ရန် သို့မဟုတ် ကြီးမားစွာ ပြုပြင်ပြောင်းလဲရန် ဖိအားပေး ခံနေရသည်ကို KHRG ၏ မှတ်တမ်းပြုစုချက်မှ ပြသနေပါသည်။ ကျောင်းသူ ကျောင်းသားများအနေဖြင့်လည်း ၎င်းတို့၏ ပညာရေးကို အပြီးပိုင် ရပ်တန့်နေရခြင်း သို့မဟုတ် ၎င်းတို့၏ လုံခြုံရေးအပေါ် ကြီးမားသည့် အန္တရာယ်များ ကြုံနေစဥ်တွင် ဆက်လက်ကျောင်းတက်နေရပါသည်။ ရွာသူရွာသား များမှာမူ ကျန်းမာရေး ဝန်ဆောင်မှု ရယူနိုင်ရန် အတွက် ဝေးကွာစွာ ခရီးသွားလာနေရပါသည်။ ထို့နည်းအတူ မိသားစုများ မိတ်ဆွေအပေါင်းသင်းများသည်လည်း မင်္ဂလာပွဲ အခမ်းနားများနှင့် အခြား ရိုးရာယဥ်ကျေးမှုဆိုင်ရာ အခမ်းအနားများ ကျင်းပရန် တွန့်ဆုတ်နေကြ ရပါသည်။ ဘာသာတရားကိုင်းရှိုင်းသူများလည်း မိမိတို့၏ ယုံကြည် ကိုးကွယ်မှုအား ကျင့်သုံးသည့်နေရာများကို စွန့်ပစ်ခဲ့ကြရသည်။ ဤတိုက်ခိုက်မှုများကြောင့် ရလဒ်အနေဖြင့် လူမှု အသိုက်အဝန်းမှ ဗဟိုပြုသည့် ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အဦးများသည် ယခုအချိန်တွင် လုံခြုံမှုမရှိ တော့ပေ။

     က။ ရမ်းသမ်းတိုက်ခိုက်မှုနှင့် ပစ်မှတ်ထားတိုက်ခိုက်မှုများ

အထက်ပါ သက်သေအထောက် အထားများ၏ ဖော်ပြချက်အရ SAC မှ ပြည်သူပိုင် အခြေခံ အဆောက် အဦးများအပေါ်နှင့် ရိုးရာယဥ်ကျေးမှုဆိုင်ရာ အခမ်းအနားများအပေါ် တိုက်ခိုက်မှုများသည် ကြိုတင်စီစဥ်ထား ပြီးသားနှင့် ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ ဖြစ်သလို ကျေးရွာများအပေါ် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခြင်းလည်း ဖြစ်ပါသည်။  ၂ဝ၂၅ ခုနှစ်အတွင်း ပြည်သူပိုင် အခြေခံ အဆောက်အဦးများအပေါ် SAC ၏ တိုက်ခိုက်မှု များတွင် တိုက်ခိုက်မှုများ မပြုလုပ်ခင် လေကြောင်းထောက်လှမ်းမှုများ၊ ခြေလျင်တပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးမှုများ၊ များပြားသော ဒရုန်း၊ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပါဝင်ပါသည်။ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဓလေ့ထုံးတမ်းဥပဒေအောက်တွင် အရပ်သားပြည်သူများနှင့် သက်ဆိုင်သည့် အရာများကို စစ်ရေးရည်ရွယ်ချက်ဖြင့် အသုံးပြုကြောင်း သတင်းအချက်အလက်ရရှိမှု ခိုင်လုံမှ သာလျှင် တိုက်ခိုက်မှုပြုရန် ပစ်မှတ်အဖြစ်ထားနိုင်ကြောင်း ဖော်ပြထားပါသည်။[39] ဤဖော်ပြချက်အရ မြန်မာ စစ်တပ်အနေဖြင့် အရပ်သားပြည်သူများအား ပစ်မှတ်ထားခြင်းမပြုရန်နှင့် ရမ်းသမ်းတိုက်ခိုက်မှုကို ဖြစ်စေသော စစ်ဆင်ရေး နည်းလမ်းများအား အသုံးပြုခြင်း သို့မဟုတ် အရပ်သားအပြင် အရပ်သားနှင့် သက်ဆိုင်သော အရာများကို အချိုးစားကျမှုမရှိသော ထိခိုက်ပျက်စီးမှု ဖြစ်စေသည့် တိုက်ခိုက်မှုမျိုးကို မပြုလုပ်ရန် တာဝန်ဝတ္တရား ရှိပါသည်။[40] KHRG ၏ မှတ်တမ်းပြုစုချက်မှ ရရှိသော သတင်းအချက်အလက်များအရ ၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ SAC မှ ကျူးလွန်သောတိုက်ခိုက်မှုများတွင် ပြည်သူပိုင် အခြေခံအဆောက်ဦးများအပါအဝင် အရပ်သား ပြည်သူနှင့် သက်ဆိုင်သောအရာများကို ခွဲခြားခြင်းမရှိဘဲ မြန်မာစစ်တပ်မှ တိုက်ခိုက်မှုပြုလုပ်နေ ကြောင်း ဖော်ပြထားပါသည်။ ထို့အပြင် SAC ၏ တပ်အင်အားအသုံးပြုမှုသည် အစဥ်အမြဲ အချိုးစား ကျခြင်း မရှိဘဲ အကာအကွယ်ပေးခြင်းအခြေခံမူအား ရှင်းလင်းစွာ ချိုးဖောက်နေသည်။ အဆိုပါအခြေခံမူ၌ အရပ်သား ပြည်သူ များအား ထိခိုက်နစ်နာမှု မဖြစ်အောင် စစ်ဆင်ရေးအား အစဥ်အမြဲ ဂရုတစိုက်ဖော်ဆောင်ရန် လိုအပ်ကြောင်း ဖော်ပြထား ပါသည်။[41]

     ခ။ ပြည်သူပိုင်အဆောက်အဦးများနှင့် ရိုးရာယဥ်ကျဥ်းမှုဆိုင်ရာအခမ်းအနားများကိုပေးထားသော ကာကွယ်မှုများ

ပြည်သူပိုင် အဆောက်အဦးများသည် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဓလေ့ထုံးတမ်း ဥပဒေ အောက်နှင့် နိုင်ငံတကာ လူ့အခွင့်အရေ..သဘောတူစာချုပ်အရ အကာအကွယ်ပေးထားသော အရာများ ဖြစ်သည်။

ဆေးရုံနှင့် ဆေးပေးခန်းများသည် ၁၈၆၄ ခုနှစ်၊ ဂျီနီဗာ သဘောတူစာချုပ်ချုပ်ဆိုပြီးကတည်းက အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေအောက်တွင် တစ်နည်းတစ်ဖုံ အကာအကွယ်ပေးထားပြီးသားဖြစ် သည်။[42]ယနေ့အချိန်တွင် ကျန်းမာရေးလုပ်သားများ၊ ကျန်းမာရေးဆိုင်ရာ အစုအဖွဲ့များနှင့် ကျန်းမာရေး ဆိုင်ရာ နေရာဒေသများကို တိုက်ခိုက်ခြင်းအား အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဓလေ့ထုံးတမ်း ဥပဒေမှ တားဆီးထားပါသည်။   အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဓလေ့ထုံးတမ်း ဥပဒေ အောက်တွင် ကျန်းမာရေး အစုအဖွဲ့ သို့မဟုတ် ကျန်းမာရေး ဝန်ဆောင်မှုပေးသည့်နေရာရှိ အရပ်သားပြည်သူဖြစ်စေ စစ်ဘက်ဆိုင်ရာ ဖြစ်စေ တိုက်ခိုက်ခြင်းမှ အမြဲတမ်း ကာကွယ်ပေးရမည်ဖြစ်ပြီး ၎င်းတို့ကို လေးစားမှုပြုရမည် ဖြစ်ပါသည်။ သို့စေကာမူ ၎င်းတို့၏ လူသားချင်းစာနာထောက်ထားမှုပြင်ပမှ ရန်သူများအပေါ် ထိခိုက်နစ်နာအောင် လုပ်ဆောင်ရန် အသုံးပြုမှသာလျှင် ဤအကာအကွယ်များ ရပ်တန့်သွားမည် ဖြစ်သည်။[43] မြန်မာပြည် အရှေ့ တောင်ပိုင်းတွင် ဆေးပေးခန်းများအပေါ် တိုက်ခိုက်မှုများသည် ဤချွင်းချက်နှင့် ကိုက်ညီကြောင်း သက်သေ အထောက်အထား မရှိပါ။ ထို့ကြောင့် ကျန်းမာရေး ဝန်ဆောင်မှုပေးသည့် အခြေခံအဆောက်အဦးများအပေါ် SAC ၏  တိုက်ခိုက်မှု သည် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဓလေ့ထုံးတမ်း ဥပဒေ ချိုးဖောက်ရာ မြောက်ပါသည်။

မြန်မာစစ်တပ်သည် ၂ဝ၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးချိန်မှ စပြီး ၂ဝ၂၅ ခုနှစ်အထိ ဆေးရုံနှင့်ဆေးပေးခန်း များအပေါ် တိုက်ခိုက်မှုများဆက်လက်လုပ်ဆောင်နေသောကြောင့် ရွာသားများ၏အရေးပေါ်ကျန်းမာရေး ဝန်ဆောင်မှုရှာဖွေရေးနှင့် အသက်ကယ်ဆယ်ရေးအတွက် အဟန့်အတား ဖြစ်စေခဲ့ပါသည်။ ဤသည်မှာ နိုင်ငံ တကာ လူ့အခွင့်အရေး ဥပဒေမှ ဖော်ပြချက်အရ ဆေးပေးခန်းများအပေါ် တိုက်ခိုက်မှုသည် ရွာသားများ၏အခြေခံ ကျန်းမာရေးလက်လှမ်းမှီနိုင်ခွင့်အခွင့်အရေးနှင့် အရည်အသွေးပြည့်မီသော လူနေမှုအဆင့်အတန်းများအပေါ် ရေရှည်ဆိုးကျိုးသက်ရောက်မှုရှိစေပါသည်။[44] ဆေးရုံနှင့် ဆေးပေးခန်းများ တိုက်ခိုက် ဖျက်စီးခြင်းဖြင့် မြန်မာ စစ်တပ်၏ ချိုးဖောက်မှုများသည် ရွာသားများ၏ အခြေခံအ‌ဆောက်အဦးများအား စစ်မြေပြင် သို့ တွန်းပို့စေပါသည်။ အသက်ရှင်သန်ကျန်ရှိသူများအနေဖြင့်လည်း ရွေးချယ်စရာမရှိဘဲ အခြေခံကျန်းမာရေးဝန်ဆောင်မှုအား လက် လှမ်း မှီနိုင်ရန်  ၎င်းတို့၏ အသက်အန္တရာယ်ကို ရင်းနေရပါသည်။

ထို့နည်းအတူ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဓလေ့ထုံးတမ်းဥပဒေအောက်တွင် စစ်ရေး ရည်ရွယ်ချက်ရ အသုံးမပြုရသည့် စာသင်ကျောင်းနှင့် ပညာရေးဆိုင်ရာအဖွဲ့အစည်းများအပေါ် တိုက်ခိုက် မှုကိုလည်း တားဆီးထားပါသည်။[45] တိတိကျကျအားဖြင့်ဆိုရသော် မြန်မာနိုင်ငံမှ သဘောတူလက်မှတ်ရေးထိုး ထားသော ကလေးသူငယ်အခွင့်အရေးဆိုင်ရာသဘောတူစာချုပ် (CRC) အပါအဝင် အပြည်ပြည်ဆိုင်ရာလူသား ချင်းစာနာထောက်ထားမှု ဓလေ့ထုံးတမ်း ဥပဒေ IHL နှင့် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ (IHRL) [46] အောက် တွင် ပဋိပက္ခဒဏ်သင့်သည့်ကလေးသူငယ်များသည် အထူးအကာအကွယ်ပေးရမည်ဖြစ်ပါသည်။  စာသင်ကျောင်းများအပေါ် တိုက်ခိုက်မှုပြုခြင်းသည် ပဋိပက္ခကာလအတွင်း ကလေးသူငယ်များ ပြုစုစောင့်ရှောက် ခြင်းနှင့် ကာကွယ်သည့် အခွင့်အရေးကို ချိုးဖောက်ရာမြောက်သည်သာမက သူတို့၏ အခြေခံ ပညာရေး လက်လှမ်း မှီနိုင်ခွင့် အခွင့်အရေးကိုပါ ချိုးဖောက်ရာရောက်ပါသည်။[47] ဤစာတမ်းမှ ဖော်ပြထားသည့် သက်သေအထောက် အထားအရ မြန်မာစစ်တပ်သည် ကျောင်းသူကျောင်းသားများ၏ ပညာသင်ကြားရာနေရာများ တိုက်ခိုက် ဖျက်ဆီး ခြင်းဖြင့် ချိုးဖောက်မှုများ ကျူးလွန်နေသည်သာမက စာသင်ကျောင်းများအား ပိတ်သိမ်းစေရန် ဖိအားပေးစေခြင်း သို့မဟုတ် ပြန်လည်ရွှေ့ပြောင်းနေရာချထားခြင်းအပြင် တိုက်ခိုက်မှုများအပေါ် ကြောက်ရွံ့ နေရသောကြောင့်  မိဘ များအား ၎င်းတို့၏ ကလေးများကို ကျောင်းထုတ်ရန် ဖိအားပေးရာလည်း ရောက်ပါသည်။

နောက်ဆုံးအနေဖြင့် ၁၉၅၄ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံက အတည်ပြုခဲ့သော "လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားချိန်တွင် ယဉ်ကျေးမှုဆိုင်ရာ ပိုင်ဆိုင်မှုများ ကာကွယ်ရေး သဘောတူစာချုပ်" အရ လက်နက်ကိုင် ပဋိပက္ခ တွင် စာချုပ်အား သဘောတူ လက်မှတ်ရေးထိုး သူများသည် ဘာသာရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ အရေးပါသော အဆောက်အဦးများအပါအဝင် ယဉ်ကျေးမှုဆိုင်ရာ ပြည်သူပိုင် အဆောက်အဦးများကို လေးစားရန်၊ ကာကွယ် ရန်နှင့် ၎င်းတို့ ပျက်စီးခြင်း၊ ဖျက်ဆီးခြင်းတို့မှ တားဆီးရန် ဖြစ်နိုင်သမျှသော နည်းလမ်းအားလုံးကို ဆောင်ရွက်ရန် တာဝန်ရှိပါသည်။[48] အပြည် ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဓလေ့ထုံးတမ်း ဥပဒေမှလည်း ဘာသာရေးနှင့် ယဥ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းများကို စစ်ရေးအရ ရည်ရွယ်ချက်ဖြင့် အသုံးပြုခြင်း မဟုတ်ပါက ၎င်းတို့အပေါ် တိုက်ခိုက်မှုအား တားဆီးထားပါသည်။ ထို့နည်းအတူ ဆေးပေးခန်းများအား တိုက်ခိုက်ခြင်း အပါအဝင်  ဘာသာရေးဆိုင်ရာ လူပုဂ္ဂိုလ်များအား သတ်ဖြတ်ခြင်းနှင့် ထိခိုက်ဒဏ်ရာ ရစေခြင်းများသည်လည်း အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဓလေ့ထုံးတမ်း ဥပဒေမှ တားဆီးထားပါသည်။[49] အထက်ပါ ဖော်ပြချက်အတိုင်း အရပ်သားပြည်သူများအပေါ်နှင့် ရိုးရာယဥ်ကျေးမှုဆိုင်ရာ ပိုင်ဆိုင်မှုများအပေါ် တိုက်ခိုက် ခြင်းကို အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဓလေ့ထုံးတမ်း ဥပဒေမှ ပြင်းထန်စွာ တားဆီး ထားပါသည်။ ဤတားဆီးမှုများထဲတွင် အရပ်သားပြည်သူများ စုဝေးခြင်းနှင့် အခမ်းအနား ပွဲတော် ကျင်းပခြင်း များကို တိုက်ခိုက်ခြင်းလည်း ပါဝင်ပါသည်။[50]

SAC  ၏ တိုက်ခိုက်မှုသည် လူမှုအသိုက်အဝန်းအတွက် ၎င်းတို့၏ ကိုယ်ပိုင်ကျင့်သုံးမှုများ ကိုင်စွဲနိုင်စွမ်း ရှိခြင်း အပေါ် ရှင်းလင်းသည့် သက်ရောက်မှုရှိနေပါသည်။ SAC မှ တိုက်ခိုက်မှု လုပ်ဆောင်နေစဥ်ကာလအတွင်း လူမှု အသိုက် အဝန်းအတွက် အရေးကြီးသည့် ရိုးရာယဥ်ကျေးမှုဆိုင်ရာနှင့် သမိုင်းဝင် ဘာသာရေး အဆောက်အဦးများ အပေါ် အကျိုးသက်ရောက်မှု ရှိခဲ့ပါသည်။  အဆိုပါ အဆောက်ဦးများသည် ရွာသားများ၏ နားခိုရာ နေရာဖြစ် သော်လည်းကောင်း ဘာသာရေးသမားများ၏ နေစရာအိမ်ဖြစ်သော်လည်းကောင်း အသုံးပြုကြပါသည်။ အခြေခံ လူ့အခွင့်အ‌ရေး စာတမ်းမှ ဖော်ပြချက်အရ တိုက်ခိုက်ခံရသော လူထု၏ အခြား အဆောက်အဦးများ သည်လည်း ထိုကဲ့သို့ လုပ်ဆောင်မှုနှင့် နေထိုင်စရာနေရာအဖြစ် တွဲဖက်ကျင့်သုံးခွင့်ရှိကြောင်း ဖော်ပြထားပါသည်။[51]  အလားတူပင် ကရင်နှစ်သစ်ကူးပွဲတော်၊ မင်္ဂလာဆောင်ပွဲနှင့် ဈာပနအခမ်းအနားကဲ့သို့သော ယဉ်ကျေးမှု ဆိုင်ရာ အခမ်းအနားများသည် ဒေသတွင်း ယဉ်ကျေးမှုနှင့် သမိုင်းအမွေအနှစ်များကို စုပေါင်းကျင်းပ ဂုဏ်ပြုရန်နှင့် ပုဂ္ဂိုလ်ရေးအရ ခံစားရန် အခွင့်အရေးများကို ဖန်တီးပေးပါသည်။ SAC ၏ တိုက်ခိုက်မှုများသည် ရွာသားများ၏ နေ့စဉ်လူမှုရေးနှင့် ဘာသာရေးလုပ်ငန်းဆောင်တာများကို နှောင့်ယှက်ရုံသာမက၊ ကျေးလက်နေ ရွာသားများ အတွက် အတိုင်းအဆမရှိ အရေးပါသော ရိုးရာယဉ်ကျေးမှုဆိုင်ရာ နေရာများကိုလည်း ပျက်စီးဆုံးရှုံး စေပါသည်။

ယျေဘုယျ အားဖြင့် ၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ  မြန်မာစစ်တပ်၏ ပြည်သူပိုင် အဆောက် အဦးများအပေါ် တိုက်ခိုက်မှုများသည် စစ်ရေးပဋိပက္ခတွင် မည်သည့်တပ်ဖွဲ့ကမျှ ချိုးဖောက်၍မရနိုင်သော စစ်ဥပဒေဆိုင်ရာ ပကတိအမြင့်ဆုံးသောစည်းမျဉ်းများ (jus cogens) နှင့် နိုင်ငံတကာအသိုင်းအဝိုင်း တစ်ရပ်လုံးအပေါ် တာဝန်ရှိမှုများ (erga omnes) အပါအဝင် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဓလေ့ထုံးတမ်း ဥပဒေကို ထင်ရှားစွာ ချိုးဖောက်သည့် လုပ်ရပ်ဖြစ်ပါသည်။ အဆိုပါတိုက်ခိုက်မှုများ၏ သဘော သဘာဝကို ထည့်သွင်းစဉ်းစားခြင်းဖြင့် လည်းကောင်း၊ ထိုတိုက်ခိုက်မှုများကြောင့် ထိခိုက်ပျက်စီးခဲ့သော အဆောက်အဦးများ၏ အမျိုးအစားများကို ခြုံငုံသုံးသပ် နိုင်ပါသည်။

၅။ အကြံပြုချက်များ

နိုင်ငံတကာ ပါဝင်ပတ်သက်သူများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်း (NGOs) များ၊ နိုင်ငံတကာအဖွဲ့အစည်းများ နှင့် နိုင်ငံတကာအစိုးရများ ထံသို့

  •  SAC မှ လူမှုအသိုက်အဝန်းနှင့် လူမှုရေးဆိုင်ရာအခြေခံအဆောက်အဦးများကို တိုက်ခိုက်မှုများသည် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေ (IHRL) နှင့် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှု ဓလေ့ထုံးတမ်း ဥပဒေ (IHL) အပါအဝင် နိုင်ငံတကာဥပဒေကို ထင်ရှားစွာ ချိုးဖောက်ခြင်းအပေါ် ပြင်းထန်စွာ ရှုတ်ချပေးရပါရန်။  ဤတိုက်ခိုက်မှုများသည် သီးသန့်ဖြစ်ပွားသော ဖြစ်ရပ်မဟုတ်ပါ။ ဤတိုက်ခိုက်မှု များသည် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ပြည်သူ့လူထု၏အခြေခံအခွင့်အရေးများ၊ လူမှုဖွဲ့စည်းပုံနှင့် လုံခြုံရေးကို ကြီးမားပြင်းထန်စွာ ခြိမ်းခြောက်လျက်ရှိပါသည်။
  • မြန်မာစစ်တပ်သည် လက်ရှိလူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကြပ်အတည်း ဖြစ်စေသည့် အဖွဲ့ဖြစ်ကြောင်းနှင့် ပြည်သူလူထုအား ရမ်းသမ်း၍သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်း ကောင်း  ကျယ်ကျယ်ပြန့်ပြန့်တိုက်ခိုက်နေသည့်တရားခံဖြစ်နေသည်ကို သတ်မှတ်အတည်ပြုရန်။ ထို့နည်း အတူ အစုလိုက်အပြုံလိုက်နေရပ်ရွှေ့ပြောင်းနေထိုင်မှုကိုဖြစ်စေသည့်တရားခံဖြစ်ကြောင်းလည်းအသိအမှတ် ပြုပေးရပါမည်။ ထို့အပြင် SAC သည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုအား ကျူးလွန်နေကြောင်းကိုလည်း သတ်မှတ်အတည်ပြုရန်။
  • လောင်စာဆီတင်ပို့မှု၊ စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှုနှင့် လက်နက်တင်ပို့မှုများအား ပိတ်ပင်တားဆီးခြင်း အပါအဝင် SAC အပေါ်ပစ်မှတ်ထားပြီး ဒဏ်ခတ်အ‌ရေးယူပိတ်ဆို့မှုများ ချမှတ်ရန်။ အာဏာသိမ်းစစ်တပ် ခေါင်းဆောင်များ၊ စစ်တပ်နှင့် ပတ်သက်ဆက်နွယ်မှုရှိသည့် ကုမ္ပဏီများကို ဒဏ်ခတ် အရေးယူရန်နှင့် ရေနံ၊ ဓာတ်ငွေ့နှင့် ပြည်လူထုကိုတိုက်ခိုက်ရန် အခြားသောသယံဇာတတူးဖော်ရေးလုပ်ငန်း ကဲ့သို့သောအဓိက ဝင်ငွေအရင်းအမြစ်များကို ဖြတ်တောက်ရန်။
  • လူမှုရေး ဝန်ဆောင်မှုများ၊ ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုများကိုပေးနေသော လူထုအခြေပြု အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာအောင်လုပ်ဆောင်ခြင်းဖြင့် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှုအကူအညီများနှင့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများအပေါ် ဝိုင်းဝန်းပံ့ပိုး ပေးရန်။ အာဏာသိမ်း စစ်တပ်သည် ၎င်းတို့၏ ထိန်းချုပ်မှုပြင်ပတွင်ရှိသော နေရာဒေသများသို့ ဝင်ရောက် နိုင်ရန် အကူအညီများကို လက်နက်သဖွယ် အသုံးပြုနေပါသည်။[52] ထို့ကြောင့် သူတို့ထံမှတစ်ဆင့် အကူအညီ ပေးခြင်းများ လုပ်ဆောင်ခြင်းမပြုပါရန်။ 
  • မြန်မာပြည်အရှေ့တောင်ပိုင်းရှိ အရပ်သားပြည်လူထုများအား စနစ်တကျ တိုက်ခိုက်မှုအပေါ် စုံစမ်းစစ်ဆေး ရန် ဒေသခံ အခွင့်အရေးအခြေပြု အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှတဆင့် နိုင်ငံတကာစုံစမ်း စစ်ဆေးရေးလုပ်ပိုင်ခွင့်အား တိုးချဲ့ပေးရန်။ နိုင်ငံတကာရာဇဝတ်တရားရုံးနှင့် နိုင်ငံတကာတရားရုံးများတွင်  အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးဆိုင်ရာ တရားစီရင်မှုအပါအဝင် ပြည်တွင်း၊ ပြည်ပ တာဝန်ခံမှုယန္တရား များမှ လွဲပြောင်းခြင်းဖြင့် ဥပဒေရေးရာ တာဝန်ခံမှုရှိလာအောင် ဦးစားပေးလုပ်ဆောင်ရန်။
  • SAC  အား အသိအမှတ်ပြုခြင်း၊ သဘောတူညီချက်များ လက်မှတ်ရေးထိုးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း သို့မဟုတ် အတုယောင်ရွေးကောက်ပွဲတွင် ပူးပေါင်းလုပ်ဆောင်ခြင်းအပါအဝင် ၎င်းတို့ကိုတရားဝင်မှု ဖြစ်စေသည့် ထိတွေ့ဆက်ဆံမှုအားလုံးကို ငြင်းပယ်ရန်။ အာဏာသိမ်းစစ်တပ်ကို တရားဝင်မှုပေးခြင်းသည် ၎င်းတို့အား အပြစ်ဒဏ်ကင်းလွတ်ခွင့် သက်ဆိုးရှည်အောင်လုပ်ဆောင်ခြင်းဖြစ်ပြီး အရပ်သားပြည်သူလူထု များအား အကြမ်းဖက်တိုက်ခိုက်မှုများ ပိုမိုကြုံတွေ့စေပါသည်။ နိုင်ငံတကာအသိုင်းအဝိုင်းများမှ ၎င်းတို့၏ အာဏာသိမ်းမှုနှင့် အကြမ်းဖက်ထိုးစစ်ဆင်မှုအပေါ် မြဲမြံစွာ ကန့်ကွက်ဆန့်ကျင်ရပါမည်။
  • SAC အား ဒဏ်ခတ်အရေးယူမှုများ ရုပ်သိမ်းခြင်းနှင့် လက်ရှိ အမေရိကန်ဒဏ်ခတ်မှုများ နောက်ပြန်လှန်ခြင်း အပါအဝင် ထိုင်းလေတပ်၏ SAC[53] နှင့် သဘောတူညီချက်အပါအဝင် စစ်အစိုးရနှင့် နှစ်နိုင်ငံချင်း လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများကို ပြင်းထန်စွာ ရှုတ်ချပေးပါရန်။
  • အိမ်နီးချင်းနိုင်ငံများမှ အာဏာပိုင်များအား ၎င်းတို့နိုင်ငံတွင်း ခိုလှုံခွင့်ကိုရှာနေသည့် နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက်လာသူများကို ဝင်ရောက်ခိုလှုံခွင့်အား မငြင်းပယ်ရန် တိုက်တွန်းနှိုးဆော်ပေးရန်။ ခိုလှုံခွင့် ရှာနေသောသူများအတွက် အကာအကွယ်ပေးသည့်ဝန်ဆောင်မှုနှင့် ကူညီထောက်ပံ့မှုများ တိုးတက် ကောင်းမွန်လာစေရေးအတွက် ၎င်းတို့အား နယ်စပ်ဖြတ်ကျော်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ရေးကို ထောက်ခံအားပေးပါရန်။
  • ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများတွင် လုပ်ငန်းလည်ပတ်နေသောအဖွဲ့အစည်းများကို ထောက်ပံ့ခြင်း နှင့် SAC ၏ လူမှုရေးဆိုင်ရာအခြေခံအဆောက်အဦးများကို ကျယ်ပြန့်စွာဖျက်ဆီးခြင်းနှင့် ရမ်းသမ်းတိုက်ခိုက် ခြင်းများကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်မှုကို မြှင့်တက်လာခြင်းအပေါ် ချက်ချင်း ကိုင်တွယ်ဖြေရှင်းပေးရန်။ USAID ၏  ငွေကြေးထောက်ပံ့မှုဖြတ်တောက်ခြင်းကြောင့် လတ်တလော ဖြစ်ပေါ်လာသော အရေးကြီးသည့်လစ်လပ်မှုများကို ဖြည့်ဆည်းရန်နှင့် ရွှေ့ပြောင်းနေထိုင်ရသည့် လူမှုအသိုက်အဝန်းများ လုံလောက်သည့် အကာအကွယ်များ ရရှိအောင် သေချာစွာလုပ်ဆောင်ရန်။ ထို့အပြင် အခြေခံဝန်ဆောင်မှုရရှိခြင်းနှင့် ဂုဏ်သိက္ခာရှိစွာ ဘဝကိုပြန်လည်တည်ဆောက်ခွင့်အခွင့်အလမ်းများ ရရှိစေရေးကိုလည်း သေချာစွာလုပ်ဆောင်ပေးရန်။
  • နိုင်ငံတကာ၏တုန့်ပြန်မှုများသည် မြေပြင်တွင် ဖြစ်ပျက်နေသောအခြေအနေမှန်များအပေါ်နှင့် ဒေသခံလူထု ၏လိုအပ်မှုများအပေါ်ကိုက်ညီမှုရှိစေရန်  လူထုအခြေပြုအဖွဲ့အစည်းများအပါအဝင် ထိခိုက်နစ်နာသည့် ဒေသခံပြည်သူလူထု၏အသံများနှင့်  တက်ကြွစွာထိတွေ့ဆက်ဆံရန်။

 

 

အရှေ့မျက်နှာဖုံးဓာတ်ပုံအကြောင်း

ဤမျက်နှာဖုံးဓတ်ပုံကို ၂ဝ၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ခလယ်လွီထူခရိုင်၊ ဆောထိ (ရွှေကျင်) မြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စု၊ ယစျ--- ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ရိုက်ကူးခဲ့ပါသည်။ ၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် SAC မှ တိုက်လေယာဥ်ဖြင့် ယစျ--- ကျေးရွာအပေါ်သို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် ဘေးချင်းကပ်လျှက် တည်ရှိနေသော ဘုန်းကြီးကျောင်း ၂ ကျောင်း၏ အမိုး၊နံရံနှင့် ကြမ်းပြင်များကို ထိခိုက်ပျက်စီးခဲ့ပါသည်။ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် SAC ၏ လေကြောင်းတိုက်ခိုက်မှုမှ ဗုံးသီးအပိုင်းအစများ ကြောင့် ဘုန်းကြီးကျောင်း ၁ ကျောင်း အနည်းငယ် ထိခိုက်ပျက်စီးခဲ့သည်။   ဇန်နဝါရီလ ၂၈ ရက်နေ့တွင်မှာမူ  SAC မှ ဘုန်းကြီးကျောင်း ၂ ကျောင်းစလုံးအပေါ်သို့ ဗုံးကြဲချခဲ့သောကြောင့် ဘုန်းကြီးကျောင်း အဆောက်အဦးများ လုံးဝ ထိခိုက်ပျက်စီးသွားခဲ့ပါသည်။ ဓာတ်ပုံထဲတွင် SAC ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားသော ဘုန်းကြီးကျောင်း၏ပုံကို ဖော်ပြထားပါသည်။ (ဓာတ်ပုံ- KHRG)