
ကလေလိုမူနူလာကျေးရွာအုပ်စု၊ ဘဘ--- ကျေးရွာတွင် ဖြစ်ပွားခဲ့သော မြေမြှုပ်မိုင်းပေါက်ကွဲမှု
၂၀၂၅ ခုနှစ်၊ မေလ ၁ ရက်နေ့မှစ၍ ကရင်အမျိုးသားအစည်းအရုံး (KNU) သည် လိပ်သိုမြို့နှင့်တောင်ငူမြို့ဆက်သွယ် ထားသောကားလမ်းမကြီး၊ သံတောင်ကြီးမြို့နှင့်တောင်ငူမြို့ဆက်သွယ်ထားသောကားလမ်းမကြီး၊ ဘောဂလိမြို့နှင့် တောင်ငူမြို့ဆက်သွယ်ထားသောကားလမ်းမကြီးနှင့် ဇရပ်ကြီးမြို့နှင့်တောင်ငူမြို့ဆက်သွယ်ထားသောကားလမ်းမများ ကို စတင်ပိတ်ပင်ခဲ့သည်။ (ဤမြို့များသည် တောအူးခရိုင်ရှိ ဒေါ်ဖားခိုနှင့်ထောတထူမြို့နယ်များတွင် တည်ရှိသည်။)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တပ်ဖွဲ့များအနေဖြင့် KNU ထိန်းချုပ်နယ်မြေထဲသို့ ခရီးသွားလာခြင်းနှင့် စစ် လှုပ်ရှားမှုများဆောင်ရွက်၍မရအောင် KNU သည် အဆိုပါလမ်းမကြီးများကို ပိတ်ပင်ရခြင်းဖြစ်သည်။ ဤလမ်းမကြီး ပေါ်တွင် မည်သည့်ကားတစ်စီးမှ ဖြတ်သန်းသွားလာခွင့်မရှိပေ။ ထို့ကြောင့် လုံခြုံရေးယူထားသော ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်သားများသည် အဆိုပါလမ်းမကြီးပေါ်တွင် သစ်ပင်များလှဲချ၍ ပိတ်ပင်ခဲ့ သည်။ သို့သော်လည်း တစ်ချို့ရွာသားများသည် ထိုလမ်းမကြီးပေါ်တွင် ဆိုင်ကယ်ဖြင့် ခရီးသွားလာနေကြခဲ့သည်။ SAC လည်း ထိုလမ်းမပေါ်တွင် လှဲချထားသော သစ်ပင်များကို ခုတ်ထွင်းရှင်းလင်းခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇွန်လတွင် KNU သည် လမ်းမကြီးများကို ပြန်လည်ဖွင့်ပေးခဲ့သည်။ သို့သော်လည်း SAC သည် သံတောင် ကြီးမြို့နှင့်တောင်ငူမြို့ဆက်သွယ်ထားသောလမ်းမကြီးကို ပိတ်ပင်ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇူလှိုင်လအထိတွင် SAC သည် ထိုလမ်းမကြီးကို ဆက်လက်ပိတ်ပင်နေဆဲဖြစ်သည်။ ၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် သံတောင်ကြီးမြို့ရှိ ဘုရင့် နောင်တပ်မြို့တိုက်နယ်မှူးသည် သံတောင်ကြီးမြို့ရှိ ကားသမားများကို တောင်ငူမြို့သို့ ဆင်းခိုင်းစေခဲ့သည်။ ကားသမား များအနေဖြင့် ဤတစ်ကြိမ်တွင် တောင်ငူမြို့သို့မသွားပါက နောက်ဆိုရင် လုံးဝသွားလာခွင့်ရမှာမဟုတ်ကြောင်း အဆိုပါ တိုက်နယ်မှူးက ပြောကြားခဲ့သည်။ ထို့ကြောင့် ၂၀၂၅ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် ရွာသားကားများနှင့်ဆိုင်ကယ် များကို တောင်ငူမြို့သို့ဆင်းခွင့်ပိတ်ပင်ခဲ့သည်။ ထို့နောက် SAC သည် ထိုလမ်းမပေါ်တွင် သစ်ပင်များလှဲချ၍ လမ်းကို ပိတ်ပင်လိုက်သည်။
SAC သည် လမ်းကိုပိတ်ပင်ခဲ့ပြီးနောက် အသက် (၁၃)နှစ်အရွယ် စောအ--- နှင့်သူ၏သူငယ်ချင်းနှစ်ဦးသည် (ဒေါ်ဖားခို မြို့နယ်၊ ဒေးလိုမူနူလာကျေးရွာအုပ်စုရှိ) စစ--- ကျေးရွာမှ (၁၃)မိုင်မြို့သို့ ဆိုင်ကယ်တစ်စီးဖြင့် ခရီးသွားလာခဲ့သည်။ (၎င်းတို့သည် သူငယ်ချင်းရှိရာမြို့သို့အလည်သွားရန်ဖြစ်သည်။) (၁၃)မိုင်မြို့သည် သံတောင်ကြီးမြို့နှင့်တောင်ငူမြို့ ကြားတွင် တည်ရှိသည်။ စောအ--- ၏သူငယ်ချင်းနှစ်ဦးနာမည်မှာ ဘ--- နှင့် စ--- ဖြစ်သည်။ ဘ--- သည် အသက် (၂၀) ရှိပြီး စ--- သည် အသက် (၂၄)နှစ်ရှိသည်။ ဘ--- သည် ဆိုင်ကယ်မောင်းသည့်သူဖြစ်သည်။ ၎င်းတို့သည် (၁၃)မိုင်မြို့သို့ သွားရာတွင် စစ---ကျေးရွာနှင့် (ကလေလိုမူနူလာကျေးရွာအုပ်စုရှိ) ဘဘ---ကျေးရွာအကြားရှိလမ်းကို အသုံးပြုခဲ့သည်။ ဤလမ်းသည် SAC ပိတ်ပင်ထားသောလမ်းဖြစ်သည်။
ဒေသခံရွာသားများ၏ပြောကြားချက်အရ SAC စစ်သားများသည် ထိုနယ်မြေရှိ ရွာသားများက ထိုလမ်းပေါ်တွင် ခရီး သွားရာတွင်တွေ့ရှိပါက ပေးမသွားဘဲ ၎င်းတို့ရွာသို့နောက်ပြန်လှည့်ခိုင်းသည့်အခြေအနေရှိကြောင်း သိရှိရသည်။ (ထို လမ်းကို SAC က ပိတ်ပင်ထားသည့်အတွက်ကြောင့်) စစ--- ကျေးရွာတွင်နေထိုင်သည့်ရွာသားတစ်ဦးသည် ထိုလမ်းပေါ် တွင် ခရီးသွားလာခြင်းမပြုရန် စောအ---နှင့်သူ၏သူငယ်ချင်းနှစ်ဦးကို သတိပေးခဲ့သည်။ သို့သော်လည်း ၎င်းတို့သည် ထိုရွာသား၏သတိပေးချက်ကို နားမထောင်ဘဲ (လုံခြုံမှုရှိသည်ဟုထင်၍) ခရီးဆက်သွားခဲ့သည်။
၂၀၂၅ ခုနှစ်၊ မေလ ၂၉ ရက်နေ့ မနက်ပိုင်းတွင် ၎င်းတို့သည် (ထိုရွာသားသုံးဦး) (၁၃) မိုင်မြို့သို့ စတင်ခရီးသွားခဲ့သည်။ ၎င်းတို့သည် ဘဘ--- ကျေးရွာ၊ ဃဃ--- ရပ်ကွက်သို့ရောက်ရှိသောအခါ လမ်းပေါ်တွင် သစ်ပင်လှဲချထားသည်ကို တွေ့ရှိ ခဲ့သည်။ ထို့နောက် ၎င်းတို့သည် သစ်ပင်ကို ခုတ်ထွင်းရှင်းလင်းရန် ကြိုးစားခဲ့သည်။ ထိုအချိန်တွင် စောအ--- သည် မြေမြှုပ်မိုင်းတစ်လုံးကို နင်းမိခဲ့သည်။ မြေမြှုပ်မိုင်းပေါက်ကွဲသွား၍ ၎င်း၏ညာဖက်ခြေထောက်ပြတ်ထွက်သွားခဲ့သည်။ စ--- သည်လည်း မိုင်းပေါက်ကွဲမှုကြောင့် သူ့ကိုထိမှန်၍ သူ၏မျက်လုံးနှင့်ရင်အုံမှာ ဒဏ်ရာရရှိခဲ့သည်။ သူ၏မျက်လုံး တစ်ဖက်ကန်းသွားခဲ့သည်။ ဘ--- မှာမူ ဒဏ်ရာမရရှိခဲ့ပေ။ ဤမြေမြှုပ်မိုင်းကို SAC စစ်သားများ ထောင်ထားခဲ့သည်ဟု ဒေသခံရွာသားများက ယူဆကြသည်။ ဘဘ--- ကျေးရွာတွင် SAC ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၆၀၄) တပ်စခန်း တည်ရှိသည်။
ဤဖြစ်စဉ်နှင့်ပတ်သက်၍ ဘ--- သည် KHRG အား ယခုလိုရှင်းပြသည်။ “ကျွန်တော်တို့တွေ အဲဒီကို (ဘဘ--- ကျေးရွာရှိ ဃဃ--- ရပ်ကွက်) ရောက်တော့ လမ်းကိုပိတ်ထားပြီးလှဲနေတဲ့သစ်ပင်တစ်ပင်ကိုတွေ့တယ်။ (…) ကျွန်တော်တို့မှာ ဓားယူလာတဲ့အတွက် သစ်ပင်ကိုခုတ်ထွင်းပြီးရှင်းလင်းမယ်လုပ်တော့ သူက (စောအ---) ဓားကို ကိုင်ပြီး သစ်ပင်အနား ကိုသွားတယ်။ သစ်ပင်အနားရောက်တော့ သူက မိုင်းကိုနင်းမိလို့ပေါက်ကွဲသွားတယ်။ အဲဒါနဲ့သူက ‘ညီလေးခြေထောက် ပြတ်သွားပြီး’ လို့အော်ပြောတယ်။ သူ့ခြေထောက်မှာ သွေးထွက်တာ အဆက်မပြတ်ဘဲ။ သူကြောက်လန့်ပြီး ငိုတာပေါ့။ (…) သူ့ခြေထောက်က ခြေမျက်စိကနေ ပြတ်သွားတယ်။ သူ့ရဲ့ညာဖက်လက်လည်း ဒဏ်ရာရသွားတယ်။ သူ့လက်က အသားတွေပြဲထွက်သွားတယ်။ သူ့ရင်အုံရဲ့ညာဖက်ခြမ်းမှာလည်း ဒဏ်ရာရသွားတော့ အပေါက်သေးသေးလေးတွေ ဖြစ် သွားတယ်။ (…) သူမိုင်းကိုနင်းမိတဲ့အချိန်မှာ အခြားတစ်ယောက်က (စ---) သူ့နောက်မှာရပ်နေတယ်။ သူလည်း ဒဏ် ရာရသွားခဲ့တယ်။ (…) သူ့မျက်လုံးတစ်ဖက်ဒဏ်ရာရတော့ ကန်းသွားတယ်။ ပြီးတော့ မိုင်းပေါက်ကွဲသွားပြီး မြေကြီးမှာ ရှိတဲ့ခဲလုံးတွေက သူ့ရဲ့ရင်အုံကိုထိမှန်ပြီး ဒဏ်ရာရသွားတယ်။ မိုင်းရဲ့ယမ်းမှုန့်တွေက သူ့မျက်နှာကိုထိပြီး မျက်နှာတစ်ခု လုံးလည်း မဲနက်သွားတယ်။ (…) ကျွန်တော်ကတော့ ဒဏ်ရာမရဘူး။ သူတို့နှစ်ယောက်က သစ်ပင်ကို သွားခုတ်ရှင်းမဲ့ အချိန်မှာ ကျွန်တော်က ဆိုင်ကယ်ဘေးမှာ ရပ်နေတယ်။ အဲဒါကြောင့် ကျွန်တော်ဒဏ်ရာမရခဲ့တာ။ (…) သစ်ပင်က လမ်းကို ပိတ်ထားပြီး ကန့်လန့်လှဲထားတယ်။ လမ်းက ကတ္တရာလမ်းဖြစ်တယ်။ အဲဒီမိုင်းက ကတ္တရာလမ်းနဲ့ သုံးလက်မ၊ လေးလက်မအကွာမှာ ထောင်ထားတယ်။ လှဲနေတဲ့သစ်ပင်နဲ့လည်းနီးတယ်။ အဲဒီတော့ ကျွန်တော်အခင်းဖြစ်တဲ့နေရာ ကိုသွားကြည့်တော့ အဲဒီမှာ(မိုင်းပေါက်ကွဲမှုကြောင့်ဖြစ်သွားသည့်) အပေါက်ကြီးတစ်ပေါက်ကိုတွေ့တယ်။”
အခင်းဖြစ်ပွားပြီးနောက် ဘ--- သည် သူ၏သူငယ်ချင်းနှစ်ယောက်ကို သွားရောက်ကူညီခဲ့သည်။ ထို့နောက် ၎င်းတို့သည် စစ--- ကျေးရွာသို့ ဆိုင်ကယ်ဖြင့် ပြန်သွားခဲ့သည်။ ၎င်းတို့သည် ဘဘ--- ကျေးရွာအနီးရှိ တံတားတစ်ခုပေါ်သို့ ရောက်ရှိ သောအခါ စ--- သည် သူ၏သူငယ်ချင်းနှစ်ဦးနှင့်အတူ ခရီးဆက်မသွားရန် ဆုံးဖြတ်ခဲ့သည်။ (အကြောင်းမှာ သူသည် ဆိုင်ကယ်စီးရာတွင် ၎င်း၏ဒဏ်ရာက ပို၍နာကျင်လာသောကြောင့်ဖြစ်သည်။) စ--- သည် တံတားပေါ်တွင် ဆိုင်ကယ် ပေါ်မှ ဆင်းခဲ့သည်။ ထို့နောက် ဘ---နှင့်စောအ---သည် ခရီးဆက်သွားခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ရွာသားတစ်ဦး ပိုင်ဆိုင်သည့်နာနတ်သီးခြံအနီးသို့ရောက်ရှိသောအခါ စောအ---က သူ၏ဒဏ်ရာပို၍နာကျင်လာသည့်အတွက်ကြောင့် ဆိုင်ကယ်ဆက်လက်မစီးနိုင်တော့ပေ။ ထို့နောက် ဘ--- သည် စစ--- ကျေးရွာမှ အခြားရွာသားများကို ဆက်သွယ်၍ အကူအညီတောင်းခဲ့သည်။ ခဏအကြာတွင် ကျန်းမာရေးအသိပညာပေးသင်တန်းတက်ရောက်ခဲ့ဖူးသော တစ်ချို့ရွာ သားများသည် ထိုနေရာသို့ရောက်ရှိလာပြီး စောအ---၏ဒဏ်ရာမှ ထွက်လာသည့်သွေးများရပ်တန့်အောင် ကုသကူညီ ပေးခဲ့သည်။
ထို့နောက် ဘ--- သည် သူ၏သူငယ်ချင်းဖြစ်သူ စ--- ရှိရာ တံတားသို့သွား၍ သူငယ်ချင်းဖြစ်သူအား ပြန်ရှာခဲ့သည်။ သို့ သော်လည်း ၎င်းသူငယ်ချင်းကိုမတွေ့ရတော့ပေ။ စ--- သည် တံတားကနေ (၁၃)မိုင်မြို့သို့ ခြေကျင်ဖြင့်လမ်းလျှောက် ပြီး ပြန်သွားခဲ့သည်ဟု ဘ--- က နောက်မှသိလိုက်ရသည်။ စ--- သည် (၁၃) မိုင်မြို့သို့ ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်နေ့ တွင် ရောက်ရှိခဲ့သည်။ (စ--- အနေဖြင့် နောက်ဘာတွေဆက်ဖြစ်သွားလဲ၊ (၁၃) မိုင်မြို့တွင် ဆေးကုသမှုရရှိခဲ့လား၊ မရရှိခဲ့ဘူးလားဆိုတာ KHRG မှ သတင်းမရရှိတော့ပါ။)
စောအ--- သည် ရွာသားများဆီမှ ကနဦးဆေးကုသမှုလက်ခံရရှိပြီးနောက် ရွာသားများက ၎င်းကို စစ--- ကျေးရွာသို့ ပို့ဆောင်ခဲ့သည်။ ထို့နောက် ရွာသားများသည် ၎င်းကို ပုခက်ဖြင့်ထမ်း၍ စစ--- ကျေးရွာမှ KNLA တပ်ရင်း (၅) ဆေးခန်း သို့ပို့ဆောင်၍ ဆေးကုသမှုခံယူခဲ့သည်။ KNLA တပ်ရင်း (၅) ဆေးခန်းသည် ဒေါ်ဖားခိုမြို့နယ်၊ ဒေးလိုမူထော်ကျေးရွာ အုပ်စုရှိ လာခိုဒိုကာဒေသတွင် တည်ရှိသည်။ စောအ--- သည် ထိုဆေးခန်းတွင် အခမဲ့ဆေးကုသမှုရရှိခဲ့သည်။ စစ--- ကျေးရွာမှ လာခိုဒိုကာဒေသရှိ ဆေးခန်းသို့ ခြေကျင်ဖြင့်သွားလျှင် (၇) နာရီ သို့မဟုတ် (၈) နာရီဝန်းကျင်ခန့် ကြာမြင့် သည်။ အဆိုပါဆေးခန်းသည် KNLA မှ ဖွင့်လှစ်ထားသောဆေးခန်းဖြစ်သည်။ ထိုဆေးခန်းတွင် KNLA ဆေးတပ် သားများနှင့် နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့ (BPHWT) ဝန်ထမ်းများအတူတကွပူးပေါင်းလုပ်ကိုင်၍ KNLA စစ်သားများ၊ ဒဏ်ရာရအခြားစစ်သားများနှင့် ဒေသခံရွာသားများကို ကျန်းမာရေးဝန်ဆောင်မှုများနှင့်ဆေးကုသမှု များပေးသည်။
အခင်းဖြစ်ပွားသည့်အချိန်တွင် စောအ---၏မိဘနှစ်ပါးသည် ဒေါ်ဖားခိုမြို့နယ်၊ ကလေလိုမူထော်ကျေးရွာအုပ်စု၊ အအ--- ကျေးရွာတွင် ရှိနေခဲ့သည်။ အခင်းဖြစ်ပွားပြီး ခဏအကြာတွင် ဘ--- သည် စောအ---၏မိဘနှစ်ပါးကို ဖုန်းဖြင့်ဆက် သွယ်၍ ဖြစ်ကြောင်းကုန်စင်ပြောပြခဲ့သည်။ ထို့နောက် မိဘဖြစ်သူက ဆေးခန်းသို့သွား၍ သားဖြစ်သူ စောအ--- ကိုလာ ရောက်ကြည့်ရှုခဲ့သည်။
စောအ---မှ မိသားစုဝင်ခြောက်ဦးရှိသည်။ သူအပါအဝင် သူ၏ဖခင်၊ မိခင်၊ အမနှင့်အကိုနှစ်ဦးတို့ဖြစ်ကြသည်။ စောအ--- သည် အအ--- ကျေးရွာအနီးရှိ ဖဖ--- စာသင်ကျောင်းတွင် ပညာသင်ယူနေသော (၇) တန်းကျောင်းသားတစ်ဦးဖြစ် သည်။ ဖဖ--- စာသင်ကျောင်းသည် ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန (KECD) မှ စီမံခန့်ခွဲသောကျောင်းဖြစ်သည်။ စောအ---၏မိခင်သည် နော်ဒ---ဖြစ်ပြီး အသက် (၅၀)ရှိပြီးဖြစ်သည်။ သူ၏မိဘနှစ်ပါးသည် ခြံလုပ်ငန်းလုပ်ကိုင်၍ မိသား စုစားဝတ်နေရေးကို ကူညီပံ့ပိုးကြသည်။ သူ၏အမသည် နော်ဃ---ဖြစ်သည်။ သူ၏အကိုနှစ်ဦးသည် စောဖ--- နှင့်စောဂ--- တို့ဖြစ်သည်။ စောအ---နှင့်သူ၏မိသားစုသည် အအ--- ကျေးရွာတွင် နေထိုင်ကြသည်။
စောအ---၏မိခင်ဖြစ်သူ နော်ဒ---က သူမ၏သားပညာရေးနှင့်ပတ်သက်၍ စိုးရိမ်ရကြောင်း KHRG အား ယခုလို ပြောပြ သည်။ “သားဒီလိုဖြစ်သွားတာ သူအရမ်းဝမ်းနည်းသွားတယ်။ ကျွန်မက သူ့ကိုအားပေးတယ်။ (…) ကျွန်မအနေနဲ့သူ့ကို ကျောင်းဆက်တက်စေချင်တယ်။ ဒါပေမဲ့ ခြေထောက်တစ်ဖက်ဆုံးရှုံးရတော့ သူအများကြီးလုပ်နိုင်မှာမဟုတ်ဘူး ထင် တယ်။ ဒီနှစ်မှာတော့ သူ့ကို ကျောင်းမထားချင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူအနားယူဖို့လိုအပ်တယ်။ နောက် နှစ်မှပဲ သူ့ကိုကျောင်းထားမယ်။ ဒါပေမဲ့လည်း သူ့ကိုကျောင်းတက်စေချင်သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူကျောင်း မတက်ပဲအိမ်မှာနေရင် ကျောင်းတက်ချင်စိတ်မရှိတော့မှာကို ကျွန်မစိုးရိမ်မိတယ်။ ကျွန်မကတော့သူ့ကိုဒီလိုပြောတယ်။ ‘ဒီနှစ်မှာ သားကျောင်းသွားနိုင်ရင်သွားလေ။ ဒါပေမဲ့ ကျောင်းမသွားနိုင်ရင်လည်း ဘာမှမဖြစ်ပါဘူး။’ မိဘတွေအနေနဲ့ တော့ သူ့အတွက် အကောင်းဆုံးကိုပဲပြင်ဆင်ထားတယ်။ (…) ပညာရေးက အရေးကြီးတယ်။ ပညာမတတ်ဘူးဆိုရင် ဘာမှဖြစ်လာမှာမဟုတ်ဘူးလေ။” စောအ---လည်း သူ၏လိုအပ်ချက်အကြောင်းကို KHRG သတင်းစုဆောင်းသူအား ယခုလိုပြောသည်။ “သားအနေနဲ့ ခြေတုတစ်ဖက်လိုချင်တယ်။”
(၂၀၂၅ ခုနှစ်၊ ဇူလှိုင်လအထိတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးသော ဒေသခံကရင်လူထုအခြေပြု အဖွဲ့အစည်းတစ်ခုက စောအ--- အတွက် ငွေကြေးထောက်ပံ့မှုရရှိရန် ကြိုးစားဆောင်ရွက်နေဆဲဖြစ်သည်။)
ဘ--- သည် အသက် (၂၀) ရှိပြီး (၁၃) မိုင်မြို့၊ ဂဂ--- ရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်သည်။ အခင်းမဖြစ်ပွားမီအချိန် ကာလတွင် သူသည် အအ--- ကျေးရွာတွင် ခြံအလုပ်ကို လာရောက်လုပ်ကိုင်ခဲ့သည်။ ဒဏ်ရာရရှိခဲ့သော စ--- သည် အသက် (၂၄)နှစ်ရှိပြီး (၁၃) မိုင်မြို့၊ ဂဂ--- ရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်သည်။ အခင်းမဖြစ်ပွားမီအချိန်ကာလ တွင် သူလည်း အအ--- ကျေးရွာတွင် ခြံအလုပ်ကို လာရောက်လုပ်ကိုင်ခဲ့သည်။